Friday, April 25, 2025

လန်းဖိုင်စာသိုက် ( ၀၆ )


 

❝ ဝက်ချေးကျုံးတဲ့ နေ့ ❞

ကျွန်တော့် ဘဝ ရဲ့ အလှည့်အပြောင်း က ဝက်ချေးကျုံး ရင်း စခဲ့ပါပြီ ။ ဝက်ရုံ မှာ ကျွန်တော် ရယ် ၊ ဆေးလာ ထိုးတဲ့ ဆရာဝန် ရယ် ၊ ကြာအင်းဆိပ်ကြီးရွာ က အဒေါ်ကြီး တစ်ဦး ရယ် ၊ သံပရာရွာ က ဘုတ်ဆုံ ရယ် ၊ လေးယောက် တာဝန် ကျပါတယ် ။ ဆရာဝန် က တစ်နေ့ ကို နှစ်ကြိမ် လောက် သာ လာပြီး အဒေါ်ကြီး က လည်း ဝက်မ သားစပ်ရုံ နဲ့ တွဲဖက် လုပ်ရတာမို့ ကျွန်တော် နဲ့ ဘုတ်ဆုံ နှစ်ယောက်တည်း လုပ်ရတာများ ပါသည် ။

မနက် ခြောက်နာရီ မှာ အလုပ် ဝင်ရသည် ။ ဇီးကျ ပြီးခါက ဝက်မကြီး တွေကို အရင် သန့်ရှင်းရေး လုပ် ၊ ဝက်ပေါက်စ အသေအပျောက် ရှာ ၊ ကောက်ရိုးအခင်း လဲပေး ၊ သောက်ရေဖြည့် နဲ့ မနက် ရှစ်နာရီ ထိုးသွားပါ တယ် ။ မိကျောင်းကန် နား မှာ ကောက်ရိုး သွား တိုက် ပြီးရင် ကျွန်တော် နားလို့ ရပြီ ။

ဘုတ်ဆုံ က တော်တော် လေသံမာသည် ။ အသက် က ကျွန်တော့် ထက် နှစ်နှစ်လောက် ငယ်ပေမယ့် လေသံက ဆရာမကြီး လေသံ ။ ခေါ်တာကို က ' ကိုရန်ကုန် ' တဲ့ ။ ဘာများ နာကြည်းချက် ရှိသလဲ တော့ မသိပါ ။ အော်လိုက် ငေါက်လိုက် ခိုင်းလိုက်တာ ပြော မနေပါနဲ့ တော့ ။ နားရင်း တောင် အုပ်လိုက်ချင်သည် ။ အဒေါ်ကြီး ချိုသာ သလောက် ဘုတ်ဆုံ က သိပ်ငေါက်လွန်းသည် ။ အလုပ်ချိန် ပြီးလို့ အပြင်မှာ တွေ့ ရင်လည်း မျက်နှာ က ဘာ တင်းသလဲမမေးပါနှင့် ။ ဒီ ဝက်ရုံ ဟာ သူ့ ဝက်ရုံ အပိုင်များလား ဟု ထင်ချင်စရာ ။ ရုပ်လေး က လှပါသည် ။ ကရင် နည်းနည်း စပ်တာ မို့ အသားအရေ လည်း မခေလှပါ ။ သူ့ မှာ ရည်းစားရှိတယ် လို့ လည်း ပြောသည် ။ အခုတော့ ဘန်ကောက် မှာ အလုပ် သွား လုပ်နေ၏ ။ ဘုတ်ဆုံ ရဲ့ ဦးလေး နဲ့ အဒေါ် က သူဌေးလူယုံတွေ။ ဒီမှာ လုပ် နေတာ ခြောက်နှစ် လောက်ရှိပြီ ။ သဘော လည်း ကောင်းပါသည် ။ ကျွန်တော့် ကို ဝက်ရုံ မှာ သွင်းပေးတာလည်း သူတို့ ပင် ။ ညနေ ဘက် ဆို ဘောလီဘော ကစားကြသည် ။

သူဌေးခြံကြီး နည်းနည်းနောနော မဟုတ် ။ ဝက်ရုံချည်း အရှေ့ ခြံရော အနောက် ခြံရော ပေါင်းရင် ဆယ့်ငါးရုံ ရှိသည် ။ ဝက်သားပေါက် မွေးသည် က ကျွန်တော် လုပ်တဲ့ ရုံ တစ်ရုံတည်း မှာ ဖြစ်သည် ။ ကျန်သည့် ရုံတွေ က သားစပ်ရုံ ၊ အသားဝက်မွေးရုံ ၊ ဇီးဝက်မွေးရုံ ၊ မျိုးဝက်မွေးရုံ ၊ ဝက်သိုးရုံ ဆိုပြီး ခွဲထားသည် ။ ခြံ ထဲမှာ ငါးကန်တွေ လည်း အပြည့် ။ ခွေး လည်း မွေးသည် ။ မိကျောင်း လည်း မွေးသည် ။ သရက်ခြံ နဲ့ ငှက်ပျောခြံ လည်း ရှိသည် ။ တော်တော် ချမ်းသာပါသည် ။

ကျွန်တော့် ကို တစ်လ ထောင့်နှစ်ရာ ၊ စားစရိတ်ငြိမ်း ပေးထား၏ ။ ထမင်း တစ်နေ့ ကို သုံးနပ် ကျွေး၏ ။ ဖွယ်ဖွယ်ရာရာ ကျွေးခြင်းဖြစ်သည် ။ တစ်ခြံ လုံး မှာ သူဌေး ဆီ ထမင်း မစားတာ ဆိုလို့ ဆရာဝန်အဖွဲ့ နှင့် ကျွန်တော် ပဲ ရှိသည် ။ ပန်းကန် က အိန္ဒိယကု,လားတွေ စားတဲ့ ပန်းကန်မျိုး ။ ထမင်း အတွက် နေရာ ၊ ဟင်း အတွက် နေရာ တွဲ ပြီး ပါလာသည် ။ ထမင်းချက် ကလည်း ယိုးဒယားသူ ဖြစ်၏ ။ ဟင်း က ထိုင်းလက်ရာပါ ။ ကျွန်တော် က သေပြေး ရှင်ပြေး ပြေးလာသူ ဆိုတော့ စားရသမျှ အမြတ် ပင် ။ တကယ်လို့ မြန်မာတွေ နှင့် သွားစားရင် ရသည် ။ ထမင်းဖိုး ငါးရာ ရမည် ။ ဘာလုပ်မှာ လဲ ။ ထမင်း စားပြီး ပန်းကန်လေး ဆေးပေးရုံနဲ့ တစ်လ ဘတ်ငါးရာ ဖြတ်တာ တန်ပါသည် ။ ကျွန်တော့် အတွက် ဟန်ကျပါသည် ။

ဟန်မကျတာ က မယ်ဘုတ်ဆုံ ပါ ။ နည်းနည်းမှ ကို အအား မပေးပါ ။ မနက် ခြောက်နာရီက နေ ရှစ်နာရီခွဲ ၊ ကိုးနာရီခွဲ ကနေ ဆယ့်နှစ်နာရီ ။ နေ့လည် တစ်နာရီ ကနေ ညနေ ငါးနာရီ အထိ ၊ တစ်ခု ပြီး တစ်ခု ခိုင်းသည် ။ သူ့ ဦး လေး နဲ့ အဒေါ် ဝင် ငေါက်မှ ပဲ ရယ်ကျဲကျဲ နဲ့ ခိုင်းတာ လျှော့ပေး၏ ။

မိန်းကလေးတွေ ရဲ့ စိတ် ဟာ ဆန်းကြယ်မှန်း ကျွန်တော် ကြာတော့ သိလာသည် ။

သူ့ ရွာ က ရွယ်တူ သူငယ်ချင်းတွေ က ကွယ်ရာမှာ သူ နဲ့ ကျွန်တော့် ကို စ နေကြတာကိုး ။ မယ်မင်းကြီးမ က ဒါကို မကျေနပ်လို့ နင်းကန်ခို င်းတာ ကိုး ။ ဘုရားစူးရပါစေ့ရဲ့ ။ ကျွန်တော့် အတွေးမှာ ဘန်ကောက် သာ ရှိ၏ ။ သန့်စင် လာ ခေါ်မယ့် ရက် ကို စောင့်နေသည် ။ သူ နဲ့ မခွဲခင် ကျွန်တော် ဒီ ကို ရောက်အောင် လာခဲ့မယ် လို့ ပြောထားတာကိုး ။ ဒီမှာ နေရတာ ကို တော့ ပျော်ပါသည် ။ အားလုံး က ကျွန်တော့် ကို “ ကိုရန်ကုန် ”  “ မောင်ရန် ကုန် ” လို့ ပဲ ခေါ်ကြ ၏ ။ ဖော်ရွေ ကြပါသည် ။ ခက်တာက ခဏခဏ ပြေးဖို့ ပြင်ရတာကို ကျွန်တော် စိုးရိမ်သည် ။ အရင်ကလည်း ရဲ ဝင် ဖမ်းဖူးတာမို့ လန့်နေကြမြဲ ။ သူဌေး ကလည်း အားပေးပါတယ် ။ ရဲ လာရင် ခရာ မှုတ်မယ် ။ လွတ်အောင် ပြေးကြပါ တဲ့ ။ ခြံဝင်း အပြင် မှာ မိ ရင် နယ်စပ် အထိ သူ လာ စောင့်ပြီး ပြန်ခေါ်မယ်တဲ့ ။ ခြံ ထဲ မှာ မမိစေနဲ့ တဲ့ ။ ဘဲရီးဂွတ် ပဲ ။

သတင်းတွေ က လည်း အမြဲ ကြားနေ၏ ။ ဘယ်နေ့ က ဘယ်ခြံ ကို ဝင်ဖမ်းသည် ။ ဘယ်နှယောက် မိသွားသည် ။ ဘယ်သူတွေ လွတ်သည် ဆို တာတွေ ။ နဂိုက မှ ကျွန်တော့် အဖြစ်က မီးနေသည် မီးလန့် သလို ဖြစ်ရ တဲ့ အထဲ ။ ရဲဆိုရင် တီဗွီ ထဲ မှာ တောင် မကြည့်ချင်တော့ပါ ။ အဲဒီလောက် ထိ လန့်သည် ။

အလုပ် က တော့ အချိန် ရှည်တာက လွဲပြီး မပင်ပန်းလှ ။ မယ်ဘုတ်ဆုံ လည်း ကြာတော့ သဘောနည်းနည်း ပြောင်း လာသည် ။ ကျွန်တော် က ရန်ကုန်သား မို့ သူ့ ကို အသံတိတ် ဆန္ဒပြသည် ။ နေ့လည်နေ့ခင်း သရက်သီး လှီးပြီး ငံပြာရည် နဲ့ တို့ စားဖို့ ခေါ်ရင် မသွား ၊ လက်ဖက်သုပ် ခေါ် ကျွေးလည်း မစား ။ စနေနေ့ ညမှာ သူဌေးမ က မြို့ ထဲ သွားလျှင် အားလုံး ကို ခေါ်သည် ။ သူ ပါရင် ကျွန်တော် မလိုက် ။ နေ့လည်ဘက် နားချိန် မှာ ဝက်စာတွေ ကျွန်တော် ကြိုပြီး ချထားလိုက်သည် ။ ကြာတော့ သူ မခံနိုင် တော့ပါ။

“ ကိုရန်ကုန် ကျွန်မ ကို ဘာလို့ စကား မပြောတာလဲ ”

“  ... ”

“ ကျွန်မ မေးနေတယ်လေ ”

“ မင်းဟာ မင်း သိမှာ ပေါ့ ”

“ ဟား ဟား ကျွန်မ ဘာသိမှာ လဲ ”

“ မင်း ဘာလို့ ငါ့ ကို ကျွတ် ”

တကယ်တော့ ကျွန်တော် ရန် မဖြစ်တတ် ။ ကျွန်တော့် ကို ကြည့်ပြီး သူ အားရပါးရ ရယ်သူ။ ကောင်မလေး က တတ်လည်း တတ်နိုင်၏ ။ တော်တော်လေး ရယ်ပြီးတော့ မှ

“ ကျွန်မ ကို သူများ တွေ စလို့ ပါ ”

“ ဪ မင်း ရည်းစား အထင် လွဲမှာ စိုးလို့ ပေါ့လေ ”  

“ ဘာဆိုင်လို့ လဲ မဆီမဆိုင်တာတွေ ”

အဲဒီကနေ စပြီး သူ နဲ့ ကျွန်တော် အခေါ်အပြော ရှိလာကြသည် ။ အလုပ်ခိုင်းရင် နောက်က ‘ စမ်း ’ တို့ ‘ စမ်းပါ ’ တို့ အစား ‘ နော် ’ တို့ ‘ ပေးပါ ’ တို့ ဖြစ်လာသည် ။ သူ နဲ့ ရင်းနှီးလာတော့ ကျွန်တော် လည်း သန့်စင် ကို စောင့် နေတဲ့ အကြောင်းတွေ ၊ ဘန်ကောက် ထဲ သွားမယ့် အကြောင်းတွေ ပြော ပြ ဖြစ်၏ ။ အားပေးပါသည် ။ ဒီမှာ တစ်နှစ် လုပ်တဲ့ ဝင်ငွေ ဟာ ဘန်ကောက်မှာ သုံးလ နဲ့ ရှာလို့ ရတယ်။ နေတတ်ရင် ရဲ လည်း မကြောက်ရဘူး ။ သူ ဟာ ယောက်ျားလေး ဆို သွားမှ ပဲ တဲ့ ။

“ ကိုစော သွားတာ ကြာပြီလား ”  

“ သူ့အကြောင်း မမေးလို့ မရဘူးလား ”

“ ဘာဖြစ်လို့ လဲ မင်း ရည်းစားပဲဟာ ”

“ ကိုရန်ကုန် ဘာသိလို့ လဲ။ သူ က ပွေတယ် ၊ သူ့ အဒေါ် ကိုယ်တိုင် ပြောတာ ”

သူ့ အဒေါ် ဆိုတာ ကျွန်တော်တို့ ရုံ က အဒေါ်ကြီး ကို ပြောတာပါ ။

“ ကိုရန်ကုန် လည်း ဟို ရောက်ရင် ဒီကို မေ့မှာ ပဲနော် ”

“ ဒါပေါ့ဟ ”

“ ကောင်းတယ် ဘယ်တော့မှ ပြန်မလာနဲ့ ”

ဟွန်း ဟွန်း ဟွန်း ကောင်မလေးတွေ ဟာ ဒီလိုပဲ ။ သူတို့ ဘက် က လျှော့ပြီဆိုရင် ရစ်ဘီးကုန် လျှော့တော့သည် ။ ပြောလို့ ပြောတာ မဟုတ်ပါ ။ ဘုတ်ဆုံ က လှသည် ။ ဝဝကစ်ကစ် နဲ့ စွာလည်း စွာတော့ သူ့ ကို ' စ ' ရတာ စိတ် ထဲ စွဲနေ၏ ။

လစာထုတ် တော့ ကျွန်တော် ပိုပြီး စိတ်ဓာတ်ကျပါလေရော ။ စင်ကြယ်ဖိနပ် ရယ် ၊ ဂျင်းဂျာကင် ရယ် ၊ ဘောင်းဘီ ရယ် ဝယ်လိုက်တာ ဘတ်နှစ်ရာ တောင် မကျန်တော့ပါ ။ ကျွန်တော့် မှာ မဝယ်လို့ ကလည်း မဖြစ် ။ အပြင် သွားဖို့ တောင် အင်္ကျီ မရှိ ၊ နာရီတို့ ဘာတို့ ဝေးပါလေရော ။ ရန်ကုန် က ထွက်လာတာ လေးလ ကျော်ပြီ ။ ဘာမှ မရသေး ။ ရောက်နေတဲ့ ဘဝ က လည်း မရေရာလှ ။ အရက်တောင် သူများ တွေ အတင်း လာ ခေါ်မှ သောက်ဖြစ်သည် ။ ဆိုးတာက တစ်နေ့ ကို အဖမ်းအဆီး သတင်း ဆယ်ကြိမ်လောက် ကြားနေရတဲ့ အဖြစ် က အဆိုးဆုံးပါ ။ ကြားရတိုင်း လည်း အသံတုန်အောင် ကြောက်နေမိသည် ။ ကြာရင် လန့်ပြီး သေလိမ့်မည် ။

ဝက်ရုံ မှာ လည်း ဟာသလေးတွေ တွေ့လာသည် ။ လစာ ထုတ်ရက် တွေ မှာ သူဌေး က အရက်တွေ အမြည်း တွေ ဝယ်ဖို့ ပိုက်ဆံ ထုတ်ပေး တတ်ပါ၏ ။ အဲဒီလို သောက်ကြ စားကြတဲ့ အခါ အလှည့်ကျ သောက်ကြ  ၊ စားကြတာ တို့  ၊ က ရတာ တို့ လုပ်ရသည် ။ ကျွန်တော် လည်း ဒန့်တွေ ဘာတွေ မူးပြီး ကရသေးသည် ။ မက လို့ လည်း မရ ။ အဲဒီ လို မူးပြီး ပေါက်ကရတွေ လုပ်တာကို   နောက်နေ့ မနက် မှာ စားမြုံ့ပြန်ကြမြဲပင် ။ ကျွန်တော်တို့ ဝက်သမားတွေ ထဲမှာ ဟာသ ပြောတတ်တဲ့ သူက များသည် ။ ကိုအေးငြိမ်း ပြောသည့် ဟာသ က အထိရောက်ဆုံး ပင် ။

သူ လုပ်တဲ့ ဝက်ရုံ က ဇီးဝက်မတွေ ထားသည့် ရုံ ဖြစ်သည် ။ အသံတွေ ဘာတွေ က အစ ကျယ်ကျယ်လောင်လောင် မဖြစ်အောင် အထူး ဂရုစိုက်ရ ပါသည် ။ ညဘက် ဆိုလည်း ကောင်လေးတွေ စောင့်ပြီး အိပ်ရသည် ။ ကိုယ်ဝန် လွယ်ခါစ ဝက်မတွေများ တော့ ဇီးပျက်တာ များ လျှင် သူ့ မှာ တာဝန်ရှိ၏ ။ သူ့ မှာ သားဖြစ်သူ မောင်ဇော်ထွေး ရှိသည် ။ လူပျိုပေါက် အရွယ် ရောက်နေပြီ ။ သူ က ဝက်မ တစ်ကောင် ဇီးပျက်ပြီ ဆိုရင်

“ ဇော်ထွေး လက်ချက်ပဲ ၊ ငါ့ ထက် ကြမ်းတယ်။ မလုပ်ပါနဲ့ ဆိုတာ မရဘူး ”

ဘာညာ နဲ့ လုပ်ရင် ဆရာဝန်တွေ က အစ ရယ်မောပြီး ဘာမှ မပြော တော့ပေ ။

သူ နှင့် ကပ်လျက်ရုံ မှာ က ဝက်သိုးတွေ ထားသည် ။ အဲဒီ ရုံမှာ ဇာတ်ထုပ် ကြိုက်သည့် သူတွေ ရှိတာကြောင့် မကြာခဏ ဇာတ်ထုပ် ဖွင့်သည် ။ တောင်ပြုံးမင်းညီနောင် တို့ ကိုကြီးကျော် တို့ နားထောင် ချင် လျှင် နေ့လည် နေ့ခင်း အမြဲ ဖွင့်ပေး ထား၏ ။ ဗိုလ်အောင်ဒင်တို့ ဘာတို့ လည်း ဖွင့်တတ်ပါသည် ။

တစ်နေ့တော့ ဇာတ်ထုပ် တစ်ခွေ ရလာပါသည် ။ ကိုရင်မောင် မစာဥ ဇာတ်ထုပ် ဖြစ်၏ ။ အလွမ်းအငို များလွန်း လို့ လူတော်တော်များများ က လာ နားထောင်ကြပါသည် ။ ဇာတ်ထုပ် က လည်း တောတော် ကောင်းပါသည် ။ ငိုလိုက်တာ ဆိုတာ နားထောင်တဲ့ လူ တောင် ရင်ထဲ နင့်သွား၏ ။ အဲဒီ အချိန်မှာ ဆရာဝန်တွေ က ကိုအေးငြိမ်း ရုံ ထဲ မှာ ဇီးပျက်ကျတဲ့ ဝက်မ ကို စစ်ဆေးနေသည် ။ ကိုအေးငြိမ်း က ဒီဘက်က လူတွေ ဘက် လှည့် အော်ပါတော့သည် ။

“ ကက်ဆက် ပိတ်ထားကြဟေ့ မင်းတို့ ဇာတ်ထုပ်ကြောင့် ငါ့ ဝက်မတွေ မျက်ရည်ကျ နေတယ် ။ မင်းတို့ တရားခံ ဖြစ်သွားမယ် ” တဲ့

သူ့ အသံ ကြားတော့ အားလုံး ရယ်ပါလေရော ။ သူဌေး လည်း ရှိနေတော့ ပြန်ပြောတဲ့ သူတွေ စကား ကြား ပြီး ရယ်ပါတော့သည် ။

•••••   •••••   •••••

ကျွန်တော်တို့ ဝက်မွေးမြူရေးခြံ နဲ့ အနောက် ထဲ မှာ ရွာတစ်ရွာ ရှိသည် ။ ဆံပင်ညှပ်တာတို့ ၊ ဈေးဝယ်တာတို့ ၊ အရက်ဝယ်တာတို့ ဆိုရင် ရွာ ထဲ သွားရမြဲ ဖြစ်၏ ။ တစ်ခါတလေ အလှူတွေ ဘာတွေ ရှိရင် ပိတ်ကား ထောင် ရုပ်ရှင်ပြ၏။ သွား ကြည့်ကြသည် ။ ကျွန်တော့် ကို ဆံပင်ညှပ် ဖို့ တိုက်တွန်းတာ က ဝက်ရုံ က အဒေါ်ကြီး ပါ ။ ကျွန်တော် ဆံပင် မညှပ်တာ ကြာပြီ ။ ထောင် က ထွက်လာ ကတည်း က ဆိုတော့ သုံးလလောက် ရှိပြီ ။ ဆံပင်သန် တော့ ခြင်္သေ့ခေါင်း လို ဖြစ်နေသည် ။ ညှပ်ခ က ဈေး မကြီးပေ မယ့် ဘယ်လို ပြောရမလဲဆိုတာ ကျွန်တော် မပြော တတ်တာကြောင့် သွား မညှပ်ရဲပါ ။ အဒေါ်ကြီး က စာ ရေးပေးသည် ။ နှုတ်တိုက် လည်း ချပေး၏ ။

“ လုံစုန့်နန့် ”

တိုတိုရှင်းရှင်း ညှပ် ပေးလိမ့်လို့ ပြောပါသည် ။ ဟုတ်သည် တိုတိုရှင်းရှင်း ညှပ်ပေးသည် ။ ငါးဘတ် သာ ယူသည် ။ နားရွက်မွေး တွေ ၊ လည်ပင်းမွေး ၊ ပါးမွေး ပါ မကျန် မျက်နှာ က အမွေးနုတွေ ပါ ရိတ်ပေး၏ ။ နားရွက် မှာ အမွေးလေးတွေ ကို သင်တုန်းဓား နဲ့ ရိတ်ပေးတာမျိုး ဒီ တစ်ခါပဲ ကြုံဖူးသည် ။ တော်တော် ကျွမ်းကျင်တဲ့ အဘိုးကြီး ပင်။ စေတနာ လည်း ပါသည် ။

ပြောရရင် ကျွန်တော့် ရုပ် က နည်းနည်းတော့ သားနား သလို လို ရှိ၏ ။ သွားတက်ပါတာရယ် ၊ ရယ်လိုက် ရင် သွားအပြားကြီးတာရယ် ၊ မေးစေ့ ချွန်တာရယ် ၊ မျက်နှာ ချိုတာရယ် ပေါင်းလိုက်ရင် မဆိုးလှ ။ ကျွန်တော် ဖြောင့်တယ် ဆိုတာ ကျွန်တော့် ဟာ ကျွန်တော် သိနေ လောက်အောင် ဘဝင် မြင့်နေတော့ တော်ရုံတန်ရုံ လူတော တိုးဖို့ ဆိုရင် ရဲတင်း နေမိသည် ။ ဒါဟာ ဘာသဘောလဲ တော့ ကျွန်တော် မပြောတတ်ပါ ။

ဘုတ်ဆုံ ကို အနိုင်ယူ လာတာလည်း ဒီ အချက်တွေ ပါသည် ။ ပထမတုန်း က သူ က ချည်း ဟောက် နေမြဲ ။ တစ်လလောက် ကြာတော့ ကျွန်တော် က သူ့ သူငယ်ချင်းတွေ နဲ့ ဆိုရင် ရယ်ကာမောကာ ပြောသည် ။ ကူညီသည် ။ ပြောဟယ်ဆိုဟယ် ရှိသည် ။ သူ့ ဦးလေးတွေ က အစ ကျွန်တော့် ကို သဘောကောင်း လို့ ခင်ကြမြဲ ။ စကား ပြောရတာ ပွင့်လင်းလို့ ခင်ကြသည် ။ ဒါတွေ သူ ကြားပါလိမ့်မည်။ ‘ ကိုရန်ကုန် ' က သဘော ကောင်းတယ်ဆိုတာ တမင်လုပ် ယူတာ မဟုတ်ပါ ။ သူ လည်း ကြာတော့ တွေဝေ လာပုံရသည် ။ သူ့ ကို မှ ကျွန်တော် ဘာလို့ စကား မပြောတာလဲ ဆိုတာ စဉ်းစားပြီး သူ့ အလုပ်တွေ ငေါက်ငမ်း ခိုင်းတာ ကို ပြန် တွေးမိမှာပါ ။ အဲဒီလို ငေါက်ငမ်းခိုင်းတာ ကို သူ့ ဦး လေးတွေ က ဆူသည် ။ သူငယ်ချင်းတွေ ကလည်း တားသည် ။ မိုးမိုး သိရင် စိတ်မကောင်း ဖြစ်မယ်တဲ့ ။ မိုးမိုး က ဒီ ခြံမှာ လုပ်သက် ရင့်ပြီး ဘုတ်ဆုံ က မိုးမိုး တပည့် ဖြစ်ဖူး၏ ။ ကျေးဇူး မကင်းပါ ။ ပြီးတော့ ကျွန်တော် က သန့်စင် လာ ခေါ်ရင် သွားမယ့် လူ ။ တစ်ခဏ တွေ့ချိန်မှာ ဒုက္ခ ရောက်လို့ ဝင် မှီခိုတဲ့ သူ အပေါ် သူ ဒီလို ဆက်ဆံတာ လွန်သွားပြီလေ ။

ကျွန်တော် နဲ့ စစ်ပြေငြိမ်း ကြတော့ အလုပ် လုပ်ရတာ ပို ပျော်စရာ ကောင်းလာပါသည် ။ ခင်မင်ရင်းနှီး လာ ကြသည် ။ သန်းခေါင်စာရင်း ကိစ္စတွေ ပြောလာကြသည် ။ သူ့ မိဘအကြောင်းတွေ မောင်နှမ အကြောင်းတွေ ပြော ။ ကျွန်တော် လည်း ပြော ။ ပြောနေရင်းနဲ့ သူ က

“ ကိုရန်ကုန် ရည်းစား က ဘယ်သူလဲတဲ့ ”

ဘယ်ရမလဲဗျာ ရန်ကုန်သား ပဲ ဟာ ။

“ ငါ့ မှာ ရည်းစား ဘယ်လို ရှိမှာ လဲ ”

“ မယုံဘူး ရှိကို ရှိရမယ် ”

“ မင်း လိုများ အောက်မေ့ နေတာ ၊ ငါ လိုချင်တာ ငွေပဲ ” 

“ တကယ် ”

“ ငါ ငွေ ရှိမှ ဖြစ်မှာ ။ ကျန်တာ ငါ စိတ်မဝင်စားဘူး ”  

“ ကိုရန်ကုန် ရုပ် နဲ့ ရည်းစား မရှိတာ မယုံချင်စရာဘဲ ”

ကျွန်တော် ဆက် မပြောတော့ပါ ။ ဘာ ဖြီးစရာ လိုပါသလဲဗျာ ။ ဘယ် ရန်ကုန်သား က ရော ဒီ အခြေအနေမှာ ရည်းစား ကို ထုတ်ကြွားမှာ လဲ ။ ငတုံး ဖြစ်မှာ ပေါ့ ။ ဒီလို ကောင်မလေးတွေ ရှေ့မှာ ဘုရားစူး တို့ မိုးကြိုးပစ် တို့ ကျိန်တဲ့ လူ က အရူးသာ ဖြစ်မည် ။ မြို့သား ဖြစ်ရတဲ့ ဂုဏ်သတ္တိ အရ ကိုယ် က မရှိဘူး ဆိုရင် မရှိဘူး လို့ သူတို့ သတ်မှတ်မှာ သေချာသည် ။

သေချာတာ ထဲမှာ ဒီ ကရင်မလေး တွေဝေ နေတာလည်း သေချာမှုပင် ။

ဒါပေမဲ့ ကျွန်တော် စည်းထားပါသည် ။ ကိုစော ဆိုတဲ့ လူ ကို ကျွန်တော် မမြင်ဖူးပေမယ့် ဒီ ကရင်မလေး တော်တော် သံဃောဇဉ် ရှိတယ် ဆိုတာ ကြားထားပြီးသား ။ အချောင်သမား အဖြစ် မခံနိုင်ပါ ။ ကျွန်တော် ဒီ စိတ်ကူးရှိတာ မှန်သွားပါသည် ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကိုစော ပြန်ရောက်လာလို့ ပါ ။ သူ နဲ့ အတူ သန့်စင် သတင်း လည်း ကြားရ၏ ။ သန့်စင် နဲ့ သူ က သူဌေး တစ်ဦးတည်း တဲ့ ။ ကျွန်တော့် ကို လည်း မှာ လိုက်တယ်တဲ့ ။ သူ ဒီတစ်ခါ ပြန်ရင် ကျွန်တော် ရောက်နေတာ ပြောပြမယ် တဲ့ ။ သုံးရက် နေတော့ သူ ပြန်သွား၏ ။ ဘုတ်ဆုံ နဲ့ တော်တော် စကား များကြတာလည်း ကြားရသည် ။ သူ ပြန်သွားပြီးသည့် နောက်ပိုင်း ဘုတ်ဆုံ မျက်နှာ မကောင်းလှ ။ ဘုတ်ဆုံ တို့ ဦး လေးတွေ က သဘော မတူကြဘူး ဆိုတာ ကိုစော ကို ပြောခိုင်းတယ် ဆိုပဲ ။ ဘာတွေမှန်းတော့ သေသေချာချာ မသိပါ ။ ကျွန်တော် ကတော့ သန့်စင် ကို မှာ လိုက်သည် ။ လစာ ထုတ်ရက် နဲ့ မှန်းပြီး လာခဲ့ဖို့ အကြောင်း ။

ကျွန်တော် ဘန်ကောက် သွားတော့မယ် ဆိုတော့ ဘုတ်ဆုံ ရဲ့ ဦးလေး တွေ က တားကြသည် ။ သူတို့ နဲ့ သာ နေဖို့ နားချသည် ။

“ ဘန်ကောက် မှာ လစာ ကောင်းပေမယ့် စုမိဖို့ မလွယ်ဘူး ။ ဒီမှာ နေပါလား ” 

“ မင်း စဉ်းစားနော် မောင်ရန်ကုန် ။ ဒီမှာ က မိသားစုတွေ ချည်း ပဲ ”  

“ စုတတ်ရင် ဒီမှာ လည်း ရပါတယ်ဟယ် ”

ဒီ ခြံမှာ က ဘုတ်ဆုံ တို့ ဆွေမျိုးသားချင်းတွေ အများဆုံးပါ ။ လူ နှစ်ဆယ်လောက် တောင် ရှိလိမ့်မည် ။ အားလုံး သံပုရာရွာ က ချည်းပ င်။ ဝက် အစာ ချက်တဲ့ ရုံ ကနေ နောက်ဆုံး ဝက်ချေးခြောက်တွေ အိတ်သွတ်တဲ့ နေ ရာ အထိ သံပုရာရွာ က လူတွေ ရှိနေသည် ။ ဝက်အစာ ဆိုတာ ဖြစ်သလို လုပ်ထားတာ မဟုတ်ပါ ။ ဖွဲ ၊ ဆန်ကွဲ ၊ ပြောင်းဖူး ၊ အရိုးခြောက်မှုန့် ၊ အာဟာရဆေးဝါးတွေ နဲ့ စက်ကြီး ထဲ မှာ ရောမွှေ ထားတာကို ကျွေးခြင်း ဖြစ်သည် ။ ဝက်ပေါက်စ အစာ က သတ်သတ် ၊ ဝက်အကြီးတွေ အတွက် က သတ်သတ်လုပ်ရ၏ ။ ဝက်တွေ က မကြီးထွားဘဲ ဘယ် နေမလဲ ။ ဝက် တင် မကတော့ပါ ။ ဝက်ချေး ကို ကျုံးပြီး ငါးကန်ထွေ ထဲ သွား သွန်ရင်းနဲ့ ငါးတွေ ပါ ကြီးထွား နှုန်း တိုးသည် ။ ငါး အတွက် ပိုတဲ့ အခါ ဝက်ချေး ခြောက်တွေ ကို ဆာလာအိတ်ထဲ ထည့်ပြီး အပြင် မှာ ရောင်းလို့ ရ သေးသည် ။

ဝက်ရုံတွေ ဆိုတာလည်း ပေ ၅၀ ၊ ပေ တစ်ရာ ရှည်တဲ့ ရုံကြီးတွေ ၊ သေသေချာချာ ခိုင်ခိုင်ခံ့ခံ့ လုပ်ထားသည် ။ ဝက်ရုံ ထဲ ဝင်တော့မယ် ဆိုလျှင် ခြေထောက် ဆေးရ၏ ။ လယ်ယာသုံး ဖိနပ် အရှည်ကြီး တွေ စီးထားရသည် ။ အစိမ်းရောင်အင်္ကျီတွေ ထုတ်ပေးသည် ။ ဝက်အစာ နဲ့ ဝက်ချေးနဲ့ လုံးထွေး နေရတော့ ယူနီဖောင်း မရှိရင် မလွယ်လှပါ ။ ဒီ ဝက်ရုံ တွေရဲ့ ပန်းတိုင် က အသားစားဝက် များများ ထွက်ရေး သာ အဓိက ထားသည် ။ ကီလို ငါးဆယ်ကျော် လာသည့် ဝက်တွေ ကို ဝက်အသား ပေါ်တဲ့ ရုံ က လာ ဖမ်းသွားမြဲ ။ ကွန်တော် တို့ ဝက်ရုံ က ဝက်ပေါက်စ တွေ ကို တစ်လ ဆိုရင် သင်းကွပ်ပြီးသား ။ သိပ်မကြာခင် တခြား ရုံတွေ ပြောင်းသည် ။ ဝက်တွေ က မကြာခဏ မွေးနေတာကိုး ။ နို့ ခွဲပြီး သိပ် မကြာခင် ရုံပြောင်း ပေးလိုက်ရုံပင် ။ ပြီးလျှင် မော်တာ နဲ့ သန့်ရှင်းရေး လုပ်ရသည် ။ ပညာ တော့ ပါသည် ။ ပထမ ဝက်လှောင်အိမ် ကို ရေ နူးနေအောင် ထားလိုက်။ တစ်နာရီ လောက် ကြာတော့ မှ ဖိအား နဲ့ ထိုး ပက်လိုက်လျှင် ပြောင်ရှင်း သွားသည် ။ ဝက်ထီး ပေါက်စတွေ သင်းကွပ်တာ ကိုတော့ ဆရာဝန် လာ လုပ်ပေးပါ သည် ။ ဘုတ်ဆုံ က ပြောသေးသည် ။

“ ယောက်ျားတွေ အားလုံး သင်းကွပ် ပစ်ရင် ကောင်းမယ် ” တဲ့ ။

ကရင်မ ဆိုတော့ နှုတ် က လည်း ခပ်ရဲရဲ ၊ အဒေါ်ကြီး က သဘောတူသည် ။

“ ကိုရန်ကုန် သဘောကျလား ဆရာဝန် ကို ခိုင်းလိုက်မယ် ” 

“ သူ့ ဘဲ လာမှ လုပ်ခိုင်းလိုက် ။ ဆေးဖိုး ကျွန်တော် စိုက်မယ် ”

“ ဘာဆိုင်လို့ လဲ ဘာဆိုင်လို့ လဲ ”

ကရင်မလေး ထ အော်သည် ။

ကျွန်တော်တို့ ရုံ က ဝက်အသေအပျောက် ရှိတဲ့ အခါ ဝက်ချေး သွန်တဲ့ တွန်းလှည်း ထဲ ထည့်ပြီး မိကျောင်း ကန် ထဲ သွား ပစ်ချရပါသည် ။ နို့ခွဲပြီး တဲ့ ရုံ က သေရင်တော့ ချက်စားတာ များ သည် ။ စားလို့ ကောင်းပါသည် ။ သူဌေး ကလည်း ခွင့်ပြုသည် ။ အနာရောဂါ ဖြစ်လို့ သေရင်တော့ မစား ခိုင်းပါ ။ စစ်ဆေးပြီး မိကျောင်းစာ ဖြစ် သွားသည် ။ ဝက်သိုးတွေ ဇီးဝက်မကြီးတွေ သေရင်တော့ သူဌေး ရော ဆရာဝန် တွေ ပါ ပျာယာခတ် တော့သည် ။ ဆုံးရှုံးမှု ကြီးမားတာကိုး ။ ဝက်သိုးတွေ ကတော့ သေခဲ၏ ။ ဇီးဝက်မတွေ သေတာက ကလေး မမွေးနိုင်လို့ သေတာ များသည် ။ တစ်ခါ တလေ အထဲ နှိုက်ပြီး ဝက်ကလေး ဆွဲထုတ်ရတာ တောင် ရှိသည် ။ အဒေါ်ကြီး က အဲဒီ ကိစ္စကို ကျွမ်း သည် ။ ဘယ် ဝက်မ မွေးရင် ဘယ်နှကောင် မွေးတတ်တယ် ဆိုတာ သိတော့ အထဲ မှာ ကလေး ကျန်နေရင် ဆွဲထုတ်တာ မြန်သည် ။ ညကြီး အချိန်မတော် ဆိုရင်တော့ သူဌေး က သူ့ ဘာသာ လုပ် သွားသည် ။ ကျွန်တော် လုပ်တဲ့ ဝက်ရုံ က သူ့ အိမ်ရှေ့ တည့် တည့် မှာ ရှိ၏။ သားမွေးရုံ က အဓိက ကျတာကိုး ။ သူဌေး ကိုယ်တိုင် ဝင်တဲ့ ရုံ က ဒီ သားမွေးရုံ နဲ့ အသားဝက်မွေးတဲ့ ရုံ နှစ်ရုံတည်း ရှိသည် ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment