Monday, April 14, 2025

ပုဂံမောင်မောင်


 

❝ ပုဂံမောင်မောင် ❞

သူ က အသားမည်းလို့ ခင်မင်သူတွေ က “ ဘလက်ကီ ” လို့ ချစ်စနိုး ခေါ်ကြ တယ် ။ ပုဂံ အာနန္ဒာဘုရား မြောက်ဘက် စောင်းတန်း ကို သွားရင် ဓာတ်ပုံဆရာ ပုဂံ မောင်မောင် ကို တွေ့နိုင်တယ် ။

လူပုံ က ခပ်ဖိုင့်ဖိုင့် ၊ စွပ်ကျယ် လက်စက အဖြူရောင် ကို သူ ဝတ်ထားလေ့ ရှိတယ် ။ သူ့ မျက်နှာ မှာ ဖော်ရွေတဲ့ အပြုံး အမြဲလိုလို ရှိတယ် ။

အာနန္ဒာဘုရား မြောက်ဘက် စောင်းတန်း မှာ သူ့ လက်ရာ ဓာတ်ပုံတွေ ကို ရောင်းတဲ့ ဆိုင် နှစ်ဆိုင် ရှိတယ် ။

ပုဂံမောင်မောင် က ယူနက်စကိုဆု အပါအဝင် နိုင်ငံတကာဓာတ်ပုံဆုတွေ အများကြီး ရသူ ။ သူ့ လက်ရာတွေ က သိပ်ကောင်းတာမို့ နိုင်ငံခြားသားဧည့်သည်တွေ က ပုဂံမောင်မောင် ကို သူတို့ အတွက် ဓာတ်ပုံလမ်းညွှန် လုပ်ပေးဖို့ ခေါ်ကြတယ် ။

ပုဂံ အာနန္ဒာဘုရား စောင်းတန်း က သူ့ ဆိုင်မှာထိုင်ရင်း ကျွန်တော် တို့ စကားစမြည် ပြောဖြစ်တယ် ။ ကျွန်တော် က သူ့ ဘဝ ကို စိတ်ဝင်စားတယ် ။

“ ကျွန်တော့် ဇာတိက ဂင်္ဂါရွာ ၊ ပုဂံ ရဲ့အောက်နား မှာ ။ ကျောင်းပညာ ကတော့ လေးတန်း ပဲ အောင်တယ် ။ မိဘတွေက စီးပွားရေး မကောင်းတော့ ငယ်ငယ် နဲ့ ကျောင်း ထွက်လိုက်ရတာ ။ ကျွန်တော် ၁၂ နှစ် ၊ ၁၃ နှစ် လောက် မှာ ပုဂံ ရောက်တာ ”

“ ဘယ်လို အဆက်အစပ် နဲ့ ရောက်လာတာလဲ ”

“ မိဘလုပ်ငန်း က ခေါက်ဆွဲဆိုင် ။ ပွဲဈေးတန်းလေး တွေမှာ ဈေး လိုက်ရောင်း ရင်း နဲ့ ပုဂံ ကို လာ ရောင်းရင်း သောင်တင်တာ ။ အာနန္ဒာ အနောက်ဘက်မုခ် နားမှာပေါ့ ။ အဲဒီမှာ ဆိုင် ထိုးပြီး ခေါက်ဆွဲဆိုင် ၊ ထမင်းဆိုင် ၊ လက်ဖက်ရည်ဆိုင် ပေါ့ဗျာ ”

“ ဓာတ်ပုံ ဝါသနာ က ”

“ ကျွန်တော့် မွေးချင်း ထဲမှာ ဘယ်သူမှ ဝါသနာ မပါဘူး ။ ကျွန်တော် ပဲ ။ ဝါသနာ ပါတာ ကလည်း ခပ်ငယ်ငယ် ကတည်း က အာနန္ဒာဘုရားနား မှာ ကိုယ် ရောက်နေတာ ။ ဒီကို အောက်ဒိုး လာပြီး ပန်းချီ ဆွဲတဲ့ ဆရာကြီးတွေ ရှိတယ် ။ ပန်းချီဦးအောင်စိုး ၊ ဦးနန်းဝေ ၊ အဲဒီ နှစ်ယောက် က ကျွန်တော့် အစ်ကိုကြီး တွေပါပဲ ”

ဦးမောင် က ပြောရင်း က ခပ်ညင်းညင်း ရယ်မောရင်း ဆက် ပြောတယ် ။

“ ကျွန်တော် တကယ်တမ်း ဝါသနာ ပါတာ က ပန်းချီ ဗျ ။ မဖြစ်တာက ကိုယ့် စီးပွားရေး ကြောင့် ။ အဲဒီပန်းချီဆရာကြီးတွေ အာနန္ဒာ ရပ်တော်မူ ကိုယ်တော်ကြီးတွေ ပုံ ဆွဲတာကို ထမင်းငတ် ခံပြီး ကြည့်ခဲ့တာ ”

“ ဓာတ်ပုံလုပ်ငန်း ဘယ်အချိန် လောက် စသလဲ ”

“ ၁၉၇၉ ခုနှစ်လောက် ၊ ကျွန်တော် အလုပ် မရှိဘဲ ဖြစ်နေတဲ့ အချိန် ၊ ရေနံချောင်း က ကျွန်တော့် သူငယ်ချင်း နှုတ်ခမ်းမွေးနီတွတ် က ဒီမှာ ဓာတ်ပုံ အမြန်ရိုက် လုပ်ငန်း လာ လုပ်တာ ။ သူ နဲ့ လျှောက်လိုက်ရင်း မင်း လည်း ကင်မရာ ဝယ်ကွာတဲ့ ။ အဲဒီတုန်းက နီကွန်အက်ဖ်အမ် က ကျပ် ၄၆၀၀ ။ ကျွန်တော် မတတ်နိုင်ဘူး ။ ချေးငှားပြီး ဝယ်လိုက် ရော ”

“ ဓာတ်ပုံ အဖြူအမည်း ခေတ်လား ”

“ အဖြူအမည်းခေတ် ၊ ကင်မရာ ဝယ်ပြီးတော့ ရွှေစက်တော်ဘုရားပွဲ သွား ရိုက်တာ ။ ဓာတ်ပုံဆိုင်ခန်း က ၃၂ ခန်း နဲ့ ၃၅ ခန်း ကြားလောက် ရှိတယ် ”

“ အများကြီး ”

“ အများကြီး ၊ ခုလို ကန်ထရိုက်တွေ ဘာတွေ မဟုတ်သေးဘူး ။ သူ့ ဆိုင်ကိုယ့် ဆိုင် ပြိုင်တာပဲ ။ ကျွန်တော် နဲ့ နှုတ်ခမ်းမွေးနီတွတ် က ဆိုင် မဖွင့်နိုင်သေးဘူး ။ ပျံကျပဲ ။ ကင်မရာလေး လွယ်ပြီး လိုက် ရိုက် ပေးတာ ”

“ ပုံကူးတော့ကော ”

“ နီးစပ်ရာပေါ့ ။ အဲဒီမှာ ဓာတ်ပုံဆိုင်တွေ စုပြီး ကျွန်တော်တို့ ပျံကျတွေ မရှိ သင့်ဘူးလို့ အစည်းအဝေး လုပ်တယ် ။ ကျွန်တော်တို့ က ပစ္စည်း သာတာကိုး ။ ဒါနဲ့ နောက်နှစ် ကျ ကျွန်တော်တို့ လည်း ဆိုင်ခန်း ယူပြီး ထွက်တယ် ။ ဆိုင်နားနီးချင်း ဖြစ်တာ က တော်ဝင်ထွန်း ၊ မင်းလှ ၊ ဦးထွန်းရီ တဲ့ ။ သူ က တစိုက်မတ်မတ် လုပ်မှာလား မေးတယ် ။ လုပ်မှာပေါ့လို့ ။ သူ က မြဝတီထောင်ဆု ရခဲ့တာတဲ့ ။ တကယ် လုပ်မယ် ဆိုရင် ငါ သင်ပေးမယ် ။ ဒါပေမဲ့ နိုင်ငံခြားဆု ရအောင် လုပ်ရမယ် တဲ့ ။ ကျွန်တော် က လည်း စိတ်ဓာတ် ပြင်းတယ် ။ နိုင်ငံခြားဆု မရသေးသမျှ မိန်းမ မယူဘူးလို့ ”

ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်မိကြတယ် ။

“ အဓိက က ပိုက်ဆံ အရင် ရှာရတာပေါ့ ။ ရွှေစက်တော် မှာ ကျွန်တော်တို့ ဖွင့်တဲ့ ဆိုင် နာမည် က မော်ဒန် ၊ ဆရာဦးထွန်းရီ က တော်တော် စေတနာ ပါတယ် ။ စိတ်ရှည် လက်ရှည် သင်ပေးတာ ”

“ နောက်နှစ် ရွှေစက်တော် ပွဲကော ”

“ မထွက်တော့ဘူး ။ ပုဂံ မှာပဲ ရိုက်တော့တယ် ။ မော်ဒန် နာမည် နဲ့ ဆိုင်ဖွင့် ရိုက်တယ် ။ ၁၅ မိနစ် အမြန်ပေါ့ ။ ဒီ ဘုရားရိုက် ။ ဟို ဘုရား လိုက်အပ်ပေါ့ ။ အဲဒီမှာ ဘယ်သူ နဲ့ သွား တွေ့သလဲ ဆိုတော့ ဆွစ်ဇာလန် က မြန်မာပြည် အကြောင်း စာအုပ် လုပ်တဲ့ Claude Schauli နဲ့ တွေ့တယ် ။ ၁၉၈၁ ခုနှစ် မှာ ”

ဦးမောင် က သူ့ ဇနီး ကို စာအုပ် ယူ ခိုင်းတယ် ။ BIRMANIE ဆိုတဲ့ စာအုပ် ကို ယူပြပါတယ် ။

“ အဲဒီတုန်းက ဗီဇာ က တစ်ပတ် ပဲ ပေးသေးတော့ ၊ သူ က ဘာတွေ ရိုက်ချင်တယ် ။ ဘယ်လို ရိုက်ပါ ဆိုပြီး သူ့ကင်မရာ နဲ့ ဆလိုက်ဖလင်တွေ ပေးထားခဲ့တာ ”

ဦးမောင် က လေးတန်း ပဲ အောင်တာမို့ အင်္ဂလိပ်စကား ဘယ်လို ပြောသလဲ ကျွန်တော် မေးတယ် ။

“ ဘုရား နား နေတာ ဆိုတော့ မေးရင်း ပြောရင်း ဖြစ်လာတာပေါ့ ။ ကျွန်တော် မရေးတတ်ဘူး ။ မဖတ်တတ်ဘူး ။ ဒါပေမဲ့ စကား ပြောလို့ရတယ် ”

“ သူ က တစ်ခေါက် ပြန်လာတာလား ”

“ အကြိမ်ရေ အခေါက်ခေါက် ပြန် လာတာ ။ ဒီ စာအုပ် ဖြစ်ဖို့ အနည်းဆုံး အခေါက် ၂၀ လောက် လာတယ် ။ အဲဒီလို နဲ့ ၈၂ မှာ စာအုပ် ထွက်တယ်ပေါ့ ။ အဲဒါ တစ်ဦး ၊ နောက် တစ်ဦး က Insight Myanmar ဆိုတဲ့ စာအုပ် ရေးတဲ့သူ ။ Klein ဆိုတဲ့ လူ ။ သူ လည်း ကျွန်တော့် ကို ကာလာ အဆင့်ဆင့် သွားပုံတွေ ၊ croping သင်ပေးတယ် ။ ၁၉၉၆ မှာ တစ်ယောက် တွေ့ရတယ် ။ သူ့ ကို ပုဂံဓာတ်ပုံတွေ ရိုက်ဖို့ ယူနက်စကို က ငှားတာ ။ ပြင်သစ် ။ Loriviere တဲ့ ။ သူ ဓာတ်ပုံ ရိုက်တာ ကို အကူအညီ ပေးရတယ် ”

ကျွန်တော် က သူ့ ကို ဟုတ်ကဲ့ လိုက်တယ် ။

“ သူ က အင်းလေး မှာ Louis Vuitton အိတ် အတွက် ကြော်ငြာ ရိုက်ဖို့ နောက် တစ်ခေါက် လာတယ် ။ ပြင်သစ် က မော်ဒယ် ၊ ပြင်သစ် က မိတ်ကပ် ၊ ပြင်သစ် က ဓာတ်ပုံဆရာ နဲ့ လာ ရိုက်တော့ ကျွန်တော့် ကို ငှားတာ ။ ဆက်တင် မန်နေဂျာ သဘောမျိုး လုပ်ပေး ရတယ် ။ အဲဒီမှာ ပညာ တော်တော်ရတယ် ။ တွေးခေါ်မှု ပညာတွေ ရတယ် ”

“ ဦးမောင် နိုင်ငံတကာဆု စ ရတာ ပြောပါဦး ”

“ ကာလာ ပေါ်ခါစ ကပေါ့ ။ အလှူ သွား ရိုက်ရင်းနဲ့ အလှူ က လည်း လှလိုက်တာဗျာ ။ ညနေစောင်း မှာ အလှူ လှည့် တော့ ဖုန်တော ထဲ မှာ လမ်းလျှောက် ကြတာ ။ ကန္တာရပင် ပေါ်မှာ နေရောင် က ထိုး နေတုန်း ။ ဖုန်တွေ က ထ ၊ နေရောင် က သစ်ပင် ကိုင်းကြား က ထိုးဆင်းလာပြီး အစင်းကြောင်းကြီးတွေ ပေါ် နေတယ် ။ မောင်ရင် လောင်း က လည်း ရွှေထီး နဲ့ အရမ်း ကို ပနံ ရတာ ။ ဒါကို ရိုက် ပို့လိုက်တာ ယူနက်စကို ဆုရတယ် ”

“ ဘယ်နှခုနှစ်လဲ ”

“ တော်တော် ကြာပြီဗျ ။ နှစ်အစိတ် လောက်တော့ ရှိပြီ ။ နောက်တော့ ယူနက်စကို ဆုချည်း လေး ၊ ငါးဆု ရတယ် ”

“ နိုင်ငံတကာဆု ဆွတ်ခူးနိုင်ပြီ ဆိုတော့ အိမ်ထောင်ပြုလို့ဖြစ်ပြီပေါ့ ။ အိမ်ထောင် ကျတာ ဘယ်နှခုနှစ်လဲ ”

“ ကျွန်တော်က အိမ်ထောင် ပြုတာ နောက်ကျတယ်ဗျ ။ ၁၉၉၈ မှာ ”

“ ဆု ရတာက ၁၉၈၈ ခု ကတည်းက ။ ဖူးစာ က မဆုံသေးလို့လား ”

ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်ကြတယ် ။

“ မြန်မာပြည် တစ်ပြည်လုံး လည် ရှာခဲ့တာလေ ”

“ ဘယ်မှာ သွားဆုံလဲ ”

ဦးမောင် က ရယ်ပြီး အင်း ထဲမှာ သွား ဆုံတယ်လို့ ပြောပါတယ် ။ သူ့ အမျိုးသမီး က အသုတ်မြို့ က မို့ ခင်မင်သူတွေ က အသုပ် ကို ပုဂံ ထဲ ထည့်စား သွားတယ်လို့ ပြောကြတယ် ။

“ ကျွန်တော် အသက် ရလာတော့ ဘာ စဉ်းစားသလဲ ဆိုတော့ မြန်မာနိုင်ငံ ကို သိတဲ့လူ နည်းတယ် ။ ကျွန်တော် က ဘာရည်ရွယ်ချက် ထားသလဲ ဆိုတာ့ မြန်မာပြည် ကို ဓာတ်ပုံ ရိုက်ရင် ဟောဒီလို ၊ ဟောဒီလို လှပါတယ် ဆိုတာ သိစေချင်တယ် ။ ဒါ ကျွန်တော့် ဖီလင် တစ်ခု ပေါ့ ။ လူသိ များရင် ဧည့်သည် ပို လာမယ် ။ ဧည့်သည် လာရင် မြန်မာတွေ ပို အလုပ် ဖြစ်မယ်ပေါ့ ။ ဒါကြောင့် ဧည့်သည် ကို photographer guide လည်း လုပ်ပေးတယ် ”

“ ဘဝ မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ ရှိသလား ”

“ သိပ်ရှိတာပေါ့ ။ အသက် ၁၂ နှစ် ၊ ၁၃ နှစ် ပုဂံ ကို ရောက်စ က ရပ်တည်ဖို့ တော်တော် ရုန်းကန် ခဲ့ရတယ် ။ ၁၉၈၉ ခုနှစ် မှာ ပုဂံမြို့ဟောင်း က မြို့သစ် ကို လူတွေ ရွှေ့ခိုင်းတုန်း က တစ်ကြိမ် အခက်အခဲ ဖြစ်တယ် ။ အရမ်း ခက်ခဲသွားတာ ။ ယာမြေပေါ် နေရာ ချ ပေးတာ ။ ရှိတာ အကုန် ပြန်ရောင်း ပစ်ရတာ ။ ကင်မရာက အစ ရိုက်စရာ ရှိရင် သူများ ဆီ က ငှားရိုက်ရတာ ”

ကျွန်တော်တို့ နှစ်ယောက် စကား ထိုင် ပြောနေခိုက် နိုင်ငံခြားသား နှစ်ယောက် ရောက်လာပြီး ဦးမောင် ရဲ့လက်ရာ ဓာတ်ပုံစာအုပ် ကို ဝယ်တယ် ။ စာအုပ် ဝယ်ရင်း ဦးမောင် နဲ့ စကားတွေ ပြောနေ ကြတယ် ။

နိုင်ငံခြားသား နှစ်ယောက် ထွက် သွားတော့ ကျွန်တော် နဲ့ ဦးမောင် လည်း အာနန္ဒာ ဘုရားစောင်းတန်း က မြောက်ဘက် ကို ထွက်လာခဲ့ကြပြီး စောင်းတန်း ထိပ် က ကော်ဖီဆိုင် မှာ ထိုင်တယ် ။

ကော်ဖီဆိုင် က ကော်ဖီစေ့ ကို ချက်ချင်း ကြိတ်ပြီး ကော်ဖီစစ်စစ် ကို ရောင်းတဲ့ ဆိုင် ။ ထနောင်းရိပ် ၊ မန်ကျည်းရိပ် ရဲ့ အေးမြမှု ကိုခံစား ၊ ချိုးကူသံ ကို နားထောင်ရင်း ဦးမောင် ရဲ့ ဓာတ်ပုံလက်ရာတွေ ပုဂံ သီရိပစ္စယာဟိုတယ် ၊ ရန်ကုန် ဆာကူရာတာဝါ ပေါ် မှာ ချိတ်ဆွဲ ရောင်းချ နေတဲ့ အကြောင်း ဆက် ပြောဖြစ်တယ် ။

အတန်းပညာ အခြေခံ နည်း ပေမယ့် အတတ်ပညာ တစ်ခု ကို ထွန်းပေါက် အောင် ကြိုးပမ်းခဲ့တဲ့ ဦးမောင် ကို ကျွန်တော် လေးစား ခင်မင်တယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment