Tuesday, April 8, 2025

ကျွန်တော် ၏ ချစ်လှစွာသော အစရှိသဖြင့် ...

❝ ကျွန်တော် ၏ ချစ်လှစွာသော အစရှိသဖြင့် ... ❞ 

       ( ဇော်ဇော်အောင် )


ပြတင်းပေါက် ကို ဖွင့်လိုက်စမ်းပါ ။


အပြင်ဘက် မှာ ဘာပဲ ရှိရှိ ၊ ဖွင့်ဖြစ်အောင် ဖွင့်လိုက်စမ်းပါ ။ တစ်ခါတစ်ရံ ပြတင်းပေါက် ဖွင့်ရေး ကဲ့သို့သော အသေးအဖွဲ ကိစ္စကလေးတွေ မှာ ပင် ရဲရင့်ဖို့ လိုအပ်ပါသည် ။ ဘာလုပ်နေသလဲ ညိုမာ ။ အပြင်ဘက် မှာ နေရောင်ခြည် ။


သေတ္တာ ထဲ မှာ ရည်းစားစာ အဟောင်း ဆယ့်သုံးစောင် နှင့် မြွေအကောင် လေးဆယ် ရှိ၏ ။ စနေဂြိုဟ် သည် လည်းကောင်း ၊ ပိတောက်ပန်း သည် လည်းကောင်း ၊ သဲသောင်ခုံ သည် လည်းကောင်း ၊ အဝါရောင် ခန်းဆီး သည် လည်းကောင်း ၊ စားပွဲ ပေါ် က ပန်းအိုး သည် လည်းကောင်း ၊ လိုလားတပ်မက်စွာ ကုတ်ခြစ်သော လက်သည်းများ သည် လည်းကောင်း ၊ ချက်လက်မှတ် ပေါ် က သုညများ သည် လည်း ကောင်း ၊ လက်ခုပ်သံများ သည် လည်းကောင်း ၊ ကိုယ်ပိုင် အယူအဆ သည် လည်းကောင်း ၊ မှတ်တမ်း သည် လည်းကောင်း ၊ အမှန်စင်စစ် ဘာမှ မဟုတ်ကြပါ ။ ဘယ်က စ၍ ဘယ်မှာ ဆုံးသည်လဲ ။ နေရာ အမှတ်အသား ကင်းမဲ့စွာ ဤနေရာ သို့ ကျွန်တော့် ကို ဘယ်သူ လာ၍ ပို့ဆောင်ခဲ့ပါသလဲ ။ အခု ဘဝ မှာ ကို ပင် အနေရ ကျပ်လှပါပြီ ။


ငါ သေရင် ဝက်သစ်ချပင် ခြေရင်း တွင် မြှုပ်နှံ၍ အုတ်ဂူ ပေါ်မှာ အဝါရောင် ပန်းစည်း တစ်စည်း ထားလှည့်ပါ ဆိုသူ နှင့် ကျွန်တော် သဘောချင်း မတိုက်ဆိုင်ပါ ။ နောင်ဘဝ ဆိုပါလျှင် လည်း သူ နှင့် တစ်ခါ ထပ်၍ မတွေ့ချင်ပါ ။ ရက်စက် စူးရှသော တိမ်းညွှတ်မှုကြောင့် ဇော်ဇော်အောင် အကြိမ် တစ်ထောင် ချစ်ခဲ့မိသည် ။ မလွှပင် ခြေရင်း တွင် မလွှပွင့်ဝါဝါများ အနား ကော့လန်၍ အတွင်း က ခရမ်းနုရောင် ကို မြင်နေရစေသည် ။ အချစ် နှင့် လိင်ကိစ္စ သည် ကလေးသူငယ်များ အတွက် သာ ဖြစ်သည် ဟု အဲဖရက် ဟစ်ကော့ က ပြောဖူး၏ ။ တင်းတင်း ရစ်နှောင် သော အစိမ်းနုရောင် လုံချည် အောက် မှ တင်းမာ လုံးဝန်းသော အသရေ ကုဋေ တစ်သန်း သည် အခါတုန်းက မန္တလေးတက္ကသိုလ် အဝင်ဝ ကျောက်သား လှေကားထစ်များ ပေါ် တွင် ကျန်ရစ်ခဲ့ပြီ ။ မေ့သွားပြီ လဲ့လဲ့ဝေရီ ။ 

ခေါင်းမာခြင်း ၊ စိတ်ဆတ်ခြင်း ၊ မာနကြီးခြင်း တို့ သူ့ မျက်နှာ ပေါ်မှာ အဖုံးအကာ မဲ့ တွေ့ရသည် မှာ သူ နှင့် ကျွန်တော် မသိ ခင် ကတည်းက ဖြစ်၏ ။ ရေနီမြောင်း ဘေး မှာ နှစ်ယောက် အတူ လမ်းလျှောက်စဉ် က အနုပညာ လွတ်လပ်ခွင့် အကြောင်း ကို ကျွန်တော် ပြောပြ ဖူးသည် ။ ထိုအခါ ထနောင်းပင်များ သည် တဖျစ်ဖျစ် မြည်၍ ဆူးချွန်အသစ်များ နောက်ထပ် ထွက်လာပါသည် ။ နီရဲစေးပျစ်သော ချော်ရည်ပူများ ပေါက်ကွဲ လွင့်စဉ် ဖိတ်အန် ကျ နေသော မီးတောင် တစ်လုံး ကို ကြည့်နေရ သလို ဖြူဖွေးသွယ်လျသော သူ့ မျက်နှာ ကို တစိမ့်စိမ့် ကြည့်နေရင်း ခံစားမိသည်  ။ သေးသေးသွယ်သွယ် ကိုယ်နေဟန် ခပ်ပါးပါး ၊ အရပ် သိပ်မမြင့် ၊ လှုပ်ရှားပုံ နှေးကွေးသော သူ့ ကိုယ်ခန္ဓာ ထဲ က အလှအပများ သည် စက္ကန့်တိုင်း ၊ စက္ကန့်တိုင်း ပေါက်ကွဲလွင့်စဉ် ဖြာထွက်နေပါသည် ။ ဒီလောက် လှသော မိန်းကလေး တစ်ယောက် နှင့် နှစ်ယောက်အတူ အေးအေးဆေးဆေး လမ်းလျှောက်ရ ချိန်မှာ ညနေခင်း သည် ကောင်းကင်ပြင် မှာ လွင့်မျော နေ၏ ။ အနှေးပြ ရုပ်ရှင်ကား တစ်ကား ပမာ လွင့်မျော နေသော ညနေခင်း ကို ကျွန်တော် မြင်တွေ့ နေရကြောင်း ပြောပြသောအခါ သူ ရယ်မောပါသည် ။ ထို့နောက် ထနောင်းပင် တစ်ပင်ကို လက်ညှိုး ထိုးပြ၍ ထနောင်းကြောင်ခြစ် ၊ ဆူးရစ်ပွင့်ကာ ၊ မိုးမရွာ ၊ ရွာပါသော်လည်း မိုးမသည်း ဟူသော ကဗျာ တစ်ပိုဒ် ကို သူ ရွတ်ပြ၏ ။


သူ သည် တတိယနှစ် မြန်မာစာ က ဖြစ်သည်  ။ ကျွန်တော် က  ဘော့ဂ်လ်ဒေါ့ အကြောင်း ၊ အငတ်ဘေး အကြောင်း ၊ အာဖရိကတိုက် မှာ မိုးခေါင်ခြင်း ၊ ကမ္ဘာပေါ် မှာ ကျော်ပေ့ ဆိုသော ဂီတပညာရှင်များ ၏ အလှူပွဲ အကြောင်း ပြောပြသောအခါ သူ က ဗမာပြည် က လယ်သမား အကြောင်း ကို ပြောပြ၏ ။ ကျွန်တော် က လယ်ဝန်မင်း ဆောမြို့စား ဦးစီ ၊ မောင်ထင် ၏ ငဘ ၊ ဆင်ဖြူကျွန်းအောင်သိန်း ၏ ဝတ္ထုများ အကြောင်း ပြောပြသောအခါ သူ ရယ်ပြန်ပါသည် ။ သူ့ မျက်စိ ထဲ မှာ ကျွန်တော် သည် စာဖောင် မှား ကောက်မိ၍ စာမျက်နှာများ ကျော် နေသော စာအုပ် တစ်အုပ် နှင့် တူသည် ဟု ပြောသော အခါ အဓိပ္ပာယ် ကို ကျွန်တော် နားမလည် ။ အရောင် တောက်သော တိမ်တိုက် တစ်ခု အနောက်ဘက် မိုးကောင်းကင် မှာ ရုတ်တရက် အောက် သို့ ပြုတ်ကျသွားသော အခါ ကျွန်တော်တို့ ပြန်လာခဲ့ကြသည် ။ အဆောင် တံခါးဝ အထိ ကျွန်တော် လိုက်ပါလာခဲ့သည် ။ အပေါ်ထပ် သူ တက်သွားသည် အထိ ကျွန်တော် စောင့်ကြည့်ခဲ့၏ ။ ထိုစဉ်က အဆောင် ပေါ် မှာ ကျောင်းသူ တစ်ယောက် မှ မရှိပါ ။ သူ တစ်ယောက် သာ ရှိ၏ ။ အရှေ့ဘက် ရိုးမ တောင်တန်းများ ဆီ မှ လမင်း သည် တိတ်ဆိတ်ခြင်း နှင့် အတူ တရွေ့ရွေ့ တက်လာ၏ ။ ကျွန်တော့် ရင် ထဲက ပူနွေးလတ်ဆတ်သော စိတ်သည် မန်းတက္ကသိုလ် တွင် သက်တမ်း အကြာဆုံး ရွှေမန်းတောင် ထဲ သို့ ဝင်သွား၏ ။ သူ နေသော အခန်း သည် သပ်ရပ် သန့်ရှင်းလှပ၏ ။ အခန်း ထဲ မှာ သပ်ရပ်သန့်ရှင်းစွာ နေတတ် သူသည် ဘဝ ထဲ မှာ လည်း သပ်ရပ် သန့်ရှင်းစွာ နေတတ်လိမ့်မည် ဟု ယူဆရ သောကြောင့် ကျွန်တော် အလို လို ပြုံးမိပါသည် ။ စက္ကန့်များ ၏ အစိတ်အပိုင်း တို့ ပင် စနစ်တကျ ခွဲတမ်းချ၍ ဘဝ ကို နေထိုင်သွားမည့် သူ တစ်ယောက် ကို မှ ကျွန်တော် ချစ်မိခြင်းသည် ရယ်စရာ ကောင်းသော ကိစ္စ တစ်ခု ဟု လည်း သဘောပေါက်လိုက်ပါသည် ။


အမှန်စင်စစ် အချစ် ဆိုသည် မှာ လည်း ဘာမှ မဟုတ်ပါ ။ ရင်ထဲ မှာ တံဆိပ်အတု ၏ တပ်ထား သော အသည်းနှလုံး ကို သန့်စင်ပြောင်လက် အောင် ကြိုးစားပွတ်တိုက်နေခြင်း သာ ဖြစ်ပါသည် ဟု ထင်ပါသည် ။ လဲ့လဲ့ဝေရီ ကို ကျွန်တော် ချစ်ကြောင်း ပြောမိသော အကြိမ်ပေါင်း များ လှပါပြီ ။ တောင်သမန် မှာ ၊ ရန်ကင်းတောင် မှာ ၊ တက္ကသိုလ်ဝင်း ထဲ က အအေးဆိုင်ကလေး တစ်ဆိုင် မှာ ၊ ကော်ရစ်ဒါ မှာ ၊ တက္ကသိုလ်ပြတိုက် မှာ  ၊ ပြင်ဦးလွင် မှာ ၊ မင်းကွန်း မှာ ၊ စစ်ကိုင်းတောင် ပေါ် မှာ ၊ ရွှေကြက်ယက် ရွှေကြက်ကျ ကျောက်တောင်စွန်းမှာ ၊ ကျောက်ဆည်ဝေပူတောင် ပေါ်မှာ ၊ နေပူ ထဲ မှာ ၊ နှင်းတွေကျနေတုန်းမှာ ၊ ရွာမလို မိုးတွေ ညိုလာတုန်း မှာ ။ သို့သော် ဘယ်တုန်းကမှ ကျွန်တော့် ကို ပြန် ချစ်ပါလို့ ကျွန်တော် မပြောခဲ့ပါ ။ သူ နှင့် ကျွန်တော် နှင့် တတွဲတွဲ မခွဲဘဲ ဘုရားသွား ကျောင်းတက် ၊ အတူသွား အတူလာ ၊ တတွဲတွဲ မခွဲဘဲ ၊ တတွဲတွဲ ရှိခဲ့ပါသည် ။ မြန်မာစာ မှတ်စုများ ကျွန်တော် ကူးပေးရဖန် များ သောကြောင့် ရတု အတော်များများ ၊ ပျို့ အတော်များများ မှ စာသား အတော်များများ ကို ကျွန်တော် အလွတ် ရနေပြီ ။ သူ့ အလိုကျ ဆောင်ရွက်ဖွယ်ရာ အဝဝ ကို ပြေပြစ်အစဉ်ချောစွာ ဆောင်ရွက်ပေးရဖန် များ သောကြောင့် သူ့ အကြိုက် နှင့် မကြိုက် အားလုံး ကို ကျွန်တော် သိနေပြီ ။ ထိုသို့ သူ့ အလိုကျမှု ကြောင့် ကျွန်တော့် ကို ပြန်လည် ပေးအပ်သော ဆုလာဘ် မှာ လဲ့ဝေ ၏ ချစ်လှစွာသော အဖော် ... ဟူ သော စကား တစ်ခွန်း ဖြစ်၏ ။ 


တစ်ခါတစ်ရံ သူ စိတ်ကူး ပေါ်လာသောအခါ အထက်ပါ အတိုင်း ကျွန်တော့် ကို လဲ့ဝေ ၏ ချစ်လှစွာသော အဖော် ဟု ခေါ်တတ်၏ ။ ကျွန်တော့် နား ထဲမှာ ထောင့် ၍ ချို နေသည် ။ မြန်မာစာ အဓိက ကျောင်းသူ တွေ ထဲမှာ သူ သည် အကြောင်ဆုံး ဖြစ်၍ ငကြောင် ဟု ခေါ်သော အခါ သီးထပ် နှင့် သီးညှပ် ကို ခွဲ မသိဘဲ အာဖရိကတိုက် ၏ စိုက်ပျိုးရေး အကြောင်း ပြောလေ့ ရှိသော ကျွန်တော့် ကို ငကျား ဟု သူ က ပြန်ခေါ်သည်  ။ ဇော်ဇော်အောင် ၏ မြောက်မြားလှစွာသော နာမည်တွေ ထဲ တွင် ငကျား .... ဟု သော နာမည် တစ်လုံး တိုးသောနေ့ က စတော်ဘယ်ရီ ဖျော်ရည် ဖန်ခွက် တစ်ခွက်တည်း မှာ ပိုက်တံ နှစ်ချောင်း ထည့် ကာ နှစ်ယောက်သား ခေါင်းချင်း ဆိုင်၍ စုပ်ခဲ့ကြသည် ။ 


လဲ့ဝေ ၏ ချစ်လှစွာသော အဖော် ၏ အဖော် သည် ညီညာပြန့်ပြူးသော နဖူးပြင် ရှိ၏ ။ နှစ်ပြည်တစ်ပြည် စစ်မက်ခင်းရန် စစ်သင်္ဘော အစင်း တစ်ထောင် ရွက်လွှင့် ချီတက်စေသော ထရွိုင်းမြို့ က ဟယ်လင် မင်းသမီးကလေး ၏ နဖူးပြင် ထိုသို့ ရှိလိမ့်မည် ။


အဆောင် ပေါ်မှာ သူ အိပ်ပျော် နေပေရော့မည် ။ ရွှေမန်းဆောင် ရှေ့ အုတ်နံရံ ပေါ်မှာ နာရီ တစ်သောင်း ထိုင်ပြီးသည့် နောက် ကျွန်တော် ပြန်လာ ခဲ့သည် ။ အောင်မင်္ဂလာ အဆောင် ကော်ရစ်ဒါ မှ လှမ်းမျှော် ကြည့်လိုက် သောအခါ အရှေ့ဘက် ရိုးမ အပျိုစင် သည် မီးလျှံ လည်ဆွဲတန်ဆာ ကို ထုတ်ယူ၍ ဝတ် ဆင် အလှပြင် နေကြောင်း တွေ့ရသည် ။ လဲ့ဝေ ၏ မိဘ သည် မျိုးစဉ်မျိုးဆက် ရွှေကုန်သည် များ ဖြစ်ကြ၏ ။ စိန်ကုန်သည် များ ဖြစ်ကြသည် ။ ကျွန်တော့် မှာ ကြောင်ကလေး တစ်ကောင် ရှိသည် ။ အဆောင် ထမင်းစားခန်း မှာ တွေ့ သော ကြောင်ဝဝကလေး တစ်ကောင်ကို ကျွန်တော် ကောက်ယူ ကျွေးမွေးထား၏ ။ ထို ကြောင်ကလေး ကို ငကျား ဟု အမှတ်တရ နာမည် ပေးထား၏ ။ ငကျား ကို ကျွန်တော် ချစ်သည် ။ လဲ့လဲ့ဝေရီ ကို ကျွန်တော် ချစ်သည် ။ ပြင်ဦးလွင် သို့ အလည်သွားရခြင်း နှင့် မန္တလေး အငြိမ့်ပွဲများ ကို ကျွန်တော် ချစ်သည် ။ ငုံးတံဆိပ် ဖိနပ် ကို ကျွန်တော်ချစ်သည် ။ မန္တလေး မှာ ကျွန်တော် ချစ်စရာ ငါးခု ပဲရှိသည် ။ လဲ့ဝေ ၏ ချစ်လှစွာသော အဖော် အိပ်ပျော် သွားသောအခါ အိပ်မက် ထဲ မှာ မြင်းစီးသည် ။ ကုန်းနှီး မပါသော မြင်းကျော ပေါ်မှာ လဲ့ဝေ နား နေသည် ။ 


ကျွန်တော့် ခါး ကို လက်မောင်းသွယ်သွယ် ကလေး နှစ်ဖက် ဖြင့် နောက်ပြန် သိုင်း၍ ဖက်ထားသည် ။ ဦးယာ ၏ အဖြည့်ခံရတု သုံးပုဒ် နှင့် ကင်းဝန်မင်းကြီး ၏ နိုင်ငံခြားခရီးသွား မှတ်တမ်း ကို ဖြတ် ၍ ကျွန်တော်တို့ မြင်းစီး ကြသည် ။ ခွာသံ တဖြောင်းဖြောင်း ဖုန် တထောင်းထောင်း ထ သောအ ခါ စာအုပ် ထဲ က စကားလုံးများ လွင့်စဉ် ပြုတ်ကျ ကျန်ရစ်ခဲ့၏ ။ အထပ် သုံးထပ် ရှိသော တောင်ခါးပန်း ကို ပတ်ရန် သုံးထပ်ကွေ့ ကို လွန်သော အခါ ခွာ အောက် က မြေကြီး သည် အနီရောင် သို့ ပြောင်းလဲသွား၏ ။ 


ရှမ်းပြည်နယ် က မြေကြီးများ အနီရောင် ရှိကြသည်  ။ ကလောမြို့ စွန် က အိမ်ကလေး တစ်လုံး ထဲ မှာ ကျွန်တော်တို့ ခရီး တစ်ထောက် နားသော အခါ သူ နှင့် ကျွန်တော် တစ်ညလုံး မအိပ်ကြဘဲ စကား ပြောကြ၏ ။ အခန်း ခွဲ၍ ပြင်ဆင်ထားသော အိပ်ရာ နှစ်ခု သည် အတွန့်အကြေ မရှိ ပြန့်ပြူး မပျက် ရှိ၏ ။ ကျွန်တော်တို့ စီးလာသော မြင်း သည် ကောင်းကင်သို့ ပျံတက် ပျောက်ကွယ်သွားသော အခါ ကျွန်တော့် ပခုံး ပေါ်မှာ မှီ၍ သူ အိပ်ပျော် သွားသည် ။ ထိုအခါ မနက် ဆယ်နာရီ ထိုးပြီ ဖြစ်၍ ကျွန်တော် အိပ်ရာ က နိုးလာ၏ ။ သူ အတန်း တက်နေမည် အထင် နှင့် လိုက်သွားသော အခါ မမျှော်လင့် သော ကိစ္စ တစ်ခု ကြောင့် သူ ကျောက်ဆည် သို့ ပြန်သွားကြောင်း စိန်မြင့် က ပြောသည် ။ ဤ လောက မှာ မမျှော်လင့်သော ကိစ္စတွေ ဖြစ်တတ်ကြောင်း ကို မှ မသိသည် အထိ ကျွန်တော် မညံ့သောကြောင့် ဘာမှ မမြင် ဟု ထင်သော်လည်း ရင် ထဲမှာ ဗလာ သပ်သပ် ဖြစ်၍ သွား၏ ။


မော်ဒန်ပန်းပုဆရာများ ၏ သစ်သားပန်းပုရုပ်တွေ မှာ ဘာကြောင့် ရင်ဘတ် နေရာ ၊ ဝမ်းဗိုက် နေရာတို့ တွင် တိုးလျှိုပေါက် အခေါင်း ထွင်း ထားကြောင်း ကျွန်တော် သိသလို ရှိလာ၏ ။ ထိုနေ့ သည် နောက်ဆုံးနေ့ ဖြစ်၏ ။ ထိုနေ့ သည် အစအဆုံးနေ့ ဖြစ်၏ ။ မန်းတက္ကသိုလ် အဝင်ဝ က ကျောက်သား လှေကားထစ်များ ပေါ် မှာ တစ်ကြိမ် တစ်ခါက မှ ပြန် ချစ်ပါ ဟု မတောင်းခံခဲ့ ဖူးသော အချစ် သည် ပုန်းကွယ် ငုပ်လျှိုး၍ ကျန်ရစ်၏ ။ လဲ့လဲ့ဝေရီ ကို နောက်ထပ် မတွေ့တော့ ။ မန္တလေး နှင့် ကျောက်ဆည် ခရီး မဝေးပါ ။ သို့သော် အချို့ သော ရုပ်ရှင် ၊ ၀တ္ထုတွေ ထဲ က လို နှစ်ယောက် ကွဲပြီ ဆို ကတည်း က သဘာဝ ကျကျ မကျကျ နောက်ထပ် ပြန် မတွေ့ကြ သည် အထိ ဇာတ် က နာခဲ့သည် ။ တကယ်တမ်း ပြောရပါမူ ရုပ်ရှင် တွေ ၊ ၀တ္ထု တွေ ကို သဘာဝ ကျကျ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင်ချေ နှင့် ချိန်ထိုး၍ ဝေဖန်နိုင်သော် လည်း ဘဝ ထဲက အချင်းအရာ အကြောင်းကိစ္စတွေ ကို ထိုသို့ ဝေဖန်၍ မရနိုင် ဟု ထင်ပါသည် ။ သူ့ ကို  နောက်ထပ် ကျွန်တော် မတွေ့ တော့ပါ ။ ကျွန်တော် သိပ် ချစ်မိသော မြန်မာစာ တတိယနှစ် က ငကြောင်မလေး ကို မတွေ့တော့ပါ ။


လဲ့ဝေ ၏ ချစ်လှစွာသော အဖော် မန္တလေးတက္ကသိုလ် က ထွက်၍ လောက ထဲသို့ ဝင်ခဲ့သည် မှာ နှစ်ပေါင်း အတော် ကြာခဲ့ပြီ ။ အချိန် သည် လျင်မြန်စွာ ပျံသန်း၏ ။ သူ နှင့် ကျွန်တော် ကွဲကွာခဲ့သည် မှာ ခုနစ်မိနစ် ရှိပြီ ဟု ကျွန်တော် ထင်ပါသည် ။ ဒီ အတောအတွင်း မှာ အံ့ဩဖွယ်ရာ အတော် များများ ဖြစ်ခဲ့ ပြီ ။ နှစ်ပေါင်း နှစ်ဆယ် ဆိုသည် မှာ အံ့ဩဖွယ်ရာ အတော်များများ ထည့် ထားလို့ ဆန့်သော သေတ္တာကြီး တစ်လုံး ဖြစ်သည် ။ အံ့ဩစရာများ ကို အကြီးအသေး အရွယ်အစား အလိုက် သပ်ရပ် ညီညာစွာ ထပ်၍ ထို သေတ္တာ ထဲမှာ ကျွန်တော် သိမ်းဆည်း ထားခဲ့သည် ။ ကျွန်တော် ၏ အနှစ် နှစ်ဆယ် ဘဝ သေတ္တာကြီး ထဲက အံ့ဩစရာ တစ်ခု ကို ထုတ်ပြစမ်းပါ ဟု အကယ်၍ တစ်စုံတစ်ယောက် က ပြောလာ လျှင် ထုတ်ပြစရာတွေ အတော် ရှိပါ၏ ။ ပုံစံ အားဖြင့် ကျွန်တော် ၏ နာမည် ပျောက်ဆုံး သွားခြင်းမျိုး ဖြစ်ပါသည် ။ ဘယ်တုန်းက ဟု ကျွန်တော် မမှတ်မိပါ ။


ကျွန်တော် သည် ခုနှစ်သက္ကရာဇ် နေ့စွဲ ရက်စွဲများ နှင့် ပတ်သက်၍ လွန်စွာ အမှတ်သညာ နည်းပါးသူ ဖြစ်သည် ။ လွန်ခဲ့သော နှစ် အနည်းငယ် က ကျွန်တော့် နာမည် ဇော်ဇော်အောင် ပျောက်သွား ခဲ့ပါသည် ။ လူတွေ ကျွန်တော့် ကို နာမည် မခေါ်ကြတော့ပါ ။ ကျွန်တော် ရှာပါသည် ။ အတော် ကြိုးစား ၍ ရှာပါသည် ။ ဘယ်မှာ ရှာ မတွေ့ ။ သတင်းစာ ထဲ မှာ ကျွန်တော့် နာမည် ကောက်ရသူများ ကို ကျေးဇူးဆပ်ပါမည် ။ ပြန်ပေးကြပါ ဟု ကြော်ငြာခဲ့ပါသည် ။ မရ ။ အတော် ကြာလာသည် ။ တစ်နေ့ အမှတ် မထင် ဝမ်းသာစရာကောင်းလှစွာ ကျွန်တော့် နာမည်ကို ကျွန်တော့် မှတ်ပုံတင် ကတ်ပြား ထဲမှာ ပြန် တွေ့သည် ။ ထိုအကြောင်း ကို ပြောပြသော အခါ လူတွေ က မယုံကြ ။ သို့သော် အမှန် ဖြစ်ပါသည် ။ လူ ဆိုသည် မှာ တစ်ခါတစ်ရံ မမှန်တာ ကို ယုံတတ်ကြသည် ဆိုသောကြောင့် ကျွန်တော် သဘောပေါက် ခဲ့ပါသည် ။


တစ်ခါက လည်း ကျွန်တော့် စာအုပ်စင် မှာ ရှိသော စာအုပ်များ ထဲ က စကားလုံးများ သည် စာအုပ် ထဲ မှ ထွက်ကာ ၊ အိမ်ခေါင်းရင်း သစ်ပင် အောက် မှာ သွား၍ စုပုံနေကြသော အဖြစ်မျိုး ကြုံရပါသည် ။ စာအုပ်စင် မှ စာအုပ်တိုင်း အဖုံးပေါ် မှာ သာ စာအုပ်နာမည် ၊ ရေးသူနာမည် စသည် ဖြင့် ရှိ၍ အတွင်း စာမျက်နှာများ ပေါ်မှာ ဘာ စာလုံး မှ မရှိတော့ ၊ စာရွက် အဖြူသား သက်သက် ကို စာအုပ် ချုပ် ထား သလို ။ ခေါင်းရင်း က မန်ကျည်းပင် အောက် မှာ သွား၍ စုပုံ နေကြသည် ။ မယုံနိုင်ဖွယ်ရာ အံ့ဩစရာ အဖြစ် ။ ထို့နောက် ဘယ်တုန်းက ဟု မမှတ်မိ ။ မသိလိုက် ။ သစ်ပင်ရင်း က စာလုံးတွေ စာအုပ်တွေ ထဲ ပြန်ရောက်လာကြသည် ။ ကျွန်တော် ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ။


သို့သော် ကျွန်တော့် ဝမ်းသာမှု သည် ကြာရှည် မခံ ။ စာအုပ်ထဲ က စာလုံးတွေ ပြန် ဝင်လာကြ သော်လည်း သူ့ စာအုပ်နှင့် သူ မဟုတ် ။ ဝင်ချင်သော စာအုပ် အတွင်းသို့ အစီအစဉ် အမှတ်သား မရှိ ပြန် ဝင်လာသောကြောင့် အကုန် အလွဲအချော်တွေ ဖြစ်ကုန်သည် ။ ကမောက်ကမ ဘယ် စာအုပ် မှ ဖတ် မရတော့ ။ ကျွန်တော် စိတ် ထိခိုက်စွာ ငိုမိပါသည် ။ ဒီအပြင် အံ့ဩစရာတွေ အများကြီး ။ ရင်းနှီးသော မိတ်ဆွေ တစ်ယောက် ၏ ခေါင်း ကို ကျွန်တော် က ရိုက်ခွဲ လိုက်သောအခါ ထို မိတ်ဆွေ က ကျွန်တော့် ကို ကျန်းမာချမ်းသာပါစေ ဟု ဆု ပေးလိုက်ခြင်း ၊ ကျွန်တော် တစ်ခါမှ မသိဖူးသော လူ တစ်ယောက် ကို ကျွန်တော့် စိန်လက်စွပ် ကို ချွတ်၍ လက်ဆောင် ပေး လိုက်ရခြင်း ။ မျက်နှာ ပေါ် မှာ မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် ဘာမှ မပါသော လူ တစ်ယောက် က ကျွန်တော့် ကို သီချင်းကြီး အဆို သင်ပေးခြင်း စသည် ဖြင့် အံ့ဩဖွယ်ရာ တွေ အတော်များများ ကျွန်တော့် သေတ္တာကြီး ထဲ မှာ ရှိပါသည် ။


အားလုံးတို့ အနက် အံ့ဩစရာ အကောင်းဆုံး အကြီးကျယ်ဆုံး အံ့ဩစရာ မှာ လဲ့လဲ့ဝေရီ ကို ကျွန်တော် သတိရ မိနေခြင်း ပင် ဖြစ်ပါသည် ။ 


မန္တလေး ကို ကျွန်တော် တစ်ကျော့ပြန် ရောက်ပါသည် ။ အနှစ် နှစ်ဆယ် ကြာပြီး မှ ရောက်ခြင်း ဖြစ်၏ ။ ပထမဆုံး ငုံးတံဆိပ် ဖိနပ် ဝယ်စီးသည် ။ ထို့နောက် ပြင်ဦးလွင် သို့ အလည် တက်သည် ။ ပြန် ဆင်း လာပြီး ည အငြိမ့် လှည့် ကြည့်သည် ။ ဆိုင်းသံ ကို နားထောင်ရင်း လေသင့်ရာ မှ ပါလာသော ဆိုင်းသံ ကို နားထောင်ရင်း စက်ဘီး တစ်စင်း နဲ့ အငြိမ့် ရှိလေရာရာ သို့ လိုက် ကြည့်သည် ။ မန္တလေး အငြိမ့်များ ၏ ဆိုင်းသံ သည် မှားနိုင်ဖွယ်ရာ မရှိ ။ အမှတ်သညာ နည်းပါးသော ကျွန်တော့် လို လူ ကပင် လျှင် အငြိမ့်ဆိုင်းသံ ကို သိနေ၏ ။ မန္တလေး မှာ ကျွန်တော် ချစ်သော အရာ သုံးခု သာ ရှိတော့သည် ကို ပူလောင် ရက်စက်စွာ ရင် ထဲက ရုတ်တရက် သိလိုက် ။ ကျွန်တော် ချစ်သော အောင်မင်္ဂလာကျောင်းဆောင် မှ ကြောင်ကလေး ငကျား ။ ထို့နောက် လဲ့လဲ့ဝေရီ ။ အချစ်ဆုံး ချစ်စရာ ငါးခု မှာ နှစ်ခု လပ်ဟာ နေပါကလား ။ 


ထိုအကြောင်း ကို ခင်မင်သော အစ်ကိုများ ကို ပြောပြရန် လိုက် ရှာရပြန်၏ ။ ကိုသန်းညွန့် နှင့် ကိုဝင်းမောင် တို့ မရှိကြတော့ပြီ ။ ကိုခင်မောင် နှင့် ကိုကိုကြီး တို့ နှစ်ယောက် ကို ရှာ၍ ဝမ်းပန်းတနည်း ပြောပြသည် ။ သူတို့ က ဝမ်းနည်းကြေကွဲစွာ စူးစိုက် ကြည့်၍ အနှစ် နှစ်ဆယ် ဆို တာ ဘယ်လောက်ကြာ ပြီလဲ ဟု ကျွန်တော့် ကို မေးကြသည် ။ အနှစ် နှစ်ဆယ် လုံးလုံး သူ့ ကို ကျွန်တော် သတိ မရ ။ ဒီနေ့ သတိ ပြန်ရသည် ။ ကျွန်တော့် စိတ်အထင် အနှစ် နှစ်ဆယ် ဆိုသည် မှာ ခုနစ်မိနစ် မျှ ကြာသည် ဟု ထင်ပါသည် ။ ကိုခင်မောင် နှင့် ကိုကိုကြီး တို့ နှစ်ယောက် ကျွန်တော့် ကို နားမလည် ။ ကျွန်တော် က သူတို့ ပြောသော အနှစ် နှစ်ဆယ် ၏ သဘော ကို နားမလည် ။ အနှစ် နှစ်ဆယ် လုံးလုံး မင်း ဘာလုပ်နေသလဲ ဟု မေးကြ ပြန်သည် ။ ဘဝ ထဲမှာ အသက်ရှင် ဖြစ်တည်နေသော အလုပ် ကို လုပ်နေပါသည် ဟု ကျွန်တော် က ပြန်ဖြေသည် ။ သူတို့ သဘော တွေ့ပုံမရ ။ အမှန်စင်စစ် လူ အချင်းချင်း ဆက်ဆံကြ ရာတွင် သဘောတွေ့မှု သည် အရေးကြီးဆုံး ဖြစ်ရမည် ။ အခြားသော အကြောင်းအရာများ ကို ပြောဆို နှုတ်ဆက်၍ ကျွန်တော် ပြန်ခဲ့သည် ။ တည်းခိုခန်း သို့ ရောက်သောအခါ ကျွန်တော့် ကို စောင့် နေသော မိန်းမငယ် တစ်ယောက် ကို တွေ့ ရ၏ ။


ကျွန်တော် သူ့ ထံမှ ကုန်ပစ္စည်း တော်တော် များများ ဝယ်ရန် ရှိသည် ။ ကျွန်တော်တို့ အရောင်းအဝယ်သမားများ သည် အလုပ် ကို ဖင့်နွဲ့လေး ကန်စွာ မလုပ်တတ်ကြ ။ မြန်မြန်ဆန်ဆန် လုပ်ကိုင် တတ်ကြသည် ။ ကုန်ပစ္စည်း အမျိုးအစား ၊ ကုန် အရည်အသွေး အဆင့်အတန်း ၊ ပို့ရမည့် ရက် ၊ ပို့မည် ယာဉ် အမျိုးအစား ၊ အကွဲအရှ အဖိတ်အစင် အတွက် တာဝန်ယူမှု ထုတ်ပိုးစရိတ် ၊ အတင်အချ စားစရိတ် ၊ ပို့ဆောင်ခ စသည် တို့ မှာ မြောက်မြားလှစွာသော အလုပ် အချက်အလက် တို့ အနက် အချို့ ဖြစ်၏ ။


အသက် ငယ် သော်လည်း သွက်လက်ချက်ချာ ၍ သူ့ အလုပ် သူ ပိုင်သော အဆိုပါ ရွှေမန်းသူ မိန်းမပျို ကို ကျွန်တော် လေးလေးစားစား ဦးညွတ်မိ၏ ။ အားလုံး ပြောဆို ပြီးသောအခါ သူ့ ကို ကျွန်တော် ထမင်း ကျွေးသည် ။ အလုပ်ကိစ္စ ပြီးပြတ်ပြီ ဖြစ်၍ ထွေရာလေးပါး စကားစမြည် ပြောရင်း ထမင်း စားကြသည် ။ သူ့ နာမည် မှာ အလွန်လှသည် ။ သို့သော် ထို နာမည် ကို ကျွန်တော် မခေါ် ။ သူ့ ကို လဲ့လဲ့ဝေရီ ဟု ကျွန်တော် ခေါ်သည် ။ 


ကျွန်မ တို့ အရောင်းအဝယ် ကိစ္စ ထဲမှာ ၊ အလုပ်ကိစ္စ ထဲမှာ နာမည် ပြောင်း ခေါ်တာ ပါသလား ဟု သူ က မေးသည်  ။ ကျွန်တော် က ပါသည် ဟု ဖြေသည် ။ သူ အတန်ကြာ စဉ်းစား နေသည် ။ အဲဒီ နာမည် လည်း လှတာပါပဲ ၊ မဆိုးပါဘူး ဟု သူ ရယ်၍ ပြောသည် ။ ကျွန်တော် သူ့ ကို လဲ့လဲ့ဝေရီ ဟု ခေါ်တော့ သည် ။


ကျွန်တော်တို့ ထမင်း စားနေစဉ် မြန်မာသံစုံ တီးဝိုင်းကြီး တစ်ဝိုင်း မှ အောင်မြေမြမန်းပတ်ပျိုး ကို တီးမှုတ် နေသည် ။ လဲ့လဲ့ဝေရီ ပြုံးရယ် သောအခါ သွားများ အလွန် လှသည် ။ ထို သွားများ သည် စိုစွတ်ဖြူဖွေး နေ သော်လည်း များ စွာ မညီညာ ။ ထိုးထိုးထောင်ထောင် သွားထပ်ကလေးများ ၊ သွားတက်ကလေးများ ကို မညီမညာ တွေ့နေရသည် ။ ထို သွားကလေးများ ကို မညီမညာ တွေ့နေရသည် ။ ထို သွားကလေးများ ၏ အခြေရင်းမြစ် သည် နူးညံ့စိုစွတ်စွာ ပန်းရောင် သန်း နေသည် ။ တစ်စုံတစ်ရာ ကို မှား၍ ပြောမိသောအခါ လျှာကလေး တစ်လစ် ထုတ်၍ ကျွန်တော့်ကို မျက်လုံး ပြူး ကြည့်တတ်ပါ သည် ။ သူ့ လျှာကလေး သည် သေးငယ်၍ အလွန် လှသည် ။ သူ့ မျက်နှာ ကို ကြည့်နေရင်း ... ခဏ ခဏ စကား မှား၍ ပြောမိပါစေ ဟု ကျွန်တော် ဆုတောင်း နေမိသည် ။ လျှာတစ်လစ် ထုတ် ထားသော သူ့ မျက်နှာ ပြောင်စပ်စပ်ကလေး ကျွန်တော် ရေရေလ ည်လည် ချစ်နေမိပြီ ။ ထိုအကြောင်း ကို တစ်ချိန် ကျလျှင် ပြောပြရဦးမည် ။


ထမင်း စား ပြီး၍ အချိုရည် သောက်နေစဉ် လဲ့လဲ့ဝေရီ သည် အကြီးအကျယ်ဆုံး အရေးကြီးဆုံး စကား ကို မှား၍ ပြောမိသည် ။ လေးလေး ကျွန်မ ကို လက်ထပ်မလား ဟု သူ က မေးသည် ။ ဘာဖြစ်လို့ လဲ ဟု နှစ်စက္ကန့်ခွဲ ခန့် ခြား၍ ကျွန်တော် ပြန် မေး လိုက်သည် ။ လေးလေး ဟာ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ယောက် ။ လေးလေး မှာ အိမ်ထောင် မရှိဘူး ။ ဒီ အကြောင်း နှစ်ကြောင်း နှင့် မလုံလောက် ဟု ကျွန်တော် က ပြန်ပြောသည် ။ ကျွန်မတို့ စီးပွားရေးလုပ်ငန်း ဟာ လွန်ခဲ့တဲ့ သုံးလေးနှစ် ကတည်း က တစ်စတစ်စ ကျလာတယ် ။ အပေါ်ယံ ဟန်ပြ သာ ရှိတယ် ။ တကယ်တမ်း အတွင်း မှာ ကြွေးတွေ လည်ပင်း ရောက်နေပြီ ဟု သူ ပြောသည် ။ နောက်ထပ် အကြောင်း ရှိသေးသလား ဟု ကျွန်တော် က ထပ် မေးသည် ။ ကျွန်တော့် အသံသည် တိုးလွန်း နေသည် ထင်ရ၏ ။ လဲ့လဲ့ဝေရီ က ခေါင်း ကို ဖြည်းညင်းစွာ ခါယမ်း၍ ပြသည် ။ ခေါင်းကလေး ခါယမ်းလိုက်ပုံ မှ ဖြည်းဖြည်းညင်ညင်သာကလေး ဖြစ်သော်လည်း သူ့ ခေါင်း မှာ ပန်ထား သည့် ကက်တယ်လီယာ သစ်ခွပန်း တစ်ပွင့် သည် ပြုတ်ထွက်၍ စပါကလင် ခွက် ထဲ သို့ ကျသွား၏ ။ ကြည်လဲ့ ၍ အသီးကလေးများ ထ နေသော စပါကလင် အရည်များ ခရမ်းနုရောင် သန်းသွားသည် ။ သစ်ခွပန်းပွင့် ကျသွားသော ဖန်ခွက် ကို ကျွန်တော် ကောက်ယူမော့ သောက်လိုက်သည် ။ ရင်ထဲ မှာ စူးရှနာကျင်စွာ အေးသွား၏ ။ မင်း ငါ့ ကို ချစ်ကော မချစ်ဘူးလား လဲ့လဲ့ဝေရီ ။ ချစ်ပါတယ် လေးလေးရယ် ... ဟု ပြော၍ ပြောင်စပ်စပ် လျှာကလေး တစ်လစ် ထုတ်ပြ လိုက်၏ ။


ထိုခဏ မှာ ပင် ရွှေမန်းပွဲရုံ က အငယ်ဆုံး သမီးထွေးကလေး သဇင်ညိုမာ ကို တောင်းရမ်း လက်ထပ် ယူရန် ကျွန်တော် ဆုံးဖြတ် လိုက်ပါသည် ။


ဖျော့တော့ အရောင် မှိန်သော သက်ပြင်းချသံများ သည် ကျွန်တော့် ကို နူးညံ့ညင်သာစွာ ထွေးပိုက် ရစ်ပတ် သွား၏ ။ ကောင်းကင် တစ်နေရာ မှ အဝါရောင်ပန်းဝတ်မှုန်များ မိုးရွာ သလို တဖွဲဖွဲကျ လာသည် ။ ယိုးဒယားပိုးသားအဝါနုရောင် ကန့်လန့်ကာ နောက်ကွယ် မှာ မီးတစ်ပုံ ရှိသည် ။ လယ်ဂျာ စာရင်းစာအုပ် တထပ် ကို ထို မီးပုံ ထဲသို့ ထည့် လိုက်သော အခါ ကျုံးအတွင်း မှ ရေကင်းသံများ ကြားရသည် ။ သဇင်ညိုမာ သည် ဇော်ဇော်အောင် ကို သိပ်ချစ်သည် ဟူသော ပဲ့တင်သံ တစ်သောင်း သည် နန်းမြို့ရိုး ကို ရိုက်ခတ်၍ ကောင်းကင် သို့ ပျံတက်သွား၏ ။ တစ်လောက လုံး ကြားစေသတည်း ဟု မလိုအပ်ပါဘဲ ကျွန်တော် ဖြည့်စွက် အော်ဟစ် လိုက်မိသေးသည် ။


ဇော်ဇော်အောင် ၏ သဇင်ညိုမာ သည် သူ့ လေးလေး ဇော်ဇော်အောင် ကို သိပ်ချစ်သည် ။ ဇော်ဇော်အောင် ၏ ချစ်လှစွာသော ၊ မြတ်နိုးလှစွာ သော အလင်းရောင်တန်းကလေး သဇင်ညိုမာ သည် ဇော်ဇော်အောင် ကို အကြိမ်ကြိမ် အထပ်ထပ် ကြိုးနှယ်ရစ်ပတ် တုပ်နှောင်ခဲ့ပေပြီ ။ အလင်းရောင်တန်း ကြိုးများ တင်းကျပ်စွာ တုပ်နှောင်ခြင်း ခံထားရသော ကျွန်တော် သည် သဇင်ညိုမာ ၏ ဝင်းဝါ နုနယ်သော မျက်နှာကလေး ပေါ်မှာ အိပ်ချင်မှု ဖြင့် လေးလံ ငိုက်မျည်းနေသော အချစ် ကို တွေ့မြင်နေရပါသည် ။ လေးလေး ကို သိပ်ချစ်တယ် ဟု ပြောလာသော အခါတိုင်း အခါတိုင်း နှင်းမြူမှုန်များ ကြားမှာ တဖြည်းဖြည်း အဝေး ဆီ မှ ပြေး၍ လာနေသူ အသံများ ကို ကျွန်တော်တို့ မြင်တွေ့ နေရပါသည် ။ 


ထို အသံများ ကျွန်တော့် နားသို့ ရောက်သောအခါ ထက်အောက် ဝဲ ယာ ခွဲဖြာ ထွက်ကာ အလင်းရောင် ကြိုးများ အဖြစ် ပြောင်းလဲ သွားပြီး နောက် ကျွန်တော့် ကို ထပ်၍ ထပ်၍ ရစ်ပတ်တုပ်နှောင် ကြပြန်ပါသည် ။


သဇင်ညိုမာ ၏ ချစ်လှစွာသော ဇော်ဇော်အောင် သည် ကျောက်ဆည်မြို့စွန်တစ်နေရာ တောင်ခြေရင်း မှာ မေ့လျော့ခြင်း ရဲတိုက် တစ်လုံး ကို စုလစ်မွန်းချွန် တို့ အစုံအလင် ဖြင့် တည်ဆောက်ခဲ့ပါ၏ ။ ထို ရဲတိုက် မှာ သဇင်ညိုမာ စံမြန်းသည် ။ 


 ▢ ဇော်ဇော်အောင်

📖သဘင် မဂ္ဂဇင်း

     မတ်လ ၊ ၁၉၈၆ ခုနှစ်

 

No comments:

Post a Comment