Sunday, April 6, 2025

နေရဲသူ ၊ သေရဲသူ


 ❝ နေရဲသူ ၊ သေရဲသူ ❞


တောင်ငူမြို့ က အမေ့အိမ် ဟိုတယ် မှာ ကျွန်တော် တည်းပါတယ် ။ ဟိုတယ် ခင်းကျင်းပြင်ဆင်ထားပုံ နဲ့ ဝန်ဆောင်မှု ကို ကျေနပ်မိတယ် ။ ထူးခြားမှု တချို့ ကို လည်း သတိထားမိတယ် ။


ဟိုတယ် အဝင် မှာ မြန်မာစာ အပြင် ရှမ်းဘာသာ ၊ ကရင်ဘာသာတွေ နဲ့ လည်း ဟိုတယ် အမည် ကို ရေးထားတယ် ။ ဟိုတယ်ပိုင်ရှင် အကြောင်း စုံစမ်းကြည့် တော့ ရှမ်းအမျိုးသား ဖြစ်တယ် ။ တောင်သူလယ်သမား ၊ ခြံသမား သားသမီး ဖြစ်တယ် ။ ကိုယ်ထူးကိုယ်ချွန် ကြိုးစားပြီး တိုးတက်လာသူ ဖြစ်တယ် ။ ပရဟိတ အလုပ်တွေ အများကြီး လုပ်ကိုင်နေသူ ဖြစ်တယ် လို့ သိလာရတယ် ။


တောင်ငူမြို့ခံ စာရေးဆရာ အေးရွှေ ( ကေတုမတီ ) ကို အကူအညီ တောင်းပြီး အဲဒီ ပုဂ္ဂိုလ် ဦးမြင့်ညို နဲ့ တွေ့ဆုံပါတယ် ။ သူ့ ဘဝ အကြောင်း ရေးချင်လို့ ခွင့်တောင်းပါတယ် ။


ဆရာအေးရွှေ ( ကေတုမတီ )  က တစ်ဆင့် ဦးမြင့်ညို ရဲ့ လုပ်ဆောင်မှု အချက် အလက် တချို့ သိလာရတယ် ။ တောင်ငူမြို့ မှာ ဦးမြင့်ညို က နာရီစင် တည်ဆောက်ခြင်း ၊ ဘိုးဘွားရိပ်သာ တည်ဆောက်ခြင်း ၊ တိုင်းရင်းဆေးခန်း တည်ဆောက်ခြင်း ၊ နာရေးကူညီမှု လူမှုရေးလုပ်ငန်း စတင် ဖွဲ့စည်းခြင်း ၊ ခေတ်မီ မီးသင်္ဂြိုဟ်စက် တည်ဆောက်ခြင်း ၊ ခေတ်မီ စာကြည့်တိုက် တည်ဆောက် ဖွင့်လှစ်ခြင်း ၊ သွေးလှူရှင်အသင်း ဖွဲ့စည်းခြင်း ၊ သွေးလှူခြင်း ၊ အောက်ဆီဂျင် အသက်ရှူဘူး ငှားရမ်းပေးခြင်း ၊ မူလတန်း ကျောင်းများ တည်ဆောက်လှူဒါန်းခြင်း စတဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်သလို တောင်ငူမြို့ မှာ မြို့မိမြို့ဖ အနေ နဲ့ မြို့ရွာ ကိစ္စတွေ မှာ ရှေ့တန်း က လုပ်ကိုင် နေသူ ဖြစ်တာ သိလာရတယ် ။


အမေ့အိမ် ဟိုတယ် ၊ အထူးဧည့်ခန်းဆောင် မှာ ဦးမြင့်ညို နဲ့ ဆုံတွေ့ ဖြစ်ကြတယ် ။ ဧည့်ခန်း မှာ အဝါရောင်ခန်းဆီးတွေ တပ်ဆင် ထားတယ် ။ နံရံ တစ်ဖက်ထိပ် မှာတော့ သစ်ထုတ်လုပ်ရေးဆင်တွေ အကောင် ၅ဝ လောက် စုပေါင်းပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ချိတ်ထားတယ် ။ ဆင်တွေ ဒါလောက် အများကြီး တစ်စုတစ်စည်းတည်း ကျွန်တော် မမြင်ဖူးကြောင်း ပြောတော့ ဦးမြင့်ညို က ဆင်ပိုင်ရှင်တွေ စုပေါင်း ရှင်ပြု ပွဲ လုပ်တုန်းက ရိုက်ထားတာလို့ ပြောပြတယ် ။


ဦးမြင့်ညို လုပ်ကိုင် နေတဲ့ လုပ်ငန်းတွေ အကြောင်း ကို ကျွန်တော် က စပြီး မေးတယ် ။ သူ က လေအေးလေး နဲ့ အေးအေးဆေးဆေး ပြောတာ ကို ကျွန်တော် က တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပါတယ် ။


“ ကျွန်တော်တို့ သည် သာမန် လူတန်းစား က လူ တစ်ယောက် ဖြစ်တယ် ။ ထီ လည်း မပေါက်ဘူး ။ အမွေ လည်း မရဘူး ။ သို့သော် ကြိုးစားမှု ၊ ရိုးသားမှု ကို စံပြုပြီး နေတယ် ။ လုပ်တယ် ၊ ကိုင်တယ် ။ ဘာကလေး လုပ်လုပ် သူတို့ အလကား ကောင်တွေပါကွာ လို့ အဖြစ် မခံဘူး ။ တစ်ခု လုပ်လိုက်တယ် ။ နမူနာ ယူလောက် ရမယ် ။ တစ်ခု လုပ်လိုက်တယ် ။ အံ့သြ သွားလောက်ရမယ် ။ ကျွန်တော်တို့ ပမာဏ ကျွန်တော်တို့ အတိုင်းအတာ နဲ့ ဒါလောက်တောင် လုပ်နိုင်ပါလား ဆိုတာ ဖြစ်အောင် ကြိုးစား လုပ်တယ် ”


ဧည့်ခန်းဆောင် ထဲ မှာ ကျွန်တော် နဲ့ ဦးမြင့်ညို နှစ်ယောက်တည်း ထိုင် ပြော နေကြတာပါ ။ ဝန်ထမ်း အမျိုးသမီးလေး တစ်ယောက် က သရက်သီး ၊ လိုင်ချီးသီး ၊ ငှက်ပျောသီး နဲ့ ရေနွေးကြမ်းတွေ လာချတယ် ။


“ မြို့ပေါ် မှာ ပညာတတ် တွေ အများကြီး ပဲ ရှိတယ် ။ ချမ်းသာတဲ့ လူတွေ အများကြီး ရှိတယ် ။ အဲဒီ လူတွေ အားလုံး မြို့ရေး ၊ ရွာရေး ၊ လူမှုရေး ကိစ္စ တွေ မှာ ဒီထက် မက ပါဝင်လာမယ် ဆိုရင် မြို့ရွာကြီး ပိုပြီး တိုးတက်လာမယ် ။ သူတို့ လောက် ကျွန်တော်တို့ ငွေကြေး ချမ်းသာ ချင် မှ ချမ်းသာမယ် ။ စေတနာ ချမ်းသာတာ တော့ ကျွန်တော်တို့ ကို နမူနာ ယူလောက်ရမယ် ။ သူများ ကို ကျွန်တော်တို့ မပြိုင်ဘူး ။ သူများ က ကျွန်တော်တို့ ကို နမူနာ ယူလောက်ရမယ် ”


ဦးမြင့်ညို က ကျွန်တော့် ကို သစ်သီး စားဖို့ ပြောတယ် ။ အဆင်သင့် အခွံနွှာ ပြီးသား လိုင်ချီးသီး တစ်လုံး ကို ကျွန်တော် စားတယ် ။ သူ က ပြောလက်စ စကား ကို ဆက် ပြောတယ် ။


“ စီးပွားရေး ပဲ လုပ်လုပ် ၊ ပရဟိတလုပ်ငန်း ပဲ လုပ်လုပ် ကျွန်တော့် စိတ် ကတစ်ပုံစံတည်းပဲ ။ ဒါ ငါ့ ကိုယ်ကျိုး စီးပွား လုပ်ငန်း မို့ ပို လုပ်မယ် ။ ပိုက်ဆံ မရလို့ လျှော့ လုပ်မယ် ။ လုံးဝ မရှိဘူး ။ မြို့ရေးရွာရေး လူမှုရေး မှာ ပြန် ကြည့်ရင် ပီတိ ဖြစ်လောက်အောင် ကျွန်တော် လုပ်တယ် ”


ဦးမြင့်ညို လုပ်ကိုင်တဲ့ ပရဟိတလုပ်ငန်း စာရင်းစာရွက် ကို ကျွန်တော် ဖတ်ကြည့် မိတယ် ။ မိုးကောင်း အစိုးရမူလတန်းကျောင်း မှာ နှစ်ထပ်ကျောင်းဆောင် ၊ တစ်ထပ်ကျောင်းဆောင်တွေ တစ်ဦး တည်း ဆောက်လုပ် လှူဒါန်းတာ ၊ ကသဲစု မူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင် ကို မတည် အလှူရှင် အဖြစ် လှူဒါန်းဆောက်လုပ်တာ ၊ စေတနာညကျောင်း ဥက္ကဋ္ဌ တာဝန် ယူပြီး အခမဲ့ ပညာသင်ကြားရေး လုပ်ဆောင် ပေးနေတာတွေ တွေ့ရတယ် ။ ဦးမြင့်ညို ကတော့ လူမှုရေး အလုပ်တွေ အကြောင်း ဆက် ပြောဆဲပါ ။


“ သစ်ပင်စိုက်တဲ့ သူ ဟာ ကိုယ် စိုက်တဲ့ သစ်ပင် ရှင်သန် ဖွံ့ဖြိုးနေရင် ကျေနပ်တယ် ။ အဲဒီ အသီးအပွင့် ကို ဘယ်သူပဲ ခံစားခံစား တွန့်တိုခြင်း မရှိဘူး ။ ကျေနပ်ပီတိ ဖြစ်တယ် ။ စာသင်ကျောင်းတွေ ကျွန်တော် ဆောက်တယ် ။ စာသင်ကျောင်း ဆိုတာ မွတ်စလင် ရော ၊ ခရစ်ယာန် ရော ၊ ဗုဒ္ဓဘာသာ ရော ၊ ဟိန္ဒူ ရော ဘာသာ မရွေးဘူး ၊ လူမျိုး မရွေးဘူး ။ ဆင်းရဲတဲ့ လူ လည်း နေနိုင်တယ် ။ ချမ်းသာတဲ့ လူ လည်း နေနိုင်တယ် ။ မျက်စိ တစ်ဖက်လပ် တဲ့ လူ လည်း နေနိုင်တယ် ။ ခြေထောက်တို နေတဲ့ လူ လည်း နေနိုင် တယ် ။ အယုတ်အလတ် အမြတ်မရွေး နေနိုင်တယ် ။ စာသင်ကျောင်း မှာ ဘယ်သူ့ ကို မျက်နှာ လိုက်တယ် မရှိဘူး ။ ကျွန်တော် လှူထားတဲ့ ကျောင်း မို့ ဘယ်သူ့ ကို အတန်း တင် ပေးလိုက်ပါ ပြောလို့လည်း မရဘူး ။ ဒီ ကလေးတွေ ထဲ က ဆရာဝန် လည်း ဖြစ်ချင် ဖြစ်မယ် ။ ကျောင်းဆရာ ၊ စာရေးဆရာ ၊ စစ်ဗိုလ် ၊ လယ်သမား ၊ ဆိုက်ကားသမား ဖြစ်ချင်တာ ဖြစ်လာမယ် ။ အလွှာစုံ ပါမယ် ။ ဒီ ကလေးတွေ ကို ဘယ် ဆရာ က မှ မကောင်း တာ မသင်ဘူး ။ ကောင်းတာပဲ သင်မှာဘဲ ၊ ဒီ အလှူမျိုး ပီတိ ဖြစ်တယ် ” 


ဦးမြင့်ညို ဧည့်ခံတဲ့ ရေနွေးကြမ်း ကလည်း တော်တော် ကောင်းတယ် ။

ကျွန်တော် က ရေနွေးကြမ်း ကို နှစ်သက်သူ မို့ တစ်ပန်းကန် ကုန် ရင် နောက် တစ်ပန်းကန် ဆက် သောက်နေတယ် ။ မနားတမ်း ပြောနေတဲ့ ဦးမြင့်ညို လည်း ခဏ နားပြီး ရေနွေး ကြမ်း သောက်ပါတယ် ။


ကျွန်တော် က သူ့ ရဲ့ ငယ်ဘဝ အကြောင်း မေးတယ် ။


“ ကျွန်တော့် မိဘများ က တောင်သူ ၊ ဥယျာဉ်ခြံ လုပ်တယ် ။ ပြောင်း ၊ နှမ်း ၊ ပဲ စိုက်တာ ။ ကျွန်တော် အကုန် လုပ်ခဲ့ရတာပေါ့ ။ ကျွန်တော် လုပ်တတ်တယ် ။ ဘယ်လောက် အထိ လုပ်တတ်သလဲ ဆိုရင် ”


ဦးမြင့်ညို က နှာခေါင်း ကို လက်ညှိုး နဲ့ ကန့်လန့် ထိုးတဲ့ဟန် လုပ်ပြပြီး ... 


“ နွားတွေ နှာခေါင်းကြိုး ထိုးတာ ကိုယ်တိုင် ထိုးတတ်တယ် ။ ကျွန်တော် က မိဘ နဲ့ နေရင်း နဲ့ လိုင်းခွဲ ထွက်တာ ”


“ ဘယ်လို ခွဲထွက်တာလဲ ”


“ ကျွန်တော့် ဘကြီး တစ်ယောက် ရှိတယ် ။ ဦးတင် ။ တော မှာတော့ တောသူဌေး ပေါ့ ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိတယ် ။ သူ့ မှာ ကားသုံးစီး ရှိတယ် ။ ပိုက်ဆံ အခက်အခဲ တွေ့ တော့ ကျွန်တော့် ကို အကူအညီ တောင်းပြီး ဘကြီး ဆီ က ပိုက်ဆံ ချေးတယ် ။ နောက်ဆုံး သူ က ပိုက်ဆံ မဆပ်နိုင်တော့ ကား ကို ယူပါ ထိုး အပ်တယ် ။ ဘကြီး က ငါ က ဘာလုပ်တတ်မှာလဲ ။ မင်း ပဲ ယူ ပိုက်ဆံ ကို မင်း က သင့်သလို ပြန်ဆပ်ပေါ့လို့ ခိုင်းတယ် ။ ကား ကို ကျွန်တော် ယူပြီး ဘကြီး ကို ပိုက်ဆံ ပြန်ဆပ်တယ် ။ ဘကြီး ကို ပြန် ဆပ်ရာမှာ ကျွန်တော် က အတိုးပါ တွက်ပြီး ဆပ်ပေးတာ ”


“ အဲဒါ ဘယ်အရွယ်လဲ ”


“ အသက် အစိတ် လောက်ပေါ့ ”


“ ကိုယ် ကြီးပြင်းခဲ့တာက ဥယျာဉ်ခြံလုပ်ငန်း ၊ ကားလုပ်ငန်း ဆိုတာ ကိုယ့် အတွက်တော့ နယ်စိမ်းပဲ ။ တိုးတက်အောင် ဘယ်လိုလုပ်သလဲ ”


“ ကျွန်တော့် ခံယူချက် က သူများ ကို ကိုယ် ခိုင်းမယ့် အလုပ် ကို ကိုယ် က လုံးစေ့ပတ်စေ့ မသိသည့် တိုင်အောင် တီးမိခေါက်မိ တော့ ရှိရမယ် ။ ကျွန်တော် ကားမောင်း သင်တယ် ။ ကား က ခရီးသည်တင်ကား ။ ချက်ပလက် ၊ အုတ်တွင်း တောင်ငူ - ဖြူး ဆွဲတဲ့ ကားမျိုး ။ သူများ မသွားချင်တဲ့ လမ်း ကို ဒရိုင်ဘာ ကို စည်းရုံးပြီး သွားတယ် ။ ဒရိုင်ဘာ နှစ်ယောက် ထားပြီး နေ့ ၊ ည မောင်းတယ် ။ ဒီလို ကြိုးစား မောင်း တော့ တစ်ဆင့် ၊ တစ်ဆင့် တက်လာတာ ”


“ ကား တစ်စီး က နောက် တစ်စီး ထပ် ဖြစ်ဖို့ ဘယ်လောက် ကြာသလဲ ”


“ ကား တစ်စီး က နောက် တစ်စီး ထပ်ဖြစ်ဖို့ လေးနှစ် လောက်ပဲ ကြာတယ် ။ ကားလုပ်ငန်း က တကယ် လုပ်ရင် တစ်စီး သမား က နှစ်စီး ဖြစ်ဖို့ မခက်ဘူး ။ နှစ်စီးသမား က သုံး ၊ လေးစီး ဖြစ်ဖို့ ပို မြန်တယ် ။ ဒါ သဘာဝပဲ ။ ဒီ ထဲမှာ လုံ့လဝီရိယ စိုက်ထုတ်ပြီး လုပ်ရင် မခက်ဘူး ။ တစ်ခုပဲ ရှိတယ် ။ ဒါများမယ် ( အမူအရာ နဲ့ အရက် သောက်ဟန် လုပ်ပြတယ် ) ၊ ဒါများမယ် ( ဖဲကစားဟန် လုပ်ပြတယ် ) ဆိုရင် ၊ မလိုအပ်တဲ့ အသုံးစရိတ်တွေ များမယ် ဆိုရင်တော့ မပြောတတ်ဘူး ”


“ ကားတွေ က မော်ဒယ်သစ်တွေ ကို ပြောင်း နေတယ် ။ မော်ဒယ် အောက်တဲ့ ကားဟောင်းတွေ ကိုယ့် ဆီ မှာ သောင်တင် မနေဖို့ ဘယ်လို လုပ်သလဲ ”


“ ဘာပဲ လုပ်လုပ် ၊ ခေတ်ရေစီးကြောင်း ကို ကိုယ် မလိုက်ရင် ကျန်နေခဲ့မှာပဲ ။ အဲဒါ ကျွန်တော့် ခေါင်း ထဲမှာ အမြဲ ထားတယ် ။ ဘာပဲ လုပ်လုပ် အရင်းအနှီး လိုတယ် ။ ဥပမာ - ကားအတွက် တာယာ လိုတယ် ။ အရင်းအနှီး မရှိတဲ့ လူ က good second hand ( တစ်ပတ်ရစ် ) ဝယ် ထည့်တယ် ။ မြန်မာစကား ရှိတယ် ။ ပွတ်ရင် ပြောင်တယ် ။ ပွတ်လေ ပြောင်လေပဲ ”


ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်မိကြတယ် ။ ကျွန်တော် က ရေနွေးကြမ်း သောက်ရင်း လိုင်ချီးသီး စားတယ် ။ ဦးမြင့်ညို က စကား ဆက် ပြောတယ် ။


“ သူများ အိပ်နေတဲ့ အချိန် ၊ ကိုယ် က လိုအပ်ချက် ရှိနေတဲ့ သူ ဆိုတော့ ခြေလှမ်း တစ်လှမ်း ပို လှမ်းထားရတယ် ”


စကား ပြောတာ ခဏ ရပ်ပြီး ငှက်ပျောသီး စားဖို့ သူ ကပြောတယ် ။ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်ကို သူ ပို နှစ်သက်ကြောင်း ၊ သံဘူးတွေ သူ မစားကြောင်း ၊ တစ်သက်တာလုံး အင်္ကျီအဖြူ တစ်မျိုးတည်း သာ ဝတ်ဆင်ကြောင်း ဦးမြင့်ညို က ပြောပြတယ် ။ ကျွန်တော် က သူ့ မိသားစု ဘဝ ကို လည်း စိတ်ဝင်စားလို့ မေးတော့ ဦးမြင့်ညို အသက် ၂၂ နှစ်သား မှာ သူတို့ ရွာ က ရှမ်းအမျိုးသမီး ဒေါ်ဝင်းကြည် နဲ့ အိမ်ထောင်ကျ တာ ပြောပါတယ် ။


“ အိမ်ထောင်ကျ ကတည်း က ကျွန်တော် အိမ်ခွဲတာ ၊ အိမ်ထောင်ပြုတဲ့ သူ မှန်သမျှ ဒီ ကိုယ့် မိဘ နဲ့ နေတာ ထက် လွတ်လပ်ခွင့် ရှိချင်လို့ ၊ ပြည့်စုံချင်လို့ အိမ်ထောင် ပြုကြတာ ။ လွတ်လပ်ခွင့် ရှိဖို့ အတွက် အိမ်တစ်ဆောင် မီးတပြောင် ထားဖို့ ကျွန်တော်တို့ မှာ တာဝန် ရှိတယ် ။ ကျွန်တော် အိမ်ထောင် တန်းခွဲတယ် ။ ခြံလုပ်ငန်း လုပ်တယ် ။ ဘကြီး ကျေးဇူး နဲ့ ကားလုပ်ငန်း လုပ်တယ် ”


“ သားသမီးတွေ က ကော ”


“ ကျွန်တော် က သာမန် ၊ ကျွန်တော့် မျိုးဆက် ဟာ ကျွန်တော့် ထက် မြင့်ရမယ် ။ ကျွန်တော် graduate ( တက္ကသိုလ်ဘွဲ့ရ ) မဖြစ်ခဲ့ဘူး ။ ကျွန်တော့် သားသမီးတွေ တစ်ယောက် မကျန် graduate ဖြစ်အောင် ထားတယ် ။ ကားသမား တစ်ယောက် ရဲ့ သား ဒရိုင်ဘာ ဖြစ်တာ ဘာမှ မဆန်းပါဘူး ။ ကိုယ့် ထက် အဆင့် မြင့်နိုင်ရမယ် ။ ဒါ မျိုးဆက် … မျိုးဆက် ”


ဒီ အတွေးအမြင် မှန်ကြောင်း ကျွန်တော် က ပြောမိတယ် ။


“ မင်းတို့ ကို ပြုစုစောင့်ရှောက် လာတာ ချမ်းသာလို့ မဟုတ်ဘူး ။ ဖြစ်စေချင် လွန်း လို့ ဆိုပြီး ပြောထားတယ် ။ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံး သူတို့ သိခွင့် ရှိတယ် ။ သူတို့ ကို လွတ်လပ်ပျော်ရွှင်စွာ နေခွင့် ရှိအောင် ဖန်တီး ပေးထားတယ် ။ အားလုံး ဥမကွဲ သိုက်မပျက် နေကြတယ် ။ မနက် ၇းဝဝ နာရီ မိသားစု အကုန် စုဆုံပြီး ထမင်း စားတယ် ။ သူတို့ ပြောချင်တာ ရှိရင် ပြော ၊ ကိုယ့် ပြောချင်တာ လည်း ပြော ၊ နေ့ ၁၂းဝဝ နာရီ နေ့လယ်စာ ၊ ည ၇:ဝဝ နာရီ ညစာ အတူ စားကြတယ် ”


“ ပျက်ကွက်ဖို့ အကြောင်း ရှိရင်ကော ”


“ ကိစ္စ ရှိရင် သွားကြ ၊ အကြောင်းကိစ္စ မရှိလို့ ကတော့ အတူတူ စားကြတယ် ” 


“ ကိုယ်တိုင် ပုံမှန် လုပ်တဲ့ ကိစ္စတွေ ကော ”


“ သိတတ်တဲ့ အရွယ် ကတည်း က အနန္တောအနန္တ ငါးပါး ကို မရှိခိုးဘဲ မအိပ်ဘူး ။ ကျွန်တော့် ကို လက်ဖက်ရည် တစ်ခွက် တိုက်ဖူးတဲ့ သူ ကို နှစ်ခွက် ပြန် တိုက်နိုင်အောင် အခွင့်အရေး ကို အမြဲတမ်း မျှော်လင့်ပြီး ကြည့်နေတယ် ။ ကျေးဇူး ရှိတဲ့ သူ ကို ထုတ်ပြော ရမှာ ဝန်မလေး သလို ပြန် ဆပ်ရမှာ လည်း ဝန်မလေးဘူး ။ ဘယ် ကြွေးမျိုး မှ သံသရာ ကို ကျွန်တော် သယ် မသွားဘူး ”


“ သေဖို့ ကိစ္စ ”


“ လူတိုင်း သေ မှာ ကြောက်တယ် ။ ကျွန်တော် ကတော့ နေခြင်း ကို လည်း ရင်ဆိုင်ရဲတယ် ။ သေခြင်း ကို လည်း ရင်ဆိုင်ရဲတယ် ။ ဘာကြောင့်လဲ ဆိုရင် ပရဟိတ လုပ်ငန်းတွေ ၊ ကုသိုလ်ရမယ့် လုပ်ငန်းတွေ အများကြီး လုပ်ခဲ့တယ် ။ ကျွန်တော် သေသွား သည့် တိုင် ဒါထက် ဆုတ်ယုတ်စရာ မရှိဘူး ။ ကျွန်တော် နောက်ဆံ တင်းစရာ မလိုဘူး ။ ကျွန်တော့် မိသားစု လုပ်ကိုင် စားတတ်ပြီ ။ သူတို့ အတွက် ကောင်းတဲ့ အမွေ ထားပြီးပြီ ။ ယခု ကျွန်တော် ချို့ချို့ငဲ့ငဲ့ နေရတာ မဟုတ်ဘူး ။ ကျွန်တော့် ကိုယ် ကျွန်တော် ပြုစု ပျိုးထောင်ထားတဲ့ အတွက်ကြောင့် ဘယ်နား သွားသွား နေရာ တစ်ခု ရှိတယ် ။ ခရီးဦးကြို ပြုတယ် ။ ဒီ ဘဝ မှာ နေခြင်း ကို လည်း ရင်ဆိုင် ရဲတယ် ။ သေခြင်း ကို လည်း ရင်ဆိုင် ရဲတယ် ”


☐ ကျော်ရင်မြင့်

📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment