❝ ရှင်ဘုရင်တစ်ပါး နှင့် သားသုံးယောက် ❞
( ပုံပြင် )
တစ်ခါတုန်းက တိုင်းပြည် တစ်ပြည် ကို မင်း လုပ်ပြီး အုပ်ချုပ် နေတဲ့ ဘုရင်ကြီး တစ်ပါး ရှိ၏ ။ ထို ဘုရင်ကြီး မှာ သက်တော် နှင့် မလိုက်အောင် ဉာဏ်ပညာစွမ်းရည် နှင့် ပြည့်စုံပေသည် ။ ဘုရင်ကြီး တွင် သားတော် သုံးပါး ရှိလေသည် ။ သားတော် သုံးပါး စလုံးပင် ပညာ စွမ်းရည် အတတ် တွင် ပြည့်စုံသူများ ဖြစ်၏ ။ ဘုရင်ကြီး အိုမင်းမစွမ်း ရှိပြီ ဖြစ်၍ သားတော် တစ်ပါး ပါး အား နန်း စည်းစိမ် တို့အား လွှဲအပ်ချင်သည့် ဆန္ဒရှိ၏ ။ သို့သော် သားတော် သုံးပါး ထဲမှ မည်သူအား အပ်ရမည် မသိ ဖြစ်နေ၍ ပြဿနာ တစ်ခု ကဲ့သို့ ရှိနေပေသည် ။
တစ်နေ့သော အခါတွင် ဘုရင်ကြီး သည် သားတော် သုံးပါး တို့ကို ၎င်း၏ ရှေ့တော် မှောက်သို့ သွင်းစေလေည် ။ ထို့နောက် ဘုရင်ကြီး သည် ဤ မေးခွန်း ကို သားတော် သုံးပါးစလုံး အား မေးပြီး အသီးသီး ဖြေခိုင်း စေလေသည် ။
“ ငါ့ သားတော်များ ထဲက ငါ့ ကို ဘယ်သူ အချစ်ဆုံးလဲ ” လို့ မေးလျှင် သားတော်ကြီး သည် မဆိုင်းမတွဘဲ ...
“ ကျွန်တော်မျိုး သည် ဖခမည်းတော် ကို သည် ကမ္ဘာကြီး လောက် ထူထပ် ကြီးမားသည့် အချစ် နှင့် ချစ်လျက် ရှိပါသည် ” ဟု ဆိုလေသည် ။
သားတော်ကြီး ဖြေပြီးလျှင် ဒုတိယဖြစ်သည့် သားတော်ကလည်း အားကျမခံ ဤသို့
ဆိုပြန်လေသည် ။
“ ကျွန်တော်မျိုး သည် ဖခမည်းတော် ကို သည်ကမ္ဘာ လောကကြီး ရဲ့ အပြင် မှာ ရှိတဲ့ စကြဝဠာကြီး တမျှ ကြီးမားသော မေတ္တာထုနဲ့ ချစ်နေပါသည် ” ဟု တင်လျှောက် ပြီးလျှင် သားတော် အထွေးဆုံး အငယ်ဆုံးလေး အလှည့် သို့ ရောက်ပြီ ဖြစ်၍ သားတော် အငယ်ဆုံး ကလေး က
“ ကျွန်တော်မျိုးသည် ဖခမည်းတော် ကို ချစ်လျက်ရှိပါသည် ” ဟု အပိုစာသားတွေ မပါဘဲ ရိုးရိုးလေးပဲ တင်လျှောက် လေသည် ။
ထိုအခါ ဘုရင်ကြီး မှာ သားတော် သုံးယောက် တို့ကို ကြည့်ပြီး မကြံတတ်အောင် ဖြစ်နေလေတော့သည် ။
••••• ••••• •••••
စပါး ရိတ်သိမ်းသော ကာလ ဖြစ်ပါသည် ။ ၎င်း သမယ တွင် ဘုရင်ကြီး သည် တိုင်းပြည်ရေးရာ တွင် ကျွမ်းကျင်စွာဖြင့် အတိုင်ပင်ခံ ပေးသည့် သုခမိန် အမတ်ကြီး အား ခေါ်ပြီး ...
“ သုခမိန်အမတ်ကြီး ... ကျွန်ုပ် ဘုရားဖူး သွားမလို့ ဆုံးဖြတ်ချက် ချထားတယ် ။ အမတ်ကြီး က ကျွန်ုပ် မရှိတဲ့ ကာလမှာ ကျွန်ုပ် နေရာက နေပြီး တိုင်းပြည် ကို စောင့်ရှောက် ထိန်းသိမ်းထားပါ ။ အကယ်၍ ကျွန်ုပ် ဘုရားဖူး သွားရင်းလာရင်း ၌ နတ်ရွာလား သွားပါကလည်း ကျွန်ုပ် ရဲ့ သားတော် သုံးယောက် ကို တိုင်းသူပြည်သားတွေ ကို အညီအမျှ စီမံ အုပ်ချုပ်ပါစေ အမတ်ကြီး ” လို့ အလုံးစုံ မှာကြား မိန့်မြွက်လေသည် ။ ထို့နောက် များမကြာမီ မှာပင် ဘုရင်ကြီး သည် ဘုရားဖူးရန် ထွက်ခွာ သွားလေသည် ။
••••• ••••• •••••
နောက် တစ်နှစ် စပါးသိမ်းချိန် တိုင် ဘုရင်ကြီး သည် ဘုရား မှ ပြန်ရောက်ခြင်းမရှိသေး ။ သို့သော် ထိုနှစ် အတွင်းမှာပင် ဘုရင်ကြီး ၏ သတင်းဆိုး ကို ကြားရသည် ။ ထို သတင်းကြောင့် မင်းညီ မင်းသား တိုင်းသူပြည်သား တို့၏ စိတ်နှလုံး ကို ဆွဲကိုင် လှုပ်ရမ်း သကဲ့သို့ ဖြစ်သည် ။ နန်းတွင်း၌ အုတ်အုတ်ကျက်ကျက် ဖြစ်ရလေသည် ။ ထိုသို့ ဖြစ်ရလောက်သည့် သတင်း မှာ ဘုရင်ကြီး ဘုရားဖူး မှ အပြန်လမ်း တွင် သေဆုံး သွားပြီ ဟူ၍ပင် ဖြစ်သည် ။
တစ်နေ့တွင် နန်းမြို့တော် တံခါးရှိ တစ်ခုသော ညောင်ပင်ကြီး အောက် တွင် လူငယ်လေး တစ်ယောက် သည် ညောင်မြစ် ပေါ် ထိုင်ပြီး ပါးစပ် ကလည်း “ ကျွန်ုပ် အဖေ ချစ်ဆုံး ... ကျွန်ုပ် အဖေ ချစ်ဆုံး ” လို့ မြည်တမ်း ညည်းညူ၍ ငိုယိုနေသည် ။ ထိုအချိန် တွင် အင်မတန် ဆင်းရဲ နွမ်းပါးပြီး ပင်ပန်းနွမ်းနယ် နေသော အဘိုးအို တစ်ယောက် သည် ၎င်း လူငယ်လေးနား သို့ တဖြည်းဖြည်း ကပ်သွားပြီး ...
“ ဘယ်အတွက်ကြောင့် သည်လောက် ငိုနေရတာလဲ သူငယ် ” ဟု မေးလျှင် ...
သူငယ်လေး သည် ရုတ်တရက် မဖြေသေးဘဲ ၎င်း ၏ ရင်ဘတ်တို့ ကို လက်အစုံဖြင့် ထုရိုက်ပြီး ငို နေပြန်လေသည် ။ ပါးစပ် ကလည်း တတွတ်တွတ် ညည်းညူ နေလျက်ရှိသည် ။ ထို အတွက် အဘိုးကြီး နောက်ထပ် ဖြည်းဖြည်း မေးခါမှ ၎င်း သည် သေဆုံး သွားသော ဘုရင်ကြီး ၏ သား ဖြစ်ကြောင်း ၊ သုံးယောက် ရှိသည့် အနက် အလတ် ဖြစ်ကြောင်း ဒါကြောင့် ဝမ်းနည်း နေ၍ ငိုနေကြောင်း ကို အလိုက်သင့် ဖြေကြားခြင်း ပြုလေသည် ။ ထိုစဉ် အဘိုးကြီး က သားတော်ကြီး နဲ့ သားတော်ငယ်လေး ဟာ ခု ဘာလုပ်နေကြသလဲလို့ မေးလျှင် သူငယ်လေး က သားတော်ကြီး မှာ တစ်နေကုန် တစ်နေခန်း တော ထဲသို့ သွားပြီး အမဲပစ်ကြောင်း ၊ သားတော်ငယ်လေး မှာတော့ တိုင်းပြည်ကြီး ကို အုပ်ချုပ် နေကြောင်း ကို ရှင်းလင်း ပြောပြသည် ။
ဆင်းရဲနွမ်းပါးသော အဘိုးအို သည် တစ်ချက် ရွံ့ရှာသော အကြည့် ဖြင့် မင်းသားလေး ကို ကြည့်လိုက်ပြီး နန်းတော်ကြီး တည်နေရာ သို့ ခပ်တည်တည် ပင် ထွက် သွားသည် ။ နန်းတော် ၌ မူကား မင်းသားငယ်လေး သည် မှူးမတ် ချွေရံသင်းပင်းများဖြင့် တိုင်းပြည် အတွက် ညီလာခံ နေသည် ။ အဘိုးအိုကြီး သည် ခေတ္တမျှ မင်းသားလေး ကို ကြည့်နေပြီး မှ ၎င်းခေါင်း တွင် ပေါင်းထားသော ခေါင်းပေါင်း ကို ဖြုတ် လိုက်သည် ။ လည် ၌ ဆွဲထားသော လည်ဆွဲတန်ဆာ ကိုလည်း အင်္ကျီ အောက် မှ အင်္ကျီ အပေါ်သို့ ဆွဲတင် ထားလိုက်ပြီး မင်းသားလေး စိုးစံ နေသော နေရာ သို့ ဆက်လျှောက် သွားသည် ။ အဘိုးအိုကြီး လူပုံ အလယ်သို့ ရောက်လျှင် နန်းတွင်းသူ နန်းတွင်းသားများ သည် လှုပ်ရှား၍ လာပြီး အဘိုးအိုကြီး အား ဆီးကြိုလေတော့သည် ။ အမှန်ဆိုမူ အဘိုးအိုကြီး သည် ကွယ်လွန်သွားပြီ ဆိုသော ဘုရင်ကြီးပင် ဖြစ်လေသည် ။ ကွယ်လွန် နတ်ရွာစံ သည် ဟု သတင်း လွှင့်ရသည် ကလည်း ဘုရင်ကြီး မရှိသည့် နောက်ပိုင်းတွင် မည်သူက သူ့ နေရာ ကို ဆက်ခံ နေမည် ကို သိလိုသောကြောင့် ဖြစ်၏ ။
“ ငါ့ သားတော်များ ဟာ ချစ်တဲ့ အဓိပ္ပာယ် ကို နားမလည်ဘူး ။ ဒါပေမယ့် သည် သားတော်လေး ဟာ အဖေ ကို ချစ်တယ် ဆိုတာ ဘယ်လို ချစ်ရမယ် ဆိုတာ သိလို့ နန်းအပ် လိုက်တယ် ။ အဖေ ကို ချစ်တယ် ဆိုရင် အဖေ မရှိတဲ့ ကာလ မှာ အဖေ ဆောင်ရွက်တဲ့ အလုပ်တွေကို ဆက် လုပ်ရမယ် ”
▢ စိုးမိုး - စိန်ပေါလ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၄ ၊ ဇွန်
No comments:
Post a Comment