❝ ထိုအိပ်မက် ❞
( မင်းဏီ )
ကျွန်တော်တို့ အိမ်ထောင်စုကလေးတွင် လူသုံးယောက် ရှိသည် ။ ကျွန်တော်တို့ ဇနီးမောင်နှံ နှင့် လေးနှစ်သမီးကလေး တို့ ဖြစ်ကြသည် ။
ဤ သမီးကလေး မမွေးမီ ကတည်းက ကျွန်တော် အိမ်ခန်း ရနိုးနိုး လျှောက်လွှာများ တင်ခဲ့သည် ။ အစိုးရအိမ်ခန်း ကတော့ မရခဲ့ပါ ။ သမီး မွေးစက စပြီး တစ်နှစ် တစ်နေရာ လောက် နီးနီး ပြောင်းရွှေ့ စံမြန်း ခဲ့ကြရသည်မှာ ရန်ကင်းတိုက်ခန်း ၊ ကျိုက္ကဆံလမ်း မှ ယောက္ခမခြံ ၊ ကမာရွတ် မှ အခန်း တစ်ခု ၊ အင်းစိန်မြို့ ရှိ အခန်း တစ်ခန်း မှ သည် ယခု တောင်ဥက္ကလာ မှ အခန်းလေး တစ်ခု သို့ သာ ရောက်ခဲ့ပြီ ကျွန်တော့် မှာ နယ် က ပြောင်းလာရသော အမှုထမ်း တစ်ဦး အနေနှင့် လျှောက်လွှာ တင် ထားသော အခန်းကား မရသေး ။
တစ်ခါမက ၊ နှစ်ခါမက အခါခါ ဆိုသလို ကျွန်တော် အိပ်မက် မက်လေ့ ရှိသည်မှာ အိမ်ကျယ်ကြီး တွင် နေရလေ့ရှိသည် ဟူ၍ ဖြစ်ပါ သည် ။ တစ်ခါက မက်မိသော အိပ်မက် မှာ အိပ်နေရာ မှ နိုးလာသော အခါ တစ်ယောက်တည်း အသံထွက်အောင် ရယ်ရသေးတော့၏ ။
ကျွန်တော်တို့ ရောက်သည့် အိမ်ကြီးမှာ အလွန် ကြီးလှသည် ဖြစ်၏ ။ အိမ်ကြီး ကြီးသလောက် အခန်းတွေ က လည်း များလှ၏ ။ တစ်ခုသော အခန်း တွင် ကျွန်တော့် ဇနီး က ထမင်း ချက်နေ၏ ။ ကျွန်တော့် သမီးလေး ဝင်းမင်းမြတ် က သူ့ အမေ အနားမှာ ခြွေချထား သော ဟင်းရွက်အနွမ်းအရင့်များ ကို စဉ်းတီတုံးကလေး တစ်ခု ပေါ် တင်ပြီး ဇွန်းကလေး ကို ဓားလုပ်ကာ လှီးကစား နေ၏ ။
ကျွန်တော် က ဧရာမ စာအုပ်စင်ကြီး ဘေးမှာ ပက်လက်ကုလားထိုင်ကြီး တစ်လုံးတွင် ခြေပစ်လက်ပစ် ထိုင်ပြီး ဧရာမအင်္ဂလိပ်စာအုပ်ကြီး ကို ဖတ်နေ၏ ။ စာဖတ်ရသဖြင့် ညောင်းလာပြီး ကျွန်တော် က စာအုပ်ကြီး ကို ဘေးမှ စားပွဲပုပေါ် တင်လိုက်ပြီး မတ်တတ်ရပ်လိုက်၏ ။ အညောင်း အညာ ဆန့်ရင်း သူတို့ သားအမိ ချက်ပြုတ်နေသည့် အခန်း ကို ဝင်သွား ၏ ။ မီးဖိုပေါ်တွင် ဝက်သားနီချက်အတုံးကြီးများ ဖျစ်ဖျစ်မြည် နေ၏ ။ ဟင်းနံ့ ကလည်း မွှေးလှသည် ။ ထမင်းဆာချင်စိတ် လည်း ပေါက်လာ၏ ။
ကျွန်တော် က ..
“ ကျက်ရင် စားကြစို့ ”
ဟု ပြောသောအခါ ဇနီးဖြစ်သူ က ဟင်းအိုး ထဲသို့ ရေစွက်လိုက်ရင်း မှ ...
“ ဒီတစ်ရေခန်းတော့မှ စားတာပေါ့ ”
ဟု ပြောသဖြင့် သူတို့ အနားက ထွက်လာခဲ့၏ ။ ကျွန်တော် က
“ ခူးပြီးရင် ထမင်းစား မောင်းကလေး တီးလိုက်ကွာ ”
ဟု ပြောရာ ကျွန်တော့် ဇနီး က ခေါင်းညိတ်ပြ၏ ။ ကျွန်တော့် သမီးလေး က လျှာသွက် အာသွက်ဖြင့် ..
“ ဟုတ်ကဲ့... ဒက်ဒီ ”
ဟု ပြော၏ ။ ကျွန်တော် က ချစ်စနိုးဖြင့် သူ့ တင်ပါး ကို ခြေဖမိုး ဖြင့် ခတ်လိုက်၏ ။ သူ့ခမျာ လေးဖက်ထောက်ကလေး ကျသွားပြီး သူ့ လက်ထဲ မှ ဇွန်း ဖြင့် ကျွန်တော့် ခြေသလုံး ကို ရိုက် နေလိုက်၏ ။ ကျွန်တော် လည်း ရယ်ရင်းမောရင်း အခန်းပြင် သို့ ထွက်လာရာ နောက်တစ်ခန်း သို့ ကူးသွား၏ ။ ထိုမှ အခြား အခန်း တစ်ခု ရောက်သွား ၏ ။ ယင်းက နေပြီး နောက်တစ်ခန်း ၊ နောက်တစ်ခန်း ဖြင့် ဆက်ပြီး ဝင်လိုက် ... ထွက်လိုက် ၊ ထွက်လိုက် ... ဝင်လိုက်ဖြင့် လုပ်နေမိရာ က ထမင်းစား အချက်ပေးသည့် မောင်းသံကို ဆက်ကာဆက်ကာ ကြားသဖြင့် သူတို့ သားအမိ ဆီ ပြန်လာရာ ပြန်မရောက်နိုင်တော့ဘဲ အခန်းများ တစ်ခု ပြီး တစ်ခုသာ ဝင်လိုက် ထွက်လိုက် ၊ ထွက်လိုက် ဝင်လိုက် လုပ်ရင်းက စိတ်မောပြီး နိုးလာတော့၏ ။ ဤတွင် ဘယ်နှစ်ချက်မှန်း မသိ ၊ ခေါက်လိုက်သောနာရီသံချောင်းသံ အဆုံးကို နှစ်ချက် ဆက်၍ ကြားလိုက်ရ၏ ။
ထိုအခါမှ စိတ်အမောများ ပြေသွား၏ ။ သူတို့ သားအမိမှာ ကျွန်တော့် ဘေး၌ တစ်ဦး ကို တစ်ဦး ဖက်လျက် အိပ်မောကျ နေကြ၏ ။ စင်စစ် ကျွန်တော်တို့မှာ တောင်ဥက္ကလာ က အခန်းကျဉ်း တစ်ခုမှာ သုံးဦးသား ဖြစ်သလို နေကြရသည် ။ သည်အဖြစ် နှင့် အိပ်မက် ထဲ က အဖြစ် တို့ကို ယှဉ်ကြည့်မိပြီး ကျွန်တော့် မှာ အသံများ ထွက်အောင်ပင် ရယ်မိရ သေး၏ ။
ဟိုပြောင်းသည်ရွှေ့ နေရသည့် အဖြစ်ကား စင်စစ် ကသီလင်တ နိုင်လှ၏ ။ နေသားတကျ ကို မဖြစ်နိုင် ။ အမေ ပြောသလို ပြောရလျှင် ...
“ ခွေးနေရာ မရနိုင် ” ဆိုသလို ဖြစ်နေသည် ။
သို့သော် စာရေးဆရာ အနေဖြင့် ကား တွက်သား ကိုက်ပါသည် ။ ရပ်ကွက်စုံသဖြင့် လူတန်းစုံ တွေ့ ရသဖြင့် ဇာတ်လမ်းစုံ တွေ့ ရ၏ ။ တကယ်သာ စာရေးကြတော့မည် သာ ဆိုပါက .. “ ရေးစရာ ကုန်ကြမ်း ” များ တစ်ထမ်းတစ်ပိုးကြီး ရနိုင်ပါပေ၏ ။
သို့သော် ကုန်ကြမ်းများ ရတိုင်း စာ မရေးဖြစ်သည် က များပါ၏ ။ မိုးလင်းလာပြီး ဖင်လှုပ် ၊ ခေါင်းလှု ပ်နှင့် ရုံးတက်ရန် ဘတ်စ်ကား ဆီ ပြေးရ၏ ။ ရုံး ရောက်ပြီး ညနေ အိမ်ပြန်ရောက်ရန် ဘတ်စ်ကား ကို တိုးရ တွေ့ရ၏ ။
အိမ်ရောက်ပြီး မကြာပါ ၊ ညစာကလေး ဝါးမျိုပြီး ဇနီးသည် နှင့် ဟိုအရေး သည်အရေး ငွေရေး ၊ ကြေးရေး ၊ စားရေး ၊ သောက်ရေး စသည် ပြောပြီး အိပ်ရာ ဝင်ကြပြန်ပါသည် ။ သို့နှင့် နောက်တစ်နေ့ သံသရာ သာ လည်သွားပါသည် ။ စာရေးဖို့ကို ခရီးမဆိုက်နိုင် ။ ကြာတော့ စာရေးခြင်း ဆိုသည်မှာ ကျွန်တော့် အလုပ် မဟုတ်တော့ သလို ဖြစ်ပြီး ကျွန်တော့် အလုပ် မှာ ဘတ်စ်ကား တက်ခြင်း ၊ ဘတ်စ်ကား ဆင်းခြင်း တို့သာ ဖြစ်နေ ပါတော့သည် ။
ကျွန်တော့် ဇနီး ကတော့ အိမ်မှာ နေရသူမို့ ရပ်ကွက် အတွင်းမှ ယောက်ျားများ ၊ မိန်းမများ ကို ဘယ်သူ နှင့် ဘယ်သူ က ဇနီးမောင်နှံ တော်ကြသည်ဆိုခြင်းမျိုး ကို သိ၏ ။ သူ ပြောမှ ကျွန်တော်လည်း သိလိုက် ၏ ။ အိမ်ရှေ့မှာ ဆော့နေသော ကလေးများ ရှိကြ၏ ။ ဟိုကလေး နှင့် သည်ကလေး အမြွှာပူး ဆိုသည်ကို သိ၏ ။ ဟိုကလေး က ဟို ဇနီးမောင်နှံ တို့၏ သားသမီး စသည်တို့ ကိုလည်း သိ၏ ။ သူ ပြောမှ ကျွန်တော် လည်း လိုက်၍ သိလိုက်၏ ။
သူပြောသည့် အထဲတွင် တစ်ခါတစ်ရံ လင်မယားများ ရန်ဖြစ်သည့် အကြောင်းလည်း ပါ၏ ။ ရန်ဖြစ်သံများ ကို နားထောင်ပြီး ယောက်ျား ဖြစ်သူက ယခင် မယားကြီး ရှိကြောင်း ၊ သားသမီးများ လည်း ရှိကြောင်း ၊ ယောက်ျား ဖြစ်သူ က ကုန်စုံဆိုင် က အမျိုးသမီး နဲ့ ဘာလိုလို ဖြစ်နေ၍ ယခု မိန်းမ က စွပ်စွဲကြရာက ယခုလို ရန်ဖြစ် နေကြရကြောင်း စသည်ဖြင့် ရန်ဖြစ်ကြသည် အထဲမှ စကားများ ကို ကိုးကားပြီး ပြန်ပြောပြ၏ ။ ဤအခါများတွင် လည်း မအိပ်ချင်သေးက နားထောင်လို့ ရသော် လည်း အိပ်ချင်လာပြီ ဖြစ်သောအခါ ကျွန်တော့် မှာ မကြား တစ်ချက် ကြား တစ်ချက် နားထောင် နေရာမှ ကျွန်တော့် ဟောက်သံ ပေါ်လာသောအခါ သူ ပြောသော ဇာတ်လမ်းများ ကို သူ့ဟာ သူ ဘရိတ်အုပ် သွားရတော့သည် ။
သူ့ အမေ လိုပင် ကျွန်တော့် သမီး ကလည်း အပြော ကောင်းတတ်ပါသည် ။
“ ဒက်ဒီ ရယ် .. ၊ မိသေး ဆိုတာကလေ သူတို့မှာ မောင်နှမတွေ အများကြီးပဲ နေကြတာတဲ့ ၊ ထမင်းချက်တော့လည်း သူတို့ဟာ သူတို့ ချက်တာပဲတဲ့ ။ စားကျတော့လည်း သူတို့ဟာ သူတို့ စားကြတာပဲတဲ့ ။ သူတို့ အဖေ နဲ့ အမေ က မြို့ထဲမှာ နေတာတဲ့ ။ ည အိပ်ရင်လည်း သူတို့ ဟာ သူတို့ အိပ်ကြတာပဲတဲ့ ။ အဲဒါ မကြောက်ဘူးတဲ့ ... တော် ”
ဟု ပြောတတ်ပါသည် ။ စကား လည်း ပီပါသည် ။ တစ်နှစ်ပြည့် သည့်အခါက စပြီး စကား ပြောတတ်လာ သဖြင့် ယခု လေးနှစ်ပြည့်သည့် အခါမှာ ဆိုလျှင် လူကြီး ပြောသည့် လေသံများ အတုခိုး၍ ပြောတတ်နေပါသည် ။
တစ်ခါက ရုပ်ရှင်ဒါရိုက်တာ မောင်စိန်သော် က ..
“ မီးမီးစားဖို့ ”
မုန့်ထုပ်ကလေးများ နှင့် မြေပဲဆားလှော်များ ကျွန်တော့် ကို ပေး လိုက်ပါသည် ။ ကျွန်တော် က သမီး အားပေးရင်း ...
“ ဒါ ... ကိုစိန်သော်က ပေးလိုက်တာ ”
ဟု ပြောကာ သူ့ ကို ပေးပါသည် ။ သူ က လက်ကလေး နှစ်ဖက်ဖြင့် ခံယူရင်း ...
“ အဲတော် ... ကိုစိန်သော် က တော်သားပဲ ”
ပြောသဖြင့် ကျွန်တော့် မှာ ရယ်မိပါသည် ။
မိသေး ဆိုသော ကလေးမလေး မှာ အသက် ရှစ်နှစ်လောက် ရှိပါ ဦးမည် ။ ကျွန်တော့် ဇနီးက မုန့်ဖိုး ပေးပြီး ဆန်ထုတ် ၊ ရေနံထုတ် ၊ လက်ဖက်ရည်ဝယ် စသည်ဖြင့် ခိုင်းလေ့ ရှိသဖြင့် ကျွန်တော် လည်း သူ့ ကို သိပါသည် ။ ကျွန်တော့် ဇနီး ကို မေးကြည့်သောအခါ ကျွန်တော့် သမီး ပြောတာ အမှန်ဖြစ်နေပါသည် ။ သူတို့ အဖေနှင့် အမေ မှာ မြို့ထဲ တစ်နေရာတွင် ထမင်းကြော် ရောင်း နေကြပါသည် ။ တောင်ဥက္ကလာ ကို ပြန်ချိန် မရကြပါ ။ တစ်ပတ်မှ တစ်ခါလောက် ပြန်လာနိုင်ကြပါသည် ။ ချက်စရာ ပြုတ်စရာများ ကို ကလေးကြီးတို့ က သွားယူပြီး သူတို့ ဟာ သူတို့ ချက်ပြုတ်စားကြရသည် ။ သမီးကလေး ပြောမှ သူတို့ မောင်နှမ တွေ အကြောင်းကို သတိထား ကြည့်မိပါသည် ။ စိတ်ဝင်စားစရာ လည်း ကောင်းပါသည် ။ စာရေးမည် ဆိုက ရေးနိုင်လောက်သည့် အကြောင်း များ ၊ ဖန်တီးယူ၍ ရနိုင်ကောင်းသော ကုန်ကြမ်းများသာ ဖြစ်ပါသည် ။
တစ်ခါက အိမ်ရှေ့ တွင် ကောင်ကလေးမည်းကြုတ်ကြုတ် တစ်ယောက် ဂေါ်လီပစ်တမ်း ကစား နေသည် ကို ကျွန်တော့် သမီးက ...
“ ကိုကိုရေ .. ကိုကိုရေ ”
ဟု လှမ်း ခေါ်နေပါသည် ။
ကျွန်တော် က ...
“ ဟဲ့ ... သမီး ၊ ဘယ်သူ့ကို ခေါ်တာလဲ ”
ဟု မေးရာ ကောင်ကလေး ကို မေးငေါ့ပြပြီး ...
“ ဟို ... ကိုကို လေ ၊ သူ့ နာမည်က မောင်အေး တဲ့ ၊ သူ့ မှာလေ အဖေ လည်း မရှိဘူး ၊ အမေ လည်း အခု မရှိပြန်တော့ဘူးတဲ့ ”
ဟု ပြောနေပြန်ပါသည် ။
ထိုအခိုက် မောင်အေး ကျွန်တော်တို့ အိမ်ပေါက်ဝ ရောက်လာပြီး...
“ ဘာလဲ.. မီးမီး ”
ဟု မေးသည် ။ ကျွန်တော့် ကိုလည်း စပ်ဖြဲဖြဲ လုပ်ရင်း ..
“ ဦးလေး ဒီနေ့ ရုံး မသွားဘူးလား ၊ မမ ရော ... ”
ဟု မေးပါသည် ။
ကျွန်တော်က လည်း တနင်္ဂနွေနေ့ ဖြစ်၍ ရုံး မသွားကြောင်း ၊ မီးမီးတို့ အမေ နောက်ဖေးမှာ ထမင်းဟင်းချက်နေကြောင်း ပြောလိုက်ပါသည် ။ သူ သည် မီးမီးတို့ သားအမိ နှင့် ရင်းနှီးနေဟန် ရှိပါသည် ။ တစ်နည်း အားဖြင့်လည်း သူတို့ သားအမိ မောင်အေး ကို တောက်တိုမည်ရ ခိုင်းရ အောင် စည်းရုံး ထားကြဟန် တူပါသည် ။
မောင်အေး က ...
“ ဘာလဲ မီးမီး ”
ဟု မေးလျှင် ကျွန်တော့် သမီးက လက်ထဲ က ဆုပ်ထားသော ပိုက်ဆံကလေးများ မောင်အေး လက်ထဲ ထည့်ပေးရင်း ...
“ မေမေ က ငရုတ်သီး လှော်ပြီးသား အမှုန့် တစ်မတ်ဖိုး ဝယ်ပေး ပါတဲ့ ၊ ပြီးတော့လေ ... မီးမီးဖို့ ဘိုးသိကြား တစ်ထုပ် ဝယ်ခဲ့နော် ”
ဟု ကျကျနန မှာနေပါသည် ။
ဘိုးသိကြား ဆိုသည်မှာ ဆီးသီးအခြောက်များ ကို ထုထောင်းပြီး သကာရည် ၊ မဆလာ တို့ဖြင့် လုပ်ထားသော အထုပ်ကလေးများ ဖြစ်ပါသည် ။
မောင်အေး က ပိုက်ဆံ ကို ကိုင်ရင်း ပြုံးစစ လုပ်နေပါသည် ။ ကလေး ကိုကြည့်လိုက် ၊ ကျွန်တော့် ကို ကြည့်လိုက်နှင့် မသွားသေးဘဲ ယောင် ပေပေ လုပ်နေပါသည် ။ ကျွန်တော် စာဖတ်ရင်း မှ အကဲခတ် နေမိပါသည် ။ မီးမီး က လေသံနှင့် ...
“ သွားလေ ... သွားဝယ်လေ ” ဟု ပြောနေပါသည် ။ တော်တော်ကြာ မှ မောင်အေး က ...
“ ပိုက်ဆံ မလောက်ဘူး ၊ ကိုကို့ မှာလည်း ပိုက်ဆံ မပါဘူး ”
ဟု လေသံနှ င့် ပြန်ပြောသံ ကြား၍ မနေနိုင်တော့ဘဲ ကျွန်တော် ထ ကြည့်မိပါသည် ။
တကယ်လည်း ဟုတ်နေပါသည် ။ ငရုတ်သီးမှုန့် တစ်မတ်ဖိုး အတွက် မတ်စေ့ကလေး သာ ပေးထားသည် ။ ဘိုးသိကြား တစ်ထုပ် အတွက် ဆယ်ပြား လား ၊ ဆယ့်ငါးပြား လား မသိ ။ အပိုက မပါ ပါ ။
ကျွန်တော် က မီးဖိုဘက် ကို လှမ်း၍ ...
“ ဟေ့... မင်း ဟာ က မတ်စေ့ပဲ ပေးပြီး ငရုတ်သီး တစ်မတ်ဖိုး နဲ့ ဆီးထုပ်ပါ မှာတော့ ဟိုမှာ ဘယ်လိုလုပ် ဝယ်မလဲကွ ၊ ပိုက်ဆံ ထပ်ပေးဦးမှပေါ့ ”
ဟု လှမ်း ပြောလိုက်ရပါသည် ။
မီးဖိုချောင်တွင်း က ပြန်ပြီး ...
“ မောင်အေး ရေ ... ငရုတ်သီးမှုန့် ပဲ ဝယ်ခိုင်းတာဟေ့ ၊ ဘိုးသိကြား မပါဘူး ”
ဟု လှမ်းပြောတော့မှ မီးမီး လူလည် လုပ်ပြီး သူ့ အတွက် အပို မှာခြင်း ဖြစ်ကြောင်း အဓိပ္ပာယ် ပေါက်ပါသည် ။ ထိုအခါမှ မောင်အေး လည်း ..
“ ဟုတ်ကဲ့. .. ဟုတ်ကဲ့ ”
ဟု ဆိုကာ ထွက်သွားပါ၏ ။
မီးမီး ကတော့ မကျေနပ်ချေ ။
“ တကယ်ပဲ ... မောင်အေး ဟာ ၊ ဟိုတစ်နေ့ ကတော့ စားမလား ... စားမလားနဲ့ ဝယ်ပေးတယ် ၊ အခုတော့ ဝယ်မပေးဘူး ”
ဟု မျက်နှာကြီး စူအောင့်ပြီး မီးဖို ထဲ ဝင်ပြေးပါသည် ။
မောင်အေး ငရုတ်သီးမှုန့် ဝယ်ပြီး ပြန်လာသောအခါ ငရုတ်သီးမှုန့် အပြင် ဘိုးသိကြား တစ်ထုပ်ပါ ပါလာပါသည် ။ မီးမီး က ဝမ်းသာအားရ လှမ်းယူ နေသဖြင့် ကျွန်တော့် မှာ မနေသာတော့ဘဲ ...
“ ရော့ .. ရော့ ... မောင်အေး ၊ ဘိုးသိကြား အတွက် ပိုက်ဆံ ယူဦးလေ ”
ဟု ဆိုပြီး အိတ် ထဲက မတ်စေ့ တစ်စေ့ ထုပ်ပေးရပါသည် ။ မောင်အေး က နောက်ဆုတ် ... နောက်ဆုတ် နဲ့ မယူ ဟု ငြင်းနေပါသည် ။ ကျွန်တော် က အတင်း ပေးပါသည် ။ မယူပါ ။ ထိုအခါ ...
“ မင်း မှာ ပိုက်ဆံ မပါဘဲနှင့် ဘယ့်နှယ်လုပ် ဝယ်လာတာလဲ ”
ဟု မေးရာ ...
“ ကျွန်တော် အကြွေး ဝယ်လာတာပါ ဦး ”
ဟု ပြောသဖြင့် ပို စိတ်မကောင်း ဖြစ်ပြီး ...
“ ယူလေကွာ ၊ သွား ပေးချေ ၊ တော်တော်ကြာ အကြွေးတောင်းတော့လဲ ပေးရမှာပဲ ဥစ္စာ ”
ဟု ပြောသော်လည်း မယူသလို လုပ်နေပါသည် ။ မီးမီး က ဘိုးသိကြား စားရင်း လက်ကလေး တစ်ဖက် မြှောက်ကာ ...
“ ကိုကို ယူလေ ၊ နောက်တော့ မီးမီး ကို ဝယ်ပေးရတာပေါ့ ”
ဟု ပြောသောအခါ မောင်အေး မှာ ရယ်နေပါသည် ။ နောက်ဆုံး ကျွန်တော် ကပါ တိုက်တွန်း သဖြင့် မတ်စေ့ကလေး ယူသွားပါသည် ။ မကြာပါ ။ ဆယ်ပြား ပြန် လာပေးပါသည် ။ ၎င်းကို ယူသွား ဟု ပြော သော်လည်း မယူဘဲ ထွက်ပြေးသွားပါသည် ။
ကျွန်တော်တို့ သုံးယောက်သား ထမင်း စားကြတော့ မှ စောစောက မောင်အေး အကြောင်း မီးမီး ပြောထားသည့် တစ်စွန်းတစ်စ ကို မေးကြည့် မိပါသည် ။
“ သူ့ မှာ အဖေ လည်း မရှိဘူး ၊ အခု အမေ ကလည်း မရှိပြန်ဘူးတဲ့ ”
ဟု ပြောထားသဖြင့် ကျွန်တော့် ဇနီး ကို မေးကြည့်မိခြင်း ဖြစ်ပါသည် ။
ထိုအခါကျမှ ကျွန်တော့် ဇနီး က ပြောပါသည် ။ မောင်အေး အမေ နှင့် မောင်အေး အဖေတို့ မှာ ကွဲနေကြသည် ။ တော်တော် ကြာ ဟန် ရှိပြီ ။ ယခု ဆိုလျှင် မောင်အေး အဖေ မှာ နောက်အိမ်ထောင် နှင့်ပင် ကလေး တွေ ရနေပြီ ဟု သိရပါသည် ။ ယခု မောင်အေး ဖအေ မှာ ဘတ်စ်ကားလိုင်း တွင် ကားမောင်းပြီး ဝင်ငွေကောင်းမည် ဖြစ်သော်လည်း မောင်အေး ကို အတူ ခေါ်မထားဘဲ သူ့ အမေနှင့် သာ နေသည်ဟု သိရသည် ။
“ ဒါဖြင့် .. အခု သူ့အမေ အခု မရှိပြန်ဘူး ဆိုတာကရော ... ”
ဟု မေးရပြန်ပါသည် ။
“ ဟိုတစ်လော ဆီကလေ ဆိုက်ကားဂိတ် မှာ ဆိုက်ကားသမားတွေ နဲ့ အချိန်မတော် ညကြီးမိုးချုပ်မှာ ရဲတွေတွေ့သွားလို့ ဖမ်းသွားတာတဲ့ ၊ ပြီးတော့ ထောင်ကျသွားသတဲ့ ”
“ မင်းကလည်း ကွယ် ... ၊ ဆိုက်ကားသမားတွေ နဲ့ တွေ့တာနဲ့ပဲ ထောင်ကျကရောတဲ့လား ”
ဟု ကျွန်တော် က ပြောလိုက်ရာ ကျွန်တော်တို့ စ်ယောက် စကားကို နားထောင်ရင်း ထမင်းစားဟန် ဆောင်နေသည့် မီးမီး ဆီ မသိမသာ မေးငေါ့ ပြရင်း ..
“ အို .. ရှင် ကလည်း ၊ သူ ကိုယ်တိုင် က ရာဇဝင် မကောင်းလို့ နေမှာပေါ့ ”
ဟု ပြောလိုက်မှ ကျွန်တော့် မှာ လည်း မဆက်သာတော့ပါ ။ ထမင်း ကိုသာ စားရပါသည် ။
“ ဒါဖြင့်... ဒီကလေး က ဘယ်သူတွေ နဲ့ နေတာလဲ ”
“ သူ့ ကြီးတော်နဲ့ နေတာပေါ့ ”
ဤတွင် မီးမီး က ငြိမ်ငြိမ် မနေဘဲ ဝင်ပြော ပြန်ပါသည် ။
“ ဟုတ်တယ် ... ဒက်ဒီ ၊ သူ ကလေ အဒေါ်နဲ့ နေရတော့ အရင် တစ်ခါ အဒေါ် က ရိုက်တယ်တဲ့ ”
ဟု ပြောပါသည် ။
“ ဘာလို့ ရိုက်တာတဲ့လဲ ”
“ ဟင်းတွေ များများ စားလို့တဲ့ ”
ကျွန်တော့် မှာ ထမင်း မသီးအောင် အနိုင်နိုင် ကြိုးစားရင်း ရယ်လိုက်မိပါသည် ။
“ မီးမီး လည်း သတိထား ၊ ဟင်းတွေချည်း ပဲ အများကြီး စားရင် အရိုက်ခံရမယ် ”
ဟု ကျွန်တော် က ပြောလိုက်ပါသည် ။ သူ့ အမေ ပြောမှ ရှင်းသွား ပါသည် ။
“ သူ့ အဒေါ် မြို့ထဲ သွားနေတုန်း ချက်ထားတဲ့ ဟင်းတွေ မကျန်အောင် အကုန် စားပစ်လို့ ရိုက်တာပါတဲ့ ”
မောင်အေး နှင့် ကျွန်တော် မျက်မှန်းတန်းမိ သွားပါသည် ။ တစ်ခါ တစ်ခါ ကျွန်တော် စာဖတ်နေသည့် အခါ အိမ်တံစက်မြိတ် ခွေးကတက် တွင် လာထိုင် တတ်ပါသည် ။ သူ ကြည့်ဖူးသော ရုပ်ရှင်များက ဇာတ်များ ကို ဟိုတစ်ပေါက် သည်တစ်ပေါက် ပြောတတ်ပါသည် ။ သူ ရုပ်ရှင် ကြည့်ရပုံလည်း ပြောပြပါသည် ။
ပိုက်ဆံ မပေးရဘဲ ရှေ့လူ ၊ နောက်လူ ကြား ညှပ်လိုက်သွားပြီး ကြည့်ရပုံ ၊ တစ်ခါတစ်ခါတော့လည်း မလစ်ဘဲ ပြန်ထွက်ခဲ့ရပုံများ ရယ်ရင်း မောရင်း ပြောပြတတ်ပါသည် ။
အသက်မှာ ဆယ့်နှစ်နှစ် လောက် သာ ရှိပါဦးမည် ။ အသား က မည်းမည်း ၊ နှုတ်ခမ်းခပ်လန်လန် ၊ သွားခပ်ကြီးကြီး ၊ နှာခေါင်းပွပွ ၊ ဆံပင် လိမ်ကောက်ကောက် ၊ မျက်လုံး မျက်ခုံးကောင်းကောင်း နှင့် မေးရိုးကားမည့် သဏ္ဌာန်ရှိသည် ။ သူ့ အသက်နှင့် စာလျှင် အရပ်အမောင်းထွက်သည် ။
သို့သော် ကလေးစိတ် မပျောက်သည်လား ၊ စိတ်နေ မဖွံ့ဖြိုး သည်လား မပြောတတ် ၊ ကလေးငယ်များ လို ကစားပြီး တစ်ခါတစ်ရံ လုံချည်ကွင်းလုံးချွတ် ပြေးသည် ကို မြင်ရတတ်၏ ။ တစ်ခါတစ်ခါတွင် လည်း ကွင်းသိုင်းရင်း ဂေါ်လီ ရိုက်တတ်၏ ။
ညနေစောင်း တစ်ခါတလေ ပုလင်း လက်တစ်ဖက်က ဆွဲပြီး ထွက် သွား၏ ။ အပြန်တွင် ပုလင်းကလေး ဆွဲပြီး ပြန်လာ၏ ။ သူ့ ကို မေးကြည့်သောအခါ လူကြီးများ ဝယ်ခိုင်းသည့် အရက် သွားဝယ်ပေးရ သည်ဟု ပြော၏ ။
ကျွန်တော့် ကို လည်း သောက်ချင်လျှင် ဝယ်ပေးမည်ဟု ပြော၏ ။ ကျွန်တော်ကတော့ သူတို့ အရွယ် အရက်ဆိုင်တွင်း မဝင်ရ ဟု တားမြစ် ထားသည်ဆိုခြင်း ကို သိ၏ ။ ဝယ်၍ ရမည်လည်း မထင်ခဲ့ ။ ခိုင်းလည်း မခိုင်းခဲ့ပေ ။ သူ ကတော့ ရသည် ။ ဝယ်ပေးမည်ဟု ဆိုပါသည် ။
တစ်ခါက မောင်အေး ကို အရပ် ထဲမှာ မတွေ့ ရချေ ။ မတွေ့ ရတာ ကြာသဖြင့် ကျွန်တော့် ဇနီး ကို မေးကြည့်မိသေး၏ ။ ဟုတ်သည် ။ မောင်အေး တစ်ယောက် သူ့ အဒေါ် ရိုက်နှက်ပြီး အိမ်မှာ မနေနှင့် ဟု နှင်လိုက်သဖြင့် ထွက်သွားကြောင်း သိရသည် ။ ကျွန်တော့် မှာ စိတ်မကောင်း ဖြစ်သွားမိ၏ ။
သို့သော် သူ့ အဒေါ်ကတော့ အကြောင်းမဲ့ ရိုက်လိမ့်မည်တော့ မဟုတ်ချေ ။ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မည်သာ ဖြစ်သည် ။ ကျွန်တော့် ဇနီး မေးကြည့်တော့ ..
“ ဟုတ်တယ် ၊ ပန်းကန်တွေ ခွဲပစ်လို့ သူ့ အဒေါ် က စိတ်ဆိုးလို့ ရိုက်ပြီး နှင်တာတဲ့ ”
“ ဟယ် .... ဒါဖြင့် ဒီကောင်လေး ဘယ်သွား နေပါလိမ့်မလဲ ”
ဟု ညည်းညူမိပါသည် ။
“ နောက်ထပ် အဒေါ် တစ်ယောက် ရှိသေးတယ်တဲ့ ၊ မြောက်ဥက္ကလာ ဆိုလား ၊ မြို့ထဲမှာ ဆိုလား အဲဒီမှာ သွားနေသတဲ့ ”
ဟု ပြောပြပါသည် ။
သို့နှင့် မေ့လောက်သလို ဖြစ်နေပြီးကာမှ မောင်အေး ပြန်ပေါက်လာပြန်သည် ။
ကျွန်တော့် သမီး က ...
“ ကိုကိုရေ ... ”
ခေါ်ကာ ဆီးထုပ် ဝယ်ခိုင်းမြဲ ။ ကျွန်တော့် ဇနီး က ..
“ မောင်အေးရေ .. ”
ခေါ်ကာ တောက်တိုမည်ရ ဝယ်ခိုင်းမြဲ ၊ ကျွန်တော် တွေ့ ရပြန် သဖြင့် ကျွန်တော့် ဇနီးအား မေးကြည့်ပြန်ပါသည် ။
“ ဟေ့ ... ဘယ့်နှယ် ။ ငအေး ဒီကို ပြန်ရောက်လာပြန်ပြီလား ”
ကျွန်တော့် ဇနီး က ရယ်မောရင်း ...
“ ဟုတ်လား ... မဟုတ်လားတော့ မသိပါဘူး ၊ သူ့ အဒေါ် ယောက်ျား က ဒီကောင် ဒီမှာ ဆက်နေရင် အိမ်ပါ မီးနဲ့ရှို့ ပစ်မယ် ဆိုလို့ ဟိုမှာ မနေဝံ့တာနဲ့ ပြန်လာတာတဲ့ ”
“ ဒီတော့ရော ဒီက အဒေါ် က ပြန် လက်ခံထားသလား ”
“ ဒါပေါ့ ... လက်ခံထားလို့သာ နေတာပေါ့ ”
မောင်အေးအ ကြောင်းကတော့ မထူးဆန်းလှတော့ပါ ။ တစ်ခါ မေးလျှင် တစ်မျိုး ကြားရစမြဲသာ ဖြစ်သည် ။
သူ့ အကြောင်းများ ကလည်း ရယ်စရာသာ ကောင်းသေးတော့သည် ။ အဒေါ်များ ကလည်း ယခုလိုတော့ ကျွေးမွေးပြီး လက်ခံမြဲ လက်ခံ ထားရှာကြပါသည် ။ တစ်ခါတစ်ရံ သည်းမခံနိုင် မှသာ ရိုက်နှက်ဟန် ရှိပါသည် ။ ပြန်လာပြန် တော့လည်း ပိုနေမြဲ ၊ ကျားနေမြဲ ဖြစ်သွားကြဟန် တူပါသည် ။
လွန်ခဲ့သည့် နေ့က မောင်အေး အိမ်ရှေ့ မှ ဖြတ်သွားရာ ကျွန်တော့် ဇနီး က လှမ်းခေါ်ပါသည် ။
“ မောင်အေး .. ၊ ငါ့ကို ဆီငါးကျပ်သားလောက် ဝယ်ပေးစမ်းပါဟယ် ... ”
ကျွန်တော် သည် လမ်းမဘက် ကို မျက်နှာ မူလျက် ရေနွေးကြမ်း သောက်ရင်း မောင်အေး ကို ကြည့်နေမိပါသည် ။ လမ်းထိပ်က ရေမြောင်း အကူး အုတ်ခုံကလေး ပေါ်သို့ သူ့ ချိုင်းကြား မှ အထုပ်ကလေး ကို ချပြီး ကျွန်တော်တို့ အခန်းပေါက် ကို လာရပ်ပါသည် ။
ပြီးလျှင် ကျွန်တော့် ဇနီး ကို လှမ်းပေးသော ပိုက်ဆံ နှင့် ကလေးချောင်းဆိုးရည် ထည့်ထားသော ပုလင်းလွတ်ကလေး ကို လှမ်းယူရင်း ထွက်သွားပါသည် ။ သူ ချ ထားသော အထုပ်ကလေး ကို ယူ မသွားပါ ။ ဘာများလဲ ဟု ကျွန်တော် စဉ်းစားရင်း ကြည့်နေမိပါသည် ။ ဘာလဲဟု မသဲကွဲပါ ။
မိသေးတို့ ၊ မောင်အေး တို့ ကို ကျွန်တော့် ဇနီး ဈေးဝယ်ခိုင်း နေသည် ကိုလည်း စဉ်းစားမိပါသည် ။
ဆီ ငါးကျပ်သား တို့ ၊ ငရုတ်သီးမှုန့် တစ်မတ်ဖိုး တို့ ၊ ကြံသကာ ငါးကျပ်သား တို့ ၊ မန်ကျည်းသီး တစ်မတ်ဖိုး တို့ ၊ ရှောက်သီးခြမ်းကလေး ဆယ်ပြားဖိုး တို့ ၊ ငါးပိကလေး ပြားလေးဆယ်ဖိုး တို့ ကို ကိုယ်တိုင် ဝယ်ရမှာ မဝံ့သလို ဖြစ်နေ၍ ကလေးတို့ ကို စည်းရုံးပြီး ဝယ်ခိုင်းနေဟန် ရှိကြောင်း ကို ယခုမှ သဘောပေါက်မိပါသည် ။ သဘောပေါက် သော်လည်း ယောက်ျားတို့၏ ထုံးစံအတိုင်း မသိချင်ယောင် ဆောင်၍ နေလိုက် ရပါသည် ။
မောင်အေး ပြန်လာပြီး ဆီပုလင်း လာပေးပါသည် ။ ကျွန်တော့် ဇနီး အိမ်ထဲ ဝင်သွားသောအခါ ကျွန်တော့် ကို ပြုံး၍ လှည့်ထွက်သွား တော့မည်လုပ်သောအခါ ...
“ ဟေ့ .. မောင်အေး ၊ ဟို အုတ်ခုံ ပေါ်မှာ တင်ထားခဲ့တာ ဘာထုပ်ကြီးလဲကွ ”
ဟု မေးမိပါသည် ။
“ ကုန်အိတ်ပါ ဦးလေး ရာ ”
“ ဘာလုပ်တာလဲကွ ၊ သွား ရောင်းဖို့လား ”
“ မဟုတ်ပါဘူး ဦးလေးရာ ၊ ပလတ်စတစ် ကောက်မလို့ပါ ၊ ဒီလို သံကောက်ကလေး နဲ့ လိုက်ကောက်ရတယ်ဗျ ”
ဟု လက်ထဲ က တုတ်တံကလေး လို ဟာမျိုး ကို မြှောက်ပြပါသည် ။
“ ဟာ .. မင်း တကယ် အလုပ် လုပ်တော့မလို့ပေါ့လေ ”
“ ဟုတ်တယ် ... ဦးလေးရ ၊ ကျွန်တော် မလုပ်လို့ မဖြစ်တော့ဘူး ... ”
“ အေး .. အေး ... ကောင်းပါတယ်ကွာ ၊ ငါတို့ အိမ်မှာ ရှိတဲ့အခါ လည်း စုထားလိုက်မယ် ၊ မင်း ကို ငါ အလကား ပေးပါမယ်ကွ ”
ရယ်ရင်းဖြင့် ...
“ ဟုတ်ကဲ့ ... ဦးလေး ၊ ဒါပေမဲ့ ကျွန်တော် ပြန်မလာချင်တော့ပါဘူး ဦးလေး ရာ ”
“ ဟေ့ ... မင်း ဟာက ဘယ် သွားနေဦးမလို့လဲကွ ”
“ ဟိုဟို ဒီဒီ နေရတာပေါ့ ဦးလေး ရာ ”
ကျွန်တော့် မှာ စိတ်မကောင်း ဖြစ်သွား၏ ။ ထို့ကြောင့် ကျွန်တော့် အိတ်ထဲ စမ်းကြည့်ရာ ကျပ်တန်ကလေး တစ်ချပ် တွေ့ သဖြင့် ...
“ ရော့ ... ယူသွားဦးကွာ ၊ မင်း ပလတ်စတစ် မရောင်းရခင် ဆာတဲ့ အခါ မုန့်ဟင်းခါး စားရအောင်ပေါ့ ”
သူ မငြင်း မပြု လှမ်းယူပြီး သူ နှင့် မတန်တဆ ကြီးနေသော ရှပ်အင်္ကျီအိတ်ကပ်ကြီး ထဲ ထည့်လိုက်ပါသည် ။ ပြီးလျှင် တစ်ချက် ပြုံးပြီး ...
“ ကျွန်တော် မနေ့ညက အိပ်မက်တွေ မက်လိုက်တာ ဦးလေး ရာ ”
“ ဟေ ... ဘယ်လို မက်လဲကွ ၊ ပိုက်ဆံတွေ ကောက်ရတယ်လို့ မက် တာလားကွာ ”
“ မဟုတ်ပါဘူး ဦးလေး ရာ ၊ မေမေ ထောင် က လွတ်လာတယ်လို့ မက်တာဗျ ”
“ ဟေ ... အေး ... အေး ... အေး ”
ကျွန်တော့် မှာ ဘာ ပြောရမှန်း မသိတော့ပါ ။ ပြုံးပြပြီး မောင်အေး လှည့်ထွက်သွားသည် ။
ယနေ့ ထိ ပေါ်မလာ ။
▢ မင်းဏီ
📖 ထို ဝတ္ထုတိုများ
No comments:
Post a Comment