❝ မျက်လှည့်ဆရာ ❞
( ရန်အောင် )
လွန်ခဲ့သော ၂ လ ၊ ၃ လ အတွင်း က ရန်ကုန်မြို့ တွင် ပြသ သွားသည့် ကမ္ဘာကျော်သည် ဆိုသော လူမျိုးခြား တစ်ဦး ၏ မျက်လှည့်ပွဲ မှာ ၃ ကျပ် ၊ ၅ ကျပ် ၊ ၁ဝ တန်း မှ ၂၀ ကျပ်တန်း အထိ လူ ကြိတ်ကြိတ် တိုး အောင် စည်ကားခဲ့ ဖူး၏ ။ နိုင်ငံ ၏ မျက်နှာဖုံး လူကြီးလူကောင်းများ ထံမှ ချီးမွမ်း ထောမနာ ဩဘာ ပြု သော စာများ ကို ထို နိုင်ငံခြားသား မျက်လှည့်ဆရာ ရရှိကာ သတင်းစာ တွင် ထည့်၍ ကြော်ငြာ ခဲ့၏ ။
ထိုအခါ က ထို မျက်လှည့် နှင့် ပတ်သက်၍ ကျွန်တော် ၏ မိတ်ဆွေ သင်္ဂဟများစွာ တို့ တွင် ကောင်းလှပါသည် ဟု ချီးမွမ်းသူ က ချီးမွမ်း ကြ၏ ။ ဆန်းကြယ် ထူးခြားခြင်း မရှိ ။ လမ်းဘေး မျက်လှည့် သာသာမျှ ရှိ၍ တချို့ မြန်မာ မျက်လှည့်များ ကို ပင် မမီ ဟု ရှုတ်ချသူများက လည်း ရှုတ်ချ ကြ၏ ။
မျက်လှည့် ဟူသည် မှာ လိမ်လည် လှည့်ဖြားခြင်း ပင် ဖြစ်ပေသည် ။ သို့သော် လိမ်ပုံ ၊ လှည့်ဖြားပုံ ပိရိသပ်ရပ် ခဲ့ ပါလျှင် ပညာ တစ်မျိုးပင် ဖြစ်၍ ကြည့်ရှုသူ ပရိသတ် က ကျေနပ်ကြလေသည် ။ မျက်လှည့်ဆရာ ၏ လိမ်ပုံ ၊ ညာပုံ ၊ လှည့်ဖြားပုံ မကျွမ်းကျင် မသေသပ် ၍ ပရိသတ် က သူ မည်သို့ လှည့်ပတ် ထားသည် ကို ရိပ်မိ သိရှိ နေလျှင် ညံ့ဖျင်းသော မျက်လှည့် ဟူ၍ပင် ခေါ်ဆိုရ ချေမည် ။
ကျွန်တော် ကား ထို မျက်လှည့် ကို သွားရောက် ၍ မကြည့်ခဲ့ပေ ။ အကြောင်းမူ ကား ကျွန်တော် ကိုယ်တိုင် မျက်လှည့်ဆရာ ဖြစ်ခဲ့ဖူးသောကြောင့် ပေ တည်း ။
ထိုစဉ်က ကျွန်တော် သည် ဇာတိ ဆင်ပေါင်ဝဲမြို့ကလေး တွင် ကုန်သေးဆိုင်ကလေး ဖွင့်ကာ ရောင်း နေ၏ ။ ထိုအချိန် တွင် ကျွန်တော်တို့ တစ်ရွာ လုံး ကြည်ညိုကိုးကွယ် သည့် ဘူတာကျောင်း ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာ ဘုန်းကြီးပျံ အခမ်းအနား အတွက် ဇာတ်ပွဲ ၊ ရုပ်သေးပွဲ ၊ ယိမ်း ၊ သိုင်း ( သိုင်း ဆိုသည်မှာ တုတ်သိုင်း ၊ ဓားသိုင်း မဟုတ် ။ ဘုန်းတော်ကြီး အလောင်း ထည့်သည့် ခေါင်း ကို ပြာသာဒ် တွင် တင်ကာ လူ ဆယ့်လေးငါး ခြောက်ယောက် ထမ်းပြီး သိုင်း နင်းခြင်း ဖြစ်၏ ) ။ ထိုသို့သော အကအခုန် များ ကို စီစဉ်ပြီးသော်ငြားလည်း မျက်လှည့် ကား မပါ ။ မျက်လှည့် မှာ တော လူထု လွန်စွာ နှစ်ခြိုက်သဘောကျသော ပွဲ တစ်ရပ် ဖြစ်သဖြင့် မျက်လှည့် ပါ ရန် အတွက် မျက်လှည့်ဆရာ လိုက်၍ ရှာ၏ ။ သို့သော် ဘယ်မှာမှ မတွေ့ ။
ထို့ကြောင့် ခါတော်မီ မျက်လှည့်ဆရာ တစ်ယောက် အမြန် ဖန်ဆင်း တီထွင်ရန် ကိစ္စ ပေါ်၍ လာပေသည် ။
မျက်လှည့်ပွဲ ဖြစ်မြောက်ရန် အတွက် ကာလသားတွေ အစည်းအဝေး လုပ်ရာတွင် ကျွန်တော် လည်း ပါလျက် ဘယ်သူမျှ မျက်လှည့်ဆရာ လုပ်နိုင် သူ မပေါ်သည့် အခါ ကျွန်တော် က မျက်လှည့်ဆရာ လုပ်မည် ဟု ရဲဝံ့စွာ ဝန်ခံ လိုက်၏ ။
“ မင်း မျက်လှည့် ပြတတ်လို့လား ” ဟု ကာလသားခေါင်း ကိုဘိုးဝန်း က မေးခွန်း ထုတ်၏ ။
“ ဘုန်းကြီးပျံ ကျင်းပဖို့ က သုံးလလောက် လိုပါသေးတယ် ။ ဒီ အတောအတွင်း ကျွန်တော် ကြိုးစားမှာပေါ့ ။ ဘုန်းကြီးပျံ မတိုင်ခင် ကျွန်တော် ခင်ဗျား တို့ ကို အစမ်း ပြပါဦးမယ် ။ သဘောကျ တော့ မှ ဘုန်းကြီးပျံ အတွက် အပြ ခိုင်း ပေါ့ ” ဟု ကျွန်တော် က ရဲဝံ့စွာ တာဝန်ခံ လိုက်၏ ။
ထူးထူးဆန်းဆန်း လုပ်ချင်တတ်သော ကျွန်တော် ၏ ညာဉ် ကို သိပြီး ဖြစ်သည့် ကာလသားများ သည် ကျွန်တော် ၏ ဝန်ခံချက် ကို ယုံကြည် ကြ၏ ။
သို့ဖြင့် ကျွန်တော် မှာ မျက်လှည့်ပညာ ကို ဆည်းပူး လေ့ကျင့်ရ တော့ သည် ။ ကျွန်တော် တို့ ရွာ နှင့် ၁ဝ မိုင်ခန့် ကွာသော ခိုင်းရွာ တွင် ရှေး က မျက်လှည့် ပြ၍ စားဖူးသည့် ဆရာလှ ဆိုသူ ရှိသည် ကြား သဖြင့် သွားရောက် ကာ တပည့် ခံလျက် မျက်လှည့် ပြနည်း သင်ကြားခဲ့ရ၏ ။
ရန်ကုန်မြို့ ဗိုလ်တထောင် ၊ ဗန္ဓုလကုမ္ပဏီ ( ဗန္ဓုလဂျာနယ်တိုက် မဟုတ် ) က ထုတ်သည့် မျက်လှည့်ပြနည်း နိဿရည်း ကို မှာ၍ ဖတ် ရ၏ ။ ထိုစဉ် အခါက လွန်စွာ နာမည်ကြီး သည့် စိတ်ညှို့ အိပ်မွေ့ချနည်း ၊ သံလိုက်ဓာတ် ဖော်စပ်နည်း စာအုပ်များ ကို ဝယ်ယူ ဖတ်ရှုကာ အပူတပြင်း လေ့လာရ၏ ။
သို့ဖြင့် ၃ လ ခန့်မျှ မျက်လှည့်ပညာ ကို လေ့လာ သင်ကြား ပြီးသည် ၏ အခြားမဲ့ ၌ ကျွန်တော် မျက်လှည့် ပြတတ်ပြီ ဟု ကျွန်တော့် ကိုယ် ကျွန်တော် ယုံကြည် ကာ ပွဲ မဝင်ခင် ပြင်က ကျင်းပ ဟူသော စကား အတိုင်း ဘုန်းကြီးပျံ မကျင်းပမီ သုံးရက်ခန့် အလိုတွင် ကာလသားများ အား ဆင်ဆာ အဖြစ် ဖြင့် မျက်လှည့် ပြ ရပါတော့သည် ။
ကျွန်တော် ၏ မျက်လှည့် ကို မြင်ရသော အခါ ကာလသားတွေ အတော် အံ့အားသင့် ကြ၏ ။
“ ဟေ့ကောင် ဒါတွေ ကို ဘယ်က တတ်သလဲ ” ဟု မေးကြ၏ ။ ဘုန်းကြီးပျံ တွင် လို၍ နေသော မျက်လှည့်ပွဲ မှာ တခမ်းတနား ပါတော့မည် ဟု သိကြ သဖြင့် ဝမ်းမြောက်ကြ၏ ။
သို့ဖြင့် ဘုန်းကြီးပျံ ကျင်းပသည့် ရက် သို့ ရောက်ခဲ့လေသည် ။
မျက်လှည့် ပြရန် အတွက် ပြစင် တစ်ခု အခိုင်အခံ့ ကို ပေးကြ၏ ။ ယခု ကာလ အငြိမ့်စင် မျိုးပင် ဖြစ်သည် ။ စင် နောက်တွင် ကန့်လန့်ကာ နက်ကြီး ကာ ထား၏ ။ မျက်လှည့်ဆရာ ကျွန်တော် မှာ ယောလုံချည် အနက် အပေါ် အင်္ကျီ အနက် ၊ ခေါင်းပေါင်း အနက် နှင့် လူနက်ကလေး ဖြစ်၍ နေ၏ ။ ထိုကဲ့သို့ အနက်တွေ ချည်း ဆင်ပြင် မွမ်းမံထားခြင်း ကား မျက်လှည့်ဆရာ ၏ ပရိယာယ် တစ်မျိုး ပင်ဖြစ်၏ ။ အကြောင်းမူ ကား မည်းနက်သော အရောင် ၏အတွင်း တွင် လက်လှည့် ၊ မျက်လှည့် နည်းများ ဖန်တီး၍ ပြနိုင်၏ ။ ဥပမာ အရိုးစုပုံ စက္ကူကတ်ထူရုပ် ကို ကြိုးနက် ဖြင့် ဆိုင်း တွဲ ကာ
အပေါ်က လှုပ်ရှား ပေးသော် ကြိုးနက် နှင့် ကန့်လန့်ကာနက် အဝတ်နက် ရော၍ နေသဖြင့် မမြင်ရ ၊ အရိုးစု ရုပ် ဖြူဖြူ သာ မြင်ရ၏ ။ ဤနည်းမျိုးတွေ လုပ်လို သဖြင့် အနက် ကာ ရခြင်းဖြစ်၏ ။
၎င်းပြင် အနက် သည် ကြောက်ရွံ့ ထိတ်လန့်သော စိတ် ကို ဖြစ်ပေါ် စေနိုင်၏ ။ ကြောက်ရွံ့လျှင် အကြောက် က ဖုံးနေ သဖြင့် အမှန် ကို မတွေးနိုင် ။ မျက်လှည့်ဆရာ မှာ ကြောက်စရာ လူ တစ်မျိုးကြီး ဖြစ် နေ သဖြင့် လူ သာမန်တို့ မစွမ်းဆောင် နိုင်သည့် ကိစ္စကို စွမ်းဆောင်ပြသနိုင်မည် ဟု ယုံကြည်စေရန် အနက်ထည်တွေ ဆင်ပြင် ထားခြင်းလည်း ဖြစ်၏ ။
ည ၉ နာရီ ခန့် တွင်မှာ မျက်လှည့်ပွဲ စ ပါတော့သည် ။ တန်ခိုးကြီး ဆရာတော်ဘုရား ၏ သာဓုကိဠနသဘင် ဖြစ်၍ တော ရော မြို့ ပါ လူတွေ ကြိတ်ကြိတ် တိုး မျှ စည်ကား လှ၏ ။
မျက်လှည့်စင် ၏ ရှေ့နား ခပ်ကျကျ တွင် သုံးချောင်းထောက် ခုံမည်းကလေး တစ်လုံး ထား၏ ။ ထို ခုံပေါ် တွင် ခေါင်းခွံ နှင့် လူရိုး တစ်ချောင်း တင် ထား ရ၏ ။ ဤလည်း ပရိသတ် ကြောက်ရွံ့အောင် ၊ မျက်လှည့်ဆရာ ကို ကြောက်အောင် လှည့်စားခြင်း ပင် ဖြစ်၏ ။
အထူးအဆန်း ကို တွေ့လို မြင်လို ကြသော တောပရိသတ် သည် ကျွန်တော် ၏ မျက်လှည့်စင် အနီးတွင် တိုး မပေါက်နိုင်အောင် များပြား၏ ။
ကျွန်တော် သည် ရဲတင်းစွာပ င် ကန့်လန့်ကာနက် ၏ ရှေ့ သို့ ထွက်၍ ရပ် လိုက်သည် ။ ထိုနောက် ပရိသတ် အား ညှို့မျက်လုံး ဖြင့် အတန်ကြာ အောင် စိုက်၍ ကြည့်၏ ။ ပရိသတ် ကား ကျွန်တော့် ကို မျက်တောင် မခတ် ကြည့် နေကြသည် ။
ထိုနောက် ..
နာဂရီဂါထာ တစ်ပုဒ် ကို လျှာလိပ်သံ ပါပါ နှင့် ရွတ်လိုက်၏ ။ ဤသည် လည်း ပရိသတ် အထင်ကြီး အောင် လှည့်စားခြင်း ပင် ။
ကျွန်တော် ၏ လက်ထောက် မျက်လှည့် တပည့် ကား ပေစိ ဖြစ်၏ ။
“ ဟေ့ တပည့် ရေအိုး နဲ့ သဲထုပ် ယူခဲ့ ”
ကျွန်တော် က အာဏာသံ ပြင်းပြင်း ဖြင့် အမိန့် ပေးလိုက်သောအခါ တပည့် က ကျွန်တော့် အမိန့် အတိုင်း ရေ ဖြစ်ကြောင်း ၊ သဲ ဖြစ်ကြောင်း သွန်၍ လည်းကောင်း ၊ ကြဲဖြန့်၍ လည်းကောင်း ပြ ရ ပေသည် ။
“ ကိုင်း ကြည့်ကြဗျ ။ ဟောဒီ သဲတွေ ကို ရေ ထဲ မှာ ထည့် လိုက်မယ် ”
ကျွန်တော် က ပြောပြောဆိုဆို သဲ တစ်ဆုပ်ကြီး ကို ယူကာ ရေအိုး ထဲ သို့ ထည့်လိုက်၏ ။ ထည့် ရုံ သာမက ရေ ကို လည်း လက် ဖြင့် မွှေနှောက် ၍ ပြ လိုက်ပါသေးသည် ။
“ ကိုင်း ရေ ထဲ မှာ မွှေနှောက် ထားတဲ့ သဲ ကို ကျွန်တော် ယူပြပါမယ် ” ဟု ဆိုကာ ရေ ထဲ သို့ လက်နှိုက် မိသော် လက်ဖြန့် ယမ်းခါ တွယ်၍ ပြ၏ ။ ထိုနောက် ရေ ထဲ ကို လက် နှိုက်၏ ။ သဲ ကို ဆုပ်ယူခဲ့၏ ။ မျက်လှည့်စင် အစွန်း ပရိသတ် နှင့် နီးသည့် ဘက် သို့ သွား ကာ ဆုပ် ထားသည့် သဲများ ကို လက် ဖွ ၍ ချ လိုက်၏ ။ ခြောက်သွေ့သော သဲ တစ်မှုန့် စီကျ၍ သွားပေ သတည်း ။
“ ဟ...သိပ် ဟုတ်ပါကလား ၊ ရေ ထဲ ကို သဲ ထည့်တာ ရေ မစိုဘူးကွ ” ဟု ပြောကြ၏ ။
“ ဒီ မျက်လှည့်ဆရာလေး ကို ငါ မြင်ဖူးပါတယ် ” ဟု တစ်ယောက် က ပြော၏ ။
တခြား တစ်ယောက် က “ ဟာ ... မြင်ဖူးမှာပေါ့ကွ ။ တို့ ရွာ ကို အရောင်တင်ထုပ် တို့ ပန်းစည်းကြိုး တို့ မကြာမကြာ လာ ရောင်းတဲ့ ကောင်လေးပဲ ” ဟု ပြော၏ ။ သဲ ကို ရေ ထဲ ထည့်လျက် ရေ မစိုခြင်း ၏ အကြောင်းရင်း ကို သိချင် ကောင်း သိချင်ကြပါ လိမ့်မည် ။
မခဲယဉ်းပါ ။ သဲ နှင့် ဖယောင်း ရော၍ လှော် ထား ရပါသည် ။ ထိုအခါ ဖယောင်း သည် သဲမှုန့်ကလေးများ ပေါ် တွင် ဖုံးအုပ် ကာ ဝါတာပရု လို ဖြစ် နေ၏ ။ ထို သဲမှုန့် ကို ဆုပ် ကာ ရေအိုး ၏ အောက်ခြေ တွင် အသာ ချထား ။ ထို့နောက် ရေ ၏ အပေါ်ယံ လောက် တွင် မွှေနှောက် ဟန် ပြု ။ ချ ထားသည့် သဲပုံ ကို ပြန် ယူပြီး လက် ထဲ က ချပြ ။ သဲများ ရေ မစိုဘဲ တစ်မှုန့်စီ ကျရသည် သာ တည်း ။
ဒါက မဆန်းပါ ။ ဆန်းတဲ့ တစ်နည်း ပြ ရပါသည် ။ သော့တံဆိပ် ဗျစ်ပုလင်း အမည်း ကို ပရိသတ် အား ဗျစ်ပုလင်း မှာ သစ်လွင်လွန်း သဖြင့် တံဆိပ်အ သစ်စက်စက် ကပ်လျက် ရှိ၏ ။ ထို ပုလင်း ကို စားပွဲ ပေါ် တင်ကာ မန်းရ မှုတ်ရ၏ ။ လူရိုး နှင့် လူခေါင်းခွံ ကို တဒေါက်ဒေါက် ခေါက်ရ၏ ။
အတန်ကြာလျှင် ပရိသတ်၏အနီး မျက်လှည့်စင်စွန်းတွင် ပုလင်း ကို ရိုက်ခွဲလိုက် ။ ကြက်ကလေး တစ်ကောင် ပုလင်း ထဲ က ထွက်လာပေ သတည်း ။
ကြက်ကလေး မှာ ပုလင်း အဝ က သွင်း၍ ဘယ်နည်းနဲ့ မှ မဖြစ် ။ ပုလင်း ကိုယ်ထည် ထဲ တွင်ပင် တော်တော် ကျပ်တည်း ကျပ်သပ် နေရသော ကြက်ကလေး ဖြစ်၏ ။
ပုလင်း ထဲ က ကြက် ထွက်ခြင်း ကို ပရိသတ်များ အံ့သြ ကြသည် ။ မျက်လှည့်ဆရာ တင်ကြိုပြင်ဆင် ထားပုံ ကို သိ ရလျှင် မအံ့ဩသည့် အပြင် မျက်လှည့်ဆရာ ကို ကော် ဆဲကာ ပါး တက် ရိုက်ချင်ပေလိမ့်မည် ။ တင်ကြို ပြင်ဆင်ထားမှု ကား ဤသို့တည်း ။
သော့တံဆိပ် ဘီယာပုလင်း အလွတ် သစ်သစ် တစ်လုံး ကို ဝယ်ရ၏ ။ ပုလင်း ကို ရေ စိမ်ကာ တံဆိပ် ကို မစုတ်မပြဲအောင် ခွာရ၏ ။ ထိုနောက် ပုလင်း ၏ ခါးလည် လောက် တွင် ရေနံဆီစိမ် ထားသော ဇာခြည် ကြိုး ဖြင့် တည့်တည့် ပတ် ၍ ချည် ၊ ထိုနောက် ဖယောင်းတိုင်မီး တွင် ဇာခြည်ကြိုး ကို လှည့် ၍ မီးရှို့ ။ တော်တော်ကြီး ပူ၍ ပုလင်း တွင် ပတ် ထားသည့် ဇာခြည်ကြိုး တွေ မီးလောင်ပြီ ဖြစ်ကုန်လျှင် ပုလင်း ကို ရေထဲ မြန်မြ န်နှစ် ဇာခြည် ရစ်ထား သည့် နေရာ က တိတိရိရိ ပြတ်သွား၏ ။ ထို ပုလင်း ပြတ် ၍ အတွင်း က ဆေးမည်း ဖြင့် သုတ် ၊ သို့မှ အတွင်း က ကြက်ကလေး ကို အပြင် က မမြင်ဘဲ ရှိချိမ့်မည် ။ ကြက်ကလေး ကို သွင်း ၊ ပုလင်းပြတ် နှစ်ခု ကို ကျွဲကော် နှင့် ဆက် ။ အပြင်က တံဆိပ် ကို သေသပ်စွာ ပြန်ကပ် ။ ကဲ အထဲ မှာ ကြက်ကလေး ရှိမှန်း မသိတဲ့ ပုလင်းကောင်း ၊ ပုလင်းလွတ်ကြီး မဖြစ်ပါ လော .. ။
ဤမျှလောက် ဖော်ပြလျှင် မျက်လှည့်ဆရာတွေ ညာပုံ လိမ်ပုံ ပရိသတ် ကို တစ်ပတ်ရိုက်ပုံ တွေ သိလောက် ပါပြီ ။
မျက်လှည့်ဆရာ ညာပုံကလေး နည်းနည်း ထပ် သိချင်ပါသေး သလား ။ ဟုတ်ကဲ့ တစ်ခု တော့ ပြောပါဦးမည် ။
ပန်းကန်ပြား နှင့် ပန်းကန်လုံး ကို မှောက်လှန် ခါတွယ်ကာ ပရိသတ် အား ပြ၏ ။ ထိုနောက် ငွေဒင်္ဂါး တစ်ပြားကို ပန်းကန်ပြား ထဲ ထည့်လိုက်၏ ။ ပန်းကန်လုံး ဖြင့် ဖုံး၏ ။ ခလောက်၍ ခလောက်၍ ပြရာ တချောက်ချောက် မြည်သံ ကြားရ၏ ။ ထိုနောက် မန်းမှုတ် ရွတ်ဖတ်ကာ ပန်းကန်လုံး ကို မ ပြီး စားပွဲ ပေါ် တွင် ထား၏ ။ ပန်းကန်ပြား ကို စောင်းမှောက် ၍ ပြ လိုက်၏ ။ ငွေဒင်္ဂါး ပျောက်ခြင်း မလှ ပျောက် သွား ချေပြီ ။ အံ့သြဖွယ် မကောင်းပါလော ။
အကယ်၍ ပန်းကန်လုံး ထဲ တွင် တုတ်တန်းကလေး အလောတော် လုပ် ကာ ဖယောင်း နှင့် ကပ် ၊ ဆေးဖြူ သုတ် ထားကြောင်း သာ ပရိသတ် သိပါ က မျက်လှည့်ဆရာ သောက်ရှက်ကွဲမည် သာတည်း ။
ပျောက်သွားသော ဒင်္ဂါး ကို ပြန်၍ ခေါ်ရချေမည် ။ ပရိသတ် ထဲ က ရိုးအအ အူကြောင်ကြောင် တစ်ယောက် ကို အတင်း ခေါ်ယူ၏ ။ သူ ၏ အိတ် ထဲ တွင် ဒင်္ဂါး ရောက်နေပြီ ဟု မျက်လှည့်ဆရာ က အာဝဇ္ဇန်း ရွှင်ရွှင် ပြော ပြီး သူ့ အိတ် ထဲ လက် နှိုက်ပြီး “ ဟော အင်္ဂါးတွေ့ပြီ ” ဟု ဆိုကာ အသင့် ထားသည့် လက်ကိုင်ပဝါ ထဲ သို့ ထည့်လိုက်၏ ။ လက်ကိုင်ပဝါ ထဲ တွင် တကယ် ပင် ဒင်္ဂါး ရောက်နေ၏ ။ ကိုင် ကြည့်လျှင် တွေ့၏ ။ ခေါက် ပြလျှင် ရ ၏ ။ လက်ကိုင်ပဝါ ထဲ က ဒင်္ဂါး အကွင်းလိုက် ကို လည်း မြင်ရ၏ ။ လက်ကိုင် ပဝါ က ဒင်္ဂါး ပန်းကန် ထဲ ပြန်သွင်းမည် ဆိုကာ လက်ကိုင်ပဝါ ထောင့်စွန်း နှစ်ဘက် ကို ကိုင်ပြီး နာနာ ခါ၍ ပြ၏ ။ ဒင်္ဂါး ကား ပျောက်ခြင်း မလှ ပျောက် ပြန် ချေပြီ ။ မပျောက်ဘဲ ရှိအံ့လော ။ လက်ကိုင်ပဝါ အနားပတ် ထောင့် ထဲ တွင် ဒင်္ဂါး ကို ထည့် ချုပ် ထား သကိုး ။
ပန်းကန်ပြား ပေါ် ပန်းကန်လုံး အုပ် ၊ ပန်းကန်လုံး ထဲ က အထပ်ခိုး တွင် မှောင်ခို နေသော ဒင်္ဂါး ကို ခါ ချသော် ဒင်္ဂါး သည် ပန်းကန်ပြား ထဲ သို့ ချွမ်ခနဲ မြည်ကာ ပေါ်ထွက် လာ၏ ။ ဤကဲ့သို့ဖြင့် နည်းပေါင်း ၅ဝ ထက် မနည်း ပြ ခဲ့လေရာ ကျွန်တော့် အား ပဉ္စလက် တတ် သလိုလို ၊ မှော်ဆရာ လိုလို ထင်ကြ၏ ။
ပွဲ သိမ်းခါနီးတွင် ထူးခြားသော အခန်း နှစ်ခန်း ပြပါသေးသည် ။ ပရိသတ် ထဲ တွင် ထိုင်၍နေသော ဘဟိန်း ကို ခေါ်ကာ အိပ်မွေ့ချ၏ ။ ဒါကတော့ တကယ်ပါခင်ဗျား ။ ဘဟိန်း ကို သံချောင်း လို အတောင့် ခိုင်း၏ ။ တကယ် တောင့်၏ ။ ခေါင်းဖျား နှင့် ခြေဖျား ကို ကု,လားထိုင် ပေါ် တင်၏ ။ တံတား သဖွယ် တောင့် နေသည့် ကိုယ် ပေါ်သို့ လူ တစ်ယောက် တက်၍ နင်း စေ၏ ။ ပျော့ မကျ ခွေ မကျ ။ ဒါမှ တကယ့် ပညာ သာ တည်း ။ တစ်ဖန် ဘဟိန်း ၏
ခြေသလုံး ကို အပ် တစ်ချောင်း အဆုံး ဝင်အောင် ထိုး၍ ပြ၏ ။ ဘဟိန်း ကား မတုန် မလှုပ် ။ ဤနည်း က တော့ အိပ်မွေ့ချနည်း အစစ် ပင် ဖြစ်ပါသည် ။ ဤနည်း ကို တော့ သုံးလပတ်လုံး ကျွန်တော် အပူတပြင်း တကယ်ပင် လေ့လာ အားထုတ်ခဲ့ရပါသည် ။
ထိုနည်း ကို မည်ကဲ့သို့ လေ့လာ အားထုတ်ရပုံ အလုံးစုံ ကို နောင် အလျဉ်းသင့် လျှင် ရှုမဝမဂ္ဂဇင်း တွင် ထည့်သွင်း ဖော်ပြမည် ဖြစ်ပါကြောင်း ။
◾ရန်အောင်
📖 ရှုမဝ မဂ္ဂဇင်း
No comments:
Post a Comment