Saturday, April 5, 2025

ပဲခူး မြေငလျင်ကြီး


 

❝ ပဲခူး မြေငလျင်ကြီး ❞
       ( ရွှေဥဒေါင်း )

ကျွန်ုပ်တို့ သည် ပဲခူးမြို့ သို့ မတ်လ ၄ ရက် နေ့ တွင် ပြောင်းရွှေ့လာကြ၍ မေလ ၅ ရက် နေ့ တွင် မြန်မာပြည် ၌ အကြီးဆုံး ငလျင်ကြီး ဟု အသိအမှတ် ပြုကြရသည့် ပဲခူးငလျင်ကြီး လှုပ်ခြင်း ကို ကြုံရ၏ ။ မန်ကျည်းတုံရွာ မှ ဆွေမျိုးများ နှင့် မိခင် သည် ကျွန်ုပ် ရှိနေသော ပဲခူးမြို့ သို့ လာရောက်ကြ၍ ဘုရားပုထိုး ဖူးမြော်ပြီး နောက် ဆွေမျိုးများ ပြန်သွားကြ သော်လည်း မိခင် မှာ ကျွန်ုပ်တို့ နှင့် အတူ နေရစ်သေးသည် ဖြစ်၍ ဆွေမျိုးများ က “ အမေကြီး ” ကား သေချင်၍ ချန်နေရစ်ခဲသည် ဟု နောင်တွင် ပြောကြသေးသည် ။ ထို ညဉ့် ၌ မိခင် နှင့် မစိုး တို့ သည် လမ်းလျှောက် ထွက်သွားရာ မှ ပြန်ရောက် လာကြ၍ အိမ်ရှေ့တွင် ထိုင် နေကြစဉ် ကျွန်ုပ် မှာ တနေ့လုံး အလွန် ပူလောင်ခဲ့ရာ မှ အလွန် အိုက်သော ည ဖြစ်လာသည် နှင့် မှန်အိမ် ကို ဆွဲလျက် ရေချိုးခန်း ထဲ သို့ ရေချိုးရန် ဝင်သွား၏ ။ မှန်အိမ် ကို သံချောင်း တွင် ချိတ်၍ ရေခွက် ကို လှမ်း ကိုင် လိုက်သည်နှင့် တပြိုင်နက် သံချောင်း တွင် ချိတ်ထားသည့် မှန်အိမ် မှာ ယိမ်းထိုး လာ၍ ကျွန်ုပ် ကိုယ်တိုင် လည်း မိုက်ကနဲ ဖြစ်သွားသည် ထင်လိုက်၏ ။ ဤ အတောအတွင်း တအိမ်လုံး မှာ ဂျိုးဂျိုးဂျုံးဂျုံး မြည်လျက် အိမ် အပေါ် ထက်၌ နေသော ကု,လားမဆရာကတော် ၏ အလန့်တကြား အော်ဟစ်သော အသံကို ကြားလိုက်ရ၏ ။ ထိုအခါတွင် ကျွန်ုပ် မှာ မြေငလျင် လှုပ်ခြင်းဖြစ်သည် ဟု ရုတ်တရက် မတွေးမိသေးပဲ ထူးဆန်းလှပါတကား ဟု သာ အောက်မေ့၍ အိမ်ရှေ့ သို့ ကတိုက်ကရိုက် ထွက်လာရာ အိမ်သူအိမ်သားများ လည်း ပြူးတူးပျာတာ ဖြစ်နေကြသည် ကို တွေ့ရ၏ ။ ကျွန်ုပ်တို့ နေအိမ် ၌ မိခင် နှင့် ဇနီး အပြင် ယောက်ဖ အောင်မြ နှင့် တပည့် မောင်စံလှိုင် တို့ ရှိကြလေသည် ။

“ ငလျင် လှုပ်တာဟဲ့ ငလျင် ငလျင် ” ဟူသော အသံများ သည် တရပ်လုံး ဆူညံလျက် ရှိရာ အိမ်ရှေ့ သို့ ကျွန်ုပ် ထွက်လာသော အခါ၌ ဇနီး သည် မိခင် ကို ဆွဲလျက် အိမ်ရှေ့ လှေကား မှ ဆင်းနေကြလေပြီ ။ ယောက်ဖကလေး က မူကား ဝရန်တာ ကို ခွလျက် ကြောင်တောင်ကြီး ငေးကြည့်နေရာ “ ဟဲ့ ကောင်လေး ဆင်းလေ ” ဟု ကျွန်ုပ် က ပြောလိုက်မှ အိမ်ရှေ့ဘက် သို့ ဖုတ်ကနဲ ခုန်ချလိုက်သည် ။ မိခင် နှင့် ဇနီး မှာ အိမ်ရှေ့သို့ ရောက်နေကြပြီ ဖြစ်၍ ကျွန်ုပ် သည် လှေကား မှ ဆင်းပြေး ရာ လှေကား မှာ သုံးထစ် မျှ သာ ရှိသော်လည်း ချောမောစွာ မဆင်းနိုင်ပဲ အလယ်ထစ် သို့ ရောက်သည်နှင့် တပြိုင်နက် ‘ ဟပ်ထိုး ’ ကြီး လွင့်သွား၍ အိမ်ရှေ့ တွင် လေးဘက် ထောက်လျက်သား ပုံလဲ နေတော့သည် ။ ထိုအချိန်၌ မူ မည်သူ့ ကို မျှ သတိ မရနိုင်တော့ပဲ ထို နေရာသည် အိမ်ဥပစာ အတွင်း ရှိသေး၍ မတော်တဆ အိမ် ပြိုခဲ့လျှင် ပိနိုင်သည် ဟူ၍ သာ သတိရသည် နှင့် လမ်း ပေါ်သို့ ဝမ်းလျားထိုး တွားသွားရတော့သည် ။ မြေကြီး ပေါ်၌ မတ်တတ် လျှောက်သွားရန် မူကား လုံးဝ မဖြစ်တော့ချေ ။

လမ်းပေါ်သို့ ရောက်၍ တောင်မျက်နှာ သို့ လှည့်ကာ လေးဘက်ထောက် လျက် ငေးကြည့် နေစဉ် ကောင်းကင်ယံ တခုလုံး မည်းမှောင်၍ မြူမှုန်များ လွင့်တက် နေသလို မြင်ရ၏ ။

ထိုအခါ၌ ကျွန်ုပ် အဖို့ မှာ မြေကြီး ပေါ်တွင် လေးဘက်ထောက် နေရန် ပင် မဖြစ်နိုင်တော့ပဲ ယိုင်လဲမည် စိုးသည် နှင့် ဝမ်းဗိုက် ကို မြေသို့ ကပ်၍ အလျား မှောက် နေလိုက်ရတော့သည် ။ တောင်မျက်နှာ ၌ ကား မြူမှုန်များ သည် မှောင်ကြီး မည်းမည်း ထဲ၌ အလိပ်လိပ် တက် နေကြ၍ မြေမျက်နှာပြင်သည် လည်း လေထန်သော ရေပြင် သဖွယ် လှိုင်းကြီးများ တအိအိ ထကြွလျက် ရှိတော့သည် ။ မျက်နှာ နှင့်မြေကြီး နီးကပ်စွာ ရှိနေသောကြောင့်ပေလော မဆိုနိုင် ၊ မြေပြင် သည် ရေပြင်ပမာ လှိုင်းထ နေသည် ကို မြင်ရခြင်းကား အမှန် ဖြစ်တော့သည် ။ ထိုအချိန်ကာလ၌ ရင် ထဲ တွင် စိတ်အား ငယ်လိုက်ပုံကား ပြောဖွယ်ရာ မရှိတော့ချေ ။ အားငယ်ခြင်း သည် ဦးနှောက် ထဲ မှ မဟုတ် ၊ ရင်ပတ် ထဲ ၌ ဖြစ်သည် ဟု ကျွန်ုပ် အမှန် ပြောနိုင်၏ ။ အားမငယ်ပဲ နေချေမည်လော ။ သတ္တဝါ သည် မြေကြီး ကို အခိုင်အမာ ထား၍ အခါခပ်သိမ်း အားကိုး အားထား ပြုနေရသည် ဖြစ်ရာ မိမိ က အခိုင်အမာ ထားသော မြေကြီး ကိုယ်တိုင် က ဤကဲ့သို့ အပြင်းအထန် လှုပ်ခါနေခြင်း ကို လက်တွေ့ ခံစားရသော အခါ၌ အားကိုးရာမဲ့ ဖြစ်၍ အသည်းနှလုံး နှင့် အူထဲ မကျန် လွှတ်ကန်ပြီး အားငယ်မိသည် မှာ အထူးအဆန်း မဟုတ်ချေ ။

ကျွန်ုပ် သည် မြေကြီး နှင့် ဝမ်းဗိုက် ကပ်လျက် အလျားမှောက် ကာ မြေကြီးလှိုင်းများ ထကြွ နေခြင်း ကို ကြည့်နေစဉ် ကမ္ဘာပျက်သည် ဆိုခြင်း မှာ ဤ အခြင်းအရာပင် ဖြစ်သည် ဟု စဉ်းစားမိသည် ။ သို့သော် ထိတ်လန့်တုန်လှုပ်သည် ဟူ၍ကား မဆိုနိုင် ၊ စိတ်အား ငယ်ခြင်းကြီး မက ငယ်လှ၍ အူတူတူ ယောင်ချာချာ ဖြစ်နေသည် ဟူ၍ သာ ဆိုချင်ပေသည် ။ ထို အခိုက်အတန့် ၌ အတိတ် အနာဂတ် ကို လည်းကောင်း ၊ မည်သူမည်ဝါ ကို လည်းကောင်း ဘာကိုမျှ သတိ မရ ၊ ကမ္ဘာ ပျက်ခြင်း ဖြစ်သည် ဟူသော အမှတ်သညာ တခု သာလျှင် စွဲကပ်လျက် ရှိပါတော့သည် ။

လမ်း ပေါ်၌ မှောက် နေရသော အချိန်ကာလ အပိုင်းအခြား မှာ မည်မျှလောက် ကြာရှည်သည် မပြောတတ် ၊ ကျွန်ုပ် ၏ စိတ်ထဲ ၌ကား နာရီဝက် ထက် မနည်း ရှိလိမ့်မည် ထင်မိသည် ။

လှုပ်ရှားခါစ ၌ လူသံများ ဆူညံ သော်လည်း အပြင်းအထန် လှုပ်ရှားခိုက် တွင် ဝေးလံသော အရပ် မှ တဝီဝီ မြည်သော အသံများ မှ တပါး အနီးအပါး တွင် တိတ်ဆိတ်လျက် ရှိ၏ ။ ထို့နောက် ငလျင် ရပ်စဲခြင်း နှင့် အတူ ဘယ်သူရေ ၊ ဘယ်ဝါရေ စသော အသံများ လည်း ပေါ်ထွက်လာပေရာ ကျွန်ုပ် သည် အလျား မှောက် ရာမှ ထ၍ အိမ်သူအိမ်သား အခြေအနေ ကို စစ်ဆေးတော့သည် ။ တစုံတရာ အထိအခိုက် အပျက်အစီး မရှိခြင်း ကို သိရသည် နှင့် တပြိုင်နက် ကျွန်ုပ် သည် ယောက်ဖကလေး ကို အိမ်စောင့်ရန် ထားခဲ့၍ မောင်စံလှိုင် နှင့် အတူ မြို့ ကို လှည့်လည် ကြည့်ရှုကြလေသည် ။

ဈေးကြီး ဘက် မှ မီး အကြီးအကျယ် လောင်လျက် ရှိသော်လည်း ကျွန်ုပ်တို့ ၏ နေအိမ် မှာ ချောင်း တခုလုံး ခြားနေသည် နှင့် စိတ်ချရသည် ဆိုကာ မြို့ထဲ သို့ အနှံ့အပြား လှည့်လည်ကြသည် ။ မီး နှင့် နီးကပ်သောအိမ်များ တွင် ပစ္စည်းများ သိမ်းကြ ရွှေ့ကြသော အသံများ၏ ဆူညံခြင်း ထက် နှလုံး မသာမယာဖွယ်သော အသံများ ပေါ်ထွက်လာသည် မှာ ကား တိုက် ပြို၍ ပိပြားသေဆုံးကြရသော နေရာများ မှ ကျန်ရစ်သူ ဒုက္ခသည်များ ၏ ငိုကြွေး မြည်တမ်းကြသော အသံများ ပင် ဖြစ်သည် ။ ထို အသံများ မှာ ကျွန်ုပ် တို့ ရောက်လေရာ နေရာ အနှံ့ အပြား ၌ ကြားရ၍ လူစုစု မြင်တိုင်း ဝင် ကြည့်ရာတွင် အချို့မှာ ဖော်ထုတ်ပြီးခါစ အလောင်းများ ကို လည်းကောင်း ၊ အချို့မှာ ဖော်တုန်းဖော်ဆဲ ရှိနေကြခြင်း ကို လည်းကောင်း ၊ အချို့မှာ ဖော်ထုတ်ရန်ပင် မတတ်နိုင်သေးပဲ လက်မှိုင်ချကာ ဟစ်အော် တမ်းတနေခြင်း ကို လည်းကောင်း တွေ့ကြရသည် ။ ကျွန်ုပ် ၏ တသက်တာ တွင် ဤမျှလောက် ဒုက္ခ မီးပူလောင်ခြင်း အမြောက်အမြား ကို စုပြုံ မြင်ရသည့် အချိန် တနာရီ ဆို၍ မကြုံခဲ့ရဘူးအောင် ရှိပါတော့သည် ။

နေအိမ် သို့ ပြန်ရောက်၍ အိမ်နီးနားချင်းများ နှင့် စကားပြော နေကြ သဖြင့် သန်းခေါင်ကျော် မှ အိပ်ရာ သို့ ဝင်ကြရ သော်လည်း အိပ်ရေး ဝအောင် အိပ်ရ တော့မည် မဟုတ်ချေ ။ တနာရီခန့် မျှ အိပ်ရသေးသည် မထင်မီ “ ဆရာတို့ ထကြလေ ၊ မီးတွေ လောင်ကုန်ပြီ ” ဟု တစုံတယောက် က အိမ်ရှေ့ မှ နှိုးပြောသည် နှင့် ကတိုက်ကရိုက် ထ ကြည့်လိုက်ရာ တွင် ကျွန်ုပ်တို့ ၏ အိမ် နှင့် ကိုက် ၁ဝဝ ခန့် သာ ဝေးသော သုံးထပ်တိုက်ကြီး အမိုး ပေါ် မှ မီးခိုးများ အူထွက် နေသည် ကို မြင်ရတော့သည် ။ ယမန်ည က စိတ် ပင်ပန်းရုံ သာ ရှိ၍ လူ မမောရ သော်လည်း ယခု မှာ အိမ်ချင်း နီးကပ်သော မီး ဖြစ်၍ ပစ္စည်းများ သယ်ထုတ် ရသည် နှင့် တအိမ်သားလုံး ဖတ်ဖတ်မော ကြရသည် ။ ပစ္စည်းများ ကို အိမ် မြောက်ဘက် ရှိ မြောင်းကြီးတံတားဦး တွင် စုပုံ ထားရာ တရပ်လုံး မှာ လည်း ဤ ပတ်ဝန်းကျင် တဝိုက်၌ ပင် ပစ္စည်းတွေ စုပုံ၍ စောင့်နေကြရ သဖြင့် ရွာကလေး သဖွယ် ဖြစ်နေတော့သည် ။ မီး မှာ တိုက်ကြီး ကို ကျွမ်းအောင် မလောင်ရမီ ငြိမ်းသတ်နိုင် ကြ သော်လည်း ပဲခူး တမြို့လုံး မှာ မီး အတွက်ကြောင့် စိုးရိမ် ပူပန်လျက်ရှိ ကြသည် နှင့် ကျွန်ုပ်တို့ အရပ်သူ အရပ်သားများ သည် ပစ္စည်းများ ကို အိမ် ထဲသို့ တဖန် သယ်ယူ သွတ်သွင်းခြင်း မပြုတော့ပဲ တံတားဦး ၌ ပင် သူ့ အစု ကိုယ့် အစု ဖွဲ့စည်းကာ နှစ်ရက်သုံးရက် နေကြသေးသည် ။ တိုက်ပိ သေဆုံးသူများ ၊ အိမ် ကို မီးလောင်သူများသည် ကိုယ့် အပူ နှင့်ကိုယ် ဒုက္ခ ရောက်ကြ သော်လည်း ကျွန်ုပ်တို့ လူစုမူ ကား တံတားဦး တွင် ချက်ပြုတ် စားသောက်ကြရသည် မှာ ဘုရားပွဲ ကဲ့သို့ ရှိ၍ ပျော်သည် ဟူ၍ပင် မှတ်ထင်မိသည် ။ အချို့ လူများသည် ဒုက္ခ တခု တွေ့ရသည် မှာ အအိပ်အနေ အစားအသောက် ဆင်းရဲသည် ဆို၍ စိတ်ညစ်ညူးတတ်ကြပေရာ ကျွန်ုပ် ၏ ဝါသနာ တခု ကား အပြောင်းအလဲ ဆိုလျှင် ( အဆိုး ဘက် သို့ ပြောင်းလဲရခြင်း ပင် ဖြစ်စေကာမူ ) ပျော်သလို ရှိတော့သည် ။ ထို့ကြောင့် လည်း စစ်ကြီး အတွင်း ၌ အချို့ လူများ ညည်းတွားကြ သလောက် ကျွန်ုပ် အဖို့မှာ မဆင်းရဲလှချေ ။

◾ရွှေဥဒေါင်း
📖 တစ်သက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ - မှ

No comments:

Post a Comment