Sunday, April 6, 2025

ရှေ့ပြော နောက်ပျက်



 ❝ ရှေ့ပြော နောက်ပျက် ❞


“ ကျလစ် ကျလစ် ကျလစ် ”


“ ဟဲလို ”


“ အယ် မအားဘူး ဦးလေး ၊ အိုကေကြီး နဲ့ ချိတ်ထားတယ် ၊ တခြား ကား ပြောကြည့်ပါဦး ” 


“ ခင်ဗျာ အိုကေကြီး ကျွန်တော့် ဘေးနားမှာ ရှိပါတယ် ၊ တကယ်ပါ သူ က လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ ကတည်း က ကြိုတင် ချိတ်ထားတာ ”   


“ ဟုတ် နောက်တစ်ခေါက်ပေါ့ ဦးလေး ၊ နော် ” 

 

“ ဟာ ကို ဇော်လွင် ဘယ်လို လုပ်လိုက်တာလဲ ကျွန်တော် နဲ့ လဲ ချိတ်မထားဘဲနဲ့ ” 

 

“ ဗြောင် လိမ်လိုက် တာ ပဲ အိုကေကြီး ရေ ၊ ဒီ ဦးသန်းမောင် ဆိုတဲ့ လူ က အလကားလူကြီးဗျာ ” 


“ ဘယ်လို ဘယ်လို ”  


“ အလကား လူကြီးပါဗျာ ၊ ရှေ့ပြော နောက်ပျက်ကြီး ” 


စက်တင်ဘာ ၁၃ ရက် နေ့ စနေနေ့ က ကျွန်တော် နှင့် ကားအုံနာ ကားဆရာ ကိုဇော်လွင် တို့ နိုင်းစတား မှာ ဘီယာ သောက်နေစဉ် ကိုဇော်လွင် ရဲ့ ဟန်းဖုန်းက ထ မြည်လာခြင်း ဖြစ်ပါ၏ ။


တစ်ဘက် ဖုန်း ပြောသူ က ဦးသန်းမောင် ၊ ကားငှားခြင်း ဖြစ်ပါ၏ ။


ကား မအားဘူးဟု ကားဆရာ က ဗြောင် လိမ်လိုက်ပါ၏ ။ 


ဘာကြောင့်လဲ ။


“ သူ က မကွေးကို  သွားမယ် ဆိုပြီး ငါးရက် လောက် ကြိုပြီး ကျွန်တော့် ကား ကို လှမ်းချိတ်တယ် ၊ ကျွန်တော် က လဲ ခေါင်းညိတ်လိုက်တယ် ၊ သွားမယ့် ရက် မရောက်မီ တစ်ရက် အလိုမှာ ထပ် ချိတ်ပြီး ကွန်ဖမ်းမ် လုပ်တယ် ၊ ကျွန်တော် က ဆက်ဆက် လိုက်ပါမယ်လို့ ကတိ ပေးလိုက်တယ် ၊ ဟောဗျာ ဖြစ်ချင်တော့ သွားခါနီး နှစ်နာရီလောက် အလို ကျမှ သူ့ ဘက်က မသွားဖြစ်တော့ဘူး ဆိုပြီး ဖုန်း လှမ်းဆက်တယ် အိုကေကြီး ရာ ၊ ကျွန်တော် ခါးကော့ သွားတာပေါ့ ၊  သူ နဲ့ ကျိန်းသေ ချိတ်ထားပြီးပြီ ဆိုတော့ တခြား လူတွေ တဂွီဂွီ ဖုန်းဆက်ပြီး လှမ်းချိတ်တာတွေ ကို ငြင်းလိုက်ရတယ်ဗျာ ၊ တကယ်ဆို တစ်ရက် လောက် ကြို ပြောဖို့ ကောင်းတာပေါ့ ၊ မလိုက်ဖြစ်တဲ့ အကြောင်း ” 


“ တစ်ကြိမ်တစ်ခါပဲ ကိုဇော်လွင် ရယ် ခွင့်လွှတ်လိုက်ပါ ”   


“ တစ်ကြိမ် မကဘူး အိုကေကြီး မကွေး တစ်ခါ ဖျက်တယ် ၊ မန္တလေး တစ်ခါ ဖျက်တယ် ၊ ရန်ကုန် တစ်ခါ ဖျက်တယ် ” 


“ ဒါနဲ့ တန်ဟ ဆိုပြီး နောက်ဆို သူ့ ဘွတ်ကင် လက်မခံတော့ဘူး ၊ အကြောင်း အမျိုးမျိုး ပြပြီး ခေါင်းခါ လိုက်တယ် ”  


ကြုံတုန်း ကြွားပါရစေ ၊ ကျွန်တော် မောင်ချမ်းသာ ဆိုသူ က ကား ထည်လဲစီးနေသူ ခင်ဗျာ့ ၊ ဟင်းဟင်း အထင်ကြီး မသွားနဲ့ဦး သူများ ကား တွေ ငှားငှားပြီး စီးနေတာပါဗျာ ၊ မမာရေး မကျန်းရေး တွေ ၊ အရေးကြီးတဲ့ အခါတွေ ၊ သူငယ်ချင်း အပေါင်းအသင်း လာတဲ့ အခါတွေမှာ သူများ ကားတွေ ကို ငှားရတယ်ဗျာ ၊ ကိုယ့် မှာ ကားမှ မရှိတာ ။


ဘယ့်နှယ့်ဗျာ မြေပဲဆားလှော်သည်ကလေး က ဘယ်လိုလုပ် ကား ဝယ်နိုင်မှာတဲ့တုံးဗျာ ။ မြေပဲဆားလှော် ဆိုတာ အခြား စားကုန် တွေ လို ရေ ထိုးလို့လည်း မရ ၊ ဆီ ရောလို့လည်း မရ ၊ ဟိုဟာသည်ဟာ ရောထည့်လို့ လည်း မရတဲ့ အမျိုးအစားကလားဗျာ ၊ မြေပဲဆန် အစစ် ကို ဆား နဲ့ လှော်ပြီး ရောင်းရတာဗျာ ။ ကဲ ထား ၊ ထား ။ 


ကျွန်တော် ငှားစီးဖူးတဲ့ ကားအုံနာ ကားဆရာတွေ ဟာ သူတို့ ဘက် က ဘယ်တော့မှ ကတိ မပျက်ကြဘူးဗျာ ။ 


ကားဆရာ အုံနာ ကိုဇော်လွင် ၊ ကိုစန်းယု ၊ အုံနာ ဦးစိန်ကုလား ၊ အုံနာ ဦးလှကြည် ဘယ်သူမှ မပျက်ကြဘူးဗျာ ။


ချိန်းထားတဲ့ အချိန် မရောက်မီ ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက် ကတည်း က အိမ်ပေါက်ဝ ကား ရောက် နေကြတာက များတယ်ဗျား ။ခ




“ လေးချမ်း ၊ အဖေ က လဲ လူ တိကျ ဗျာ့ ၊ လေးချမ်း က ၁၂းဝဝ နာရီ တိတိထွက်မယ် ဆိုတော့ ကျွန်တော့် ကို ၁၁း၃၀ နာရီ ကတည်း က လေးချမ်း ဆီ လွှတ်နေတာ ”


တစ်နေ့သောအခါ ကားအုံနာ ဦးလှကြိုင် ၏ သား ကားဆရာ ကိုအောင်ဌေး က သူ့ အဖေ တိကျပုံ ကို သူ့ ကား ပေါ်မှာ ကျွန်တော့် ကို ပြော ပြလေ၏ ။ ထိုကဲသို့ တိကျသောကြောင့် လည်း ဦးလှကြိုင် က လည်း ကားပိုင် ၊ သူ့ သား ကိုအောင်ဌေး က လည်း ကားပိုင်များ ဖြစ်ကြပါ၏ ။ ကားကောင်းများ ကို တစ်စီး ပြီး တစ်စီး ပြောင်း ကိုင်လာသူများ ဖြစ်ကြပါ၏ ။


ကားလောက ၊ လူ့လောက ၊ စီးပွားရေးလောက အလွန် တိကျပါ၏ ။ အလွန် ကတိ တည်ရပါ၏ ။ စကား အလွန် တည်ရပါ၏ ။ ဒါမှလည်း ရေရှည် အလုပ်ဖြစ်ပြီး ကြီးပွားကြတာကလားဗျာ ။


ရှေ့ပြော နောက်ပျက် ကတိ ပျက်ပြီ ဆိုလို့ ကတော့ ၊ စကား မတည်ဘူး ဆိုလို့ ကတော့ အလိုလို မြောင်း ထဲ ရောက်သွားရောဗျို့ ။ 


ဘာတဲ့ ကျွန်တော့် ဆရာ ကိုဇော်လွင် ပြောတဲ့ စကား ။ 


ရှေ့ပြော နောက်ပျက် 

အလကားလူ တဲ့ ဗျာ ။ 


ကဲကောင်းရော ။


 ▣ မောင်ချမ်းသာ

📖ကုမုဒြာ ဂျာနယ်

     ၁၁ နိုဝင်ဘာ ၊ ၂၀၀၅

No comments:

Post a Comment