Wednesday, April 16, 2025

သမီးကညာ ဝတ္ထု


 

❝ သမီးကညာ ဝတ္ထု ❞

( ပန်းမန်ပွင့် ကောင်း မလင့်ကောင်း ) ( သမီးကညာ ရတနာ အခါဖင့် နှောင်း မလင့်ကောင်း ) ဆိုသည့် စကားအတိုင်း ပန်းပွင့်ပန်းကောင်းများ ကို လည်း အခါ နှောင်းအောင် ဆိုင်းလင့်ဖင့်နွှဲကာ မထားကောင်းဘူး ။ သမီးကညာ ရတနာများ ကိုလည်း အချိန်အရွယ် နှင့် တင့်တယ်တုန်း အခါတွင် ဆိုင်း ၍ အပျိုဟိုင်းကြီး ဖြစ်အောင် မထားကောင်းဘူး တဲ့ ။ ( ပန်းကောင်းပန်းမွန်  ၊ အချိန်လွန်သော် ၊ စွန့်သွန် ပန်းမှိုက် ၊ မနှစ်ခြိုက် ) ။ သမီးကညာ ၊ ရတနာမွန် အချိန် လွန်သော် မစွန်လူဝယ် ၊ လွှဲဖယ် ငြင်းဆန် ဖိုးမတန် ဆိုသည့် အတိုင်း ပန်းများဟာ ဘယ်မျှပင် ကောင်းစေကာမူ အချိန် လွန်၍ ဟောင်းနွမ်းသွေ့ခြောက်သော အခါ ပန်းမှိုက် ဖြစ်၍ စွန့်သွန်လွှင့်ပစ် ရတာပဲ ... ။

“ အမယ်လေး ဒီနေ့ စာတွေပေတွေနဲ့ ၊ ဘာများ စိတ်ကူးယဉ် နေပါလိမ့်မလဲ ”

“ ဒီလိုပါ မောင်ရဲ့ ၊ မိန်းမကလေးများ ဟာ လှေကား အလယ်ထစ် မှာ ရပ် တည် နေရသလိုပဲ ဆင်း လျှင်လည်း ဆင်း ၊ တက် လျှင်လည်း တက် အကြောင်း နှစ်ဖက် ညှပ်နေပါတယ် ... ”

“ အိုကွယ် စကားတွေ ကလည်း ရှည်လိုက်တာ ။ မင်း ပြောချင်တာကို သိပါပြီ ။ သမီးကလေး ကို နေရာ ချချင်လို့ မဟုတ်လား ။ အရွယ် လည်း ငယ်ပါသေး တယ် ၊ တော်တန်တဲ့ ယောက်ျားကလေး ကို လည်း မမြင်သေးဘူး ။ ဒါကြောင့် သမီးကလေး ကို အလှမွေးပြီး ကြည့်နေဖို့ပဲ သဘောထား နေသေးတယ် ”

( ကတော် ) “ ငယ်တော့ မငယ်ဘူးရှင့် ။ ယခု အရွယ် က နေရာ မချလျှင် နောင်ခါကျ တော့ မိဘ အပြစ် မကင်းပဲ ရှိလိမ့်မယ် ။ စဉ်းစားစမ်းပါ ။ ရှင် က ရာထူး လက်ရှိ နဲ့ ဆိုတော့ အလိုလို ဂုဏ်ရှိပြီး သမီးကလေး က လည်း အသွေးအရောင် နှင့် ဖြစ်ပြန်တော့ ပြောစရာ မရှိဘူး ။ ယခုလို အကြောင်းမျိုးစုံပြီး ဂုဏ်ရှိတဲ့ အခါမှာ လိုရာကို ရွေး၍ အညွန့်အဖူး ကို ခူး ယူနိုင်ပါတယ် ။ ရှင် က အလုပ် ထွက်လို့ ပင်စင် ယူတဲ့ အခါ ယခုလို ဂုဏ်ရှိတော့ မှာ မဟုတ်ဘူး ။ ငုတ်တုတ်ကြီး ကျန်နေရစ်မှာ ကို ကျွန်မ က အလွန် စိုးရိမ်ပါတယ် ။ စိတ် လည်း မဆိုးပါနဲ့နော် ။ တကယ်လို့များ ( ဖွဟဲ့ လွဲပါစေ ၊ ဖယ်ပါစေ ) အသက်သွေးခဲ အမြဲ မရှိ ဆိုသလို ရှ င်က ဖြစ်စေ ၊ ကျွန်မ က ဖြစ်စေ မျက်စိမှိတ် သွားလို့ လူကြီး အရိပ်များ ကွယ်သွား လျှင် ... ”

( စကား မဆုံးခင် ဝန်ထောက်ကြီး က ) “ အို သည်ကောင်မကြီး ဟာ နိမိတ် မရှိတဲ့ စကား ကို သာ လျှောက်လျှောက် ပြောနေတယ် ။ ကဲကွယ် မင်း သဘောကျတဲ့ လူ ကို ညွှန်ပြစမ်းပါ ”

( ကတော် ) “ သည်လိုရှင့် ။ ရှင် လည်း သိပါလိမ့်မယ် ။ ရာဇဝတ်ဝန်ထောက် ဦးရို ရဲ့ သားကလေး မောင်လွင် ဆိုတဲ့ သူဟာ ယခုနှစ် ဘီအေ မှာ အော်နာ နဲ့ ပထမတန်း က အောင်လာတယ် ။ လိမ် လည်း လိမ္မာ ၊ ရုပ်ရည် က လည်း ချော ။ သူ့ မိဘ က လည်း ဥစ္စာပေါ လို့ ကျွန်မ ဖြင့် သဘော တူတာပဲ ”

( ဝန်ထောက်ကြီး က ရယ်ပြီး ) “ နေရာ မကျတဲ့ ဟိုဘက် ။ ဆယ်ရက်ခရီး လောက် လွန်သွား သေးတယ် ။ ဝန်ထောက် မောင်ရိုး က ငယ်ငယ်က အလွန် ဆိုးတဲ့ လူဘဲ ။ ကျုပ် နဲ့ ကျောင်းနေဘက် ပါကွယ် ။ လည် လိုက်ပုံများကတော့ ရန်ကုန်မြို့ လမ်းကြိုလမ်းကြား ရှိသမျှ သူ စတည်းချတဲ့ နေရာချည်းပဲ ။ ဘိန်း ရောင်းတဲ့ တရုတ် ၊ အရက်ဆိုင် တည်တဲ့ ကု,လားတွေ ဟာ သူ့ ဆွေညာ တကာချည်းပါပဲ ။ ပညာ ဆိုတာ ဘလာနတ္ထိ ၊ အကျင့်ကောင်း ဆိုတာလည်း နည်းနည်း မှ မရှိဘူး ။ ယခုလို ဝန်ထောက် များ ဖြစ်လာတာ တယ် အံ့ဩစရာ ကောင်းတာပဲ ၊ ငယ်ငယ် က သူ့ အကြောင်းများ သိရလျှင် ယခုထက် ထိ ကြည့်ချင်စရာ တောင် ကောင်းတဲ့ လူ မဟုတ်ဘူး ”

( ကတော် ) “ အို ... မဆိုင်တာတွေ လျှောက် ပြောနေပြန်ပါပြီ ။ ငယ်ရွယ်စဉ် က ဆိုးတာနဲ့ ယခု ဝန်ထောက်ကြီး ဖြစ်လို့ ကောင်းတာနဲ့ ဘာ ဆိုင်သလဲ ။ ရှင်တော့ ကော ငယ်ငယ်က သူတော်ကောင်းလေးလား ။ ဦးရိုး သား မောင်လွင် အကြောင်း ပြောနေတာ ။ အပြစ် မရှာတန်ရာမှာ အပြစ်ရှာ နေလို့ မောင်လွင် လိမ္မာပြီး ပညာတတ် တာ နဲ့ သူ့ ဖခင် ဦးရိုး ငယ်ငယ်က ဆိုးတာ ဘာဆိုင်သလဲရှင့် ”

(ဝ န်ထောက် ) “ မောင်ရိုး ဟာ အခုလည်း ခပ်ဆိုးဆိုးပါပဲကွယ် ၊ ကျုပ်တို့ ချင်းချင်းတော့ အတွင်းသိ တွေပါ ။ ( သည် ပုတ်ထဲက ... သည် ပဲ ) ဆိုတာမို့ သူ့ သား ဟာ လူလိမ္မာ ပညာရှိ ဖြစ်နိုင်ပါ့မလား ”

( ကတော် ) “ ဒါဖြင့် မောင်လွင် ကို ရှင် သဘော မတူဘူးပေါ့ လေ ”

( ဝန်ထောက် ) “ နည်းနည်းလေး မှ သဘော မတူနိုင်ဘူး ”

( ကတော် ) “ သည်လို ကရွတ်ကင်း လျှောက် လိုက်ပြီး အပြ စ်ရှာနေလျှင် သိကြားမင်း တောင် အပြစ် ကင်းမှာ မဟုတ်ဘူး ၊ ဒါဖြင့် ကျွန်မ တစ်ယောက်ကို ပြောစမ်းပါဦးမယ် ။ စစ်ကဲ ဦးကြွယ် ရဲ့ သား မောင်ဖေတင့်ကလေး က လည်း အလွန် သင့်တော်တယ် ထင်တာပဲ ”

( ဝန်ထောက် ) “ ဪ ... ဖေတင့် တဲ့ ။ သည်လို ပလီပလာ နာမည် ကို နားကြားပြင်း ကပ်ပြီး အလွန် ရွံ့တာပဲ ။ ‘ ဖေ ’ ပါတဲ့နာမည် ၊ ‘ ဘ ’ ပါတဲ့ နာမည်များ ကြားတောင် မကြားချင်ဘူး ”

( ကတော် ) “ ဟော နာမည် ကို အပြစ် ရှာပြန်ပြီ ။ အမည် ဆိုတာ သူ့ မိဘ က ခေါ်ချင် တိုင်း ခေါ်တာပေါ့ ။ ဘာ အရေးစိုက်စရာ ရှိသလဲ ”

( ဝန်ထောက် ) “ တန်ပါကွယ် ၊ သည့်ပြင် တစ်ယောက် ရှိလျှင် ပြောပါ ။ သည်နာမည် ကို တော့ မကြားချင်ပါဘူး ။ ယောက္ခမ က ‘ ဖေ ’ တပ် ခေါ်ရမှာ ၊ နေရာ ကျနိုင်ပါ့လား ”

( ကတော် ) “ ကဲ ... ရှင် ရှိပါစေတော့ ။ ဝန်ထောက်ဦးပြူး ရဲ့ သား မောင်ထွန်း တင် တော့ဖြင့် အတော်ဆုံး ထင်တာပဲ ။ ယခု ဘိလပ် က ပညာသင် ပြန်လာလို့ ဝတ်လုံ အတတ် ကို အောင်ခဲ့သတဲ့ ။ ရှင် လည်း သိတယ် မဟုတ်လား ”

( ဝန်ထောက် ) “ သိပါတယ်ကွယ် ။ ထွန်းတင် က တော်ပါရဲ့ ။ သို့သော် သည် ကောင်ကလေး နှင့် ပေးစားလျှင် တစ်မျိုးလုံး မှောက်မှား၍ သားစဉ်မြေးဆက် အမျိုး ပျက်ကုန်တော့မှာပဲ ”

( ကတော် ) “ ဘာကြောင့်လဲ ရှင် ”

( ဝန်ထောက် ) “ သူ့ ဖခင် ဝန်ထောက် မောင်ပြူး ဟာ ခွာမျိုး ထဲ က ဖြစ်တယ် ။ သည် အကြောင်း ကို လူများ မသိကြဘူး ။ ကျုပ် သမီး ကို ခွာမျိုး ထဲ ကို မသွင်းချင်ပါနဲ့ ”

( ကတော် ) “ ဟုတ်မှလည်း ပြောပါရှင် ။ မဟုတ်ပဲ နှင့် အပြစ် ရှာပြီး အမျိုး ကို ထိခိုက်နစ်နာတဲ့ စကား ကို မပြောကောင်းပါဘူး ”

( ဝန်ထောက် ) “ သူတစ်ပါး အပေါ် မှာ နစ်နစ်နာနာ ဘယ်တော့မှ ကျုပ် မပြောချင်ဘူး ။ ကိုယ့် သမီး အရေးမို့ ရွေးချယ်ရလို့ သာ ပြောပါတယ် ။ မမှန်တာ ကို ဉာဏ် ရှာ၍ ကျုပ် ပြောပါ့မလား ”

( ကတော် ) ဆရာဝန်ကြီး ဦးသာတော် ၏ သား မောင်ရွှင် နှင့် ကော သဘော မကျဘူးလား ။ ယခု မြန်မာပြည်မှာ ဘီအေ အောင်လို့ ဘိလပ်မြို့တော် မှာ ဆရာဝန်ကြီး အတတ် အသင် သွားမလို့ဘဲ ။ တစ်နေ့က သူ့ မိခင် မဂွမ်း လာပြီး ပြောရှာတယ် ။ သားကလေး မောင်ရွှင် အသက် ၂၁ နှစ်မှာ ဘီအေပညာ ကို အောင် လာတယ် ။ ဖအေ့ ခြေရာ နင်းတဲ့ သဘော နဲ့ ဘိလပ် သွားပြီး ဆရာဝန် အတတ်ပညာ ကို သင်ယူချင်တယ် ပူဆာတော့ သူ ဖခင် ကလည်း သဘောတူတယ် ၊ မကြာခင် လွှတ်ရတော့မှာပဲ ။ ယခုတော့ စိတ် အလွန် ကောင်းပါရဲ့ ။ ဘိလပ် ကျတော့ သွေး ပြောင်းပြီး ဗိုလ်မကလေး ကို လက်ထပ် လာမှာ စိုးရိမ် နေရပါတယ် ။ ဒါကြောင့် မိတ်ဆွေချင်းချင်း မို့ ပြောရတော့မယ် ။ ဘိလပ် မလွှတ်ခင် တင်မလေး နှင့် များ နေရာ ကျ သွားလျှင် ကောင်းမှာပဲ လို့ စကားကြောင်းလမ်း ရှာတယ် ။ ကျွန်မ ကတော့ စကားတစ်လုံး မှ မဟ လိုက်ပါဘူး ”

( ဝန်ထောက် ) “ မင်း ပြောခဲ့သမျှတွေ ဟာ တစ်ခု မှ နေရာကျတာ မရှိဘူး ။ မောင်ရွှင် ရဲ့ မိခင် မဂွမ်း ဆိုတဲ့ မင်းကတော် ကိုတော့ မျိုးရိုးဇာတိ နှင့် တကွ ကျုပ် ကောင်းကောင်း သိတာကလား ။ မဂွမ်းတို့ အဖေ ဘက်က သမင်ရက် မှ စ၍ ကုဋ္ဌရောဂါ မကင်းဘူး ။ သူတို့ ဘိုးအေကြီး ဟာ ဘာပြောစရာ ရှိသလဲ ။ တစ်ကိုယ်လုံး .... ကဲကွယ် ။ ဒါလောက် ပြောပါရစေတော့ ။ ရောဂါဆိုး ဆိုတာ အမျိုး လိုက်လာတတ် တယ် ။ သမီးချောကလေး မွေးထားပြီး ယောက်ျားသွေး နဲ့ စပ်လို့ ဖြူဖတ်ဖြူရော် နှင့် အကွက်တွေ အပိမ့်တွေ ပေါ်ပြီး မျက်နှာ ပွတတကြီး နှင့် မွေးလာတဲ့ သားဦးတွေပါ ထိခိုက်ကုန်မှာ မစိုးရိမ်ရဘူးလား ။ သည့်ပြင် မျက်မှန်းတန်း နေတဲ့ လူကလေးများ ရှိလျှင် ပြောစမ်းပါဦး ”

( ကတော် ) “ မပြောပါဘူးရှင် ။ ကျောက်ကျော မှာ ရေ မတင်သလို ကျွန်မ စကားကို နားဝင်မှာ မဟုတ်ပါဘူး ။ ပြောသမျှ အချက် ကို ကော်ကော်ပက် နေတာပဲ ”

( ဝန်ထောက် ) “ မင်း ပြောမှာတွေတော့ အကုန် သိပါပြီကွယ် ။ ရန်ကုန် ကောလိပ်ကျောင်း မှာ ပညာ သင်ကြားနေတဲ့ သူငယ်တွေ ရှိသမျှ ဘီအေ အောင်ပြီး ကျောင်း က ထွက်၍ လူပျို အဖြစ်နေတဲ့ သူငယ် မှန်သမျှကို စေ့အောင် မင်း လျှောက် ပြောနေဦးမှာပဲ ။ သမီး ဝေယျာဝစ္စ ကို ဖြင့် လှလှကြီး ဆောင်ရွက်တဲ့ မိခင်မို့ ဝတ္တရား ကျေတယ်လို့ ချီးမွမ်းထိုက်ပါပေတယ် ။ ( သမီး ကောင်းလျက် မိခင် ဖျက် ) ဆိုတာလို ။ မိခင် နှောင့်ယှက်လို့ မပျက်စီးတန်ဘဲ ပျက်စီးတဲ့ သူငယ်ကလေးတွေ ကို လည်း ကျုပ် တွေ့ဖူးတာ အများကြီးပါပဲ ။ အချို့ မိခင်များ လည်း သမီး ကို အလိုလိုက်အား ကြီးလွန်းတာ နဲ့ သမီး ပြောရာ ဩဇာ ကို နာခံပြီး သမီး ကြံသမျှ ကို လိုက်ပါ ။ တစ်ခါ တစ်ခါ သမီး အပြစ် ကို ဖုံး ။ လုံးလုံးကြီး အလိုလိုက် နေလို့ နာမည် မပျက်တန်ဘဲ နှင့် ပျက်ဆီးတဲ့ အမျိုးသမီးကလေး တွေ လည်း အများကြီး ရှိတယ် ။ အမေ လုပ်တဲ့သူ များဟာ ဇစ်တာဘယာ က များပါဘိသ နှင့် မှားချင်လည်း လွယ်လွယ်ကလေး နှင့် မှားသွားတတ်လို့ ကြပ်ကြပ်ကြီး မင်း သတိထားဖို့ ကောင်းတာကလား ”

( ဝန်ထောက်ကတော်ကြီး က သူ ပြောသမျှစကား တစ်လုံးမျှ မစွန်သည် နှင့် စိတ်နှလုံး မသက်သာ ဖြစ်ရသောကြောင့်) “ တန်ပါရှင် ၊ နောက်တစ်ခါ ရှင့်သမီး နှင့် စပ်ပြီး ပါးစပ်တောင် မဟဝံ့ပါဘူး ။ သူ့ ကံနှင့် သူပါပဲ ၊ ဖြစ်ချင်ရာ ဖြစ်ပါစေတော့ ” ဟု ဆိုပြီးလျှင် အနား မှ ထသွားလေ၏ ။

ဝန်ထောက်ကြီး သည် လည်း မိမိ သမီး ကို အရိပ်တကြည့်ကြည့် နှင့် အရွယ်ငယ်ငယ်နှောင်းနှောင်းကလေး ထင်ပြီးလျှင် လက်ထပ်ထိမ်းမြားရန် အတွက် အချိန် မတိုင်သေးဘူး ဟု သဘောထားကာ အမှတ်တမဲ့ နေထိုင်လေ၏ ။ သမီး ဖြစ်သူ တင်မလေး သည် ကား အလွန် စိတ်သဘော ရိုးစွာနှင့် လောကီဓမ္မတာများ ကို တစ်စုံတစ်ရာ နားမလည် သကဲ့သို့ ပိပိရိရိ ဣန္ဒြေရရကလေးသဘော နှင့် နေထိုင် လေရာ မိမိ အသက်အရွယ် ကြီး၍ နေသည် ကို ပင် သတိ မရသကဲ့သို့ ရှိလေ၏ ။

•••••   •••••   •••••

ရာဇဝတ်ဝန်ထောက်ကြီး ဦးစိုး ၏ သားဖြစ်သူ မောင်ဘလွင် သည် ကျောင်း မှာ နေစဉ်ကပင် ဖခင် နှင့် အတူ တင်မလေး အိမ်သို့ သွားရောက်ဖူး လေရာ တင်မလေး ကို မြင်သည် က စ၍ ဖြေဖျောက်၍  မရနိုင်အောင် စွဲလမ်းခြင်း ဖြစ်နေ သဖြင့် ဂုဏ်သရေရှိသူ အခြား မိန်းကလေးများနှင့် စပ်ဟပ်ပါ သော်လည်း ခေါင်းခါ၍ ငြင်းပယ်ကာ နေလေ၏ ။ မိဘများ က မည်သူ့ကို သဘောကျသလဲ ဟု မေးကြရာ ဝန်ထောက် ဦးထွန်းမြတ် ၏ သမီး တင်မလေး ကို မှ သဘောကျကြောင်း ကို ပြောသဖြင့် မောင်ဘလွင် ၏ သမီး ဖြစ်သူ မင်းကတော်ကြီး က သွားရောက်ကာ စကားကြောင်းလမ်း ပြောဆိုပါ သော်လည်း တင်မလေး ၏ ဖခင် ဝန်ထောက်ကြီး က ကာဆီးကာဆီး နှင့် ငြင်းပယ်သောကြောင့် ဆက်ဆံခွင့် မရပဲ ရှိလေရာ မောင်လွင် မှာ ( ယံပိစ္ဆံ နလဘတိ ၊ တံဝိ ဒုက္ခံ ) ဆိုသော အတိုင်း လိုတာ ကို မရသဖြင့် ဒုက္ခမီး နေ့စဉ် ပူလောင်ခြင်း ကိုသာ ခံနေရရှာလေ၏ ။ မိဘများ က မောင်လွင် ကို ဘိလပ် သို့ သွား၍ ပညာများ တိုးတက် အောင် သင်ကြားရန် တိုက်တွန်းကြပါသော်လည်း တင်မလေး ကို မရသည့် အတွက် စိတ်ထက်သန်ခြင်း မရှိဘဲ သည် ဘဝမှာ ဖြစ်သမျှနှင့် ရှိစေတော့ ၊ ပညာ ကို များစွာပင် သင်ကြားတတ်မြောက်ပါသော်လည်း မိမိ နှစ်သက်လောက်တဲ့ ချစ်သူ ကို မရဘဲ သည် တစ်ဘဝ မှာ ပညာ ကို အပင်ပန်းခံ၍ သင်ကြားရတဲ့ အကျိုး နပ်နိုင်ပါ ဦးမလား ။ ကိုယ် ချစ်ကိုတော့ ကိုယ့် ပညာ နှင့် ရင်းနှီးပြီး အပန်းတကြီး လုပ်ကိုင်၍ ကျွေးနိုင်တယ် ။ ချစ်သူ ကို ကျွေးမွေးရမှ သဒ္ဓါတယ် ၊ မချစ်တဲ့သူ ကိုတော့ ကြည်ကြည်ဖြူဖြူ ကျွေးမွေး နိုင်ပါ့မလား ။ အကြံတစ်မျိုး ပေါက်ပြီး လျှင် ဘိလပ် သွားရန် ငြင်းဆန်၍ နေသည့် ကပင် မြို့နယ် အလုပ်ကို လုပ်ကိုင်ရန် တိုက်တွန်းပါ သော်လည်း မလုပ်ချင်သော အမူအရာ ကိုသာ ဖော်ပြ၍ နေလေ၏ ။ တင်မလေး အပေါ်၌ စွဲလမ်းသော စိတ်သည် အလွန် ခိုင်မြဲလှသဖြင့် အခြားသော အာရုံ ထဲ သို့ ဆွဲ၍ ပြောင်းရွှေ့နိုင်ရန် လွန်စွာ ခဲယဉ်း လေသည် ။ သို့ရာတွင် ဖခင် ရာဇဝတ်ဝန်ထောက်ကြီး က အတန်တန် နှိုးဆော် တိုက်တွန်းသည့် ပြင် မြို့အုပ်ရာထူး ကို ရအောင် ကြံဆောင်အားထုတ်ပေးသည် နှင့် ဂေဇက် တွင် ပါလာသောအခါ မောင်လွင် သည် မြို့အုပ် အလုပ်နှင့် စစ်ကိုင်းမြို့ သို့ သွားရောက် လုပ်ကိုင်ရလေ၏ ။ သို့ပင် လုပ်ကိုင်ရပါသော်လည်း စိတ်ပါခြင်း မရှိဘဲ ဝတ္တရား ကျေရုံမျှ ဆောင်ရွက် ပြီးလျှင် မြို့အုပ် အလုပ် ကို ပင် တာရှည်စွာ လုပ်ရန် စိတ်မကူး သကဲ့သို့ အလုပ် အတွက် မရေးမယူဘဲ စိတ်ထင်မြင်သော အတိုင်းသာ လျှင် နေထိုင်လေသည် ။ တစ်ရံတစ်ခါ စစ်ကိုင်းတောင် ချောင်များ သို့ လည်ပတ် သွားရောက် လေသောအခါ သာသနာဘောင် ၌ သဒ္ဓါရောင်အရှိန် သန်းလာသဖြင့် သင်္ကန်း ဝတ်ဆင်ပြီးကာ တစ်ဘဝလုံး အဆုံးတိုင် စွန့်မည် ကြံစည်မိလေ၏ ။ တစ်ရံ တစ်ခါ အရွယ် ခပ်ငယ်ငယ် မဆင်ခြင်နိုင်သေးသော အခိုက်အခါ ဖြစ်သဖြင့် သဘော အမျိုးမျိုးရှိသော သူငယ်ချင်းများ နှင့် ပေါင်းသင်းမိ ပြန်လေရာ အပေါင်းအသင်း တို့ ထံမှ ဝါသနာဓာတ် ကူးပြီးလျှင် သောက်စားခြင်း ၊ ဘိလိယက်ကစားခြင်း ၊ မြင်းလောင်းခြင်း စသော အမှုများ ကို ပြုလုပ်မိသည့် ပြင် သေနတ်တစ်လက်နှင့် တောသို့ ထွက်၍ သားငှက်တို့ ကို ပစ်ခတ်ပြီးကာ တောလည်သို့ အလေ့အလာ များကို ပြုလုပ်မိလေသည် ။ ဤသို့ အကောင်းအဆိုး စိတ်နှစ်မျိုး ရောယှက်၍ ဟိုဘက် သည်ဘက် အတည်မကျ စိတ်ယိမ်းယိုင်၍ နေလေသည် မှာ မိမိ နှစ်သက် သည့် ချစ်သူ ကို မရသဖြင့် ဤစိတ် နှင့် ဤကိုယ် ဖြစ်သလို ရှိစေတော့ ဟု ပေါက်လွှတ် ထား၍ စိတ်ကစားခြင်း ကြောင့် ဖြစ်လေသည် ။ မောင်လွင် သည် တင်မလေး နှင့် လွဲ လျှင်ဖြင့် ဤ ဘဝ တစ်သက် မှာ ချစ်ဘက် မရှာဘူးဟု စိတ်ကိုလုံးလုံးကြီး ဆုံးဖြတ် ထားပါသော်လည်း ( ကံပေး ဥစ္စာ မလွှဲသာ ) ဆိုသော အတိုင်း ။ ရှေ့ဖူးစာကံ စီမံ နှိုးဆော်လာသော အခိုက် ကြုံလာသည်နှင့် စစ်ကိုင်းမြို့နယ်ပိုင် ဝန်ထောက် ဦးဘိုးချစ် ၏ သမီး ခင်ခင် နှင့် လက်ထပ်ထိမ်းမြားရန် မိဘများ က စီမံကြလေ၏ ။ မောင်လွင် ၏ ဖခင် ဖြစ်သူ ရာဇဝတ်ဝန်ထောက်ကြီး သည်ကား ပင်စင် ယူ၍ ရန်ကုန် မြို့ မှာ နေထိုင်ရာ လူကြီးချင်း စာကမ်း ဆက်သွယ်သဖြင့် သဘော တူညီကြလေ၏ ။ အသက် ၃ဝ ကျော် လူပျိုဟိုင်းကြီး ဖြစ်သော်လည်း ပညာအရည်အချင်း နှင့် ပြည့်စုံ ပြီးလျှင် ရာထူး လက်ရှိ ၊ မိဘ က လည်း ဂုဏ်ကျက်သရေ ရှိ ကြသည် ဖြစ်သောကြောင့် မောင်လွင် နှင့်စပ်တက်ရာ လွယ်ကူစွာပင် လိုက်ပါလေသည် ။ မောင်လွင် ၏ မိဘ များက စစ်ကိုင်း သို့လာရောက်၍ ဤအကြောင်းများ ကို နားချရာ မောင်လွင် က ဤဘဝ တွင် ကျွန်တော် သည် အိမ်ထောင်ပြုဖို့ မကြံစည်ပါ ။ ယခုလို လူပျို အဖြစ်နှင့် နေရတာ အလွန် စိတ်ချမ်းသာပါသည် ။ သူများ မွေးထားသော သမီး ကို ကျွန်တော် လုပ်ကိုင်၍ မကျွေးနိုင်ဘူး ။ မိန်းမ ဆိုတဲ့ လူမျိုး ဟာ အနွံအနာ ခံပြီး ကျွေးလည်း ကျွေးရလေသေးရဲ့ ၊ ကိုယ့် အပေါ်မှာ နိုင်ထက်စီးနင်း ပြောချင် ၊ ဆိုချင် ရှိသေးရဲ့ ။ သူတို့ ဒုက္ခတွေ ကိုလည်း အမျိုးမျိုး ခံရသေးရဲ့ ။ ဘာအကျိုး ရှိဦးမှာလဲ ဟု ငြင်းပယ် လေ၏ ။

သို့ရာတွင် ဖခင် ဖြစ်သူက ကြိမ်ပေါင်းများစွာ နားချသော အခါ လူကြီး သြဇာ မလွန်ဆန်လိုသည် နှင့် မောင်လွင် က ကောင်းပါပြီ ဟု ဝန်ခံရလေ၏ ။ ထိုအခါ နှစ်ဘက်ဆိုင်ရာ မိဘတို့မှာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပြီးလျှင် မင်္ဂလာဆောင် ပစ္စည်းတို့ ကို အမျိုးမျိုး ဝယ်ခြမ်း၍ စစ်ကိုင်းမြို့ မှာပင် ခင်ခင် နှင့် မောင်လွင် ကို ခမ်းနား ကြီးကျယ်စွာ မင်္ဂလာဆောင် ကြလေ၏ ။ ခင်ခင် မှာ ရုပ်ဆင်း အင်္ဂါ နှင့် ပြည့်စုံပြီး ဂုဏ်ကြီးသူ ၏ သမီး ဖြစ်၍ ချစ်ခင် နှစ်သက်ဖွယ်ကောင်းပါ သော်လည်း မောင်လွင် ၏ စိတ်ထဲမှာ တင်မကလေး ကို သာ စွဲလမ်း၍ နေသည်နှင့် ချစ်ခင် နှစ်သက်သင့်သလောက် မချစ်ခင် မနှစ်သက်ပဲ ခပ်မှန်မှန် မျှ သာ ပေါင်းသင်း ဆက်ဆံ ကာ နေလေ၏ ။ ခင်ခင် သည် ကား ရှေးအခါက တစ်စုံတစ်ရာ စွဲလမ်းဖူးခြင်း မရှိပဲ မောင်လွင် တစ်ယောက်တည်း ကိုပင် အဦးအစ တွေ့ကြုံ ချစ်ခင်ရသူ ဖြစ်သဖြင့် အချစ်ညွန့်ခက် ကို တခြားသို့ ဖြာထွက်စရာ မရှိသေးသောကြောင့် မောင်လွင် အပေါ်မှာ များစွာချစ်ခင် ယုယပါသော်လည်း မိမိ ချစ်ခင်သည့် ဒီဂရီ ကို မှီအောင် မချစ်သည့် အတွက် ခင်ခင် မှာ စိတ်နှလုံး မသက်မသာ နှင့်ပင် နေထိုင်ရလေ၏ ။ မိမိ အပေါ် မှာ တိုး၍ ချစ်ခင်အောင် အမျိုးမျိုး အလိုလိုက်ကာ ချော့မော့ ယုယပြုစု ခစားပါ သော်လည်း မောင်လွင် ၏ စိတ်သည် ညွတ်ကိုင်းတုန်လှုပ် ယိမ်းယိုင်ခြင်း မရှိပဲ မေ့မေ့လျော့လျော့ နှင့် အမှတ်တမဲ့ သာလျှင် နေထိုင်လေ၏ ။

မေတ္တာဒီဂရီ မညီသောသူ နှစ်ယောက်တို့ ပေါင်းသင်းဆက်ဆံနေကြ ရခြင်းမှာ အချစ် ပို သောသူ ကသာ ဂရုတစိုက် ယုယုယယ ပြုမူ ချော့မော့မြဲ ရှိလေ၏ ။ အချစ် နည်း သောသူ က ဤကဲ့သို့ ယုယ မြှူချော့ခြင်း အမူအရာ ကိုပင် ပရိယာယ် မာယာများသည် ဟူ၍ လည်းကောင်း ၊ လောကွတ် လွန်သည် စသော အားဖြင့် လည်းကောင်း ၊ အထင် တစ်မျိုး ရောက်ကာ အမြင်ကတ်၍ မျက်ကြော မတည့် ဖြစ်တတ်လေ၏ ။ ပမာအားဖြင့် ဆွဲဓာတ် နှင့် ရုန်းဓာတ်နှစ်ပါး ကို ညီညွတ်မျှတ၍ သမဘာဝ ဖြစ်အောင် မရွက်ဆောင်နိုင် သကဲ့သို့ပင်တည်း ။

မောင်လွင် သည် သားမယား အပေါ်မှာ များစွာ ချစ်ခင်ခြင်း မရှိသည်နှင့် ပစ္စည်းလာဘ်လာဘ ရရှိတိုင်း မယား လက်သို့ မအပ်ဘဲ မိမိ ထင်မြင်ရာ သုံးစွဲ ဖြုန်းတီး ၍ ပစ်လေသည်နှင့် ငွေ လည်း အဖတ်မတင်ဘဲ ရှိလေသည် ။ ချစ်ခင် မှ မြတ်နိုး ၊ မြတ်နိုး မှ သဒ္ဓါ ဆိုတဲ့ အတိုင်း လူတို့၏ သဘောသည် မူလ ရှေးဦးစွာ ချစ်ခင် စိတ်ပေါ်လာ မှ သာ မြတ်နိုးချင်တဲ့ စိတ် ဖြစ်ပေါ်လေသည် ။ မြတ်နိုးသော အခါမှ ပေးချင်သောစိတ် ဖြစ်ပေါ်လာလေသည် ။ ချစ်ခင်မြတ်နိုးသောသူ ကိုကား ပေး၍ အားမရနိုင် ၊ မချစ်ခင်လျှင် ပေးမည် ဟု လှမ်းသော လက် ကိုပင် နောက်သို့ ဆုတ်စေ တတ်၏ ။ မြို့အုပ်ကတော်ကလေး ခင်ခင် အပေါ်၌ ချစ်ခင်မြတ်နိုးခြင်းမှု ကင်းမဲ့ခြင်း သည် ခင်ခင် က ဝတ္တရားပျက်လို့ မဟုတ် ။ မောင်လွင် ၏ စိ တ်က စွဲမိစွဲရာ မေတ္တာ ပြောင်းပြန် ဖြစ်လျက် အချစ်မျက်စိ လည်နေခြင်းကြောင့် သာလျှင် ဖြစ်ရလေ၏ ။

ခင်ခင် ၏ မိဘများ နှင့် စစ်ကိုင်း မှာ အတူတကွ နေထိုင်ရစဉ် အခါ ယောက္ခမများ မျက်နှာကို ထောက်ဆလျက် ရှိသောကြောင့် ခင်ခင် ၏ အပေါ်မှာ စိမ်းကားလို သော်လည်း များစွာ စိမ်းကားခွင့်ကို မရချေ ။ ထို့နောက် ကျောက်ဆည် မြို့ ကို ပြောင်းရွှေ့ သွားရလေရာ လင့် အပေါ်မှာ စေတနာ မေတ္တာ ကြီးလှသော ခင်ခင် သည် လင် နှင့် အတူ ကျောက်ဆည်မြို့ သို့ လိုက်ပါနေထိုင်ရလေ၏ ။

ထိုအခါ မောင်လွင် သည် ထောက်ထားအားနာဖွယ် ဖြစ်သော ယောက္ခမ များ မျက်နှာ နှင့် ဝေးသောကြောင့် ရှေးက ထက်ပင် ခင်ခင် အပေါ်မှာ ရက်စက် စိမ်းကားသော အမူအရာများကို ပြုကျင့်လေ၏ ။ စိတ်မကြည်သာ တိုင်း ခင်ခင် ကို မောင်းမဲပြီးလျှင် သားငယ်မယားငယ် အမြှောင်အပို ထားခြင်း ၊ သောက်စားမူးယစ်ခြင်းများ ကို ပြုလုပ်ပြီး ၍ မြို့အုပ်ဂုဏ် နှင့် မသင့်လျော်သော အကျင့်များ ကို ကျင့်ကြံ နေထိုင်ခဲ့လေရာ ။ ခင်ခင် က အမျိုးမျိုး ဖျောင်းဖျ ပြောဆိုသည် မှာ ယခုလို ရှင် က ကျွန်မ ကို နှိပ်စက်ခြင်းသည် လူအများ မျက်စိမှာ ဘယ်လို ထင်လိမ့်မည်လဲ ။ အနှိပ်စက်ခံရသူ ကျွန်မကိုသာ လူတိုင်း သနား၍ သားမယား အပေါ်၌ စိမ်းကား တတ်သော ရှင့် ကို သာ လူများတကာ ကဲ့ရဲ့ဖွယ် ဖြစ်ပါလိမ့်မည် ။ နောင်အစဉ် အဆက် ရှင့် မှာသာ ဂုဏ်သရေ ပျက်ပါလိမ့်မည် ။ ကျွန်မ မှာ သည်းခံနိုင်ခြင်း ကိုသာ အားကိုးရတော့မှာပဲ ။ သည်းခံခြင်း လွန်၍ ဆင်းရဲ မရောက်နိုင်ပါ ။ အညွန့်တလူလူ နှင့် နေရသူ ဖြစ်ပါသည် ။ ကျွန်မတို့ မိန်းမသားများမှာ ယောက်ျားရတဲ့ နေ့က စ၍ အညွန့် ကျိုးခဲ့ပြီး ဖြစ်ပါသည် ဟု အသနားခံကာ သာယာ ချေငံစွာ ပြောရှာလေ၏ ။

မောင်လွင် က မင်း ကိုတော့ တစ်သက်လုံး ဘယ်တော့မှ မပစ်ပါဘူး ။ မင်း ချမ်းသာ သလို သာ ကြည့်နေပါ ။ ချမ်းချမ်းသာသာ နှင့် နေထိုင်ရလျှင် ပြီးရော မဟုတ်လား ။ မှန်မှန် ပြောပါမယ် ။ ကျုပ်တို့ ယောက်ျား ဆိုတာ ထင်သလိုနေတဲ့မျိုး ဖြစ်သည် ။ ဆီးတားကန့်ကွက် လို့လည်း လင်ယောက်ျားများ က လုံးလုံးကြီး သဘော ကျရိုး ထုံးစံ မရှိဘူး ။ အလွန် သဘောပြေပြစ်ပြီး သူတော်ကောင်း ဖြစ်သူများ ကို ရစေ ကာမူ မိန်းမ ဆိုတဲ့ လူမျိုးဟာ ယောက်ျား လုပ်တဲ့ လူ အပေါ်မှာတော့ ပြောစရာ ဆိုစရာ အချက် ရှိသေးတာပဲ ။ ယခု ကျုပ် နေထိုင်ခြင်းဟာ မင်း အပေါ် မှာ ရိုက် လည်း မရိုက်ဘူး ၊ ဆဲရေးကြိမ်းမောင်းခြင်း ကိုလည်း မပြုဘူး ၊ အဝတ်အစား အခိုင်းအစေ ဆိုတာလည်း ပြည့်စုံစွာ ပေးထားတယ် ။ သည့်ပြင်တော့ မင်း အပေါ်မှာ တိုး၍ အမျိုးမျိုး ချော့မော့ကာ အလိုမလိုက် နိုင်တော့ဘူး ဟု ပြောလေရာ ။

ခင်ခင် က မျက်ရည်ကလေး တလည်လည် နှင့် ရှင့် ဘက်က နေပြီး ရှင့် တွက်ကိန်း နှင့် ပြောတော့ အပြစ် မရှိဘူး ထင်ပေမှာပေါ့ ။ သားမယား ဆိုတာ ပစ္စည်း ဥစ္စာ ကို ပေးပြီး ဝဝကျွေးကာ လှပစွာ ပြင်ဆင်ထားရုံ နှင့် ယောက်ျားတို့ ဝတ္တရား ကြေပြီ လို့လည်း မမှတ်သင့်သေးပါ ။ စိတ်နှလုံး မချမ်းသာအောင် အရာရာ မှာ ထင်သလို ပြုနေခြင်းတွေ ဟာ မယား ကို နှိပ်စက်ခြင်း အစစ် ဖြစ်ပါတယ် ။ ရှင် က ကျွန်မ အပေါ်မှာ ပညာရှိ စကား သုံးပြီး ပညာရှိ နှိပ်စက်တာမျိုး နှင့် မကြာခင် အသက်သေအောင် အပူကောင်မကလေး ဇာတ်ခင်း၍ အတွင်းပူ, ပူဖို့ စီမံနေတာ ကို လည်း သိပါတယ် ။ ကျွန်မ သေတဲ့နောက် အသစ် တစ်ယောက် နှင့် ဇာတ်တစ်မျိုး ထူထောင်တဲ့ အခါကျမှ ကျွန်မ ကို ပြန်ပြီး ရှင် က ကျေးဇူး တင်ရပါလိမ့်မယ် ။ နောင်ခါမှ နောင်တ ရတတ်သတဲ့ ကိုလွင် ရဲ့ ။ မယားကြီးသူတော်ကောင်း ကို နှိပ်စက်တဲ့ လူ ဟာလည်း မယားကောင်း နှင့် တွေ့ခဲလှပါသတဲ့ ။ မယားသစ် ရတဲ့ အခါမှာလည်း ကိုယ် ပြုတဲ့ကံ ကိုယ် ပြန်ပြီး ဝဋ်လည်တတ် သတဲ့ ဟု ပြောဆိုကာ မကြည်မသာ နှင့် ပေါင်းသင်း နေထိုင်ရ ရှာလေ သတည်း ။

မောင်လွင် သည် သေရည်သေရက် သောက်စားလေ့ ရှိသည် ။ သား မယား ကို ရက်စက် စိမ်းကားစွာ ပြုကျင့်လေ့ ရှိသည် ဟု အဆင့်ဆင့် သတင်းပြန့် ပွားပြီး လူအများ ကဲ့ရဲ့ ပြောဆိုခြင်း ခံရလေ၏ ။ မောင်လွင် နှင့် ခင်ခင် တို့သည် သားမယား ပီပီသသ ၊ ဝဝလင်လင်ကြီး ချစ်ခင်ခြင်း မရှိကြ သော်လည်း ကွဲကွာ ပြတ်ကင်းခြင်း မရှိဘဲ မကြည်စိတ်လက် ၊ အောင့်သက်သက် နှင့် ပေါင်းသင်းကာ တစ်မြို့ မှ တစ်မြို့သို့ ပြောင်းရွှေ့ လုပ်ကိုင်၍ နေထိုင်လာခဲ့ကြရာ ရေတာရှည်မြို့ သို့ ရောက်ကြလေ၏ ။

( တင်မလေး ၏ ) ဖခင်ဖြစ်သူ ဝန်ထောက်ကြီး သည် လည်း အစိုးရအမှုထမ်းတို့ ၏ ဓမ္မတာအတိုင်း အနယ်နယ်သို့ ပြောင်းရွှေ့လာခဲ့ရာ တောင်ငူမြို့ သို့ ရောက်ရှိ လေသည် ။ ရေတာရှည်မြို့အုပ် မောင်လွင် သည် ဝန်ထောက်ကြီး ဦးထွန်းမြတ် ၏ လက်အောက် မှာ ရောက်နေ သဖြင့် နယ်လှည့် လာရင်း မြို့အုပ်မောင်လွင် ၏ သတင်းများ ကို ကြားခဲ့ရာ အိမ်သို့ ပြန်ရောက်လျှင် ဝန်ထောက်ကတော်ကြီး ကို ခေါ်၍ ပြောသည်မှာ ။ အရင်တုန်းက သမီးတင်မလေး နှင့် မင်း က ပေးစားချင်တယ်လို့ ပြောတဲ့ မောင်လွင် ဟာ ယခု ရေတာရှည်မြို့ သို့ ရောက်နေပါပကော ။ စစ်ကိုင်း က ဝန်ထောက်ကြီး သမီး နှင့် အကြောင်းပါပြီး ယခု သမီးကလေး တစ်ယောက် တောင် ရနေပေါ့ ။ သူ့ မိန်းမ အပေါ် မှာ နိုင်လိုက်တာ ကလည်း လွန်လို့ ။ ဆိုးဆိုးတေတေ နှင့် အရက်တွေ နေ့တိုင်း မူးပြီး ၊ ရူးချင်တိုင်း ရူးနေတာပဲ ၊ ရသမျှ ငွေစ ကိုလည်း မယား လက်သို့ အကုန် မအပ်ဘူးတဲ့ ။ မယား လုပ်တဲ့ လူမှာ အသက် မသေရုံ စားပြီး ခါးလှရုံ ကလေး ပြင်ဆင်ထားသတဲ့ ။ မြို့အုပ်ကတော် လုပ်တဲ့ ကောင်မလေး မှာ ဒုက္ခဘေးကြီး ကပ်တိုက်၍ မျက်ရည် နှင့် မျက်ခွက် မစဲဘဲ စိတ်လက်မကောင်း ဖြစ်နေရ ရှာသတဲ့ ။ ကံကောင်းလို့ပေါ့ကွယ် ။ နည်းနည်းကလေး လိုတော့တယ် ။ မင်း ပြောတဲ့ အတိုင်း ကျုပ် သမီး တင်မကလေး နဲ့ ထိမ်းမြားလိုက်မိမယ် ဆိုလျှင် ခင်ခင် လို ဒုက္ခ တွေ့ မနေပေဘူးလား ။ မောင်လွင် ကို လူပျိုတုန်း က လိမ္မာသလေး ပညာကောင်း သလေးနှင့် မင်း ချီးမွမ်းပြီး ပြောသမျှတွေ ဟာ အကုန် လွဲပြီ မဟုတ်လား ၊ ဒါကြောင့် ( သည် ပုတ်ထဲ က သည် ပဲ ) ဆိုတဲ့ ဥပမာ နှင့် သည် မောင်လွင် ဟာလည်း သူ့ ဖခင် လို ဆိုးဝါးပါလိမ့်မယ် ။ ( ကြက် မှာ အရိုး ၊ လူ မှာ အမျိုး ) ဆိုတာလို ဇာတိမျိုးရိုး ဆိုတာ လိုက်တတ်တယ်လို့ ကျုပ် ပြောတယ် မဟုတ်လား ဟု ပြောရာ ဝန်ထောက်ကတော်ကြီး ကလည်း မိမိ ချီးမွမ်းခဲ့သည်များ မှား၍ နေသဖြင့် အသာ ခေါင်းငုံ့ ခါ ခံနေရ လေ၏ ။

ထိုအခါ သမီး ဖြစ်သူ တင်မကလေး မှာ အသက် ကလည်း ၂၆ နှစ် လောက်ရှိလာခဲ့ပြီ ဖြစ်၍ အပျိုဟိုင်းကြီး အရွယ် သို့ တိုင်အောင် ရောက်ပါ သော်လည်း ဖခင် ဖြစ်သူက ငယ်သေးသည် ဟု ပင် အထင် ရောက်နေသည့် ပြင် သူ့ သမီး နှင့် အထိုက်တန်သူ ကို မတွေ့မမြင်၍ လောကဓမ္မတာ အားဖြင့် လက်ထပ်ခြင်းကိစ္စ အထမမြောက်နိုင်ဘဲ ရှိလေသည် ။

တင်မလေးသည် ကား မိမိ သဘော အလို အားဖြင့် အိမ်ထောင်ပြုဖို့ရာ လမ်းပေါက်လမ်းစ ရှာကြံလေ့ မရှိဘဲ အပျိုတို့ ၏ ဣန္ဒြေမပျက် တည်တံ့ ခိုင်ခံ့စွာပင် နေထိုင်လျက် ရှိလေရာ ကောင်မလေး သဘော ကို သိသော သူတို့ က များစွာပင် ချီးမွမ်းကြလေ၏ ။

လောကီ အလေ့အလာ ဓမ္မတာထုံးတမ်း အားဖြင့် ပြောရမည် ဆိုသော် ထိုကဲ့သို့ အချိန်အရွယ် ကျသည် တိုင်အောင် အိမ်ထောင်ခြင်း မပြုရဘဲ အမှတ်တမဲ့ နေထိုင်ခြင်း မှာ မိမိ ကိုယ်တိုင် မှာလည်း နစ်နာပြီး ၊ ချုပ်တည်းလွန်း အားကြီးသော မိဘများ မှာလည်း ဝတ္တရား မပြည့်စုံ ဟူ၍ အပြစ်တင် ထိုက်လေ၏ ။ တစ်ခါတစ်ခါ မင်းကတော်ကြီး က သမီး အရေးကြောင့် စိတ်မအေးနိုင် သဖြင့် ထိမ်းမြားမင်္ဂလာ ပြုလုပ်ရန် ပြောဆိုပါ သော်လည်း ဖခင် ဖြစ်သူ က မင်း ခဏခဏ ပူဆာပြော ဆိုနေတာ သမီး ကို နေရာကျစေချင်တဲ့ အတွက် ကရုဏာမေတ္တာ နှင့် ပြောကြောင်း ကို လည်း ကျုပ် သိပါတယ် ။ မိဘ ဆိုတာ သားသမီး အပေါ်မှာ ကောင်းရာကောင်းကြောင်း ဖြစ်စေချင်တာချည်းပေါ့ ။ သို့ရာတွင် ကျုပ် မျက်စိထဲ မှာဖြင့် ကောင်ကလေးတွေ ကို မြင်လိုက်ရမှဖြင့် သဘော ကျတာကိုပဲ မတွေ့ရသေးဘူး ။ တချို့ သူငယ်ကလေး များဟာ ပညာတော့ တတ်ရဲ့ ။ အနေအထိုင် ဆောင့်ကြွားကြွား နှင့် အာကာသ ကောင်းကင် ကို မော့်ပြီး မာနတံခွန် တလူလူနှင့် သာ တွေ့ရတယ် ။ အချို့ အရုပ်အဆင်း လှတဲ့ သူငယ်ကလေးတွေ ကျပြန်တော့လည်း ပညာတတ်ဖို့ကို မကြိုးစား ၊ အလုပ် လုပ်ကိုင်ဖို့ စိတ်ပါပြီး ၊ သူတို့ကိုယ် သူတို့ ပြုပြုပြင်ပြင်နှင့် မှန်ပုံတင်ကာ တသသ နေကြတာ ကို တွေ့ရတယ် ။ ယခုကာလ ဖြစ်ပုံက သူငယ်ကလေးတွေ ဟာ ယောက်ျားပီပီသသ မနေကြဘဲ မိန်းမကလေးများ ကို အတုခိုးပြီး အမျိုးမျိုး အလှ ပြင်ဆင်ကြတယ် ။ မျက်နှာလိမ်းတဲ့ အလှဆီ တို့ တို့ပတ် တို့ ဒါတွေလည်း ယောက်ျားတွေ လက်ထဲ ရောက်ကုန်ကြပြီ ။ မိန်းမ လုပ်တဲ့ လုပ်ငန်းတွေ ထဲမှာ နယ်ချဲ့ ပြီး အကောင်း ထင်မြင်ကာ လိုက်စား နေကြတာလည်း စိတ်သဘော သေးသိမ် ကြောင်း သက်သေပြခြင်း တစ်မျိုးပဲ ။ ( ဣတ္ထိနဉ္စ - ဓနံရူပံ ) ဆိုတဲ့ အတိုင်း မိန်းမများ မှာတော့ အပြင် ၌ ဗန်းတင်ကာ ရောင်းရတဲ့ လောလောဆယ် ကုန်မျိုး ဖြစ်လို့ အလှဂုဏ်ကို အားကိုးကြရာရတယ် ၊ ယောက်ျားများ ရဲ့ ကိုယ်ပိုင်ဥစ္စာ ကတော့ ပညာ နှင့် ရဲစွမ်းသတ္တိ ဖြစ်လို့ အလှပြင်ဆင်ကာ မှန်ပုံတင်ရန် မလိုပါဘူး ။ မိန်းမ အလေ့အလာ ကို အတုခိုးတဲ့ ယောက်ျားကလေးတွေ မြင်ရတော့ အင်မတန် နှလုံး နာတယ်ကွယ် ။ အို အခု ကာလ ယောက်ျားကလေးတွေ အကြောင်း မပြောချင် ပါဘူး ။ ဒီလိုဟာတွေ စဉ်းစားမိလေလေ သမီး အတွက်နှင့် အိမ်ထောင်ဖက် ရှာပေးဖို့ ကျပ်လေလေ ဖြစ်တာပါပဲ ။ ကျုပ် လည်း သမီး အပေါ်မှာ တင့်တင့်တယ်တယ် ဖြစ်ချင်တဲ့ စေတနာ အရှိသားပေါ့ ဟု ညည်းတွားသံ နှင့် ပြောလေ၏ ။

မင်းကတော်ကြီး က လောက မှာ ယခု နေထိုင်ကြတာ ပုထုဇဉ်တွေ ပါရှင် ။
စင်စင်ကြယ်ကြယ် နှင့် အပြစ်ကင်းတဲ့ လူရယ် လို့တော့ ဘယ်မှာ ရနိုင်မလဲ ၊ သင့်လျော်လျှင် တော်ပြီလို့ သဘောထား ရတာပေါ့ ။ ( အကောက် ထဲ အဖြောင့် ရှာ ကွေးကွေး ကို သာ အဖြောင့်မှတ် လို့ ) ဆိုတဲ့ စာကို အလုံးစုံ ကောက် နေတဲ့ ဝါးပုံကြီး ထဲမှာ မြား လို ဖြောင့်တာ ကို ရှာ လို့တော့ မရနိုင်ဘူး ။ များများကြီး မကောက်ဘဲ ခပ်ကွေးကွေးကလေး ကို အဖြောင့် ဆိုတာလို အပြစ် နည်း၍ မိသားဖသား ပြီးလျှင် တော်ပြီ လို့ တင်းတိမ်ရတဲ့ ကာလကြီးပါ ။ ( အရွေး လွန်လျှင် အခွန် နှင့် တွေ့ ) ဆိုသလို ရွေးလွန်း အားကြီးမှ ဖြင့် အညံ့စား နှင့် တွေ့တတ်သတဲ့ ရှင့် ။ ယခုတော့ သမီးကလေး ကလည်း အရွယ် တော်တော် ရောက် လာတော့ ကျောင်းထွက်စ လူပျိုပေါက် ဘီအေကလေးများ မှတ်သားတဲ့ စာရင်းစာအုပ် ထဲ ကဖြင့် ပယ်ထုတ် လိုက်ကြပေါ့ ထင်ရဲ့ ။ ခပ်အိုအို ခပ်ကြီးကြီး ၊ မုဆိုးထီး တို့ အဘိုးကြီး တို့ စာရင်းထဲ သို့ ဝင်ဖို့တာ ရှိတော့တာပဲ ။ လာဘ် တစ်မျိုးတော့ဖြင့် လွဲသွားပေါ့ ဟု ပြောဆို ပြီးလျှင် သမီး အတွက် နေ့စဉ် စိတ်ပူပန်၍ နေရလေ၏ ။

ဘိလပ် မှ ပညာသင် လာသော ဝန်ထောက်ကြီး ၏ သား တင်မလေး ၏ မောင် ဖြစ်သူသည် ဝတ်လုံပညာ ကို တတ်မြောက်၍ ရန်ကုန် သို့ပြန်ရောက်လာရာ နောက်များ မကြာမီ အခွန်ဝန်သမီး တစ်ယောက် နှင့် အကြောင်းပါပြီး မိန်းမသြဇာ အားကြီးသောသူ ဖြစ်သောကြောင့် ဖခင် ဝန်ထောက်ကြီး နှင့် မသင့်မတင့် ဖြစ်ပြီးလျှင် အဝင်အထွက် မပြုဘဲ စိမ်းကားစွာ နေသည့် အတွက် မိခင် ဖြစ်သူမှာ လည်း စိတ်နှလုံး မသက်မသာ နှင့်ပင် နေရလေ၏ ။

ရေတာရှည် မြို့အုပ်မောင်လွင် သည် တင်မလေး တောင်ငူမြို့သို့ ဖခင် ဝန်ထောက်ကြီး နှင့် အတူ ပြောင်းရွှေ့ လာကြောင်း ကို သိရှိရာ တင်မလေး ကို တွေ့လိုသော ဆန္ဒ နှင့် မကြာမကြာ တောင်ငူမြို့ ဝန်ထောက်ကြီး အိမ်သို့ လာရောက် လည်ပတ် ပြီးလျှင် အရိုအသေ အမျိုးမျိုး ပေးကာ လက်ဆောင်ပဏ္ဏာ စသည်တို့ဖြင့် ဝန်ထောက်မင်း နှင့် မင်းကတော်ကြီးတို့ နှစ်သက်ဖွယ်သော အမူအရာများ ကိုသာ ပြုလုပ်၍ နေလေ၏ ။ တစ်ခါတစ်ခါ တင်မလေး ကို တွေ့မြင်ရာ စွဲလမ်းရင်း ရှိသော စိတ် ကို သာ၍ တိုးတက်အောင် အားပေး သကဲ့သို့ ဖြစ်လေ၏ ။ တင်မလေး ကို မြင်ရ တိုင်း အိမ်က မင်းကတော် အပေါ်မှာ ကရုဏာ မေတ္တာ ကင်းမဲ့ပြီးလျှင် အပြစ် မရှိ အပြစ် ရှာ၍ မေတ္တာ ခမ်းခြောက် သော အမူအရာတို့ ကို ပြပြီးလျှင် တစ်ခါတစ်ခါ အရမ်းမဲ့ တရားလက်လွတ် ပြောဆိုသော အခါ ခင်ခင် ၏ စိတ်နှလုံး ထဲမှာ ငရဲမီးဓာတ်ဆေး ကို လောင်း၍ ချလိုက်ဘိ သကဲ့သို့ မျိုသိပ်၍ မရနိုင်အောင်ပင် စိတ်မချမ်းသာခြင်း ဖြစ်သည် နှင့် ရှိုက်ကြီးငင်ကြီး ငိုပြီးလျှင် ဖွင့်၍ မပြောသော်လည်း ရှင့် သဘောကို အကြောင်းပါခဲ့တဲ့ နေ့ က စပြီး သိပါတယ် ။ ရှင် တော့ ကျွန်မ အပေါ်မှာ မသေသေ အောင် နှိပ်စက်ညှဉ်းပန်းနေတာပဲ ။ အသက် မသေခင် ကြည်ကြည်လင်လင်ကလေး နေပြီး သေပါရာ ၊ ယခု ဘဝမှာတော့ ရှင် ပြုသမျှ ခံရမယ့် ခင်ခင် ပါ ။ ကျွန်မ မျက်နှာ ကို မြင်ရတိုင်း ရှင် စိတ်မချမ်းသာဘူး ဆိုတာလည်း သိပါရဲ့ ၊ တင်မလေး မကလို့ တာဝတိံသာ က နတ်သမီးတွေ ကို သုံးကုဋေ နှင့် ခြောက်သန်းလောက်ပဲ ယူချင်ယူပါ ၊ သို့သော်လည်း သမီးကလေး မျက်နှာ ကိုတော့ ရှင် ထောက်စရာ ကောင်းပါတယ် ။ အို သည် ကံဆိုးမဟာ ယခုလောက် ကြာအောင် လူ့ ပြည်မှာ ဘာကြောင့်ပဲ သည်လောက် တာရှည်အောင် နေရပါသလဲ ။ သည် ဝိပါက ဝဋ်ကြွင်း ကလည်း ယခု ထက်ထိ မလွတ်ကင်းသေးဘူး ဟု ပြောရင်းဆိုရင်း အခန်းတွင်း ကုတင် ပေါ်မှာ လိမ့် ၍ ငိုရှာ လေ၏ ။

ဤမျှလောက် ခင်ခင် မှာ အပူမီး နှင့် ဒုက္ခကြီး ရပြီး ငိုယိုရှိနေသည် ကိုပင် မောင်လွင် က ပြန်စောင်းမျှ မကြည့်ဘဲ ဂျောင်းဂျောင်းဂျင်းဂျင်း နှင့် ကြမ်းကို ခပ်ပြင်းပြင်း ဖိနပ် စီးနင်းကာ ဒေါမာန်ပါပါ နှင့် အောက်သို့ ဆင်းသွား လေ၏ ။

ခင်ခင် မှာ အခြား ရောဂါစွဲကပ်ခြင်း မရှိ သော်လည်း ၊ အားကိုးအားထား ပြုလုပ် နေသော ချစ်လင် က ခင်ခင်မင်မင် မပြုဘဲ အချစ်မနှစ်သက်သော အမူအရာ များကြောင့် စိတ္တဇရောဂါ စွဲပြီးလျှင် တစတစ မစားနိုင် မသောက်နိုင် နှင့် အရိုးခြောက်မကလေး ကဲ့သို့ ဖြစ်၍ သွားရှာပြီး နောက် များမကြာမီ ခင်ခင် မှာ ထို စိတ္တဇရောဂါ နှင့်ပင် အနိစ္စ ရောက်ရှာရလေ၏ ။ မောင်လွင် မှာ သမီးကလေး တစ်ကောင် နှင့် မုဆိုးဖို ဖြစ်၍ ကျန်ရစ်ရှာလေ၏ ။

မောင်လွင် မှာ အချစ်မျက်စိ လည်၍ စိတ်ဖောက်ပြန်ခြင်း ဖြစ်နေသော ကြောင့် အလွန်သနားဖွယ် ကောင်း၍ သစ္စာရှိသူ မယားကြီး သေဆုံးသည် ကိုပင် ဝမ်းနည်းပက်လက် မျက်ရည်စက်လက်နှင့် နေရမည့် အစား ၊ တစ်ခါဖြင့် ငါ့ သဘော အတိုင်း ဖြစ်တော့မည် ဟု သဘောထားပြီး ဝမ်းသာအားရ ဖြစ်တော့ မလိုလို နေလေ၏ ။

ကျန်ရစ်သူ မိတဆိုး သမီးကလေး ကိုလည်း ယောက္ခမများ ထံ ပြန်၍ အပ်နှံသဖြင့် သမီးကလေး မှာ အဘိုးအဘွားများ ထံသို့ လိုက်ပါသွားရ ရှာလေ၏ ။
ယောက္ခမကြီးများ ကလည်း သမီး အသက်ရှင်စဉ် က စ၍ မကြင်မနာ ညှာညှာတာတာ ပြုလေ့ မရှိသော သမက် ကို လွန်စွာစိတ်နာရင်း ရှိကြသည့်ပြင် သမီး သေဆုံးရသည် မှာလည်း လင်ပူရောဂါ မိ၍ အင်အား ချိသောရောဂါ နှင့် သေဆုံးရကြောင်း ကို သိရှိကြရသည် နှင့် အသည်းကွဲလု မတတ် ပူပန်နစ်နာခြင်း ဖြစ်ကြပြီးလျှင် အခွင့်သင့်သည့် အခါ သမက်ဟောင်း အပေါ် မှာ နှိပ်စက်ရန် အခွင့် ကိုသာ ရှာကြံ၍ နေကြလေ၏ ။ မြေးမကလေး မူကား ကောင်းမွန်စွာ ကျွေးမွေး သုတ်သင်၍ ထားကြ လေသတည်း ။

•••••   •••••   •••••

တင်မလေး မိဘများ က မျက်နှာသာ မပေးပဲ ငြင်းပယ်ခြင်း ကို ပြုသော် လည်း ( ကြိုက်မရှက် ) ဆိုသော စကားကဲ့သို့ မောင်လွင် သည် တင်မလေးအတွက် ဣန္ဒြေ ပျက်၍ မရှက်နိုင် မကြောက်နိုင် ဖြစ်ပြီးလျှင် အလောင်းတော် မာတင်္ဂ ၏ ထုံး ကို နှလုံးပိုက်သွင်းကာ အတုခိုး ပြီးလျှင် အမျိုးမျိုး ကြံဖန်၍ ကပ်ရပ် ပိုးပန်းကာ နေလေ၏ ။

တင်မလေး က လည်း မောင်လွင် ၏ စကားများ ကို မကြာမကြာ ကြား၍ နေရသည်နှင့် အကြောင်းမျိုးစုံ ရိပ်မိ ပြီးလျှင် မောင်လွင် ဆိုသော အမည် ကို မကြားချင်အောင် ရွံ၍ နေရှာလေ၏ ။

ဤအတောအတွင်း မှာပင် တင်မကလေး ၏ ဖခင်ဖြစ်သူကို တောင်ငူမြို့ တွင် ခေတ္တ အရေးပိုင်ရာထူး သို့ အရှင် အစိုးရမင်းများ က ချီးမြှင့်သောကြောင့် လုပ်ကိုင် ရလေရာ ရှေးကထက် ကြီးလေးသော တာဝန်များ ကို ရုတ်တရက် ရွက်ဆောင် လုပ်ကိုင်ရသဖြင့် ဦးခေါင်း အားလပ်ခွင့် မရသည် နှင့် ရောဂါစွဲကပ်လေရာ ရုတ်တရက် အခွင့် မခံဘဲ နာမည် ကောင်းကောင်း ၊ ရာထူး မြင့်မြင့် ၊ ဘွဲ့စာလုံး ကြီးကြီး လိုချင်သောကြောင့် အားခဲ၍ လုပ်ကိုင်သော အခါ စွဲကပ်နေသော ရောဂါသည် သက်သာခွင့် မရဘဲ တစ်နေ့ထက် တစ်နေ့ တိုး၍ ရုန်းမတတ်နိုင်သည့် အခြေအနေ သို့ တိုင်အောင် ဖြစ်လာလေ၏ ။

ထိုအခါ မင်းကတော်ကြီး နှင့် တင်မလေး တို့ပါ အခွင့် နှင့် ရန်ကုန် သို့ လာပြီးလျှင် ဆေးရုံ တွင် ဆရာဝန်ကြီးများ နှင့် ကုသပါ သော်လည်း အနာ လွန်၍ ရောဂါ ကျွမ်းနေပြီ ဖြစ်သောကြောင့် ကုသ၍ မရဘဲ အရေးပိုင် အလုပ် အမြဲတန်း ရဖို့ မျှော်လင့်ဆဲ တွင် ပင်စင် မယူရသေးခင် မိမိ ရာထူးဂုဏ်သိမ်တို့ နှင့် တကွ အလွန်တရာ ချစ်လှစွာသော သမီး တင်မလေး ကို စွန့်ပြီးလျှင် နိစ္စစိုးပိုင်သော သေမင်းနိုင်ငံ တွင်း မှာ အမှုထမ်းစာရင်း တင်သွင်းရှာလေ၏ ။

မင်းကတော်ကြီး နှင့် သမီး တင်မလေး တို့မှာ မြင့်မိုရ်တောင်ကြီး လဲပြို၍ သွားလေသည် ပမာ အားကိုးမှီခိုရာ ကျေးဇူးရှင်ကြီး ကွယ်လွန်လေသည့် အတွက် အားကိုးရာမဲ့ ဖြစ်ပြီးလျှင် ပူပင်ခြင်းတည်း ဟူသော သောကအမှိုက်ဆွေးပုံ ကို ငိုကြွေးခြင်းတည်း ဟူသော ပရိဒေဝမီး တောက်လောင်၍ နေသည်မှာ လပေါင်း များစွာပင် ကြာခဲ့လေသည် ။

ကျန်ရစ်သော ပစ္စည်း မှာ အသက်ပေါင် မှ ရ သောငွေ ၅ဝဝဝိ ၊ ဘဏ်တိုက် တွင် ထားသော ငွေ ၈ဝဝဝိ နှင့် တင်မလေး မှာ ဝတ်ဆင်သော လက်ဝတ်လက်စား ကလေး မျှသာ ရှိလေသည် ။ ရှေးအခါက ရွှေမိုးငွေမိုး ရွာ သကဲ့သို့ ဝင်လာမစဲ တသဲသဲ ဖြစ် နေသဖြင့် အလို ရှိသမျှ သုံးစွဲလေ့ ရှိပါသော်လည်း ဝန်ထောက်မင်း ဆုံးရှုံး သည့်အခါ ငွေမိုးလည်း ခေါင်းပါးသွားသဖြင့် ရှေးကလို မသုံးစွဲနိုင်တော့ဘဲ ရှိသမျှ ငွေကလေး ကို ချွေချွေတာတာ နှင့် ပွတ်သီးပွတ်သပ် သုံးစွဲ ပြီးလျှင် ရန်ကုန်မြို့ မှာ ပေအစိတ် တိုက်ခန်း တစ်ခု ငှား၍ သားအမိကလေး နှစ်ယောက် နေထိုင်ရ ရှာလေ၏ ။

ဤကဲ့သို့ ဒုက္ခ တွေ့ကြုံ၍ နေသော အခါ အတောအတွင်း မှာပင် သားဖြစ် သူ က မိမိ ဖခင် အတွက် အမွေ ရထိုက်ကြောင်း နှင့် တောင်းဆိုလေ၏ ။

မိခင် မင်းကတော်ကြီး က မောင့် မှာတော့ ဝတ်လုံပညာ နှင့် လုံလောက်စွာ နေထိုင် စားသောက်နိုင်သည့် ပြင် မောင့် ယောက္ခမများ မှာလည်း ဥစ္စာပေါများ သဖြင့် ဖေဖေတို့ ထံမှာ ရှိတဲ့ ပစ္စည်းကလေး ကို နှိုက်ဖို့ မသင့်ပါ ၊ မောင့် ဖေဖေ သေဆုံး တဲ့ နောက် မေမေတို့ ဒုက္ခ ရောက်နေတာ ကိုလည်း မောင် အသိပင် ဖြစ်ပါတယ် ။ သည် နှမကလေး မျက်နှာ ကိုလည်း ညှာတာဖို့ သင့်ပါတယ် ၊ မောင် က ထောက်ပံ့ ရမယ့် အခွင့် ကြုံနေပါပြီ ။ မထောက်ပံ့ တဲ့ ပြင် သည် ပစ္စည်းကလေး ကို ခွဲပြီး ယူဦးမယ် ဆိုတော့ မေမေ နှင့် နှမကလေး ကို နှိပ်စက်ရာ မကျပေဘူးလား ။ သနားဖို့ အလွန် သင့်လျော်ပါတယ် ဟု တောင်းတောင်းပန်ပန် ပြောဆို ရှာလေ၏ ။ သား ဖြစ်သူ မှာ မိန်းမ ဖြစ်သူ က ပူပူဆာဆာ တိုက်တွန်း၍ ပယောဂ ပူးဝင်နေသူ ဖြစ်သောကြောင့် ထောက်ထားညှာတာဖို့ စိတ်မဝင်စားနိုင်ဘဲ သနားရမည့် အချက်တွင် နှိပ်စက်သော စိတ်တွေ ပေါ်ပေါက်လာသည်နှင့် ကံ နှင့် ကတ္တား ၊ အခြားနားကြီး ပါ မေမေရယ် ။ ပညာ သင်ပေးတဲ့ စရိတ်တွေ လည်း ကျွန်တော် ခေါင်းပေါ် တင်ပြီး မပြောပါနှင့် ။ ဖေဖေတို့ ဝတ္တရား အတိုင်း သင်ပေးရတာ မဟုတ်လား ။ ယခု ကျွန်တော် အမွေ တောင်းတာလည်း ဥပဒေ အတိုင်း အနူးအညွတ် တောင်းခြင်း ဖြစ်ပါတယ် ။ ကျွန်တော် တရားစွဲလျှင် မေမေတို့ မှာ ငွေကုန် လူပန်း စိတ်မချမ်းမသာ မဖြစ်ပေဘူးလား ။ ကြည်ကြည်သာသာ နှင့်သာ ပေးပါဟု မျက်နှာ ခပ်တည်တည် နှင့် ပြောရာ မင်းကတော်ကြီး မှာ လွန်စွာ ဝမ်းနည်းလှသဖြင့် ဝန်ထောက်မင်း ရဲ့ ရှင့် သား ရက်စက်ပုံ ကို ကြည့်လှည့်ပါဦး ဟု ပြောဆိုကာ ဝမ်းနည်းပက်လက် နှင့် ငိုယိုသည် တွင် သမီး တင်မလေး က လည်း လိုက်၍ ငို ရှာလေ၏ ။

သား ဖြစ်သူ မှာ လည်း မိခင် ကို သနားသောစိတ် အနည်းငယ်မျှ မရှိ ၊ ငိုနေ လို့ ပြီးမှာ မဟုတ်ဘူး မေမေ ။ ဥပဒေသဘော နှင့် ကျွန်တော် တောင်းတာကို မတရား ဘူးလို့ ဆိုချင်ပါသလား ။

( မိခင် ) “ မောင် ဥပဒေ တတ်မှန်း ရုံး ကျွမ်းကျင်မှန်း ကို သိပါတယ် ။ မောင် တတ်တဲ့ ပညာ က မေမေတို့ ကို နှိပ်စက်ဖို့ ဖြစ်နေတာပဲ ။ သည် နှမကလေး မျက်နှာ ကို ထောက်ဖို့ သင့်ပါတယ် ”

( သား ) ကိုယ့် ဝန် ကို ကိုယ် ထမ်း ၊ ကိုယ့် လမ်း ကိုယ် သွား ၊ ကိုယ့် ဟာ ကိုယ်  စားတဲ့ လောကကြီး ပါ မေမေ ။ သည် နှမကလေး ဟာလည်း သူ အိမ်ထောင် ကျတဲ့အခါ မောင့် ကို ညှာတာမှာ မဟုတ်ပါဘူး ”

( မိခင် ) “ မွေးကျေးဇူး နပ်လှပါပေါ့ ” ဟု ပြောဆို ပြီးလျှင် သား ကို တောင်းပန် ၍ မရသည် နှင့် လူကြီးကြုံရာနှင့် ထိုက်သလောက် ဝေစု အမွေ ခွဲ၍ ပေးလိုက်ရလေ၏ ။ ကျန်ရစ်သော ပစ္စည်း ထဲမှ ဆိုင်ရာ ခွဲပေးလိုက်ရ သဖြင့် တစ်ဖန် ငွေအင်အား နည်းပါး ပြန်သည် နှင့် သားအမိကလေး နှစ်ယောက် မှာ သာ၍ပင် အနေအထိုင် ကျဉ်းကျပ်ရှာ ကြပြန်လေ၏ ။

မြို့အုပ်မောင်လွင် မှာ လည်း  ( တောမီးလောင် တောကြောင် လက်ခမောင်း ခတ် ) ဆိုသော ထုံးကဲ့သို့ စိတ်နှလုံးရွှင်စွာနှင့် တစ်ခါဖြင့် ငါ ဆင်တဲ့ စက်ကြီးဟာ လည်တော့မှာပဲ ။ တင်မလေး မှာ ဖခင် ဆုံးပြီး ရှေးကလို တော့ မာနိုင်ဖို့ရာ လမ်း မရှိ တော့ဘူး ။ တင်မလေး ငါ့ လက်က လွတ်ပြေး နိုင်ဦးမလား ၊ ( တစ်ဦး ကောင်းစားဖို့ တစ်ဦး ပျက်စီးရ ) ဆိုတဲ့ စကားကြီး ဖြင့် ဆိုက်နေတော့တာပဲ ။ သည် တစ်ပွဲတော့ ကောင်းကောင်းကြီး နွှဲလိုက်ရမည် ဟု စိတ် ထဲက ဝမ်းမြောက်ဝမ်းသာ နှင့် တင်မလေး နှင့် အကြောင်း ဆက်သွယ်ရန် ကိုသာ ကြံစည်ဉာဏ် ထုတ်၍ နေလေ၏ ။ အလုပ် အားလပ်ခွင့် ရသည့်အခါ ရေတာရှည်မြို့ မှ ရန်ကုန်မြို့သို့ တင်မလေး နှင့် တွေ့ရန် လာလေ၏ ။ မင်းကတော်ကြီး နှင့် အရောတဝင် ရှိအောင် ပြောဆိုပြီး မျက်နှာ မငယ် ရအောင် အားပေး၍ နေလေ၏ ။ မိမိ လက်မှာ ပိုမို၍ ရရှိသော ငွေများ ကို လည်း တင်မလေး မိခင်သို့ ပေးကမ်း ပြီးလျှင် အထူးအဆန်း လက်ဆောင်များ ကိုလည်း ဝယ်ခြမ်း၍ ပေးလေ၏ ။ ရှေးအခါက ထင်သလို သုံးစွဲလေ့ရှိသော မြို့အုပ်မောင်လွင် သည် မျှော်မြင်စရာ လာဘ်ကြီး ရှိနေသောကြောင့် ရှေးကလို သုံးစွဲ ဖြုန်းတီးခြင်း မရှိပဲ စုနိုင်သမျှ စု ၍ စစ်စစ်ဖုဖု ငွေဝင်လမ်း ရှိသမျှကို ရအောင် အားထုတ် ပြီးလျှင် တင်မလေး အိမ်သို့ ပို့လျက် ငွေထုတ် နှင့် ပေါက်၍ လှည့်ရန် အရေးတကြီး ကြံစည် နေလေ၏ ။ သမီး ကို ချိန်ရွယ်၍ ပစ်လွှတ် လိုက်သော ဘွဲ့ဖြူလက်နက်တွေ ဖြစ်ကြောင်း ကိုလည်း သိရှိပြီး ဖြစ်သည်နှင့် မင်းကတော်ကြီး စိတ် ထဲမှာ သမီး ကို မောင်လွင် နှင့် ထိမ်းမြားရန် သဘောတူ လျက်ပင် ရှိလေသည် ။

မောင်လွင် မှာ တင်မလေး မက်စိတ် နှင့်သာ အချိန် ကုန်၍ အလုပ် ကို ကောင်းမွန်စွာ မလုပ်နိုင်ဘဲ ရှိသဖြင့် ကြွေးတင်သော အလုပ်များသည် တစ်ပုံတစ်ခန်းကြီး ကျန်၍ နေလေသည် ။ ရှေးအခါက ငွေ အပို ဝင်ရန် လမ်းပေါက်လမ်းစ မရှိသော် လည်း တင်မလေး ကို အပိုကြေး များများ ပေးလိုသည် အတွက် နှင့် လာဘ်လာဘ အပိုအမို ရနိုင်သော လမ်းများ ကိုလည်း လိုက်စားလျက် ရှိလေရာ စိတ် ထဲ၌ ဥပါဒါန် ရောဂါ စွဲကပ်လျက် ရှိနေသူ ဖြစ်သောကြောင့် မိမိ ငွေယူမိသော လမ်းပေါက် လမ်းစများ ကို ပိပိရိရိ သိုသိုသိပ်သိပ် ပိတ်ဆို့ ဆီးတားရန် သတိ မရနိုင်အောင်ပင် ရှိလေ၏ ။

ဤသို့ ဖြစ်ပျက်နေသည့် အတောအတွင်း မှာ မယားကြီး ခင်ခင် ၏ ဖခင် ဝန်ထောက်ကြီး သည် ခေတ္တ အရေးပိုင်ရာထူး နှင့် တောင်ငူ သို့ ပြောင်းရွှေ့ လာရ လေ၏ ။ ထိုသို့ အရေးပိုင်မင်း သည် မိမိ သမီး အပေါ်မှာ အသက်သေဆုံးသည် တိုင် အောင် မကြင်မနာ နှိပ်စက်သော မောင်လွင် အပေါ်မှာ မခဲမကျေနိုင်ဘဲ ရှိခဲ့ရာ မောင်လွင် ၏ နယ် ပေါ်မှာ အုပ်ချုပ်သော အရေးပိုင်ရာထူး နှင့် ပြောင်းရွှေ့လာခဲ့ရ သဖြင့် မောင်လွင် ကို လက်စားလှလှ ချေရန် အချက်ကြီး ကို ကောင်းကောင်း လက်ကိုင်မိ လေ၏ ။

မောင်လွင် က မိမိ အပေါ် မှာ အညှိုးထားရင်း ရှိကြောင်းကို သိရင်းပင် ဖြစ်သော်လည်း သူ့ အပေါ် မှာ အလွန် ရက်စက်လိမ့်မည် မထင် ။ ခင်ခင် က မွေးခဲ့သော သမီးကလေး မျက်နှာနှင့် အကြင်အနာတရား ထိုက်တန်ပါ ရဲ့ ဟု တွေးတောရင်း လုပ်မြဲတိုင်း လုပ်ကိုင်၍ နေလေသည် ။

အရေးပိုင်မင်း က တစ်စတစ်စ အပြစ် ရှာ၍ လာရာ ၊ အခွင့်ခံမည် ကြံပါ သော်လည်း တင်မလေး ထံ ကလည်း စကား မသေချာသေး ၊ အခွင့်ခံ သွားလျှင် ငွေဝင်လမ်း မရှိ၍ ထောက်ပံ့နိုင်ရန် ခက်ခဲသဖြင့် တင်မလေး က မျက်နှာ လွှဲလျှင် သာ၍ ဒုက္ခ ရောက်လိမ့်မည် ဟု သဘောပိုက် ပြီးလျှင် သတိဝီရိယ နှင့် သာ လုပ်ကိုင်၍ နေလေသည် ။

ထို့နောက် မကြာမီ အတွင်း၌ပင် ယောက္ခမဟောင်း အရေးပိုင်မင်း က မိမိရရ အချက် ကို ရှာ၍ ရုံးနှင့် ဆိုင်ရာ အလုပ်ဝတ္တရားများ ကို ကျေပွန်စွာ မလုပ် ကိုင်သော အကြောင်း နှင့် ထုချေချက် တောင်းပြီး လျှင် သက်သေ လုံလောက်စွာ နှင့် စီစဉ်၍ လာဘ်စားမှု ဖြင့် တရားစွဲ ဆိုလေ၏ ။ ထိုသို့ စွဲဆိုသော အမှု မှာ သက်သေအများ နှင့် ထင်ရှားလျက် ရှိနေ သောကြောင့် မြို့အုပ်မောင်လွင် မှာ ယောက္ခမဟောင်း အရေးပိုင်မင်း ထံသို့ သွားရောက် တောင်းပန်ပါသော်လည်း “ ခလုတ် ထိမှ အမိ တ ၊ အရေး ရှိမှ သတိရ ”  ဆိုတဲ့ လူမျိုး ဆိုတာ တစ်ခါခါ တော့ ဘေးတွေ့တတ်တာမျိုးပဲ ။ မင်း ပြုလုပ်ခဲ့ သမျှသော အပြစ်များ ကို ပြန်၍ စဉ်းစားလျှင် ယခု တွေ့ရမယ့် ဘေးဟာ ကြီးလေးနစ်နာလိမ့်မယ်လို့ မဆိုထိုက်ပါဘူး ။ ခါးတောင်းကျိုက်ပြီး မခံရဲဘူးလား ။ ပြုဝံ့ လျှင်လည်း ခံဝံ့ရဲရ မတဲ့ ။ မောင် တောင်းပန်တဲ့ အတွက် သနားပါရဲ့ ။ ကျွန်ုပ် က လည်း သနား သော်လည်း အစိုးရ ဥပဒေ က မသနားဘူး ထင်တယ် ။ ကျွန်ုပ် လည်း မှန်တဲ့ လမ်း မှတစ်ပါး မတရားတဲ့ အမှု ကို ဘယ်တော့မှ မပြုဘူး ။ စိတ်ချလို့သာ ပြန်ပေတော့ ဟု ချိုချိုသာသာ နှင့် ခပ်နာနာ ပြောလေ၏ ။

မောင်လွင် မှာ အားကိုးရာမဲ့ ဖြစ်၍ ပြန်လာခဲ့ရလေ၏ ။ မောင်လွင် ၏ စိတ် ထဲမှာ မိမိ အပြစ်ခံရမည့် အတွက် မကြောက်လှချေ ။ သို့ရာတွင် အပြစ် ခံနေရတဲ့ အခိုက်မှာ တင်မလေး ကို အခြားသူ ၏ လက်သို့ ရောက်သွားမည် အရေး ကိုသာ တွေးတောပူပန်ကာ နေရှာလေ၏ ။ မောင်လွင် ၏ အမှု ကို ယောက္ခမဟောင်း ဖြစ်သူ အရေးပိုင်မင်း က စီရင်လေရာ ခပ်နာနာ စီရင်လိုက်မည် ကြံသော်လည်း မြေးမလေး မျက်နှာ ကို သွား၍ မြင်ပြန်သည်နှင့် အာဏာကုန် လွှတ်၍ မစီရင်ဘဲ မြို့အုပ်ရာထူး မှ လျှောချသော အပြစ်လောက် ကို သာ စီရင်လိုက်လေ၏ ။

မောင်လွင် မှာ ရာထူး ပြုတ်သည့် အတွက် ကိစ္စ မရှိလှ ၊ တင်မလေး ကို ရမှရပါတော့မလား ဟု စိုးရိမ်ပူပန်ခြင်း က ပြင်းထန်စွာ နှိပ်စက် ပြီးလျှင် ရှက် ကလည်း ရှက် ၊ မျက်နှာ ကို လည်း မပြဝံ့သည် နှင့် တစ်လ လောက် စစ်ကိုင်းတော င်သို့ ဇာတ်မြှုပ်ခါ နေလေ၏ ။

မောင်လွင် ၏ အကြောင်း ကို သတင်းစာတွင် ပါ၍ ကြားသိသောအခါ ရန်ကုန် တင်မလေး က မေမေ့ လူ သတင်း ကို ကြားလို့ တော်သေးရဲ့လား ၊ ကံကောင်းလို့သာ တင်မလေး မမှားဘဲ ရှိရတယ် ။ မေမေ တိုက်တွန်းတုန်း က ကျွန်မ တစ်ခါတည်း နားထောင်လိုက်မယ် ဆိုရင် ယခုအခါ မြို့အုပ်ကတော် ကျကလေး ဖြစ် မနေဘူးလား ။ ဆိုးတဲ့ လူဆိုတာ သူ့ ဝါသနာ အတိုင်း အကျိုးပေးမြဲပဲ မေမေ ရဲ့ ဟုပြောရာ မိခင် မင်းကတော်ကြီး ကလည်း ငေး၍ ခေါင်းညိတ်ကာ နေရလေ၏ ။

နောက် တစ်လကျော်ကျော် လောက် ရှိသောအခါ ရန်ကုန်မြို့ သို့ မောင်လွင် အမှတ်တမဲ့ ရောက်လာ ပြီးလျှင် မင်းကတော်ကြီး ထံသို့ ဝင်၍ တင်မလေး ကို ရလို ရငြား ၊ ခခစားစား ၊ မျက်နှာ အောက်ချကာ ပြောဆိုသည် တွင် မင်းကတော်ကြီး သည် ရှေးကလို မျက်ချို မထားပဲ အဖက်မတန် ထင်သော အမူအရာ နှင့် သမီး ကို ပြောလို့ လည်း မရပါဘူးကွယ် ။ သူ့ သဘော မပါတာကို ဘယ်မှာ ဒေါ်ဒေါ် က တိုက်တွန်းလို့ ရမလဲ ။ မောင် လည်း ဒေါ်ဒေါ်တို့ အိမ် ကို ခဏခဏ ဝင်ထွက် သွားလာဖို့ မတော်ဘူး ထင်ပါတယ် ။ ဒေါ်ဒေါ် တို့မိ န်းမသားချည်း နေတဲ့အခါ ယောက်ျား အဝင်အထွက် များပြီ ဆိုမှဖြင့် အိမ်နားနီးချင်း က စပြီး ပြောချင်ဆိုချင် ရှိကြပါတယ် ။ လူ ဆိုတာ အလိုက် သိရသကွဲ့ ဟု ပြောလိုက်လေ၏ ။

မောင်လွင် က ယခုလို အမိန့်ရှိတာ ဝမ်းနည်းပါရဲ့ ခင်ဗျာ ။ ဒေါ်ဒေါ် တို့ က ရာထူးကလေး ရှိမှ အဖက် လုပ်ချင်တာကိုး ။ အရာ ပြုတ်တော့ အရေ လည်း စုတ်သွား လို့ ဒေါ်ဒေါ်တို့ က အဖက် မလုပ်ချင်ဘဲ နေကြတာပေါ့လေ ။ ရှိပါစေတော့ ခင်ဗျာ ၊ ကျွန်တော် လည်း အညွန့် တစ်ခါတုံး သွားတာ မဟုတ်သေးပါဘူး ။ ကျွန်တော့် ပညာ နှင့် လုံလောက်စွာ နေထိုင်ပြီး သားမယား တစ်ယောက် ကိုတော့ အရေအရောင် တောက်အောင် ပြင်ဆင် ကျွေးမွေးနိုင်ပါသေးရဲ့ ဟု ပြောဆိုပြီး အိမ်ပေါ် မှ ဆင်းသွား လေ၏ ။ ထို့နောက် မောင်လွင် သည် ဂျပန်နိုင်ငံ သို့ သွား၍ ကူးသန်းရောင်းဝယ်ရေး နှင့် လုပ်ကိုင် ကြီးပွားနေသည် ဟု သတင်း ကြားသိရလေ၏ ။

တင်မလေး တို့ မှာလည်း လက်ရှိ ပစ္စည်းကလေးများ ကိုသာ အဝင် မရှိဘဲ တတိတိ ချွေ ၍ သုံးစားလာရာ လုံးပါးပါး ၍ ပစ္စည်းအင်အား နည်းပါးခြင်း သို့ ရောက်ရှိကြလေ၏ ။ ဝန်ထောက်သမီး ဖြစ်သည့် အတွက် လုပ်ကိုင်စားသောက် ရမှာ လည်း ခပ်ရှက်ရှက် ရှိသဖြင့် ဣန္ဒြေ မပျက်အောင် ဟန်ဆောင်၍ နေရလေ၏ ။ တင်မလေး သည် လိမ္မာ ၍ ရုပ်ချောသူ ဖြစ်လေသည် ။ ဝန်ထောက်သမီး ဆိုသော ဂုဏ် ကလည်း တန်ဆာ ဆင်လျက် ရှိသောကြောင့် အရွယ် လွန်ပြီးသော မုဆိုးထီး အရာရှိများ နှင့် ပင်စင်စား အဘိုးကြီး တို့က မကြာမကြာ လာ၍ စပ်ဟပ်ကြလေ၏ ။ သို့ရာတွင် တင်မလေး က မူ သည် ဘဝမှာ အပျိုစစ် အဖြစ် နှင့်သာ ဂုဏ် လုပ်၍ စိတ်ကြီး ဝင်နေတော့မည် ။ ယောက်ျား ၏ အလုပ်အကျွေး မပြုလိုဘူး ၊ အပျို အဖြစ် နှင့် ဆင်းရဲခြင်းသည် အိမ်ရှင်မတို့ ၏ ချမ်းသာ ထက် ပြောင်ပြောင်လက်လက် သန့်သန့်ရှင်းရှင်း ရှိသေးသည် ဟု ပြောဆိုကာ စပ်ဟပ် လာသမျှတို့ ကို ငြင်းပယ်၍ နေလေ၏ ။

တင်မလေး ကို စပ်ဟပ်ကြရန် လာသော သူတို့ လည်း အတော်ပင် များ လေ၏ ။ သို့ရာတွင် တကယ့် မေတ္တာ နှင့် ပစ္စည်းဥစ္စာ ပြည့်စုံသူ  ၊ ဂုဏ်ကျက်သရေ ပြည့်စုံသူများ မရှိလှဘဲ ( မြေနိမ့်ရာ လှံစိုက် ) ဆိုသလို တင်မလေး အပေါ်မှာ အရုပ် အရည် ကိုသာ ကြည့်၍ ကြောရုံ နှပ်ရုံမျှ သွေးဆောင် လာကြသောသူများ သာ ဖြစ်လေ သည် ။ ဤကဲ့သို့ ဖြစ်ရခြင်းသည်ကား တင်မလေး မှာလည်း တစ်နှစ် ထက် တစ်နှစ် အသက်အရွယ် က ကြီး၍ သွားသည့်ပြင် ဥစ္စာပစ္စည်း ရှားပါးပြီး ပစ္စည်းအင်အား ယုတ်လျော့ သွား သဖြင့် မိန်းမကျက်သရေ အတိုး နည်း၍ သွားသောကြောင့် ပင် ဖြစ်လေသည် ။

ဤ အတောအတွင်း၌ တောအရပ် မှ မကြာမီက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ၍လာသော ဦးရွှေလူ ခေါ် ပွဲစားအဘိုးကြီး တစ်ယောက် က တင်မလေး အပေါ်မှာ မျက်စိကျ သဖြင့် မင်းကတော်ကြီး သို့ သမီး တင်မလေး နှင့် အကြောင်းဆက်ဆံ လိုကြောင်း ၊ သူ့ မှာ မယားကြီး သေဆုံး သဖြင့် အလွတ်အလပ် ဖြစ်ကြောင်း ၊ သူ့ မှာ ငွေ သုံးသိန်းကျော် ရှိသဖြင့် အကယ်၍ တင်မလေး ကသာ သဘော ကြည်ဖြူပါလျှင် သော့ အပ်ပါမည် အကြောင်း နှင့် နားအဖောက် ခိုင်းသဖြင့် ငွေရသော အောင်သွယ် များ က မင်းကတော်ကြီး ထံသို့ နေ့စဉ် လိုလိုပင် ပြောဆို ကြလေ၏ ။ ပစ္စည်းဥစ္စာ မှ စ၍ ဝတ်စားတန်ဆာများ ကိုလည်း အမျိုးမျိုး ပေးကမ်းလေသည် ။ ( တိုက်တွန်းပါ များလျှင် သံပြား သော်မှ ပြတ်လေရ ။ အပြော သန်လျှင် ငြင်းဆန်သူ မှ ပျော့ပျောင်း ရ ) ဆိုတဲ့ အတိုင်း အမျိုးမျိုး လှည့်ပတ် ဝိုက်သန်းကာ ပြောဆို နားသွင်းကြလေရာ ၊ တင်မလေး မှာ မိခင် မျက်နှာ ကိုလည်း ထောက်ထား အားကိုးရာ မဲ့သည့် အခိုက်နှင့် ကြုံကြိုက်လျက် ရှိနေသောကြောင့် ဪ သည် ဘဝ မှာဖြင့် အညွန့်အစ ထွက်ဖို့ လမ်းမရှိပါဘူး ။ တုံးတိတိ နှင့်ပဲ လက်စသိမ်း လိုက်ပါတော့မည် ။ မေမေ့ ပါရမီ ကို ဖြည့်ပါတော့မယ် ။ ငွေမက်တဲ့ သမီးမို့ အဘိုးကြီး ကို မျက်စိမှိတ် ကြိုက်တယ်လို့ ဆိုချင် ဆိုပါစေတော့ဟု သန္နိဋ္ဌာန် ချပြီးလျှင် အများသဘော သို့ လိုက်၍ အဘိုးကြီး ကို ကြိုက်ရရှာလေ၏ ။

တစ်နေ့သောအခါ အဘိုးအိုကြီး က “ မိန်းကလေးရ ရှင်မ ရဲ့ နေစမ်းပါ ဦး ။ စကား တစ်ခွန်းလောက် မေးစမ်းပါရစေ ။ အမိတို့ ငယ်ငယ်တုံးကများ ကလေး ဘာဝ ရည်းစားသနာများ မထားခဲ့ဘူးလား ”

( တင်) “ အို အဘိုးကြီး ကလည်း သွားကျိုးပါးကျိုး နဲ့ ၊ ကလေးကလား နိုင်လိုက်တာ ၊ ဘယ်က ထားဖူးရမလဲလို့ ”

( အဘိုး ) “ မဟုတ်ပါဘူးအေ ။ စိတ် မဆိုးပါနဲ့ ။ နို့ မြို့အုပ်မောင်ဘလွင် နဲ့ ဘာကလိုတိုတို ကြားမိသလားလို့ မေးမိပါတယ် ရှင်မရာ ။ စိတ် ကလည်း တိုထားသဟာ လွန်လို့ဟ ”

( တင် ) “ မောင်ဘလွင် နဲ့ မဟုတ်ပါဘူး ။ သူ က သာ ကြိုက်နေတာပါ ။ ဒီက ဘယ်လိုမှ သဘော မထားပါဘူး ။ တော်ပါရှင် ဒီအကြောင်းတွေ မပြောပါနဲ့ ၊ နားခါးပါတယ် ”

( အဘိုး ) “ အနို့ အခုအခါများ အဲဒီ မောင်ဘလွင် လာလျှင် ဘယ့်နှယ် လုပ် မတုန်းဗျ ”

( တင် ) “ အို အဘိုးကြီး ကလည်း စကားတွေ ရှည်လိုက်တာ ။ သူ့ ဘာသာ သူ လာတာ ဘယ့်နှယ် လုပ်ရဦးမလဲရှင် ။ မကြည့်ဘဲ နေလိုက်မှာပေါ့ ”

( အဘိုး ) “ အေးပါဗျာ ၊ နောက်တော့သာ မောင်မောင် ရဲ့ ကိုယ်တော် ရဲ့ လုပ်ပြီး မနေပါနဲ့ ။ ဪ တင်မလေး တင်မလေး ဟဲ့ ။ ဟို ငယ်စဉ် အခါတုံးကတော့ မာနတွေ ထောင် လိုက်တာ လွန်လို့ ။ သူ့ မိဘများ ကလည်း သမီးချော အတွက် မာန် တက်ပြီး ဘယ်သူဟာဖြင့် ငါ့ သမီး နဲ့ အဖက်လား အယက်လား ။ ဘယ်သူ့ သား ဟာကော ငါ့ သမီးနဲ့ တန်သလား ဘာလားညာလား နဲ့ ။ မာန်ဖီ နေလိုက်ကြတာ ။ နောက်ဆုံး တစ်နေ့မှာ အဘိုးအို ရဲ့ မယားကလေး ဖြစ်ရတာဘဲ ၊ ဒါကြောင့် ( တက်ကြွား - ကြွကြွ - ထောင်လွှားကလည်း လျှောကျ နောက်ဆုံး ရှိချေ၏ ) ဆိုတာလို ဖြစ်ကုန်တာပဲ ။ နောက်ပြီး မိဘများ ၏ အကျင့်ဝတ္တရား မှာ လည်း ( ပန်းမန် ပွင့်ကောင်း ၊ မသင့်ကောင်း ၊ သမီးကညာ - ရတနာ ၊ အခါ ဖင့်နှောင်း ၊ မလင့်ကောင်း ) ဆိုတဲ့စကား ။ နောက်ပြီး ( ပန်းကောင်းပန်းမွန် ၊ အချိန်လွန်သော် ၊ စွန့်သွန်ပန်းမှိုက် ၊ မနှစ်ခြိုက် ။ သမီးကညာ ၊ ရတနာမွန် ၊ အချိန်လွန်သော် ၊ မစွန်လူဝယ် ၊ လွှဲဖယ် ငြင်းဆန် ၊ ဖိုးမတန် ) ဆိုတဲ့ စကားတွေ ကိုလည်း သူတို့ မိဘများ ဟာ ကြားဖူးဟန် မတူပါဘူး ။ အို ရှင်မ ရဲ့ ။ ငြိမ်ချက်သား ကောင်းလှပါကလား ။ ဩော် အိပ်ပျော်သွားပြီ ထင်ပါရဲ့ ဟု ပြောဆိုပြီးလျှင် နောက်ထပ် မနှိုးတော့ဘဲ အိမ် ပေါ်သို့ တက်သွားလေ၏ ။

“ မတင်မလေး မတင်မလေး ” ဟု မိမိ ပခုံး ကို ကိုင်လှုပ်၍ နှိုးနေ သဖြင့် မျက်စိ ကို ဖွင့်၍ ကြည့်လိုက်ရာ ။ ပထမ ၌ ဒီ လူကို ငါ မြင်ဖူးပါတယ်လေ ဟု အောက်မေ့ သော်လည်း နောက်ဆုံး၌ ထိုသူ သည် မြို့အုပ်မောင်လွင် ဖြစ်ကြောင်း ကို သိရလေ ၏ ။

မောင်လွင် က “ အို ဘယ့်နှယ်ကြောင့် ဒီလောက် ကြည့် နေရသလဲဗျာ ။ ကျုပ် ကို မမှတ်မိတော့ဘူးလား ။ မောင်လွင် လေ ဘလွင် ရယ်ဗျာ ။ နှမ ရဲ့ အချစ် ပေါ့ ”

( တင် ) “ အို ဘယ့်နှယ် လူတုန်းရှင် ။ ကျွန်မ မှာ အရင်လို လွတ်လပ်တဲ့ အပျို မဟုတ်တော့ပါဘူး ။ အရမ်း မပြောပါနဲ့ ရှင် ”

( လွင် ) “ အဘိုးကြီး နဲ့ အိမ်ထောင် ကျပြီ ဆိုတာ ကျုပ် သိပါတယ် ။ နို့ပေတဲ့ ကျုပ် က ရှေးက လိုဘဲ ရွယ်တူချင်း မို့ ပြန်ပြီး ပေါင်းရန် ပြောချင်လို့ပါ ။ ကျုပ် မှာလည်း ငွေ သုံးသိန်း လောက် ပါလာပါတယ် ”

( တင် ) “ ဘယ်လောက်ပဲ ပါတော့ ၊ အခုမှဖြင့် အဘိုးကြီး ကိုပဲ ပေါင်း တော့မယ် ။ လူပျိုစစ်ကလေး မိုးကျရွှေကိုယ် ပဲ ဖြစ်ပါစေ အဘိုးကြီး ကို ပစ်ပြီး ယူမယ် လို့တော့ မအောက်မေ့ပါတော့ဘူး ။ ဒီလို မေတ္တာမျိုးနဲ့ ဖြင့် ရှင် လည်း မလာပါနဲ့တော့ ။ စိတ် လည်း မရှိပါနှင့် ရှင် ။ ကုသိုလ်ကံ ပဲလို့ အောက်မေ့ပါတော့ ” ဟူ၍ မင်မောင်း နှင် စကား ပြောကြား သော်လည်း မောင်လွင် မှာ များစွာ သဘောကျ သော အနေဖြင့် နောက် လှည့်၍ ပြုံး ပြီးလျှင် “ ဒါဖြင့် ကောင်းပါပေါ့ဗျာ ။ နို့ ခင်ဗျား ရဲ့ အဘိုးကြီး နဲ့ တွေ့ချင်ပါသေးတယ် ” ဆို၍ အိမ်ပေါ် သို့ တက် သွားလေ၏ ။

တင်မလေး လည်း မကြာမီပင် အိမ် ပေါ်သို့ တက်လိုက်သွားလေရာ အဘိုးကြီး သည် အခန်း ထဲ မှ ပြုံး၍ ထွက်လာသည် ကို တွေ့ရလေ၏ ။

ထိုအခါ တင်မလေး က “ အခု ဒီ အိမ်ပေါ် ကို လူတစ်ယောက် တက်လာတာ မမြင်ဘူးလား ”

( အဘိုးကြီး) “ မတွေ့ရပါဘူးဗျာ ။ ဘယ်က လူတုန်း ။ ဘယ်အရွယ် လောက် ရှိသတုန်း ” ဟု မေးရာ ...

တင်မလေး မှာ များစွာ အံ့ဩသော မျက်နှာနှင့် တောင်မြောက်လေးပါး သို့ ကြည့်ရှုပြီးလျှင် ဪ ဒီ လူဟာ ဂျပန်ပြည် မှာ ငါ့ ကို စိတ်စွဲပြီး သေလို့ ငါ့ဆီ လာပြီး ကိုယ်ယောင် ပြတာပဲလေလား ဟု တွေးတော ပြီးလျှင် မိမိ ရှေ့၌ ရပ်လျက် နေသော အဘိုးကြီး ကို တစ်ဖန် ပြန်၍ ကြည့်လိုက်ပြန်ရာ ရှေးကထက်ပင် အံ့သြ ပြီး အနည်းငယ် ကြောက်ရွံ့သည် နှင့် နောက်သို့ တစ်လှမ်း နှစ်လှမ်း မျှ ဆုတ်ခွာသွားလေ ၏ ။ အကြောင်းမူကား မိမိ ရှေ့၌ ရပ်လျက်ရှိသော အဘိုးကြီး သည် ရုတ်တရက် ရုပ်ပြော င်း၌ မောင်လွင် ဖြစ်နေသောကြောင့်ပေတည်း ။ ထို့နောက် မှ မောင်လွင် က ရုတ်တရက် လက် ကို ဆွဲလိုက် ပြီးလျှင် ..... ။ အို ဘယ့်နှယ်ကြောင့် နောက်ကို ဆုတ် ပြေးရသလဲ ။ ရှင်မ မိန်းကလေး ရာ ။ ကျုပ် ကို တစ္ဆေ မှတ်နေသလားဗျ ဟု အဘိုးကြီးသံ နှင့် ပြောလိုက်လေရာ ။ တင်မလေး မှာ အထူးသဖြင့် အံ့သြသော မျက်နှာ နှင့် ကြည့်ပြီးလျှင် မည်ကဲ့သို့မှ ပြန်၍ မပြောဘဲ နေလေ၏ ။

ထို့နောက် မောင်လွင် က အဘိုးကြီးဦးရွှေလူ သည် မိမိ ပင် ဖြစ်ကြောင်း ။ မိမိ သည် မြို့အုပ်ရာထူး ကျသွားပြီး နောက် ဂျပန်ပြည် သို့ သွား၍ ကူးသန်းရောင်းဝယ် နေရာ ပစ္စည်းဥစ္စာများ မှာ ဒီရေအလား ကဲ့သို့ တိုးတက်လာကြောင်း ၊ ထိုအတွင်း မှာပင် လောကဓာတ်ဆရာ တစ်ဦး နှင့် ပေါင်းသင်းမိသဖြင့် ဤကဲ့သို့ ရုပ်ပြောင်းပညာ ကိုလည်း တတ်ရကြောင်း ၊ ဂျပန်ပြည် မှာ ၇ နှစ်မျှ ကြာသော်လည်း တင်မလေး ကို တစ်နေ့မှ မမေ့ဘဲ အမြဲပင် လွမ်းဆွတ်လျက် ရှိနေပါကြောင်း ၊ သို့ဖြစ်၍ ယခုအခါ မူလ ရုပ်အတိုင်း နှင့် ပြန်လာလျှင် တင်မလေး က မေတ္တာ မရှိဘဲ နေမည် စိုး၍ ဦးရွှေလူ ဟူသော အမည်နှင့် အဘိုးကြီး ကဲ့သို့ ပြုလုပ်လာရကြောင်း ၊ တင်မလေး ၏ စိတ်ထားများ သည် လွန်စွာ တည်ကြည်ဖြောင့်မတ်ကြောင်း စသည် တို့ ကို ကရား က ရေလွှတ် သလို တတွတ်တွတ် နှင့် ပြောနေစဉ် အဖွားအို တစ်ယောက် နှင့် ၁၄ နှစ် ရွယ်ခန့်ရှိ သူငယ်ပျိုမကလေး တစ်ယောက် သည် မိမိတို့ အိမ်ပေါ် သို့ တက်လာသည် ကို တွေ့မြင်ကြလေရာ မောင်လွင် သည် ရုတ်တရက် ထ၍ “ ဟော ကျုပ် သမီးကလေး များ လာကြပြီ ” ဟု ပြောဆို ပြီးလျှင် ခရီးဦးကြို ခေါ်ဆို နှုတ်ဆက်စကား ပြောကြား လေ၏ ။ အဘွားအိုကြီး မှာ မယားကြီး ခင်ခင် ၏ မိခင်ကြီး ဖြစ်သည်နှင့် နောက်နောက် က ဆိုးခဲ့သော အကြောင်းအရာ တို့ ကို ပြန်ပြောင်း ပြောဆိုကာ နေကြလေသည် ။ ထိုသို့ ပြောဆိုကြသော နောက်ဆုံး စကားမှာ တင်မလေး ၏ အကြောင်းများပင် ဖြစ် ကြောင်း ၊ ၎င်း မလေးမှာ ငယ်ရွယ်စဉ် အခါက မိဘ ၏ ဝတ္တရားများ ပျက်ကွက်ခဲ့ ကြသည့် အတွက် မိဘ ၏ အချစ်စိတ် လွန်ခြင်းကို ခံခဲ့ရ သဖြင့် အပျိုဟိုင်းကြီး ဖြစ်ပြီး လျှင် ယခုအခါ လူအို သို့မဟုတ် အိမ်ထောင်ကြီး နှင့်သာ အကြောင်း မျှကြောင်း တို့ကို ပြောဆို ပြီးလျှင် သားအမိသားအဖ တစ်စုတို့မှာ တဟားဟား နှင့် ရယ်မောလျက် နေကြလေသတည်း ။  ။

▢  ရေးသူ - ဆုရ
📖 သူရိယ ဝတ္ထုတိုများ

No comments:

Post a Comment