❝ ကြွက်ဖိုးထွန်း ❞
( မောင်မှိုင်းလွင် )
ကျွန်တော် သည် တိုင်းပြည် ဘဏ္ဍာတော် ယိုဖိတ်မှု အား ကာကွယ် စောင့်ရှောက်သည့် စီမံကိန်း လမ်းညွှန်မှုများ ကို သော် လည်းကောင်း ၊ ပြည်သူပိုင် စက်ရုံ အလုပ်ရုံ တို့တွင် ပြုန်းတီးလေလွင့်မှု မရှိအောင် ကြိုးပမ်း အားထုတ်မှုများ ကို လည်းကောင်း ၊ စွန့်ပစ်ရမည့် အလေအလွင့် တို့မှ လူသုံး ကုန်ပစ္စည်းများ အဖြစ် လုပ်သားကြီးတို့ ၏ တီထွင်ကြံဆ ထုတ်လုပ်မှုများ ကို သော် လည်းကောင်း စသည် စသည် တို့ ကို ဖတ်ရှုကြားသိ ထိတွေ့ ကြုံကြိုက်ရတိုင်း စိတ်နှလုံး တွင် လွန်စွာ ကြည်နူး ချမ်းမြေ့ခဲ့ရပါ၏ ။
သည် အထိအတွေ့များ နှင့် အတူ နှလုံးသားတွင် စွဲငြိ ဖူးသော ဟိုး ... လွန်ခဲ့သည့် အဖြစ်အပျက် အကြောင်း အရာလေး တစ်ခု အား ပြန်လည် အမှတ်ရ နေတတ်သည် ။ သည် အကြောင်းအရာ အဖြစ်အပျက်ကလေး သည် လူအများ နှင့် ပတ်သက် ဆက်ဆိုင် နေသည် မှာ မှန်ပါ ၏ ။ သို့သော် အဓိက ပါဝင် ပတ်သက် ထိတွေ့ခဲ့ရသည့် လူ တစ်ယောက် ရှိခဲ့ပါ၏ ။ သည် လူတစ်ယောက် ၏ အကြောင်း ကို သာ ပြောလိုရင်း ဖြစ်သည် ။
သူ့ နာမည် က ...
ကြွက်ဖိုးထွန်း ။
••••• ••••• •••••
ဟုတ်ပါသည် ။
သူ့ ကို သိရှိနားလည် သူတိုင်း က “ ကြွက်ဖိုးထွန်း ” ဟု ခေါ်ကြ ၊ အသိအမှတ် ပြုကြပါ၏ ။
သူ ပင် တကယ့်ပင် ကြွက်တစ်ကောင် နှင့် တူတော့သည် ။
အမြဲတမ်း စုတ်ပြတ် ပေရေနေသော အဝတ်အစား တွေနှင့် ဖြစ်နေတတ်ပြီး ရှုပ်ပွ ရှည်လျားသော ဆံပင် နှင့် လည်း ဖြစ်သည် ။ အသား က မည်းသေး ။ မျက်နှာ က စုတ်ချွန်းချွန်း ။ သည်စုတ်ချွန်းချွန်း မျက်နှာ မှာ တပ်ဆင် လျက်ရှိနေသည် က ခေါသော ရှေ့သွား နှစ်ချောင်း ။ အဝေး က မြင်နိုင်သည် ။
နှုတ်ခမ်း ပေါ်မှာ ကျော်တက် ပြူထွက် နေသော သည် သွားနှစ်ချောင်း သည် သူ့ အမှတ်တံဆိပ် ဖြစ်တော့ သည် ။ သူ့ ဝိသေသ ဖြစ်တော့သည် ။ သူ့ နာမည် ကို “ ကြွက်ဖိုးထွန်း ” ဟု တွင်စေတော့သည် ။
ကြွက်ဖိုးထွန်း သည် အားမရှိတော့ သလိုသော ပိန် ချည့်ချည့် ကိုယ်ခန္ဓာ နှင့် ၊ အစာရေစာ မဝသော ကြောင် တစ်ကောင် နှယ် ပျင်းတွဲလေးပင်စွာ သွားလာလှုပ်ရှားတတ် ပါ၏ ။
သူ့ သဏ္ဌာန် ၊ သူ့ ဟန်ပန် ၊ သူ့ ဝိသေသ တို့သည် ဆင်ကောင်ကြီးတွေ ကို အောင်နိုင်သော “ ဆင်ဖိုးထွန်း ” နှင့် တော့ ဘာမျှ မဆိုင် ။ လုံးဝ မဆိုင် ။ သို့သော်လည်း ဆိုင် တာလေး တစ်ခုတော့ ရှိသည်ဟု ဆိုရမည် ။
ဟို က လည်း ဖိုးထွန်း ။ သူ က လည်း ဖိုးထွန်း ။
သည် တိုက်ဆိုင်မှုကလေး သည် ဆင်ဖိုးထွန်း ၏ ပြောင်းပြန်သော ဝိသေသ က သူ့ နာမည် ရှေ့သို့ ရောက်ခဲ့ခြင်း အကြောင်းရင်းပင်တည်း ။
သူ ၏ ပုံပန်း သွင်မူရာ တို့သည် သူ့ နာမည် ကိုသာ အထူးပြုသည် မဟုတ်သေး ။ သူ ၏ နေထိုင်မှု ဘဝ ကို လည်း အထူးပြုရာ ရောက်ခဲ့ပါ၏ ။
ကြွက်တစ်ကောင် ၏ ပုံပန်းသဏ္ဌာန်မျိုး ရှိသော သူ သည် ကြွက်တစ်ကောင် ၏ ဘဝမျိုး နှင့်လည်း နေထိုင် အသက်ရှင်သန်သူ ဖြစ်သည် ။
ကြွက်တစ်ကောင် ဟု ဆိုရုံနှင့် လည်း တိကျပြည့်စုံ မည်မထင် ။ သီးနှံဖျက်သော လယ်ကြွက် တို့ ၏ ဆူဖြိုးစိုပြည်ခြင်းများ သူ့ ကိုယ်ခန္ဓာ မှာ ရှာ မတွေ့နိုင်ပါ ။ မြို့ပြ ဆင်ခြေဖုံး ရပ်ကွက်တို့ ၏ အိမ်သာကြို အိမ်သာကြား တိုးရသော ကြွက်လို ညစ်ပေ မွဲခြောက်လျက် ။
မြို့ပြ ၏ ကြွက်တစ်ကောင် ဟု ဆိုပါမှ သူ့ ပုံပန်းသည် ပိုပြီး အချိုးကျ ပီပြင် ပေါ်လွင်ပေလိမ့်မည် ။
ကြွက်ဖိုးထွန်း သည် အမှန်တကယ်ပင် မြို့ပြ ၏ ကြွက်တစ်ကောင် ဖြစ်ပါ၏ ။
ရန်ကုန်မြို့ကြီး၏ ဆင်းရဲသား ရပ်ကွက်ကလေး တစ်ခု တွင် အမှီပြု နေထိုင်သည် ။
သူ သည် အသေးအမွှား ဆန်သော ကလေကချေ သူခိုး တစ်ယောက် ပင် ။ လောကတွင် ကြီးကြီးမားမား ဆန် သော သူခိုးကြီးများ ရှိနေသည် မဟုတ်လား ။ သို့ကြောင့် သူ့ မှာ အဆင့်နိမ့်နေရသည် ။ အပေါစား အညံ့စား ဖြစ်နေရသည် ။ ထားပါတော့ ။
သူ့ ကို မြင်ရသည် က သူ ၏ ခိုးဝှက်ခြင်း အလုပ် သည် သူ့ ဝမ်း တစ်လုံး တောင် မဝရေစာ ဖြစ်နေသည့်ပုံမျိုး ။ ငတ်ပြတ်မှု ၏ ကြွက်ဖိုးထွန်း ဟု ဆိုရတော့ မလိုလို ။
••••• ••••• •••••
မည်သို့ပင် ဆိုရစေ အခုရက်ပိုင်းလေး အတွင်း မှာတော့ သူ့ အလုပ်ကလေး ဟန်ဟန်ပန်ပန် ရှိပုံ ရပါသည် ။
သူ့ ၏ ခေါ်သော ရှေ့သွား နှစ်ချောင်းမှာ တလှုပ်လှုပ် ရှိနေသည် ။ သူ အလွန်ကြိုက်သော ကွမ်း ကို တမြုံ့မြုံ့ဝါးနေ နိုင်သည့် အခြေအနေ ။ သူ အလွန် ကြိုက်သော ဆေးပေါ့လိပ် ကို လည်း သင်္ဘောခေါင်းတိုင် အလား ထင်မှတ်ရ ရအောင် ရှိုက်ဖွာ နေနိုင်သည့် အခြေအနေ ။
တလှုပ်လှုပ်သော ရှေ့သွား နှစ်ချောင်း နှင့် ရှုပ်ပွနေ သော ဆံပင်တွေ ကြားမှာ မြုပ်နေသည့် သူ့ မျက်နှာသည် ဆေးလိပ်မီးခိုးတွေ နှင့် လုံးထွေးလျက် ရှိနေသည် ။
သူ သည် စက်ရုံကြီး တစ်ရုံ ဆီသို့ သွားသော လမ်း ပေါ်မှာ လျှောက် နေပါ၏ ။ စက်ရုံ ရှေ့ သို့ ရောက်သည်နှင့် လမ်းချိုးပြီး ဆက် လျှောက်သော် နောက်ထပ်သော စက်ရုံ တစ်ရုံ သို့ ရောက်နိုင်သေးသည် ။
အလုပ် လုပ်ဖို့ စက်ရုံ သို့ သွားနေသော လုပ်သားကြီး တစ်ယောက် ၏ သဘာဝမျိုး နှင့် မဟုတ်မူဘဲ သူ သည် အမှိုက်ပုံ ရှိရာ သို့ သွားနေသော ကြွက်တစ်ကောင် ။
စင်စစ်တွင် အမှိုက်ပုံ ဟု ဆိုရသော်လည်း တစ်မျိုး တစ်မည်တော့ ကွဲလွဲချက်တို့ ရှိနေသည် ။
အမှိုက်ပုံ တို့၏ ဖြစ်ရိုး ဖြစ်စဉ်မှာ အသုံးမတည့် ၊ တန်ဖိုး မရှိသော အပို ရှုပ်သည့် အရာတို့အား စွန့်ပစ်ထားခြင်း ကို ဆိုလိုရင်း မဟုတ်ပါလား ။ အခု ကြွက်ဖိုးထွန်း ငေးမျှော် ကြည့် နေသော အပုံကြီး ကတော့ တစ်မျိုး ။ အလွန် အသုံးဝင် အဖိုးတန်သော ပစ္စည်းတို့ စွန့်ပစ်ထားသလို စုပုံထားရာ မှ တစ်စတစ်စ ပျက်စီးပြီး အမှိုက် ဘဝ ရောက်နေသည့် အပုံကြီး ။
ရာနှင့် ချီနေသော တိုင်ကီပုံကြီး ဖြစ်သည် ။
အကာအရံ နှင့် လည်း မဟုတ် ။ ကွင်းပြင် ထုတ်ပြီး စုပုံထားခြင်း ။ သည်မျှ များပြားသော တိုင်ကီခွံတွေ ကို စက်ရုံဝင်း ထဲ မှာလည်း နေရာပေးနိုင်မည် မထင် ။ ခေတ္တ ခဏ ထားခြင်း မဟုတ် ။ ထားစက အကောင်းကြီး ၊ အလတ် ကြီးတွေ ။ နောက် ကြာတော့ သံချေးစားပြီး ပျက်ဆီး ကုန်တော့သည် ။ သိမ်းလည်း မသိမ်းဆည်း ။
ရပ်ကွက် နောက်ဖေး တွင် ရှိပြီး ရပ်ကွက် နှင့် နီးသည် ။ ကြွက်ဖိုးထွန်း တို့ လို အကြံတူတွေ လစ်ရင် လစ် သလို ဆွဲကြသည် ။
အစောင့် တော့ ရှိသည် ။ သည် အပုံကြီး အတွက်
သီးသန့် တော့ မဟုတ် ။ စက်ရုံဝင်း ထောင့်ရှိ ကင်းတဲလေး မှ လှမ်းကြည့် စောင့်ရှောက်ခြင်းမျိုး ။ နေ့ကော ည ကော အစောင့် ရှိပါ၏ ။ မလုံခြုံနိုင်ပါ ။ အပုံကြီး ကွယ်ပြီး ညဘက် တွေမှာ စိတ်ကြိုက် ခိုးနိုင်ပါသည် ။
တစ်ယောက်တည်း သော ညစောင့် သည် တိုင်ကီ ပုံကြီး အား လှည့်ပတ်ဝံ့ဖို့ နေနေသာသာ သူ့ ကိုယ် သူ တောင် အနိုင်နိုင် ။ အန္တရာယ် ကြီးလှသည် ။ တိုင်ကီ သူခိုးတွေ ဘယ် အချိန် ချောင်းရိုက်မည်လဲ ဟု အထိတ်ထိတ် ဖြစ်စရာ ။
ကြွက်ဖိုးထွန်း သည် လမ်းကို ချိုးကွေ့လိုက်ပြီး ဆက်လျှောက်သည် ။
အစောင့် ကို လည်း တွေ့ရပါ၏ ။ ကွမ်းယာဆိုင် လို ရုံကလေး ထဲတွင် ငိုက်မျဉ်း နေသည် ။ ကြွက်ဖိုးထွန်း ဖြတ်လျှောက် သွားစဉ် မသင်္ကာသော မျက်လုံးများ နှင့် တစ်ချက် ကြည့်သေးသည် ။ ကြွက်ဖိုးထွန်း ကတော့ ဣန္ဒြေ မပျက်ပင် ။
လမ်းဘေးရှိ ကုက္ကိုပင်လေး အောက် တွင် ရပ်လိုက် သည် ။ တိုင်ကီပုံကြီး ကို ကြွက်ဖိုးထွန်း အကဲခတ်သည် ။ နွေလေပွေ တစ်ချက် တိုင်ကီပုံကြီး ကို ထိုးဖွ လိုက်သည် တွင် ပတ်ဝန်းကျင် တစ်ခုလုံး သံချေးမှုန့်တွေ ထကြွ ဝင်းဝါ သွားသည် ။
ကြွက်ဖိုးထွန်း ဆီ ကို လာရောက် ရိုက်ခတ်တိုးဝှေ့ သည်မို့ ခေါင်း နှင့် ကိုယ် ကို ပုတ်ခါ ပစ်လိုက်ရ သေးသည် ။ သံချေးမှုန့်တွေ နှာခေါင်းထဲ ၊ ပါးစပ် ထဲ အဝင် ခံရသည်မို့ ချောင်းတဟွတ်ဟွတ် ဆိုးရသေးသည် ။
ကြာကြာ ကြည့် မနေတော့ပါ ။ လာရာ လမ်းသို့ ကြွက်ဖိုးထွန်း ပြန် လှည့်လိုက်သည် ။
လုံခြုံရေးအစောင့် ရှိရာသို့ မသိမသာ မျက်လုံး က ရောက်သွားသေးသည် ။
အစောင့် ရှိရာ ကင်းတဲရုံကလေး သည် စက်ရုံဝင်း ခတ်ထားရာ ထောင့်တွင် ရှိသည် ။ အနား မှာ ဂိုထောင်ကြီး တစ်လုံး ရှိသေးသည် ။ ဂိုထောင်ကြီး ၏ တံစက်မြိတ် ထောင့်စွန်း တစ်ခုတွင် ဝပ်တစ်ရာအား မီးလုံးကြီး တစ်လုံး ချိတ်ဆွဲထားသည် ။ ညဘက် တွင် အမြဲ ထွန်းထားတတ်သည် ။
သို့သော် မြင့်မားသော အပုံကြီး ကို လုံခြုံအောင် အလင်းရောင် မပေးနိုင်ပါ ။ တစ်ဖက် မှောင်ရိပ် ခိုပြီး ဆွဲနိုင်သည် ။
“ ဟေ့ကောင် ၊ ကြွက်ဖိုးထွန်း ၊ ဒီည ကောင်းကောင်းလေးရွေးပြီး ဆွဲခဲ့နော် ၊ ပိုပြီး ပေးမယ် ”
ဦးစိန်ဘ စကား ကို မမေ့ ။
ဦးစိန်ဘ က ရေနံဆီမီးဖို အဓိက ထားပြီး သံပြားနှင့် လုပ်သော တခြား တိုလီမိုလီလေးတွေ ကိုပါ လုပ်ကိုင် ရောင်းချ စားသောက်သူ ။
တိုင်ကီခွံ ဆိုတာ ကလည်း သံယောက်မတို့ ၊ ချိန်ခွင်ခွက် တို့မှ အစ ၊ ကားဘော်ဒီ အဆုံး အသုံးတည့်လှ၏ ။
“ အင်း ... အဖြစ်နိုင်ဆုံး ကောင်းကောင်းလေး ဆွဲရမှာပေါ့လေ ”
သို့သော်လည်း ကြွက်ဖိုးထွန်း သည် ကောင်းကောင်းလေး ကို အရှာအဖွေ မခက်ဘဲ လွယ်လင့်တကူ ဆွဲနိုင်အောင် လာရောက် မှတ်သားခြင်း မဟုတ်ပါလား ။
••••• ••••• •••••
လရောင် ကို ဘယ်တော့မှ အကောင်း မထင်ခဲ့သော ကြွက်ဖိုးထွန်း သည် လကွယ်ည အား ကျေနပ်မဆုံး ရှိနေသည် ။ ပိုပြီး စိတ်ကြိုက် တွေ့နေသည် က ကောင်းကင်မှာ တိမ်ခြေ ရှုပ်နေ သဖြင့် ကြယ်ရောင်တောင် မလက် ။
၁၁ နာရီ သံချောင်း ခေါက်သံ ကြားပြီး နောက် ကြွက်ဖိုးထွန်း သည် တိုင်ကီပျက်ပုံကြီး ဆီသို့ တရွေ့ရွေ့ ချဉ်းကပ် သွားတော့သည် ။
ပတ်ဝန်းကျင် မှာ တိတ်ဆိတ်ငြိမ်သက် နေသည် ။ တိုင်ကီပျက်ပုံကြီး နား ကပ်ပြီး အကဲခတ်သည် ။ လူရိပ်လူ ရောင် မတွေ့ရ ။ လုံခြုံရေး ကင်းတဲလေး ရှိရာ လှမ်းကြည့် လိုက်တော့လည်း မှောင်နှင့်မည်းမည်း ။
အခြေအနေသည် သိပ်ကို အားရစရာ ကောင်းနေ သည် ။ သို့သော် သည် ပတ်ဝန်းကျင် တွင် တစ်ခုခု လိုနေ သလို ထင်ပြီး စိတ်ထဲ စနိုးစနောင့် ဖြစ်နေပြန်သည် ။
နောက်မှ သတိရ သွားသည် ။ ဂိုထောင် တံစက်မြိတ် ထောင့်စွန်းတွင် တိုင်ကီပုံကြီး အတွက် ရည်ရွယ်သော ညစဉ်ညတိုင်း အလင်းရောင် ပေးနေသည့် ဝပ်တစ်ရာအား မီးလုံးကြီး ၏ အလင်းရောင် ။
တစ်ဆက်တည်း မှာပင် ကြွက်ဖိုးထွန်း အတွေး ပေါက်သွားကာ ပြုံး လိုက်မိသည် ။ သိပြီ ၊ သိပြီ ... ။
အင်း ... ကိုယ့် လို အကြံတူတစ်ဦးဦး က အစောင့်လုံခြုံရေး အလစ် မှာ အန္တရာယ် အလင်းရောင် သည် မီးလုံးကြီး ကို လေးဂွနှင့် ပစ်ခွဲသွားတာပဲ ဖြစ်မှာပေါ့ ။ ကောင်းတယ်ပေါ့ ၊ သိပ်ကောင်းတယ် ။
ကြွက်ဖိုးထွန်း သည် တိုင်ကီပျက်ပုံကြီး ထဲ သို့ တိုးဝင် သွားတော့သည် ။
••••• ••••• •••••
တိုင်ကီပျက်ပုံကြီး ထဲမှာ ပိုပြီး မှောင်နေသည် ။ မျက်လုံး ကို သိပ်ပြီး အားကိုးလို့ မရ ။ လက် နှင့် စမ်းရသည် ။ ပေါ့ပေါ့ ဆဆ မလုပ်ရဲ ။ ဆွေးပေါက် နေသည့် တိုင်ကီနှုတ်ခမ်းသား တို့က ထက်မြနေသည် ။ လက် ကို ဟက်တက်ကွဲသွားစေ နိုင်သည် ။ နင်း ထားသော ခြေထောက် ကို လည်း သတိထား ရသည် ။ ချော်ကျမှာ စိုးရသည် ။ တိုင်ကီအဆွေး အပေါက် ထဲ ကျွံကျခဲ့သော် ခြေထောက် တစ်ခုလုံး အသားနီ လန်သွား မည် ။
ဦးစိန်ဘ ဆီ က အပိုကြေးလေး ရနိုင်ဖို့ ရှာမတွေ့နိုင်သေး ။
တကယ်တော့ လုံခြုံရေးကင်းတဲ ၏ မျက်ကွယ် ဘက်တွင် လွယ်ကူစွာ မတွေ့နိုင် ။ ရှိတော့ ရှိသည် ။ အောက် မှာ ပိနေသည် ။ ဆွဲထုတ် ဖို့ မလွယ် ။ လွယ်ကူစွာ နှင့် အကောင်း ရဖို့လိုသည် ။
အရဲ စွန့်ရတော့သည် ။ လုံခြုံရေးကင်းတဲ နှင့် မျက်နှာမူရာ ဘက် ကို တိုးရွှေ့ရတော့သည် ။
တိုင်ကီပုံကြီး ပေါ်တွင် တိုးရွှေ့ ကျော်ခွလိုက်စဉ် တိုင်ကီတွေ ပြိုကျ လာပါတော့သည် ။
သည် တဒင်္ဂသည် ကြွက်ဖိုးထွန်း အတွက် မိုးချုန်းသံ ကြီး မြည်ဟည်းလျက် လျှပ်စီးကြီး ဖြုန်းခနဲ ထိန်လက် သွားကာ မိုးကြိုးကြီး အပစ် ခံလိုက်ရသည်နှင့် မခြား ။ ကြွက်ဖိုးထွန်း သည် ကြောက်အားနှင့် ..
“ အောင်မယ်လေးဗျ ” ဟု ထိတ်လန့်တကြား အော်ဟစ် လိုက်မိသည် ။
လူ မှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည် ။ တိုင်ကီ အဆွေးအပေါက် တို့ ၏ အခြစ်အရှ ခံလိုက်ရသည် ။ ပြီး နောက် ပြိုကျ လာသော တိုင်ကီတွေ အပိ ခံလိုက်ရသည် ။
ကြွက်ဖိုးထွန်း မှာ ထောင်ချောက်မိ ကြွက်တစ်ကောင် ထက် အခြေအနေ ဆိုးနေသည် ။
ခြစ်ရှ ခံရသော ဒဏ်ရာတွေ က ဓားနှင့် အမွှမ်းခံ ထားရသလို နာကျင်လျက် ။ အသားတွေ တဆတ်ဆတ် တုန်နေသည် ။ အပိ ခံထားရသော တိုင်ကီတွေ ကလည်း ဖယ် မရနှင့် ။ တုံးအောက် က ဖား လို မချိမဆံ့ ဖြစ်နေရသည် ။
ကြွက်ဖိုးထွန်း သည် သေဘေးနှင့် ကြုံနေသည့် နှယ် စိတ်တွေ ယောက်ယက်ခတ် နေပါ၏ ။ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်နေရပါ၏ ။
ပတ်ဝန်းကျင် ကို သတိထားမိပြန်တော့ ပတ်ဝန်းကျင် တစ်ခုလုံး ထိန်ထိန်ကြီး လင်း နေသည် ။ ဂိုထောင်ထောင့် မှ မီးလုံးကြီး အား ဘယ်သူမှ လေးဂွ နှင့် ပစ်ခွဲ
ထားခြင်း မရှိ ။ သည်အန္တရာယ် အလင်းရောင်ကြီး အောက်မှ သူခိုး ကြွက်ဖိုးထွန်း မိလျက်ကြီး ဖြစ်သွားပါပြီ ။
“ ခွေးသူခိုး ၊ မအေပေး ၊ ထွက်ခဲ့ ”
သည် အမိန့်သံ သည် တိုင်ကီပုံ ပြိုကျသံ ထက် ကြွက်ဖိုးထွန်း ကို တုန်လှုပ်ချောက်ချားသွားစေပါသည် ။ လက်နှိပ်ဓာတ်မီး အလင်းတန်းတွေ နှင့် ဝိုင်းပြီး ထိုးထားကြသည် ။ ဆယ့်လေးငါးယောက် လောက် ရှိမည် ။ အစောင့် လုံခြုံရေးတွေ အပြင် အလုပ်ကြပ် ဖိုမင်တွေ နှင့် စက်ရုံအရာရှိ လည်း ပါပါလိမ့်မည် ။
“ ဟေ့ကောင် ... သူခိုး ၊ ထွက်ခဲ့လေကွာ ၊ ဘာ မလေးမခန့် လုပ်နေတာလဲ ”
ထပ်မံပြီး အော်ငေါက်သံတွေ ပေါ်လာပြန်သည် ။
ကြွက်ဖိုးထွန်း မနေရဲပါ ။ ထွက်ပြေးဖို့ လည်း မရွယ် နိုင်ပါ ။ တိုင်ကီတွေ အပိ ခံထားရသောကြောင့် မထွက်နိုင်ခြင်းရယ်ပါ ။ လှုပ်လို့ပင် မရ ။ ကြာရင် တိုင်ကီ ပိတာနှင့် ပဲ အသက်ထွက်ရချည့်ရဲ့ ။
“ ကျွန် ... ကျွန်တော့် ကို ကယ် .. ကယ်ကြပါဦးဗျ ၊ ထွက် ... ထွက်မရဘူးဗျ ၊ သေ ... သေလိမ့်မယ် ၊ ပိ ... ပိနေတယ်ဗျ ၊ ကယ်ကြပါဦး ”
ကြွက်ဖိုးထွန်း မနေနိုင်တော့ ။ ငိုသံပါကြီး နှင့်ပင် ဖမ်းဆီးမည့် သူတွေ ကို အကူအညီ တောင်း နေရပြန်သည် ။
“ တယ် ... ဒီ မအေပေး ၊ ဟာ ... သောက်ဖြစ်လဲ မရှိပဲနဲ့ ”
အစောင့်လုံခြုံရေးသမားတွေက ကြွက်ဖိုးထွန်း အဖြစ် ကို ကြည့်ပြီး ရယ်ချင်နေကြသည် ။ သူတို့ အရာရှိ ကို ကြောက်သောကြောင့် မရယ်ရဲကြသော်လည်း တိုင်ကီတွေ ဖယ်ရှား ပေးရင်း ပြုံးတော့ ပြုံးနေမိကြသည် ။
“ တောက် ၊ တကယ့် ကြွက်ပဲကွာ ”
အစောင့်လုံခြုံရေးသမားတစ်ယောက် က ကြွက်ဖိုးထွန်း ကို ကြည့်ရင်း သက်ပြင်း ရှိုက်ကာ မှတ်ချက် ချသည် ။
ဘေးနားရှိ တခြား လုံခြုံရေးသမားတို့ မှာ လည်း လူလောက် အရွယ်ရှိ အကြီးဆုံးသော ကြွက်ကြီး တစ်ကောင် အား ထူးထူးဆန်းဆန်း တွေ့နေရ သလို ကြည့်နေ မိကြသေးသည် ။
ကြွက်ဖိုးထွန်း သည် ဖင်ပေါက် နေသော တိုင်ကီ ကြီး တစ်ခု အတွင်းမှ ညည်းတွား စုပ်သပ်ရင်း လေးဘက် ထောက်လျက် တဖြည်းဖြည်း ထွက်လာ နေသည် ။
ဝတ်ထားသည့် အင်္ကျီ ကလည်း အပြာရောင် အနွမ်းအဟောင်း ။ ပုဆိုး ကလည်း အညိုရောင် အစုတ် ။ အသား က မည်းမည်းသဲသဲ ။ မျက်နှာ က စုတ်ချွန်းချွန်း ။ ရှည်သော ဆံပင်တွေ က စုတ်တိစုတ်ဖွား ။ တစ်ကိုယ်လုံး လည်း သံချေးမှုန့်တွေ အလိမ်းသား ။ ခေါသော ရှေ့သွား နှစ်ချောင်း နှင့် ဆိုတော့ အင်း ... ။
အစောင့် လုံခြုံရေးသမားတွေသည် ရယ်ချင်စိတ် ကို အတော်ကြီး ထိန်းချုပ်ရင်း ကြွက်ဖိုးထွန်း အား လူတစ် ယောက် ရှေ့ကို ဆွဲခေါ်လာခဲ့ကြသည် ။
ကြွက်ဖိုးထွန်း မှာ ကယိမ်းကယိုင်နှင့် ကြောက်လန့် တကြား ရှိနေသည် ။
စက်ရုံအရာရှိ တစ်ယောက် ဖြစ်ပုံရသည် ။ ဝိုင်းဖမ်း ကြသူတွေ ထဲတွင် သြဇာ အရှိဆုံးပင် ။ ကော်လာပြတ် ရှပ် အဖြူ နှင့် တိုက်ပုံမီးခိုရောင် ကို အကျအန ဝတ်ထားသည် ။ မျက်နှာ က တင်းလှသည် ။ မှောက်ထားသော တိုင်ကီဖင်ပြတ်ပိုင်း ပေါ်မှာ ရပ်လျက်ရှိသည် ။
“ တော်တော် အသုံးမကျတဲ့ သူခိုးတွေ ၊ တောက် ၊ ပြည်သူပိုင် ပစ္စည်းမှန်း မသိ ၊ ဘာမှန်း မသိ ၊ ဟင်း ”
ကြွက်ဖိုးထွန်း အပေါ်တွင် တော်တော်လေး မကျေ မနပ် ဖြစ်နေသည် ။ ကန်ကျောက်ပဲ ပစ်တော့ မလိုလို ၊ ဖနောင့်နှင့် ပဲ ပေါက်ပစ်တော့ မလိုလိုနှင့် ကြိမ်းမောင်းဆဲဆို
သည် ။ အိပ်ရေးပျက် သောကြောင့် စိတ်ဆိုးပုံ ရသည် ။ သူခိုး ဖမ်းရသောအလုပ် ကိုလည်း သိက္ခာ ကျလွန်းသည် ဟု ထင်ပုံရပါ၏ ။
သည်လူ ၏ ရှေ့မှောက်မှာ ကြွက်ဖိုးထွန်း သည် ကတုန်ကယင် နှင့် ဆောင့်ကြောင့်ကြီး ထိုင်လျက် ရှိနေ သည် ။ သူ့ မှာ ခြေသလုံး ဖက်ပြီး တောင်းပန်ရတော့ မလို လို ၊ ငိုယိုပြီးပဲ အသနား ခံရတော့ မလိုလိုနှင့် ကြောက်လန့် နေသောကြောင့် ဘာမျှ လုပ်ဖြစ်ဟန်မတူ ။ သည်အတိုင်း ကြီးသာ နေသည် ။
“ ဒီလိုကောင်မျိုးတွေ ထောင်ထဲ ရောက်နေတာ အကောင်းဆုံးပဲ ၊ ရဲစခန်း မြန်မြန် ဖမ်းပို့ရအောင် ၊ လုပ်ကြ စမ်းကွာ ”
မကြင်နာသော စကား ကိုသာ နောက်ဆုံးတွင် ကြွက်ဖိုးထွန်း ကြားလိုက်ရပါတော့သည် ။
ကြွက်ဖိုးထွန်း သည် တရားရုံး ထဲ က ထွက်ပြီး နောက် အချုပ်ကား ထဲ လှမ်းဝင်လိုက်ရသည် ။ တရားရုံး က သူ့ ကို ထောင်ဒဏ် အပြစ် ပေးလိုက်ပါပြီ ။
ထောင် ထဲ ရောက်တော့မည် မို့ ချောက်ချား တုန် လှုပ်လျက်ပင် အချုပ်ကား ပေါ်ပါလာရင်း သူ နားမလည်နိုင် တာလေး တစ်ခု ကို တွေးကြည့် နေမိသည် ။
ရပ်ကွက် ထဲက လူတချို့ တိုင်ကီပျက်တွေ ကို ခိုး ဝှက် နေကြတာ သိသော်လည်း အစက သူ မခိုးဖြစ်သေးခဲ့ ။ ရေနံဆီမီးဖို လုပ် ရောင်းသော ဦးစိန်ဘ က သူ့ ကို မြူဆွယ်ခဲ့သည် ။
“ မင်းကွာ ။ ထဘီစုတ်ရုပ် ၊ ပုဆိုးစုတ်ရုပ် နဲ့ တော်တော် တုံးသေးတဲ့ကောင်ပဲ ၊ သူများတွေ ဘာလုပ် နေတယ် ဆိုတာကို မတွေ့ဘူးလား ”
“ ဒါက အစိုးရ ပစ္စည်းဗျ ၊ ကျွန်တော် မလုပ်ချင်ဘူး ”
“ မင်း ... အဲဒါကြောင့် ခက်သေးတာ ၊ သူတို့ သုံးတာမှမဟုတ်ရင်ပဲ ဒီအတိုင်း ပစ်ထားတာ မင်းမတွေ့ ဘူးလား ၊ ကြာရင် အလကား အကျိုးမဲ့ ဖြစ်သွားတော့မယ့် ပစ္စည်းတွေ ၊ အလကား ဖြစ်မယ့်အတူတူ မင်း မှာလဲ အကျိုးရှိ ၊ ငါ့ မှာလဲ အကျိုးရှိ ၊ ဝယ်သုံးကြတဲ့ သူတွေမှာလဲ အကျိုးရှိ ၊ ဘယ်သူမှ အကျိုး မရှိတာနဲ့ စာရင် ”
ဦးစိန်ဘ ပြောတာကလည်း ဟုတ်သလိုလို ၊ ဘာလိုလို ။ သည် ဆင်ခြေဆင်လက် နှင့် ကြွက်ဖိုးထွန်း ခိုးဖြစ်ခဲ့ သည် ။ ကဲ ... အခုတော့ ထောင်ကျပြီ ၊ ကောင်းရော ။
သည် တိုင်ကီပုံကြီး သည် ဘယ်သူမှ မခိုး လည်း သူ့ အလိုအလျောက် ပျက်ဆီးဆုံးရှုံး နေသည်မှာ အမှန် ။ သည် ပျက်ဆီးဆုံးရှုံးမှုကြီးအတွက် ..
ကြွက်ဖိုးထွန်း သည် ဆက်ပြီး မတွေးနိုင်တော့ပါ ။ အချုပ်ကား သည် အင်းစိန်ထောင်ကြီး ဆီသို့ ရောက်နေပါပြီ ။
••••• ••••• •••••
ကြွက်ဖိုးထွန်း သည် ပြစ်ဒဏ် အပြည့်အဝ မခံခဲ့ရပါ ။ လွတ်ငြိမ်းချမ်းသာခွင့် တစ်ခု နှင့် ကြုံကြိုက် ခဲ့ရသည် ။
ပြည့်ဝစွာ ပြစ်ဒဏ် မခံခဲ့ရပေ ။ သူ သည် ထောင်ထဲ တွင် နေခဲ့ရသော နေ့ရက်များ ကို ကြောက်ရွံ့မုန်းတီး ခါး သီးသွားခဲ့သည် ။ ပင်ကိုကလည်း သတ္တိကောင်းသူ မဟုတ် ။ ခံနိုင်ရည် လည်း သူ့ တွင် မရှိ ။ ထောင် ထဲ ဝင်နိုင်စရာ ရှိသည့် အလုပ်မျိုး ကို သူ မတွေးရဲတော့ပါ ။ ထောင် ဆိုသည့် အသံ ကြားရုံနှင့် ပင် ကြက်သီးမွေးညင်း ထချင် နေသည် ။
ထောင် ထဲ က ထွက်ခဲ့ပြီး ကြွက်ဖိုးထွန်း သည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိနိုင်ပေ ။ မများလှသော အသိ မိတ်ဆွေတို့ ဆီမှာ တောင်းရမ်း စားသောက်ပြီး မဝရေစာ နှင့် ကလေကဝ ဆန်စွာ ယောင်ချာချာ ဖြစ်နေဆဲ ။
“ ဟေ့ကောင် ၊ ကြွက်ဖိုးထွန်း ”
သူ သည် မပြည့်ဝတာ ကြာပြီ ဖြစ်သော ဝမ်းဗိုက် အတွက် အသိအကျွမ်း တစ်ယောက်ယောက် တွေ့လိုတွေ့ ငြား အားငယ်စိတ်ပျက်စွာ ရှာနေချိန် ဖြစ်သည် ။ တရင်းတနှီး ခေါ်လိုက်သော အသံကြောင့် အားရဝမ်းသာ လှည့်ကြည့် လိုက်မိသည် ။
သို့သော် ဦးစိန်ဘ ကို တွေ့လိုက်ရသောအခါ မကောင်းဆိုးဝါး တစ်ကောင် ကို တွေ့လိုက်ရ သလို သူ့ မှာ ထွက်ပြေးမိ မတတ် ဖြစ်သွားရသည် ။ ဦးစိန်ဘ ၏ နည်းပေးလမ်းညွှန် ကောင်းမှုကြောင့် ထောင် ထဲ ရောက်ခဲ့ပြီးပြီ မဟုတ်လား ။
“ မင်း ဘယ်တုန်းက လွတ်လာလဲကွ ၊ ဟား ... ဟား ... အေး ... ငါ သိပါပြီ ၊ လွန်ခဲ့တဲ့ ငါးရက် လောက် တုန်းက ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ မဟုတ်လား ၊ အခု တိုင်ကီဟောင်းတွေ ပိုပြီး အလုပ် ဖြစ်နေ တယ်ကွ ”
ပခုံး ကို ကိုင်ပြီး အားပါးတရ ပြောသည် ။ ကြွက်ဖိုးထွန်း မှာ သည် ဦးစိန်ဘ နှင့် အဝေးကြီး ဖြစ်သွားအောင် ထွက်ပြေးလိုက်ချင်သည် ။ သူ့ မှာ လမ်းလျှောက် ဖို့ တောင် အင်အား မရှိချင် ။
အမှန်က ဦးစိန်ဘ ကို အော်ဟစ် မောင်းထုတ်လိုက် ချင်ပါ၏ ။ သို့သော် ...
“ ဦးလေး ရယ် ကျွန်တော့် ကို ထမင်း တစ်နပ် လောက် ကျွေးပါလားဗျာ ”
ကြွက်ဖိုးထွန်း သည် ယိုင်နဲ့လေးပင်သော ခြေလှမ်း များနှင့် စက်ရုံကြီး တစ်ရုံ သို့ သွားသော လမ်းပေါ်မှာ လျှောက်လှမ်းလျက် ရှိနေသည် ။
နေပူကြီး ထဲ တွင် ဖြစ်သည် ။ သူ့ ခြေဖဝါးတွေ ကို လည်း ပူလောင်စေသည် ။ သူ့ မှာ ဖိနပ် မပါ ။ နေ ပူတာ ထက် အစာ မရှိသော ဝမ်းဗိုက် ၏ ဆန္ဒတွေ က ပိုပြီးပူလောင် စေသည် ။
သူ့ စိတ် ထဲတွင် ဦးစိန်ဘ ကို ကျိန်ဆဲလျက် ရှိနေသည် ။
“ တော်တော် ယုတ်ကန်းတဲ့ လူကြီး ၊ သူ့ ကို တိုင်ကီခွံတွေ ခိုးပေးရမယ်တဲ့ ၊ ခိုးပေးမယ် ဆိုမှ ထမင်းကျွေးမယ် တဲ့ ၊ သင်းကြီး ကို ထောင်ထဲ နှစ်ရက်လောက် ထည့်ထား လိုက်ချင်စမ်းတယ် ၊ ဒါမှ ထောင် ဆိုတာ ဘာရယ်လို့ သင်းကြီး သိသွားမယ် ”
ထောင် ကို ကြောက်လွန်းသောကြောင့် ကြွက်ဖိုးထွန်း ခေါင်းခါ ခဲ့ရသည် ။ သို့ကြောင့်လည်း ဦးစိန်ဘ ကို ဆေးလိပ်ဖိုး တောင် တောင်းမရခဲ့ ။
ဦးတည်ရာ မရှိ လျှောက်လှမ်း နေမိသော ခြေလှမ်း များသည် စက်ရုံ ဝင်းတံခါးဝနား ရောက်သွားတော့မှ တုံ့ဆိုင်းရပ်တံ့ သွားတော့သည် ။ မလာအပ်သော လမ်း အ ဖြစ်လည်း သတိရ သွားသည် ။
ပြန် လှည့်သည် ။ သို့သော် သူ့မျက်လုံးများ က တိုင်ကီပျက်ပုံကြီး ဆီ သို့ အလိုလို ရောက်သွား တော့သည် ။ အညှီ ရှိရာတွင် ဝဲသော ယင်ကောင် နှယ် သူ့ မျက်လုံးတို့ ခွာ မရတော့ပါ ။
တိုင်ကီပျက်ပုံကြီး က သူ့ ကို ဖိတ်ခေါ် ညှို့ဖမ်း ထား၏ ။
ခုထိ ဒီ အပုံကြီး က ရှိတုန်း ။ ကာလ ဘယ်လောက် ကြာရှည်သည် အထိ ရှိနေဦးမည် မသိ ။
ရေငတ်သူ ရေကန်ကြီး တွေ့နေရ သလို သူ သည် သတိလွတ်စွာဖြင့် ခြေလှမ်းတိုးတိုး ရွှေ့နေ ပြန်သည် ။
လုံခြုံရေးကင်းတဲလေး မှ ဖြတ်ကျော်လာခဲ့သည် ကို ပင် သူ့ မှာ အမှတ်တမဲ့ ။ နုံးမောလွန်းသောကြောင့် ကုက္ကိုပင် လေး အောက်တွင် ထိုင်ချ လိုက်သည် ။
တကယ်ပါပဲ ။ ဆာလောင် မွတ်သိပ်နေသော သူ့ မျက်လုံး ထဲ တွင် သံချေးရောင် တွေ သည် ရွှေရောင်တွေ ပေါက်ပြီး တိုင်ကီပျက်ပုံကြီး သည် ရွှေတောင်ပို့ကြီး ဖြစ် နေသည် ။ လေ အတိုက်တွင် သံချေးအမှုန်တွေ သည် ရွှေခိုးရွှေငွေ့ ၊ ရွှေမှုန် ရွှေမှုန့်တွေ ပျံ့လွင့်နေသည် နှင့် မခြား ။ ဘာပဲဖြစ်ဖြစ် ထမင်း တစ်နပ် လောက်တော့ ဝအောင် စားပစ်လိုက်ချင်မိသည် ။
ကြွက်ဖိုးထွန်း သည် စို့သီး နေသော နဖူး ပေါ်မှ ချွေး တွေကို သက်ပြင်း ရှိုက်ရင်း တစ်ချက် သိမ်းသုတ် ပစ်လိုက် သည် ။ ကွဲအက် သွေ့ခြောက် နေသော နှုတ်ခမ်း ကို လျှာနှင့် သိမ်း လျက်လိုက်ပြန်သည် ။ တကြုတ်ကြုတ် မြည်နေသော ဝမ်းဗိုက် ကိုလည်း လက်တစ်ဖက် က နှိပ်ထားရသေးသည် ။
“ တစ်ခါလောက် ခိုးလိုက်ရရင် ကောင်းမလား ၊ တစ်ခါတည်း ပေါ့ ”
သည်အတွေး က သူ့ စိတ်ကို မလုံမခြုံ ဖြစ်စေသည် ။ သူ့ မျက်လုံးများ က လုံခြုံရေးကင်းတဲလေး ကို ရောက်သွား ပြန်သည် ။
“ မင်း ခိုးမလို့ မဟုတ်လား ” ဆိုသည့် မျက်လုံးများ နှင့် လုံခြုံရေးအစောင့် ၏ မသင်္ကာ အကြည့် ကြည့်နေသည် ကို တွေ့ရသည် ။
“ မိလို့များတော့ အချုပ်ခန်း ထဲ ရောက် သွားမယ် ၊ ထောင် ထဲ ရောက်သွားမယ် ၊ ဘာမှတ်လဲ ”
တွေးမိပြီး ကြွက်ဖိုးထွန်း ကျောချမ်း သွားသည် ။
အစောင့် လုံခြုံရေးသမား ၏ မျက်လုံး အကြည့် ကို
ရင်မဆိုင်ရဲဘဲ လွှဲဖယ် လိုက်သော သူ့ မျက်လုံးများ သည် တိုင်ကီပျက်ပုံကြီး ဆီ အလိုလို ရောက်သွား ပြန်သည် ။
တိုင်ကီပျက်ပုံကြီး ကို သူ့ မှာ မကြည့်ရဲတော့ပါ ။
သည် အပုံကြီး က လူ ဘယ်နှယောက် ကို ထောင် ထဲ ပို့ပြီးခဲ့ပြီ မသိ ။ ကြွက် တစ်ကောင် အား တိုးဝင်ပျော်မွေ့ အောင် ဖမ်းစား သွေးဆောင် နေသည့် လှည့်စားမှု အမှိုက်ပုကြီး ။ မကြည့်ရဲသည် မို့ မကြည့်ဖြစ်အောင် ကြွက်ဖိုးထွန်း သည် မျက်လုံး မှိတ်ထား လိုက်ပါ၏ ။
သူ့ ဝမ်းဗိုက် ထဲ က အသံတွေ ကို သူ ပြန် ကြားနေရသည် ။ ခံစားနေရသော ဆာလောင်မှု ဝေဒနာဆိုး ကို မဖြေတတ် ၊ မရှင်းတတ် နှင့် ယိုင်လဲ သွားတော့ မတတ် တစ်ကိုယ် လုံး တုန်ယင် နေသည် ။
ပိတ်ထားသော မျက်လုံး အစုံမှ မျက်ရည်တွေ စီးကျ လာသည် ။
နောက်ဆုံးတွင် ...
ကြွက်ဖိုးထွန်း သည် မခံမရပ်နိုင်ဘဲ မျက်နှာ ကို လက် နှစ်ဖက်နှင့် အုပ်လိုက်ကာ အော်ဟစ် ငိုချလိုက်မိတော့ သည် ။
“ ဒီအပုံကြီး ကို မြန်မြန် သိမ်းကြပါဗျ ၊ ကျွန်တော် ခိုးမိပါတော့မယ်ဗျ ၊ မြန်မြန်လေး သိမ်းကြပါဗျ ၊ ကျွန်တော် ခိုးမိပါတော့မယ်ဗျ ၊ ဟီး ... ဟီး ... ”
☐ မောင်မှိုင်းလွင်
📖 သဘင် မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၈၄
No comments:
Post a Comment