❝ ပုံတူပန်းချီဆရာ ❞
( ဝင်းဖေ )
လက်ဘက်ရည်ဆိုင် ထိုင်တယ် ဆိုတာ လက်ဘက်ရည် သောက်ဖို့ သက်သက် မဟုတ်ဘူးဗျ ။
သူငယ်ချင်းတွေ နဲ့ တွေ့ဖို့ ၊ အာချောင်ဖို့ ၊ တွေ့ကရာရှစ်သောင်း ပေါ့ပေါ့ပါးပါး ရော ၊ လေးလေးပင်ပင် ရော ၊ မလေးမပေါ့ ရော ပြောချင်ရာ ပြောကြဖို့ ။ ဒါပဲ ။ တစ်ခါတလေလည်း တဝါးဝါး တဟားဟား ။ တစ်ခါ တလေတော့လည်း ငြင်းကြခုန်ကြ ၊ အော်ကြဟစ်ကြ ။
တစ်ခါတလေကျတော့လည်း ရောမန်တိက လေးတွေ ၊ အဲ ကြိုကြား ကြိုကြား အိရောတိက လည်း ပါသပေါ့လေ ။
အစုံပေါ့ဗျာ ။
အဲ ... အရေးကြီးတာ က စိတ်လွတ်လက်လွတ်ကလေးတွေ ပြောနိုင် ကြဖို့ အရေးကြီးတယ် ။ ကိုယ်စီ ကိုယ်စီ ပြောတဲ့ အလှည့် ၊ နားထောင်တဲ့ အလှည့် ၊ ဒီလို ဒီလိုတော့ ရှိကြတာပေါ့ ။
တစ်နေ့တော့ ကျွန်တော်တို့ လူငယ်ဝိုင်း ကို ဦးမြကြီး ရောက်လာ တယ် ။ ဦးမြကြီး ဆိုတာကလည်း သူစိမ်းမှ မဟုတ်တာ ။ ကျုပ်တို့ အရပ် ထဲက ပန်းချီဆရာပဲ ။ အိုကေပါပဲ ။ ကျုပ်တို့ ဝိုင်းမှာ ထိုင်မယ် ၊ ဘာဖြစ်လဲ ထိုင်ပေါ့ ။ ကျုပ်တို့ က လေးလေးစားစားပါပဲ ။ နေရာတွေဘာတွေ အကျအန လုပ်ပေးပါတယ် ။
ဒါပေမဲ့ ကျုပ်တို့ က လူငယ်ပိုင်း ၊ သူက လူကြီး ။ ကျွန်တော်တို့ မှာ နည်းနည်းတော့ အနေအထိုင် ကျပ် သွားတာပေါ့ ။
ဒါပေမဲ့ ရပါတယ် ။ တစ်ခါတလေပဲ ။ နောက်တော့လည်း သူနဲ့ အံဝင်ခွင်ကျ မဖြစ်ရင် သူ့ဟာသူ သိသွားလိမ့်မပေါ့ ။ အဲ အဲဒါ ကျွန်တော် တို့ အမှားပဲ ။
ကိုမြကြီး က အဲလို လူကြီး မဟုတ်ဘူးဗျ ။ သူ က တစ်ဇွတ်ထိုး ၊ တစ်ယူသန်ကြီး ။ သူ ပြောချင်ရာ စွတ်ပြောတာ ။ သူ ပြောရင်လည်း နားထောင် နေမှ ကြိုက်တာ ။ သူ ပြောတာကို ယုံမှ ကြိုက်တာ ။ သူ့ကို မငြင်းနဲ့ ၊ မကြိုက်ဘူး ။ သူ့ကို မှားတယ်လို့ မပြောနဲ့ ၊ နည်းနည်းလေး မှ မခံဘူး ။ သူက သူ ဘယ်တော့မှ မမှားတဲ့ အကြောင်း ပြန် အော်မှာပဲ ။ ဘာလို့လဲ ဆိုတော့ သူက လူကြီး ဖြစ်တယ် ။ ကျွန်တော်တို့ ထက် စောမွေးလို့ ကြိုသိ ၊ ပိုသိတယ်တဲ့ ။ ပြီးတော့ ပန်းချီဆရာ လည်း ဖြစ်တယ်တဲ့ ။ ပန်းချီဆရာ ဆိုတာ အနုပညာသမားတဲ့ ။ အနုပညာသမား ဟာ ရိုးသား ဖြောင့်မတ်တယ်တဲ့ ။ အမြင်ကျယ်တယ်တဲ့ ။ ဉာဏ်ကောင်းတယ်တဲ့ ။ ထိုးထွင်းဉာဏ် ရှိတယ်တဲ့ ။ စုံနေတာပဲ ။ အနုပညာသမား ဖြစ်ရင် သူတော်စင် ဖြစ်သွား သလောက် လျှောက် ပြောတော့တာပဲ ။ အနုပညာသမားတွေ ဟာ စူပါမင်းတွေ ကျနေ တာပဲ ။ ဦးမြကြီး ဟာ ပန်းချီဆရာကြီးပါပဲ ။ ဒါပေမဲ့ သူ့ဟာက ဆိုင်းဘုတ် တွေ ရေးရတာ များတာပါ ။ ဆိုင်းဘုတ် ရေးတယ် ဆိုတာ ပန်းချီတော့ ပန်းချီ ပဲပေါ့ဗျာ ။ ဒါပေမဲ့ သိတယ် မဟုတ်လား ။ လူတွေ က သိပ် အထင်ကြီးကြ တာမှ မဟုတ်ဘဲ ။ တစ်ခုတော့ ရှိတယ် ။ ဦးမြကြီး က စီးပွားရေး အရ ဆိုင်း ဘုတ်တွေ ရေးနေရတာတဲ့ ။ ဆိုင်းဘုတ်က လွဲပြီး ပန်းချီပညာ မှာ ဦးမြကြီး ဘယ်လောက်ထိ ပေါက်မြောက်တယ် ဆိုတာတော့ ကျွန်တော်တို့ လည်း မမြင်ဖူးကြတော့ မသိဘူးပေါ့ဗျာ ။
သူကတော့ သူ့ ဆိုင်းဘုတ်ပညာ အကြောင်း ကို ပြောခဲတယ် ။ တကယ့် ပန်းချီပညာရှင်ကြီးတွေ အကြောင်း ၊ ထင်ရှားကြီးကျယ်တဲ့ ပန်းချီကားကြီး တွေ အကြောင်း အဲဒါတွေပဲ အပြောများတယ် ။
ပြောပြန်ရင်လည်း တကယ့်ကို ယုံယုံကြည်ကြည် နဲ့ အားရပါးရ ပြောတတ်တယ် ။ သူ ကိုယ်တိုင် အဲဒီ ကမ္ဘာကျော် ပန်းချီပညာရှင်ကြီးတွေနဲ့ အတူအိပ် အတူစား လာခဲ့ရသလိုပဲ ။
အဟုတ် ၊ အဟုတ် ။
အဲဒီလို တရားလွန်ကြီးတွေ ဆိုတော့ သူ ပြောတာတွေဘက ရယ်စရာ ကြီးတွေ ။ ကျွန်တော်တို့ ကလည်း ရယ်စရာ ဆိုတော့ ရယ်ကြတာပေါ့ ။ အဲဒီ တော့လည်း သူ က မျက်နှာတည်ကြီးနဲ့ဗျ ။ စိတ်ဆိုးတတ်တယ် ။ ကျွန်တော် တို့ ခဏခဏ အငေါက်ခံကြရတယ် ။ ကြာတော့ ကျွန်တော်တို့ လည်း ကြောက်တတ် လာတယ် ။
သူ ကတော့ မှန်မှန်ပဲ ။ ကျွန်တော်တို့ ဝိုင်း ကို ရောက်ရောက်လာတယ် ။ ပြီးတော့ သူ ပြောချင်ရာတွေ ကို လျှောက် ပြောတော့တာပဲ ။ အဲဒါကို ကြိုက်ကြိုက် မကြိုက်ကြိုက် ၊ ယုံယုံ မယုံယုံ နားထောင်ကြ ။ ဒါပဲ ၊ မငြင်းနဲ့ ၊ ပြန်မပြောနဲ့ ၊ ငြင်းတဲ့ အကောင် ပြန်ပြောတဲ့ အကောင် ငတုံးပဲ ။ ကိုမြကြီး က အဲဒီကောင် ဟာ ဉာဏ် မရှိကြောင်း ၊ မသိကြောင်း ၊ အလကား ဖြစ်ကြောင်း အသားလွတ် ဟောက်ပစ်လိုက်မှာပဲ ။
အဲဒါပါပဲဗျာ ။ ကျွန်တော်တို့ ဒုက္ခ ကလည်း မသေးဘူးနော် ။ ကျွန်တော် တို့က အားနာတတ်တယ် ။ ဝယဝုဒ္ဓိ ၊ ဂုဏဝုဒ္ဓိ ဆိုတာ ကို လေးစား တန်ဖိုး ထားတတ်တဲ့ ဉာဉ်ကလေးတွေ တော့ ရှိကြတယ် ။ အဲဒီတော့ ပို ခက်နေတာ ပေါ့ ။
ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းလေး ဒုက္ခ ရောက်နေတာ တော် တော်ကြာပြီဗျ ။ ကျွန်တော်တို့ မှာက ဦးမြကြီး ကို ဝိုင်း ပယ်ပစ် လောက်အောင် ရိုင်းစိုင်းဖို့ သတ္တိ မရှိကြဘူးဗျ ။ အဲဒါ ခက်နေတာပဲ ။
တစ်ခုတော့ ရှိတယ် ။ ကျွန်တော်တို့ ဝိုင်းနဲ့ ကပ်လျက် ဝိုင်းမှာ ဦးအေးသော် ဆိုတဲ့ ပန်းချီဆရာကြီး တစ်ယောက် ရှိသေးတယ် ။ သူက ဦးမြကြီး ကို ပန်းချီ ဆရာ အချင်းချင်း ဆိုပြီး ခင်ရှာပါတယ် ။ ကျွန်တော်တို့ ဝိုင်း ကို ဦးမြကြီး လာပြီး ပေါက်ကရ လျှောက်လျှောက် ပြောနေတာ နဲ့ ပတ်သက်လို့ သူ့ မှာ စိတ်မသက်မသာ ဖြစ်နေရှာတယ် ။
ဦးမြကြီး မဟုတ်တာတွေ လျှောက်ပြောတဲ့ အတွက် လည်း သူ့ မှာ ကြားက လိပ်ပြာမလုံ ဖြစ်ရဟန်တူတယ် ။
ဦးမြကြီး ကျုပ်တို့ ကို နိုင့်ထက်စီးနင်း စွတ်ဟောက် ၊ စွတ်ငေါက် နေတာတွေကိုလည်း သိပ် အားနာ နေဟန် တူတယ် ။ ဦးအေးသော် က အထက်တန်းကျောင်း တစ်ကျောင်း မှာ ပန်းချီသင်တန်းဆရာ တစ်ယောက်ပဲ ။
ဦးမြကြီး လို ဆိုင်းဘုတ်ဆရာ မဟုတ်ဘူး ။ ဦးမြကြီး က ဦးအေးသော် ကို လေးတော့ လေးစားတယ် ။ ခင်ခင်မင်မင် လည်း ရှိပါတယ် ။ ဒါ့ထက် တော့ မပိုဘူး ။ သူ့ ထက် ပို တတ်တယ်လို့ လည်း မထင်ဘူး ။
တစ်နေ့တော့ ဦးမြကြီး က ထုံးစံအတိုင်း ကျွန်တော်တို့ ဝိုင်းကို ဝင်စီး ပြန်တယ် ။ အဲဒီအချိန်မှာ ဦးအေးသော် ကလည်း တစ်ဖက် စားပွဲက လှမ်း ကြည့်နေတယ် ။
ဦးမြကြီးက ကျွန်တော်တို့ ကို ကမ္ဘာ ပေါ်မှာ အလွန် ထူးခြားတဲ့ ပုံတူရေး ပန်းချီဆရာကြီး တစ်ယောက် အကြောင်း ကို ပြောပြတယ် ။
အဲဒီ ပန်းချီဆရာကြီး ဟာ ပုံတူ ရေးဆွဲတဲ့ နေရာမှာ အလွန် နာမည် ကျော်ကြားတဲ့ အကြောင်း ၊ လက်ခကြေးငွေ လည်း အများကြီးရတဲ့ အကြောင်း တွေက စပြောတယ် ။ အဲဒီ ပန်းချီဆရာကြီး ဆီမှာ အလုပ်အပ်တဲ့ လူတွေ လည်း တန်းစီ နေရတယ်လို့ ဆိုတယ် ။
လက်ခကြေးငွေ ယူတာနဲ့ ပတ်သက်လို့ သူ ပြောတဲ့ ကိန်းဂဏန်းက များလွန်း အားကြီး နေတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်း ကြည့်မိတာ က လွဲလို့ ဘာမှ မပြောရဲကြပါဘူး ။
အဲဒီ ပန်းချီဆရာကြီး ပုံတူဆွဲ လိုက်ရင် သိပ်တူတဲ့ အကြောင်း ၊ ဓာတ်ပုံ ရိုက်တာ ထက် ပို တူကြောင်း ပြောပြန်တယ် ။ အဲဒီ အချိန်မှာ လည်း ကျွန်တော် တို့ တစ်ဖွဲ့လုံး ခွကျသွားပြန်တယ် ။ ဘယ်လို လုပ်ပြီး ဓာတ်ပုံ ထက် ပိုတူ ရဦးမှာလဲ ။
အံမယ် ၊ ဦးမြကြီး ကလည်း လူလည်ကြီးဗျ ။ ကျွန်တော်တို့ စိတ် ထဲမှာ ရှိတာကို သိသွားတယ် ။
ပုံတူတယ် ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြတယ် ။ ဓာတ်ပုံ ဆိုတာ စက်တဲ့ ၊ လူတစ်ယောက် ပုံ ကို အဲဒီ စက်နဲ့ ပုံတူရအောင် ရိုက်ယူရင် ပုံတူ တော့ ရမှာပေါ့တဲ့ ။ ဒါပေမဲ့ စက်က စက်ပါပဲတဲ့ ။ ပုံတူ အရိုက်ခံတဲ့ လူ ကို ဓာတ်ပုံကင်မရာ က စိတ်ထား ဘယ်လို ရှိမယ် ၊ အတွင်းသဘော က ဘယ်လို ၊ အကျင့်သီလ က ဘယ်လို ၊ ဘာညာ နဲ့ ဘာမှ တွေးတတ် ခံစားတတ်တာ မဟုတ်ဘူးတဲ့ ။ စက် ဟာ စက်ပဲတဲ့ ။ စက်ပုံတူ ဟာ အနုပညာ သဘောအရ အဆင့် မရှိပါဘူးတဲ့ ။
ကျွန်တော်တို့ အဲဒီ ကိစ္စ မှာတော့ ခံသွားကြရတယ် ။ သူ ပြောတာက တော်တော် ရှင်းနေသားပဲ ။
ဟုတ်တယ်လေ ၊ ပုံတူရေး ပန်းချီဆရာ တစ်ယောက် ပုံကို ကြည့်ပြီး ရေးဆွဲတဲ့ နေရာမှာ အဲဒီ ဆရာ က လူ မဟုတ်လား ။ ဦးနှောက် ရှိတယ်လေ ၊ နှလုံးသား ရှိတယ်လေ ။ သူ ရေးတဲ့ နေရာမှာ တိကျမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံကင်မရာ ကိုတော့ မီချင် မှ မီမယ် ။ ဒါပေမဲ့ ဝေဖန်မှု ၊ ချိန်ဆမှု ၊ ခံစားမှု ဆိုတာမျိုးတွေကတော့ သေချာပေါက် ပါတော့မှာပဲ ။ အဲဒီတော့ စက် နဲ့ ရိုက်တဲ့ ဓာတ်ပုံ ထက် ပန်းချီပုံတူ က ပိုပြီး ထူးခြား ကောင်းမွန်နိုင်တယ် ဆိုတာ အကြောင်း ရှိတယ် ။ ဒါတော့ ဦးမြကြီး ပိုင်ပါပေတယ် ။ ကျွန်တော်တို့ ပါးစပ် အဟောင်းသား နဲ့ ခံလိုက်ကြရတယ် ။
ဦးမြကြီး ကတော့ ပြဇာတ် ထဲက အိုက်တင်နဲ့ သူ့ လက်ဝါးနှစ်ဖက် ကို ပွတ်ပြီး ဘယ့်နှယ်လဲ မပိုင်ဘူးလား ဆိုတဲ့ ဂိုက်နဲ့ပေါ့ဗျာ ။ သူ့ ကိုယ်သူ လည်း အတော် ကျေနပ် သွားတယ် ။ ရုတ်တရက် ဘဝင် လည်း မြင့်သွားပုံ ရှိတယ် ။ သူ့ကိုယ် သူလည်း ပိုပြီး ယုံကြည်သွားဟန်တူတယ် ။
တစ်ဖက်စားပွဲ က ဦးအေးသော် လည်း အတော်လေး ပီတိ ဖြစ်သွား ပုံပဲ ။ အဲဒီ ပန်းချီဆရာကြီး ရဲ့ နာမည် ကိုတော့ နောက်မှ ပြောမယ်တဲ့ ။
လုပ်ပြီ ။ စ ကတည်းက ပြောလိုက်တော့ ဘာဖြစ်သွား မှာ ကျနေ တာပဲ ။
ဒါဖြင့် ဘယ်နိုင်ငံကလဲ ။ ဒါလည်း မပြောသေးဘူးတဲ့ ။
ဘယ်ခေတ်လောက်ကလဲ ၊ ဒါလည်း အရေးမကြီးပါဘူးတဲ့ ။
အားလုံး တော်တော် သိချင်လာကြတယ် ။ ဦးမြကြီး က ဒါကို စောင့် နေတာလေ ၊ လက်ဖက်ရည်ကြမ်း တစ်ခွက် ကို ခပ်တည်တည် သောက်ချ လိုက်သေးတယ် ။
ပြီးတော့မှ ..
“ အဲဒီ ပုံတူ ပန်းချီဆွဲ ဆရာကြီး ဟာ မျက်စိ မမြင်တဲ့ ဒုက္ခိတကြီး ဖြစ်ပါသတဲ့ဗျား ”
ကဲ … ။
ကျွန်တော်တို့ အားလုံး မအီမလည်ကြီး ဖြစ်သွားကြတယ် ။ ဘာမှ တော့ မပြောရဲဘူးလေ ။ ရယ်ဖို့ မပြောနဲ့ ၊ ပြုံးတောင် မပြုံးရဲပါဘူး ။ ဘယ့်နှယ်ဗျာ ။ ပုံတူ ဆွဲမယ့်သူက မျက်စိ မမြင်ဘူး ဆိုတော့ ဘယ်လိုကြီးလဲ ။
ဦးမြကြီး က ကျွန်တော်တို့ ကို အကဲခတ် နေတယ် ။ သူ ပြောတာ ကို မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချင် နေကြတယ် ဆိုတာ သူ ကောင်းကောင်း သိတာ ပေါ့ ။ ဒါပေမဲ့ ကျွန်တော်တို့ ကလည်း မရယ်ရဲတော့ အမူအရာတွေ က နှစ်ကုံးတစ်ကော့တွေ ဖြစ်နေတယ် ။
အဲဒါကို ဦးမြကြီး ကောင်းကောင်း သိတယ် ။ သူ လည်း မအီမလည် ကြီးတော့ ဖြစ်နေတယ် ။
အဲဒီမှာ အခြေအနေ က မတင်မကျကြီး ဖြစ်နေတယ် ။
ဦးအေးသော် တစ်ဖက် စားပွဲက ထပြီး ကျွန်တော်တို့ ဆီ ပြောင်း လာတယ် ။
ဦးအေးသော်က ဦးမြကြီး ပြောတဲ့ ပန်းချီဆရာကြီး ကို သူ လည်း သိကြောင်း ၊ မျက်မမြင် ဆိုပေမဲ့ ခပ်ဝါးဝါး တော့ မြင်ရှာသေးတဲ့ အကြောင်း ဝင်ပြောတယ် ။
ဒါ အသိသာကြီးပဲ ။ ဦးမြကြီး ကို ဝင် ကယ်တာလေ ။ လွန်သွားတဲ့ စကားကို နုတ်နိုင်အောင် ထွက်ပေါက်ကလေး ဖောက်ပေးတာပဲ ။
ကျွန်တော်တို့ ကလည်း ချက်ချင်းပဲ အဲဒီလို ဖြစ်ရမှာပေါ့ ။ နည်းနည်းတော့ မြင်ရမှ ဖြစ်မှာပေါ့ ဘာညာနဲ့ ဝိုင်းပြောကြတယ် ။
အဲဒီမှာ ဦးမြကြီး ဒေါပွတော့တာပဲ ။
“ ဒီမယ် ကိုအေးသော် ၊ ခင်ဗျား ဝင် မပြောနဲ့ဗျာ ၊ ခင်ဗျား သိတဲ့ ဆရာကြီးနဲ့ ကျုပ် သိတဲ့ ဆရာကြီး မတူဘူးဗျ ၊ ကျုပ် ပြောတဲ့ ဆရာကြီး က လုံးဝ မမြင်ရတဲ့ စုံလုံးကန်းပဲ ”
“ ဟုတ်တယ်လေ ၊ စုံလုံးကန်းပါပဲ ၊ ဒါပေမဲ့ ခပ်ဝါးဝါးတော့ ... ”
“ ဟင့်အင်း ၊ ခပ်ဝါးဝါး ကို မမြင်ဘူး ၊ ဘာ အလင်းရောင် ကိုမှ မမြင် တာ ၊ လုံးဝ ကို ကန်းနေတာဗျာ ”
ဝင်ကယ်ဖို့ ကြိုးစားတဲ့ ဦးအေးသော် တော်တော် ခွကျသွားတယ် ။
ကျွန်တော်တို့ အဖွဲ့လည်း မျက်နှာကြီးတွေ ရှည်ရှည်ထွက်လာတာ လိုပဲ ရယ်လည်း မရယ်ရဲ ၊ ပြုံးလည်း မပြုံးရဲ ။
ဘယ်လို လုပ်ကြမလဲ ။
ပုံတူရေးမယ့် ဆရာကြီး က မျက်စိ လုံးဝ ကန်း နေတာတဲ့ ။ အငြိမ့်စင် ပေါ် က ပြက်လုံး ဆိုလည်း အကောင်းသား ဝါးခနဲ ရယ်လိုက်ရုံပဲ ။
ခုတော့ သူ့ဟာ က ခပ်တည်တည် ၊ မိုက်ဂိုက်ကြီးနဲ့ ။
အခြေအနေ က ပို ကျပ်လာတယ် ။
ဦးအေးသော် ထပ် ကြိုးစားပြန်တယ် ။
“ ဒီလိုတော့ ရှိတယ် လူလေးတို့ရ ၊ မင်းတို့ ကို ဦးလေး မေးမယ် ၊ မျက်နှာပြင် တစ်ခု ဟာ နုသလား ၊ ကြမ်းသလား သိဖို့ မျက်လုံးနဲ့ ကြည့်မှ သိတာလား ၊ တခြားနည်း နဲ့ကော မသိနိုင်ဘူးလား ”
“ ဟာ .. ဟုတ်တယ် ဦးလေး ၊ မျက်နှာပြင် တစ်ခု ကို လက်နဲ့ စမ်းရင် နုသလား ကြမ်းသလား သိနိုင်တာပေါ့ ”
“ ဟုတ်ပြီ ဟုတ်ပြီ ဦးလေး ၊ ပန်းချီဆရာကြီး က သူ ပုံတူ မဆွဲခင်မှာ ပုံတူဆွဲခံမယ့် လူရဲ့ မျက်နှာ ကို လက် နဲ့ စမ်းကြည့်ရင် ရတာပဲ ။ အဲဒီမှာ မျက်နှာကျ က ဝိုင်းသလား ၊ ရှည်သလား ၊ ပိန်သလား ၊ ဝသလား သိနိုင် တာပဲ ”
ဦးမြကြီး က အကြမ်းပန်းကန် ကို ဆောင့်ချလိုက်တယ် ။
အားလုံး သူ့ ကို ဖျတ်ခနဲ အာရုံ ပြုကြရတယ် ။
“ ဘာမှ မဟုတ်ဘူး ၊ ဒီမယ် ကိုအေးသော် ခင်ဗျား ဝင်မရှုပ်နဲ့ဗျာ ။ ကျုပ် ပြောတဲ့ ဆရာကြီး က ပန်းပုဆရာလည်း မဟုတ်ဘူး ။ ခင်ဗျား ပြော သလို မဆွဲခင် လက် နဲ့ စမ်းကြည့်တာတွေ ဘာတွေလည်း လုံးဝ မလုပ် ဘူး ။ ဒီတိုင်း တောက်လျှောက် ချဆွဲတာပဲ ။ ခင်ဗျားတို့ တယ် ခက်တာပဲ ။ ဘာအပိုတွေ လျှောက် ပြောနေကြတာလဲ ။ ကျုပ် ပြောနေတာ ရှင်းရှင်းလေးပဲ ။ အဲဒီ ဆရာကြီး က မျက်လုံး နှစ်ဖက်လုံး ကန်းနေတယ် ။ လုံးဝ မမြင် ရဘူး ။ ဒါပေမဲ့ ပန်းချီပညာ မှာ သိပ်တော်တယ် ။ ပုံတူတွေ ပဲ ဆွဲတယ် ၊ ဆွဲရင် သိပ်တူတယ် ၊ ဒါပဲ ”
“ ဪ ဟုတ်ပြီ ၊ ကိုမြကြီး သူ မျက်စိ မကန်းခင် က ကောင်းကောင်း မြင်ဖူး တွေ့ဖူးတဲ့ လူတွေ ကို ... ”
“ လုံးဝ မဟုတ်ဘူး ၊ ဒီ ဆရာကြီးက ဘယ်သူ့ကိုမှ ၊ ဘယ်တုန်းကမှ မမြင်ဖူးဘူး ။ ဘာလို့လဲ ဆိုတော့ သူက မွေးရာပါ အကန်း ၊ မွေး ကတည်းက မမြင်ရတာ ။ ကဲ … ရှင်းပြီလား ၊ ခု သူ ပုံတူ ဆွဲတဲ့ လူတွေ ကို ဘယ်တုန်း ကမှ မမြင်ဖူးဘူး ။ ဒီတိုင်း ဆွဲတာ ။ တော်တယ် ဆိုတာ အဲဒါပေါ့ဗျ ။ လုံးဝ ကို မမြင်ရဘဲနဲ့ သိပ် တူအောင် ဆွဲနိုင်တယ် ။ အဲဒါ တော်တာပေါ့ ။ အဲဒါ ပါရမီ ပဲ ။ ကဲ ခင်ဗျား ဘာပြောမလဲ ”
ဒုက္ခတော့ ရောက်ကုန်ကြပြီ ။
ဦးအေးသော် လည်း သိပ်ကို အကျပ် ရိုက်နေပြီ ။
ကျွန်တော်တို့ မျက်နှာတွေ လည်း ရှည်ရှည် ထွက်လာပြီ ။
ဦးမြကြီး ကလည်း ကယ်လို့ မရ ၊ ဆယ်လို့ မရ ဖြစ်နေပြီ ။
ဦးအေးသော် က သူ့ မျက်နှာက ချွေးတွေ ကို လက်ကိုင်ပဝါ နဲ့ သုတ်လိုက်ပြီး
“ ဒီလိုကွ လူလေးတို့ရ ၊ မင်းတို့ စဉ်းစားကြည့်ကြဦး ၊ တကူကူး ကူး ဆိုတဲ့ အသံ ကိုကြားရင် မင်းတို့ မျက်စိ ထဲမှာ ဘာမြင်လာမလဲ ”
“ ဟုတ်ပြီ ဦးလေး ၊ ချိုးကလေး ကို မြင်လာတာပေါ့ ”
“ ကောင်းပြီ ၊ အောက်အီအီးအွတ် ဆိုရင်ကောကွာ ”
“ ကြက်ဖ ပေါ့ ဦးလေးရ ”
“ အုံးအွမ် အုံးအွမ် ဆိုရင်ကောကွာ ”
“ ဟာ ဟုတ်တာပေါ့ ၊ ဖား ဖား ”
“ ဖားပြုတ် ဖားပြုတ် ”
ဦးမြကြီး က စားပွဲ ကို လက်နဲ့ ပုတ်လိုက်တယ် ။
တစ်ဝိုင်းလုံး လန့် ။
တစ်ဝိုင်းလုံး ငြိမ် ။
တစ်ဝိုင်းလုံး မျက်လုံးပြူး ။
အားလုံး ဦးမြကြီး ကို ကြည့်နေကြရတယ် ။
“ ကိုအေးသော် … ခင်ဗျား တော်တော် လျှာရှည်တဲ့ လူပါလား ၊ ကျုပ် ပြောတဲ့ ဆရာကြီး က သူ ဆွဲမယ့် လူတွေရဲ့ အသံ ကို နားထောင်ပြီး အင်္ဂဝိဇ္ဇာနည်း နဲ့ ဆွဲတဲ့ သဘော ခင်ဗျား ပြောမလို့ မဟုတ်လား ။ လုံးဝ မဟုတ်ဘူး ၊ ကျုပ် ပြောတဲ့ ဆရာကြီးက မွေးရာပါ နား လည်း ကန်းနေတာ ၊ စကားလည်း မပြောတတ်ဘူး ၊ ဆွံ့အနားမကြား ၊ မျက်လုံးလည်း ကန်း ၊ အဲလိုမျိုး ၊ ဒီကြားထဲက ပုံတူ ရေးတာ သိပ်တော်တယ် ၊ သိပ်တူတယ် .. ဒါပဲ ”
“ ဦးလေးမြ ၊ အဲဒီ ဆရာကြီး က ခြေတွေ လက်တွေတော့ ရှိတယ်ပေါ့ နော် ”
“ ဟာ … မအေပေး ၊ အဲဒါကတော့ မေးစရာလားကွာ ၊ လက်တွေ မပါဘဲ မင့်အမေလင်ကြီး က ဘာနဲ့ သွားဆွဲမှာလဲ ”
တော်ပါသေးရဲ့ ။
ဆရာကြီး ဦးအေးသော် ကတော့ နောက်ထပ် ဘာမှ ထပ်ပြောဖို့ မကြိုးစားတော့ဘူး ။ လက် က နာရီလေး ကို ကောက်ကြည့်ပြီး ထထွက် သွားတယ် ။
ကျွန်တော်တို့ ကတော့ ကြောက်ပြီး ဆက် ထိုင်နေကြရတယ် ။
ဦးမြကြီး က သူပြောတဲ့ ပန်းချီဆရာကြီး က ပုံတူဆွဲတဲ့ နေရာ မှာ ဆေးရောင်တွေ စပ်တာ ဟပ်တာ ဘယ်လို ဘယ်လို ဆန်းကြယ်လှပတဲ့ အကြောင်းတွေ ဆက် ပြောနေတယ် ။
မျက်လုံးတွေ ထဲက အရောင်လေးတွေများ ဆွဲထားလိုက်တာ မျက်ရည် ကြည်လေးတွေနဲ့ လဲ့နေတယ် ဆိုပဲ ။
အဲဒီ အချိန်မှာ ဘရှင် က တောင်လေတွေ တိုက်တော့မယ့် အကြောင်း ကောက်ပြောတယ် ။
တောင်လေ တိုက်တာ ဘာဆန်းလို့လဲ ။ ဘာ စိတ်ဝင်စားစရာ ရှိလို့ လဲ ။ ဒါပေမဲ့ ကျွန်တော်တို့ ဘရှင် ကို အရေးတယူ နဲ့ မေးကြ ၊ မြန်းကြ ၊ အကြံပေးကြ ၊ ကန့်ကွက်ကြ နဲ့ တစ်ဝိုင်းလုံး ဆူညံ သွားတယ် ။
လောကကြီး မှာ တောင်လေ တိုက်မယ့် ကိစ္စ ဟာ အရေးကြီးတယ်လေ ။
( ၁ ) ROMANTIC .. ကို ရောမန်တိက ဟု လည်းကောင်း ၊
( ၂ ) EROTIC ... ကို အိရောတိက ဟု လည်းကောင်း မြန်မာမှ ပြု ထားတယ်လို့ ဆိုကြပါတယ် ။
ရောမန်တိက ဆိုတာ သိင်္ဂါရသ နဲ့ ဆိုင်ပါတယ် ။
အိရော့တိက က လိင်နဲ့ ဆိုင်ပါတယ် ။
ဝင်းဖေ
ရင်ခုန်ပွင့် မဂ္ဂဇင်း
၁၉၉၁ ခု ၊ သြဂုတ် ၊
No comments:
Post a Comment