❝ အပြစ်ကင်းတဲ့ အလုပ် ❞
သက်ရှိထင်ရှား ပန်းချီ ဆရာကြီးတွေ ထဲ မှာ ဦးခင်မောင်သန်း ဟာ အောက်ဒိုး အဆွဲဆုံး ပန်းချီ ဆရာကြီး ဖြစ်ပါတယ် ။
မန္တလေးမြို့ က ရှုမျှော်ခင်း ကောင်းတဲ့ နေရာတွေ မှာ ဦးခင်မောင်သန်း ကို အောက်ဒိုး ဆွဲနေတာ မကြာခဏ တွေ့ နိုင်ထာယ် ၊ နေပူ ရင် လည်း ထီးကြီး အောက် မှာ ထိုင်လို့ မိုးရွာ ရင်လည်း ထီးကြီး အောက်မှာ ထိုင်လို့ သူ ပန်းချီ ဆွဲ နေတတ်တယ် ။
သူ ပန်းချီ ဆွဲတာကို စိတ်ဝင်စားသူ ၊ ဝါသနာ ပါသူတွေ က ဝိုင်းအုံပြီး ကြည့်နေပေမယ့် သူ့ အတွက် အနှောင့်အယှက် ဖြစ်တဲ့ပုံ မရှိဘူး ။ အေးဆေးသက်သာ ရေးဆွဲ နေတာပါပဲ ။
ဆရာကြီး ဦးခင်မောင်သန်း ပန်းချီ ဆွဲ နေတာ ကို လာ ကြည့်တဲ့ သူတွေ ထဲ က ငွေကြေး တတ်နိုင်တဲ့ ပန်းချီမြတ်နိုးသူ က သူ ဆွဲလက်စ ပန်းချီကား ကို အရ ဝယ်ယူသွားလေ့ ရှိတယ် ။ အောက်ဒိုး ပန်းချီ ထွက် ဆွဲနေတဲ့ အတွက် ဆရာကြီး ဦးခင်မောင်သန်း က ပန်းချီမြတ်နိုးသူတွေ နဲ့ ပိုမို ထိတွေ့ခွင့် ရနေတယ် ၊ ရေးဆွဲလို့ မပြီးခင် ကတည်း က ရောင်းနေရတဲ့ ပန်းချီဆရာ မို့ ဆရာ့အိမ် မှာ ပန်းချီကားတွေ ပြွတ်သိပ် ချိတ်ဆွဲထားတာ မတွေ့နိုင်ဘူး ။ ပန်းချီအရောင်းပြခန်းတွေ မှာ လည်း ဆရာကြီး ဦးခင်မောင်သန်း ရဲ့ ပန်းချီကားတွေ ဖောခြင်းသောခြင်း မမြင်နိုင်ဘူး ။
ဆရာဦးခင်မောင်သန်း က မန္တလေး ပန်းချီကျောင်း မှာ ပညာ သင်ခဲ့တယ် ။ ပန်းချီကျောင်း တက်စ ကာလတုန်း က တော့ ကျောင်းအုပ်ကြီး က သိပ် ညံ့တယ်လို့ မှတ်ချက် ပေး ခံရတဲ့ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့ပါတယ် ။
••••• ••••• •••••
ကျွန်တော့် ကို မွေးတာက ရွှေဘိုခရိုင် ဝက်လက်မြို့ ။ မိဘ က ရွှေပန်းတိမ်ဆရာ ဆရာမြင့် နဲ့ ဒေါ်မိ ။
ဝက်လက်မြို့မ ဘုန်းကြီးကျောင်း မှာ ပညာသင် ဖို့ မိဘတွေ က အပ်တယ် ။ တစ်ရက်တော့ ကျောင်းဆင်းချိန် မှာ ကျွန်တော် က မဆင်းဘဲ ကျောက်သင်ပုန်း ပေါ်မှာ လူဦးခေါင်းပုံ ထိုင် ဆွဲနေတယ် ။ ဒါကို ဆရာဦးပဉ္ဇင်း က တွေ့တော့ ဘေးမှာ လူခေါင်းပုံ ရေးပြပြီး ဆံရစ်ဝိုင်းကလေး လည်း ထည့်ပြတယ် ။ စိတ် ထဲမှာ အလွယ်တကူ ဆွဲ ပြလိုက်တဲ့ အပေါ် မှာ ဟယ်ခနဲ ဖြစ်သွားတယ် ။
ပန်းထိမ်လုပ်ငန်း မှာ ပန်း ရေးတဲ့ အလေ့အထ ရှိတယ် ။ ကျွန်တော် လည်း ရေးကြည့်တယ် ။ ရှိတဲ့ ဆေး နဲ့ ကောင်းနိုးရာရာ လိုက် ခြယ်တာ ။
ဘုန်းတော်ကြီးကျောင်း ကနေ ပရိုက်ဗိတ်ကျောင်း ကို ပြောင်းနေတယ် ။ ကျောင်းဆင်းချိန် မှာ သူများ က ဘောလုံး ကန် နေတဲ့သူ ကန် ၊ လိုက်တမ်း ပြေးတမ်း ကစားတဲ့ သူ က ကစား ၊ ကျွန်တော် ကတော့ ပုံတွေ ပဲ ဆွဲနေတယ် ။ ပုံဆွဲတာ သွေးထဲ ပါလာတဲ့ ဝါသနာ ။ လူနှစ်ယောက် ဓားချင်း ယှဉ်ခုတ် နေတဲ့ ပုံ ဆွဲထားတာ အတန်း တစ်တန်းတည်းသား မောင်သန်း က ကြည့်ပြီး မင်း ဟာက ဘယ်လက်ကြီး နဲ့ ကြိတ်ခုတ်နေတာပဲတဲ့ ။ ကိုယ် က အလျဉ်းသင့် သလို ရေးထား တာကိုး ။
ကျွန်တော်တို့ ဝက်လက် က တောမြို့ကလေး ။ ကိုယ် က စိတ်ကူး ရှိသလို သာ ဆွဲနေတာ စနစ်တကျ သင်ဖူးတာလည်း မဟုတ်ဘူး ။ အိမ် ကိုလာတဲ့ ဧည့်သည် တွေ က ဆွဲထားတဲ့ ပုံတွေ ကို ကြည့်ပြီး တယ် ဟုတ်ပါလား တဲ့ ။ အဖေ ကတော့ ပန်းချီဦးစောမောင် ဆီ ပို့ရမယ်တဲ့ ။
ကျွန်တော် အသက် ၁၃ နှစ် ၊ ၁၉၅၄ ခုနှစ် မှာ အဖေ က မန္တလေး ပန်းချီ ကျောင်း ကို လိုက် အပ်ပေးတယ် ။ ပန်းချီကျောင်း ဖွင့်တာ တစ်နှစ် အကြာမှာပေါ့ ။
အမေ ကလည်း မန္တလေးဆိုင်းတန်း မှာ နေပြီး ဈေး ရောင်းတယ် ။ ကျွန်တော် က ပန်းချီကျောင်း တက်တယ် ။
ပထမနှစ် နေတုန်း တစ်ရက်မှာ ကျောင်းအုပ်ကြီး ဦးစိန်ညွန့် အတန်း ထဲ ဝင်လာတယ် ။ ကျောင်းဆင်းဖို့ သုံးမိနစ် လေးမိနစ် လောက်ပဲ လိုတော့တယ် ။ ကျွန်တော် က ပုံဆွဲစာအုပ် ကို ပိတ်ပြီး ထိုင်နေတယ် ။ ကျောင်းအုပ်ဆရာကြီး က အတန်းထိပ် ကနေပြီး ထိုင်နေတယ် ။ ကျောင်းအုပ်ဆရာကြီး က အတန်းထိပ် ကနေ ကျောင်းသားတွေ ကို ခြုံကြည့်တယ် ။ ပြီးတော့ ကျွန်တော် ရှိရာ လျှောက် လာတယ် ။ ကျွန်တော့် ကို လှမ်း ကြည့်တယ် ။ ကျွန်တော် ကတော့ သည် အတိုင်းပဲ ထိုင်နေ တာ ။ ပြစမ်း မင်း ပုံဆွဲစာအုပ် တဲ့ ။ ကျွန်တော် က မတ်တတ်ရပ်ပြီး ကျောင်းအုပ်ကြီး ကို ပုံဆွဲစာအုပ် ကို ပြတယ် ။ လှန်ကြည့်ပြီး မင်း က ကျောင်း မြန်မြန် ဆင်းချင် သလားတဲ့ ။ ပြီးတော့ ညံ့တယ် ၊ သိပ်ညံ့တယ်လို့ ပုံတွေ ကို ကြည့်ရင်း ပြောတယ် ။ မင်း စတိုင်ပင် ရသလား တဲ့ ။ ရပါတယ် ဆရာကြီး ဆိုတော့ ပြုတ်လိမ့်မယ်တဲ့ ။ ချောက်ချားစရာ စကားပေါ့ ။
အဲသည်တုန်းက အတန်းသား ၄၀ ကျော် ရှိတာ ။ ပထမ အစမ်းစာမေးပွဲ လုပ်တော့ ကျွန်တော် က အဆင့် ၂၈ ရတယ် ။ ကျွန်တော် ကြိုးစားလိုက်တာ ၊ တတိယနှစ် နောက်ဆုံး စာမေးပွဲ ကျတော့ ပထမ ရတယ် ။
အမေ က ဈေးရောင်းပြီး ကျောင်း ထားရတာ ဆိုတော့ စီးပွားရေး ပြည့်ပြည့် စုံစုံ မဟုတ်ဘူး ။ ကိုယ် က ပန်းချီ သိပ် ရေးချင်တာ ။ ပုံဆွဲစရာ စက္ကူ ၊ မရှိလို့ ဆွဲပြီးသား စက္ကူ ကို ကျောဘက် လှန် ဆွဲရတာ ။ တစ်ယောက် ယောက် က များ ပန်းချီ ဆွဲပေးစမ်းပါ ခိုင်းရင် သိပ် ဝမ်းသာတာ ။ သူ က စက္ကူ ပေးမှာကိုး ။
သုံးနှစ် တက်ပြီး ပန်းချီကျောင်း ပြီး သွားတော့ ကျောင်းအုပ်ကြီး ကို ခွင့်
တောင်းပြီး နောက်ဆုံးနှစ် မှာ တစ်နှစ် ထပ် နေတယ် ။
အောက်ဒိုး ထွက် ဆွဲပြီး ပြန်လာတော့ ဆွဲ လာတဲ့ ပန်းချီကား ကို ကျောင်းအုပ် ကြီး က မင်း သည်ကား ရောင်းမှာလား တဲ့ ။ ကျွန်တော် က ပြန် မပြောရဲဘူး ။ ကျောင်းအုပ်ကြီး က ငါ က များများတော့ မပေးနိုင်ဘူးကွာ ။ တစ်ကား ၁၅ ကျပ် ပေးမယ် ။ သုံးကား ရေးလာတာ အားလုံး ယူမယ်တဲ့ ။ အဲသည်တုန်းက ငွေ ၁၅ ကျပ် က တော်တော် အဖိုးတန်တယ် ။ ကျောင်းအုပ်ဆရာကြီး ဦးစိန်ညွန့် က သည်လိုပဲ တပည့်တွေ ကို ပန်းချီကား ဝယ်ပြီး အားပေးလေ့ ရှိတယ် ။ ကျောင်းအုပ်ကြီး က ကားဝယ်တာ ကျွန်တော့် ကား ၁၅ ကား ၊ ကား ၂ဝ လောက် ရှိတယ် ။ ပန်းချီ ပညာ ထွန်းကားစေချင်လို့ အားပေးတာ ။ ကျောင်းအုပ်ကြီး က ပန်းချီကား ဝယ်ယူ စုဆောင်းတာ ဝါသနာ ပါလို့ ဟုတ်ပုံ မရဘူး ။
တဖြည်းဖြည်း နဲ့ ကျောင်းအုပ်ကြီး ကို ပြောရဲ ဆိုရဲ ရှိလာတယ် ။ ဒါနဲ့ တစ်ရက် မှာတော့ အရဲစွန့် ပြီး ကျောင်းအုပ်ကြီး ရုံးခန်း ကို ဝင်တယ် ။ ကျောင်း မှာ ( ပန်းချီဆေး ) ဝင်ဆာကိတ် ခဲလေးတွေ ရှိတယ် ။ အဲဒါ ရချင်တယ် လို့ ပြောတယ် ။ ကိုယ် ထင်မှတ်တာနဲ့ တခြားစီပဲ ။ အဲဒါ ငါ့ ပစ္စည်း မဟုတ်ဘူး ၊ ကျောင်းပိုင်ပစ္စည်း ငါ မပေးနိုင်ဘူးတဲ့ ၊ နောက်ထပ် မျှော်လင့် မထားတဲ့ စကား တစ်ခွန်း ဆက် ပြောတယ် ၊ မင်း ထွန်းကြည်ဆိုင် ကို သွား ၊ လိုချင်တဲ့ ဆေး ၊ စုတ် ဘာညာ လက်မှတ်ထိုး ယူ ၊ ငါ ရှင်းမယ်တဲ့ ။ အဲသည့်မှာ သည့်ပြင်ဟာတွေ မယူပါဘူး ။ စတူးဒင့် ဝါတာကာလာ ဘောက်စ် တစ်ခု နဲ့ စုတ်တံ တစ်ချောင်း ပဲ ယူခဲ့တယ် ။
ပန်းချီကျောင်း မှာ ပညာ သင်ခဲ့ရတာ က ဘုရားဖူးယာဉ် နဲ့ လျှောက်လိုက်ရ တာနဲ့ တူတယ် ။ ဥပမာ ရွှေစည်းခုံဘုရား ရောက်တယ် ။ အာရုံ ရအောင် စိတ်ကို မွေးပြီး ဘုရားကို အေးအေးဆေးဆေး ဖူးမယ်လို့ ရှိသေး ခေါင်းဆောင် လုပ်တဲ့ သူ က လာကြ လာကြ ၊ သွားကြမယ် အာနန္ဒာ ။ အာနန္ဒာဘုရား ရောက်ပြန် တော့လည်း သည်လိုပဲ ။ အနု မှာ အာနန္ဒာ ဆိုတဲ့ အတိုင်း အနုပညာ ဗိသုကာ လက်ရာတွေ ကို အာနန္ဒာ မှာ ကြည့်ဖို့ အချိန် ပေးရတော့မယ် ။ ဘုရားဖူးကား ကတော့ ရောက်ရုံပဲ ပို့နိုင်တယ် ။ အာနန္ဒာ မှာ ခဏသာ နေပြီး သဗ္ဗညုဘုရား ကူး သွားတာပဲ ။
ကျောင်း မှာလည်း ဒါက ကွန်ပိုဇေးရှင်း ၊ ဒါက ပါစပက်တစ် ၊ ဒါက ခဲ ၊ ဒါက ဆီဆေး ၊ ဒါလောက်ပဲ ။ သေသေချာချာ နားလည် တတ်ကျွမ်းပြီး သဘော ပေါက်ဖို့ကတော့ ကိုယ်တိုင် အချိန် ပေးပြီး လေ့လာ ဆည်းပူးရမှာပဲ ။ ၁၃ နှစ်သား က စပြီး သည် အရွယ် အထိ ပန်းချီ ကို လုပ်လာတာ အသိ တစ်ခု ရလာတယ် ။ အဲသည် အသိ က ဘာလဲ ဆိုတော့ မည်သည့် အတတ်ပညာ ၊ မည်သည့် အသိပညာ ကို မဆို အလေးအနက် သိတဲ့ သူ ကို ကျွန်တော် လေးစားတယ် ။ အလေးအနက် သိဖို့ရာ ဘဝ နဲ့ ရင်းပေမယ့် ရချင် မှ ရတယ် ။
ကျောင်း မှာ ကော်မာရှယ်အတ် သင်ရပေမယ့် လက်တွေ့ မရေးရဘူး ။ အပြင် မှာ ကျွန်တော် ဆက်သင်တယ် ။ ဦးအောင်ချစ် ၊ ဦးကြွယ်လေး ၊ ဦးညိုလေး
တို့လို ကော်မာရှယ်အတ် ရေးနေတဲ့ ဆရာကြီးတွေ ဆီ မသွားဘဲ ကျွန်တော် က ဖိုင်းအတ် ရေးနေတဲ့ ဆရာကြီးဦးဘသက် ဆီ သွားပြီး ပညာ သင်တယ် ။ ကိုယ် သိတဲ့ ဆရာ ဆီ သွားတဲ့ သဘောပေါ့ ။
ပြီးတော့ ဒေးဝန်း ရတနာပုံ ရုပ်ရှင်ရုံ မှာ ဝင်ရေးတယ် ။ ပြီးတော့ ကော်မာရှယ်အတ် လောက မှာ အချိန် အများကြီး ကြာခဲ့တယ် ။
အလုပ် အပ်တဲ့ သူ က ပန်းသီး တစ်စိတ် ဆွဲ ပေးပါတဲ့ ။ ကျွန်တော် အစစ် သွားဝယ်ပြီး ကြည့် ဆွဲတယ် ။ ယုဝ ဦးမြင့်ဦး က ဩဠာရိက သုခုမ ဆေးစာအုပ် မျက်နှာဖုံး ဒီဇိုင်း အပ်တယ် ။ သူ ပါချင်တာတွေ ပြောတယ် ။ ခရမ်းချဉ်သီး ပါမယ် ၊ ကြက်သွန်နီ ပါမယ် ၊ မုန်လာထုပ် ပါမယ် ၊ စွန်တာနီပဲ ပါမယ် ၊ ငါး က ဘာ ငါး ပါမယ် ။ အာဟာရ တန်ဖိုး ရှိတဲ့ ဓာတ်စာတွေပေါ့ ။ အဲသည် ပစ္စည်းတွေ အကုန် သွား ဝယ်တယ် ။ လိုချင်တဲ့ အရွယ်အစား နဲ့ ငါး ကို ကိုယ် က ရွေးလိုက်တဲ့ အခါကျတော့ ငါး က နှုတ်ခမ်းမွှေး တစ်ဖက် မပါဘူး ။ ဈေးသည် ကို အင်္ဂါစုံတဲ့ ငါး နဲ့ လဲပေးပါ ပြောတော့ ၊ ဩော် နတ်တင် မလို့လားတဲ့ ။ ကျွန်တော် ရှင်းပြ မနေတော့ပါဘူး ။
ဘာရေးရေး အမြင် ကို ကျွန်တော် ရေးတယ် ။ ကျုံးကား ကို အိမ် မှာ ထိုင်ရေး ရင်လည်း ရတာပဲ ။ ဒါပေမဲ့ အဲဒါကို သိတာ ရေးတာ ၊ ကိုယ် သိတာ နဲ့ မြင်တာ က ကွာတယ် ။ အမြင်တွေ ကို မှတ် ထားပြီး စိတ်ကူး နဲ့ ရေးရင် ရပေမယ့် အသက် မဝင်ဘူး ။ မော်ဒယ် က အညောင်း ခံပြီး ထိုင် ပေးရတာဟာ သက်ရှိ မော်ဒယ် ကို ကြည့်ပြီး ရေးတာ နဲ့ ဓာတ်ပုံ ကြည့် ရေးတာနဲ့ ခြားနားလို့ပဲ ။
ပန်းချီကားတွေ ရေး ပြီးရင် အချို့ကားတွေ ကို ကျွန်တော် မရောင်းချင်ဘူး ။
မရောင်းလို့ လည်း မဖြစ်ဘူး ။ ကျွန်တော့် မှာ မိသားစု တာဝန်တွေ ရှိသေးတယ် ။ ကျွန်တော် နှစ်လုံး ၊ သုံးလုံး မထိုးဘူး ။ နားလည်း မလည်ဘူး ။ ထီ မထိုးဘူး ၊ ထီပေါက်ဖို့ လည်း မရှိဘူး ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ် က စပြီး ထီ မထိုးဘဲ ထီပေါက် ချင်တယ် ။ ဘာကြောင့်လဲ ။ ကိုယ် ရေးထားတဲ့ ကား အချို့ကို မရောင်းဘဲ သိမ်းထား ချင်တယ် ။ ဒါပေမဲ့ မရောင်းလို့ လည်း မဖြစ်ဘူးလေ ။
ပန်းချီဆရာ ဘဝ ကို ခံယူရတဲ့ အတွက် ကျွန်တော် စိတ်ချမ်းသာမှု ရတယ် ။ မင်္ဂလသုတ် မှာ ဗာဟုဿစ္စ အကြားအမြင် ဗဟုသုတများခြင်း ၊ သိပ္ပဉ္စ ၊ ပန်းချီ ၊ ပန်းပု စသော အပြစ်ကင်းကွာ လက်မှုပညာ တတ်ခြင်းသည် လည်း မင်္ဂလာ တစ်ပါး တဲ့ ။ ပန်းချီ ကို အပြစ် ကင်းကွာတယ် ဆိုတာ အခု အရွယ် ကို ရောက်တော့ ထောက်ခံချင် လာတယ် ။ ဘယ် ပန်းချီဆရာ ပဲ ဖြစ်ဖြစ် ရေး ရင်တော့ ကောင်းအောင် ရေးတဲ့ သူချည်းပဲ ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment