Sunday, April 20, 2025

လန်းဖိုင်စာသိုက် ( ၀၁ )


 

❝ တောသို့ ဝင်သည့် နေ့ ❞

နေ့စွဲ ။ ၁၅ - ၆ - ၁၉၉၂

၂၂ ပိဿာ

၂၂ ပိဿာ ရဲ့ အလေးချိန် ထည့်ဝင်ထားသော ခဲအိတ် ကို မ၍ လက်တွင် ဆ ကြည့်သည် ။ ခပ်ပေါ့ပေါ့ သဘောထား၍ မရ ။ ကြည့်တော့ ဘူးသီး ခပ်တောင့်တောင့် တစ်လုံး အရွယ်ပင် ။ ခဲမှုန့် ကို အခြောက်ခံ၍ အဝတ် တစ်ထပ် ၊ ပြီးမှ ပုဆိုး တစ်ထပ် ၊ နောက်ထပ် လွယ်၍ ကျောပိုးရန် ပုံစံကျကျ ထုပ်နှောင် ထားခြင်း ဖြစ်သည် ။

အချိန်က မနက် လေးနာရီခွဲ ။

ရုတ်တရက် မိုးရွာချလိုက် သဖြင့် စိတ်တွေ ထိုင်းမှိုင်း သွားသည် ။

“ ဖြစ်ရဲ့ လား ကောင်လေး ” 
ခဲပိုင်ရှင် လည်း ဖြစ် ၊ ဦးလေး လည်း တော်စပ်သူ ၏ အမေး ကို ခေါင်းညိတ် ပြဖြစ်သည် ။

“ အေးလေကွာ ဒီမနက် မှ မိုးက ရွာတယ်လို့ ” 

ကျွန်တော်တို့ အားလုံးပေါင်း ခဲထမ်းသမား ခြောက်ယောက် ရှိသည် ။ ခဲပိုင်ရှင် နှစ်ဦး နှင့် ဆိုလျှင် ပေါင်း ရှစ်ယောက် ။ နေရာ က တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ကံဘောက်ကျေးရွာ ။ သွားရမှာ က တောလမ်း မှ တစ်ဆင့် တစ်ဖက်နိုင်ငံ နယ်စပ် နတ်အိမ်တောင် သို့ ။ ကျွန်တော့် ရည်ရွယ်ချက် က တစ်ဖက်နိုင်ငံ တွင် သွားရောက်လုပ်ကိုင် စားသောက်ရန် ၊ ယခု ခရီးကြုံ ဖြင့် ခဲ ထမ်းရင်း လိုက်ရမည် ။ ခဲပိုင်ရှင် ဦးလေး ၏ သား ဖြစ်သူ ညီဝမ်းကွဲ မောင်သန့်ဇင် သည် တစ်ဖက်နိုင်ငံ တွင် အလုပ် လုပ်နေ ခဲ့သည်မှာ ကာလ အတန်ကြာခဲ့ပြီ ။ ယခု အလည် ပြန်လာရင်း ကျွန်တော့် ကို ကူညီ ခေါ်ဆောင်သွားမည် ။

ဘာဖြစ်မလဲ ဖြစ်ချင်ရာ ဖြစ်ပေါ့ ။

ခရီး အထွက်မှာ ပင် မပြတ်စွာ ရွာနေသော မိုးကြောင့် အံကြိတ် ဖြစ်သည် ။ မိုးဦး မှ မိုးဦး စစ်စစ်။ သည်နှစ် မိုးရာသီ တွင် ကံဘောက်ရွာ မှာ ပထမဆုံး ရွာသော မိုး ပါတဲ့ ။ ရှစ်နာရီ မထိုးမီ ဟု သတ်မှတ်ထားကြသည် ။ ကလိန်အောင် ကားလမ်း ကို မနက် ရှစ်နာရီ မထိုးမီ ဖြတ်နိုင်မှ ဖြစ်မည် ဟု အုပ်စုခေါင်းဆောင် က အမိန့်ချသည် ။ ဒါမှ စိတ်ချရမည် ဟု ဆို၏ ။ တဖြည်းဖြည်း ကျိန်းစပ် လာသော ပခုံးနှစ်ဖက် ကို စမ်းရင်း ခဲ လွယ်ထား သော ဟန်ချက် ကို ဆွဲတင်ကြည့်သည် ။ နောက်ထပ် ဆယ့်ငါးမိနစ် ဆို ခေတ္တ နားကြမည် ။ ရှေ့က သွားနေသူများ က အားပေးသည် ။ ပထမဆုံး အခေါက် ဆိုတော့ နည်းနည်း စိတ်ပျက်မယ် ၊ သီချင်း နဲ့ လိုက်ကွ ။ သည် တောလမ်းခရီး မိုးတဖွဲဖွဲ ထဲမှာ လက်ရှိ ဒုက္ခ ကို စိတ် ရောက်နေလျှင် ပို ပင်ပန်းရုံ ရှိမည် ။ အရင်ဆုံး နှုတ် မှ ထွက်လာသည် က

“ မည်သူမဆို မကူညီသည် ဖြစ်စေ ၊ မည်သူမဆို ကူညီသည် ဖြစ်စေ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ ကိုယ်အခြေအနေ ၊ ကိုယ့်အားကိုယ်ကိုး မှ ” 

မတွေးမိအောင် နေသည့် ကြားမှ အတွေး က အိမ်သို့ ရောက်သွားပြန်သည် ။ ရန်ကုန် ၊ အမေ ၊ သူငယ်ချင်းတွေ ၊ လက်ဖက်ရည်ဆိုင်တွေ နှင့် ယခု ဘဝ တခြားစီပါလား ။ ဘဝ ဆိုတာထဲ ခုန် မချရန် အမေ တားနေသည့် ကြား မှ ချမ်းသာချင်သည့် စိတ် က နေမရပြီ ဆိုတော့ ။

“ ကင်းမရှိဘူးဟေ့ ၊ အေးအေးဆေးဆေးပဲ ” 

ရှေ့မှ ကြိုသွားနေသူ က ပြန်လှည့် စောင့်ရင်း ကျွန်တော့်တို့ အုပ်စု ကို ဝမ်းသာအားရ အော် ပြောသည် ။ တစ်ခါတစ်ရံ ကင်းစောင့် ရှိနေလျှင် ကြန့်ကြာတတ်သည် ။ ပြဿနာ ရှည်သွား တတ်သည် ။ အထွက် ခရီး မှာ အဆင်ပြေလျှင် တစ်လမ်းလုံး ချောမွေ့ တတ်သည် ဟု ခဲသမား တို့ စွဲစွဲမြဲမြဲ ယုံကြည်ပြီးသား။

“ ဒီ မိုးဟာ တို့ ကို ကူညီတဲ့ မိုးကွ ” 

ခဲပိုင်ရှင် ဦးလေး က ရွာ နေတဲ့ မိုး ကို ကြည့်၍ ပြောသည် ။ ဘုရားရေ ကျွန်တော့် မှာ အသည်း ခိုက်အောင် ခံနေရပြီ ။ သူ က အူလှိုက်သည်းလှိုက် ကျေးဇူး တင်နေသည် ။ ဘာကြောင့် ပါလိမ့် ။ ဩော် မိုးရွာနေလို့ ကင်းသမား မရှိခြင်းပေကိုး ။

တောတောင်တို့ ၏ သဘော မှာ အပြင် မှာ တွေးကြည့်လျှင် သာယာ ပါသည် ။ တကယ် ရောက်နေသူ အဖို့ ကျေးငှက်သာရကာ ၊ စမ်းရေ ၊ ပန်း ရိုင်း စသည် တို့ အား အာရုံခံ ဖို့ ထက် ပျင်းရိဖွယ် ရှုခင်းတွေ သာ များပါသည် ။ တကယ်မှာ လည်း ကျွန်တော့် အနေဖြင့် ဘယ် အာရုံကို ခံစား ကြည်နူးနေရပါ့ ။ တကယ်မှာ လည်း ကျွန်တော် အနေ ဖြင့် ဘယ်အာရုံကို ခံ စားကြည်နူးနေရပါ့ ။ ကျောပခုံး ထက်တွင် စံမြန်းနေသည့် ၂၂ ပိဿာ ခဲထုပ် ကို အပေါ် မှ မိုး လုံအောင် ကာထားရသည့် အထဲ ဇွဲ ဆိုသည့် ပင်ပင်ပန်းပန်း ကိစ္စကြီး အား ဆင်နွှဲနေသည့် ဒုက္ခကြီး ဖြစ်နေသည် ။ ဇွဲ ဆိုတာ ငရဲများ လား။ ခဏ နားလို့ လည်း မဖြစ် ။ မိုးရေ ထဲ မှာ နားလိုက်လျှင် ချမ်းလာမည် ။ ဆက်လျှောက် နေမှ ခန္ဓာကိုယ် သွေးလည်ပတ်ကာ နွေး နေမည်ကိုး ။

ထမင်း စားပြီးတော့ ၂ နာရီ ထိုးပြီ ။ မိုးစဲ သွားစဉ် ခေတ္တ နားကာ ထမင်း စားကြခြင်း ဖြစ်သည် ။

“ မောပြီလား ကိုထွေး ။ ကျွန်တော် ကူသယ် ပေးမယ်လေ ” 

သန့်စင် ၏ စကား ကို ကျေးဇူးတင် သော်လည်း ကျွန်တော် ၏ ၂၂ ပိဿာ သည် ကျွန်တော် နှင့် သာ သက်ဆိုင်စေတော့ ။ တစ်ပိဿာ ကို စရိတ်ငြိမ်း ငါးဆယ်ရမည် ဆိုသည့် အတွေး နှင့် တစ်ဖက်နိုင်ငံ ဆိုသည့် မျှော်လင့်ချက်ကြီး ။ တစ်ဖက်နိုင်ငံ သို့ ရောက်လျှင် ကျွန်တော် ဟု ခပ်တည်တည်ပင် တွေးကြည့်မိသည် ။ ထို့အတူ ကြောက်စိတ်များ လည်း လှည့်ဝင်လာ၏ ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ အခိုင်မာဆုံးသော ဆုံးဖြတ်ချက် ကို တော့ ပြင်၍ မရတော့ ။

ကျွန်တော့် မှာ သာ ငွေ ထောင်ဂဏန်း မျှ ရှိနေလျှင် ဒီလို ဒုက္ခခံပြီး ခဲကူလီ သယ်သွားရန် မလို ။ အဖေ က နောက်တစ်ပတ်လောက် မှ သွားပါ ဟု ရန်ကုန် မှာ တားခဲ့သည် ကို နောင်တ ရခဲ့သည် ။ ကျွန်တော် ထွက်လာချိန် က လက် ထဲတွင် ငွေခုနစ်ရာ သာ ပါလာ၏ ။ ကံဘောက်ရွာ ရောက် တော့ နှစ်ဆယ် သာ ကျန်သည် ။ ရန်ကုန် မှ သုံးရက် ခရီးသည် သည်မျှ သာ ကျန်ပါမည်။ ကံဘောက်ရွာ မှာ သုံးရက်လောက် နေစဉ် သန့်စင် ပြန် ရောက်လာ သဖြင့် ခရီး ထွက်ရန် ပို မြန်သွားသည် ။ ခက်တာက ကျွန်တော့် မှာ ငွေ မရှိတော့။ နောက်ဆုံး ခဲကူလီ လုပ်ကာ ခရီး စရိတ် ရှာရပြီ ။

တောနင်း ၊ တောင်ဖြတ် ၊ လျှိုပတ်သည့် မင်းမှုထမ်း မဟုတ် ။ ဘဝအမှု ကို ထမ်းဖို့ သက်သက်ပင် ။ တစ်ခါ တစ်ရံ ၌ အားနာခြင်း သည် လည်း လောကဓံဖြစ်သွားသည် ။ သည်းမခံခြင်း သည် လည်း လောကဓံ ဖြစ် သွားတတ်သည် ။ အားနာတာ က ကျွန်တော် ခရီး မထွက်မီ ရည်းစားလေး က ဆွဲကြိုး ရောင်းပေးပါမည် ဆိုသည် ကို အားနာ ၍ မယူရက်။ အဖေ က ရှေ့တစ်ပတ် တွင် ပိုက်ဆံရမည် ဆိုသည် ကို စောင့်မျှော်ရန် သည်း မခံခဲ့သဖြင့် ယခု ခရီးစရိတ် အတွက် လောကဓံ ကို ခံပေတော့ ။

ည အိပ်တော့ ပို ဆိုးပြီ ။

ဝါးကပ် ခင်းထားသော တဲ အထက် မှာ ကျောခင်း လိုက်သည် နှင့် ပူခနဲ ဖြစ်သွားသည် ။ ပခုံးသားများ က အထိ မခံ ၊ ကျောပြင် က ကျိန်းစပ် နေသည် ။ ခဲထုပ် ၏ ဝိညာဉ်ငွေ့ က စိတ္တဇ ဖြစ်ပြီး ပါလာဆဲ ။ ခဲထုပ်ကြီး ထမ်း ထားရသည် ဟု ပင် ထင် နေသည် ။ ပခုံးနှစ်ဖက် ကို သနားစိတ်ဖြင့် ကျွန်တော့် ဘာသာ စမ်းမိသည် ။ ကျွန်တော် ဟာ အင်မတန် ပြင်းထန် လှစွာသော လောကဓံ ကို ခံလိုက်ရသည့် နှယ် နာကြည်းစိတ် ဝင်လာမိ၏ ။

“ ထဦး ကောင်လေး ဒါလေး သောက်ပြီးမှ အိပ်လိုက် ”

“ ဘာလဲ ဦးလေး အရက်လား ” 

“ ကရင်ချက်အရက်ပါကွာ။ အကိုက်အခဲ ပြေအောင်လို့ ” 

စကား နည်းသော ကျွန်တော် ၏ ဦးလေး က ကျည်တောက်ပိုင်း ဖြင့် ထည့်ထားသော အရက်ခွက် ကို ချပေး သွားသည် ။ မိုး က ရွာ ကောင်းဆဲ ။ တစ်သက်လုံး များ ရွာတော့မှာ လား မသိ ။ မိုးလင်း မှ တိတ်လျှင် လည်း တိတ်သွားခဲ့မှာ ပဲ ဟု တွေးရင်း ကျည်တောက် ကို အသာ နမ်း ကြည့်သည် ။ အနံ့ က သင်း ၏ ။ တစ်တို့ လောက် တို့ ကြည့်တော့ ပူရှိန်းရှိန်း အရသာ တွေ့သည် ။

“ ချလိုက် ကိုထွေး မကုန်ရင် ကျွန်တော့်ကို ပေး ” 

ငေါက်ခနဲ ထလာသော သန့်စင် ကို ကျည်တောက် ပေးလိုက်၏ ။

“ သောက်ဦးလေ ဒါမှ အိပ်ပျော်မှာ ”

ကျွန်တော် သောက် လိုက်တော့ မွှန်ထူ သွားသော လည်ချောင်း တစ်ဝိုက် ၊ နှာခေါင်း ၊ လျှာဖျား ၊ ဦးခေါင်း ပြီးတော့မှ ကန်ထွက် လာသော လေပူ များ ။ ပြင်းလိုက်တဲ့ ကရင်ချက်အရက်ပါလား ။ ကျန် အရက် ကို ကျည်တောက် မှ စောင်းငဲ့ ကြည့်ရင်း သန့်စင် ဆွဲယူကာ ထသွားသည် ။ ဦးလေး တို့ ဝိုင်းဘေး မှာ ချထားသော အင်တုံမြေခွက် ထဲမှာ အရက် ရှိနေသည် ကိုး ။

“ ချဦးမလား ကိုထွေး အိပ်ပျော်အောင်လို့ ” 

ပြောရင်းလက်စ နှင့် သန့်စင် က ခပ်ကြမ်းကြမ်း မော့သောက်လိုက်သည် ။ ပါးစပ် ကို စေ့ရင်း စုတ်တစ်ချက် သပ်လိုက်ပုံက အရက် ကို ချီးမွမ်းလိုက်သလိုမျိုး။

“ ဟို ရောက်ရင် ပင်ပန်းမယ် နော် ကိုထွေး ။ ကျွန်တော် နဲ့ အတူ ပန်းရံ လုပ်ရမှာ ။ တစ်လလောက် လုပ်ပြီးရင် တခြား နေရာ ပြောင်းမယ် ။ တစ်လ အတွင်း မှာ ပန်းရန် အချော ကိုင်တတ်အောင် သင်ပေါ့ ။ နောက်လိုက် လုပ်ရ တာ ဝင်ငွေ နည်းတယ်ဗျ ” 

“ ဘန်ကောက် မှာ ပဲလား ” 

“ ဟုတ်တယ် ဟိုရောက်ရင် ကိုထွေး ပျော်မှာ ပါ ”

သူ စကား အဆုံးမှာ ကံဘောက်ရွာ မှ အဒေါ် မှာ လိုက်သည် ကို ကြား ယောင်မိသည် ။ ဆေးလိပ် တစ်လိပ် ကို မြန်မာငွေ ဘယ်လောက် ၊ ရေ တစ်ဘူး ကို ဘယ်လောက် ၊ ဘာလုပ်လုပ် မြန်မာငွေ နဲ့ စဉ်းစားပါ ဟု မှာ လိုက်သည် ။ အကြာကြီး မနေရ ၊ ငွေ စုမိလျှင် မြန်မြန် ပြန်လာရန် ပြီး တော့ မိန်းမ မယူရန်။

“ စိတ်ချပါ ” ဟု ကတိ ရဲရဲကြီး ပေးခဲ့သည် ။ အဒေါ် စကား ကို လိုက်နာသည် ထက် ရည်းစားလေး နှင့် ပေါင်းနိုင်ဖို့ အရေးက ပိုပါသည် ။

•••••   •••••   •••••

❝ မသင်္ကာ နှင့် မသာ ❞

“ အသက် ” 

“ နှစ်ဆယ် ” 

“ အမည် ” 

“ မောင်ထွေး ” 

“ အုပ်စု ”  

“ ဦးတင်အေး ” 

ကျွန်တော့် အဖြေ ဆုံးတော့ ကရင်ဗိုလ် က ကျွန်တော့် ကို စိုက်ကြည့်သည် ။

“ ကျောင်းသားလား ညီလေး ” 

“ မဟုတ်ပါဘူး ခင်ဗျ ၊ အလုပ် သွားလုပ်မလို့ ” 

သူ ခေါင်းညိတ် ပြတော့ အပြင်သို့ ထွက်လာ ဖြစ်သည် ။ စခန်း အဝင် မှာ စိစစ်ခြင်းပင် ။ ကျွန်တော်တို့ ခဲအုပ်စု ခေါင်းဆော င်မှာ ဦးတင်အေး ဖြစ်၍ အုပ်စုအမေး တွင် ဦးတင်အေး ဟု ဖြေရခြင်း ဖြစ်သည် ။ ဘုရားရှေ့ မှာ သာ ရှိခိုးပြီး လိမ်ချင် လိမ်ရဲမည် ။ ကရင်စခန်း မှာ တော့ မလိမ်ဝံ့ ။ သူပုန် ဟူသော စကားတောင် မဟရ ဟု တစ်ဖွဲ့လုံး က သတိ ပေးသည် ။ ပြင်းပြင်းထန်ထန် တားမြစ်သည် ။ ဂုဏ်တော် တစ်ခု လို ရွတ်ဖတ်လာရသည် က “ ကော်သူလေး ” ဟူသော အခေါ်အဝေါ် ။ ကရင်ဘာသာဖြင့် မျိုးချစ်ရဲဘော် ဟု ပြော၏ ။ ဘယ်လိုပဲ အဓိပ္ပာယ် ထွက်ထွက် သည်နယ် တစ်ဝိုက်မှာ တော့ ' ကော်သူလေး ' ဟု သူတို့ ကို ခေါ်ရသည် ။

ထားပါတော့ ကော်သူပဲ လေးလေး။ ကော်သူပဲ ပေါ့ပေါ့ ကျွန်တော့် အတွက် က ဘာလုပ်လုပ် သူတို့ မသင်္ကာ မဖြစ်အောင် နေဖို့ လိုသည် ။ မသင်္ကာ နှင့် မသာ သည် ဤနယ်တွင် နီးကပ် နေ၏ ။ စစ်ဆေးသည် ဆိုရုံဖြင့် မောင်းတင်ပြီးသား ။ မသင်္ကာစရာ တွေ့သည် ( ဘာကို မသင်္ကာ သည် ကို မသိ ၊ မဖော်ပြ ) နှင့် မသာ ဖြစ်သည် က စက္ကန့်ပိုင်း အတွင်း ။

သည် တော့ ရိုကျိုး မှ ။ စကား ရိုကျိုး ၊ အပြုအမူ ရိုကျိုး ၊ စိတ် က ရိုကျိုး ၊ အဓိက အားဖြင့် မျက်လုံး အကြည့်လေး ပါ ရိုကျိုး ထားစမ်း ။ ဟိုဟိုသည်သည် မကြည့် နဲ့ ပြူးပြူးပြာပြာ မနေနဲ့ ။ ရီဝေသလို ခက်ထန်သလို မဖြစ်စေနဲ့ ။

ဂိတ် က စစ်ဆေး ပြီး၍ လွှတ်လိုက်သည် နှင့် ကျွန်တော့် အဖို့ သေဒဏ် မှ လွတ်လာသူ လို ဖြစ်သွား၏ ။ တစ်ဖွဲ့လုံး ကလည်း လူသစ်ဖြ စ်ပြီး ရန်ကုန် မှ လာသော ကျွန်တော့် ကို ထို ဂိတ်မှ လွှတ်ပေးသည့် အတွက် ဝမ်းသာကြသည် ။ ဦးလေး က အလောတကြီး မေး၏ ။

“ ဘာတွေမေးလဲ ကောင်လေး ” 

“ ဦးလေးအုပ်စု က လို့ ပြောတော့ ဘာမှ မမေးတော့ဘူး။ ကျောင်းသားလား တဲ့  ၊ ကျွန်တော် က မဟုတ်ဘူး  ၊ အလုပ် သွားလုပ်မှာ လို့ ပြော လိုက်တယ် ” 

“ တော်သေးတာပေါ့ ”

သက်ပြင်းချရင်း ပြောလာသည့် ဦးလေး ၏ စကား ကို ကျွန်တော် ရိပ် မိသည် ။ တော်သေးတာပေါ့ ၊ တကယ်ကို တော်သေးတာပေါ့ ။ သုံးရက် နီးပါး ခဲထမ်းရင်း လိုက်လာခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများ လည်း ပျောက်ပြီ ။ အထူးသဖြင့် ရန်ကုန် မှ လာသော ကျွန်တော့် အား ဤ ဂိတ်မှ ချောချောမောမော ခွင့်ပြုလိုက်ခြင်းသည် ပထမ အောင်မြင်မှု တစ်ရပ် ဖြစ်တော့သည် ။

•••••   •••••   •••••

❝ နတ်အိမ်တောင် ❞

တစ်ဖက် နိုင်ငံရဲ့ နယ်စပ်မြို့ ။ သူတို့ နိုင်ငံ က ‘ အိတောင် ’ ဟု ခေါ်သည့် အများစု နေထိုင်သည့် လူမျိုးများ မှာ ထိုင်းလူမျိုး ၊ တရုတ်နွယ်ဖွားများ ၊ အခြေခံအလုပ်သမား အများ စုမှာ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် မှ လာကြသော ထားဝယ် ၊ ကရင် နှင့် မွန်တို့ သာ ။ နတ်အိမ်တောင် သည် တစိမ့်စိမ့် တိုက်ခတ် နေသော ချမ်းအေးသည့် လေစိမ်းများ ၊ ထိုင်း ပစ္စည်းမျိုးစုံ နှင့် ခဲမှိုင်း အလုပ်သမားများ ပေါများ သည့် ကျောက်တောင် မြို့ငယ်လေး တစ်မြို့ ဖြစ်သည် ။ ထိုနယ်စပ် မှ ထိုင်းနိုင်ငံ ၏ ပြည်နယ်မြို့ ဖြစ်သည့် ‘ ကန်ချနပူရီ ’ သို့ ကားလမ်းများ ဖြင့် သွားနိုင်သည် ။ လမ်း တွင် ‘ ထပ်ဓနု ’ မြို့ငယ်လေး ရှိသည် ။ ဗမာ ၊ ထားဝယ် ၊ ကရင် ၊ မွန်တို့ အများအပြား လုပ်ကိုင် စားသောက်ကြသည် ။

“ ဟိုရောက်ရင် ကိုယ့် ကိုယ်ကိုယ် ထိန်းကြနော် မင်းတို့ ”

ဦးလေး က ဆုံးမစကား ကို ဤမျှသာ ပြော၍ ဘတ်ငါးရာတန်တစ်ရွက် ကို ထုတ်ပေးသည် ။ သန့်စင် နှင့် ကျွန်တော် နှစ်ဦးစလုံး ဦးလေး ကို လက်အုပ်ချီကန်တော့ခဲ့သည် ။ ထို့နောက် ကားလမ်း အတိုင်း လျှောက် လာဖြစ်သည် ။ နတ်အိမ်တောင်ဈေး နှင့် ရေပူပန်းခြံ က ဆယ်မိနစ် လမ်းလျှောက်ရ၏ ။ လမ်းလျှောက်ရင်း သန့်စင် က သူ့ အဖေ အကြောင်း ပြောပြသည် ။

“ အဖေ က စကား နည်းတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက် က ဒီ ခဲလုပ်ငန်း ကို ကျွန်တော် လုပ်ဖူးတယ်။ ပိုက်ဆံ ရပေမယ့် ဘာမှ အဖတ် မတင်ဘူး။ ပြီးတော့ ခေါင်းပုံဖြတ် ခံရသေးတယ် ”

“ မြတ်တယ်ဆို ”

ကျွန်တော့် ကို အဖြေ မပေးသေးဘဲ သန့်စင် က စီးကရက် တစ်လိပ် မီး ညှိကာ ဆေးလိပ်ဘူး ကို ကမ်းပေးသည် ။ ကျွန်တော် ငြင်းလိုက်တော့

“ မသောက်တာ ကောင်းတယ် ။ ခဲက မြတ်တော့ မြတ်ပါတယ် ။ ကျွန်တော်တို့ အခု လမ်း မှာ လှည့်ကင်း နဲ့ မတိုးတဲ့ အတွက် နှစ်သောင်းတော့ ကျန်မှာ ပဲ။ ထက်ဝက် မြတ်တယ်လို့ ပြောရမှာပေါ့ ။ ဒါပေမဲ့ အဖေ့ ကို ဆက် မလုပ်စေချင်ဘူး ”

တောင်ကြောကွေ့ တစ်ခု တွင် နောက် မှ မောင်းလာသည့် ဟိုင်းလတ်ကား ကို လမ်းဖယ် ပေးလိုက်သည် ။ ကားမောင်းသွားသူ ကို မြင်တော့ သန့်စင် က ပြောပြသည် ။

“ အဲဒါ ရေပူပန်းခြံသူဌေး ရဲ့ ညီ။ ဒီ နယ်မှာ တော့ သူတို့ အချမ်းသာဆုံး ပဲ။ ဒီနယ်က တောင်တွေ ၊ မိုင်းတွေ ၊ ကားတွေ အကုန် ဝယ်ထားတာ။ ပြီးတော့ ပန်း စိုက်တယ် ”

“ ဒီမှာ ခဲသမားတွေ များ တယ်နော် ”

“ ဒါ နည်းသွားတာ ကိုထွေး ။ လွန်ခဲ့တဲ့ သုံးနှစ် က မြင်ရင် ကိုထွေး အံ့ဩသွားမယ်။ ကျွန်တော်တို့ ဒုတိယ နေ့ ညက ညအိပ်တဲ့ ကရင်ချောင်း ကနေ နတ်အိတ်တောင် အထိ နေ့နေ့ညည ပွဲတော် လိုပဲ။ ခဲသမားတွေ ဝက် ၊ ကျွဲ နွား လာ တက်ရောင်းသူတွေ နည်းတာ မှ မဟုတ်ဘဲ။ လုပ်စားလို့ လည်း ခေတ်ကောင်းတာကိုး ။ အဲဒီတုန်းက ကံဘောက် မှာ ခဲ က တရားဝင် သယ်လို့ ရတယ် ၊ ဒီမှာ လည်း ခဲမိုင်းတွေ ရှိတယ်။ ဟိုမှာ တွေ့လား ”

ကျောက်တောင်နိမ့်နိမ့် နှစ်ခု ကြား မှာ ရေစင်ဟောင်းကြီး နှင့် ပိတ် ထားသော တစ်ထပ်အိမ်လုံးလေးများ ကို လက်ညှိုးထိုး ပြသည် ။

“ အဲဒါ ခိုးစားမှိုင်းလို့ ခေါ်တယ်။ ခဲ အထွက်ဆုံး မိုင်း ပေါ့။ အခုတော့ ခဲ ပိတ်သွားပြီ။ မိုင်းတွေ တော်တော် များများ အရှုံး ပေါ်လာတယ်။ ခဲ မထွက်တာ ကြာပြီ။ အဲဒါကြောင့် နတ်အိမ်တောင် ခေတ် ပျက်သွားတာ ”

“ ခဲတူးတာ တော်တော် ရမယ် ထင်တယ်နော် ”

“ ခဲ တကယ် ထွက်ရင် မိန်းကလေး တစ်ယောက်ရဲ့ ပုံမှန်တစ်လ လုပ်အားခဟာ ရွှေမတ်ဝက်တော့ရတယ် ကိုထွေး ။ ခဲဆေး ထားတဲ့ အမှိုက် ဗျောတွေ သွားခပ်ပြီး ပြန် ကျင်လို့ ရတဲ့ ဝင်ငွေ ကို ပြောတာ ။ တကယ် ခဲရ လို့ ချမ်းသာသွားသူတွေ အများကြီး ပဲ။ ဒေါ်အုံးမြ တို့ ခဲအောင်သွားတာ ကိုထွေး ကြားဖူးမှာ ပေါ့ ”

ခဲအဖွဲ့ မှ ပိုင်ရှင်ဖြစ်သူ သန့်စင် ၏ အဖေ အောက်၌ ညီမ တစ်ဦး ရှိသည် ။ ကျွန်တော့် အား ရန်ကုန်သို့ စာရေး ၍ လှမ်းခေါ်သည့် အဒေါ် ဖြစ်သည် ။ သူတို့ ခဲ အောင်စဉ်က စိန် ကို နို့ဆီခွက် နှင့် ပြည့်သည် အထိ ချမ်းသာဖူးသည် ဟု အဖေ က ပြောပြခဲ့ဖူးသည် ။

“ မင်းတို့ အဲဒီတုန်းက ဘာလုပ်နေလဲ ”

“ ကျွန်တော်တို့ က ငယ်သေးတယ်လေ။ ဈေး လာရောင်းလိုက် ၊ နီဒေါင်ဆွဲ ( ဖဲရိုက်ခြင်း ) လျှောက်လည် ၊ ရုံးတွေတက် ၊ အရင်းလည်း ကုန်ရော ထိုင်းပစ္စည်းတွေ ကယ်ရီ သယ်ပြီး ပြန်ဆင်းတယ် ၊ အဲဒီတုန်းက ဘယ်တော့ မှ ဒုက္ခရောက်မယ်လို့ မထင်ခဲ့ဘဲဟာ ”

ကျွန်တော် ရယ်မိသည် ။

“ တကယ် ပြောတာ ကိုထွေး ။ ဒီလိုပဲ ၁၅ ရက် စာ လစာ ထုတ်ရင် ဘတ် ထောင်ကျော်ရတာ သုံးရက် တောင် မခံဘူး ။ ဘာမှလည်း အဖတ်မတင် ပါဘူး ”

လက်ရှိ အချိန်မှာ သန့်စင် ဝင်ငွေနှုန်းဟာ အားကျစရာ။ သန့်စင် အလုပ်ကောင်းသည့် သတင်း မှာ တစ်နှစ် ကျော်ခဲ့ပြီ ။ ပန်းရန် အချောကိုင် အဖြစ်နှင့် တစ်နေ့ ဘတ် ၁၃၀ ရသည် ။ အချိန်ပို ရှိလျှင်လည်း ပိုရသည် ။ ဒါပေမဲ့ ငွေ စုတာ ကို သူ ဝါသနာ မပါ ။

ကျွန်တော် တော့ ဒီလို မဖြစ်စေရ ။ ဒီလိုများ ၆ လ တောင် အခွင့်အရေး ရခဲ့လျှင် ။

ကျွန်တော်တို့ ရေပူမှာ တစ်ည အိပ်ခဲ့ကြသည် ။

•••••   •••••   •••••

“ ဆက် မသွားကြနဲ့ ဟေ့ လမ်း မှာ အရမ်း ဖမ်းနေတယ် ။ နှစ်ရက် သုံးရက် နေလိုက်ဦး ”

ထပ်ဓနုမြို့ ရောက်တော့ အသိ အိမ်မှာ ဝင် နားရင်း လမ်းသတင်း စုံစမ်းသည် ။ နတ်အိမ်တောင် မှာ ကြားခဲ့ရသည့် အတိုင်းပင် ဖြစ်သည် ။ နတ်အိမ်တောင် မှ ကားကြုံဖြင့် လိုက်လာချိန် တွင် ထပ်ဓနု ရောက်တော့ ကားဆရာ က ရှေ့ဆက် မခေါ်သွားရဲတော့ ။ ဆက် မသွားကြဖို့ လည်း တားသည် ။ သန့်စင် က လက်မခံ။ အခုလည်း လက်မခံ။

“ ဘယ်တုန်းက လွှတ်ပေးတာ ရှိလဲဗျာ ။ တရားမဝင် ခိုးဝင်ပါတယ် ဆို မှ တော့ ဖမ်းနေမှာ ပဲ ။ ဖမ်းကာ မှ ဖမ်း သွားရမှာ ပဲ ။ မနက်ဖြန် လုပ်အားခ ရှင်းပေးမှာ ။ မမီရင် လကုန် မှ ရတော့မယ် ။ ကျွန်တော် တော့ သွား မှာပဲ ”

သန့်စင် က လစာထုတ်ရက် ကို မှန်းဆပြီး သွားချင်သည် ။ မြန်မာပြည် မှာ သူ နေခဲ့တာ လေးရက် ။ သူတို့ အလုပ် က လဆန်းငါးရက် နှင့် နှစ်ဆယ်ရက်နေ့တိုင်း လစာ ရှင်းပေးသည် ။ ရှင်းပေးသည့် ရက် ကို မီမှ လည်း သုံးဖို့ စွဲဖို့ အဆင်ပြေမည်။ စားဖို့ အတွက် ကိစ္စ မရှိပေမယ့် လက် ထဲမှာ ငွေ မရှိလျှင် နောက်ထပ် ဆယ့်ငါးရက် တောင် စောင့်ရမှာ ကို သူ စိုးရိမ်သည် ။ ဘာပဲဖြစ်ဖြစ် သူ က ဆရာ ။ ကျွန်တော် က တပည့် ။ သူ က သွားမည် ဆိုလျှင် သွားဖို့ ပြင်ရုံပဲ။

ကား ထွက်သည် နှင့် ရှေ့ တစ်မြို့မှာ နောက်ထပ် ကားပြောင်းစီးရမည် ဟု သန့်စင် က ရှင်းပြသည် ။ ဘန်ကောက် သို့ ညနေဘက် ရောက်မည်တဲ့ ။ အဝေးပြေးကားများ က ကိုယ့် တိုင်းပြည်မှ ကားမျိုး လိုပါပဲ။ သိပ် အထူးခြားကြီးတော့ မဟုတ် ။ ထိုင်းလူမျိုးများ ၏ ပုံသဏ္ဌာန် မှာ ရှမ်းပြည်နယ် မှ ရှမ်းလူမျိုးစုများ နှင့် ဆင်တူသည် ။ နေထိုင်စားသောက်ပုံ မှာ အဆင့် မနိမ့်လှ ။ မြို့နယ်လေး ဖြစ်ပေမယ့် ဝတ်စားဆင်ယင်မှု ကို ဂရုစိုက်ကြသည် ။

“ ဒီ ကားတွေ က ရိုးရိုးကားတွေ။ အဲလ် ( အဲယားကွန်း ) တပ်ထားတဲ့ ကားကြီးတွေ က ပို ဈေးကြီးတယ်ဗျ ။ လက်မှတ် လည်း ဆိုင်ကယ်သမား နဲ့ တစ်ဆင့် ဝယ်ခိုင်း မှ ရတယ် ”

“ ဟုတ်လား ။ အခု ဒီမှာ မြန်မာတွေ နေနေတာ ရဲမဖမ်းဘူးလား ”  

“ ဘယ် ဖမ်းမလဲ။ သူတို့ လုပ်အားပေး ခေါ်ရင် လိုက် လုပ်ပေးနေတာ ကိုး ။ ရန်တွေ ဘာတွေ ဖြစ်ရင်တော့ အိမ်ပြန် ခိုင်းတယ် ”

“ ဘာလုပ်စားကြလဲ ”

“ အစုံပဲ ပန်းရန် ၊ လက်သမား ၊ မျှစ်ရှာ ၊ ဝါးခုတ် ၊ မိန်းကလေးတွေ က ဈေးဆိုင်တွေ မှာ လုပ်တယ်။ မြို့ ကြီး ထက်တော့ ဝင်ငွေ နည်းတယ်။ ဒါပေမဲ့ အန္တရာယ် မရှိဘူး။ မြန်မာများ တော့ လုပ်စားလို့ ကောင်းတာပေါ့ ”

မြန်မာတွေများ သည် မှာ အမှန်။ ကျွန်တော်တို့ ခဏ ဝင်နားသည့် လမ်းနာမည် ကိုပင် ' ခိုင်စံပယ်လမ်း ' ဟု ခေါ်ကြသည် ။ ဟိုဘက်မှာ ' ငုဝါ လမ်း ' ၊ 'ထားဝယ်စု ' ၊ ' မွန်စု ' ဟူ၍ ရှိသေးသည် ။ လုပ်အားခ လွန်စွာမှ သ က်သာသော မွန် ၊ ကရင် ၊ ထားဝယ် တို့ အား ထိုင်းသူဌေးများ ၏ ထောက်ခံချက်ဖြင့် နေခွင့်ပြုထားခြင်းဖြစ်သည် ။ ခိုင်းလို့ လည်း ကောင်းသည် မဟုတ်လား ။ လစာ ပေးရတာ သက်သာလွန်းသည့် ပြင် လုပ်အားပေး ခေါ် ရင်လည်း လွယ်ကူ သဖြင့် ဒေသခံအာဏာပိုင်များ ရော သူဌေးများ ကပါ လက်သင့်ခံထားကြခြင်းဖြစ်သည် ။

နတ်အိမ်တောင် ဘက်မှာ ခဲမိုင်းများ ပျက်သဖြင့် လူအများစု က ' ထပ်ဓနု ' မြို့သို့ တိုးဝင် လာကြခြင်းဖြစ်သည် ။ မြန်မာအလုပ်သမားတွေ များ လာလေ ထိုင်းလုပ်ငန်းရှင်များ ချမ်းသာလေ ဖြစ်ကြောင်း သန့်စင် က ရှင်းပြသည် ။

“ ဒီမှာ ယောက်ျားလေးတွေ အဓိက လုပ်တာ သစ်ခုတ်တာ နဲ့ ပလောပီနံဥ လုပ်တာ နှစ်ခုပဲ ရှိတယ်။ သစ် ကတော့ မိရင် ထောင်ချတယ်။ ပလောပီနံ က ပြဿနာ မရှိဘူး။ လစာတော့ နည်းတယ် ”

သူ က ‘ ခင် ’ ကို ဒီကိစ္စ မလွဲမသွေ ဖွင့်ဟပြောမှ ဖြစ်တော့မည်။

ကားတစ်ဆင့် ပြောင်းစီးချိန်မှာ သန့်စင် က စကား မပြောတော့ရန် သတိပေးသည် ။

ကန်ချနပူရီ မှ ဘန်ကောက်မြို့ သို့ သွားသော ကားကို စီးကြပြီ ။

“ ကိုထွေး ဣန္ဒြေရရ နေနော် ။ စကား လုံးဝ မပြောရ ”  

“ ငါ လူချင်း ခွဲထိုင်ပေးမယ် ”

လမ်း မှာ ကျွန်တော် ကြားခဲ့ဖူးသည် ကို တွေးမိရင်း လူချင်း ခွဲထိုင်ရန် ကျွန်တော် ပြောသဖြင့် သန့်စင် က အားနာစွာ ခေါင်းညိတ်သည် ။ ကိစ္စ မရှိ ။ မြန်မာ နှစ်ယောက် ယှဉ်ထိုင် နေလျှင် ပို သိသာသဖြင့် ခွဲ ထိုင်ရန် ကျွန်တော် ဆုံးဖြတ်ခြင်း ဖြစ်သည် ။ သန့်စင် နှင့် နှစ်ခုံကျော် မှာ ဝင်ထိုင် လိုက်၏ ။ ကား လည်း စ ထွက်ခဲ့ပြီ။

တစ်ဖက် ခြောက်လမ်းသွား လမ်းမကြီးများ ဖြင့် ကြီးကြီးကျယ်ကျယ် ဖောက်လုပ်ထားသော အဝေးပြေး လမ်းမကြီး ပေါ်တွင် ကားကြီး ၊ ကားငယ်များ ဖြတ်သန်း သွားလာနေကြသည် ။ လမ်းဘေးနှစ်ဖက် မှာ တော့ ကြံခင်းများ ၊ ပြောင်းခင်းများ နှင့် ဂျုံခင်းများ ကို မျက်စိ တဆုံး တွေ့နေရ ပြီး တစ်ခါတစ်ရံ ရွာများ ကို တွေ့ရ၏ ။ အထူးသဖြင့် အဝေးပြေး လမ်းမကြီးများ ပေါ်ရှိ ဓာတ်ဆီဆိုင်များ မှာ နိုင်ငံခြားရုပ်ရှင်ကားများ မှ ပုံစံအတိုင်းပင် ဖြစ်သည် ။

လမ်းဘေး ဝဲယာ သို့ ကြည့်နေ မြင်နေရပေမယ့် စိတ် က စိုးတထိတ်ထိတ် ဖြစ်နေမိ၏။ စီမံချက် ရှိသည် တဲ့ ။ မတွေး ဖြစ်အောင် အာရုံပြောင်း ထားသော်ငြား စိတ် က ပြန်ပြန် တွေးနေမိသည် ။ လမ်းဘေး မှာ ဂိတ်များ ၊ ပုလိပ် စခန်းငယ်များ ကို မကြာခဏ မြင်နေရသဖြင့် ပို၍ စိတ်လှုပ်ရှားရသည် ။ မျက်လုံးမှိတ် ကာ ဘုရားစာ ရွတ်ပြန်တော့ လည်း ကြာကြာ မရွတ်နိုင်။ ဤသို့ဖြင့် နာမည်ကျော် ' ဝမ်းဖိုးဂိတ် ' သို့ ရောက်ခဲ့ပါပြီ ။ ဤ စစ်ဆေးရေးဂိတ် သည် နာမည်ကျော်ဂိတ် ဖြစ်သည် ဟု ထပ်ဓနု မှ ပင် ကြားဖူးနားဝ ရှိထားပြီး ဖြစ်သည် ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment