❝ အတ္ထုပ္ပတ္တိ ဆရာ ❞
( ကြူးနစ် )
ကိုခင်မောင်ကျော် နှင့် ကျွန်တော်တို့ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း မှာ အမှတ်မထင် ဆုံစည်း ရင်းနှီးခဲ့ ကြခြင်း ဖြစ်သည် ။ အဆိုပါ ဘုန်းတော်ကြီးကျောင်း တွင် တစ်နှစ် လျှင် တစ်ကြိမ် မိုးကုတ်ဝိပဿနာ တရားစခန်းပွဲ ကျင်းပလေ့ ရှိသည် ။ စခန်းပွဲ ကာလမှာ ( ၇ ) ရက် ဖြစ်ပါသည် ။ ထို ဘုန်းတော်ကြီးကျောင်းမှာ ယောဂီများကို ( ၇ ) ရက် စခန်းသွင်း၍ တရား အားထုတ်စေသည် ။ နယ်လှည့် ဓမ္မကထိက ဆရာတော် ၏ ဝိပဿနာ အလုပ်ပေးတရား တော်များ ကို နာကြားစေသည် ။ မနှစ်က တရားစခန်းပွဲ မှာ ကျွန်တော် သည် သူစိမ်းပြင်ပြင် ဖြစ်သော ကိုခင်မောင်ကျော် နှင့် တွေ့ဆုံ ကျွမ်းဝင်ခဲ့ပါသည် ။ အသက်အရွယ် ချင်း ကလည်း မတိမ်းမယိမ်း ၊ ဝိပဿနာကျင့်စဉ်များ မှာ လေးနက် ကိုင်းညွတ်သော စိတ်နေစိတ်ထားချင်းလည်း တူ ၊ ခေတ်ပညာတတ်များ လည်း ဖြစ်နေခဲ့ကြခြင်း ကြောင့် ကျွန်တော်တို့ နှစ်ယောက် “ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ” မိခဲ့ကြသည် ။ အထူးသဖြင့် နာမည် မထင်ရှား သော်လည်း ခေတ်နှင့် စာပေ ကို ထင်ဟပ် ပေါင်းစပ်ပေးသည့် သဘောထားများ ကို ရိုးသားစွာ ဖွင့်ဟ တတ်သည့် ကျွန်တော် အား “ လေးစားအပ်သော စာရေးဆရာ ” တစ်ဦး အဖြစ် ကိုခင်မောင်ကျော် က အသိ အမှတ်ပြု ခင်မင် နှစ်လိုဟန် ပြပါသည် ။ ကျွန်တော် က တော့ စက်မှုကုမ္ပဏီ တစ်ခု မှ နိုင်ငံခြားပြန် အင်ဂျင်နီယာ တစ်ဦး ဖြစ်သော ကိုခင်မောင်ကျော် ကို သိကျွမ်းခွင့် ရသဖြင့် ကျေနပ်ရပါသည် ။
ကျွန်တော်တို့ ၏ ပုံပန်း သွင်ပြင်တွေ ကလည်း ခပ်ဆင်ဆင်ပဲ ဖြစ်ကြသည် ။ နှစ်ဦးစလုံး ဖြူဖြူ သွယ်သွယ် ၊ ပိန်ပိန်တွေ .. နှစ်ဦးစလုံး ဒီဂရီမျက်မှန် ကိုယ်စီ နှင့် ။
ကိုခင်မောင်ကျော် ၏ အမူအကျင့် နှင့် စပ်လျဉ်း လာ လျှင် ကျွန်တော် အနည်းငယ် ဘဝင် မကျချင်သော အချက် တစ်ချက်တော့ ရှိသည် ။ ယင်းအချက်ကတော့ သူ သည် အရာရာတိုင်း အပေါ် လိုအပ်သည် ထက် ပို၍ အလေးအနက် ထားတတ် ၊ အာရုံပြုစူးစိုက်တတ်ခြင်း ဖြစ်သည် ။ သူ သာ ကျွန်တော့် လို စာရေးဆရာ တစ်ဦး ဖြစ်ခဲ့လျှင် ထို အမူအကျင့် က ကောင်းစွာ အထောက်အကူပြု၍ သူ့ စာပေများကြောင့် သူသည် မြန်မာ စာပေလောက မှာ အောင်မြင်ကျော်ကြားနိုင်သည် ။ ကျွန်တော့် စရိုက်မှာမူ ရောင့်ရဲမှု ကို ဦးစားပေး တတ်သဖြင့် အရေးကိစ္စ တိုင်း အပေါ် လေးလေးနက်နက် စူးစိုက် အာရုံ မပြုတော့ဘဲ သာမန် သူလို ကိုယ်လို သဘောထား ခံစားမှု ဖြင့်သာ တုံ့ ပြန်တတ်ပါသည် ။ ဤအရည်အချင်း ကြောင့် ကျွန်တော် သည် တော်ရိလျော်ရိ စာရေးဆရာဘဝ မှာ မထင်မရှား ၊ မရှိမရှား အေးချမ်းစွာ ကျင်လည် နေခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ ၁၉၇၈ ခု ရုရှား စာရေးဆရာကြီး “ တော်စတွိုင်း ” လောက် ကျွန်တော် ကျော်ကြားနိုင်မည် မဟုတ်မှန်း ၂၁ ရာစု အင်္ဂလိပ် စာရေးဆရာမ ( ဟယ်ရီပေါ်တာ ဝတ္ထုများ ရေးသူ ) “ ဂျေကေရိုးလင်း ” လောက် ကျွန်တော် ငွေရနိုင် မည် မဟုတ်မှန်း သိရှိနားလည် ကတည်းက ကျွန်တော် ၏ မာန်မာနများ အငွေ့ဖုံး လွင့်ပြယ် သွားခဲ့ကြပါပြီ ။ ဒါကိုပဲ ကျွန်တော် နှစ်သက် ကျေနပ်ပါသည် ။ ထင်ပေါ် ကြီးကျယ်ခြင်း ကို ကျွန်တော် မလိုလားပါ ။
တရားစခန်း နောက်ပိုင်း တွင် ကိုခင်မောင်ကျော် နှင့် ကျွန်တော်တို့ အဆက်အသွယ် မပြတ်ခဲ့ချေ ။ တစ်လလျှင် ၃/၄ ကြိမ် လောက်တော့ တယ်လီဖုန်း ဖြင့် စကား ပြောဖြစ် ၊ တရားဓမ္မ နှင့် ဒဿနရေးရာ အချို့ ဆွေးနွေးဖြစ်ကြသည် ။ သူ သည် ခင်မင် နှစ်လိုဖွယ်ရာ ကောင်းလှပါသည် ။
မနေ့က ညဉ့်ဦးပိုင်း မှာ ကိုခင်မောင်ကျော် က ကျွန်တော့် ထံ ဖုန်းပြော လာခဲ့ပါသည် ။
“ ဆရာ မင်းပေါ် တော့ ရတနာပုံ ဆိုက်ကိန်း ဝင်ပြီဗျ ” ဟု သူ က ပြောသောအခါ ကျွန်တော် မသိမသာ စိတ်လှုပ်ရှား မိသည် ။
“ ဆိုပါဦး ကိုခင်မောင်ကျော် တရားထိုင်ရင်း ဘယ်လို ကမ္မနိမိတ်တွေ မြင်လို့များလဲ ... ”
“ လောကုတ္တရာပိုင်း နဲ့ မဆိုင်ဘူး ဆရာမင်းပေါ် အခုဟာက လောကီ သက်သက်ပဲ ။ ခင်ဗျား ကြီးပွားဖို့ အခွင့်အရေးပဲ ။ ကံအလှည့် သင့်ရင် ခင်ဗျား ကြီးပွားချမ်း သာရုံသာ မကဘဲ အောင်မြင်ကျော်ကြားမှုပါ ရနိုင်တယ် ။ အခွင့်အရေး ကတော့ စာရေးဆရာ တစ်ယောက် အနေနဲ့ ဆိုရင် မဟာ အခွင့်အရေးကြီးပဲ ဆရာမင်းပေါ် ရဲ့ ”
သူ က မဟာ အခွင့်အရေးကြီး အကြောင်း ကို ဆက် လက်ရှင်းပြပါသည် ။ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ခံစားရပါသည် ။ သူ ပြောသလို ကျွန်တော့် အတွက် မဟာ အခွင့်အရေး ပင် ဖြစ်ပါသည် ။ ယနေ့ သူ နှင့် ကျွန်တော် ချိန်းဆိုကြပြီး သူက သူ ၏ ကား ဖြင့် ကျွန်တော့် ကို တစ်နေရာ မှ စောင့်ကြိုသည် ။ ထို့နောက် ကား ကို သူ ကိုယ်တိုင် မောင်းကာ မြန်မာပြည် ၏ ဒုတိယအဆင့် ရေပေါ် ဆီ လူ့မလိုင်လွှာများ နေထိုင်ရာ ရပ်ကွက် သို့ ခေါ်ဆောင် သွားသည် ။ ကားပေါ်တွင် သူ က ကျွန်တော် ကြိုတင်သိ ထားသင့်သော အချက်အလက်များကို အသေးစိတ် ပြောပြခဲ့ပါသည် ။ ကျွန်တော် က အာရုံစိုက် နားထောင်သည် ။
သူ ပြောပြသည်မှာ သူ ၏ အလုပ်ရှင် စက်မှုလုပ်ငန်းပိုင်ရှင်ကြီး “ ဦးစံဖေ ” ၏ သူ သိသမျှ ဘဝဇာတ်ကြောင်း ။
မကြာခင်မှာပဲ ကျွန်တော် သည် သူဌေးကြီး ဦးစံဖေ ၏ ရှေ့မှောက်သို့ ရောက်ရှိ သွားသည် ။ ကိုခင်မောင်ကျော် က ဦးစံဖေ နှင့် ကျွန်တော့် ကို မိတ်ဆက် ပေးပြီး အခန်းပြင် သို့ ထွက်ခွာ သွားပါသည် ။ ကျယ်ဝန်းကြီးမား သလောက် သားနား ခန့်ညားသော သီးသန့်ဧည့်ခန်း ဆောင်ကြီး ထဲမှာ ကျွန်တော် နှင့် ဦးစံဖေ တို့ နှစ်ယောက် ကျန်ခဲ့သည် ။
ကျွန်တော် အိပ်မက် မက် နေခြင်းတော့ မဖြစ်နိုင်ပါ ။
ကျွန်တော့် ရှေ့က မျက်နှာချင်းဆိုင် ဆိုဖာကြီး ပေါ် မှာ မြန်မာပြည် ၏ ( ၂၁ ) ရာစု ထိပ်တန်းသူဌေး စာရင်းဝင် သူဌေးကြီး ထိုင်နေပါသည် ။ သို့သော် ယုံနိုင်စရာတော့ မရှိလှပါ ။
ဦးစံဖေ သည် အသက် ( ၇၀ ) ကျော်ရုံ တော့ ရှိ လောက်ပြီ ၊ ပုပုဝဝကြီး ဖြစ်သည် ။ အသား က မည်းရ သည့်အပြင် ပြာနှမ်း နေသောကြောင့် “ အသားပြာဆီကြေး ” ဟု ခေါ်ကြသည့် မည်းပြောင်ပြောင်ညိုလဲ့လဲ့ အသားရောင်မျိုးဖြစ်သည် ။ ဘဲမြီးဆံထောက် ဆံပင်တွေ တစ်ချောင်း မကျန် ဖြူဖွေး နေကြပြီး မျက်လုံးကြီးတွေ ကတော့ ဒေါသ ထွက်နေသော ယစ်ထုပ် မျက်လုံး လို ပြောင်ဝင်းပြူးထွက်နေသည် ။ မည်းညစ်ညစ် ပူဖောင်းဖောင်း ပါးပြင် နှစ်ဖက် ပေါ်မှာ ဗြုတ်တွေ ထ နေကြပုံ က မသတီစရာ ကောင်းလှသည် ။ နှုတ်ခမ်းကြီးတွေ က ထူထဲ စိုစွတ်လျက် အမြဲတမ်း ပိတ်ထားသော တံခါးနှစ်ရွက် လို တင်းတင်းစေ့ နေကြသည် ။ နှုတ်ခမ်းတွေ စူထား သည့်နှင့်ပင် တူပါသေးသည် ။
စက်မှုလုပ်ငန်းရှင်ကြီး ဝတ်ဆင်ထားပုံ ကတော့ သူ့ စက်ရုံ မှ အဆင့် အနိမ့်ဆုံး အလုပ်သမား ပင် ဝတ်မည် မဟုတ်သော ဒီဇိုင်းမျိုး ဖြစ်သည် ။ စွပ်ကျယ် လက်စက အစုတ်ကြီး နှင့် အရောင် လွင့် နေသော အညာထည် ချည် ကြမ်းပုဆိုးကြီး ။
“ ကဲ စာရေးဆရာ မောင်ရင် ရေးတဲ့ စာအုပ်တွေ တော့ ခင်မောင်ကျော် ယူလာ ပေးတာနဲ့ ကျုပ်ဖတ်ကြည့် ပြီးပြီ ” ဟု ဦးစံဖေ က ဝမ်းခေါင်းသံ ပါပါ အက်ကွဲသော အသံကြီး ဖြင့် စကား စသည် ။ ကျွန်တော် ရေးသော စာအုပ် ဟူ၍တော့ တိတိပပ မဆိုနိုင်ပါ ။ ကျွန်တော် ပြုစုသော စာအုပ်များ ဟုသာ ပြောနိုင်ပါလိမ့်မည် ။ စုစုပေါင်း ( ၄ ) အုပ် ပဲ ရှိသည် ။ အာရှ မှ စီးပွားရေးသမားကြီး တစ်ဦး ၊ အာဖရိက မှ တော်လှန်ရေးခေါင်းဆောင်ကြီး တစ်ဦး ၊ အရှေ့အလယ် ပိုင်းမှ အာရပ်ရေနံ သူဌေးကြီး တစ်ဦး နှင့် လက်တင် အမေရိကမှ နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ဦး တို့၏ အတ္ထုပ္ပတ္တိများ ကို ကျွန်တော် လက်လှမ်း မီသလောက် မှီငြမ်း ကိုးကား၍ ရေးသား ပြုစုထားခြင်း ဖြစ်ပြီး ။ အတန် အသင့် ရောင်းတမ်း ဝင်ခဲ့သော စာအုပ်များ လည်း ဖြစ်သည် ။ ကျွန်တော့် မိသားစု ကို ထမင်းနပ်မှန် စေသော စာအုပ်များ ဟုလည်း ဆိုနိုင်ပါလိမ့်မည် ။
“ မောင်ရင် .. နောက်ထပ် ရေးသင့်တာက ကမ်ပူများ နိုင်ငံမှာ လူ ( ၂ ) သန်းလောက် သ.တ်ခဲ့တယ် ဆိုတဲ့ ခမာနီ ခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့ ဘဝဇာတ်ကြောင်း စာအုပ် ပဲ ။ အဲဒီ စာအုပ် ဆိုရင် လူကြိုက် သိပ်များမှာ .. အင်း လူ တစ်ယောက် အသက် ကို တောင် အလွယ်တကူ သ,တ်လို့ မရနိုင်တဲ့ လောက မှာ လူ ( ၂ ) သန်း တောင် သ.တ်တယ် ဆိုတော့ တကယ့် လူထူးလူရူးကြီးပဲ ။ မောင်ရင် အဲသလို မထင်ဘူးလား ” ဟု သူ က မျက်နှာကြီး ရှေ့တိုးပြီး မေးလာသည့် အခါ ကျွန်တော် သည် မသိမသာ ခါးဆန့် ၍ နောက်သို့ ယိမ်း လိုက်မိသည် ။
“ ပိုပေါ့ အကြောင်း .. ကျွန်တော် မရေးချင်ပါဘူး လူကြီးမင်း ” ဟု ကျွန်တော် က မချိပြုံး ပြုံး၍ ပြောလိုက် ပါသည် ။
“ ဟင် ... မရေးချင်ဘူး ဟုတ်လား ၊ ဘာဖြစ်လို့ မရေး ချင်ရမှာလဲ မောင်ရင်ရာ ၊ ပိုပေါ့ လို လူမျိုးကို မှတ်တမ်း တင်သင့်တာပေါ့ ။ မြတ်စွာဘုရား ကို သ,တ်ဖို့ ကြိုးစားတဲ့ ဒေဝဒတ် အကြောင်းတောင် စာအုပ်တွေ အများကြီး ရေးကြသေးတာပဲ ။ အို .... ကဲပါလေ .. မောင်ရင် က ကျုပ် အကြောင်း အတ္ထုပ္ပတ္တိ ရေးမှာ ဆိုတော့ ကျုပ် အကြောင်းပဲ ပြောကြရအောင်ပါ ။ ခင်မောင်ကျော် ဆီ ကတော့ အနည်းအကျဉ်း သိထားမှာပေါ့ ”
“ ဟုတ်ကဲ့ .. သူ က လူကြီးမင်း အကြောင်း အနည်းအကျဉ်းပဲ ပြောခဲ့ဖူးပါတယ် ” ဟု ဆိုကာ ကျွန်တော်က အသံဖမ်း ယူရန် ကျွန်တော် ၏ လွယ်အိတ် ထဲ မှ MP4 အသံဖမ်းစက်ကလေး ကို ထုတ်ယူသည် ။
ထိုအချိန်တွင် ကျွန်တော့် အတွက် ကော်ဖီ နှင့် မုန့်များ ကို အိမ်ဖော် ဖြစ်ပုံရသော အမျိုးသမီးငယ် တစ်ဦးက လာရောက် တည်ခင်း ပေးသည် ။ အမျိုးသမီး ထံမှ ရေမွှေး ရနံ့ သင်းပျံ့လွင့်ပါး နေသည် ။
“ အဲဒါ ကျုပ် ရဲ့ စတုတ္ထမြောက် ဇနီးပဲ ” ဟု အမျိုးသမီး အခန်း ထဲ က ပြန် ထွက်သွားမှ ဦးစံဖေ က ပြောသည် ။ သူ၏ မျက်နှာမည်းမည်းကြီး တွင် အလင်းရောင် တစ်ချက် ဖြာသွားသည် ။ သူ က ပြုံးပြီး ဆက် ပြောသည် ။
“ ခင်မောင်ကျော် ပြောပြထားလို့ မောင်ရင် သိပြီးသား ဖြစ်ချင် ဖြစ်မှာပါ ။ သူ က စတုတ္ထမြောက် နဲ့ နောက်ဆုံး ဖြစ်ချင်ဖြစ်မယ် ။ ပထမဇနီး ကတော့ ဆုံးတာ ကြာပြီ ။ ဒုတိယဇနီး က ကျုပ် နဲ့ အတူ ရှိတယ် ။ တတိယဇနီး က တော့ တခြား မှာ သတ်သတ်နေတယ် ။ ကျုပ် မိန်းမတွေ အကြောင်း ဟာ မောင်ရင် ရေးမယ့် စာအုပ်မှာ သိပ်ရေးလို့ ကောင်းမယ့် ဇာတ်လမ်းကလေးတွေ ဖြစ်မှာပဲ ။ အားလုံး လှတယ် ။ အားလုံး ရမ္မက်ဆန္ဒ ကြီးကြတယ် ”
ကျွန်တော် က ဦးစံဖေ ၏ မျက်နှာကြီးကို မကြည့်မိ စေရန် မျက်လွှာ ချထားလိုက်မိသည် ။ သူ ၏ ဇနီးသည်တွေ အကြောင်း ပြောလိုက်သော ဦးစံဖေ ၏ မျက်နှာထား ကတော့ ပကတိ သိမ်မွေ့ အေးချမ်းနေသည် ။ ခံစားမှု ကင်းမဲ့ သယောင်ပင် ထင်ရသည် ။
“ ဒီမယ် စာရေးဆရာ .. ကျုပ် လို လူတစ်ယောက် အနေ နဲ့ အိမ်ထောင် လေးဆက် ပြုခဲ့တာ နည်းတောင် နည်းသေးနော် ၊ ကျုပ် ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ် ထဲမှာ ဆိုရင် အာရေဗျဒေသ က စူလတန်စော်ဘွား တစ်ယောက် ဟာ မိန်းမတွေ ရာနဲ့ ချီပြီး ယူသတဲ့ဗျ ။ ယူနိုင်ပေသပေါ့ ဗျာ ။ သူတို့ က ငွေ နဲ့ အာဏာ အပြည့် ရှိနေကြတာကိုး ... ”
ကျွန်တော် က MP4 စက်ကလေး ကို သူ နှင့် ကျွန်တော့် ကြားမှာ ရှိသော စားပွဲပုကလေး ပေါ်မှာ အသာအယာ ချလိုက်ပြီး မေးမြန်းခန်း စတင်ဖို့ ပြင်ဆင်လိုက်သည် ။ ကျွန်တော် ၏ လှုပ်ရှားမှုတွေ ကို ဦးစံဖေ က အရေးတယူ ဂရုစိုက်ဟန် မပြ ။
“ နေပါဦး စာရေးဆရာ ကျုပ်တို့ အရေးကြီးတဲ့ ကိစ္စ တစ်ခု ကြိုတင် ဆွေးနွေးကြရအောင် ”
ကျွန်တော် က အသံဖမ်းစက် ကို အဖွင့် ခလုတ် ပြန်ပိတ် လိုက်၏ ။
“ ဟုတ်ကဲ့ ၊ လူကြီးမင်း ဘာကို ဆွေးနွေးလိုပါသလဲ ... ”
“ ကျုပ် ဘဝ အတ္ထုပ္ပတ္တိ စာအုပ် ရေးဖို့ ကိုယ့်လူ ဉာဏ် ပူဇော်ငွေ ဘယ်လောက် ယူမှာလဲ ၊ ပွင့်ပွင့်လင်းလင်း သာ ပြော ၊ ဘာမှ အားနာ ထောက်ထားစရာ မရှိဘူး ။ ဆယ်သိန်းလား ၊ သိန်း နှစ်ဆယ် လား ၊ သိန်း အစိတ် လား ၊ ပြောပါ စာရေးဆရာ ၊ ငွေရေးကြေးရေး က ကျုပ် အတွက် ပဓာနကျပါဘူး ။ အလုပ် ဖြစ်ဖို့သာ အဓိကပါ ”
ဦးစံဖေ ၏ ဗြုတ်ထ နေသော မျက်နှာကြီး မှာ ပို၍ ပြောင်ဝင်း လာကြပြီး မျက်လုံးကြီးတွေ က ပို၍ ပြူးထွက် လာသည်ဟု ကျွန်တော် ထင်သည် ။
“ ကျွန်တော် လိုအပ်တာကလေးတွေ လူကြီးမင်း ဆီ မှာ မေးမြန်းဆွေးနွေးပြီး မှ စာမူခ ကိစ္စ ပြောပါရစေ ခင်ဗျာ ” ဟု ကျွန်တော် က အနူးအညွတ် ဟန်ပါအောင် ကြိုးစား၍ ပြောလိုက်ပါသည် ။ ထိုအခါ ဦးစံဖေ က သူ ၏ ဒူးနှစ်ဖက် ကို လက်ဝါး နှစ်ဖက် ဖြင့် ပုတ်သည် ။ သူ ၏ ဦးခေါင်း ကို လည်း နောက်သို့ ပစ်လိုက်၏ ။
“ ဟာ ဟုတ်တာပေါ့ ။ ကျုပ် လောသွားတယ် စာရေးဆရာ ၊ တစ်ခါတလေ တော့ ကျုပ် က ဒီလိုပဲ ဆန္ဒ စော တတ်တယ် ။ ဆန္ဒ စောတာ မကောင်းဘူးလေ ၊ ကျုပ် အရွယ် ၊ ကျုပ် အဆင့်အတန်း ၊ ကျုပ် ရဲ့ ဘဝ အတွေ့အကြုံ မျိုးနဲ့ ဆန္ဒ မစောအောင် ထိန်းနိုင်ရမှာပေါ့ ။ တစ်ခုတော့ ရှိရဲ့ ။ ကျုပ် က စာတွေ့ သမား မဟုတ်ဘူး ။ ငါတွေ့ သမား ၊ စာရေးဆရာ ရွှေဥဒေါင်း ဆိုတဲ့လူ ရေးတာတွေ သိပ် ကောင်းတာပဲလို့ ပြောကြလွန်းလို့ ကျုပ် ငယ်ငယ် က သူ ရေးတဲ့ ( အကြံဉာဏ်ဖြင့် ကြီးပွားရေး ) ဆိုတဲ့ စာအုပ် ဖတ်ကြည့်ဖူးတယ် ။ ဖတ်ကြည့် လိုက် မှ ရွှေဥဒေါင်း ဟာ ကျုပ် ဦးနှောက် ရဲ့ တစ်ဝက် လောက်တောင် မကြံတတ် မစည်တတ်တာ ကို သွားတွေ့ရတယ် ။ အဲဒီ ကတည်းက ရွှေဥဒေါင်း ဆိုတဲ့ လူ ရေးတာတွေ ကျုပ် တစ်လုံးမှ မဖတ် တော့ဘူး ။ မောင်ရင် ကော ရွှေဥဒေါင်း ရေးတာတွေ ကြိုက်လား ၊ သူ က စုံထောက်ဝတ္ထုတွေ ဘာတွေ လည်း ရေးဆို .... ”
“ ရွှေဥဒေါင်း က စာစုံ ရေးပါတယ် လူကြီးမင်း ၊ သူ့ စာ တွေ ကို ကြိုက်တဲ့ သူတွေ ရှိကြသလို မကြိုက်တဲ့ သူတွေ လည်း ရှိကြမှာပါ ။ ဒါကတော့ လောက ရဲ့ သဘာဝ လို့ ထင်ပါတယ် ” ဟု ကျွန်တော် က အသံမှန်မှန် နှင့် ပြောလိုက်ပါသည် ။
“ ဒါပေါ့ ... ဒါပေါ့ ။ အရေးကြီးတာ ကတော့ ကျုပ် တို့ဟာ အမှန်တရား ကို တန်ဖိုး ထားဖို့ပဲ ။ နောက်ထပ် အရေးကြီးတာ တစ်ခု က ကျုပ် ရဲ့ ကျန်းမာရေး ကို ကျုပ် စောင့်ရှောက်ရမယ် ။ ကျုပ် ကို ခဏ ခွင့်ပြုပါ ။ ကျုပ် အပေါ့သွားဖို့ လိုအပ်လာပြီ ” ဟု ဆိုကာ ဦးစံဖေ သည် အရွယ် နှင့် မလိုက်အောင် ဖျတ်လတ်စွာ ထ၍ အခန်း ထဲမှ ခပ်သုတ်သုတ် လှမ်း ထွက်သွားသည် ။ သူ့ ကို အမှတ် မထင် လှမ်း ကြည့်မိမှပင် သူ ၏ ပုဆိုး တင်ပါးမှာ လက်သည်းခွံ လောက် အပေါက်ကြီး တစ်ပေါက် ရှိနေကြောင်း ကျွန်တော် တွေ့လိုက်ရသည် ။ စရိုက်ထူး ရှိသော လူကုံ ထံကြီး တစ်ဦး နှင့် တွေ့နေရပြီကိုး ။ ကျွန်တော် သံသယ မဲ့စွာ ယုံကြည် လိုက်ပါပြီ ။ ကျွန်တော့် ဘက်က သည်းခံ စိတ်ရှည်ဖို့တော့ လိုအပ်သည် ။ မဟုတ်လျှင် အလုပ် ဖြစ် မှာ မဟုတ်တော့ ။
ငါးမိနစ် နီးပါးခန့် အကြာ မှာ ဦးစံဖေ ပြန်ရောက်လာ သည် ။ သူ့ မျက်နှာထားက စောစောက ထက် ပေါ့ပါးရွှင် လန်းနေသည် ။
“ ဆီး သွားရင်း ကျုပ် စဉ်းစားမိတာကလေးတွေ ရှိ တယ် ။ ပထမ စဉ်းစားတာ ကတော့ ကျုပ် ခဏခဏ ဆီး သွားရတဲ့ အကြောင်း ၊ ကျုပ် မှာ ဆီးချို တော့ မရှိပါဘူး ။ ဒါပေမဲ့ ( ယောက်ျား မှာ ဆီး ၊ မိန်းမ မှာ မီး ) ဆိုတဲ့ အတိုင်း ကျုပ် ဆီး နဲ့ပဲ သေရမှာ ကျုပ်သိနေတယ် .. နောက် စဉ်းစားမိတာ တစ်ခု က ၊ ကျုပ် ဘဝ အကြောင်း ရေးရင် ကျုပ် ရဲ့ ငယ်စဉ် ဘဝ ကို စာရေးဆရာ က ကောင်းကောင်းကြီး မီးမောင်း ထိုး ပြနိုင်ရမယ် ဆိုတာပဲ ။ လူငယ်တွေ အတွက် သင်ခန်းစာ ယူနိုင်အောင်ပါ ။ ကျုပ် ဟာ အသက် အစိတ် လောက်အထိ တစ်စက်ကလေး မှ ကောင်းခဲ့တဲ့ အကောင် မဟုတ်ဘူး ။ ဒါ အဓိက အချက်ပဲ ”
အချိန် ဆိုင်းနေ ဆွဲနေ ၍ မဖြစ်တော့ကြောင်း ကျွန်တော် နားလည် လာသည် ။ ကော်ဖီ အကုန်သောက် ပြီးနောက် ပန်းကန်ကို စားပွဲပေါ်ကို ပြန်ချရင်း ကျွန်တော် သွားဖြဲ လိုက်ပါသည် ။
“ ကျေးဇူးပြုပါ လူကြီးမင်း ကျွန်တော်တို့ အလုပ်စ လိုက်ကြပါစို့ ၊ လူကြီးမင်းရဲ့ မျိုးရိုးဇာတိ ကနေ စလိုက် ကြရအောင် ” ဟု ဆိုကာ ကျွန်တော် က အသံဖမ်းစက် ခလုတ် ကို ဖွင့်လိုက်လေသည် ။ ဦးစံဖေ ကလည်း သူ ၏ ဝဖီးဖီး ၊ ပုအိုက်အိုက် ခန္ဓာကိုယ်ကြီး ကို ရှေ့သို့ ကိုင်းလိုက်သည် ။ သူ့ မျက်လုံးကြီးတွေ က အသံဖမ်းစက်ကလေး ကို စားဝါး မျိုချတော့ မယောင် ပြူးပြဲ စူးစိုက်နေကြသည် ။
“ ကျွန်တော့် နာမည် စံဖေ ၊ အဖေ က ဦးပိန် ၊ အမေ က ဒေါ်နှင်းခ ၊ ကြာပင်အိုင်ရွာသူ ရွာသားတွေ ကျုပ် ဇာတိ ကလည်း ကြာပင်အိုင်ရွာပဲ ၊ ကြာပင်အိုင် ဆိုတာက ... ”
သူ က ဤသို့ စတင်၍ သူ၏ ဘဝဇာတ်လမ်း ကို အသံမှန်မှန် ဖြင့် ခင်းကျင်း တင်ဆက်လာပါတော့သည် ။ သူ ၏ ငယ်ဘဝ က ဘာမျှ မထူးခြား ။ ဆင်းရဲမွဲတေမှု နှင့် စာရိတ္တ ပျက်စီးမှု ၊ ရပ်ရွာ ရှိ အာဏာရလူကြီးတွေ ၏ စော်ကားအနိုင်ကျင့်မှု ၊ ပစ္စည်းမဲ့ ရပ်သူရွာသားများ ကိုယ်တိုင် လည်း ကိုယ်ကျင့်တရား ပျက်စီး နေကြပုံ ၊ ရတနာ သုံးပါး နှင့် စပ်လျဉ်း၍လည်း လူကြီးတွေ က ဟန်ဆောင် နေကြပြီး လူငယ်တွေ က ဥပေက္ခာ ပြုထား ကြပုံ ၊ ဦးစံဖေ သည် ( ၁၀ ) နှစ်သားလောက် ကတည်း က ရွာ ထဲ မှာ ကြက်ဘဲ ခိုးတတ် ၊ အလစ်သုတ်တတ် ၊ လိုအပ်သည် ဖြစ်စေ ၊ မလိုအပ်သည် ဖြစ်စေ လိမ်ညာမုသား ပြောတတ်ခဲ့ကြောင်း ဦးစံဖေ က အေးစက်စက်ဖြင့် ရင်ဖွင့် ပါတော့သည် ။
“ ၁၃ နှစ်သား ကျု ပ်လူပျိုပေါက်အရွယ်ကျတော့ ကျုပ် တော ကနေ မြို့ရောက်သွားတယ် ။ အလယ်တန်း ကျောင်း တက်ရတော့မှာကိုး ။ မြို့ က ဆွေမျိုးသားချင်း တစ်ယောက် က ကျုပ် ကို ခေါ်ထားပြီး မွေးစား လိုက်တဲ့ သဘောပါပဲ ။ မွေးစားတယ် ဆိုပေမဲ့ သူ့ ကားဝပ်ရှော့မှာ ကျွန် လို ခိုင်းတာဗျ ။ ကျောင်းထားပေး ၊ ထမင်းကျွေးရင်း ဝပ်ရှော့ မှာ ခိုင်းတာ ။ တစ်ခုတော့ ကောင်းတယ် ။ ကျုပ် မက္ကင်းနစ်ပညာတွေ ရလိုက်တယ် ။ ကျုပ် ကလည်း ဝါသနာ ပါတာကိုး .... မကောင်းတာ ကတော့ မြို့မှာ ကားသမားတွေ နဲ့ ပေါင်းမိပြီး ကျုပ် ဖာ ( အဲ .. အဲ ) ဘယ်လို ပြောမလဲ ။ လူပျိုနာ ရပါရောဗျို့ ။ ဟိုတုန်းက တော့ ပင်နီဆလင် က အစွမ်း ထက်တာကိုး ။ ကျုပ် လည်း ပင်နီဆလင် အားကိုး နဲ့ မိုက်တွင်းနက် နေလိုက်တာ နောက်ဆုံး ဆရာဝန် က ကြိမ်းမှ ၊ ဝမ်နင် ပေးမှပဲ အဲဒီ ကိစ္စကို ရပ်တန်းက ရပ်လိုက်တာ ။ ဒီခေတ်မျိုး ဆို ကျုပ် ( အေအိုင်ဒီအက်စ် ) နဲ့ ကြွပြီပေါ့ ။ ဒါတွေကို စာရေးဆရာ က ပီပီပြင်ပြင် ရေးရမယ်နော် ။ ဒိုရီယာ တို့ ဆစ်ဖလစ် တို့ အကြောင်း မောင်ရင် လေ့လာပြီး ပညာပေး ရမယ် ။ နှစ်စက္ကန့် လောက် သာယာမှုကလေးကြောင့် တစ်ဘဝစာ ခံရမယ့် အပြင် ဘဝပျက် ၊ ဘဝတုံး သွား နိုင်တဲ့ အကြောင်း လူငယ်တွေ ကို သတိ ပေးရမယ် ... ”
ကျွန်တော် အန်ချင် ပျို့ချင် သလို ခံစားလာရပါ သည် ။ ဦးစံဖေ က သူ တွေ့ဆုံ ပျော်ပါးခဲ့သော ဇိမ်မယ်များ ၏ နာမည်များ ကို တစ်ခုချင်း ရေရွတ် ပြ နေပြန်ပါသည် ။
“ သူတို့ နာမည်တွေ က အရေးမကြီးလှပါဘူး ခင်ဗျာ ” ဟု ကျွန်တော် က အားယူလျက် အသံတိမ်တိမ် နှင့် တားမြစ်သည် ။
“ ကျုပ် က မောင်ရင် သရုပ်ဖော်တဲ့ နေရာမယ် သရုပ်ပေါ် လာအောင် လုံးစေ့ပတ်စေ့ ပြောပြနေတာ ။ သရုပ်ပေါ် မှ မောင်ရင်တို့ စာရေးဆရာတွေ ပြောပြော နေကြတဲ့ သရုပ်မှန်မှာ မဟုတ်လား ။ သရုပ် မပေါ်ရင် သရုပ်ပျက် သွားမယ်လေ ... မဟုတ်ဘူးလား ”
“ ကျွန်တော်တို့ လောကမှာ သရုပ်မှန် ဆိုတာကို ပြည်ဖုံးကား ချလိုက်ပါပြီ လူကြီးမင်း ”
“ အင်းလေ .. သရုပ်မှန် မရှိတော့ပေမဲ့ အမှန်တရား ကတော့ ရှိရမှာပေါ့ ။ အမှန်တရား ဆိုတာ သစ္စာ ပဲ ။ မောင်ရင် တို့ ရေးတဲ့ စာပေတွေမှာ သစ္စာ ပါရမယ် ။ သစ္စာ မပါရင် အဲဒီ စာပေဟာ မာယာသက္ကယျတွေ ပြည့်နေတဲ့ မုသားပဲ ။ အတုအယောင်ပဲ ။ စာဖတ်တဲ့ ပရိသတ် ကို လိမ်ညာလှည့်စားတာပဲ ။ မဟုတ်ဘူးလား ။ ကျုပ် အတ္ထုပ္ပတ္တိ မှာ အဓိက အနှစ်သာရ ဖြစ်စေချင်တာ က သစ္စာ တရားပဲ ။ ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်း လက်မ ဆိုသလိုမျိုး စံဖေ ရဲ့ ငယ်ရွယ်စဉ် အမိုက်အမဲ ဘဝ က မှားခဲ့တာတွေ ကို ဖော်ထုတ်ရမယ် .... ”
စကား ပြောရင်း ဦးစံဖေ သည် စိတ်လှုပ်ရှား တက်ကြွလာဟန်ဖြင့် ထိုင်ရာမှ ဖြုတ်ခနဲ ထ ရပ်လိုက်သည် ။ အသံဖမ်းစက် ကို သတိရဟန် မတူတော့ဘဲ စားပွဲ ၊ ဆိုဖာ နှင့် ကျွန်တော့် ကို ပတ်ခြာလှည့်၍ လျှောက်ရင်း အသံမြင့် ၍ ပြောနေသည် ။
“ ယောက်ျား တစ်ယောက် ရဲ့ ဘဝမှာ သူ နှစ်သက် မြတ်နိုးမိတဲ့ မိန်းမ ဟာ အခရာပဲ ။ အရေးအပါဆုံးပဲ ။ မိန်းမ ဘက် ကလည်း ဒီ သဘောပဲ ။ နှစ်ဦး သဘောတူ ကျေနပ်မှု ရှိဖို့ပဲ လိုတယ် ။ ဒီမယ် စာရေးဆရာ .. ကျုပ် ဟာ မုဒိန်းသမားဗျ ။ သိလား ... မုဒိန်းသမား ၊ မုဒိန်းမှုပေါင်းများစွာကို ကျူးလွန်ခဲ့တဲ့ ကိလေသာ အလွန်ထူ ပြောတဲ့ အဓမ္မသမား ၊ ဒါပေမဲ့ အဖမ်း ခံရဖို့ မပြောနဲ့ ။ ရပ်ရွာလူကြီး အိမ်ထောင် တစ်ခေါက်ကလေး မှ မရောက် ခဲ့ဖူးတဲ့ ဖိုးကံကောင်း ။ ဘယ်လိုမဆို အလို မတူဘဲ ကျပ် ဟာ ကာမ ရယူခဲ့တာ ဆိုတော့ ကျုပ် ဟာ မုဒိန်းကောင်ပါပဲ ။ အဲဒီ အကျင့်ဆိုး ကို ကျုပ် အသက် ( ၆၀ ) ကျော် မှ ဖြတ် လိုက်တာ ။ နားလည်လား စာရေးဆရာ .. ”
ကျွန်တော် သည် အောင့်အည်းသည်းခံခြင်း မပြုနိုင် တော့ရုံမျှ မက မူးဝေ မွန်းကျပ် လာပြီး စောစောက သောက် ထားသော ကော်ဖီများ ကို ဆက်တီစားပွဲ မှ မှန်သားမျက်နှာပြင် ပေါ်သို့ အန်ချ လိုက်မိပါသည် ။ အန်ရင်း နှင့် ဦးစံဖေ ကို မော့ကြည့်လိုက်သည် ။
“ ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း မှာ ( ရှောင်ဓလေ့ ) ဆိုတာ ရှိတယ် ။ အင်္ဂလိပ် လို taboo လို့ သုံးပါတယ် ။ ရှောင်ဓလေ့တွေ ကို စာပေ မှာ တင်ပြဖို့ ရှောင်ရှား ထိန်းသိမ်းရပါတယ် ” ဟု ကျွန်တော် က မောဟိုက် တုန်ရင်စွာ ပြောလိုက်သည် ။
“ တစ်ဘူး မကလို့ နှစ်ဘူး ပဲ ဖြစ်ဖြစ် ... အမှန်တရား ကိုတော့ ဖော်ထုတ်ရမှာပဲ ။ စံဖေ့ အကြောင်း ရေးရင် စံဖေ ငယ်ငယ် က ပွေခဲ့ ၊ ရှုပ်ခဲ့ ၊ ကမြင်းကြော ထခဲ့ တာတွေ ပါကို ပါရမယ် ။ မပါရင် မရိုးသားတာပဲ ။ ကလိန်ကကျစ် လုပ်တာပဲ ။ အဲဒါကို သဘောပေါက် လိုက်ပါ ... ”
ကျွန်တော် သည် အသံဖမ်းစက် ကို သိမ်း၍ ထ ရပ်လိုက်ပါသည် ။
“ ကျွန်တော့် ကို ခွင့်ပြုပါ ဦးစံဖေ .. ”
“ ဟေ့ ဟေ့ နေဦးလေ ။ သိန်းငါးဆယ့် ၊ သိန်းငါး ဆယ် ပေးမယ် ၊ အမှန်တရား ဖော်ထုတ်ဖို့ သိန်းငါးဆယ် ပေးမှာ .. အို .. သိန်းတစ်ရာ ကွာ .. ”
ကျွန်တော် အမြန်ဆုံး ထွက်ပြေးလာခဲ့မိပါသည် ။
▣ ကြူးနစ်
📖 Icon မဂ္ဂဇင်း
အောက်တိုဘာလ ၊ ၂၀၁၃
No comments:
Post a Comment