❝ မင်္ဂလာပွဲ ❞
( မောင်သင်းဝေ )
( ၁ )
ကျွန်တော် ထိုင်နေကျ လက်ဖက်ရည်ဆိုင် ရှေ့ မှာ နောက်ဆုံးပေါ် စူပါဆလွန်း ကားလေး ထိုးရပ်
လိုက်တော့ ၊ ကျွန်တော်တို့ အားလုံး ရဲ့ မျက်လုံးတွေ အဲဒီ ကားလေး ဆီ ကို ရောက်သွားကြတယ် ။
နောက်တော့ ပွင့်ဟ လာတဲ့ ကားတံခါး ကနေ လေဒီရှူး နဲ့ ခြေသလုံးလှလှကလေး တစ်စုံ ထွက်ကျ လာတော့တယ် ။ အဲဒီ ခြေသလုံး လှလှကလေးတွေ ကို ကျွန်တော် သိပ် ချစ်တတ်တာပေါ့ ။
မိန်းကလေး တစ်ယောက် ဟာ ဘယ်လောက်ပဲ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပြီး မျက်နှာကလေး က လှပနေပါစေ ၊ သူ့ ရဲ့ ခြေသလုံးတွေ က ခဝါသည် ရဲ့ လက်ရိုက်တုတ်တွေ လို လုံးဝန်းတုတ်ခိုင် နေမယ် ဆိုရင် ၊ အဲဒီလို မိန်းကလေးမျိုး ကို ကျွန်တော် စိတ်ဝင်စားလို့ မရတာ အသေအချာပါပဲ ။ တကယ်တမ်း အားဖြင့် မိန်းကလေး တစ်ယောက် ရဲ့ ခြေသလုံးတွေ ဟာ ဆင်စွယ်ပွတ်လုံးလို ချောအိ နုညက်ပြီး ၊ သေးသွယ်ကျစ်လျစ် နေရမယ် မဟုတ်လား ။
ကျွန်တော် ကတော့ မိန်းမချောလေးတွေ ရဲ့ ခြေသလုံး လှလှကလေးတွေ ကို စိတ်ဝင်စားမိတာ အမှန်ပါပဲ ။ ရာဇဝင်တွေ ထဲမှာ ဖတ်ဖူးတဲ့ ဝေဠုဝတီ မင်းသမီးကလေး တောင် ၊ ဝါးပိုးဝါးကြီး လို ခြေသလုံး တုတ်တယ် ဆိုပြီး မိဖုရား အဖြစ် က လွဲခဲ့ဖူးသေးတယ် မဟုတ်လား ။ ကျွန်တော် လို လူ က ခြေသလုံး လှပမှု ကို အနုပညာ တစ်ရပ် လို ချစ်မြတ်နိုးတတ်တာ ဘာ ဆန်းတာမှတ်လို့ ။ ဒါ့ကြောင့်ပေါ့ ။ ‘ ချစ်ကောင်း ’ ရဲ့ ‘ ထမီတိုတို ’ သီချင်း ကို ကျွန်တော် ကြိုက်ခဲ့တာ ။
ခြေသလုံး အလှ ကို ပြောကြစို့ ဆိုရင် ၊ ‘ တောင်ကြီးသူ ’ တွေကို မှီမယ် မထင်ပါဘူး ။ ကျွန်တော် တောင်ကြီး မှာ တစ်လ လောက် နေခဲ့ဖူးသေးတယ် ။ အစ ပထမတော့ သူလို ငါလို ပါပဲ ။ တောင်ကြီးသူ အချောအလှတွေ ကို ငေးမော ကြည့်ရှုရင်း အချိန်တွေ ကုန်လွန်ခဲ့တာပေါ့ ။ နောက် သေသေချာချာ သတိထား ကြည့်မိတော့မှ တောင်ကြီးသူတွေ ခြေသလုံး လှတာကို ထူးထူးခြားခြား သတိထား မိတော့တယ် ။ ဒါလောက် ခြေသလုံး လှပ ချောမွေ့တဲ့ မိန်းမချောကလေး တွေ ကို ဘယ်မြို့ မှာမှ မတွေ့ ခဲ့ဖူးဘူး ။ ထမီတိုတို ခေတ်ပေါ်ဒီဇိုင်း နဲ့ ခြေသလုံး လှတဲ့ တောင်ကြီးသူ တွေ ကို ဈေးရှေ့ လက်ဖက်ရည်ဆိုင် က ထိုင်ပြီး ညနေတိုင်း ငေးကြည့် နေမိခဲ့တော့တယ် ။
ဟော ...
ပြောရင်း ဆိုရင်း ၊ စောစောက ထွက်ကျ လာတဲ့ ခြေသလုံး လှလှကလေး တစ်စုံဟာ စည်းချက်ကျကျ နဲ့ ၊ ကျွန်တော်တို့ ရှိရာ လက်ဖက်ရည်ဆိုင် ဘက် ကို ရွေ့လျား လာနေပြီ ။ ပိုပြီး ထူးခြားတာ က အဲဒီ ခြေသလုံးလေး ရဲ့အောက်ခြေ က ခြေကျင်းဝတ် မှာ သော့သေးသေးလေးတွေ နဲ့ သီထားတဲ့ ခြေကျင်းကြိုး လှလှကလေး ရယ် ။ လေဒီရှုး အဖြူရောင်ကလေး ရယ် က သိပ် ပနံရနေတာပေါ့ ။
ဗူးပါတိတ်အပြာရင့်ရင့် ကို ဒူးခေါင်း ဖုံး ရုံလောက် တိုတိုဝတ် ထားတဲ့ အဲဒီ ခြေသလုံးလေး ဟာ ကျွန်တော့် စားပွဲရှေ့ မှာ အလိုလို ရပ်သွားတော့မှ ၊ ကျွန်တော် လည်း အံ့အားသင့်ပြီး မော့ကြည့်မိတယ် ။
“ ဪ , မေစီ ပါလား ”
ကျွန်တော် ပခုံး နှစ်ဖက် ကို တွန့်လိုက်တယ် ။ မေစီ ဘာကိစ္စနဲ့များ ကျွန်တော့် ဆီ လိုက်လာတာပါလိမ့် ။ ကျွန်တော့် ရှေ့ရောက်တော့ မေစီက “ ဟူး ... မော လိုက်တာ ” ဆိုပြီး သူ့ လက်ချောင်းလှလှကလေး နဲ့ ၊ သူ့ မျက်နှာကို ယပ်ခတ် သလို တစ်ချက် နှစ်ချက် ခတ် လိုက်သေးတယ် ။ ပြီးမှ ဆလင်းဘက် ကို ဒေါက်ခနဲ ဖွင့်ပြီး အထဲ က ကြွေရောင်ကတ်ပြားကလေးကို ဆွဲထုတ် လိုက်တယ် ။
“ မောလိုက်တာ ကိုအောင် ရာ ၊ တစ်မနက်လုံး ကိုအောင့် ကို ရှာနေရ တာ နဲ့ ဖပ်ဖပ်မောပဲ ၊ နောက်မှ ဒီ ဆိုင် ကို သတိရလို့ လိုက်လာတာ ၊ မမ ကလည်း ကိုအောင့် လက် ထဲ ကို ရောက်အောင် ထည့်ခဲ့ရမယ် ဆိုလို့ အမိန့်တော် အတိုင်း နာခံရတာ ၊ ဒါပဲနော် ကိုအောင် လာမယ်မို့လား ”
“ လာစေ့ချင်ရင် လာရမှာပေါ့ စီစီ ရယ် ” လို့ ကျွန်တော် က ပြောတော့ “ ဟေ့ ဒါမှ တို့ ကိုကိုအောင် ကွ ” လို့ လက်ခုပ်လက်ဝါး တီးပြီး ပျော်သွား ရှာပါတယ် ။
“ ဒါတွေကြောင့် ကိုအောင့် ကို ... မမ က ”
သူ အဲသလို ပြောပြီးမှ တစ်ခုခု ကို စဉ်းစားမိပုံ ရပါတယ် ။
“ အဲအဲ ... ဘွာတေးနော် ကိုကို ၊ ဘွာတေး ဘွာတေး ” တဲ့ ။ ကျွန်တော် က “ ရပါတယ်ကွာ ” လို့ ပြောမှ “ အိုကေ ဒါပဲနော် ကိုကို လာဖြစ်အောင် လာခဲ့ ။ မေစီ မျှော် နေမယ် ”
အဲသလို ပြောပြီး သူ့ ကားဖြူလေး ဆီ ပြန် သွားပါတယ် ။ ပြီးတော့ “ ဝူးကနဲ ” မောင်းထွက် သွားပါရော ။
ကျွန်တော် လည်း စားပွဲ ပေါ်က စီးကရက် တစ်လိပ် ကို နှိုက်ယူပြီး ၊ လက် ထဲက ရွှေအိုရောင် ဇစ်ပို မီးခြစ်ကလေး နဲ့ မီးညှိ ဖွာရှိုက် လိုက်ပါတယ် ။ အဲဒီ မီးခြစ်ကလေးပေါ့ ။ မေရီ ကျွန်တော့် ကို “ အမှတ်တရ ” ဝယ်ပေးခဲ့တာ ။ “ ကိုကို တစ်သက်လုံးခြစ် ” ဖို့ပါတဲ့ ။ ခုတော့ - ခုတော့ ၊ သူ - လက်ထပ်တော့မှာပါလား ။
“ မေရီ လက်ထပ်တော့မယ်ပေါ့ ”
စားပွဲ မှာ အတူ ထိုင်နေတဲ့ သူငယ်ချင်း တစ်ယောက် က ဖိတ်စာ ကို ကောက် ယူကြည့်ရင်း ပြောလိုက်တော့ ကျွန်တော် လည်း ဟန်မပျက် ခေါင်းညိတ် ပြလိုက် တယ် ။ ကျန်တဲ့ သူငယ်ချင်းတွေ ကလည်း လှုပ်လှုပ်ရွရွ ။ ကျွန်တော် ဘာပြောမလဲ ဆိုတာ စောင့်မြော် နေတဲ့ပုံ ။
“ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ တို့ လုံးဝ မထင်မှတ်ခဲ့ကြဘူး ၊ တကယ်ဆို မင်း နဲ့ မေရီ ဟာ သိပ် လိုက်ဖက်တဲ့ စုံတွဲကွ ”
“ မုဆိုး မြားမှန် ၊ အလမ္ပာယ်ဆရာ ပိုးထိ ပဲကွာ ၊ ကိုယ်တို့ကတော့ လုံးဝ လုံးဝ ခွင့်မလွှတ်နိုင်ဘူး ”
ကျွန်တော် က မတုန်မလှုပ် နေသလောက် ကျွန်တော့် သူငယ်ချင်းတွေ ခမျာ မခံမရပ်နိုင် ဖြစ်နေကြဟန် တူပါတယ် ။
အင်း ၊ သူတို့ ဖြစ်မယ် ဆိုရင်လည်း ဖြစ်စရာပေပဲ ။ တကယ်ဆို ကျွန်တော် နဲ့ ‘ မေရီ ’ တို့ ချစ်ခဲ့ကြတာ သုံးနှစ်သုံးမိုး မှ မကတော့တာ ။ မန္တလေး တစ်မြို့လုံး ၊ ရွှေဆိုင်တန်း တစ်တန်းလုံး ၊ ဈေးချိုတော် တစ်ခုလုံး ၊ လူစိတ်ဝင်စားမှုအရှိဆုံးစုံတွဲပဲ ဟာ ၊ ချားလ်မင်းသား နဲ့ ၊ “ ဒိုင်ယာနာ ” မင်းသမီး သတင်း ကို ဟောလိဝုဒ် တစ်ခုလုံး က စိတ်ဝင်စားကြ သလို ကျွန်တော် နဲ့ မေရီသတင်း ကို လည်း မန္တလေး တစ်မြို့လုံး က စိတ်ဝင်စားခဲ့ကြတာ ။ မေရီ က ဈေးချို ရွှေဆိုင်တန်း မှာ သုံးခန်းတွဲ ။ ညီမတွေ က ရွာဟိုင်းဈေး ရွှေဆိုင် မှာ နှစ်ခန်းတွဲ ။ “ ဇမ္ဗူရာဇ်ရွှေ ” ဆိုင် ဆိုတာ မန္တလေး မှာ တော့ ( ပ် ) ပဲ မဟုတ်လား ” အဲသလိုပါပဲ ။ “ ဗဟိန်းအောင် ” ဆိုတဲ့ ကျွန်တော် ကလည်း ခေတာ မှတ်လို့ ။ ဘုရားကြီးနယ် ရှမ်းပွဲ မှာ ဧရာမ အကောင် ။ အဖေ က သနပ်ဖက်ပွဲရုံကြီး, ဟီးလို့ ။ အမေ က ဘုရားကြီး မှာ နိဗ္ဗာန်ကုန်သည် ။
ကျွန်တော် နဲ့ ‘ မေရီ ’ ချစ်သူတွေ ဖြစ်ကြတော့ ရွှေနဲ့မြ ၊ နေနဲ့လ ပေါ့လေ ။ အားလုံးက ချီးမွမ်း ကြတယ် ။ ဒါပေမယ့် မေရီ ရဲ့ ဖေဖေ , မေမေ ကတော့ အင်တင်တင် ရယ် ။ “ ဗဟိန်းအောင် ” ရည်းစား ထည်လဲ ထားတယ် ။ ရှုတ်တယ် - ပွေတယ်တဲ့ လေ ။
ဟုတ်တော့ လည်း ဟုတ်ပါရဲ့ ။
မန္တလေးမြို့ကြီး မှာ စူပါကပ် ထည်လဲ စီးနိုင်တဲ့ ကျွန်တော့် လို လူ အဖို့ ရည်းစား ဆိုတာ ဘယ် ရှားပါ့မလဲ ။ ဘယ်လောက် မာနကြီးပါတယ် ဆိုတဲ့ မိန်းကလေး ဖြစ်ပါစေ ‘ ဗဟိန်းအောင် ’ ဆိုင်ကယ် နဲ့ နှစ်ပတ်လောက် လှည့် လိုက်ရင် နောက်က ပါလာရစမြဲ ပါပဲ ။ ဒီခေတ် မှာတော့ စူပါကပ် ဆိုတာ တကယ့် သိဒ္ဓိမြောက် ပီယဆေးပဲ မဟုတ်ပါလား ။
ဒါပေမယ့် ...
ကျွန်တော် သစ္စာ ရှိခဲ့ပါတယ် ။ ရည်းစား များတာက လွဲလို့ ဘယ် မိန်းကလေး ကို မှ ကျွန်တော် အချစ်နယ် မကျွံခဲ့ပါဘူး ။ ဘယ် မိကောင်း ဖခင်သားသမီး မှ ‘ ဗဟိန်းအောင် ’ ကြောင့် မနစ်နာစေခဲ့ရပါဘူး ။ အတူ သွားတယ် ၊ အတူ လာတယ် ၊ အတူ စားတယ် ၊ အတူတူ ရုပ်ရှင် ကြည့်တယ် ၊ အတူတူ လည်ပတ်ပျော်ရွှင်ခဲ့ကြတယ် ။ ဒါပေမယ့် လက်ထပ် ဖို့တော့ မပူဆာနဲ့ တာ့တာပဲ ။ ဒီတော့လည်း ကောင်မလေးတွေ သူတို့ စရိတ် နဲ့ သူတို့ လှည့်ပြန် သွားတတ်ကြတာ မဆန်းပါဘူး ။
‘ မေရီ ’ ကျတော့ တစ်မျိုးလေ ။
သူ နဲ့ တွေ့ပြီးမှ ကျွန်တော် လည်း ခြေနည်းနည်း ငြိမ်သွားတယ် ။ မေရီ က ပညာတတ်တယ် ၊ ဒါပေမယ့် မာန မကြီးဘူး ။ စည်းစိမ်ချမ်းသာ နဲ့ လည်း ပြည့်စုံတယ် ။ ဒါပေမယ့် မဝါကြွားဘူး ။ ရုပ်ကျတော့ကော လှသလား မမေးနဲ့ ‘ ချာလီအိန်ဂျယ် ’ ထဲ က ‘ ဂျက်ကလင်းစမစ် ’ နဲ့ နင်လား ငါလားပဲ ။ ဒါပေမယ့် ဘဝင် မမြင့်ရှာဘူး ။
သူ့ ရဲ့ အထူးခြားဆုံး အချက် က ကျွန်တော့် ကို ဘာမှ ချုပ်ကိုင်ဖို့ မကြိုးစားတာပဲ ။
ဆေးလိပ် မသောက်နဲ့ ၊ အရက် မသောက်နဲ့ ၊ အပေါင်းအသင်း မများနဲ့ ၊ အလယ်အပတ် လျော့ ၊ ကောင်မလေးတွေ နဲ့ မရောနဲ့ ၊
အချိန်မှန် အခစားဝင်ရမယ် ။
အဲဒီလို အဲဒီလို ကျွန်တော် နားညောင်း နေတဲ့ ဆုံးမ စကားတွေ သူ့ ဆီက ဘာမှ မကြားခဲ့ရဘူး ။ ကြာတော့ ဒီကောင်မလေး ငါ့ ကို တကယ်ကော ချစ်ရဲ့လား
လို့တောင် သံသယ ဝင်လာမိခဲ့တယ် ။
“ ကိုအောင် ဟာ ခေတ်ပညာတတ်ပဲ ၊ အသိတရား ရှိပါတယ် ၊ ကိုယ့်ကိုယ် ကို ပျက်စီးအောင် မနေရင် ပြီးတာပါပဲ ” တဲ့ ။
အံ့ရော့ဗျာ ပြီးတော့ ဒီထက် ထူးခြားတာ က ဘယ်တုန်းက မှ လက်ထပ်ဖို့ စကား မဟခဲ့ဖူးတာပါပဲ ။
ပိုပြီး အံ့ဩစရာ ကောင်းတာက ကျွန်တော် ။
ဘယ် မိန်းကလေး ကိုမှ လက်ထပ်ဖို့ စိတ် မကူးခဲ့တဲ့ ကျွန်တော် ဟာ သူ နဲ့ ကျတော့ လက်ထပ်ချင် ပြန်ရော ။ ဒါပေမယ့် သူ့ ကို ကျွန်တော် လက်ထပ်ဖို့ ကိစ္စ မပြောခဲ့ပါဘူး ။ တကယ်တော့ ဒီကိစ္စမျိုး ဆိုတာ မိန်းကလေးတွေ ပဲ အလေးအနက် ထားသင့်တဲ့ ကိစ္စ မဟုတ်လား ။ သူ က ပြောလာရင်တော့ ကျွန်တော့် ဘက်က စဉ်းစားဖို့ အဆင်သင့်ပါပဲ ။ ဘယ် ကောင်မလေး မှ မရခဲ့တဲ့ အခွင့်အရေးမျိုး ကျွန်တော်သူ့ ကို ပေးဖို့ မျှော်လင့်ခဲ့ပါတယ် ။ ဒါပေမယ့် သူ က စ မလာဘူးလေ ။
ဒါပေမယ့် သူ့ ဘက် ၊ ကိုယ့် ဘက် အပေါင်းအသင်းတွေ ၊ မိတ်ဆွေတွေ က တော့ ကျွန်တော်တို့ နှစ်ယောက် တစ်ချိန်ချိန် တော့ လက်ထပ် ဖြစ်ကြမှာပဲ လို့ တစ်ထစ်ချ ယူဆထားပုံ ရပါတယ် ။
မေရီ လက်ထပ်တော့မယ် ဆို ပြန်တော့လည်း ကျွန်တော် အံ့ဩ တုန်လှုပ်ဟန် မပြခဲ့ပါဘူး ။ တစ်ချိန် မဟုတ် တစ်ချိန် ကြုံလာနိုင်တာမျိုး မဟုတ်လား ။ ဒါကို ခေါင်းရှုတ်ခံ စဉ်းစားနေလို့ အပိုပါပဲ ။
မေရီ က ပြောလာပါတယ် ။ သူ လက်ထပ်တော့မယ် ... တဲ့ ။ ဘယ်သူနဲ့ လဲ ဆိုတော့ မိုးကုပ် က သူဌေးတဲ့ ။ သူ့ ထက် ဆယ်နှစ် လောက် ကြီးတယ် ဆိုပဲ ။ လူကြီး တွေ က ဇွတ် ပေးစား လို့လား ဆိုတော့ ဒီလိုလည်း မဟုတ်ပြန်ဘူး ။
“ သမီးတို့ ဘယ်တော့ လက်ထပ်ကြမလဲ ” လို့ သူ့ မေမေ က မေးတော့ ၊ မေရီ က “ အစီအစဉ် မရှိသေးပါဘူး မေမေ ” လို့ ပြောသတဲ့ ။ “ သမီး လက်ထပ်ဖို့ အရွယ် ရောက်ပြီ ၊ သမီး သဘောကျတဲ့ လူရှိလို့ လက်ထပ်ချင် လည်း လက်ထပ်တော့ ၊ ဒါမှမဟုတ် .. မေမေတို့ သဘောတူတဲ့ လူနဲ့ လက်ထပ်ရမယ် ” လို့ ပြောလာတော့လည်း အသာငြိမ်နေခဲ့ပါသတဲ့ ”
“ ဒါဖြင့် ... မေရီ ဘယ်လို စဉ်းစားထားသလဲ ” လို့ ကျွန်တော် က မေးတော့ မေရီ ခေါင်းခါတယ် ။
“ ကိုအောင့် ကို အဲဒါ လာတိုင်ပင်တာ ” ... တဲ့ ။
“ ကိုယ် လည်း မပြောတတ်ဘူး ”
မေရီ က ကျွန်တော့် ကို မျက်လုံးဝိုင်းကြီး နဲ့ တော့ ကြည့်တယ် ။
“ ဒါဖြင့် ... မေရီ ... မေမေတို့ စီစဉ်တာ လက်ခံလိုက်တော့မယ် ” တဲ့ ။
ကျွန်တော် လည်း ပခုံး နှစ်ဖက် တွန့်ပြပြီး ပြန် ပြောလိုက်တယ် ။
“ ကောင်းတာပေါ့ ၊ ကိုယ် လည်း လွတ်လွတ်လပ်လပ် နေချင်သေးတယ် ” လို့ ။
အဲဒီ အချိန် က စပြီး ကျွန်တော် နဲ့ ‘ မေရီ ’ မတွေ့ဖြစ်တော့တာ ။ ခု သူ့ညီမ “ မေစီ ” ဖိတ်စာ လာ ပို့တဲ့ အထိပဲ ဆိုပါတော့ ။
“ ငအောင် မင်း ဘာလုပ်ဖို့ စိတ်ကူးသလဲ ” တဲ့ ။ သူငယ်ချင်းတွေ က မေးလာကြတော့ ၊ ကျွန်တော် ခေါင်းခါ ပြလိုက်တယ် ။
“ စိတ်မကောင်းပါဘူးကွာ ” ဆိုတော့ ကျွန်တော် က “ ရပါတယ် ” လို့ပြန် ပြောလိုက်တယ် ။ ဒီတော့ သူတို့ က ခေါင်းတွေ တစ်ပြိုင်တည်း ယမ်းခါလို့ ။ သူတို့ ကို ကြည့်ရတာ ‘ မေရီ ’ ကို ကျွန်တော် စွန့်လွှတ်ရတဲ့ အတွက် နှမျောနေကြပုံ ရပါတယ် ”
“ ဒါဖြင့် ဒီည ... ငါတို့ ပွဲလေး တစ်ပွဲလောက် ကျင်းပကြရအောင် ”
ဆိုလိုတာက ကျွန်တော့် အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင် သောက်ကြ စားကြ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးကြဖို့ပါပဲ ။ ကျွန်တော် ခေါင်းခါ ပြ လိုက်တယ် ။
“ ငါ မသောက်ချင်ဘူးကွာ ”
“ ဒါဖြင့် မင်း ဘာဆက် လုပ်မယ် ... စိတ်ကူးသလဲ ”
“ အောင်ပင်လယ် ဘက် ထွက်ပြီး ပန်းချီ ဆွဲမှာပေါ့ ”
အဲဒီအခိုက် မှာပဲ တစ်ဘက် စားပွဲ က လူ တစ်ယောက် ဟာ စကားတွေ ဟောင်ဖွာ ဟောင်ဖွာ ပြောနေသံ ကြားရတယ် ။ သူ ပြောနေတာတွေကတော့ တရားစကားတွေပါပဲ ။ နိဗ္ဗာန် တို့ ၊ သမထ တို့ ၊ ဝိပဿနာ တို့ ၊ ကျင့်စဉ် တို့ အာနာပါန တို့ ရှုတ်ရှက်ခတ် နေတာပါပဲ ။ တကယ့် လူသူတော်ကောင်း တစ်ယောက် ပုံမျိုး ။ ဒါပေမယ့် ဒီလူ့ အကြောင်း ကျွန်တော် ကောင်းကောင်း သိတာပေါ့ ။ အရပ် ထဲမှာ မိန်းမ လုပ်စာ ထိုင်စား နေပြီး ၊ တော က ခေါ်လာတဲ့ တူမလေး ကို ခြေတော်တင်တဲ့ လူ ။ စိတ်ပုတီး လည်ပင်း ဆွဲပြီး ချဲတွက် ချဲထိုး နေတဲ့လူ ။ ကြာတော့ ကျုပ် လည်း နားကြားပြင်း ကပ်လာတယ် ။ ဒါနဲ့ နံပြားဖုတ်တဲ့ ဆီ ထ သွားပြီး ဂျုံလုံးစက်လုံး ယူလာခဲ့တယ် ။ အဲဒီ လူ နားရောက်တော့ သူ က ကျွန်တော့် ကို ပါးစပ်ပြဲကြီး နဲ့ ပြုံးပြ နှုတ်ဆက်တယ် ။ မျက်မှန် က တဝင်းဝင်း ၊ သွားက ခေါခေါ နှုတ်ခမ်းမွေး က ထိုးထိုးထောင်ထောင် နဲ့ ။ တကယ့်ကို ရွံ့မုန်းစရာ ကောင်းတဲ့လူ ။
သူ ကျွန်တော့် ကို နှုတ်ဆက်မယ့် အလုပ် မှာပဲ ၊ ကျွန်တော့် လက် ထဲက ဂျုံလုံး ကို သူ့ ပါးစပ် ထဲ အတင်း ထိုးထည့် လိုက်တယ် ။
ကျွန်တော် လား ။ ကျွန်တော် ကတော့ ခပ်တည်တည်ပါပဲ ။ ဘောင်းဘီအိတ် ထဲ လက်နှိုက်ပြီး လက်ဖက်ရည်ဆိုင် ထဲက ထွက်လာခဲ့တယ် ။ ကျွန်တော့် ရဲ့ အချစ် တော် စူပါကပ်လေး ထောင်ထားရာ နေရာ ဆီ ။
( ၂ )
ညနေစောင်း နေရောင်ခြည် ဟာ ရှမ်းရိုးမ တောင်တန်းကြီး ပေါ်ကို ဆလိုက် ထိုးထားသလို ၊ ထိုးကျ နေပါတယ် ။
ပန်းချီကား ကို လက်စသတ် ပြီးတာနဲ့ ၊ စုတ်တံတွေ ၊ ရေဆေးဗူးတွေ ကို လွယ်အိတ် ထဲ ထည့်ပြီး ၊ ဆိုင်ကယ် ရှေ့ခြင်းထဲ ထည့် လိုက်တယ် ။ ပန်းချီကား ကိုတော့ အသာအယာ လိပ်ပြီး ခြင်း ထဲ မှာပဲ အပေါ် က ထပ် ထည့်လိုက်တယ် ။
ပြီးတာနဲ့ ပြင်ဦးလွင် ကားလမ်း တက်ပြီး ပြန်လာခဲ့တယ် ။ ပုသိမ်ကြီးလမ်းခွဲ က နေ ၃၅ - လမ်းဘက် ချိုးကွေ့မယ် လုပ်တော့ ၊ “ အေ ” လမ်းဘက် ကနေ အရှိန်ပြင်းပြင်း နဲ့ ကွေ့ဝင် လာတဲ့ ဟိုင်းလတ် ကားတစ်စင်း ကို ဘွားကနဲ တွေ့လိုက်ရတယ် ။ ဒါနဲ့ပဲ ဆိုင်ကယ် ကို လယ်ကွင်း ထဲ ထိုးဆင်းပြီး ရှောင်လိုက် ရတယ် ။ လူရော - ဆိုင်ကယ် ပါ လယ်ကွင်းစပ် မြောင်းထဲ ကို ထိုးကျပြီး လဲ သွားတယ် ။ ကျွန်တော့် တစ်ကိုယ်လုံးရေတွေ စက်လက်နဲ့ ။ လမ်းမ ပေါ် မှာတော့ ကျွန်တော့် ဆီ ဦးတည် လာနေတဲ့ လူသုံးယောက် ။ သူတို့ကြောင့် ဖြစ်ရတဲ့ အတွက် တောင်းပန်ဖို့ ကူညီဖို့ ဆင်းလာကြပုံ ရတယ် ။ ကျွန်တော် ကတော့ ကိစ္စ မရှိပါဘူး ဆိုတဲ့ ပုံစံနဲ့ သူတို့ ကို ဆီးပြီး ပြုံးပြ လိုက်တယ် ။
ဒါပေမယ့် ...
သူတို့ ရဲ့ တုံ့ပြန်မှု ကတော့ ကျွန်တော် ထင်သလို ၊ မသိမ်မွေ့လှပါဘူး ။ ကြမ်းတမ်းပြင်းထန် လှတဲ့ လက်သီးချက်တွေ နဲ့ ၊ အငိုက်ဖမ်းတဲ့ ထိုးနှက်ချက်တွေပါပဲ ။ တစ်စုံတစ်ယောက် က ကျွန်တော့် ကို နောက် ကနေ ရိုက်လိုက်ပြန်တယ် ထင်ပါရဲ့ ။ ကျွန်တော် လည်း ဩကာသ လောကကြီး နဲ့ အဆက်အသွယ် ပြတ်သွား တော့တယ် ။
( ၃ )
သတိရလို့ မျက်စေ့နှစ်လုံး ကို အားယူ ဖွင့်ကြည့် လိုက်တော့ ဝိုးတိုးဝါးတား အလင်းရောင်တွေ အောက် က အဖြူရောင်တွေရယ် ၊ မျက်နှာကျက် က တဖြည်း ဖြည်း လည်ပတ် နေတဲ့ ပန်ကာ ရယ် ၊ ကျွန်တော့် နဖူး ပေါ်က နူးညံ့သိမ်မွေ့တဲ့ အထိ အတွေ့ ရယ် ...
“ ဆရာ ... ဆရာ ၊ သူ သတိရလာပြီ ဆရာ ”
သူနာပြုဆရာမလေး ရဲ့ အေးငြိမ်းချိုသာတဲ့ အသံ ကို ကြားလိုက်ရတော့ ဧကန္တ အနား မှာ ဆရာဝန်ကြီး ရှိလိမ့်မယ်လို့ ထင်ခဲ့မိတယ် ။ နောက်ထပ် ကြားရတဲ့ အသံက ကျွန်တော့် ထင်မြင်ချက် လွဲချော် သွားကြောင်း သက်သေ ပြလိုက်တယ် ။
“ ဘယ့်နှယ်လဲ သူငယ်ချင်း ... သက်သာပြီလား ” တဲ့ ။
ဒါ ကျွန်တော့် သူငယ်ချင်း ရဲအရာရှိ ခင်မောင်ကျော် ရဲ့အသံ ။
ကျွန်တော် အားယူပြီး ထမယ် လုပ်တော့ သူနာပြုဆရာမလေး ကပါ ဖေးကူပေး ရှာပါတယ် ။ ပြီးတော့ ခေါင်းအုံး ကို ကျောနောက် ကနေ ခု ပေးတယ် ။
“ ကိုယ် တာဝန်ကျလို့ ပြင်ဦးလွင် ကို သွားတာ ၊ အဲဒီက ပြန်လာတာနဲ့ ကြုံတာ .. မောင်ရင် ကံကောင်းတာပဲ ၊ နို့မို့ရင် မောင်ရင် လောကကြီး ထဲ က တစ်ခါတည်း ထွက်ခွာ သွားရနိုင်တယ် ”
ခင်မောင်ကျော် ဘာတွေ လာ ပြောနေတာလဲ ။ ကျွန်တော် ကြိုးစားပြီး ပြုံးလိုက်တယ် ။
“ ကိုယ် သိပ်မမှတ်မိဘူး ”
“ ကိစ္စ မရှိပါဘူး သူငယ်ချင်း ၊ အားလုံး ကိုယ့် ရှေ့မှာ ဖြစ်နေတာ ။ ဟိုကောင် တွေ အကုန်လုံး အချုပ်ထဲ ထည့်ထားခဲ့ပြီ ၊ ‘ ဇော်ကြီး ’ ကို လည်း ကိုယ်တို့ ဆက်အရေး ယူဖို့ စီစဉ်ပြီးပါပြီ ”
“ ဘယ်က ဇော်ကြီးလဲ ”
“ မေရီ ရဲ့ခင်ပွန်းလောင်း လေ ၊ မောင်ရင် ရဲ့ ရန်သူတော်ကြီး ပေါ့ ၊ သူ့ မင်္ဂလာပွဲ ကို မောင်ရင် နဲ့ မောင်ရင့် သူငယ်ချင်းတွေ က ဝင် ဖျက်မယ်လို့ သတင်းတွေ ရတာနဲ့ ၊ ခုလို မောင်ရင့် ကို ရှင်းဖို့ ကြိုးစားတာတဲ့ ၊ ဘာမှ မပူနဲ့ သူငယ်ချင်း မင်း ဘက် မှာ ကိုယ် တစ်ယောက်လုံး ရှိနေတယ် ၊ ဒီကောင်တွေ သူတို့ စရိတ် နဲ့ သူတို့ သွားလိမ့်မယ် ”
“ ဒါဆို ဇော်ကြီး က ... ခု ဘယ်မှာလဲ ”
“ ကိုယ်တို့ စခန်း မှာ ချုပ်ထားတယ်လေ ၊ မင်း ကျန်းမာတဲ့ နေ့မှာ ဒီကောင် တွေ အမှုတွဲ ကို ရုံးတင် လိုက်မယ် ”
“ မလုပ်နဲ့ သူငယ်ချင်း ၊ ကိုယ့် ကို သူ့ ဆီ လိုက်ပို့ပါ ”
“ ဘာလဲ မင်း က ... နွှာချင် သေးတာလား ၊ မလုပ်ပါနဲ့ သူငယ်ချင်းရာ ... ဥပဒေလမ်းကြောင်း အတိုင်း ”
ကျွန်တော် လက်ကာ ပြလိုက်တယ် ။
“ မေရီ မင်္ဂလာပွဲ က ဘယ်တော့လဲ ”
“ နက်ဖြန်ပဲ သူငယ်ချင်း ၊ ဒါပေမယ့် ”
“ ငါ့ ကို ကူညီပါ သူငယ်ချင်း ၊ သိပ် ကို အရေးကြီးလို့ပါ ”
“ သူငယ်ချင်း ဘာဖြစ်ချင်သလဲ ပြော ၊ မောင်ရင့် ရဲ့ မေရီ ကို မောင်ရင့် လက်ထဲ ပြန်ထည့်ပေးရမလား ”
“ မဟုတ်ဘူး သူငယ်ချင်း ၊ ဇော်ကြီး ကို လွှတ်ပေးလိုက်ပါ ၊ ငါ အမှု မဖွင့်ချင် ဘူး ၊ ဇော်ကြီး ထောင်ကျလို့မဖြစ်ဘူး ၊ ငါ မေရီ ရဲ့ မင်္ဂလာပွဲ ကို အပျက် မခံနိုင်ဘူး ”
သည်တော့ ခင်မောင်ကျော့် မျက်နှာ ခပ်တည်တည်ကြီး ဖြစ်သွားတယ် ။ ခေါင်း ကိုအတင်း ခါရမ်းရင်း ကျွန်တော့် ကို စဉ်းစားခိုင်းတယ် ။
“ ဒီမှာ ငအောင် , ဇော်ကြီး ဟာ ... မင်း ခေါင်းကို ရိုက်ခွဲခဲ့တဲ့ လူ အဆင် မသင့်ရင် ကိစ္စချော သွားနိုင်တယ် ၊ ပြီးတော့ မင်း ရဲ့ မေရီ ကို မင်းလက် ထဲ က ဆွဲထုတ် သွားတဲ့ လူ ၊ ဒီ အခွင့်အရေးမျိုး ... မင်း မှာ နောက်တစ်ခါ မရနိုင်တော့ဘူး မှတ်ပါ ”
“ သိပ် ဟုတ်တာပေါ့ သူငယ်ချင်း ရာ ၊ ဒီ အခွင့်အရေးမျိုး နောက်ထပ် ငါ ဘယ် ရနိုင်တော့မှာလဲ ၊ ငါ,ယ သိပ်ချစ်တဲ့ မေရီ အရှက် မရအောင် ကာကွယ်ဖို့ ၊ မေရီ ရဲ့ မင်္ဂလာပွဲ မပျက်စီးဖို့ ၊ မေရီ ငါ့ ကို တစ်သက်လုံး မုန်းမသွားဖို့ ”
နောက်ဆုံးတော့ ကျွန်တော့် ဆန္ဒ အတိုင်း ခင်မောင်ကျော် လိုက်လျောရပါတော့တယ် ။
ကျွန်တော် ခင်မောင်ကျော် နောက် က ဝင်လိုက် သွားတော့ အချုပ်ခန်း ထဲ က “ ဇော်ကြီး ” တို့ အဖွဲ့ ၊ ကျွန်တော့်ကို အစိမ်းလိုက် ဝါးစားချင်ကြတဲ့ပုံ ။ ကျွန်တော် က ပြုံးပြဖို့ ကြိုးစားပေမယ့် သူတို့ က မျက်နှာ လွှဲသွားကြတယ် ။ ဒါနဲ့ ခင်မောင်ကျော် နဲ့ အတူ စခန်းမှူး ရှေ့ မှာပဲ ကျေအေးကြောင်း လက်မှတ် ထိုးဖို့ သူတို့ ကို ခေါ်ထုတ် ခဲ့တယ် ။
“ ပြီးပြီးသား ကိစ္စတွေ ... သင်ပုန်း ချေလိုက်ကြရအောင် ”
ကျွန်တော် က ဇော်ကြီး ဆိုသူ ကို လက်ကမ်း ပေးပြီး နှုတ်ဆက်တော့ သူတို့ တစ်တွေ အံ့အားသင့် လို့ ၊ ရဲအဖွဲ့ဝင် တစ်ယောက် က လက်ထိတ် ဖြုတ် ပေးပြီး ကျေအေးကြောင်း လက်မှတ်ထိုး ဖို့ ပြောတော့ မှ သူတို့ မျက်နှာတွေ ဝင်းလက်လို့ အသက်ဝင် လာကြတယ် ။
“ ကဲ .. သူငယ်ချင်း ပဲ ကြည့်လုပ် ပေးလိုက်ပါတော့ ၊ ကိုယ် အိမ်ပြန်ပြီး အနားယူ ချင်တယ် ”
“ အိုကေ ... ကိုယ်အားလုံး အဆင်ပြေအောင် လုပ်ပေးလိုက်ပါ့မယ် ”
ခင်မောင်ကျော် ကို နှုတ်ဆက်ပြီး ထွက်လာတော့ ရဲဝန်ထမ်း တစ်ဦးက ကျွန်တော့် ဆိုင်ကယ် ကို ယူလာ ပေးတယ် ။ ဇော်ကြီး မျက်နှာ ကြည့် ရတာ ကျွန်တော့် ကို တစ်ခုခု ပြောချင် နေပုံပါပဲ ။
ဒါပေမယ့် သူတို့ ဘာမှ မပြောနိုင်ခင် မှာပဲ ကျွန်တော့် ဆိုင်ကယ် ရှိရာသို့ ခပ်တည်တည် နဲ့ ထွက်လာခဲ့တယ် ။ ဘောင်းဘီအိတ် ထဲ လက်နှိုက် ပြီးတော့လေ ။
( ၄ )
အိမ်ပြန် ရောက်ရောက်ချင်း ၊ ရေမိုးချိုး ပစ်လိုက်တယ် ။ ခုမှ လူ လည်း ပေါ့ပါးလန်းဆန်း သွားသလိုပဲ ။
ခဏ နေတော့ ဦးလေး က လာပြောတယ် ။ မေရီ ဆီက ဖုန်းဆက်တာ နှစ်ခါ ရှိပြီဆိုတဲ့ အကြောင်း ၊ ဆေးရုံ မှာ ရှာ မတွေ့လို့ အိမ် ကို မေးတဲ့အကြောင်း ၊ ကား နဲ့ လည်း တစ်ခေါက် လာသွားသေးတဲ့ အကြောင်း ကိုအောင် ရောက်ရောက်ချင်း ဖုန်းဆက်ပါ ၊ မေရီ တောင်းပန်စရာ ရှိလို့ ... ဆိုတဲ့အကြောင်း ။
ကျွန်တော် က မျက်ခုံး ပင့်ပြီး ၊ ပခုံး ပါ တွန့်ပြလိုက်တယ် ။
“ ဦးလေး ပဲ ကြည့် ဆက်လိုက်ပါ ၊ ဒီနေ့ အဖို့ ကျွန်တော် ဘယ်သူ နဲ့မှ
စကား မပြောချင်တော့ဘူး ”
ရေခဲသေတ္တာ ထဲ က ဘရန်ဒီပုလင်း ဖွင့်ပြီး နည်းနည်း မော့ချ လိုက်တယ် ။ ပြီးတော့ အခန်း ထဲ ဝင်ပြီး ကောင်းကောင်း အိပ်ပစ်လိုက်တယ် ။
( ၅ )
၂၆ - လမ်းအတိုင်း ကျုံးဘေးလမ်း က မောင်းလာရာ ကနေ ခမ်းမ ( ၁ ) ရှေ့ ရောက်တာနဲ့ ၊ ဆိုင်ကယ် ကို ချိုးကွေ့ လိုက်တယ် ။ ကြည့်စမ်း ။
တော်တော် ကို စည်ကားတဲ့ လူကုံထံ မျက်နှာကြီး မင်္ဂလာပွဲ ပါလား ။ စူပါဆလွန်း တွေ ၊ ဘင် တွေ ၊ အက် ( ခ ) အီး တွေ တန်းစီလို့ ။ ဆိုင်ကယ်တွေ က ဆို ဘာသာ စုံကျူရှင် တစ်ခု ရှေ့ က တစ်စီးစတင်း ကျနေတာပါပဲလား ။ ကျွန်တော့်ဆိုင်ကယ် ကို စိန်ပန်းပင် တစ်ပင် အောက် မှာ သီးခြားထောင် ထားခဲ့တယ် ။ ဒါမှ ပြန်ချင်တဲ့ အချိန်, အလွယ်တကူ ပြန်နိုင်မယ် မို့လား ။
“ ကိုကိုအောင် လာဖြစ်အောင် လာရမှာနော် ” တဲ့ ။
မင်္ဂလာဖိတ်စာ လာ ပေးသွားတဲ့ ‘ မေစီ ’ ကို မဆီမဆိုင် သတိရလိုက်မိ သေးတယ် ။ အင်း တော်တော် ခြေသလုံးလှတဲ့ မိန်းကလေးပါလား ။
ရွှေဆိုင်တန်း က အပျိုတွေ ၊ ဈေးချိုသူ စျေးချိုသားတွေ ၊ ရှမ်းပွဲ က ကုန်သည်ကြီးတွေ ၊ ဘုရားကြီးသူ ချောချောတွေ ၊ မြရောင်စိန်ရောင် ၊ ရွှေရောင်ငွေရောင် ။ ပြိုးပြိုးပြက်ပြက် နဲ့ပါလား ။ တော်ပါသေးရဲ့ ။ နေကာမျက်မှန် ပါလာမိခဲ့ပေလို့ ။ ဗွီဒီယို မင်းသမီးပေါက်စတွေ ၊ အဆိုတော်လေးတွေ ကလည်း ဧည့်ခံ ကြိုဆိုနေရာ ချထား ပေးလို့ ကျွန်တော် ရောက်လာတော့ လူတွေ တော်တော်များများ အံ့အားသင့်လို့ ၊ လှုပ်လှုပ် ရှားရှား ဖြစ်ကုန်ကြတယ် ။ ပြီးမှ ဣန္ဒြေ ဆည်ရင်း တီးတိုး တီးတိုး ပြောနေကြသည် ။
ကျွန်တော် လာတာ မြင်တော့ မေစီ ရယ်လေ ။ အပြေးကလေး ရောက်ချ လာရှာတယ် ။
“ လာမှ လာပါ့မလားလို့ ကိုအောင် ရယ် ၊ ကိုအောင် ဘာမှ မဖြစ်ဖူးနော် ၊ မေစီ ဖြင့် စိုးရိမ်လိုက်ရတာ ၊ ကိုအောင် ဒဏ်ရာကြီး နဲ့ လာရမှာပေါ့ ”
“ ဒဏ်ရာ က ဘာမှ မဖြစ်လောက်ပါဘူး မေစီ ရယ် ၊ လာရမှာပေါ့ ”
“ ကိုဇော်ကြီး အတွက် မေစီ ရော ၊ မမ ရော ၊ မေမေတို့ ကပါ ၊ ကိုအောင့် ကို တောင်းပန် မလို့ပါ ၊ မင်္ဂလာပွဲကိစ္စ အလုပ်များ နေသေးတာနဲ့ ”
“ ရပါတယ် မေစီ ရယ် ၊ တောင်းပန် မနေပါနဲ့ ၊ သူစိမ်းတွေ မှ မဟုတ်ကြတာ ၊ ကိုယ် ခွင့်လွှတ်ပြီးသားပါ ”
“ ကိုအောင် က သိပ်သဘောထား ကြီးတာပဲနော် ”
“ အဲသလိုတော့ မထင်လိုက်နဲ့နော် မေရီ ၊ ကိုအောင် သဘောထား ကြီးတာ မကြီးတာ နားမလည်ဘူး ၊ ကိုအောင် စိတ်ချမ်းသာမယ်ထင်တာ ကိုအောင် လုပ်တာ ပါ ”
နောက်တော့ ကျွန်တော့် ကို စားပွဲ တစ်ခု မှာ နေရာ ချထားပေးပြီး ကျွေးမွေး ဧည့်ခံ ရှာပါတယ် ။ မေစီ နဲ့ အတူ ရှမ်းပွဲသူလေးတွေ ၊ ဘုရာကြီးသူလေးတွေ ဝိုင်းဝိုင်းလည် လို့ပေါ့ ။ မနေ့ တစ်နေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဇာတ်ကြောင်း လှန်ပြီး ပြောဆို မေးမြန်း နေကြတယ် ။ ခုလို ကိစ္စတွေ ဖြစ်ခဲ့တော့ မင်္ဂလာပွဲ ဟာ သိမ့်သိမ့် တုန်လှုပ်သွားပြီး ပိုလို့ တောင် လူတွေ စိတ်ဝင်စား လာကြတာပေါ့ ။
‘ မေရီ ’ ကတော့ ကျွန်တော့် ကို မြင်တွေ့ဟန် မတူပါဘူး ဗွီဒီယိုကင်မရာတွေ ၊ ဆလိုက်မီးတွေ အောက်မှာ အစွမ်းကုန် ပြုံးပြီး သူ့ ရဲ့ မောင်တော် သတို့သား နဲ့အတူ စားပွဲစေ့အောင် လိုက်လံ နှုတ်ဆက် နေရရှာတယ်လေ ။ ကင်မရာမီးတွေ ကလည်း ခန်းမ ထဲမှာ တဖျတ်ဖျတ် ။ သတို့သမီး သတို့သား ဘက် က မေတ္တာ နဲ့ ကူညီတဲ့သူ ရော ၊ အငှားရိုက် ကင်မရာတွေပါ လေးငါးလုံးတောင် ကမယ် မထင်ပါဘူး ။ စတိတ်ခုံ ပေါ် မှာတော့ ‘ ရှဲလ် ’ အဖွဲ့ ရဲ့ ဂီတသံ နဲ့ အတူ ဂျေ - မောင်မောင် ကတော့ ‘ ဟဲ ဗီး ’ တွေ ဟစ်လို့ ။ တော်တော် ကြာတော့ ကျွန်တော် လည်း ငြီးငွေ့လာတာနဲ့ ၊ ပြန်ဖို့ရာ မေစီ ကို နှုတ်ဆက် လိုက်တယ် ။ မေစီ က ‘ နေပါဦး ’ ဆိုပေမယ့် ကျွန်တော် မနေချင်တော့ဘူး လေ ။ ဒါနဲ့ မေစီ လည်း သူ့အစ်မ ‘ မေရီ ’ ဆီ သွားပြီး ကျွန်တော့် ကို နှုတ်ဆက်ဖို့ ခေါ်လာခဲ့ရှာတယ် ။ မေရီ လည်း ကျွန်တော် လာတာသိရော ၊ ဇော်ကြီး ကို သူ့ မိတ်ဆွေ တွေ စာပွဲဝိုင်း မှာ ထားခဲ့ပြီး ၊ ကျွန်တော့် ဆီ လှည့်လာတော့တာပါပဲ ။ ကျွန်တော် က ပြုံးပြီး စောင့်နေတာတွေတော့ သူ ကျွန်တော့် ဆီ တစ်လှမ်းချင်း လျောက်လာပါတယ် ။
ကြည့်စမ်း ။
‘ မေရီ ’ သိပ် လှနေပါလား ။
နဖူးဆံစ မှာ ချွေးဥကလေးတွေ စို့နေတာ က အစ ၊ နားထင် စပ်မှာ ဆံနွယ်နုနု ကလေးတွေ ကျနေတာ အဆုံး .. လှနေတာပါပဲ ။ သူ က ပြုံးပြလိုက်တော့ ကျွန်တော့် ရင် ထဲမှာ အူတွေ အသည်းတွေ ပြောင်းပြန်လန်သွားသလား ထင်ရတယ် ။
အဲဒီ အပြုံးတွေပေါ့ ။ တစ်ချိန်တုန်းက ကျွန်တော် ပိုင်ဆိုင်လာခဲ့တာ ။ အဲဒီ နှုတ်ခမ်းလေးတွေ ကော ကျွန်တော် အနမ်းပွင့်တွေ ချွေခဲ့တာ ။ ပါးကလေး နဖူးကလေး ၊ လည်တိုင် ကြော့ကြော့ကလေး ...
ဒါတွေ အားလုံး ကျွန်တော် လက်လွှတ်ဆုံးရှုံးရတော့မှာပါလား ။ ဒီနေ့ ၊ ဒီရက် ၊ ဒီအချိန် ဟာ ကျွန်တော့် ရဲ့ ပိုင်ဆိုင်ခွင့် နောက်ဆုံး အချိန်ပေပဲ ။
ဒီည ဟာ ‘ မေရီ ’ အတွက် အပျိုစင် ဘဝ ရဲ့ နောက်ဆုံးည ခု မြင်တွေ့နေ ရတဲ့ မေရီရဲ့ အလှတွေ ဟာ အပျိုစင် ရဲ့ နောက်ဆုံး အလှတွေပါလား ။ ဒီ အလှတွေ အားလုံးကို တစ်ပါးသူ ပိုင်ဆိုင်ခွင့် ရတော့မယ် ။ ဒီနေ့က စပြီး မေရီ ရဲ့ အလှအပတွေ အားလုံးဟာ သူစိမ်း တစ်ယောက် ရဲ့ရင်ခွင်မှာ ..
မိမိ ချစ်သူ ရဲ့အလှပဆုံး ၊ အပျော်ရွှင်ဆုံး အချိန်တွေ ကို ဘယ်သူ ပိုင်ဆိုင် သင့်ပါ သလဲ ။ မိမိ ချစ်သူ ရဲ့ အပျိုစင် ဘဝ ရဲ့ နောက်ဆုံး အချိန် ကို ဘယ်သူ ရယူသင့်ပါ သလဲ ။
မေရီ ကျွန်တော့် နား ရောက်လာတော့ ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းအစုံ နဲ့ ငေး ကြည့်ပြီး ၊ မချိပြုံး ပြုံးပြ ရှာပါတယ် ။ အင်း ... အဲဒီ မျက်ဝန်းအိမ် ရဲ့ ရွှန်းလဲ့တောက်ပတဲ့ အကြည့်ကလေးတွေ ဟာ လည်း တစ်ချိန်က ကိုယ် ပိုင်ဆိုင်ခဲ့တာပါပဲလား ။ သူမ ရဲ့ လည်တိုင်စိမ်းစိမ်း မှာတော့ ကျွန်တော် အမှတ်တရ ဝယ်ပေး ထားတဲ့ အမ် ( မ ) တံဆိပ် ပါတဲ့ ရွှေဆွဲကြိုးကလေး ရှိနေတုန်းပါပဲလား ။
တစ်ချိန်တုန်း က အချစ် တွေ ၊ တစ်ချိန်တုန်း က အပြုံး တွေ ၊ တစ်ချိန်တုန်း က အနမ်း တွေ ၊ တစ်ချိန်တုန်း က ...
ကျွန်တော် ဘာမှ ထွေထွေထူးထူး စဉ်းစား မနေမိတော့တာ အမှန်ပါပဲ ။ ကျွန်တော့် ချစ်သူ ရဲ့ ပခုံးနှစ်ဖက် ကို စွေ့ကနဲ ပါအောင် ဆွဲယူပြီး ၊ သူမ ရဲ့ နှင်းဆီရောင် သန်းနေတဲ့ ပါးမို့မို့ကလေး ကို ‘ ရွှတ် ’ ကနဲ နမ်းပစ် လိုက်တယ် ။
ပြီးတော့ ခန်းမ ထဲ က နေ ခပ်တည်တည် နဲ့ လှည့် ထွက်လာခဲ့တယ် ။ ဘောင်းဘီအိတ် ထဲ လက်နှိုက် ပြီးတော့လေ ။
ခန်းမ ထဲမှာ ဘာတွေ ဖြစ်ကျန်ရစ်ခဲ့မယ် ဆိုတာတော့ ကျွန်တော့် ကိစ္စ မှ မဟုတ်တာ ။
▢ မောင်သင်းဝေ
📖အလင်္ကာရပ်ဝန်း ( ၇ )
No comments:
Post a Comment