Monday, April 14, 2025

စပွန်ဆာသင်္ကြန် အိမ်ဂရန်သင်္ကြန်


 

❝ စပွန်ဆာသင်္ကြန် အိမ်ဂရန်သင်္ကြန် ❞
           ( ဗေလုဝ )

ဒီကနေ့ ခေတ် သင်္ကြန်ကား စပွန်ဆာများ နှင့် ထုံမွမ်းထားသော သင်္ကြန် ဟု ခေါ်ဆိုလျှင် မှားမည် မထင် ။ ဘယ် မဏ္ဍပ် ကို ကြည့်ကြည့် ကြီးကြီးသေးသေး စပွန်ဆာ ပေးထားသော ကုမ္ပဏီ အမှတ်တံဆိပ်များ အခံ့သား နေရာ ယူထားကြသည် ။ အနုပညာရှင်များ ကို လည်း စပွန်ဆာ ပေးထားကြ၍ ဖျော်ဖြေရေးစင်များ တွင် စည်ကားသိုက်မြိုက်လှသည် ။

ဒါဟာ ဒီနေ့ ခေတ် သင်္ကြန် ရှုမျှော်ခင်း ရဲ့ စပွန်ဆာ သင်္ကြန် ။

ကျွန်တော်တို့ ခေတ် သင်္ကြန် ကား အိမ်ဂရန် သင်္ကြန် ၊ ၁၉၇၅ - ၁၉၈၈ ထိ ။ သင်္ကြန် နား နီးလျှင် ကျွန်တော်တို့ အမှတ် - ၉၄ ၊ ( ၈ ) ရပ်ကွက် ၊ ( ၃ ) လမ်း အိမ်ဂရန် ကား မျက်ခုံးလှုပ်စ ပြုလာပြီ ။

စွယ်စုံအလှပြ ကား သူ့ခေတ် သူ့အခါ က ကုန်ဈေးနှုန်း ၊ အသင်းဝင်ကြေး ဟု သာ နာမည် တပ်ထားတာ ။ ပေးတဲ့ အဖွဲ့ဝင် က ခပ်ရှားရှား ။ ဒီတော့ အလှပြကား တစ်စီး လူလုံးလှဖို့ အတွက် အိမ်ဂရန် ဘက် ကို ခြေဦး လှည့်ရသည် ။

ထုံးစံအတိုင်း ကိုယ့် ပစ္စည်း ကိုယ် ပြန်ပြီး ငတက်ပြား ပေါ့ ။ နံပါတ်တစ် သံချပ်သရုပ်ပြ၊ သရုပ်ပြ ပစ္စည်း အတွက် ကုန်ကျစရိတ် ၊ ကားအလှပြ နှစ်ထပ် အတွက် သစ် ၊ ပိတ် ၊ ပန်းချီ ၊ အလုံးစုံသော ကုန်ကျစရိတ် အတွက် အဖွဲ့ဝင်တွေ ညှိနှိုင်း ဆောင်ရွက်၍ စွယ်စုံသင်္ကြန်ကား တစ်ကား ဖြစ်ဖို့ အတွက် ပေါင်နှံ ၊ ရောင်းချ ၊ ချေးငှား ၊ ကြွေးယူ ၍ သင်္ကြန် အကြိုနေ့ မတိုင်ခင် အလှူခံ ထွက်ဖို့ ကြိုးစားရတော့သည် ။

ဒါက မူလရည်မှန်းချက် ။ သို့သော် ဖြစ်မလာခဲ့ ။ အကြောင်း အမျိုးမျိုးကြောင့် ၊ ပြဿနာ အမျိုးမျိုးကြောင့် သင်္ကြန် အကြိုနေ့ တောင် ညနေစောင်း မှ ထွက်ဖြစ်သည် ။ ဝတ်စုံပြည့် နဲ့ အပေါစား မိတ်ကပ်အဖုံဖုံ တို့ ကြောင့် ကျွန်တော် ၏ ‘ ဒိုးဒိုးဒေါက်ဒေါက် ’ စွယ်စုံ အလှပြကား မှာ ဝင်းဝင်းတောက် အောင် လှနေ တော့သည် ။

အကြိုနေ့ မှာ မဏ္ဍပ်အသေး တစ်မဏ္ဍပ် မှာ စ ဇာတ်တိုက်သည် ။ တီးဝိုင်း နှင့် အဝင်အထွက် မှန် မမှန် တိုက်သည် ။ အဲဒီ မဏ္ဍပ် ကတော့ ဘာ ဆုမှ မျှော်မှန်းမထား ။ မျှော်မှန်း ထားလို့လည်း မရ ။ ကပေါက်တိ ကပေါက်ချာ ဖြစ်နေတာ ။ ဘယ် ဒိုင် က အမှတ် ပေးမှာလဲ ။ မြန်မြန် ဆင်းပါစေလို့ တောင် ဆုတောင်း နေဦးမယ် ။ အဲ ... အကျနေ့ ရောက်တော့ ကန်တော်ကြီး မှာ ဇာတ် ပြန်တိုက် ၊ အမှားတွေ ပြင် ၊ အကျနေ့ က တော့ ထပ် မှား၍ မဖြစ် တော့ ။ ထပ် မှားနေရင်တော့ စွယ်စုံ မပြောနဲ့ ... သံချပ် တတိယ တောင် ရမှာ မဟုတ် တော့ ။ အသင်းဝင်တွေ ကို စိတ်ဓာတ် တက်ကြွအောင် နည်းဗျူဟာ အမျိုးမျိုး နှင့် စည်းရုံးရသည် ။ အသင်း ခေါင်းဆောင် ကျွန်တော် မောင်မောင်မြင့်အောင် ကား သင်္ကြန် အကျနေ့ မှာ ပင် မျက်တွင်း က ဟောက်ပက် ၊ အားက ပြတ်၍ အားဆေး ကို တွေ့ရာ ဆေးခန်း မှာ ပြေး သွင်းရသည် ။

မှတ်မှတ်ရရ ... ရေကျော် တစ်ဝိုက် က ဆေးခန်း တစ်ခု မှာ ကျွန်တော့် ရှေ့က ပုဂ္ဂိုလ် တစ်ယောက် က ပက်လက်ကြီး အားဆေး သွင်းနေသည် ။

ဆရာဝန် က ...

“ နေဦးဗျ ... ခင်ဗျား ရှေ့မှာ ကိုခင်မောင်ဆွေ အားဆေး သွင်းနေတယ် ”

ဪ ... သူ လည်း ငါ့ လိုပဲ အားပြတ် နေပြီနဲ့ တူတယ် ဟု စိတ်ထဲမှာ တွေးမိ လိုက်သည် ။ ပြိုင်ဘက် ဖြစ်ပေမဲ့ ပင်ပန်းတဲ့သူ အချင်းချင်း မို့ စာနာစိတ် ဝင် သွားသေးသည် ။ သူ ကား “ ယဉ်ကျေး မောင် ” အသင်း ခေါင်းဆောင် ရွှေတိုင်မြ ကိုခင်မောင်ဆွေ ဖြစ်သည် ။ သူ ၏ အသင်း ကား ရန်ကုန်တိုင်း မှာတော့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်ခဲ့ပါသည် ။ ကျွန်တော် ဒီ စာမူ ရေးနေချိန် တွင် ကိုခင်မောင်ဆွေ ကား သူ ချစ်တဲ့ သင်္ကြန်တွေ နှင့် ဝေးရာ ဟို .. သုခဘုံ တစ်ခု မှာ ။

အကြတ် ၊ အတက် မဏ္ဍပ် အရေအတွက် များများ ပြိုင်ရ ပါ မှ ၊ မိုးလင်း ပြိုင်ကြရသည် ။ ဒါက ပြိုင်ပွဲဝင် အသင်းတိုင်း ။ တစ်ခါတလေ ဒိုင် က နေကာမျက်မှန် တပ်ပြီး အိပ် နေသည် ။ ကျွန်တော်တို့ ကား မသိ ။ အားကြိုးမာန်တက် ပြိုင်နေသည် ။ ဆုစာရင်း ထွက်လာတော့ ကျွန်တော်တို့ နာမည် ဘယ် နေရာမှ ပါမလာတော့ ။

သင်္ကြန် အတက်နေ့ ကတော့ မည်သည့် အသ င်း မဆို မီးကုန်ယမ်းကုန် ပြိုင်ပွဲဝင်သော နေ့ ။ တချို့ မဏ္ဍပ်တွေ ဆို ရင် အတက်နေ့ ၁၂ နာရီ ကျော် လျှင် ပြိုင်ပွဲ စာရင်း ပိတ်သည် ။ ကိုယ်တိုင် က မဏ္ဍပ် နှင့် ခင်မင်နေ၍

“ ဆရာတွေ ... မပိတ်ပါနဲ့ဦး ... ကျွန်တော် ဒီနှစ် မဏ္ဍပ် နည်းလို့ ပါ ... ကျွန်တော့် ကို နောက်ဆုံးပိတ် ခွင့်ပြုပါဦး”

လို့ ပြောပြီး အတင်း ဇွတ် ဝင် ပြိုင်ရသည် ။ ပြိုင်ပွဲဝင် ပြီးလို့ အစီအစဉ် ကြေညာသူ က

“ မောင်မောင်မြင့်အောင် ဦးစီးတဲ့ “ ဒိုးဒိုးဒေါက်ဒေါက် ” စွယ်စုံပြိုင်ပွဲဝင် အသင်း ကတော့ နောက်ဆုံးပိတ် အိတ် နဲ့ လွယ်တော့မယ် နဲ့ တူတယ် ... ကျွန်တော်တို့ မဏ္ဍပ် က အမှတ်စာရင်းတွေ ထွက်ဖို့ အတွက် မဏ္ဍ ပ်ကို ပိတ်ခဲ့ သော်လည်း ပြိုင်ပွဲဝင်ခွင့် ပြု လိုက်တဲ့ “ ဒိုးဒိုးဒေါက်ဒေါက် ” အသင်း ကို ကြည့်လိုက်ရတဲ့ အချိန် မှာ ပြိုင်ပွဲဝင်ခွင့်ပြုလိုက်တာ မှန်တယ် ဆိုတာ ကျွန်တော် တို့ ဒိုင်အဖွဲ့ နဲ့ ပရိသတ် က မှတ်ချက်ချခဲ့ပါတယ် ... ဒိုးဒိုးဒေါက်ဒေါက် အဖွဲ့သားတို့ ရေ ... စွယ်စုံဆု စာရင်း ကြေညာမယ့် ဆိုင်းဘုတ် မှာ ရဲဘော်တို့ အသင်း နာမည် ကို ထိပ်ဆုံး က ကြည့်လိုက်ကြပါတော့လို့ ပြောရင်းနဲ့ ရဲဘော်တို့ လိုရာ ခရီး ကို သွားနိုင်ကြပါပြီ ”

ထိုပုဂ္ဂိုလ် ၏ အပြော ကြောင့် ကျွန်တော် တို့ တစ်သင်းလုံး က ...

“ အစ်ကို ရေ ... ဒီ မဏ္ဍပ် ကတော့ စွယ်စုံ ကျိန်းသေပြီ ”

ဟု ထင်ကြေး ပေး လိုက်ကြသည် ။ ဘာ ပဲပြောပြော အခိုက်အတန့်လေး မှာ တော့ စိတ်သက်သာရာ ရသည် ။ နှစ်ဆန်း တစ်ရက် နေ့ သွား ကြည့်တော့ သံချပ် တတိယ နှင့် သာ ကျေနပ်လိုက် ရသည် ။ နောက်မှ သိလိုက်ရသည် မှာ ထို ပုဂ္ဂိုလ်သည် အသင်းတိုင်း ကို စိတ်ချမ်းသာအောင် ထို စကားလုံးများ ကို သာ တွင်တွင် သုံးလေ့ ရှိကြောင်း သိလိုက်ရသည် ။

ကဲ ... အိမ်ဂရန်သင်္ကြန် ကား နိဂုံးပိုင်း ကို ရောက်ရှိလို့ လာခဲ့ပါပြီ ။ ဒီနှစ် မှန်းချက် နှင့် နှမ်း ထွက် မကိုက်သည့် အတွက် ရှုံးပါတော့သည် ။ ကားဖိုး ၊ အထွေထွေဖိုး တွေ မရှင်းနိုင်တော့ပါ ။ အိမ်ဂရန် ပြန်ရွေးရန်ကား ဝေလာဝေး ။ သင်္ကြန် ပြီး၍ တစ်လကျော် ကြာသည့် တိုင်အောင် ကျွန်တော် ဇာတ်ဆရာ မောင်မောင်မြင့်အောင် ကား ကြွေးမြီများ နှင့် ထွေးလုံးရစ်ပတ် ။

တစ်ရက် ကျွန်တော့် အဖွဲ့သား လက်ကျန် သုံးဦး နှင့် အိမ် အပေါ်ထပ် မှာ အသင်း ကို ပြန်လည် ဝေဖန်သုံးသပ် နေဆဲ မှာ

“ ကိုမြင့်အောင် ... ကိုမြင့်အောင် ”

ဟု အော်ပြီး တက်လာသူ ကား မြောက်ဥက္ကလာပ မှ ဓာတ်စက် အကြွေးကျန် ကို လာ တောင်းသည့် ကိုတင်ဝင်း ။ ကျွန်တော့် မှာ အမှတ်တမဲ့ မို့ ပြေးစရာကား မ ရှိ။ နီးစပ်ရာ ဖျာလိပ် ထဲ မှာ ငုတ်တုတ်လေး ဝင် ပုန်းရလေသည် ။

“ အေးဗျာ ... အသင်း က ကောင်းရဲ့သား နဲ့ ရှုံးတာ .. ကျွန်တော် လည်း လာရတာ ဝေးတယ် ... ကိုမြင့်အောင် ကို ပြောလိုက်ပါဗျာ ... အဆင်ပြေတဲ့ အချိန် ကျွန်တော့် အကြွေးကျန်လေး ပေးပါလို့ ”

ကျွန်တော် ကား ဖျာလိပ် ထဲ မှာ ချွေးဒီးဒီး နှင့် ကိုတင်ဝင်း စကား ကို ကပ်လျက် ကြားနေရသည် ။

ဤကား ကျွန်တော် ၏ အိမ်ဂရန်သင်္ကြန် သာ ဖြစ်ပါတော့သည် ။

▢ ဗေလုဝ
📖 8 days
      မတ်၊ ၂၀၁၀

No comments:

Post a Comment