Saturday, April 12, 2025

အလှပေါင်းခတဲ့ သင်္ကြန်




 ❝ အလှပေါင်းခတဲ့ သင်္ကြန် ❞


ဘုရားသွား ကျောင်းသွား တော့ကွယ် × × × တကောက်ကောက် မလိုက်နဲ့ကွယ် × × ×   မစနဲ့ မနောက်နဲ့ကွယ်  × × ×   ဥပုသ် ကျိုးလိမ့်မယ်  × × ×  သင်္ကြန်တေး စီးရီးတွေ ထဲ မှာ ‘ ဥပုသ်ကျိုးလိမ့်မယ် ’ သီချင်းကလေး က ချစ်စရာ ကောင်းနေတယ် ။ စည်းဝါးသွက် နဲ့ ခေတ်ဆန်တဲ့ အသံလေးတွေ ကြောင့် လူငယ်ထု ကြား မှာ မရိုးနိုင်တဲ့ သီချင်း ဖြစ်တယ် ။ 


သည် သီချင်း ကို ရေးသူ က ကိုလွင်ဦး ( မြို့မ ) ဖြစ်ပါတယ် ။ ကိုလွင်ဦး ဟာ မြို့မတူရိယာ အသင်းကြီး ရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ် ။ မြို့မ မှာ ကိုယ်တိုင် လည်း သီချင်း ဆိုတယ် ။ သီချင်း ရေးတယ် ၊ ကိုလွင်ဦး ရဲ့ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်း က ပွဲစားကုန်သည် ဖြစ်ပါတယ် ။


ကိုလွင်ဦး ရဲ့ မျိုးရိုး ထဲမှာ ဂီတ နဲ့ နွယ်သူ မရှိခဲ့ဘူး ။ သူ့ ဇာတိရပ်ရွာ ကလည်း မန္တလေး မဟုတ်ဘူး ။ ကျောင်းပညာ ကို လည်း အတန်း ကုန်အောင် နေခွင့် ကိုလွင်ဦး မရခဲ့ဘူး ။ သို့ပေမယ့် သူ ဟာ ကြိုးစားမှု နဲ့ သူ့ ဘဝ ကို တည်ဆောက်ခဲ့တယ် ။ 


သူ့ ဘဝ ဇာတ်ကြောင်း ကို ကိုလွင်ဦး က ယခုလို ပြောပြတယ် ။


••••• ••••• •••••


ကျွန်တော့် ကို မွေးတာ စစ်ကိုင်း မြို့နယ် ၊ ကျောက်ပနံ ရွာ ။ မိဘတွေ က ကုန်သည် တစ်ဖက် တောင်သူ တစ်ဖက် လုပ်ကြတယ် ။ အဖေ က ကိုယ့် ရွာ နဲ့ ပတ်ဝန်းကျင် ရွာတွေ က ထွက်တဲ့ ဂျုံ ၊ ကုလားပဲ စတဲ့ ကောက်ပဲသီးနှံတွေ ဝယ်ပြီး မန္တလေး တက် ရောင်းတယ် ။


ကျွန်တော် က ကျောင်း ဆက် မတက်ဖြစ်တော့ဘဲ အဖေ သီးနှံ ဝယ်ရာ ကို လိုက်ပါတယ် ။ အဖေ က သီးနှံ ကြည့်ပုံကြည့်နည်း ကို သင်ပေးတယ် ။ သီးနှံ မှာ ပိုး ပါတာ ၊ ဖုန် အမှုန် အမှိုက် ပါတာတွေ ကြည့်ပုံ ကို သင်ပေးတယ် ။ ဝယ်လို့ ရတဲ့ သီးနှံတွေ မန္တလေး မှာ ရောင်း တော့ လည်း ကျွန်တော် လိုက်သွား ရတယ် ။ အဖေ က အရောင်းအဝယ်ပညာ ကို လက်တွေ့ သင်ပေးတာပေါ့ ။


၁၉၈ဝ ပြည့်နှစ် ကျွန်တော် အသက် ၂ဝ အရွယ် မှာ အဖေ က ကျွန်တော့် ကို အသိ ပွဲရုံ မှာ ထားပေးတယ် ။ ပွဲရုံပညာ လက်တွေ့ သင်ရတာပေါ့ ။ ၁၉၈၃ ခုနှစ် ရောက်တော့ ကျွန်တော် ကိုယ်ပိုင် ပွဲရုံ စ ထောင်ပါတယ် ။


ကျွန်တော့် မိဘတွေ က ကောက်ပဲသီးနှံ အရောင်းအဝယ် လုပ်ကြတယ် ဆိုရာ မှာ ငွေအရင်းအနှီး ပေါလို့ရယ် မဟုတ်ဘူး ။ မိတ်ဆွေ အပေါင်းအသင်း ကောင်းလို့ပါ ။ အဖေ က လူမှုရေး ဝါသနာ ပါတယ် ။ အကူအညီ လိုလို့ ဘယ် အချိန် လာ ခေါ်ခေါ် ချက်ချင်း ထ လုပ်ပေးတာ ။


ရွာ မှာ နေတုန်းက ကျွန်တော် သီချင်း မဆိုဖြစ်ဘူး ။ ရွာ မှာ တီးဝိုင်း လည်း မရှိဘူး ။ မန္တလေး ရောက်တော့ ဝါသနာ အရင်းခံ လည်း ရှိတာ နဲ့ ယဉ်မွန် တို့ ဘာတို့ တီးဝိုင်း တွေ ကို လိုက်ပြီး ဆိုတယ် ။ တစ်ဖက် မှာ တော့ ပွဲရုံလုပ်ငန်း လုပ် နေတာပေါ့ ။ ကိုယ်ပိုင်ပွဲရုံ စ ထောင်တဲ့ ၁၉၈၃ ခု မှာပဲ ဒိုးတီး နေတဲ့ တေးရေး ဆရာ ကိုသန်းမောင်ဝင်း တို့ အုပ်ချုပ်ရေးမှူး ဦးကောင်း တို့ နဲ့ ကျွန်တော် က ခင်မင်တော့ မြို့မ ကို အဝင်အထွက် ရှိနေပြီ ။


မြို့မ ထဲ ပါခွင့်ရဖို့ လျှောက်လွှာ လည်း တင် ထားတယ် ။ အဲသည်တုန်း က အဆိုတော် တစ်ယောက် ဖြစ်ဖို့ မလွယ်ဘူး ။ သူတို့ က အသံ စစ်သေးတာ ၊ အမှုဆောင် ဆုံးဖြတ်ချက် နဲ့ သေသေချာချာ စိစစ်ပြီး မှ လက်ခံတာ ။ ၁၉၈၅ ခု ရောက် မှ တစ်ပွဲ နှစ်ပွဲ စ ဆိုရတာ ။


ပထဆုံး စ ဆိုရတာက မန္တလေးမြို့တော်ခန်းမ၂ မှာ လုပ်တဲ့ မင်္ဂလာဆောင် ဧည့်ခံပွဲ ၊ ကျွန်တော် ပြည်တော်ဝင်သီချင်း နဲ့ စတယ် ။ အရင်က အခြား အဖွဲ့တွေ နဲ့ ဆိုတဲ့ အတွေ့အကြုံ ရှိပေမယ့် မြို့မ နဲ့ စ ဆိုရတော့ နည်းနည်းတော့ စိတ် လှုပ်ရှားတယ် ။ ဝိုင်းကြီး နဲ့ ဆိုရတာရယ် ဧည့်ပရိသတ် ကလည်း တော်တော်လေး များတော့ မှား မှာ ကြောက်တာရောပေါ့ ။ တစ်ပွဲ ကို တစ်ပုဒ် နှစ်ပုဒ် လောက် ဆိုရတယ် ။


စ ဆိုခါစ ကတော့ မြို့မ မှာ ရှိပြီးသား သီချင်းတွေ ထဲက ကိုယ် နဲ့ ကိုက်တာ ဆို ဆိုတာပါပဲ ။ ၁၉၈၉ ခုနှစ် ရောက် မှ ကျွန်တော် အတွက် ကိုသန်းမောင်ဝင်း သီးခြား ရေးပေးတဲ့ မြို့မမေတ္တာ ကိုယ်ပိုင် သီချင်း စ ဆိုတယ် ။ ယခုတော့ ကိုယ်ပိုင် သီချင်းတွေ ကို ဆိုတာ များတယ် ။ ဆရာဦးရွှန်းမြိုင် ရေးပေးတဲ့ ခရီးရှင်သီချင်း ဆိုရင် ကျွန်တော့် ဘဝ ဇာတ်ကြောင်း ပေါ့ ။ အလုပ် မအားတဲ့ ကြားထဲ က အလုပ်ကလေးတွေ ကို ဘေးချပြီး ဝါသနာပါရာ လာပြီး ဆိုတဲ့ အကြောင်း ပေါ့ ။ ကျွန်တော့် မှာ ပွဲရုံ အလုပ် ကလည်း ရှိ နေတော့ ဆရာ ဦးရွှန်းမြိုင် က ဒါလေး ရေးပေးတာပါ ။


မနက်ပိုင်း မှာ ကျွန်တော် ကုန်စည်ဒိုင် ဆင်းရတယ် ။ ကိုယ့် မှာ ရှိတဲ့ ကောက်ပဲသီးနှံ ရောင်းတာ ၊ လိုအပ်တဲ့ ကောက်ပဲသီးနှံ ဝယ်တာ လုပ်ရတယ် ။ မနက် ၈းဝဝ နာရီ ၊ ၉းဝဝ နာရီ ဆိုရင် ဒိုင် ဆင်းတဲ့ အလုပ် က ပြီးပါပြီ ။ ရောင်းစရာ ရှိရင်လည်း ရောင်းပြီးပြီ ။ ရောင်း ထားတဲ့ ကုန် ကို အပ်စရာ ရှိရင် အလုပ်သမား ကို အပ်ခိုင်းလို့ ရတယ် ။ ကုန်ရောင်းရတဲ့ ငွေ ၊ ငွေခံစရာ ရှိရင်လည်း အလုပ်သမားတွေ နဲ့ ခိုင်းလို့ ရပါတယ် ။ ကုန်စည်ဒိုင် က ပြန်လာ ပွဲရုံ မှာ စီစဉ်စရာ ရှိတာ စီစဉ် ပြီးရင် အသင်း ကို သွားလို့ ရတယ် ။ ကျွန်တော် က အပျော်တမ်းသမား မို့ ဒိုင် က ပြီးမှ မြို့မ ဧည့်ခံ နေတဲ့ နေရာ ကို သွား တစ်ပုဒ် နှစ်ပုဒ် ဆိုပြီး ပြန် လာလို့ ရတယ် ။ အသင်း က နားလည်မှု ပေးပါတယ် ။ မင်္ဂလာဆောင် ကို ခေတ္တ သွား သလောက် သာ အချိန် ကြာတာ ။


မန္တလေး မှာ ညနေ ဆည်းဆာ ဧည့်ခံပွဲတွေ လည်း ရှိတယ် ။ ညနေ ၃း၀၀ နာရီ လောက်မှ ဆိုတော့ ကျွန်တော့် အလုပ် က ပြီးပြီ ။


၁၉၈၅ ခုနှစ် မှာ ကျွန်တော် ဖိုးညိုမြ တေးထုတ်လုပ်ရေး လုပ်ငန်း ကို စတင်တာ က အလှပေါင်းခတဲ့ သင်္ကြန် ။ သန်းမြတ်စိုး ၊ လေးလေးနွယ် တို့ ဆိုကြ တယ် ။ ကျွန်တော် ကိုယ်တိုင် ရေးတဲ့ သီချင်း လည်း လေးပုဒ် ပါတယ် ။


နောက်တော့ သီချင်းခွေတွေ အများကြီး ထုတ်ခဲ့တယ် ။ ထုတ်တဲ့ တိပ်ခွေ တွေမှာ စီးပွားရေး အရ ရှုံးတယ်ရယ် လို့ မရှိဘူး ။ အရင်း ကျေတယ် ။ ကျွန်တော် က ကုန်ကျမှု လည်း နည်းတာကိုး ။ သီချင်း ရေးသူ ၊ ဆိုသူ အားလုံး က လည်း လုပ်ချင်တာ ကို ဝိုင်းကူ လုပ်ပေးကြတဲ့ သဘောပဲ ။


တိပ်ခွေ ထုတ်ရာမှာ ကျွန်တော်တို့ က ကာဘာကတ် ရိုက်ပြီး ဖြန့်တာ ။ ဒါကို ကာဘာကတ် မဝယ်ဘဲ အေ ၊ ဘီ ကတ် မှာ သီချင်းအမည် ရေးပြီး ကူး ရောင်းနေ တာတွေ တွေ့တယ် ။ သူတို့ ကို ဖမ်းလိုက်ရင် ဒုက္ခတွေ့ မှာမို့ မလုပ်ရက်ဘူး ။


အခုတော့ ထုတ်လုပ်တဲ့ သီချင်းခွေ တွေ လည်း အများကြီးပဲ ။ ဗီစီဒီ ထုတ် တယ် ။ ကျွန်တော် ဒါရိုက်တာ လုပ်ပြီး ထုတ်ခဲ့တဲ့ ဗီစီဒီခွေ တွေ လည်း အများကြီး ပဲ ။ ကိုယ်တိုင် ရေးခဲ့တဲ့ သီချင်းတွေ လည်း အများကြီးပဲ ။ ပေါက် သွားတဲ့ သီချင်း တွေလည်း အများကြီး ရှိခဲ့တယ် ။


ပေါက်တဲ့ သီချင်းတွေ က သိပ် ဖွဲ့ဖွဲ့နွဲ့နွဲ့ မပါဘူး ။ သီချင်း နားထောင်တယ် ဆိုတာ ပညာရှင် ထက် ရိုးရိုးလူတွေ က များတယ် ။ နားစွဲလွယ်တဲ့ ရိုးရိုးရှင်းရှင်း စာသား သွက်သွက်လေးတွေ ပါရင် ပေါက်သွားတာပဲ ။


မြို့မအသင်း အနေနဲ့ ကလက်တက်တက် ဖြစ်မှာ မျိုးတော့ စင်ပေါ် မတင် ဘူး ။ ဥပမာ ဥပုသ်ကျိုးလိမ့်မယ် သီချင်း ဆိုရင် တီးတာ ကိုယ့် မြို့မအသင်း ထဲက လူတွေ တီးတာပေမယ့် အပြင် အဆိုတော် နဲ့ လုပ်တယ် ။ ဈေးကွက် ဝင် ပေမယ့် ပိုက်ဆံ ရနိုင်ပေမယ့် မြို့မ အနေ နဲ့ မလုပ်ဘူး ။ အသင်း ပေါ် တင်မယ့် သီချင်းမျိုး ဆိုရင် ကျွန်တော်တို့ ဂုဏ်သိက္ခာ ထိန်းတယ် ။ သည်လို ထိန်း နေလို့ ခေတ်နောက် ကျ ကျန်ရစ်မှာလား ထင်စရာ ရှိတယ် ။ ကျွန်တော်တို့ ကတော့ ထိန်းသိမ်း ထားရတာ ဂုဏ်တစ်ခုပါပဲ ။


 ▢ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment