Saturday, April 19, 2025

လက်ဆောင် နဲ့ ဝင်လာတယ်လား


 

❝ လက်ဆောင် နဲ့ ဝင်လာတယ်လား ❞


“ ဟဲ့ မောင်ချမ်းသာ တို့ ခင်မိငယ် တို့ ”


“ ဧည့်သည် လာတယ်ဟေ့ ၊ ကလေးတို့ တံခါး ဖွင့်ပေးလိုက်ပါ ” 


ရွာ မှ မောင်ချမ်းသာ ၏ ဆွေမျိုးတော်သူ အဒေါ်ကြီး တစ်ဦး အိမ် ထဲ ဝင်လာလေ၏ ။


ဖရုံသီး ၊ သခွားချဉ်သီး ၊ ကြက်ဟင်းခါးသီး ၊ ပဲသီးတောင်းကြီး တစ်လုံး နှင့် မနိုင်မနင်းဗျာ ။


“ ရော့ဟဲ့ တောသီးတောရွက်တွေ ”


“ အို ဒေါ်လေးရယ် အပင်ပန်း ဒုက္ခ ရှာလို့ ”


“ ဟယ် ဘာ ပင်ပန်းတာ မှတ်လို့ ခင်းထွက်တွေ ၊ လှည်း နဲ့ တင် ကား နဲ့ တင် ငါ က ခေါင်း နဲ့ ရွက် လာ ရတာ မှ မဟုတ်တာ ”


တောသီး တောရွက် လတ်လတ်ဆတ်ဆတ် စားရမှာ မှန်ပါ သော်လည်း တနင့်တပိုးကြီး သယ်ပိုး လာရသော ဒေါ်လေး ကို မကြည့်ရက်ပါ ။


သို့နှင့် ဒေါ်လေး အိမ် မှာ လေး ငါးရက် နားနားနေနေ နေသွားလေ၏ ။ ခင်မိငယ်ကြီး က လည်း စကား ပြောဖော် ရသဖြင့် ဝမ်းသာ နေလေ၏ ။ တောရွာ အကြောင်း ၊ လုပ်စားကိုင်စား အကြောင်း ။ ဒေါ်ခင်မိငယ်ကြီး အလွန် စေတနာ ကောင်းလေရကား ဒေါ်လေး အပြန် တွင် သမီး မဝတ် ၊ သူ မဝတ် ၊ ကျွန်တော် မဝတ်တော့ သော အဝတ်အစား မျိုးစုံ တစ်ပွေ့တစ်ပိုက်ကြီး ကို ဒေါ်လေး ကို ပေးလိုက်လေ၏ ။ ဒေါ်လေး အပြန် ခရီး အတွက် ကားခ အပြင် လိုရာ သုံးရန် ငွေ သုံးထောင် ထည့်ပေး လိုက်ပါသေး၏ ။ 


ဒေါ်လေး ပြန်သွားတော့ ခင်မိငယ် မျက်နှာ မကောင်း ။


•••••   •••••   •••••


“ ဟ ဘယ်သူကြီးလဲဟ ” 


“ ချစ်ကြီးမောင်လေ ဘဘ ”


“ ဟယ် ချစ်ကြီးမောင် မင်းလဲ မဟာ ဘော်ဒီကြီး ဖြစ်နေပါရောလား ၊ ခု ဘယ်က လှည့်လာ ”


“ လေးလေး ဆီ တမင် လာတာ ” 


“ အေး ကောင်း ”


ကျွန်တော့် အတွက် ဘုရင်ကြီးကြိုက် ပုဆိုး တစ်ကွင်း ၊ မာမီချစ် ( ဒေါ်ခင်မိငယ် အတွက် ) တရုတ်တဘက် အကောင်းစားကြီး တစ်ထည် ကန်တော့လေ၏ ။


“ ကဲ ဟေ့ကောင် ချစ်ကြီးမောင် ငါ့ မှာတော့ အိုကေမြေပဲဆားလှော်ပဲ ရှိတယ် ”


“ ရပါတယ် လေးလေး ရာ ”


သူ က ရသည် ဆိုပါသော်လည်း ကျွန်တော် က မရနိုင်ပါ ။


“ ဒီည ဒီမှာ စားကွာ ၊ အပြင် မထွက်တော့ဘူး ၊ မှောင်တယ် ၊ တို့ အောင်လံမြို့ က မော်တော်ဆိုင်ကယ်တွေ အစီး ကြမ်းတယ်ကွ ၊ ဒါကြောင့် အိမ် မှာပဲ ... ။ ကဲ တို့ နှစ်ယောက် ၊ မင်း ဘာကြိုက်လဲ ၊ ဝီစကီ ရှိတယ် ၊ ဝိုင် ရှိတယ် ။ ရမ်ရှိတယ် ၊ ဂျင် ရှိ တယ် ၊ တိုက်ဂါးဘီယာပုလင်း ရှိတယ် ”


ဖြစ်သလို အမြည်း နဲ့ တီးကြ လေရာ ဝိုင်တစ်ပုလင်း နှင့် ဘီယာ တစ်ဖာ နီးပါး ချောလေ၏ ။ ည လည်း တစ်ဝက် ကျိုးလေ၏ ။


နံနက် ရောက် သော် ည က များသွား သဖြင့် ခေါင်းကိုက် နေလေ၏ ။


•••••   •••••   •••••


တစ်ခါသော် ကျွန်တော် အလွန် မမှတ်မိသော လူငယ် တစ်ဦး ဒူးရင်းသီး ၊ မင်းကွတ်သီးများ နှင့် ဝင်လာလေ၏ ။


“ ဆရာ မောင်ချမ်းသာ ဆိုတာ ” 


“ အေး ငါပဲ ပြော ” 


“ ကျွန်တော့် ဆရာ့ စာတွေ ဖတ်ပြီး ဆရာ့ ကို တွေ့ချင်နေတာ ” 


“ အေးကောင်း ၊ ဒါထက် မင်း ကို ငါ မသိသေး ” 


“ ဆရာ ကျွန်တော် မော်လမြိုင် က ... ” 


ဤသို့ဖြင့် သူ့ အလုပ်အကိုင် အကြောင်း ရောက် ၊ တောင်ရောက် မြောက်ရောက် ။


“ ဆရာ ကျွန်တော် အောင်လံ မှာ မြေပဲလုံးဆန် ရနိုင်မလားလို့ ” 


“ ဟာ သိပ်ရ ”


သူ က လုံးဆန် အောက်လိုင်းသမား ဗျ ။


သို့နှင့် ကျွန်တော် မောင်ချမ်းသာ လည်း အဝယ်တော် ဖြစ်မှန်း မသိ ဖြစ် ။ ကောင်းပေ့ ညွန့်ပေ့ ဆိုသော မြေပဲဆန် ( စက်ခွဲ ) များ ဝယ်ပို့ပေး ။ သူ က ငွေ ပို့ပေး ။ 


အကျိုးအမြတ် က ဒါလောက် မဟုတ်ပါဘူး ။ အားနာတာ နဲ့ ပဲ ။ 


ဟုတ်ပြီ ဟုတ်နေပြီ ။ သွားလမ်း ၊ လာလမ်း ဖြောင့်နေပြီ ။


ကျွန်တော့် မှာ မြေပဲဆားလှော်လုပ်ငန်း ၊ စာရေးတဲ့ လုပ်ငန်း အပြင် နောက်ထပ် အလုပ် တစ်ခု တိုးလာ ။ 


အလုပ် တိုးလာတာ က အရေး မကြီးဘူးဗျာ့ ၊ ကျွန်တော့် ငွေ နဲ့ စိုက် စိုက် ဝယ် နေရတာက တစ်ဒုက္ခဗျာ ။


“ ဟေ ရိုးမဘဏ် ကလား ၊ မောင်ချမ်းသာ နာမည် နဲ့ မော်လမြိုင် က ငွေလွှဲ ရောက်ပြီလားဟင် ” 


“ မရောက်သေးဘူး ဘဘ ” 


နောက်တစ်ရက် ။ 


နောက်တစ်ရက် ထပ်စောင့် ။ 


ငွေလွှဲ ဝင်မလား ။ 


ဝင်မလား ။


လူ လည်း မလာ ၊ ငွေ လည်း မရောက် ။


အင်း ခက်သားပါလား ။ 


တစ်လ ကြာသွားပါ၏ ။ 


သုံးလ ကြာသွားပါ၏ ။ 


ကျွန်တော် မောင်ချမ်းသာ အဘိုးကြီး က မော်လမြိုင် သို့ အဘယ်မှာ လျှင် လိုက်နိုင်ပါမည်နည်း ။


•••••   •••••   •••••


“ ဟယ် သားတို့ ရောက်လာကြပြီ ”


ပြည်မြို့ မှ သား အငယ်ကောင် မောင်ရဲလေး နှင့် ချွေးမတော် အိမွန်တို့ မော်တော်ဆိုင်ကယ် ပေါက်ချလာ ။


“ ဒါက မာမီ ဖို့ ” 


“ ဒါက ဒက်ဒီ ဖို့ ”


သား နဲ့ ချွေးမ က ပါလာတဲ့ လက်ဆောင်တွေ ထုတ် ချပြ ။ 


ခပ်လန့်လန့် ။


ဒီကောင်တွေ ဘာများ ပူဆာဦးမည် မသိသေး ။


သားအမိ ၊ သားအဖ စကားတွေ ပြောကြ ။


ဤသို့နှင့် ညနေ စောင်းလာ၏ ။ ပြန်ဖို့ ပြင် နေကြပြီ ၊ ဆိုင်ကယ် စက်နှိုး နေပြီ ။


တော် ပါသေးဗျာ ၊ ဘာမှ တောင်းဆို မသွားလို့ မာမီ ဒယ်ဒီ ကို လက်ပြ နှုတ်ဆက် ။


“ အဖေ့ လာမယ့် ဗုဒ္ဓဟူးနေ့ က သား မွေးနေ့လေ ”


ဟေ ။


 ▢ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်

      ၆ ဇန်နဝါရီ ၊ ၂၀၀၆

No comments:

Post a Comment