Thursday, April 24, 2025

ရက်ရောသူများ


 ❝ ရက်ရောသူများ ❞

       ( မေမောင် )


ကိုယ် ကပဲ အရမ်းကြီး နောက်ကျ ကျန် ခဲ့တာလား ၊ သူတို့တွေ ကပဲ အရေးကြီး အဲ .. ဘယ်လို ပြောရမှန်းတောင် မသိတော့ ။ လွန်လွန်း အားကြီးတာ ကတော့ တကယ့်ကို သေချာ ပါသည် ။


အဓိက တရားခံ ကတော့ ကိုယ် နှင့် ရင်းနှီး သော ဂျာနယ်လစ် ကောင်လေးပဲ ဖြစ်ပါလိမ့်မည် ။ သူ့ ဆီ ကသာ ဓာတ်ပုံလေး နှစ်ပုံကို မကြည့်ရဘူး ဆိုရင် ဘာမှ ဖြစ်စရာ အကြောင်း မရှိ ဘူးမို့လား ။ ခုတော့ ဓာတ်ပုံလေး နှစ်ပုံကို ကြည့်လိုက်မိပါရဲ့ ။ ရင်ထဲ မှာ ဘလောင်ဆူ သွား တာဟာ ကြည့်ရတာနဲ့တောင် တန်ရဲ့လား မသိ ။ မျက်နှာ တစ်ပြင်လုံး ရှိန်းတိန်း ဖိန်းတိန်း ဖြစ်ကာ မျက်နှာ ကို ဘယ်နား သွား ထားရမှန်း မသိ ဖြစ်နေ ချိန် မှာ ဓာတ်ပုံ ထဲက ကောင်မလေးတွေ က တော့ မရယ်၏ သို့ ရယ်၏ သို့ ။ 


သေချာ ပြန် စဉ်းစား ရင်တော့ တရားခံ က ကိုယ်တိုင်ပဲ ဖြစ်ဖို့ များပါတယ် ။ ကြည့်ရှုရန် မသင့်လို့ သတ်မှတ်ပြီး မပြတဲ့ ဓာတ်ပုံတွေ ကို ဇွတ်အတင်း ယူကြည့်လိုက်မိတာကိုး ။ အဲဒီ ကောင်လေး က ဂျာနယ်လစ် တစ်ဦး ပီပီ ကင်မရာ တစ်လုံး ၊ ကက်ဆက် တစ်လုံး နှင့် ပွဲတိုင်း တက်ကာ သတင်း ယူပြီး မဂ္ဂဇင်း ၊ ဂျာနယ်များ သို့ သတင်း ပို့သည် ။ ကဗျာလေးတွေ ၊ ဝတ္ထုလေးတွေ လည်း ကြိုကြားကြိုကြား ရေး နေတဲ့ အဲဒီ ကောင်လေး ကို ကိုယ့် ဝန်းကျင် ကတော့ စာရေးဆရာ လို့ပဲ သတ်မှတ် ထားကြပါတယ် ။ ပြီးတော့ ပွဲတွေ မှာ ရိုက်လာတဲ့ သူ့ လက်ရာ ဓာတ်ပုံများ ကို လည်း အမြဲလိုလို ကြည့်နေရသည် ။ လုပ်ငန်းရှင် စီးပွားရေးသမားတွေ ရဲ့ ဓာတ်ပုံတွေ ကို သိပ် စိတ် မဝင်စားပေမဲ့ မင်းသား ၊ မင်းသမီးတွေ ၊ အဆိုတော်တွေ ၊ မော်ဒယ်တွေ ရဲ့ ဓာတ်ပုံတွေ ကိုတော့ စိတ်မဝင်စားသည့်တိုင် အပျင်းပြေ ယူကြည့် ဖြစ်သည် ။ ခုလည်း ရှိုးပွဲ တစ်ပွဲက ပုံတွေ အရမ်းမိုက်လို့ ပြဦးမတဲ့ ။ ကိုယ် ကလည်း ယူခဲ့ပေါ့ ။ တစ်ရက် လည်း မပါ ၊ နှစ်ရက်လည်း မပါ ၊ သုံးရက် လည်း မပါ ၊ ကိုယ် ကလည်း မေ့မေ့ပျောက်ပျောက်ပါပဲ ။ ရှိုးပွဲ က မော်ဒယ်တွေရဲ့ ဓာတ်ပုံ ကြည့်ဖို့ ကိစ္စက အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာလေ ။ 


နောက်တော့မှ တမင် မပြဘဲ ထားမှန်း သိ ခဲ့ရသည် ။ အဲဒီ နေ့က ကိုယ် ဈေးရောင်း နေတုန်း ရောက်လာတဲ့ ဂျာနယ်လစ် ကောင်လေး ဟာ မျက်နှာချင်းဆိုင်ဆိုင် က ကောင်လေး နဲ့ ခေါင်း ချင်းဆိုင်ကာ တွတ်ထိုး နေကြသည် ။ ကိုယ့် ဘက်မှာ ဈေးဝယ် လည်း ရှင်းရော သူတို့ လည်း လူချင်း ခွဲလိုက်ရော ။ ကိုယ် လည်း အမှတ်တမဲ့ ပဲပေါ့ ။ နောက် တစ်ခါ သုံး ၊ လေးရက်လောက် ကြာတော့ မျက်နှာချင်းဆိုင် မှာ ဆိုင်နီးချင်း ကောင်လေးတွေ ရယ် ၊ ဂျာနယ်လစ် ကောင်လေး ရယ် ခေါင်းချင်းရိုက် နေကြပြန်သည် ။ 


ဒါဟာ တစ်ခုခုတော့ တစ်ခုခုပဲ ။ ကောင်လေးတွေ အခုလို တိုးတိုးတိတ်တိတ် လုပ်နေ ကြပြီ ဆိုရင် မဟုတ်တော့ဘူးသာ မှတ်လိုက် တော့ ။ ခု ကြည့်လေ ... အသံ မထွက်စေရဘဲ တစ်ခုခု ကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြပုံ ဟာ သိသာလွန်း နေသည် ။ ဘာရမလဲ ၊ ကိုယ် လည်း ချက်ချင်း သတိရကာ သူတို့ ဘက်ကို ဖျတ်ခနဲ ကူး လိုက်တော့ ဂျာနယ်လစ် ကောင်လေး က ကိုယ့် ထက်တောင် လျင်သေးသည် ။ ဒါပေမဲ့ မြင်လိုက်ပါသည် ။ လွယ်အိတ် ထဲ ကို တစ်ခုခု ထည့် လိုက်တာကိုလေ ။ သူ့ ကိုယ် သူ တော့ ဟန်မပျက်ပေါ့ ။ ဟန်ပျက် နေတာ အသိသာကြီးကို ။


“ ပြပါ ... အခု ချက်ချင်းပြပါ ”


“ ဘာမှ မဟုတ်ပါဘူး ၊ စကား ပြောနေကြတာ ”


တခြား ကောင်လေးတွေ ပြုံးစေ့ စပ်ဖြဲ မျက်နှာလေးများဖြင့် အလျှိုလျှို ဆင်းချသွားကြ သည် ။ ဘာမှ မဟုတ်ဘူး ဆိုတာ လုံးဝ မဖြစ်နိုင် ။ ဒါဟာ ရှိုးပွဲ က ပုံတွေ ပဲ ဖြစ်ရမယ် ။


“ ပြစမ်းပါဟာ ... မင်းတို့ကျ ကြည့်ပြီး ” 


ဂျာနယ်လစ်ကောင်လေး က လွယ်အိတ် ကို တင်းတင်းဆုပ်ရင်း အသက်သာ အသေခံ မယ် ၊ မပြဘူး ဆိုတဲ့ မျက်နှာပေးနဲ့ ။ မျက်နှာချင်းဆိုင် က ကောင်လေး ကတော့ ကိုယ့် အသက်အရွယ် အရရယ် ၊ ကိုယ့်ကို လေးစားယုံကြည်မှု အရရယ် ပြသင့်တယ်လို့ ယူဆတယ် ထင်ပါရဲ့ ။


"ပြလိုက်ပါ အစ်ကိုရာ ။ ဘာမှ မဖြစ်ပါဘူး ” 


“ မကောင်းပါဘူးကွာ ”


“ မင်းတို့ ကြည့်နေ ကတည်း က ကောင်းလို့ ကြည့်နေကြတာပေါ့ ၊ မရဘူး ... ပြ ”


ကိုယ် က မိန်းကလေး ဆိုတော့ အားနာ လို့ပါတဲ့ ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဓာတ်ပုံလေး နှစ်ပုံ ကို ကြည့်ခွင့် ရခဲ့ပါသည် ။ ကြည့် စမ်း .. ဒီကောင် ကိုယ့်ကို အားနာတယ် ဆိုတာ တကယ်ကို ဟုတ်မှာပဲ ။


မော်ဒယ်ကောင်မလေး ကို အပြင် မှာ မမြင်ဖူးပေမယ့် မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေ ထဲမှာ အမြဲပဲ တွေ့နေရတာမို့ ကြည့်လိုက်တာ နဲ့ ဘယ်သူ ဆိုတာ တန်းခနဲ သိသည် ။ နောက်ပိုင်းတော့ တော်တော်ကြီး ကို မှတ်မိအောင် လုပ်ထား ရသည် ။ များပြားလိုက်တဲ့ အဆိုတော်တွေ ၊ မော်ဒယ်တွေ ဆိုတာကလည်း တစ်ယောက် လာ တစ်မျိုး ၊ နောက် တစ်ယောက် လာ တစ်မျိုး နဲ့ ခပ်ညံ့ညံ့တော့ တစ်ယောက် မှ မပါကြပါ ။ အား လုံးဟာ အနု ၊ အလှ ၊ အရွလေးတွေ ချည်း ။ လူ သိ များအောင် ထင်ပေါ် ကျော်ကြားအောင် လုပ်တဲ့ နေရာ မှာ အနုပညာ အဓိက မကျဘူးလား ။ မဂ္ဂဇင်းစုံ ၊ ဂျာနယ်စုံ ဖတ်လေ့ရှိသူ ဆိုတော့ သူတို့ အကြောင်းတွေ ဖတ်ရတိုင်း ၊ သူတို့ ပုံတွေ မြင်ရတိုင်း ဘဝင် မကျတာ က ခပ်များများ ပါပဲ ။ 


တစ်ယောက် က နာမည်ကြီး မင်းသမီး ၊ တစ်ယောက် ကတော့ ဒီနှစ် ထဲ မှာမှ နာမည်ရ လာတဲ့ မော်ဒယ် ကောင်မလေး ။ ဓာတ်ပုံတွေ ကို ကြည့်ရင်း လက်ဖျားပါ မက ခြေဖျားပါ ခါ မိပါသည် ။ မိန်းကလေးချင်း တောင် တအံ့တဩ ရင်သပ်ရှုမော ဖြစ်ရတာ မဟုတ်လား ။ 


နိုင်ငံခြားမင်းသမီးတွေ ၊ ပြည်တွင်းမင်း သမီးတွေ အဆိုတော်တွေ လုပ်ပြသမျှ အဟုတ်ကြီး မှတ်ကာ ဒီက ကောင်မလေးတွေ အကုန် လိုက် လုပ်ပြီး တခြား ပွဲလမ်းသဘင် တွေ မှာ လတ်လျားလတ်လျား လုပ်ကြတာ ထားလိုက် ပါတော့ ။ မဟာမုနိဘုရားကြီး ထဲကို လာတဲ့အခါ မတော်တရော် ဝတ်စားဆင်ယင်မှု ကိုတော့ ရှောင်ကြဖို့ ကောင်းပါသည် ။ 


ကိုယ်တို့ ကရော ကြည့်နေရုံ က လွဲလို့ ဘာ တတ်နိုင်မှာတဲ့လဲ ။ သူတို့ ကလည်း သူတို့ ရဲ့ အပြ အသ ကို လူ ကြည့်လေ ဂုဏ်ယူဝင့်ကြွားလေ ထင်ပါရဲ့ ။ အိမ် က မိဘတွေ က လည်း “ ဟဲ့ ငါ့ သမီး ၊ ဒါနဲ့တော့ မသင့်တော်ဘူး ” လို့ မပြော မဆို မဆုံးမ ကြတော့ဘူးလား ။ ကောင်မလေး တွေကတော့ ဟီရိဩတပ္ပ ဆိုတဲ့ အရှက် အကြောက်တရား ကို တကယ်ပဲ မသိကြတော့ ဘူး ထင်ပါသည် ။


ရင်ညွန့် အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်း ပေါ်နိုင်သမျှ ပေါ်အောင် ဝတ်စားဆင်ယင်မှု ကို အထူး အသားပေး အရေးထား နေကြသူတွေ ကြားထဲမှာ လုံခြုံတာ ရှက်စရာ လို့များ ထင်နေ ကြပြီလား ။ လုံခြုံတာ မပေါ်လွင် မထင်ရှားဘူး ။ လုံခြုံတာ တက်လမ်း မရှိဘူး ။ လုံခြုံတာ အဆင့် အတန်း မရှိဘူး ၊ လုံခြုံတာ အောက်တယ်လို့ များ သတ်မှတ်လိုက်ကြပြီလား ။ ပြလို့ မရတဲ့ နေရာတွေကို တောင် ပြဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြပြီ ။ စင်ပေါ် က တောင် မလုံမခြုံတွေ ဝတ်စား ပြနေမှတော့ စင်အောက် က ဆိုတာ တော့ ပြော မနေနဲ့တော့ ။


မဖြစ်သေးပါဘူးလေ ။ ကိုယ် တစ်ယောက် တည်း ခံစားနေလို့ မဖြစ်သေးဘူး ။ မျှဝေ ခံစား ဖို့ ဆိုင်နီးနားချင်း ကောင်မလေးတွေ ကို လက်လှမ်းမီ သလောက် စုလိုက်သည် ။ ခုနက ကောင်လေးတွေ က ကြည့်ပြီးပြီ ဆိုတော့ ဒီတစ်ခါ တို့ အလှည့် ။


အဲဒီနေ့ က ကိုယ့် ဘဝ မှာ လူပေါင်းလေး ငါးခြောက်ဦး လောက် ရဲ့ မတူညီတဲ့ အာမေဍိတ် သံတွေ ကို ကြားခဲ့ရသော နေ့လေး တစ်နေ့ပဲ ဖြစ်ပါသည် ။ တကယ်တော့ အာမေဍိတ် ဆို တာ အထူးအဆန်း တစ်စုံတစ်ရာ ကို တွေ့လိုက် မြင်လိုက်ရတဲ့ အခါ အံ့သြခြင်း ကြီးစွာနဲ့ နှုတ်ဖျားက အလိုအလျောက် ထွက်ကျ လာတဲ့ စာလုံးလေးတွေပဲ မဟုတ်လား ။ အံ့ဩ ၊ ထိတ်လန့် ၊ ကြောက်ရွံ့ ၊ ချောက်ချား ၊ တုန်လှုပ် ၊ ရွံ့ရှာတဲ့ အခါတွေ မှာလည်း ပါးစပ်ဖျား က စကားလုံး လေးတွေ အလိုလို ထွက်ကျ လာတတ်တယ် လေ ။ အခုလည်း ဓာတ်ပုံ နှစ်ပုံ ကို မြင်လိုက်ရတာနဲ့ ထွက်ပေါ်လာတဲ့ အာမေဍိတ် စကားသံ လေးတွေကို နားထောင် ကြည့်ရအောင် ။ 


“ ဘုရား ဘုရား သံဗုဒ္ဓေ ”


ပထဝီ နဲ့ ရော ဂျာမန် နဲ့ ရော ကျောင်းပြီး ထားသူ ကောင်မလေး ရဲ့ လန့်ဖျပ်ပြီး ဘုရား တသံ ။


“ ဟင် .. သမီး စိတ်ညစ်လိုက်တာ ” 


ဒါကတော့ မြန်မာစာ နဲ့ ကျောင်းပြီး ထားတာ မကြာသေးတဲ့ ကောင်မလေး တစ်ယောက် ရဲ့ တကယ့်ကို စိတ်ပျက်လက်ပျက် မျက်နှာ လေးနဲ့ ပြောလိုက်တဲ့ စကားသံ တိုးတိုးတိမ်တိမ်လေ ။


“ အားလားလားလား ရက်စက်တယ်ဗျာ ၊ တကယ်ပဲ ”


ဒီကောင်မလေး ကတော့ ဒီနားမှာ ဝါရင့်သမ္ဘာရင့် လို့ ပြောရမည် ။ နောက်ဆုံးနှစ် ကျောင်းသူ ဘဝ မှာ ကတည်းက အိမ်ထောင်ကျ ကာ ခုနေခါ ကလေး သုံးယောက် ရဲ့ မိခင်ဘဝ ကို ရောက်နေသူပေါ့ ။ သူ့ အာမေဍိတ် က အား ပါးတရ ပွင့်ပွင့်လင်းလင်း ရှိလှသည် ။ ဟုတ်တယ် ... သူ ပြောသလိုပဲ .. ဓာတ်ပုံတွေ က တကယ့်ကို ရက်ရက်စက်စက် ပက်စက် နေတာကိုး ။


“ ဟား ... ဒါကြီးကတော့ အလွန်ကြီး ”


ဓာတ်ပုံ က နှစ်ပုံလို့ ပြောထား ပြီးပါပြီ ။ အခု ဓာတ်ပုံ ကြည့်ဖို့ အလှည့် ကျတဲ့ ကောင်မလေး က လည်း ဘွဲ့ရ ထားပြီးသား ။ ဘွဲ့ရတာ ကို ထည့်ထည့် ပြောရတာက ဒီနား က ကောင်မလေးတွေ အားလုံး အမြင် မကျဉ်းတဲ့ လူငယ် တွေ ဆိုတာ သိစေချင်လို့ပါ ။ ခါတိုင်း စကားပြော ရင် အားပါးတရ ကျယ်လောင်စွာ ပြောတတ်တဲ့ ကောင်မလေး ဟာ ဒီတစ်ခါတော့ လုံးဝ အငြိမ် ။ အကယ်ဒမီ မင်းသမီးပုံ ကို အရင် ကြည့်ပြီး “ ဒါလောက် ကတော့ ဖြစ်တတ်ပါတယ် ။ လည်ပင်း က ဟိုက်ရတဲ့ အထဲ ပိတ်စ က အသားပျော့ ဆိုတော့ .. ” သဘော ကတော့ ခွင့်လွှတ်လို့ ရပါတယ်ပေါ့လေ ။ 


“ သမီးတို့ တော့ ကျောင်း တုန်းကလည်း ဒါမျိုး မဝတ်ဘူး ။ အခု ဈေး ရောင်း နေရတော့ ပိုတောင် မဝတ်သေး ” 


ဟုတ် တာပေါ့ ။ ဒီလို ဒီဇိုင်း ကို ဘယ်လို လုပ်ပြီး မိကောင်းဖခင် သားသမီး က ဝတ်ရဲမှာလဲ ။ မော်ဒယ် ကောင်မလေး ရဲ့ ဓာတ်ပုံ ကို လည်း မြင်လိုက်ရော သူ့ ခမျာ ငြိမ် မနေနိုင်တော့ပါ ။ ဟား .. ဒါကြီး တော့ အလွန်ကြီးလို့ အော်ရုံ သာ မက “ ဒါ သက်သက် ပြထားတာ အသိသာကြီး ” တဲ့ ။ 


ဓာတ်ပုံ တစ်ပုံ ကို ကြည့်ပြီး အလိုလို ထွက်ကျလာတဲ့ စကားလေးတွေ ပဲ ဆိုတာ သေချာပါသည် ။ ကိုယ် ချဲ့ထွင် လုပ်ကြံ ပြောသော စကား တစ်ခွန်း မှ မပါဘူး ဆိုတာ ယုံလိုက်ပါ ။ ပြောတဲ့ လူ လွန်လား ၊ မလွန်လား ဆိုတာ ဆက် ပြီး ပြောမည် ။ အဲဒီ မော်ဒယ်မလေး ဝတ်ထား တဲ့ အင်္ကျီ က ပခုံးအစွန်း နှစ်ဖက်လောက် အထိ လျောကျ နေတဲ့ ကျားပါးစပ်ပုံ လည်ပင်း အဟိုက် အင်္ကျီ ၊ ပခုံး နှစ်ဖက် ကို ကျုံ့ကာ ရှေ့ကို ခပ် ကိုင်းကိုင်း ထိုင် နေတော့ လက်နှစ်ဖက် နှင့် စု ညှစ် ထားသလို ပြူးပြဲ ရုန်းကန်ထွက် နေပုံက ညှာတံလေးတွေ မပေါ်ရုံကလေး ၊ တကယ်ကို အဲဒါလေး နှစ်ခု အုပ်မိတယ် ဆိုရုံကလေး ကာယဗလမောင်တွေ ရင်အုပ်ကြွက်သား အစွမ်း ကုန် ညှစ်ထုတ် ပြနေတဲ့ ပုံတွေ မြင်ဖူးကြမှာပါ ။ အခုဟာက မောင်တွေ လို ဆီ တော့ သုတ် မထားဘူးပေါ့ ။ မိန်းကလေးချင်း ကိုယ်ချင်း မစာ ပြောတာ မဟုတ်ပါ ။ ဖြစ်နိုင်ရင် ဓာတ်ပုံ ကို သာ ပြလိုက်ချင်ပါသည် ။


“ အမလေး ... ဒုက္ခပါပဲ ”


အဲဒီလို အလန့်တကြား အော်သူ ကတော့ အသက် ငါးဆယ်ကျော် အစ်မကြီး တစ်ယောက် ပဲ ဖြစ်ပါသည် ။ သမီးပျို နှစ်ယောက် ရဲ့ မိခင် ဆို တော့လည်း မြင်ရတဲ့ အနေအထား ကို ရင်လေး မှာပေါ့လေ ။ ဒါတောင် သူ့ သမီးတွေ က ဟော့ဟော့ရမ်းရမ်း မဟုတ်ကြပါ ။ ခေတ်မီ တာ နဲ့ လော်မာ တာ ကို ခွဲခြား သိကြပါသည် ။


“ ဟား ဟား ဟား ... မိုက်တယ် ဟေ့ ”


အဲဒီလို လှောင်ရယ် ရယ်ပြီးတာနဲ့ “ ဒီပုံ နဲ့ အရှက်မရှိ ဓာတ်ပုံ အရိုက်ခံရဲတာများ အံ့ရော ” လို့ ရှုတ်ချ ပြစ်တင် လိုက်သူ ကတော့ လေးဆယ်ကျော် ဘွဲ့ရ အပျိုကြီး ပဲ ဖြစ်ပါသည် ။ 


အခြေအနေ ကတော့ မြင်သူတွေ က ရှက် ပြီး မျက်နှာလွှဲရတဲ့ အနေအထား ကို ရောက်နေ ပါပြီ ။ ယိုသူ မရှက် ဆိုတာက ကျန်းမာရေး ကိစ္စ ခွင့်လွှတ်လို့ ရသေးသည် ။ အောင့်ထား လို့မှ မရတာ ။ ဟုတ်တယ်မို့လား ။ အခုဟာက ဘာကိစ္စလဲ ... ဘာကိစ္စနဲ့ ဒါလောက်တောင် သောင်းကျန်း နေကြတာလဲ ။ မော်ဒယ်တွေ ကလည်း မော်ဒယ်တွေ မို့ ၊ အဆိုတော်တွေ ကလည်း အဆိုတော်တွေ မို့ ၊ မင်းသမီးတွေ က လည်း မင်းသမီးတွေ မို့ အတော်အသင့် ဆို လက်ခံလို့ ရပါသည် ။ အခုဟာ က ကျောက်ခေတ် ကို ပြန် ရောက်လုနီးပါး ရိုင်းစိုင်းနေကြတာ မို့ ပြောရတာပါ ။


“ ကဲ .. ကဲ .. ဘယ်သူတွေ ဘာပဲပြောပြော တို့ အဖို့တော့ ရှေ့လျှောက် ကောင်းဖို့ ချည်းပဲ မောင် ဟုတ်တယ်မို့လား ”


“ ဟုတ်တာပေါ့ဗျာ ၊ ဒါက ကျွန်တော်တို့ အတွက်ပဲ ဥစ္စာ ၊ သူတို့ က မဆိုင်ဘဲ ဝိုင်း ပြောနေကြတယ် ”


ဂျာနယ်လစ် ကောင်လေး ရဲ့ အပြောကို မျက်နှာချင်းဆိုင် က ကောင်လေး က ထောက်ခံလို့ ။


ကိုယ်တို့ ကလည်း ဘယ် အလျော့ပေးမလဲ ၊ နောင်ထပ် ဒါမျိုးတွေ ရှိရင် ယူခဲ့ဦး ဆိုတော့ အများကြီး ကျန်သေးတယ် တဲ့ ။ တကယ် က ဒီ ဓာတ်ပုံတွေ က သူ ရိုက်တာ မဟုတ် ၊ သူ မရောက်ဖြစ်သော ရှိုးပွဲ တစ်ခု မှာ တခြား ဂျာနယ်လစ် ကောင်လေး တစ်ဦး ရိုက်လာသော ဓာတ်ပုံများ ပဲ ဖြစ်ပါသည် ။ ဒီ ဓာတ်ပုံ နှစ်ပုံ ကတော့ ကူးမလောက် ဆိုပဲ ။ ပျိုပျိုအိုအို ကြီးငယ်မရွေး ပုရိသ အပေါင်း က တောင်းကြလို့တဲ့ လေ ။ ကောင်းကြသေးရဲ့လား ။


“ ဒီ ပုံတွေ ကို သူတို့ မိဘတွေ ဆီ ပို့ချင်တယ် ”


“ မလုပ်နဲ့ .. လူ မှားပြီး .. အိတ်ကပ် ထဲ ဆောင်ထားမှ ဒုက္ခ ”


မင်းသမီး က ဆို ငှက်ပျောသီး တောင် စား ပြ နေသေးသည် ။ ဖိးကြမ်းလား ၊ သီးမွှေးလား မခွဲခြား နိုင်အောင် ဓာတ်ပုံ က ဆွဲအားကောင်း လှသည် ။ ဒီအချိန် မှာ သူ ဟာ ပရိသတ် ကို ဒီ နည်းနဲ့ မမြူဆွယ်သင့်တော့ဘူး ။ ပရိသတ် အခိုင်အမာ ရထားတဲ့ မင်းသမီး တစ်ဦး ဟာ ကိုယ့် ဂုဏ်သိက္ခာလေး ကိုတော့ နည်းနည်းပါးပါး ထိန်းသိမ်းသင့်ပါသည် ။ ဒါပေမဲ့ ရင်ညွန့် အပေါ်ပိုင်း ဗလာကျင်း ထားတဲ့ သူ့ ပုံ တွေဟာ စာမျက်နှာတွေ ပေါ်မှာ ပလူပျံ နေတာပဲလေ ။ 


ဒီဇိုင်နာ ဆိုသူတွေ ကလည်း သူများ နိုင်ငံ က အဝတ်အစားတွေ ကို ပုံတူ ကူးကာ ကိုယ်တိုင် ဒီဇိုင်း ထွင်ပါတယ် အော် နေကြတော့ ဘာ ပြောရမှန်း တောင် မသိတော့ ။ ကျောက်မျက် ရတနာတွေ ကို ကြော်ငြာတာလား ၊ မော်ဒယ် တွေရဲ့ အတွင်း ပစ္စည်းတွေ ကို ထုတ်ပြတာလား ။ မြန်မာပြည် မှာ မကြီးကျယ်တဲ့ ရှိုးပွဲ ဆိုတာ မရှိ တော့ပါ ။ သူ့ ထက် သူ လူစွမ်းကောင်းတွေချည်းပါပဲ ။


“ ဒီမင်းသမီး ကို အစက အရမ်းကြိုက် တာ ၊ ခုတော့ တော်ပြီ ၊ မကြည့်ချင်တော့ဘူး ” 


“ မော်ဒယ်မ က ပို ရိုင်းပါတယ်ဟယ် ၊ ဘာလို့များ ဒါလောက် အရှက် နည်းကြတာလဲ ။ စဉ်းစားလို့ ကို မရဘူး ”


“ ဒီပုံ တွေ ကို ဗီနိုင်း နဲ့ ပုံကြီး ချဲ့ပြီး လမ်းဆုံတွေ မှာ ထောင်ထားရရင် ကောင်းမယ် ” 


အဲဒီလို တစ်ယောက် တစ်ခွန်း ဆူညံနေ ချိန်မှာ “ ဘာတွေတုန်းဟေ့ ” ဆိုတဲ့ အသံနဲ့ အတူ နောက်ဆုံး ရောက်လာသူ ဟာ ဒီနား မှာတော့ ဩဇာကိတ္တမ ကြီးမားတဲ့ ဝါအရင့်ဆုံး အပျိုကြီး မမ တစ်ဦး ပဲ ဖြစ်သည် ။ ပွဲ ကတော့ မြိုင်ပြီ ။ စကား ပြောရင် ပျစ်ပျစ်နှစ်နှစ် ၊ ပယ်ပယ်နယ်နယ် ၊ တစ်တစ်ခွခွ နံဘေး ပိဿလေး နဲ့ ပစ်သလို ပြောလေ့ ရှိသူ အပျိုကြီးမမ B.E ဘွဲ့ရ မို့လည်း အားလုံး ပျာ သွားကြသည် ။ ဘယ်လို စကားလုံးတွေများ ကြားရဦးမှာလဲ ဆိုတဲ့ အတွေး နဲ့ ဓာတ်ပုံတွေ ကို အမြန်ဆုံး ပြလိုက်တာပေါ့ ။


အစ်မကြီး ဟာ ဓာတ်ပုံတွေ ကို စိမ်ပြေနပြေ ကြည့်တာမှ အသေအချာ ကို စူးစူးစိုက်စိုက် ဟိုပုံ ကြည့်လိုက် သည်ပုံ ကြည့်လိုက် ။ ကိုယ်တို့ အားလုံးဟာ လည်း သူ့ ပါးစပ်ဖျား က ခုန်ထွက် လာမယ့် စကားလုံးလေး တွေ ကို စိတ်ဝင်တစား ၊ မကြားဝံ့ ၊ မနာသာတွေ ဆိုရင်တော့ မျက်နှာချင်းဆိုင် မှာ ရှိနေတဲ့ ကောင်လေး နှစ်ယောက် ကြား ရင် အားနာစရာကြီး ။


“ အင်း .. ဒီ ကောင်မလေးတွေ တော်တော် သဘော ကောင်းတာပဲ ။ ကိုယ့် ရဲ့အလှ အပကို ရက်ရက်ရောရော ပြ ထားကြတာ ၊ ဒါ တစ်ဦး တစ်ယောက် ပဲ မြင်ခွင့်ရရမယ့် အလှအပ ၊ ခုတော့ အများပြည်သူ ကြည့်ရှု ခံစားရန် သူတို့ ခမျာ အစွမ်းကုန် ကြိုးစား ထားကြတာ ။ တော်တော်ကို စေတနာ သဒ္ဓါအား ကောင်းတဲ့ ကောင်မလေးတွေ ”


ကဲ .. ဘာ ပြောချင်သေး သလဲ ။ အားလုံး ဟာ ခေါင်းညိတ်ပြီး သာဓု ပဲ ခေါ်ရတော့ မှာ လိုလို ။ သူ ပြောတော့ လည်း ဟုတ်တုတ်တုတ် ။ 


 ⎕ မေမောင်

📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

     အောက်တိုဘာ ၊ ၂၀၁၃

No comments:

Post a Comment