Monday, April 21, 2025

လန်းဖိုင်စာသိုက် ( ၀၂ )


 

❝ တောမှ အထွက် ထောင်သို့ အဝင် ❞

▣ ဝမ်းဖိုးဂိတ်

ရှေ့မှ ကားများ ကို စစ်ဆေးပြီး တစ်စီး ပြီး တစ်စီး ရှေ့သို့ တိုးသွားရသည် ။ ကျွန်တော်တို့ စီးလာသည့် ကား အလှည့်ကို ရောက်လာခဲ့၏ ။ ကားစပယ်ယာ က တံခါး ဖွင့်ပေးသဖြင့် ရဲတစ်ဦး က ကားပေါ် တက်လာသည် ကို တွေ့ရသည် ။ ကျွန်တော် ထိုင်နေသည် က အလယ်ပိုင်း မှာ ဆိုတော့ ရှေ့မှ ခရီးသည် များအား မှတ်ပုံတင် တောင်း ယူ စစ်ဆေးနေသည် ကို မြင်ရသည် ။ သွားပြီ ဟု တွေးမိပေမယ့် ဟန်မပျက် ဆက်ထိုင်ရင်း အပြင်သို့ ငေးကြည့်နေလိုက်သည် ။ ကျွန်တော့် ဆီ ရောက်လာသဖြင့် ရဲ က မေးလာပြီ ။ ကျွန်တော် ခေါင်းခါတော့ “ ခွန်ဗမာ ” ဟု သူ က ထပ် မေးသည် ။ ကျွန်တော် ခေါင်းညိတ်သည် ။ သူ က သူ နှင့် လိုက်ခဲ့ရန် ခေါ်သဖြင့် ကျွန်တော် ထိုင်ခုံ မှ ထလာခဲ့သည် ။ ကားပေါ် မှ ခရီးသည်များ ကျွန်တော့် ကို ဝိုင်း ကြည့်နေကြသည် ။

ရဲ က သန့်စင် ဆီ ဆက် မသွားတော့ ။ ကျွန်တော့် အား တစ်ယောက် တည်းလား ဟု လက်ညှိုး ထောင်၍ မေး နေစဉ် သန့်စင် ပါ ကားပေါ် က ဆင်းလာသည် ။ ရဲ က သန့်စင် ကို အံ့ဩစွာဖြင့် ကြည့်နေသည် ။ သန့်စင် က ထိုင်း စကား ဖြင့် ဝင် ရှင်းပြသည် ။

“ သူ ကျွန်တော့် အစ်ကိုပါ ။ ကျွန်တော် ခေါ်လို့ လိုက်လာတာ ” ဟု ။ ရဲ က ခေါင်းညိတ်ပြီး အရာရှိ ထံ ခေါ်သွားသည် ။ ထို့နောက် ကျွန်တော်တို့ နှစ်ဦး အား အရာရှိ က စစ်ချက် ယူတော့သည် ။ ကျွန်တော်တို့ နှစ်ယောက် အကြောင်း ကို သန့်စင် က ဒိုင်ခံ စစ်ချက် ပေး၍ တစ်ခဏ အတွင်းမှာ ပင် စာရွက် နှစ်ရွက် ၌ လက်ဗွေ နှိပ်လိုက်တော့သည် ။ လက်ဗွေ နှိပ်ပြီးသည် နှင့် နားနားနေနေ နေခွင့် ပြုသည် ။ စခန်း အတွင်း မှာ ပင် ထမင်း ကျွေးပြီး သန့်ရှင်းရေး လုပ်ခိုင်းသည် ။ အချုပ်ခန်း ရှိပေမယ့် ကျွန်တော်တို့ ကို အပြင် မှာ ထားပြီး လက်တိုလက်တောင်း ခိုင်းကြသည် ။ တကယ် အဖမ်း ခံရပြီ ဆိုပေမယ့် စိတ် က ကြောက်စိတ် မရှိလှ ။ စိတ် သက်သာအောင် နေဖို့ သာ တွေးနေဖြစ်တော့သည် ။

“ အရင်က ကြုံဖူးလား သန့်စင် ”

“ ဟင့်အင်း ဒါ ပထမဆုံးပဲ ”

“ ဘာလို့ ဆင်းလာတာလဲ ။ ငါ့ ဘာသာ ခံမှာ ပေါ့ အဓိပ္ပာယ် မရှိဘူး ”

ကျွန်တော့် ကို သန့်စင် က ပြုံးပြီး ကြည့်နေသည် ။ ညီအစ်ကို ဆိုသည့် သွေး မဟုတ်လား ။ ကျွန်တော် တစ်ယောက် တည်း ဆိုလျှင် တစ်ခွန်း မှ မပြောတတ် မဆိုတတ် သဖြင့် ရိုက်နှက်ခံရကောင်း ခံရမည်။ သန့်စင် ကို ကျေးဇူး တင်မိသလို ကိုယ့် ကိုယ် ကို လည်း ရှက်နေ မိသည် ။

ညနေ လေးနာရီခွဲ တော့ ရဲစခန်း သို့ ရောက်လာခဲ့ကြသည် ။ စခန်း နားရောက်ခါနီး မှ လက်ထိပ်ခတ်သည် ။ ရဲစခန်း မှာ လက်ဗွေ ထပ်နှိပ်ရသည် ။ ရှာဖွေ ခံရသည် ။ ဓာတ်ပုံ ရိုက်သည် ။ ပြီးမှ အချုပ်တွင်း သို့ ဝင်ခဲ့ရ ၏ ။ အချုပ်ထဲရောက်တော့ အားငယ်စိတ် ဝင်ပြီး အချုပ် ထဲ မှာ မူဆလင်လူကြီး တစ်ဦး နှင့် ထိုင်းအချုပ်သား တစ်ဦး သာ ရှိ၏ ။ အမျိုးသမီး တစ်ဦး နှင့် ပတ်သက်၍ အဖမ်းခံရခြင်း ဖြစ်ကြောင်း ၊ ထိုင်းလူငယ် မှာ သူ ၏ ဒရိုင်ဘာ ဖြစ်ကြောင်း ၊ သူ့အမှု မှာ မကြာခင် လွတ်မည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အမှု မှာ ဘာမှ မပြောပလောက်ကြောင်း ၊ အလွန်ဆုံး ရက်လေးဆယ် သာ ထောင်ချနိုင်ကြောင်း ၊ အားမငယ်စေလိုကြောင်းများ ပြောပြသည် ။ သူ သည် နိုင်ငံ မှာ နေသည် မှာ ဆယ်နှစ် ကျော်နေပြီမို့ သူ ပြောတာတွေ ကို နားထောင်ရင်း ဗဟုသုတများ တိုးလာခဲ့သည် ။

သန့်စင် က ဘာမှ အပူအပင် မရှိချေ။ အချုပ်ခန်း တံခါးဝ မှာ တီဗွီ သွား ထိုင် ကြည့်နေသည် ။ ဆေးလိပ် ပင် ဖွာနေလိုက်သည် ။ တာဝန်ကျ ရဲအား channel ( 7 ) ပြောင်းပေးရန် တောင်းဆို လိုက်သေးသည် ။ ရဲ က channe ( 7 ) သို့ ပြောင်းပေး၏။ ဆေးလိပ် ကို တော့ အထဲ မှာ ဝင် သောက်ရန် ပြောသည် ။ အရာရှိ တွေ့သွားလျှင် သူ့ တာဝန် မကင်းဖြစ်မည်တဲ့ ။

ညနေ ရောက်တော့ ထမင်း လာပို့သည် ။ မူဆလင်ကြီး က သူ့ အိမ် မှ လာပို့သော ထမင်းဟင်းများ လည်း ခွဲ ဝေပေးသည် ။ အချုပ် မှ ပေးသော ထမင်း ကို လည်း ကျွန်တော်တို့ ကို ကျွေးသည် ။ ဆေးလိပ် လည်း ကြိုက် သလောက် သောက်ခွင့်ပြု၏ ။ သူတို့ အချုပ်ကျ နေသည့် နှစ်လတာ ကာလ အတွင်း ထပ်မံ ရောက်လာသော အချုပ်သား မှာ ကျွန်တော်တို့ နှစ်ဦး သာ ရှိသည် ဟု ပြောသည် ။ ထိုအခါမှ ပင် ကံဆိုးမှု ကို တွေးမိ၏။ လွန်ခဲ့သော နှစ်လ မှ စ၍ ယနေ့အထိ ဝမ်းဖိုးဂိတ် တွင် အဖမ်း ခံရသော မြန်မာ ဟူ၍ ကျွန်တော်တို့ နှစ်ဦး သာ ရှိနေသည် ကိုး ။

စားသောက်ပြီးချိန် တွင် ညအိပ်ချိန် အထိ သူ့ အကြောင်း ကိုယ့် အကြောင်း ပြောဖြစ် ကြသည် ။ အထူးသဖြင့် သန့်စင် ပြောသည့် ဘန်ကောက်မြို့ကြီး အကြောင်း ကို မူဆင်ကြီး ပါ စိတ်ဝင်တစား နားထောင်၏ ။ သူ လည်း ဘန်ကောက်မြို့ ကို မကျွမ်းကျင်ကြောင်း ဝန်ခံသည် ။ ကျွန်တော့် အတွေးများ တွင် တော့ သန့်စင် ပြောသည့် လုပ်အားခ ကိုသာ တွက်ချက်နေဖြစ်သည် ။

ငွေ ကိုတော့ အိပ်မက်များ ပင် မက်လိုက်သေး၏ ။ ကားနီနီလေး ပေါ် မှာ ရည်းစားလေး ကို တင်ပြီး ချစ်စကားတွေ ပြောကြသည် ။ ကျွန်တော် ၏ ကြွယ်ဝမှု ကို အားလုံး ဝမ်းပန်းတသာ ဂုဏ်ပြုကြသည် ။ မိဘမောင်နှမများ အကြား မော်ကြွားနိုင်သည် ။ အစုံစုံသော အိပ်မက်များမှ လန့်နိုး လာ မှ ပင် တွေဝေ သွားတော့၏ ။ အချုပ် ထဲ ရောက်နေပါလား ။ ထောင် ထဲ ရောက်ဦးမှာ ပါလား။ နယ်စပ် ပြန်ပို့ခံရဦးမှာ ပါလား ဟု ။ သည်လိုဆို ရင် စိတ်ကူးတွေ ၊ အိပ်မက်တွေ ပျက်တော့မှာ ပေါ့ ဟင့်အင်း မပျက်စေရ ပါ ။ သေရင် သေပါစေ ။ ဘယ်တော့မှ နောက် မဆုတ် ၊ သန့်စင် တို့ ပြောပုံ အရ ဆိုလျှင် နယ်စပ် ပို့လည်း ပြန် ဝင်လို့ ရသေးသည် တဲ့ ။ ယောက်ျား ပဲ ရအောင် ဝင်ရမှာ ပေါ့ ။

အတွေးများ ဖြင့် ရှုပ်ထွေး ရင်း မိုးလင်းခဲ့သည် ။ အားငယ်စိတ် က ဖိစီးနေဆဲ ၊ ဘေးနံဖက် ကို အကဲခတ် ကြည့်တော့ အားလုံး အိပ်မောကျနေဆဲ ။ အချုပ်ခန်း ဆိုသည် မှာ လည်း တိတ်ဆိတ်ခြင်း ၊ အေးစက်မှောင်မည်းခြင်း ၊ အထီးကျန်စေခြင်းများ ပြည့်နှက်နေသဖြင့် စိတ်အား ငယ်မိပြန်သည် ။ အိပ်ပျော် နေလျှင် အကောင်းသား ဟု တွေးမိပြီး ပြန်အိပ်ရန် ကြိုးစားပေမယ့် မအောင်မြင်တော့ပါ။

“ အစင် ၊ အထွေး အော့မာ ”

အချုပ်ခန်းဝ မှာ ရဲတစ်ဦး က လှမ်းခေါ်သည် ။ သန့်စင် က ရေချိုးနေရင်း ကျွန်တော့် ကို အပြင်က ခေါ်နေ ကြောင်း လှမ်း အော်သည် ။ ကျွန်တော် ထွက်သွားပြီး သန့်စင် လည်း ရေစိုလျက် ပင် ထွက်လာခဲ့၏ ။ ရဲ က သန့်စင် နှင့် စကား ပြောကြပြီး လက်ထိပ်ခတ်ရန် ပြင်၍ ကျွန်တော် ပါ အတူ လက်ထိပ်ခတ်ရန် လက်ကမ်း ပေးလိုက်၏ ။ ရဲ က ကျွန်တော့် အား ကြည့်၍ ‘ အထွေး ’ ဟု ခေါ်သဖြင့် သန့်စင် က ခေါင်းဝင်ညိတ်ပြသည် ။ သူတို့ တိုင်းပြည် မှာ နာမည်ရှေ့၌ ‘ အ ’ တပ် ခေါ်ကြသည် ။ ‘ မောင်ဖြူ ’ ဆို လျှင် ‘ အဖြူ ’ ၊ ‘ မောင်နီ ’ ဆိုလျှင် ‘ အနီ ’ ဟု ‘ အ ’ သံကို ခပ်ဆွဲဆွဲလေး လုပ်ပြီး ခေါ်ကြသည် ။

“ ဘယ်သွားမှာ လဲ သန့်စင် ”

“ တရားရုံး သွားရမယ်။ ဟိုမှာ အမိန့်ချမှာ ”

လက်ထိပ်ခတ် ပြီးတော့ ရဲ က အချုပ်ခန်း တံခါး ဖွင့်ပေးပြီး ထွက်ခဲ့ ရန်ပြောသည် ။ ထို့နောက် ကား ပေါ် တင်ပြီး တရားရုံး သို့ မောင်းလာခဲ့သည် ။ တရားရုံး ရောက်တော့ အချုပ်ခန်းဝ တွင် နာမည်စာရင်း ပေးကာ ကျွန်တော်တို့ ကို အချုပ် ထဲ သွင်းထားလိုက်သည် ။ တရားရုံးအချုပ် ဆို တော့ သားသားနားနား ရှိလှ၏ ။ ရေလောင်းအိမ်သာ နှစ်ခု ပါပြီး အလင်းရောင် လည်း လုံလောက်သည် ။ အခင်း ကို ကြမ်းခင်းထား၏ ။ ကျွန်တော် တို့ ရောက်ပြီး သိပ် မကြာခင် မှာ ပင် ခြေကျင်းဝတ်များ ၊ ထောင်ဝတ်စုံ များ ဖြင့် ထောင် မှ လာသော အကျဉ်းသားများ ရောက်လာ ကြသည် ။ ထို့အတူ မွန် ၊ ဗမာ ၊ ထားဝယ် တချို့ လည်း တခြား ရဲစခန်း မှ လာပို့ သဖြင့် အချုပ် ထဲ ရောက်လာကြ သည် ။ ကိုယ် လို အဖမ်းခံရသူတွေ တွေ့ထား မှ ကိုယ်လို ပါလား ဟု တစ်နည်း စိတ်သက်သာ သွားသည် ။ မှန်တာ ပြောရရင် ပျော်သလိုလို ပင် ဖြစ်သွား သေးသည် ။ တစ်ဦး နဲ့ တစ်ဦး ဖြစ်စဉ်များ ပြောကြသည် ။ မွန်ကြီး တစ်ဦး က မေးလာသည် ။

“ အသက် က အရေးကြီးတယ်။ နင်တို့ အသက် ဘယ်လောက် ပြော ထားလဲ ”

“ နှစ်ဆယ်စီ ”

“ ဘာလို့ နှစ်ဆယ် ပြောရတာလဲ ”

သူ က ကျွန်တော်တို့ အမှန်အတိုင်း ပြောခဲ့သည် ကို အပြစ်တင်သည် ။

“ ဘာဖြစ်လို့ လဲ ”

“ ဆယ့်ရှစ်နှစ် အောက် ဆို အပြစ်ပေါ့တယ် ”

မတတ်နိုင်တော့ပါ ။ အမှုတွဲ ထဲမှာ နှစ်ယောက် စလုံး အသက်နှစ်ဆယ် ဟု ပေးထားခဲ့ပြီးပြီ ။ ကြို သိခဲ့ရင် တော့ လျှော့ပြောမှာပေါ့ ။

“ ထောင် က လွှတ်ရင် တစ်ခါတည်း လွှတ်ပေးသလား ”

“ မဟုတ်ဘူး ရဲစခန်း ပို့တယ် ၊ ပြီးမှ နယ်စပ် ပို့တဲ့ အချုပ် ကို ပို့ ၊ အဲဒီက မှ တစ်ဆင့် နယ်စပ် ပို့ပေးတာ ။ ကားခတော့ ပေးရတယ် ”

“ ကားခ မရှိရင် ရော ” 

“ မပို့ပေးဘူး ”

တော်တော် စိတ်မော သွားသည် ။ သန့်စင် လည်း ရွှင်ရွှင်ပျပျ မရှိတော့ ။ ငေးငိုင်ပြီ ။ လက် ထဲမှာ ဘတ်ငွေ သုံးရာကျော် တော့ ရှိသေးသည် ။ ထို ငွေ က မကြာခင် ကုန်သွား မှာ ကို ငြင်းစရာ မလို ။ ထောင် ထဲ ရောက်လျှင် ဈေး ဝယ် စားနိုင်သည် ကို ကြားခဲ့ပြီးပြီကိုး ။ မွန်ကြီး က ကျွန်တော်တို့ ကို အားပေးသည် ။

“ ဘာဖြစ်သလဲလေ ။ အချုပ် ထဲ ရောက်တော့ အလုပ် လိုက် လုပ်ပေါ့ ။ ပိုက်ဆံ ရမှာ ပေါ့ ”

ကျွန်တော်တို့ ခေါင်းညိတ်ရုံ မှ တစ်ပါး ဘာမှ မပြောပါ ။ ညနေ လေးနာရီကျော် တော့ ကျွန်တော်တို့ မြန်မာ အားလုံး ကို နာမည် ခေါ်သည် ။ ရုံး ထုတ်ရန် ဖြစ်သည် ။ အားလုံးပေါင်း ခုနစ်ယောက် ။ ငါးယောက်အုပ်စု ကို တစ်တွဲ ၊ ကျွန်တော် နှင့် သန့်စင် ကို တစ်တွဲ ရုံးထုတ်သည် ။ တရားသူကြီး ရှေ့ ရောက်လျှင် အရိုအသေ ပေးရမည့် ကိစ္စ အား ရှင်း ပြသည် ။ ဖိနပ် စီးခွင့် မပြု ။ လက်ထိပ် မဖြုတ် ပေး ။ တန်းစီ လျှောက်စေ ပြီး တရားရုံး အတွင်း ခေါ်ဆောင်လာသည် ။ ကျွန်တော်တို့ ရောက်ပြီး မကြာမီ တရားသူကြီး ဝင်လာ သဖြင့် မတ်တတ် ရပ်၍ အရိုအသေ ပေးရသည် ။ ပြီးတော့မှ ထိုင်ခွင့် ပြုသည် ။ ထို့နောက် ရဲဝန်ထမ်း က သူ စွဲချက်တင် ထားသည့် တရားခံ နာမည်များ နှင့် အမှုကိစ္စ ကို တရားသူကြီး အား လျှောက်ကြားသည် ။ သူ လျှောက်ကြားသည့် အထဲ နာမည် ပါသည့် တရားခံများ အား နံဘေး မှ ရဲ က လက်ထိပ် အတွဲလိုက် ကို ကိုင်ပြီး အားလုံး မတ်တတ်ရပ်စေသည် ။ တစ်ယောက် ထ လျှင် အကုန် ထ ရ၏ ။ ကျွန်တော် နှင့် သန့်စင် နာမည် က မပါသေး ။ တရားသူကြီး က တရားခံများ ကို တစ်ဦးချင်း နာမည် ခေါ်စဉ် လက်ထိပ်ခတ်ထားသော လက် ကိုမြှောက် မြှောက် ပြရသည် ။ ဘေးလူ လက် ကိုပါ မြှောက်ပြီးသား ဖြစ်၏ ။ ထို့နောက် အမိန့်ချသည် ။ ကျွန်တော် နှင့် သန့်စင် ကို လည်း ထိုကဲ့သို့ ပင် အမိန့်ချသည် ။

သူတို့ ငါးဦး စလုံးမှာ အသက် ဆယ့်ရှစ်နှစ် အောက် ဟု ပေးထား သဖြင့် ဒဏ်ငွေ တစ်ထောင် ချမှတ်၏ ။ မဆောင်နိုင်ပါ က တစ်ရက် လျှင် ဘတ် လေးဆယ်နှုန်း ဖြင့် ထောင်ဒဏ်ချခံစေရမည် ဟု အမိန့်ချသည် ။ ကျွန်တော် တို့ နှစ်ဦး ကိုတော့ “ စီစစ်ဝမ် ” ဟု အမိန့်ချ၏ ။

ရက် လေးဆယ် ထောင်ချ လိုက်ပြီ ။ နေ့ က ( ၂၀ . ၆ . ၁၉၉၂ )

တရားရုံးအချုပ် ကို ပြန် ရောက်တော့ ကျွန်တော်တို့ စကား မပြောနိုင် တော့ ၊ တကယ် ထောင်ကျရမည် ဆိုတော့ ထောင်ဝတ်စုံ နှင့် ထောင်သားများ ကို ကြည့်ပြီး ကြောက်ရွံ့ လာမိ၏ ။ ဘယ်သူ့ ဘယ်သူ မှ စကား မပြောနိုင် ။ အားမပေး နိုင်ကြတော့ပေ။ မြင်နေရသည့် ထောင်သားများ ၏ အပြုအမူ ၊ အပြောအဆို ၊ အနေအထိုင် ကြည့်ပြီး စိတ်မချမ်းမြေ့ချင်တော့ ။ သို့သော် အချိန်တန်လျှင် ထို ထောင်သားများ ရှိရာသို့ပင် သွားရတော့ မည် ။ အမိန့် ချ လိုက်ပြီကိုး ။ မကြာခင် ‘ ကန်ချနပူရီ ’ ထောင် သို့ ရောက်ရ တော့မည် ။

ထောင်ဘူးဝ ရောက်သည် နှင့် အစစ်ဆေး ခံရန် တန်းစီရပြီး လက် ကို နောက်ပစ်ပြီး ခေါင်း ငုံ့ကာ တစ်ဦး ချင်း ဝင်ရ၏ ။ ထို့နောက် ရှေ့နောက် ဆောင့်ကြောင့် ထိုင်ပြီး ကိုယ့် ပစ္စည်း ကို ကိုယ့် ရှေ့မှာ ချထားရ၏ ။ စစ်ဆေး ပြီးတော့ အဝတ်အစားများ ကို ယူခွင့်ပြုသည် ။ ငွေသား ပါလျှင် အပ်ထားရပြီး သုံးစွဲ လိုလျှင် တာဝန်ကျ ဝန်ထမ်း အား အကြောင်းကြားခွင့်ပေးသည် ။ သူ က တစ်ဆင့် သုံးစွဲ ဝယ်ယူလိုသည့် ပစ္စည်း ကို ပေးလိမ့်မည် ။ ထောင် ထဲ မှာ နာမည် မခေါ် ၊ နံပါတ်စဉ်များ ကို နာမည် အဖြစ် ခေါ်ဝေါ် သုံးစွဲမည် ။ ကိုယ့် ကို ပေးသည့် နံပါတ်စဉ် အား မှတ်ထားရ၏ ။ ကျွန်တော် ၏ နံပါတ် မှာ တိုက်ဆိုင်စွာပင် ‘ စီစစ် ’ ( လေးဆယ် ) ဖြစ်နေ၏ ။ ထောင်ဝတ်စုံ မပေး ၊ ပါလာသော အင်္ကျီ ကိုပင် ဝတ်ရသည် ။ ဘောင်းဘီအရှည် ဆိုလျှင် အတို ဖြစ်အောင် ဖြတ် ဝတ်ရ၏ ။

ထောင်စည်းကမ်းများ ပြောပြပြီးသည့် အခါ ထမင်းစားရုံ သို့ ခေါ် ဆောင်သွားသည် ။ ဇွန်း တစ်ချောင်းစီ ပေးသည် ။ သို့သော် ဇွန်း အား ဟင်းခတ် ရာတွင် သုံးရန် ဖြစ်သည် ။ လက် ဆေး၍ စားရမည် ဟု သန့်စင် က ပြန်ရှင်း ပြသည် ။ ထမင်းစားရုံကြီး က အတော် ကြီးမား၏ ။ ခုံတန်းလျားများ ကို မျက်နှားချင်းဆိုင် ထိုင်ပါ က ဆယ်ဦးစီ ထိုင်နိုင်မည် ။ တစ်တန်း လျှင် သုံးခုစီ ပါရှိပြီး စုစုပေါင်း လူ နှစ်ထောင် နီးပါး စားနိုင်သည့် ရုံကြီး ဖြစ်သည် ။ နှစ်ယောက် တစ်တွဲ ဝင် ထိုင်ရ၏ ။ ဟင်းခွက် ကို လည်း နှစ်ယောက် တစ်ခွက် ချပေးထား၏ ။ ထမင်း မကျွေးခင် သစ္စာ အဓိဋ္ဌာန် ဆိုရသည် ။ ပြီးမှ စားခွင့် ပြု၏ ။

“ ထမင်း စား နေတုန်း စကား မပြောရဘူး ကိုထွေး ။ ထမင်း လိုချင်ရင် လက် ထောင်လိုက် ”

ထမင်း က လိုချင်ဖွယ် မရှိပါ။ ဆန်နီကြမ်း ဖြစ်၍ နှစ်လုတ်မျှ ဝါးပြီးသည် နှင့် မျိုချလိုစိတ် မရှိတော့ ။ ထောင်ထမင်း ပေကိုး။ ဟင်း က အသီးအရွက်ပြုတ် ထဲ မှာ ဝက်နံရိုး အနည်းငယ် ထည့် ထားသည် ။ ဟင်း လိုက်ပွဲ မရ စားပြီးလျှင် ပန်းကန် ထားခဲ့ ။ အပြင်မှာ လက်ဆေး ပြီး မှ ရေသောက် ၊ ပြီးမှ ကျန်အဖော်များကို စောင့်ရသည် ။ ထောင်ဝန်ထမ်း က အုပ်စုခွဲ ကာ ကိုယ် သွားရမည့် အခန်းနံပါတ် နှင့် ကိုယ့် နံပါတ် ကို ရွတ်ဆိုပြသည် ။ သန့်စင် က ' မိုင်လေးဟမ် ' ကို ' အချုပ်ဆောင်ငါး ' ဟု ဘာသာပြန် ပေးသည် ။ ကျွန်တော်တို့ မြန်မာ ခုနစ်ယောက် စလုံး အချုပ်ဆောင် ငါး မှာ ကျသည် ။

“ ပုံစံ ” ဟူသော မြန်မာ လို ခေါ်လိုက်သည့် အသံကြီး ကို ကြားရသဖြင့် အချုပ် ဆောင် အဝင်မှာ ပင် ကျွန်တော်တို့ တုန်လှုပ်ကာ ဆောင့်ကြောင့် ထိုင် မိကြသည် ။ ' ဝါး ' ခနဲရယ်သံကြီး ထွက်လာ၏ ။ မြန်မာ တစ်ဦး က လှမ်း စလိုက်ခြင်း ဖြစ်သည် ။ ရယ်သံများ ဖြင့် ဝိုင်းကြည့် နေတော့မှ သဘောပေါက် ကာ သက်ပြင်း ချဖြစ်သည် ။ တော်တော် နောက်တဲ့ လူ တွေပဲ ။ ခဏ နေတော့ အသက်ကြီးကြီး မွန်ကြီး တစ်ယောက် လာခေါ် ကာ တန်းစီ ထဲ တွင် နာမည် တွေ ပေးကြ၏။ ကျခံရသည့် ထောင်ကျ ကာလကို ပြောပြရသည် ။ မွန်ကြီး ကပဲ ဘာသာပြန် ပေး၏။ သူ ကပဲ အချုပ်ဆောင် မှာ နေစဉ် အတွင်း လိုက်နာရမည့် စည်းကမ်းများ ကို ရှင်းပြသည် ။ တန်းစီး က အိပ်ရမည့် နေရာ နှင့် သန့်ရှင်းရေး လုပ်ရမည့် နေ့တို့ ကို ပြောပြသည် ။ သန့်ရှင်းရေး က ဘာမှ မဟုတ် ၊ တာဝန်ကျသည့် နေ့ ၌ အချုပ်ဆောင် ကြမ်းပြင် ကို ရေပတ်တိုက် ၊ အိမ်သာခန်း ကို သန့်ရှင်းရေး လုပ် ။ အမှိုက်ပုံး ကို အပေါက်ဝ ချပေးရုံသာ ။ အားလုံး နေ့အလိုက် တာဝန် ပေးထားသည် ဟု ရှင်းပြသည် ။

ကျွန်တော် နှင့် သန့်စင် ကို မွန်ကြီး က ခေါ်ထားပြီး သူတို့ နားမှာ ပင် နေရာပေး၏ ။ အချုပ်ဆောင် ၏ ဖွဲ့စည်းပုံမှာ ရှင်းပါသည် ။ ပေငါးဆယ် ၊ ပေသုံးဆယ် ဟောအဆောင် ဖြစ်ပြီး ဝင်ပေါက်မှာ အထူး အချုပ်ခန်း နှစ်ခု နှင့် အိမ်သာတွဲ ထားသည် ။ သမံတလင်း ခင်း ထားသည် ။ မီးချောင်း နှစ်ချောင်း ထွန်းပေးထားသည် ။ ဖိနပ်များ ကို အောက်ထပ် မှာ ပဲ ချွတ် ထားခဲ့ရသည် ။ ကျွန်တော်တို့ အဆောင် အောက်၌ အချုပ်ဆောင် နံပါတ် ၄ ရှိသည် ။

ကျွန်တော် နှင့် သန့်စင် အား ထောင်ကျ ကာလ နည်းသူများ ဖြစ်၍ အလယ်တန်း မှာ ပင် အိပ်ရန် နေရာပေးသည် ။ စုစုပေါင်း လူ တစ်ရာ့ငါးဆယ် နီးပါး ရှိ၍ ဘေးချင်းကပ် တစ်တန်း လျှင် လူလေးဆယ်ခန့် အိပ်ရသည် ။ တစ်တန်း နှင့် တစ်တန်း ခြေကန်၍ အိပ်ရပြီး ကျွန်တော်တို့ က ထို ခြေကန်ထားသည့် အလယ်တန်း ( လူသွားရန်လမ်း ) ၌ အိပ်ရ၏ ။ နှစ်ကြီးသမားများ မဟုတ်၍ ဖြစ်သည် ။

“ ငါ့ညီ တို့ ကို ဘယ်မှာ ဖမ်းတာလဲ ”

အသက် သုံးဆယ့်ငါးနှစ် ခန့် အစ်ကိုကြီး တစ်ဦးက နှုတ်ဆက်မေးခွန်း ထုတ်လာ၏ ။

“ ဝမ်းဖိုးဂိတ် မှာ ဖမ်းတာ အစ်ကို ” 

“ ဘယ်နှစ်ရက် ကျလဲ ”

“ ရက်လေးဆယ် ”

“ ဪ မင်းတို့ အသက် လျှော့ မပြောမိဘူးနဲ့ တူတယ် ” 

“ ဟုတ်တယ် အစ်ကို အမှန်အတိုင်း ပြောလိုက်တယ် ” 

“ ရော့ ဆေးလိပ်သောက် ”

ကျွန်တော့် ကိုယ်စား သန့်စင် က ဆေးထုပ် ကို ဝင်ယူ၏ ။ သူတို့ ဆေးလိပ် က ‘ ပွတ်ချွန်း ' ဟု ခေါ်သည့် ကိုယ့်ဘာသာ လိပ်၍ သောက်ရသော ဆေးလိပ် ဖြစ်သည် ။ ဆေးသား က သတ်သတ် ၊ စက္ကူ က သတ်သတ် ကို ရောစပ် သောက်ရသည် ။

“ ညီလေးတို့ က ဘယ်သွားကြမှာ လဲ ”

“ ဘန်ကောက် ထဲ ဝင်မလို့ ။ သူ က ကျွန်တော့် ညီဝမ်းကွဲ သန့်စင် ၊ ကျွန်တော့် နာမည် က ကိုထွေး ပါ ။ အစ်ကို ဒီ ရောက်တာ ကြာပြီလား ”

“ တစ်နှစ်ခွဲလောက် ရှိပြီ ”

သူ က ခြေကျင်း ကို အသာ ဆွဲ လှည့်ရင်း ဖြေ၏ ။ သန့်စင် က ဘာအမှုလဲ ဟု မေးသည် ။ သူက လက်ညှိုးလေး ကွေးပြသည် ။ လက်နက်မှု ပေါ့ ၊ ထိုင်း မှာ လက်နက်မှု သည် တရားမမှု အကြီးစား ထဲ ၌ ပါဝင်သည် ။

ကျွန်တော်တို့ စကား ကောင်း နေစဉ် ဘာရာ တစ်ဦး ၏ အသံ ကြား လိုက်ရသည် ။ သန့်စင် က ဘုရားရှိခိုးမည် ဟု ရှင်းပြ၏ ။ အားလုံး သံတိုင်များ ဘက် လှည့်ကာ ဆောင်ကြောင့် ထိုင်၍ လက်အုပ် ချီကြသည် ။ ထို့နောက် ရှေ့ မှ လူ က ဘုရားစာ တိုင်ပေးသည် ကို လိုက် ဆိုရ၏ ။ ဗုဒ္ဓဘာသာ ဘုရားဝတ်ပြုခြင်း ဖြစ်ပြီး အသံထွက်များ တော့ မြန်မာ နှင့် ကွဲပြား သည် ။ ဝတ်ပြု ပြီးတော့ တရား ထိုင်ရ၏ ။ ထို့နောက် နိုင်ငံတော်သီချင်း နှင့် ဘုရင်မင်းမြတ် ကို ချီးကျူးပူဇော်သည့် သီချင်းတို့ ကို ရွတ်ဆိုကြရ၏ ။

ပြီးတော့မှ ကိုယ့် နေရာ ကိုယ် ပြန်နေရသည် ။ ခဏ အကြာတွင် ထောင်ပို င်ကြီး နှင့် ထောင်ဝန်ထမ်းများ လူ စစ်သည် ။ လူ စစ်သည့် အခါ တန်းစီ ထားရပြီး အစဉ်လိုက် နံပါတ်များ အော်ရ၏ ။ မြန်မာများ ကို နံပါတ် မအော်တတ်သူများ အတွက် သီးသန့် ခွဲထားပြီး အော်တတ်သည့် သူ က အားလုံး ကိုယ်စား အစဉ်လိုက် ရှေ့ မှ လက်ညှိုးထိုး ပြကာ အော်ပေး သွားသည် ။

ပြီးလျှင် အိပ်လို့ ရပြီ ။ မအိပ်ချင် လျှင် စကား မပြောရ ။ စာရေးချင် ရင် ရေး ၊ အသံ မထွက်ရ ။ ကျား ရွှေ့ချင် ရွှေ့နိုင်သည် ။ အပေါ့အပါး သွားလိုလျှင် အလှည့်ကျ အချုပ်စောင့် အား လက်ညှိုးထောင် ပြ၍ သွားရသည် ။ တစ်ည လုံး အလှည့်ကျ ဖြင့် နှစ်ကြီးသမားများ က အချုပ်စောင့် တာဝန် ခွဲဝေယူကြ၏ ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment