Monday, April 7, 2025

ဘာကြောင့် ငါးကို ပိုက်နှင့် ဖမ်းသလဲ

 ❝ ဘာကြောင့် ငါးကို ပိုက်နှင့် ဖမ်းသလဲ ❞

           ( ပုံပြင် )

     

ရှေးသရောအခါ ကျွန်းကလေး တစ်ကျွန်း ၏ အပေါ် တွင် ရွာကလေး တစ်ရွာ ရှိ၏ ။ ထို ရွာကလေး သည် ကျွန်း ၏ ပင်လယ်ကမ်းနား တစ်နေရာတွင် ရှိ၍ ရွာကလေး နှင့် မလှမ်းမကမ်း တွင် ဆီးနှင်းတို့ဖြင့် အစဉ် ဖုံးလွှမ်းသော တောင်တန်းကြီးများ ရှိလေသည် ။


တောင်တန်းကြီးများ မှာ အလွန် လည်း မြင့်မား၏ ။ ဆီးနှင်း တို့ဖြင့် အစဉ် ဖုံးလွှမ်းလျက် ရှိသောကြောင့် ရေညှိပင် ၊ မိုးမခပင်များ သာ ပေါက်ရောက်လျက် မည်သူမည်ဝါမျှ တက်ရောက်ခြင်း မပြုနိုင်ကြပေ ။ ထို တောင်တန်းကြီးများ ၏ ထိပ်တွင် နှင်း ကဲ့သို့ တစ်ကိုယ်လုံး ဖြူဆွတ်၍ ငွေရောင်ဆံပင်များ ကို လိပ်ခွေ၍ ထားကြသော နတ်သမီးပေါင်းအမြောက်အမြား နေထိုင်ကြ ၏ ။


ထို နတ်သမီးတို့ ၏ အကြောင်းများ ကို ပထမ ၌ ရွာသူရွာသားတို့ မသိရှိကြချေ ။ သို့ရာ တွင် ရွာသူရွာသားတို့ ၏ အသားဖြူဖြူ ၊ ငွေရောင် ဆံပင်လိပ်ခွေကလေးများ နှင့် မွေးသော ကလေး ဟူသမျှ တို့မှာ မကြာခဏ ပျောက်ဆုံးကြ၏ ။ ထို ပျောက်ဆုံးခြင်းအကြောင်း ကို ချောင်း မြောင်း စုံစမ်းကြသောအခါ ညဉ့်နက်လှသော သန်းခေါင် အချိန်များ တွင် ဆီးနှင်း ကဲ့သို့ တစ်ကိုယ်လုံးဖြူဆွတ်၍ ငွေရောင်ဆံပင်လိပ်ခွေ နှင့် နတ်သမီး တစ်ပါး သည် တောင်တန်း ပေါ်မှ ဆင်းသက် လာပြီးလျှင် ကလေးများကိုမကြာခဏ လာရောက် ခိုးယူ သွားကြောင်း ရွာသူရွာသား အားလုံး သိရှိကြလေ၏ ။


ထိုအကြောင်း ကို သိရှိကြပြီးသော ရွာသူရွာသား တို့ကား အသားဖြူဖြူ နှင့် ငွေရောင် ဆံပင်ပါသော ကလေးများကို မွေးဖွားလျှင်  အထူးပင် စောင့်ရှောက်ကြည့်ရှုထားကြလေ၏ ။ ထို သို့ နေ့မပြတ် ညမပြတ် စောင့်ရှောက်သည့် ကြားကပင် ကလေး တို့မှာ မကြာခဏ ပျောက်ဆုံး ကြရပြန်လေ၏ ။ ထို့ကြောင့် ရွာသူရွာသား တို့မှာ မိမိတို့ကလေး မွေးလျှင် အသားဖြူဖြူ နှင့် ငွေရောင်ဆံပင် ပါသော ကလေး ကို မမွေးရပါစေနှင့် ဟုပင် ဆုတောင်းကြရလေ၏ ။


နှစ်ပေါင်း အတန် ကြာအောင်ပင် ရွာကလေး တွင် အသားဖြူ ၍ ငွေရောင်ဆံပင် ပါ သော ကလေးများ ကို မမွေးဖွားဘဲ နေခဲ့ပြီးနောက် ကလေး ပျောက်ဆုံးခြင်း လည်း မရှိတော့ချေ ။ ကလေးများ ပျောက်ဆုံးသော အကြောင်းမှာ ထို ရွာကလေးတွင် နှစ်ပေါင်း အတန်ကြာအောင် တိမ်မြုပ် သွားပြန်သော အခါ တောင်တန်း ပေါ်က နတ်သမီးများ အကြောင်း ကို လည်း ရွာသူရွာသား တို့ သတိမေ့လျော့ သွားကြပြန်လေ၏ ။ ထိုကမှ နှစ်ပေါင်းအတန် ကြာ ပြန်သော အခါ နတ်သမီး တို့၏ အကြောင်း မှာ ရှေးဟောင်း ဒဏ္ဍာရီပုံပြင် တစ်ပုဒ် ကဲ့သို့ သာ ရွာသားတို့ ထင်မှတ်ကြ ကုန်၏ ။


ထိုသို့ နေထိုင်ကြစဉ် မှာပင် ထို ရွာတွင် အသားဖြူဖြူ ၊ ငွေရောင် ထ နေသော ဆံပင် အလိပ်လိပ် နှင့် ယောက်ျားကလေး တစ်ယောက် အား မွေးဖွား လာပြန်လေ၏ ။ ကလေး ၏ မိဘ တို့ကား ကလေး ပျောက်ဆုံး လိမ့်မည် အထင် နှင့် အထူးဂရုတစိုက် ကြပ်မတ် ကျွေးမွေးစောင့် ရှောက်ကြလေ၏ ။ သို့ရာတွင် ထိုကလေး မှာ ပျောက်ဆုံးခြင်း မရှိတော့ချေ ။ တောင်ပေါ် ရှိ နတ်သမီး တို့သည် နှစ်ပေါင်း များစွာ ပင်လျှင် အသားဖြူဖြူ နှင့် ငွေရောင် တောက်သော ဆံပင်များပါ သည့် ကလေးငယ် ကို မမွေးဖွားခဲ့သောကြောင့် နောင်တွင်လည်း ထို ကလေးမျိုး ဘယ်အခါ မျှ မွေးဖွားမည် မထင်ကြတော့ချေ ။ ထို့ကြောင့် ယခု ကလေး သည် နတ်သမီးတို့ ၏ ခိုးယူခြင်း မခံရဘဲ ရှိလေသည် ။


ကလေး ၏ မိဘ တို့သည် ကလေးငယ် အား “ ငွေဝန်းဖြူဖြူ ” ဟု ချစ်ခင်မြတ်နိုးစွာဖြင့် အမည် မှည့်ကြ၏ ။ငွေဝန်းဖြူဖြူ အရွယ် ရောက် လေသော် ချစ်ခင်နှစ်သက်သော မိန်းမပျို တစ်ဦး နှင့် လက်ထပ်ထိမ်းမြား၍ အိမ်ထောင်ပြု၏ ။ ငွေဝန်းဖြူဖြူ သည် မိရိုးဖလာ အတိုင်း လယ်ယာ လုပ်ကိုင်၍ ရိုးသားစွာ နေထိုင် အသက်မွေးရင်း ပင်လျှင် သားသမီး ငါးယောက် ထွန်းကားခဲ့လေ၏ ။


ထိုသို့ နေထိုင်ရင်း နှစ် တစ်နှစ်တွင် မိုးကြီး အလွန် ရွာ ၍ ငွေဝန်းဖြူဖြူ လုပ်ကိုင်သော လယ်ယာသီးနှံ တို့သည် မအောင်မမြင်ဘဲ အကြီးအကျယ် ပျက်စီးလေ၏ ။ ငွေဝန်းဖြူဖြူ သည် ပျက်စီးကုန်သောအသီးအနှံ တို့ကို ကြည့်လျက် အလွန့်အလွန် စိတ်ပျက်ခြင်း ဖြစ်ရကား အိမ်သို့ ပင် မပြန်နိုင် ရှာတော့ချေ ။ စိတ်လက် ညစ်ညူးလှစွာဖြင့် ပင်လယ်ကမ်းနား တစ်နေရာ သို့ အလို အလျောက် ထွက်ခွာခဲ့မိလေ၏ ။


ပင်လယ်ကမ်းနား သို့ရောက်၍ ဟိုငေးသည်ငေး နှင့် တွေမှိုင်ငေးမော နေသော ငွေဝန်းဖြူဖြူ သည် မိမိ နှင့် မလှမ်းမကမ်း တွင် ရှိသော သောင်ခုံ ပေါ် သို့ အမှတ်တမဲ့ ကြည့်ရှုလိုက် မိလေ၏ ။ ထို သောင်ခုံ ပေါ်တွင် ပင်လယ်ငါး အကောင်ပေါင်း များစွာ ကို တွေ့ရသောကြောင့် ငွေဝန်းဖြူဖြူ သည် အလွန်တရာ လည်း အံ့သြခြင်း ဖြစ်၏ ။ အလွန်တရာ လည်း ဝမ်းမြောက်ခြင်း ဖြစ်၏ ။ ငါးတို့ ရှိရာ သောင်ခုံ ပေါ်သို့ အပြေးအလွှား သွားရောက် ပြီးလျှင် ငွေဝန်းဖြူဖြူ သည် ပုဆိုး အိတ်ထောင် တို့ဖြင့် ငါးတို့ ကို အပြည့် ထည့်ပြီးလျှင် အိမ်သို့ ပြန်ခဲ့၏ ။


အိမ် သို့ ပြန်လာသော လမ်းတလျှောက်လုံး တွင် ငွေဝန်းဖြူဖြူ သည် တစ်ခါတည်း နှင့် ငါး သည်မျှလောက် များများကို ဘယ်သို့ ရရှိနိုင်သနည်း ။ သည်မျှလောက်သော ငါးတို့ ကို တစ်ကြိမ်တည်း နှင့် ရအောင် အဘယ်ကဲ့သို့ ဖမ်းဆီးသနည်း ။ ငွေဝန်းဖြူဖြူ သည် အမျိုးမျိုး တွေးကာ စဉ်းစားခြင်းပြု၏ ။


ထိုအချိန် အခါက ငါး များများ ကို တစ်ကြိမ်တည်း နှင့် ဖမ်းဆီး နိုင်သော ပိုက်ကွန်များ မပေါ်သေးရကား ငွေဝန်းဖြူဖြူ  မည်မျှလောက် ပင် စဉ်းစား တွေးတောသည့်တိုင်အောင် ငါးများ ကို ပိုက်ကွန် နှင့် ဖမ်း လျှင် တစ်ကြိမ်တည်းနှင့် ငါး အမြောက်အမြား ရရှိနိုင်သော အကြောင်းကို မည်သို့မျှ တွေးတော၍ မရနိုင်ပေ ။


ငါး အမြောက်အမြား နှင့် ပြန်လာသော ငွေဝန်းဖြူဖြူ ကို အိမ် မှ ဇနီး နှင့် သားသမီး တို့ မြင်လျှင် အလွန် အံ့ဩကြပြန်၏ ။ ဇနီးသည် လည်း သည်မျှလောက် များပြားသော ငါးတို့အား အဘယ်ကဲ့သို့ ဖမ်းဆီးခဲ့သနည်း ဟု ငွေဝန်းဖြူဖြူ အား ဆီးကြို မေးလေ၏ ။


“ သည်မျှလောက် များပြားသော ငါးတို့ ကို ကျွန်ုပ် ကိုယ်တိုင် ဖမ်းဆီးနိုင်ခဲ့ခြင်း မဟုတ် ပါ ၊ ပင်လယ်ကမ်းစပ် ရှိ သောင်ခုံ တစ်ခု ပေါ်တွင် တွေ့ရှိ၍ ကျွန်ုပ် ယူဆောင် လာခဲ့ခြင်း ဖြစ်ပါ

သည် ၊ သည်မျှလောက် များပြားသော ငါးတို့ ကိုဖမ်းဆီး၍ အဘယ်သူသည်ဤ သောင်ခုံ ပေါ်တွင် တင်ထားခဲ့သည် လည်း မသိပါ ၊ သို့ရာတွင် ကျွန်ုပ် သည် ဤငါးတို့အား ဖမ်းဆီးနိုင်သော သူတို့ မှာ ကျွန်ုပ်တို့ ၏ ရွာသူရွာသား ထဲ က လည်း မဟုတ်နိုင်ပါ ” 


ထိုသို့ ပြောဆိုပြီးလျှင် ငွေဝန်းဖြူဖြူ သည် မျက်မှောင်ကြီး ကို ကုတ်၍ နက်နဲစွာ စဉ်းစား ပြန်လေ၏ ။


“ အလို ... ရွာသူရွာသား ထဲ က မဟုတ်လျှင် ဘယ်သူတွေများနည်း ” 


ဇနီးသည် လည်း

အလန့်တကြား မေးမြန်း ပြန်လေ၏ ။ 


“ ရှင်မ ၊ သင် ကြားဖူးသည် မဟုတ်လော ၊ ဟို တောင်တန်းများ တွင် နတ်သမီး များစွာ နေထိုင်သည် ဟု တို့ ဘိုးဘွားစဉ်ဆက် ပြောကြားခဲ့သည်ကို ကျွန်ုပ် ကလေး ဘဝက နားထောင် ခဲ့ရဖူး၏ ၊ သင် လည်း ကျွန်ုပ် ကဲ့သို့ နတ်သမီးများ အကြောင်းကို ကြားဖူးပါလိမ့်မည် ၊ ကျွန်ုပ်သည် ထို နတ်သမီးများ ပင်လျှင် သည်မျှလောက်သော ငါး များစွာကို ဖမ်းဆီး နိုင်လိမ့်မည် ထင်၏ ။ သို့ ဖြစ်၍ ယနေ့ည ပင်လျှင် ငါးများ ကို တွေ့ရသော ပင်လယ်ကမ်းပါး ရှိ သောင်ခုံ သို့ သွားရောက် ချောင်းမြောင်းအံ့ ” 


ငွေဝန်းဖြူဖြူ သည် ရွှင်လန်းအားတက်စွာပင် ဇနီးသည် အား ပြောကြားလေ၏ ။


သို့ရာတွင် ဇနီးသည် ကမူ ငွေဝန်းဖြူဖြူ  ၏ အကြံ ကို သဘော မတူနိုင်ဘဲ နတ်သမီးတို့ ကို ကြောက်လန့်လွန်းသောကြောင့် ငွေဝန်းဖြူဖြူ အား တားဆီးခြင်း ပြုလေ၏ ။ ငွေဝန်းဖြူဖြူ  ကား ဇနီးသည် ၏ တားဆီးခြင်း ကို နာယူခြင်း မပြုဘဲ ညဉ့် လူခြေတိတ် အချိန်တွင် နေအိမ် မှ ထွက်ခွာခဲ့လေ၏ ။


ငွေဝန်းဖြူဖြူ သည် ပင်လယ်လေ တဟူးဟူး တိုက်သဖြင့် တုန်ခိုက်အောင် ချမ်းချမ်း စီးစီး ရှိလှသော်လည်း အောင့်အည်း၍ ချောင်းမြောင်း နေလေ၏ ။ အချိန် သည် တဖြည်းဖြည်း ကုန်လွန်၍ ရွာ ဆီမှ သန်းခေါင်ကြက် တွန်သံများပင် ကြားရလေ၏ ။


ထိုခဏတွင် ပင်လယ် ဘက် ဆီ မှ တေးဆိုသံများ ကို သာယာငြိမ့်ညောင်းစွာ ကြားရ လေ၏ ။ တေးသံများ ကို ကြားရာ ဆီသို့ မျှော်ကြည့် လိုက်သော အခါတွင် ငွေဝန်းဖြူဖြူ သည် ဖြူဖွေးသော လှေကလေး ပေါ်တွင် ထိန်လင်းနေသော မီးရောင်များအောက် ၌ တစ်ကိုယ်လုံး ဆွတ်ဆွတ် ဖြူ၍ ငွေရောင် ဆံပင်လိပ်များ နှင့် ဖြူဆွတ်သော ပိုက်ကွန်ကြီး တစ်ခု ကို လွှားခနဲ လွှားခနဲ ဖြန့်ကာ ငါးဖမ်း နေကြသော နတ်သမီး အချို့အား တွေ့ရလေ၏ ။


ငွေဝန်းဖြူဖြူ သည် ပင်လယ်လှိုင်းလုံးကြီးများ အကြား တွင် မြောက်ခနဲ မြောက်ခနဲ ပေါလောပေါလော ပေါ် နေသော လှေဖြူကလေး ကို လည်းကောင်း ၊ လွှားခနဲ လွှားခနဲ ဖြန့်လိုက် သော ပိုက်ကွန်ကလေး ကို တအံ့တသြ ကြည့်ရှု နေခိုက် မှာပင် ပိုက်ကွန် ထဲတွင် အမြောက်အများ ပါလာသော ပင်လယ်ငါး တို့ အား နတ်သမီး တို့ သည် လှေ ထဲသို့ လျင်မြန်စွာ ယူငင်၍ ထည့် နေသည် ကို တွေ့ရပြန်လေ၏ ။


အတန်ကြာသော အခါ နတ်သမီးများ သည် ငွေဝန်းဖြူဖြူ  ငါး အမြောက်အများ တွေ့ရ သော သောင်ခုံ ပေါ်သို့ လှေကလေး ကို ထိုးဆိုက်လိုက် ပြီးနောက် ကြိုးကလေးများဖြင့် လှေ ထဲမှ ငါးကလေးများ ကို တစ်ကောင်စီ တစ်ကောင်စီ အသီးသီး သီကြလေ၏ ။


ငွေဝန်းဖြူဖြူ သည် ထိုခဏတွင် မိမိ ကိုယ် မှ ဖြူသော အသား နှင့် မိမိ ခေါင်း မှ ငွေရောင် ထ နေသော ဆံပင်ခွေ ကို သတိရ ပြီးနောက် နတ်သမီးတို့ ၏ အကြား တွင် မိမိ သွားရောက် ငါးသီ လျှင် မိမိ ကို လည်း နတ်သမီး တို့သည် သူတို့ အထဲ ကပင် ထင်မှတ်လိမ့်မည် ဟု အောက်မေ့လျက် နတ်သမီးတို့ အလယ်တွင် ရုတ်ခနဲ ဝင်ရောက်၍ ငါးသီခြင်း အမှု ကို ပြုလေ၏ ။ 


အမှန်လည်း နတ်သမီးတို့ သည် ငွေဝန်းဖြူဖြူ ကို လူသား ဟု မအောက်မေ့ဘဲ မိမိတို့ အထဲ က နတ်သမီးတစ်ပါး ဟု ပင် အောက်မေ့ ထင်မှတ်ကြလေ၏ ။


နတ်သမီးတို့ ကား လောဘ မကြီးကြချေ ။ နောက် တစ်နေ့စာ အတွက် တစ်ယောက်စီ ငါးများ ကို သီကြ၏ ။ ငွေဝန်းဖြူဖြူ ကား ငါးများ ကို နတ်သမီးတို့ ကဲ့သို့ အတူတူပင် သီနေလင့် ကစား ငါးသီသော ကြိုးကို နောက်ကအထုံး ပြုလုပ် မထားဘဲ ငါးများ ကို သီလိုက် ဖြုတ်လိုက်နှင့် နတ်သမီးတို့ ၏ အခြေအနေ ကို သာ ကြည့်ရှု အကဲခတ် နေလေ၏ ။


များမကြာမီ မှာပင် နတ်သမီးများ သည် အသီးသီး ငါး သီ၍ ပြီးကြလေ၏ ။ သို့တိုင် အောင် ငွေဝန်းဖြူဖြူ ကား ငါး သီ၍ မပြီးသေးချေ ။ နတ်သမီး တို့သည် ငွေဝန်းဖြူဖြူ အား ကူညီ၍ ငါးသီ ပေးကြ၏ ။ ငွေဝန်းဖြူဖြူ သည် နတ်သမီးတို့ သီပေးသော ငါးတို့ ကို ဖြုတ်ချ၍ ဖြုတ်ချ၍ ပစ် လိုက်သဖြင့် ငွေဝန်းဖြူဖြူ ၏ ငါးသီကြိုး မှာ ငါး မပြည့်နိုင်တော့ချေ ။


နတ်သမီးများ သည် ငွေဝန်းဖြူဖြူ ၏ ငါးသီကြိုး ကို ငါးပြည့်ရန် အထူး ကြိုးစား၍ သီ ပေးကြပြန်၏ ။ သို့ရာတွင် ငွေဝန်းဖြူဖြူ ၏ ငါးကြိုး တွင် ငါးပြည့်လာခြင်း မရှိပေ ။


သို့နှင့် အချိန် ကုန်မှန်း မသိ ကုန်သွားလေရာ အရှေ့ဘက် မှ နေရောင်ခြည် လာစပြု

လေ၏ ။


“ တို့များ အိမ်ပြန် အချိန်တန် အရှေ့ဘက် က ရောင်နီလျှံ ပြန်ပြန်စို့လား တို့အများ လူ တွေ တွေ့လိမ့်ငြား ”


နတ်သမီးတို့ သည် အရှေ့ဘက် မှ ရောင်နီ လာသည် ကို မြင်လျှင် ပင် စိုးရိမ်တကြီး ဖြစ် ကြလျက် တစ်ပြိုင်တည်း စတင် အော်ဟစ်ကြ၏ ။ နတ်သမီးတို့ သည် အရှေ့ဘက် က ရောင်နီ လာလေ အော်ကြလေလေ ဖြစ်လာပြီး နောက် နောက်ဆုံးတွင် တောင်တန်း ဘက်သို့ အကုန်လုံး ထွက်ပြေးကြ၏ ။


တောတန်းသို့ ရောက်လျှင် နတ်သမီးတို့ သည် အံ့ဩဖွယ်ရာပင် တောင်များ ပေါ်သို့ တက်ပြေး ကြပြီးနောက် နှင်းထု အောက်တွင် ပျောက်ကွယ်ကုန်ကြလေ၏ ။


ထိုအချိန်တွင် ငွေဝန်းဖြူဖြူ သည် ထွက်ပြေး ကြသော နတ်သမီးတို့ အား ကြည့်ကာ ဟားတိုက်၍ ရယ်မော ကျန်ရစ်ပြီးလျှင် နတ်သမီးတို့ ပြန်လည် ယူဆောင် မသွားနိုင်သော ပိုက်ကွန် နှင့် လှေတို့ ကို ရရှိလိုက်လေ၏ ။


ငွေဝန်းဖြူဖြူ သည် တံငါလှေ လုပ်နည်း ၊ ပိုက်ကွန် လုပ်နည်းတို့ကို နတ်သမီးတို့ထား ပစ်ခဲ့သော တံငါလှေ နှင့် ပိုက်ကွန်တို့ ကို ကြည့်ရှု လေ့လာပြီး နောက် ပိုက်ကွန်နှင့် လှေများကို ဇနီးသားသမီးများ နှင့် လုပ်ကိုင်၍ ရွာသူရွာသားများ ကို ရောင်းချကာ စီးပွားအလွန် ဖြစ်ထွန်း ကြွယ်ဝခြင်းသို့ ရောက်လေ၏ ။


ရွာသူရွာသားတို့ လည်း သီးနှံ ပျက်စီးသဖြင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကြောက်လန့် နေကြသော်လည်း တံငါလှေ နှင့် ပိုက်ကွန်များ ကို ငွေဝန်းဖြူဖြူ မိသားစု ထံမှ ဝယ်ယူ ငါးဖမ်း နိုင်ကြသဖြင့် ငတ်မွတ်ခြင်း ဘေး မှ ကင်းလွတ်ကြလေ၏ ။


ထိုအခါမှ စ၍ လူတို့သည် ပိုက် နှင့် ငါးဖမ်းခြင်း အတတ် ကို ကောင်းမွန်စွာ တတ်မြောက် ခဲ့ကြသည် မှာ ယနေ့တိုင်အောင် ဖြစ်တော့သည် ။


 ▢  ကိုကြီးမြင့်သိန်း

📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၄ ၊ မေ


No comments:

Post a Comment