Tuesday, April 8, 2025

ဘဝသစ်


 ❝ ဘဝသစ် ❞


တူးရွင်းတောင်ခြေ မှာ ဇီးအိုသစ်လှ သဘာဝ အင်ကြင်းတောကြီး ရှိတယ် ။ ဧက ၄ဝ လောက် ကျယ်တယ် ။ နတ်မောင်နှမ က စောင့်ရှောက်ထားတာလို့ လူတွေ က ယုံကြည်တဲ့ အတွက် အဖျက်အဆီး မရှိဘူး ။ အချို့ အင်ကြင်းပင်ကြီးတွေ က လုံးပတ် ၁၅ ပေ နီးပါး ရှိတယ် ။


အဲဒီ နတ်ထိန်းတော ကို သွားကြည့်ပြီး နောက် ဒေသခံ ဖြစ်တဲ့ ကိုမောင်ညို ရဲ့ ဆိုင်ကယ် နဲ့ ညောင်ဦးမြို့ ကို ကျွန်တော် ပြန်လာတယ် ။


ကိုမောင်ညို က သူတို့ ဒေသသား တစ်ယောက် ခြေဗလာလက်ဗလာ နဲ့ မြို့တက် သွားပြီး ခုအချိန် မှာ အောင်မြင် အဆင်ပြေနေပုံ ၊ အလှူအတန်းကြီးတွေ ပြုလုပ်နေပုံ တွေ ပြောပြပါတယ် ။ ကျွန်တော် က အဲဒီ သူ ကို တွေ့ချင်တယ် ပြောတော့ အဆင်သင့် ပါလာတဲ့ ဂျီအက်စ်အမ်ဖုန်း နဲ့ ဆက်သွယ် ကြည့်တယ် ။


အဲဒီ ပုဂ္ဂိုလ် ရဲ့အမည် က ဦးဌေးလွင် ၊ ညောင်ဦးမြို့ မှာ ဘဝသစ် တည်းခိုခန်း ဖွင့်ထားတယ် ။ တိုးရ်ဘတ်စ် ၊ တိုးရ်တက္ကစီကား ၊ ကုန်တင်ကားတွေ ထူထောင် ထားတယ် ။ ဦးဌေးလွင် က ယနေ့ ညနေ ၅းဝဝ နာရီ ရန်ကုန် သွားဖို့ ရှိတယ်လို့ ပြောတယ် ။ ကျွန်တော် က သူ့ အချိန် ကို ဖဲ့ယူပြီး တွေ့ခွင့် တောင်းပါတယ် ။


ကျွန်တော်တို့ ရောက်သွားချိန် မှာ ဦးဌေးလွင် က လမ်းဘေး ခုံတန်းလျားမှာ ထိုင် နေတယ် ။ ဘဝသစ် တည်းခိုခန်း က ပုဂံညောင်ဦး လမ်းမကြီး နဲ့ ပျူစောထီးလမ်းဆုံ မှာ ရှိတယ် ။ တည်းခိုခန်း ဝင်း ရဲ့ အပြင်ဘက် ၊ လမ်းဘေး က တမာပင် အောက် မှာ ရသေ့လျောင်း လို့ ခေါ်တဲ့ သစ်သားခုံတန်းလျား တစ်ခု နဲ့ ထန်းပလပ် ကုလားထိုင် နှစ်လုံး သုံးလုံး ချထားတယ် ။ ဦးဌေးလွင် က စပို့ရှပ်အစိမ်းနုနု နဲ့ ပုဆိုးအစိမ်းကွက် ကို ဝတ်ထားတယ် ။ မျက်နှာ ပေါ် မှာ အပြုံး ရှိတယ် ။ သူ့ အပြုံး က သူ တပ်ဆင်ထားတဲ့ ရွှေကိုင်း မျက်မှန် နဲ့ ဝင်းလက် နေပါတယ် ။


ကျွန်တော်တို့ အသားကျ ထိုင်မိကြ ပြီးတော့ ဦးဌေးလွင် က သူ့ ဘဝ ကို စတင် ပြောပြတယ် ။


“ ကျွန်တော့် ဇာတိက ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာ ။ ၁၃၂၀ ခု ဖွားပေါ့ ။ မွေးစဉ်ကာလ က သေတွင်းထွက် လို့ပဲ ယူဆရတယ် ။ ခြေထောက် ၊ လက်ကလေးတွေ က အကွေးလေးတွေပါ ။ အဲဒီ ခေတ် ကတော့ အနှိပ်သည် နဲ့ နှိပ်ခဲ့ရတယ် ။ မိဘတွေ နဲ့ အိမ်နီးချင်းတွေ ရဲ့ ပြောဆို စကား အရပေါ့ ”


ကျွန်တော် က သူ့ ခြေ ၊ သူ့ လက်တွေ ကို မသိမသာ လှမ်း ကြည့်မိတယ် ။ သူလို ကိုယ်လို ပြေပြေပြစ်ပြစ် ကောင်းကောင်းမွန်မွန်ပါပဲ ။


“ အဲဒီလိုနဲ့ ကြီးပြင်းလာတာ ။ တောဓလေ့ ဆိုတော့ ကျွန်တော် ခြောက်နှစ်ပြည့် မှာ ကျောင်း စ နေရတာ ။ တော မှာ နှစ်တန်း စာမေးပွဲ ဖြေပြီးတဲ့ နေ့ ၊ နောက် တစ်နေ့ မြို့ကို အဖေ နဲ့ လိုက်လာပါတယ် ။ ညောင်ဦးမြို့ ကို အဖေ ဈေးဝယ်သွားတာ လိုက်လာ တာပေါ့ ။ ညောင်ဦး က ဘကြီး ဘုန်းကြီးကျောင်း မှာပဲ ရွာ မပြန်တော့ဘဲ နေခဲ့တော့ တယ် ”


“ ဘုန်းကြီးကျောင်း အမည် က ”


“ ညောင်ဦးမြို့ ၊ မင်းဘူးကျောင်း ။ ဘကြီး ဘုန်းကြီး ဦးကေလာသ ထံ နေခဲ့တာပါ ။ အဲလို နေရင်း နဲ့ အတန်းစာပညာ ကို ဆက်လက် ဆည်းပူးခဲ့တာပေါ့ ” 


နှစ်တန်း ကျောင်းသား အရွယ် ဆိုတော့ အသက် တော်တော် ငယ်ဦးမှာပဲ လို့ ကျွန်တော့် စိတ်မှာ ဖြစ်လာလို့ -


“ ဘယ်လိုကြောင့် နေချင်စိတ် ပေါ်တာလဲ ”


မေးလိုက်တယ် ။


ဦးဌေးလွင် က -


“ အစ်ကိုကြီး မေးတာ စော နေသေးတယ် ၊ ကျွန်တော် က အစဉ်အလိုက်လေး ပြောမယ် ” လို့ ဆိုပြီး သူ က ပြုံးတယ် ။


“ အဲဒီ နှစ်တန်း အရွယ် ကတည်း က တော မှာ တော့ နေချင်စိတ် မရှိပါ ။ မြို့ ကို ပဲ နေချင်စိတ် ရှိတဲ့ အတွက် စည်းကမ်း ကြပ်မတ်တဲ့ ကျောင်း မှာပဲ မပျော် ပျော်အောင် နေထိုင်ခဲ့တယ် ။ ကျွန်တော်တို့ ဘကြီး ဘုန်းကြီး က အင်္ဂလိပ်လို လည်း ပြောတတ်တယ် ။ ဗမာလို ပြောတတ်တယ် ၊ ကု,လားလို ပြောတတ်တယ် ၊ ဂျပန်လို ပြောတတ်တယ် ။ စည်းကမ်း တအား ကြီးတယ် ။ ငယ်ငယ် ကတည်း က စည်းကမ်းကြီး တဲ့ ဒဏ် ကို ခံပြီးတော့ မြို့နေချင်စိတ် ရှိတဲ့ အတွက် နှစ်တန်း ကျောင်းသား အရွယ် ကတည်း က ခြေစုံပစ်ခဲ့တယ် ”


အောင်မြင်မဲ့သူတွေ ဟာ ငယ်စဉ် ကတည်း က ထူးခြားတဲ့ စိတ်နေစိတ်ထား ရှိနေကြသလားလို့ ကျွန်တော် တွေးနေ မိပါတယ် ။


“ အဲဒီလိုနဲ့ ငါးတန်း ကနေ ၁ဝ တန်း ကြား မှာ ကျောင်း နေလိုက် ရွာ ပြန်လိုက် နဲ့ ကျောင်းပိတ်ရက် မှာ မိဘ ရဲ့ တောင်သူရိုးရာ ကို လုပ်ကိုင်ခဲ့ရတယ် ။ အဲဒီ အချိန် ကတည်း က ငါ တော မှာ တော့ မနေချင်ဘူး ။ မြို့ မှာ ဘာ လုပ်ရ လုပ်ရ အလုပ်ကြမ်း ပဲ လုပ်ရ လုပ်ရ ၊ အိမ်သာကျင်း ပဲ တူးရ တူးရ မြို့ မှာ ပဲ နေမယ် ။ အဖေ လုပ်သူ ကလည်း မြို့နေဖို့ပဲ အားပေးတယ် ။ တော မှာ နွား နဲ့ ယှဉ်တွဲ လုပ်ကိုင်နေရတဲ့ အတွက် ငါ့ သား လူလားမြောက် မှာ မဟုတ်ဘူး ဆိုတဲ့ ဆုံးမစကားတွေ လည်း ရှိဖူးပါတယ် ” 


ကျွန်တော် က ဟုတ်ကဲ့ လိုက်ပါတယ် ။


“ မှတ်မှတ်သားသားပေါ့ ဆရာ ရေးလိုက်ပါ ။ ကျွန်တော် ရှစ်တန်းနှစ် က ဝိဇ္ဇာသိပ္ပံ နောက်ဆုံးနှစ် ပါ ။ ကျွန်တော် သိပ္ပံ က ပါလာတယ် ။ အဲလို ပါလာရာ ကနေ ကိုးတန်း ရောက်တော့ ကိုးတန်း ကျပါတယ် ။ ၁၀ တန်း ကျလည်း ကျပြန်ပါတယ် ။ စာမေးပွဲ ကျတဲ့ အကြောင်းရင်း က ဉာဏ်ကြောင့် မဟုတ်ပါ ။ ကိုယ့် ကိုယ် ကိုယ် သိပါတယ် ။ ပေတဲ့ စာ မကြိုးစားမှု ၊ စာလိုချင်မှု မရှိသည့် အတွက်ကြောင့် ကိုးတန်း နှစ်နှစ် ၊ ၁ဝ တန်း နှစ်နှစ် နေခဲ့ရတယ် ”


“ မြို့ မှာတော့ နေချင် ၊ စာ ထဲတော့ စိတ်မဝင်စား ဖြစ်လာတော့ ဘယ်လို ဆက် လုပ်သလဲ ”


“ ဘကြီးဘုန်းကြီး က ဘုန်းကြီးကျောင်း မှာ နေရင် ဘုန်းကြီးလောက ပဲ သိမယ် ၊ လူ့လောက ထဲ နေမှ လူ့အကြောင်း သိမယ် ဆိုပြီး ဦးလေး ရဲ့ ပွဲရုံ မှာ ပြောင်းနေခိုင်းတယ် ”


“ ဦးလေး ပွဲရုံ က ဘာ အရောင်းအဝယ် လဲ ”


“ ဦးလေးအောင်ငွေ က ထန်းလျက်ပွဲရုံ ။ သူတို့ က ကုန်သည် ဆိုတော့ ကျောင်း ပြန် တက်ရင်း တောက်တိုမည်ရ အလုပ်လေးတွေ လုပ်ရတာပေါ့ ။ ဦးလေး က မင်း ဘယ်လို လုပ်မယ် စိတ်ကူးသလဲ မေးတယ် ။ ရွာ တော့ မပြန်ချင်ဘူး ။ မြို့ မှာ ရရာ အလုပ် လုပ်ချင်ပါတယ် လို့ ဆိုတော့ ဦးလေး လုပ်သူ က သူ့ မိတ်ဆွေ ဦးရွှေလယ် ဆီ က ဆိုင်ခန်း တစ်ခန်း ယူပြီး ဌေးလွင် ဆိုတဲ့ အမည် နဲ့ စာအုပ်ဆိုင်လေး ဖွင့်ခဲ့ပါတယ် ”


“ ဘာဖြစ်လို့ စာအုပ်ဆိုင် လုပ်ငန်း ရွေးတာလဲ ”


“ ကျွန်တော် သည် စာဖတ် လည်း ဝါသနာ မပါဘူးဗျ ။ ဝါသနာ မပါတဲ့ လုပ်ငန်း ကို အခြေချမိရဲ့သား ဖြစ်တာပေါ့ ။ ရည်ရွယ်တာ ကတော့ စာအုပ်ဆိုင် လုပ်ရင် စာဖတ် ပရိသတ် လာမယ် ။ လာရင် သူတို့ အတွက် လိုအပ်တဲ့ ပစ္စည်းမျိုးလေးတွေ ရောင်းရ လိမ့်မယ်ပေါ့ ။ ဈေးအဝ မှာ ဖြစ်သည့် အတွက် ကိုယ့် ကို လူသိများ လာမယ်ပေါ့ ။ အရင်းအနှီး အသက်သာဆုံး နဲ့ လူသိများမဲ့ အလုပ် ကို ရွေးချယ်တာပါ ”


သူ့ စိတ်ကူး ကို သဘောကျမိတယ် ။


“ အဲဒါ ၁၉၈၁ ခုနှစ် ပဲ ပြောပါတော့ ။ ဖွင့်စ မှာ ဝတ္ထု ၊ ကာတွန်းလေးတွေ ငှားခဲ့တာပေါ့ ။ တန်းကျောင်း ရဲ့ လမ်း ဖြစ်တဲ့ အတွက် ဗလာစာအုပ် ၊ ခဲတံ ၊ စူလတီ ကုန်ပါ တင် ရောင်းခဲ့ပါတယ် ။ အချုပ် အဲဒီလိုပဲ ပြောလိုက်ရအောင် ”


ဦးဌေးလွင် က ညနေမှာ ခရီးသွား မှာ ကို ကျွန်တော် သတိရ သွားတယ် ။ မေးခွန်းတွေ အများကြီး သိပ် မေးဖို့တော့ မသင့်ဘူး ။


“ အဲဒီကနေ ပဲဆန်လေးတွေ ပွဲစား လုပ်တယ် ။ တော ကလာတဲ့ ကြောင်ပန်းဆီလေးတွေ ပွဲစား လုပ်တယ် ။ တော က လာတဲ့ ကောက်ပဲသီးနှံ ကုန်လေးတွေ ကို အငြိမ် မနေဘဲ ပွဲစား လုပ်တယ် ။ ဘယ်သူ က ဘာ ရောင်းချင်တယ် ၊ ဘယ်သူ က ဘာ ဝယ်ချင်တယ် ဆိုသူတွေ ကို တေ့ ပေးတယ် ။ ပေး သွားတဲ့ လက်ဖက်ရည်ဖိုး ကွမ်းယာဖိုးလေး တွေ စုဆောင်း ထားတယ် ။ အဲဒီလိုနဲ့ ဆိုင် က တစ်စတစ်စ ကြီး လာတယ် ။ ဆိုင် က ကြီးလာတော့ ပစ္စည်းအမျိုးစုံ တင်တယ် ။ ဘက်ထရီအိုး ၊ အက်ဆစ် က အစ တင်နေရင်း ... ”


ကျွန်တော်တို့ ထိုင် နေတာက ညောင်ဦးမြို့ လမ်းမကြီးဘေး မှာမို့ ထော်လာဂျီ က စက်သံ တဖုန်းဖုန်း နဲ့ ဖြတ်မောင်း လာတဲ့ အချိန် မှာ သူ ပြောနေတဲ့ စကားသံ ကို မကြားရတော့ဘူး ။


“ မြို့မကွက်သစ် ဦးချိန်စန်း အိမ် ကို ပြောင်းပြီး ငှား နေတယ် ။ ကျွန်တော် လုပ်ငန်း တိုးချဲ့တာ က တောင်သူသုံး ပစ္စည်းလေးတို့ ထန်းသမားသုံး ပစ္စည်းလေး တို့ ၊ ထယ် တို့ ၊ ကြိုးဖြူ တို့ ၊ တောအနွယ် ဆိုတော့ တောပစ္စည်းလေး တွေ တင်ရောင်းပြီး နေခဲ့ပါ တယ် ။ အဲဒီလို နေရင်း ကောက်ပဲသီးနှံ ဘက်မှာ လျှော့ပြီး ဆန်ပါ ကူးလိုက်တယ် ။ ရွာ မှာ ကျန်ရစ်တဲ့ နွားလှည်း ၊ ယာ တွေ ကို ရောင်းချပြီး ညောင်ဦးမြို့ လမ်းမတော် တစ်နေရာ မှာ နေရာ ဝယ်ပါတယ် ။ ဒီနေရာပေါ့ ။ ခုတော့ စည်ကားနေပါပြီ .... ”


သူ ပြောနေတဲ့ အချိန်မှာ နိုင်ငံခြား ခရီးသည်တွေ စီးလေ့ရှိတဲ့ တိုးရ်ကားကြီး တစ်စင်း ဘဝသစ် တည်းခိုခန်း ရှေ့ လာ ထိုးရပ်တယ် ။ ကား က အဖြူရောင်ပါ ။ ဦးဌေးလွင် ပိုင်တဲ့ ကားတစ်စီး ဖြစ်ပုံရတယ် ။


“ ကိုယ်ပိုင် ဝိုင်းထဲ ရောက် တော့ ဆန် ကို ပိုပြီး အကြီးအကျယ် လုပ်ဖြစ် သွားတယ် ။ အဲဒီ အချိန်မှာ ဖက်စပ် ၂ ဆိုတာ ပေါ်လာတယ် ။ ဖက်စပ်၂ ထဲ လည်း အစုရှယ်ယာ ဝင်ပြီး လုပ်ပါတယ် ။ အဲဒီက နေပြီး ကျွန်တော် က ခုနှစ်တော့ မပြော နိုင်ဘူးဗျ ၊ ဆန်အရောင်းအဝယ် မှာ ညောင်ဦး တစ်ဈေးလုံး ကို လက်ကား ပေးနိုင်တဲ့ အဆင့် ကို ရောက် သွားတယ် ။ နယ် ကို လည်း ဖြန့်တယ် ။ အဲဒီ အချိန်မှာ ပြိုင်ဘက် တစ်ဦး ပေါ်လာတယ် ။ ဘဝ ရဲ့ ဖြစ်စဉ် ရေးချင်တယ် ဆိုရင်လေ ”


“ ရေးချင်ပါတယ် ။ ပြိုင်ဘက် ပေါ်လာတော့ ဘယ်ပုံဘယ်နည်း ယှဉ်ပြိုင်ကြလဲ ”

 

“ ကျွန်တော် က ဈေးထဲ ကို လက်ကား ပေးပါတယ် ၊ ပြိုင်ဘက် က နယ် ကို တိုက်ရိုက် ရောင်းပါတယ် ။ ကျွန်တော် ရောင်းဈေး ကို ဖြုတ်ချပြီး ပြိုင်ဘက် နဲ့ ယှဉ် ရောင်း ရင် ကျွန်တော့် ဖောက်သည်တွေ မရောင်းရ မှာ စိုးလို့ ဈေး ကို တင်းခဲ့ပါတယ် ။ အဲဒီ အချိန် မှာ ကျွန်တော် ဟာ ဆန် အရောင်း ကျ သွားပြီး ပြိုင်ဘက် က ထိုးတက် သွားပါတယ် ”


“ ကိုယ် နဲ့ ပြိုင်ဘက် ရှိလာချိန် မှာ မာန နဲ့ ဘာကြောင့် အပြတ် မချတာလဲ ”

 

“ ကျွန်တော် ရေရှည် ကြည့်တယ် ။ အကျိုး မရှိတဲ့ လုပ်ငန်း ကို ယှဉ်ပြိုင်သလို ဖြစ်မယ် ။ သူပေး ကိုယ်ပေး တော ကို အကြွေး အပြိုင်ပေးကြရင် သူ လည်း အကျိုး မရှိ ၊ ကျွန်တော် လည်း အကျိုး မရှိ ဖြစ်မယ် ။ အဲဒီ အချိန်တုန်းက မိုး ပိုခေါင် လာတော့ ကောက်ပဲသီးနှံတွေ မရကြတော့ဘူး ။ ကြွေး ပေးရင် ဆုံးမယ် ။ ကျွန်တော် လုပ်ငန်း ပြောင်းတော့မယ် လို့ စိတ်ကူး ပေါ်ပါတယ် ”


“ ဘယ် လုပ်ငန်း ကို ပြောင်းသလဲ ”


“ ကျွန်တော် က အရောင်းအဝယ် ထက် ကားလုပ်ငန်း ကို စိတ်ဝင်စား လာတယ် ။ ရှိတဲ့ ပိုက်ဆံ ထဲက မပြည့်စုံတော့ နိုင်ငံတော် အစိုးရ ကလည်း အဆောက်အအုံ ၊ ဝိုင်း ပေါင်နှံပြီး ချေးငွေတွေ ချပေးတော့ ရှိတဲ့ ငွေ နဲ့ နိုင်ငံတော် က ချေးငွေ နဲ့ ပေါင်းပြီး ကား ဝယ်ပါတယ် ”


“ ဘာ ကား စဝယ်သလဲ ”


“ မတ်တူးကား တစ်စီး စ ဝယ်ပါတယ် ။ ၂၄ သိန်း ပါ ။ မတ်တူးကား က လည်း အလုပ် ဖြစ်တယ်ဗျ ၊ နိုင်ငံခြားသား ဧည့်သည်တွေ ကို ပို့ရတာ ။ တစ်နှစ် ရှိလိုက်

ချေးငွေဟောင်း ဆပ်ပြီး ချေးငွေအသစ် ပြန် ချေးလိုက် ၊ ရတဲ့ ချေးငွေ ပြန်ဖြည့်ပြီး ကားတစ်စီး ဝယ်လိုက် ၊ ကားဈေး ကလည်း ဒါလောက် မရှိသေးဘူးပေါ့ဗျာ ” 


“ ရွာ က မိဘမောင်နှမ တွေကော ”


“ ညောင်ဦး မှာ မိဘတွေ အတွက် နေစရာ တိုက် ဆောက်ပါတယ် ။ မိဘတွေ ကတော့ အသက် တိုရှာ ကြတယ် ။ အသက် ၅၇ - ၅၈ မှာ ဆုံးရှုံးကြတယ် ။ ညီတွေ နှမတွေနဲ့ အတူတူ နေရမှာမို့ ၁၉၉၆ ခု မှာ တည်းခိုခန်း တစ်ခု ထူထောင်လိုက်ပါ တယ် ။ ဘဝသစ် လို့ ကျွန်တော် အမည် ပေးခဲ့တယ် ”


“ ဘဝသစ် ဆိုတဲ့ နာမည် ကို ဘာကြောင့် ပေးတာလဲ ”


“ ဗေဒင် မေးဖူးပါတယ် ။ နာမည်ရယ် လို့ တိုက်ရိုက် မပေးဘူး ။ ဘာနေ့နံ ရှေ့ထား ၊ ဘာနောက်ထား လို့ နေ့နံချပေးတာပါ ။ ကျွန်တော် လည်း တောသူတောင် သား ဘဝ က မြို့ ရောက်လာတာ ။ ဘဝ ကို အသစ် တစ်ဖန် ပြောင်းမယ် ဆိုပြီး ရွေးမိ ပါတယ် ။ ထူထောင်ရမယ် ၊ ကြိုးစားရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့နော် ”


“ အလုပ် တစ်မျိုး က နောက် တစ်မျိုး ကို ပြောင်းတော့မယ် ဆိုတဲ့ အခါ ဘယ်လို စဉ်းစားပြီး အလုပ် ရွေးချယ်သလဲ ”


၁၉၉၄ ခုနှစ် လောက် ကတည်း က Visit Myanmar Year ( မြန်မာ့ခရီး သွားနှစ် ) ကို တိုက်တွန်းနေပြီ ။ ဒါနဲ့ နိုင်ငံခြားသား ဧည့်သည် ပို့တဲ့ ကား စဉ်းစားတယ် ။ တည်းခိုခန်း ဆောက်တယ် ။ တိုက်တွန်းတဲ့ အတိုင်း လည်း အလုပ် ဖြစ်တယ်ဗျ ။ ၉၆ - ၉၇ - ၉၈ အဲဒီ သုံးနှစ် ကတော့ တော်တော် အလုပ် ဖြစ်တယ် ။ အဲဒီ နောက်ပိုင်းတော့ အောင်မြင်မှု နည်း သွားတယ် ”


“ တည်းခိုခန်းတွေ ညောင်ဦး မှာ အများကြီးပဲ ၊ ကိုယ် အောင်မြင်အောင် ဘယ်လို လုပ်လဲ ”


“ မြန်မာတွေ ရဲ့ ဓလေ့ ထုံးတမ်း အရ ဖော်ရွေမှု ၊ လိုအပ်ချက်ကို ဖြည့်ဆည်းမှု ၊ ဖော်ရိန်နာ လို ပြောရရင် ဆားဗစ် ပေးတယ်ပေါ့ ။ မြန်မာ့ရိုးရာ နဲ့ ပြောရရင် ဧည့်ဝတ် ကျေပွန်တယ်ပေါ့ ။ ကိုယ့် အိမ်ကို အလည် လာတဲ့ သူ လို့ သဘောထား ပြီး လိုတဲ့ အကူအညီ ပါ ပေးတော့ တစ်ဆင့် က နောက် တစ်ဆင့် နာမည် နဲ့ လိုက်လာတယ် ။ ကား နဲ့ တည်းခိုခန်း တွဲလုပ်တာ အဆင် ပြေတယ် ။ ကားတွေ တစ်စီးပြီး တစ်စီး ဝယ်ခဲ့တယ် ။ ကံအားလျော်စွာပဲ ကားတွေ ကို ဝယ်ပြီး ဈေးတက် ၊ ဝယ်ပြီး ဈေးတက် နဲ့ ။ ဝယ်စ က ကားလေးစီး ပေါင်းလို့ ငွေသိန်းနှစ်ရာ မပြည့်ပါဘူး ။ အဲဒီက နေပြီး ခုတော့ ဖော်ရိန်နာကား ဘက် လည်း တိုးချဲ့သလို ကုန်ကား ဘက် လည်း တိုးချဲ့နိုင်ပါတယ် ”


“ အချိန်အခါ နဲ့ ကိုက်ညီတဲ့ အလုပ်မျိုး ကို ရွေးချယ်နိုင်လို့ ဦးဌေးလွင်  အဆင် ပြေတယ်လို့ ပြောနိုင်မလား ” 


“ မိုး ကတော့ ရွာလိုက်တာပဲ ။ ကိုယ် ခပ်သလောက် ရတာပေါ့ ။ နို့ဆီခွက် နဲ့ ခံရင် နို့ဆီခွက် လောက် တော့ ပြည့်တာပေါ့ ။ ဖလား ရှိတဲ့ လူ ဖလား ပြည့်တာပေါ့ ။ တချို့က မိုးရေ ခံဖို့တော့ သိတယ် ၊ ခွက် အဆင်သင့် မရှိဘူး ။ လူတွေ မှာ အသိ ကို သိရုံ နဲ့ ရပ် မထားစေချင်ဘူး ။ အသိ ကို အသုံးချမှ အသုံးကျတယ် ။ သူ့ နေရာ နဲ့ သူ လည်း အသုံးချ တတ်ဖို့ လိုတယ် ။ ဆူး စူး ရင် အပ်ချိတ် နဲ့ ထွင် မှ ရတယ် ။ ရွှေလက်ကောက် က ထွင် မပေးနိုင်ဘူး ။ ပစ္စည်း တစ်ခု ဟာ သူ့ နေရာ နဲ့ သူ အသုံးကျတယ် ။ အသုံး တတ် စေချင်ပါတယ် ”


 ☐ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment