Thursday, April 24, 2025

ခရီးသည်


 

❝ ခရီးသည် ❞

အိန္ဒိယ သမုဒ္ဒရာ ထဲ က လာတဲ့ လှိုင်းလုံးကြီးတွေ က သီရိလင်္ကာနိုင်ငံ ကမ်းခြေ ကို တဝုန်းဝုန်း ရိုက်ခတ်နေတယ် ။ ကျွန်တော် ကိုလံဘိုမြို့ ကို ရောက်ခဲ့တယ် ။

ကျွန်တော်တို့ တည်းတဲ့ ဟိုတယ် က ပင်လယ်ကမ်းခြေ မှာ ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လေးခု နဲ့ မီဒီယာသမား သုံးယောက် ကို သီရိလင်္ကာ က ဖိတ်ခေါ်ပြီး ဗုဒ္ဓမြတ်စွယ်တော် ၊ ဗောဓိညောင်ပင် ၊ လက်ဖက် မြို့တော်တွေ ကို လိုက်ပို့တယ် ။ သူတို့ နိုင်ငံ ကို မြန်မာဧည့်သည်တွေ လာစေချင်လို့ပါ ။ ခရီးသွားလုပ်ငန်း လည်း ပါတယ် ။

ဟိုတယ် က မနက်စာ စားရမယ့် စားသောက်ခန်း ကနေ ပင်လယ်ကမ်းစပ် က ကျောက်ဆောင်တွေ ကို လာရောက် ရိုက်ခတ်တဲ့ လှိုင်းလုံး ဖြူဖြူတွေ ကို မြင်ရတယ် ။ ကမ်းခြေ က အုန်းပင်တွေ က လေပြည် မှာ ယိမ်းက နေကြတယ် ။

ပူရီ ၊ ပဲဟင်း ၊ ပလာတာ မနက်စာ စားပြီးတော့ ပင်လယ်ကမ်းခြေ ဘက် ကို ကျွန်တော်တို့ လမ်းလျှောက်ကြတယ် ။ လမ်းလျှောက်ရင်း အိုဒီခရီးသွားလုပ်ငန်း က အထွေထွေ မန်နေဂျာ မလဲ့လဲ့ဝင်း နဲ့ စကားလက်ဆုံ ကျမိကြတယ် ။

ကျွန်တော် က လူတွေ ရဲ့ ဘဝတွေ ကို စိတ်ဝင်စား တာမို့ မလဲ့လဲ့ဝင်း ကို လည်း သူ လျှောက်လှမ်း လာခဲ့ရတဲ့ ဘဝ အကြောင်း မေးမိတာပါပဲ ။ သူတို့ အိုဒီခရီးသွား လုပ်ငန်း ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးသိန်း နဲ့ ကျွန်တော် ခင်မင် ရင်းနှီးခဲ့တာ ဆယ်နှစ် လောက် ရှိပြီ ။ မလဲ့လဲ့ဝင်း နဲ့ လည်း သိကျွမ်းပြီးသား ။ ခရီးသွားလုပ်ငန်း အလုပ် တစ်ဖက် နဲ့ အယ်လ်စီစီအိုင် တက်တာ ၊ စာမေးပွဲ ဖြေတော့ ဘာသာ အားလုံး ခရက်ဒစ် ( Credit ချီးကျူး လေးစားထိုက်တဲ့ အောင်မှတ် ) နဲ့ အောင်ခဲ့တာ လည်း ကျွန်တော် သိပြီးသား ။ အဲဒီ အကြောင်း ကို စပြီး မေးဖြစ်တယ် ။

“ အယ်လ်စီစီအိုင် တက်တာ က စနေ ၊ တနင်္ဂနွေ ။ စနေနေ့ မှာ ရုံး က ခွင့်တိုင်ပြီး တက်တာ ။ ဆရာ ဦးအောင်ဝင်း ရဲ့ သင်တန်း က မနက် ၇းဝဝ နာရီ စတယ် ။ မလဲ့ နေတာ က မြောက်ဒဂုံ ၊ မြောက်ဒဂုံ က နေ ရန်ကုန်မြို့လယ် ပန်းဆိုးတန်း က ဆရာ့ ကျောင်း ရောက်ဖို့ အချိန် တစ်နာရီခွဲ ယူရတယ် ။ ဆရာဦးအောင်ဝင်း ကျောင်းက ထိပ်ဆုံး အထပ် မှာ ။ တော်တော် ကို တက်ယူရတယ် ။ မှတ်မှတ်သားသား ဖြစ်တာက တချို့ လှေကားထစ်တွေ က ခုနစ်ထစ် ၊ လှေကားထစ် တစ်ဖြတ် က ၁၁ ထစ် ၊ အပေါ်ရောက်ရင် မောလှပြီ ။ လမ်း မှာ ကားပျက်လို့ ၊ ကား နောက်ကျလို့ ရှိရင် အဲဒီ လှေကားထစ်တွေ ကို ပြေး တက်ရတာ ၊ ဆရာ က နောက်ကျတာ မကြိုက်ဘူး ”

“ တစ်နေကုန် တက် ရတာလား ”

“ ဆရာဦးအောင်ဝင်း ဆီမှာ Account Management Costing တက်တယ် ။ နေ့လယ်ပိုင်း ဆို ပြီးပြီ ။ ဆရာ့ ကျောင်း က ပြီးတာနဲ့ အောက်ကို ဆင်း ၊ မြို့ ထဲ က ကြုံရာမှာ နေ့လယ်စာ စားတယ် ။ ပြီးရင် လွစ္စလမ်း က ဆရာဦးဝဏ္ဏ ဆီမှာ စတက် ( statistics ) သင်တယ် ။ ပြီးရင် ဂိုက် နဲ့ ထရိန်နင် ဆက်လုပ်တယ် ”

“ တစ်ခါတည်း တန်း ဖြေတာပဲလား ”

“ အယ်လ်စီစီအိုင် လယ်ဗယ် ဝမ်းတူး တစ်ခါ ဖြေလိုက်တယ် ။ ၂ဝဝ၄ မှာ လယ်ဗယ် သရီး ဖြေတယ် ။ အယ်လ်စီစီအိုင် က စာမေးပွဲ ဝင်ကြေး က များတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် မလဲ့ တို့ မိသားစု က ဝန်ထမ်း မိသားစု ဖြစ်တယ် ။ မိဘတွေ ရဲ့ လစာ က နည်းတယ် ။ ဒီ ငွေ ကို သုံးဖို့ တော်တော် ချင့်ချိန် ရတယ် ။ မလဲ့ သုံးလိုက်တဲ့ ဒေါ်လာ ရာကျော် ကို စာမေးပွဲကြေး သွင်းရင် ဆုံးရှုံးမယ့် ပမာဏ ကို ချင့်ချိန်ရတယ် ”

“ တစ်ကြိမ်တည်း နဲ့ အောင်တာပဲ မဟုတ်လား ”

“ အောင်စာရင်း ထွက်တော့ ဖိုးစီ ( Four Credit ) ဆိုတော့ အံ့သြ သွားတယ် ၊ ဟုတ်မှ ဟုတ်ပါ့မလား ပေါ့ ၊ နောက်တစ်ခါ ထပ် ဆက်တယ် ။ ဒီနာမည် ၊ ဒီလူ ဟုတ်ပါ တယ်ဆိုမှ ”

ပင်လယ်ကမ်းခြေ မို့ လေက တသုန်သုန် တိုက်ခတ် နေတယ် ။ လှိုင်းပုတ်သံ က ပင်လယ် ရဲ့ တေး ကို စည်းချက် ပေးသလိုပဲ ။ ကမ်းခြေမှာ လမ်းလျှောက် ရင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကြတယ် ။

ကျွန်တော်က သူ့ ရဲ့ငယ် ဘဝ ကို ဆက်မေးတယ် ။

“ ရန်ကုန် မှာ မွေးတာ ။ ငယ်ငယ် က ဗဟန်း ၊ ဂွတ္တလစ် မှာနေရတာ ။ အမေ အဖေ ရုံး သွားတဲ့ အခါ ရပ်ဆွေရပ်မျိုး အမေစိန် အိမ် မှာ မလဲ့ တို့ မောင်နှမ သုံးယောက် နေခဲ့ရတာ ။ မေမေ က ပြန် ပြောပြတာ ။ ဂွတ္တလစ် မှာ မီး အကြီးအကျယ် လောင်တာတဲ့ ။ အမေ့ရုံး က စက်မှု - ၁ ၊ ရန်ကင်း မှာ ။ နီးတော့ နီးနီးလေးပဲ ။ မီးလောင်တယ် ဆိုတော့ ဘယ်နား လောင်တာလဲ ၊ အမေ က မေးတယ် ။ သမီးတို့ ကို ထားခဲ့တဲ့ လမ်းကြီး လောင်တာ ။ ဟာ .. သားသမီးတွေ ကို ဘယ်လို ပြန် ခေါ်မလဲ ။ အမေ က ပြေး လာတာ ၊ လမ်း ထဲ မှာ မီး က အကြီးအကျယ် လောင်နေပြီ ။ သားသမီးတွေ ကို ဘယ်လို လိုက် ရှာရမှန်း မသိတော့ဘူး ။ အမေစိန် ကတော့ သူ့ ပစ္စည်း ဘာမှ မယူဘဲ ဒီကလေး သုံးယောက် ပဲ လက် ဆွဲပြီး ထွက်သွားတာ ။ သူ့ အိမ် တစ်အိမ်လုံး ပြာကျ သွားတာ ။ ကလေး သုံးယောက် သံယောဇဉ် ပေါ့ နော် ။ အမေတို့ က သူ့ ကို ပြန် စောင့်ရှောက် ပေးထား တယ် ”

ကျွန်တော်တို့ စကား ကောင်းနေဆဲ မှာပဲ မထင်မှတ်ဘဲ မိုးဖွဲဖွဲ ရွာချပါတယ် ။ ဟိုတယ်ဘက် ကို ခပ်သုတ်သုတ် ပြန် ပြေးလာပြီး ဧည့်ခန်းဆောင် ဆိုဖာ မှာ ထိုင်ရင်း စကား ဆက်ကြတယ် ။

“ မိဘတွေ က ဝန်ထမ်းတွေ မို့ ခဏခဏ ဟိုပြောင်း ဒီပြောင်း ပြောင်းရတယ် ။ အိမ် ပြောင်းတဲ့ ဒုက္ခ တော်တော် ခံရတာပေါ့ ။ ဗဟန်း က နေ လှိုင် ၊ နောက်တော့ မြောက်ဒဂုံ ကို ပြောင်းခဲ့ကြတယ် ။ မလဲ့ ဆယ်တန်းရောက်တော့ အိမ် မှာ ဆယ်တန်း သုံးယောက် ဖြစ်နေပြီ ”

သူ က ပြောရင်း ရယ်တယ် ။

“ မလဲ့ မှာ အစ်မ အကြီးဆုံး ရှိတယ် ။ အစ်ကို ရှိတယ် ။ နှစ်နှစ်ကြီး ၊ နှစ်နှစ်ငယ် တွေ ။ ဆယ်တန်း ဖြေကြတော့ အစဉ်အလိုက် ကျကျလာလိုက်တာ ။ မလဲ့ ဆယ်တန်း ရောက်တော့ အိမ် မှာ ဆယ်တန်း သုံးယောက် ဖြစ်နေပြီ ။ စီးပွားရေး အရ လည်း ဆယ်တန်း သုံးယောက် ရဲ့ စရိတ် က မသက်သာဘူး ။ အဖေ နဲ့ အမေ က အစိုးရဝန်ထမ်း လခ နဲ့ ရပ်တည်ရတာ ”

မလဲ့လဲ့ဝင်း ရဲ့ အတွေးတွေ က အတိတ် ကို လွင့်မျော သွားပုံ ရပြီး ခပ်တွေတွေ လေး ငေးမော နေတယ် ။

“ ကျူရှင် ဆိုရင်လည်း အဲဒီ အချိန် က camp တွေ ၊ day special တွေ ခေတ်စားတဲ့ အချိန် ။ မလဲ့ သူငယ်ချင်းတွေ က day special တက်ဖို့ ခေါ်တယ် ။ မလဲ့ ရည်မှန်းချက် က ဆရာဝန်ဖြစ်ဖို့ ။ သူငယ်တန်း ကတည်း က နှစ်စဉ်နှစ်တိုင်း ဆုရခဲ့တာ ။ အိမ် အခြေအနေ အရ ကျုရှင် ကို တစ်ဘာသာချင်း ပဲ မလဲ့ ယူလိုက်နိုင်တယ် ။ မလဲ့ သူငယ်ချင်း က day special တက်ဖို့ ခေါ်တယ် ။ မတက်ဘူး ။ အဲဒီ အချိန်က မလဲ့ တို့ အားကိုးရာ က ငွေကြာယံ ပဲ ။ ငွေကြာယံ ဘုန်းကြီးကျောင်း ပဲ ပြေးတယ် ။ မနိုင်တဲ့ ဘာသာတစ်ဘာသာ ချင်း ပဲ ယူရတယ် ”

“ နေ့ကျောင်း လည်း တက်မှာပေါ့ ”

“ တစ်နေကုန် ကျောင်းတက်ရ သေးတယ် ။ စနေ ၊ တနင်္ဂနွေ နေ့ မှ ကျူရှင် တစ် ဘာသာချင်း ပြေးတက်ရတာ ။ ကျူရှင် က တောင်ဥက္ကလာပ မှာ ။ မလဲ့ ဆယ်တန်း တက် တဲ့ နှစ် မှာ ဘေလီတံတားကြီး ကျိုးတယ် ။ မြောက်ဒဂုံ က တောင်ဥက္ကလာပ ကို လာဖို့ က ဘေလီတံတား က အနီးဆုံးပါ ။ ဘေလီတံတားကြီး ပိတ်လိုက်လို့ တောင်ဥက္ကလာ က ကျူရှင် တက်ဖို့ မြောက်ဥက္ကလာ က လှည့်သွားရတယ် ”

သူ က ပြောရင်း ရယ်တယ် ။

“ ၇းဝဝ နာရီ ရောက်ဖို့ အတွက် မနက် ၅းဝဝ နာရီ ကတည်း က ကားစောင့် စီးရတာ ၊ ရူပဗေဒဆရာ ဦးလှဖုန်း ကလည်း အရမ်း စည်းကမ်း ကြီးတာ ။ စာသင်ပြီ ဆို အမှန်အတိုင်း ပြောရရင် မလဲ့ ငိုက်ပြီ ”

“ အိမ် မှာ ဆယ်တန်း မောင်နှမ သုံးယောက် က စာအော် ကျက်တဲ့ အကျင့် တူတယ် ။ ဘယ်လို လုပ်ရသလဲ ဆိုတော့ သူတို့ စာကျက်တဲ့ အချိန် မလဲ့ အိပ်တယ် ။ သူတို့ အိပ်တဲ့ ည ၁၂းဝဝ နာရီ ၊ ၁းဝဝ နာရီ ကျမှ မလဲ့ စာ ထ ကျက်တယ် ”

“ မလဲ့တို့ ဆယ်တန်း ၊ ၁၉၉၇ ခုတုန်း က လျှပ်စစ်မီး က သိပ် မပျက်သေးလို့ ည မှာ စာ ထ ကျက်လို့ ရတာပေါ့နော် ”

မလဲ့လဲ့ဝင်း က ရယ် ပြန်တယ် ။

“ မလဲ့တို့ မြောက်ဒဂုံ က ဖယောင်းတိုင် နဲ့ စာကျက်ရတာ ”

“ အခြေအနေ အရ ဆရာဝန် ဖြစ်ဖို့တော့ သိပ် မလွယ်တော့ဘူး ”

“ မလဲ့ က ကိုယ့် အနေအထား အရ ဆေးကျောင်း တက်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ သိတယ် ။ နောက် တစ်ဆင့် အနေနဲ့ အီကို ( economic ) ဝါသနာ ပါတယ် ။ ဒေး တက်မယ် ဆိုရင် ရွာသာကြီး မှာ တက်ရမယ် ။ အစိုးရ ဝန်ထမ်း သားသမီး ဒေး တက်ဖို့ မလွယ်ဘူး ။ မလဲ့ ဆယ်တန်း အောင်ပြီးတာ နဲ့ ယခု အလုပ် ထဲ ဝင် လိုက်တယ် ။ ဆရာဝန် မဖြစ်တောင် B.Com သိပ် ဖြစ်ချင်တာ ။ ဒါပေမဲ့ အဝေးသင် တက်ပြီး Physics ယူလိုက်တယ် ။ အလုပ် က လည်း မလဲ့ ကို အများကြီး ညှာတယ် ။ စနေ ၊ တနင်္ဂနွေ ဆိုရင် practical တွေ သွားခွင့် ပေးတယ် ”

ကျွန်တော်တို့ ချင်း စကား ကောင်း နေကြပေမယ့် ခရီး ဆက်ကြရဦးမယ် ။ ကိုလံဘို မှာ တည်း တဲ့ ဟိုတယ် က ထွက်ပြီး သီရိလင်္ကာနိုင်ငံ ရဲ့ လက်ဖက်ခြောက် မြို့တော် နူဝါရာအီလီယာ ကို ခရီးဆက် ကြတယ် ။

ကား နောက်ဆုံး ခုံတန်း မှာ မလဲ့လဲ့ဝင်း နဲ့ ကျွန်တော် အတူတူ ထိုင်ကြတယ် ။

သူ လုပ်ကိုင် နေတဲ့ ခရီးသွား လုပ်ငန်း က ပျော်စရာလေးတွေ ကျွန်တော် မေးတယ် ။

“ ပြည် ကနေ နဝဒေးတံတားကြီး ဖြတ်ပြီး အမ်း တောင်ကြားလမ်း အတိုင်း ရခိုင် ကို သွားတာ ။ အဲဒီအချိန် မှာ ပြည် ရွှေဆံတော် ဘုရားကြီး ကို ညဘက် ဝင်ဖူးတယ် ။ မလဲ့ က သမိုင်းကြောင်း ရှင်းရတာပေါ့ ။ ပြည် ရွှေဆံတော် ရဲ့ ထူးခြားချက် က ထီးတော် နှစ်ဆင့် တင်ထားတာ ။ ဒီလို တင်ထား တာ ကလည်း အဓိပ္ပာယ် ရှိတယ် ။ မွန်မြန်မာ ချစ်ကြည်ရေး အတွက် သမိုင်းကြောင်း နဲ့ ရှင်းပြလိုက်တော့ ဧည့်သည် တစ်ယောက် က သူ့ အသက် ၈၀ ကျော်ပြီ ၊ ပြည်ရွှေဆံတော် ကို လည်း အကြိမ်ကြိမ် ရောက်တယ် ။ ထီးတော် နှစ်ဆင့် တင်လှူထားတာ ကို မသိဘူးတဲ့ ။ ဒါကြောင့် ကျေးဇူး တင်တယ်တဲ့ ။ ကိုယ် ပြောလိုက်တဲ့ knowledge တစ်ခု က သူ့ အတွက် အကျိုး ရှိတယ် ဆိုလို့ ဝမ်းသာတယ် ။ Tour leader လုပ်ရတာ ကို ပျော် သွားတယ် ”

“ စိတ်ဆင်းရဲ ခဲ့ရတာလည်း ပြောပါဦး ”

သူ တွေတွေလေး စဉ်းစားတယ် ။

“ အသက် ၈ဝ ကျော် အငြိမ်းစား အရာရှိကြီး တစ်ယောက် မလဲ့ တို့ ဆီ လက်မှတ် လာ ဝယ်တယ် ။ သူ ဘာ တောင်းဆိုသလဲ ဆိုတော့ မြန်မာပြည် အနှံ့အပြား သွားပြီးပြီ ။ ကျောက်တော် မဟာမြတ်မုနိဘုရား မဖူးရသေးဘူး ။ ဒါကြောင့် သူ့ ကို ခေါ်သွားပေး ပါတဲ့ ။ အဲဒီ အချိန်က ကား နဲ့ ပဲ သွားရတာ ။ ကားလမ်း ကလည်း အရမ်း တင်းကျပ်တယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် သူ့ ကျန်းမာရေး အနေအထား အရ ခေါ်မသွားရဲဘူး ။ ပြီးတော့ သူ က အက်ဖ်အာရ်စီ ဖြစ်နေလို့ ပေး မသွားဘူး ။ ဒါ ရှင်းပြတယ် ။ သူ ကလည်း သွားချင်တယ် ။ အမ်း တောင်ကြားလမ်း ရောက်တော့ သက်ဆိုင်ရာ က ပေး မသွားဘူး ။ ဘယ်လို ရှင်းပြလို့ ၊ တောင်းပန်လို့ မှ မရဘူး ။ ဒါနဲ့ ခရီးစဉ် အားလုံး ပြန် လှည့်ကြမလား ပေါ့ ။ အဘ က ဘာပြောသလဲ ဆိုတော့ အဘ နေခဲ့မယ် ။ အဘ ကိုယ်စား မဟာမြတ်မုနိ ဘုရား ကို သမီး ရောက် အောင် သွားပြီး ရုပ်ပွားတော်တစ်ဆူ ရင်ငွေ့တော် လှုံပြီး ပင့်ခဲ့ပါတဲ့ ။ အဘ အတွက် ဝမ်းအနည်းဆုံးပဲ ”

မလဲ့လဲ့ဝင်း နဲ့ အတူ ခရီးသွားရင်း သူ့ ခရီးသည် ဘဝ အတွေ့အကြုံတွေ အများ ကြီး သိခွင့် ရခဲ့ပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment