Sunday, April 13, 2025

ပိတောက်တွေ ရွှေရည်လူးလို့


 ❝ ပိတောက်တွေ ရွှေရည်လူးလို့ ❞

      ( အောင်ဗလ )


“ ပိတောက်တွေ ရွှေရည်လူးကြမယ့်အနေ ၊

ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေဝေ 

ပန်းမျိုးစုံ ရာသီစုံ ကူးခဲ့ပေါ့လေ ၊ 

ချစ်သူကိုရည်စူး - ခူးတဲ့လို့ခြွေ 

ကိုယ်ကိုင် - လှရာရာကို ရွေးလို့ ၊ 

ဆင်မပေးရ ဆံမြညှာကေ .. ”


အမှန်အားဖြင့် အောင်ဗလတို့ ခြံထဲမှ ပိတောက်ပင်များ သည် ရွှေရည် မလူးသေးဘဲ ဖူးစ သာ ရှိသေးပါသည် ။ သို့သော် ရှေ့ပြေး အဏုမြူခေတ်ကြီး ဖြစ်သဖြင့် ဖူးစ က ပင် ပွင့်ချိန် ကို ရည်ရွယ်ခါ အောင်ဗလ သည် ချစ်စဖွယ် ပိတောက်ဖူးကလေးများ ကို မြင်လျှင် မြင်ချင်း ခါတိုင်း ဆိုနေကျ သီချင်းတို့ မှ အထက်ပါ နတ်သျှင်နောင် သီချင်း ကို ပြောင်းလဲ သီဆို လိုက်မိပါ၏ ။


ခါတိုင်း ဆိုနေကျ သီချင်း မှ ပြောင်းလဲ သီဆို လိုက်မိသည် ဆိုခြင်းဖြင့် အောင်ဗလ သည် ခါတိုင်း သီချင်း သီဆိုနေသည့် ဂီတအနုပညာသမား တစ်ယောက် ဟု ထင်မြင်သွား ကြပါမည် ။


ခါတိုင်း ဆိုနေကျ သီချင်းများ ဟူသည် တွင် ခါတိုင်းမှာ လွန်ခဲ့သော ၃ လ ခန့် က မှ စခဲ့သော ခါတိုင်း ဖြစ်ပြီး သီချင်းများ မှာ မူ အပျိုချောကလေး ဖို့ ဖိုသံ ပေးသည့် ရာသက်ပန် ရွယ်ကိုးကာ ရိုးမြေကျ ပေါင်းလိုကြောင်း ဖွဲ့နွဲ့ထားသော နောက်ပိုး သီချင်း ၊ ရနိုး သီချင်း ပေါင်း သောင်းခြောက်ထောင် တို့ဖြစ်လေသည် ။


အောင်ဗလ သည် ထိုသို့နှယ် .... “ နောက်ပိုး ခေါ် ဘဝထူး ကို ကူးဝင်လို့ ခို ... ” ဆိုသော သီချင်း ကဲ့သို့ ကူးဝင်ခဲ့ခြင်း မှာ အောင်ဗလတို့ ခြံ ၏ တစ်ဖက်ခြံထဲ သို့ မကြာမီ ( လွန်ခဲ့သော ၃ လ ခန့် ) က ရွှေ့ပြောင်းလာသော အလှနတ်သမီးကလေး ကြောင့် ဖြစ်ပါသည် ။


သူကလေး ၏ အမည် ကိုတော့ ထုတ်ဖော် မရေးပါရစေနဲ့တော့ ၊ အလှနတ်သမီး လို့ ခေါ်ပါ့မယ် ၊ ဒါမှ ရှည်တယ် ထင်ရင် သူ့ ကို ကဗျာဆန်ဆန် အောင်ဗလ နာမည် ပေးထားတာ ရှိပါတယ် ။


မပန်းကြိုက် ... တဲ့


ကဗျာ မဆန်လား ...


ဘာကြောင့် မပန်းကြိုက် လို့ နာမည် ပေးထားရသလဲ ဆိုရင် သူကလေး တို့ ရောက်သော ခြံ ထဲမှာ ပန်းမျိုးစုံ ပေါများလှပြီး သူကလေး သည် ညနေရီ လေချိုဖျန်းသော အရုပ်ဆိုးမ လမ်းလျှောက်ချိန် တိုင်း တစ်ခေါင်းလုံး ကို ဝေနေအောင် ပန်းမျိုးစုံ ပန်ပြီး ခြံဝ ထွက်ကာ ထိုင်လေ့ ရှိသောကြောင့် ဖြစ်ပါ၏ ။


အောင်ဗလ သည် ရှေးက သီချင်း ဆို မပြောနှင့် ဓာတ်စက်တောင် မဖွင့်တတ်သည် ကို အောင်ဗလ ၏ မိတ်ဆွေများ သိကြပါ၏ ။ သို့သော် မပန်းကြိုက်ကလေး တို့ အောင်ဗလ ၏ တစ်ဖက်ခြံ သို့ ပြောင်းလာ သဖြင့် သူကလေး ကို မြင်လျှင် မြင်ချင်း ပင် လူ က မတတ်ပေမဲ့ လက်ဖက်ထုပ် က သင် .. ဆိုသော စကားပုံ အတိုင်း အောင်ဗလ သည် “ မြင်လျှင်မြင်ချင်းပဲ ကွယ် ချစ်မိ ကြိုက်မိတယ် ...”  ဆိုသော သီချင်း ကို အသံကုန် ဟစ်၍ ဟစ်၍ သီဆိုလိုက်မိ ပါ၏ ။


သို့သော် ... ပရံပရ က ချဖူးသော ရေစက် ၊ ပန္နက်ဖူးသော သစ္စာ သည် မင်းကုသ နှင့် ပပဝတီ တို့၏ ကိန်း အတိုင်း ဖူးစာရေးနတ် က လက်ကမြင်းထားလေသလော မသိ .. မပန်းကြိုက်ကလေး သည် ထိုနေ့ က ထို အသံကို ကြားလျှင် ကြားချင်း ရင် ကို မော့လိုက်ပြီး နားကို စွင့်လိုက်ပြီး ၊ မျက်လုံး ကို ပြူးလိုက်ပြီး ၊ အောင်ဗလ ၏ အသံ ဆီသို့ မျက်စောင်း ထိုးလိုက် ပြီး ၊ ကိုယ်ကလေး ကို သိမ့်ခနဲ လှုပ်လိုက်ပြီး ၊ ပါးကလေးများ ကို ဖောင်းလိုက်ပြီး ၊ နှုတ်ခမ်းနီ ကလေးများ ကို စူလိုက်ပြီး ၊ ခြေ ကို ဆောင့် လိုက်ပြီး ထွက်သွားပါ၏ ။


ဤ မပန်းကြိုက်ကလေး ၏ ရွှေစိတ်တော် ဆိုးပုံကလေး မှာ အောင်ဗလ ၏ မျက်စိ ထဲ မှာ တဝဲလည်လည် ဖြစ်နေပါ၏ ။


သို့နှင့်ပင် ထို အချိန် ၊ ထို ကာလ ၊ ထို နှုတ်ခမ်းစူကလေး မှ စ၍ ၃ လမျှ ကာလပတ်လုံး အောင်ဗလ သည် ကာလပေါ် ရှေးရိုး နောက်ပိုး သီချင်းပေါင်း သောင်းခြောက်ထောင် ကို အဖော် ပြုကာ မင်းကုသဇာတ်လမ်း ကို ဆက်ခဲ့ရာ ပပဝတီကလေး သည် ၃ လအတွင်း စာစောင်ရေပေါင်း ၉၈ စောင် တိတိ ရရှိပြီ ဖြစ်သော်လည်း နတ်ကြိုက် နှင့် ဓာတ်ခိုက် မတွေ့ သေးသဖြင့် သူကလေး က တုံဏှိဘာဝေ ဆိတ်ဆိတ်သာ နေသေးပါ၏ ။


အောင်ဗလ သည် ပိတောက်ဖူးကလေး တွေ တွေ့ လျှင် တွေ့ချင်း အထက်ပါ အတိုင်း ကဗျာကျော် နတ်သျှင်နောင် သည် သူ ၏ အချစ်နတ်သမီး ရာဇဓာတုကလျာ အတွက် ပိတောက်ရွှေဝါများ ကို ခူးဆွတ်မိသော်လည်း စစ်ထွက်ဆဲမို့ ဆင်မပေးရ၍ ဝမ်းနည်းကြောင်း ဖွဲ့နွဲ့ထားသော သီချင်း ကို ဆိုလိုက်ခြင်းမှာ မပန်းကြိုက်ကလေး တို့ ၏ ခြံ ထဲတွင် ပန်းမျိုးစုံ ပေါများလှ သော်လည်း ပိတောက်ပင် မရှိသေသဖြင့် မပန်းကြိုက်ကလေး ၏ ရွှေမေတ္တာ ကို ပိတောက်ရွှေဝါ နှင့် မြန်မကြာ ဆွတ်ကာချုံရန် လမ်းစဉ် ခင်းလိုက်ခြင်း ဖြစ်ပါသည် ။


အောင်ဗလ တွေးထင်သည့် အတိုင်းပင် တစ်ဖက် ခြံ ထဲ မှ မပန်းကြိုက်ကလေး သည် ပိတောက်ဖူးကလေးများ ကို မြင်စကပင် အတန်ကြာမျှ ငေးမျှော်၍ ကြည့်နေပါသည် ။


အောင်ဗလ လည်း တအား တက်ကာ နေ့စဉ်နေ့တိုင်း ပင် ပိတောက်ပင်စောင့်နတ် သဖွယ် ပိတောက်ပန်းဘွဲ့ မှန်သမျှ ကို သီကုံးရင်း ဖိုသံ ပေးနေခဲ့ပါ၏ ။


ကိုရွှေပိတောက် သည် အောင်ဗလ ၏ ပါရမီကို ချောမောစွာ မဖြည့်စွမ်းလို သလော မသိ ၊ ဖူးရုံသာ ဖူးပြီး လုံးဝ မပွင့်ဘဲ အချိန် အတန်ကြာမျှ နေသဖြင့် တစ်နေ့လျှင် ပိတောက်ပန်းဘွဲ့ ၊ သီချင်းသစ် ၊ သီချင်းဟောင်း တစ်ပုဒ်မျှ နှင့် ရင့်ကျူးခဲ့သော အောင်ဗလ သည် စာပေ အတော် နှံ့စပ်သည် ဟု ကြွားဝါနိုင်သော်လည်း နောက်ဆုံး သီချင်း ဆိုစရာ ကုန်သွား သဖြင့် နတ်သျှင်နောင်သီချင်း ကို ပင် ပြန် ကောက်ပြီး ပိတောက်တွေ ရွှေရည်လူးလို့ ... နေရပါပြီ ။


သီးချိန်တန် လျှင် သီး ပွင့်ချိန်တန် လျှင် ပွင့်ရမြဲ ဓမ္မာကို မလွန်ဆန်နိုင်သော ကိုရွှေပိတောက်ပ င်သည် သင်္ကြန်ကြိုနေ့ နံနက် က မှ အာ၍ အာ၍ ၊ ဖြာ၍ ဖြာ၍ ၊ ဝါ၍ ဝါ၍ ၊ ပွင့်တော်မူပါသည် ။


ပိတောက်ပင်စောင့်နတ် နောက်ပိုး အောင်ဗလ သည် လည်း ပိတောက်ပွင့်များ အပါးမှ တစ်ဖဝါး မှ မခွာဘဲ တစ်ဖက်ခြံ မှ မပန်းကြိုက်ကလေး ပန်း တောင်း အလာတွင် ခူး၍ ဆွတ်၍ ပေးပြီး အချစ်တေးကျူ ချစ်စကား မြူရန် အချစ်စစ်ကြီး ပြင်နေပါ၏ ။


ဘုရားပွင့်ချိန် ပင် မာရ်နတ် ဖျက်သေးသည့် အတိုင်း အောင်ဗလ ၏ ချစ်ရေးတော်ပုံ တွင် လည်း အစ ပထမ၌ အဖျက်အဆီးတွေ ပါသေးသည် ။ ထို မာရ်နတ် မှာ အခြားသူ မဟုတ်ပါ ။ အောင်ဗလ ၏ ခြံ နှင့် ၉ ခြံမျှ ခြားသော ခြံ ၌နေသည့် အောင်ဗလ နှင့် ဆွေမျိုး သားချင်း တော်စပ်သော နှမတော် တစ်စု ပေါက်လာကာ ပိတောက်ပန်း ခူးပေးရန် တောင်းဆိုကြခြင်း ဖြစ်ပါ သည် ။


ချစ်သူ ကို ရည်စူးခူးတဲ့လို့ ခြွေရန် မှန်းထားသော ပိတောက်ပန်း ကို အဘယ်မှာ ဤ နှမတော်များ ကို ခူးပေးရက်ပါမည်နည်း ။ ပိတောက်ပင် မှာ တစ်ပင်လုံး ဝါ နေသည့် တိုင်အောင် များပြားလှ သဖြင့် တချို့တလေ ခူးပေး လိုက ပေးနိုင်သော်လည်း တစ်ဖက်ခြံ မှ မပန်းကြိုက်ကလေး မြင်ပါလျှင် အထင်တော်လွဲ သွားပါက ကျွန်တော် မုချ သေပွဲဝင်ရပါမည် ဖြစ်သဖြင့် အခက် တွေ့ နေပါ၏ ။


သို့သော် ကံအားလျော်စွာ ပင် မပန်းကြိုက်ကလေး သည် ကား နှင့် အပြင် ထွက်သွား သဖြင့် မာရ်နတ်မယ် နှမချော တစ်စု ကို အညံ့ဆုံး ပန်းများကို ခူးပေး လိုက်ပြီး အမြန် နှင် လိုက်ရပါ၏ ။


ညနေပိုင်း တွင် ...


“ ပိတောက်ပန်းတွေ က သိပ်လှတာပဲနော် ..” 


ပိတောက်ပင် အနီး၌ လမ်းလျှောက် သော ပိတောက်ပင်စောင့်နတ်သား အောင်ဗလ ကို အလှနတ်သမီးကလေး မပန်းကြိုက် က စတင်၍ ချစ်စဖွယ် ငွေဆွဲလည်းသံကလေး နှင့် စကား စ လိုက်ပါ၏ ။


“ ဟုတ်တယ် .... ဟုတ်တယ် ... ပိတောက်ပွင့်ကလေးတွေ က သိပ်လှတာပဲ .. ဒါပေမဲ့ ... ဒီ ပိတောက်ပွင့်ကလေးတွေ ဟာ အလှနတ်သမီးကလေး ရဲ့ ဆံကေသာကြော့ ပေါ် ရောက်သွား ရင် အလှချင်း ပြိုင်လို့ နိုင်မှာ မဟုတ်လို့ သနားစရာပဲ နော် .. ”


သူကလေး က ချစ်စဖွယ် ပြုံးလိုက်ပါ၏ ။


“ လတန်ခူးပေမို့ ၊

အလှထူးပါဘိ ၊

မြအဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တမ်းသာဖြင့် ၊

ဘယ်ပန်းသော် စံမတူဘု ၊

နန္ဒမူ ဖင်ဂူထိပ်မှာလ ၊

ပစ္စေကာ ချွေးတော်သိပ်ရတယ် ၊ 

အေးရိပ်ဆာယာ ။

တစ်နှစ်တွင် သည်တစ်လပေပ ၊

တစ်လတွင် တစ်ရက်ထဲ ၊ 

ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ၊ 

ပွင့်ရှာကြ စုံမြိုင်တွင်း ၊ 

မြူမင်းလွင်ထန် ၊

ကြူသင်း တာချိန်ယံမတော့ ၊

ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့် ၊ 

ခါသင်္ကြန် ဂိမ္မာန်ရောက်ပြန်တော့ ၊ 

သိန်သရေ ထိန်ဝေလို့တောက်တဲ့ပြင် ၊ 

လမ်းတစ်လျှောက် သင်းပါဘိ ၊

ဆန်းသလောက် မလင်းနိုင်ဘု ၊ 

ပန်းပိတောက်မင်း .. ” 


အောင်ဗလ က ဦးကြော့ ၏ ပိတောက်ပန်းဘွဲ့ကလေး ကို သံနေ သံထား နှင့် ဆိုပြလိုက်ပါသည် ။


သူကလေး ကား ချစ်စဖွယ် ပြုံး၍ ပင် နေပါသည် ။


“ ဒီ ပိတောက်ပန်း ဟာ .. ဘယ်လောက်ပဲ စာဖွဲ့ဖွဲ့ ... ဘယ်လောက်ပဲ လှလှ .. အလှနတ်သမီးကလေး နှင့် ပြိုင်လျှင် နိုင်မှာ မှ မဟုတ်ပါဘဲ ” 


သူကလေး ကား ချစ်စဖွယ် ပြုံး၍ ပင် နေပါသည် ။


“ ကဲလေ .. အလှနတ်သမီးကလေး နဲ့ .. အလှပြိုင်လို့ နိုင်မနိုင် ပြိုင်ရအောင် ...

ကိုယ် က .. ပိတောက်ပန်းတွေ ခူးပြီး အလှနတ်သမီးကလေး ရဲ့ ဆံကေသာကြော့ ကို ဆင်မြန်း ပေးကြည့်ပါရစေလား .. ”


အောင်ဗလ က အကွက်လည်လည်ကြီး အချစ်စက် ခုတ်လိုက်မှ သူကလေး က ... 


“ အို ... အလှနတ်သမီး ဆိုတာက ... ဒီကကို .. ပြောနေတာလား ..” 


“ ဟုတ်တယ်လေ ... မင်း ကို မီမယ့် အလှဘုရင်မ ... ဒီ ကမ္ဘာ မှာ မရှိနိုင်လို့ အလှနတ်သမီး လို့ ခေါ်ရင် ရိုင်းသလား ...” 


သူကလေး ကား ပြုံး၍ပင် နေသေးပြန်ပါ၏ ။


ပိတောက်ပင်စောင့်နတ် အောင်ဗလ သည် လည်း ဆိုင်းမဆင့် ပတ်မပျိုးဘဲ နတ်ဒိုး နှင့် ပိတောက်ပင် ပေါ် တက်ပြီး ပိတောက်ခက် ခိုင်ကေညှာ တို့ကို လှရာရာ ကို ရွေးခူးကာ သူကလေး ၏ ပိတုံးရောင် သုံးတောင်ကြော့ ကေသာ ( အမှန်အားဖြင့် ငယ်ငယ်က ဂျပန်ဆံထောက် ညှပ်ခဲ့ဟန် ရှိသော တစ်တောင်ပင် မပြည့်သည့် ကေသာ တိုနံ့နံ့ကလေး ဖြစ်ပါ ၏ ။ ) ကို ဆင်၍ ဆင်၍ ပေးလိုက်ပါ၏ ။


ထိုနေ့ထိုရက် မှ စ၍ အောင်ဗလ သည် မပန်းကြိုက်ကလေး ၏ မေတ္တာတိုက် ကို ဖွင့်လှစ် ရရှိ သွားပြီး ပျော်ရွှင်စွာ ပေါင်းသင်းကြလေတော့ သတည်း ။


ဤကား အောင်ဗလ ရေးချင်သော ၊ အောင်ဗလ လိုလားသော ဇာတ်သိမ်းခန်း

ဖြစ်ပါ၏ ။


သို့သော် .. ဖြစ်ချင်သလို မဖြစ်သော လောကကြီး ဖြစ်သောကြောင့် အဖြစ်အပျက်မှန် ကို ဆက် ရေးရလျှင် စာဖတ်သူ မိတ်ဆွေ သည် “ ညနေပိုင်းတွင် ” ဆိုသော စကားလုံး မှ စ၍ အမှား ပြင်ဆင်ချက် အဖြစ် ဆက်လက် ဖတ်ရှုတော်မူပါ ခင်ဗျား ။



အောင်ဗလ သည် ထုံးတမ်းစဉ်လာ အတိုင်း ပိတောက်ပန်းဘွဲ့များ ကို သီကုံးနေစဉ် ...


“ ပိတောက်ပန်းတွေ က သိပ်လှတာပဲနော် ....” 


ဤ အသံကလေးမှာ ငွေဆည်းလည်းသံ မဟုတ်ဘဲ ဆိုက်ကား မှ ခေါင်းလောင်းသံ ကဲ့သို့ ရှိပါ၏ ။


အဘယ်ကြောင့် ဆိုသော် အလှနတ်သမီး က လာ၍ ပြောခြင်း မဟုတ်ဘဲ အလှနတ်သမီးကလေး ၏ လက်ပါးစေ ( အစေခံမကလေး ) အလှငရဲသူ အရုပ်ဆိုးမကလေး က လာ၍ ပြောခြင်း ဖြစ်သောကြောင့် ဖြစ်ပါ၏ ။


“ ဘာလဲ .. ပိတောက်ပန်း လိုချင်လို့လား .. မပေးနိုင်ဘူး ... သွား ... ” ဟု ပင် နှင်လိုက်မိပါ၏ ။


“ အို ... ကျွန်မ အတွက် မဟုတ်ပါဘူး .. မမ က .. ပိတောက်ပန်း အတောင်းခိုင်းလို့ပါ ...” 


“ ဘာ ... ဘာရယ် .... မမ က ဟုတ်လား ... မပန်းကြိုက်ကလေးကလား ... ” 


“ ဟုတ်ပါတယ် ... မမ က ကိုကို့ ဆီ မှာ ပိတောက်ပန်း အတောင်း ခိုင်းလို့ပါ .. ” 


အောင်ဗလ သည် စကား တစ်ခွန်းမှ မပြောနိုင်တော့ဘဲ ကပျာကယာ ခါးတောင်း ကို မြှောင်အောင် ကြိုက်လိုက်ကာ ပိတောက်ပင် ပေါ် တက်ပြီး ပိတောက်ပန်း တစ်ပွေ့တစ်ပိုက်ကြီး ခူးကာ ပေးလိုက်ပါ၏ ။


ညနေစောင်း သွားသော အခါ မပန်းကြိုက်ကလေး သည် တစ်ဖက် ခြံ ထဲ၌ ပဒုမ္မာ အင်္ကျီ ဖြူဖြူဖွေးဖွေးကလေး ၊ နံ့သာရောင် မန္တလေးပိုးလုံချည်ကလေး တို့နှင့် သနပ်ခါးဝါဝါကလေး ကို လိမ်းထားပြီး တစ်ခေါင်းလုံး အောင်ဗလ ၏ ပိတောက်ပန်းများ ကို ဝေနေအောင် ပန်ထားလျက် လမ်းလျှောက် နေပါ၏ ။


ဤအချိန် သည် အောင်ဗလ အဖို့ မဟာ အခါတော် ကျပြီ ဟု ဆုံးဖြတ်ချက်ချလိုက် ကာ အောင်ဗလ သည် ငွေဖလားကြီး တစ်လုံး ကို ရေအပြည့် ထည့်ပြီး တစ်ဖက် ခြံသို့ ကူးခဲ့ပါ ။


ခြံ ထဲသို့ ရောက်သော အခါ မကြာမီ က သရက်ပင်ကြီး အောက်၌ ဝင်းဝင်းပပ အလှ သရဖူဆောင်း နေသော မပန်းဝေ ကို ရုတ်တရက် ရှာ မတွေ့ ပါ ။


အောင်ဗလ က ရေဖလားကြီး ကို ကိုင်လာ သဖြင့် ရေလောင်းမည် ကို စိုးရိမ်သော ကြောင့် ပုန်းနေဟန် တူပါသည် ။


သူကလေး သည် အိမ် ထဲ သို့ မဝင်သေးသောကြောင့် ပန်းခြံ ထဲ ၌ မုချ ရှိရမည် ဟု တွက်ကာ အောင်ဗလ သည် တစ်ချုံဝင် တစ်ချုံထွက် မတွေ့မချင်း လိုက် ရှာမိပါ၏ ။ 


“ အလို ... ဘုရားရေ ”


သူကလေး ကို စတင် တွေ့စဉ် မှ စ၍ အောင်ဗလ အဖို့ ကန်တော့ရန် ပင် မေ့လျော့ နေခဲ့မိသော မြတ်စွာဘုရား ကို တ, လိုက်မိပါ၏ ။


ဘာကြောင့် ဘုရားတ မိကြောင်း ကို အောင်ဗလ မရေးလိုတော့ပါ ၊ မရေးလျှင် လည်း မပြီးသဖြင့် ရေးရပါဦးမည် ။


အို .. တိုတိုပဲ ရေးပါရစေတော့ ၊ အောင်ဗလ အချစ်ကြီး ချစ်မိနေတဲ့ မပန်းကြိုက်ကလေး ဟာ ဖြင့် .. သူတစ်ထူး ရဲ့ ရင်ခွင် ထဲ မှာ ပြုံးပြုံးကလေး ရှိနေပါတော့သည် ။


ကြည့်စမ်းပါဦး ဟိုငနဲ က အောင်ဗလ ၏ ပိတောက်ပန်းကလေးများ ကို ပင် ( မပန်းကြိုက်ကလေး ကို ပွေ့ရင်း ရှုပ်သည် ဆိုခါ ) မပန်းကြိုက်ကလေး ၏ ခေါင်း မှ ဖြုတ်၍ လွှင့်ပစ် နေပါ၏ ။


အောင်ဗလ သည် ချက်ချင်းပင် ပြန် ခဲ့ပြီး ပိတောက်ပင်ကလေး ၌ ကျန်ရှိသေးသည့် ပိတောက်ပွင့်များ ကို ခူးကာ ဘုရားသို့ သွား၍ လှူခဲ့ပြီး ...


ထက် ဘဝဂ် ၊ အောက် အဝီစိ ၊ ရှိရှိသမျှ သတ္တဝါအပေါင်း သူတော်ကောင်းတို့ ကို အမျှဝေကာ “ ဣဒံမေပုညံ ၊ ဤ ကောင်းမှု ကုသိုလ်ကံ ကြောင့် ၊ အဟံ ၊ အကျွန်ုပ် သည် တစ်ဘီး လှိမ့်ရနိုး နောက်ပိုးကျန်ရစ် မဖြစ်ပါရစေနှင့် အရှင်ဘုရား ” ဟု ဆုတောင်းမိခဲ့ပါ၏ ။ 


ဤကား ယမန်နှစ် ပိတောက်တွေ ရွှေရည်လူး စဉ် က ဖြစ်ခဲ့သော အောင်ဗလ ၏ အဖြစ်ဆိုး ဖြစ်ပါ၏ ။


ယခုနှစ် အဖို့ လည်း အောင်ဗလ ၏ ပိတောက်ပင် သည် ဖူးစ ပြုလာပြန်ပါပြီ ၊ သို့သော် တစ်ဖက်ခြံ ၌ မူ မပန်းကြိုက်ကလေး တို့ ဝါဆိုဦးစ လက်ထပ်ပြီး ကတည်း က ပြောင်းသွားကြ သဖြင့် အိမ်ငှားရန် ဟူသော ဆိုင်းဘုတ်ကလေး သာ အသက် ရှိနေပါ၏ ။


ထို့ကြောင့် ခုနစ်ရက်သား ၊ ခုနစ်ရက်သမီး တို့ ကို ပိတောက်ပန်း အလှူ ပေးလိုပါ၏ ။ 


“ ဪ ... ပိတောက်တွေ ရွှေရည်လူးလို့ .. ”


“ အို .... တော်ကြပါစို့ဗျာ ”


 ▣  အောင်ဗလ

📖 ရှုမဝ မဂ္ဂဇင်း

📖 ပိတောက်ဖူးတဲ့ လတန်ခူး နှစ်ဦးသင်္ကြန်ခါ

No comments:

Post a Comment