❝ ချစ်ပိတောက်ဦး ❞
( ကြူကြူသင်း )
၁ ။
ဖိနပ်ချွတ် သို့ လှမ်း တက်လိုက်သည် နှင့် ချမ်းမောင် ၏ စကားသံ အောအောကြီး ကို ကြားလိုက်ရ၏ ။ နီဝင်း အလိုလို ကိုယ်ရှိန်သတ်သွားမိ၏ ။ ချမ်းမောင် ၏ အသံ ကို ကြားလိုက်ရုံ မျှနှင့် ဘာ့ကြောင့် ရင်ခုန်သွားမှန်း နီဝင်း မသိပေ ။
“ လာဟေ့ နီဝင်း ”
အိမ်ရှင် မေနိုင်ဦး က လှမ်း ခေါ်သည် ။ စကားဝိုင်း မှ အသံ ခေတ္တ တန့်သွားသည် ။ ဝိုင်း ထဲတွင် ယဉ်နွဲ့မူ ပါ ရောက်နေသည် ကို တွေ့လိုက်ရ၏ ။ ဒါ့အပြင် ချမ်းမောင် စကား ပြောနေသည် မှာ ယဉ်နွဲ့မူ ဖြစ်ကြောင်း ကို ပါ အကဲခတ်လိုက်မိ၏ ။ ရှပ်အင်္ကျီလက် ကို ခေါက်တင်ရင်း ချမ်းမောင် နှင့် အဝေးဆုံး နေရာ မေနိုင်ဦး ဘေး တွင် နီဝင်း ရွေး ထိုင်လိုက်သည် ။ ဒါကို ချမ်းမောင် က မျက်လုံး ဝင့် ကြည့်လိုက် သဖြင့် နီဝင်း ကျေနပ် သွား၏ ။
“ နီဝင်း နောက်ကျပါလား ”
ချမ်းမောင် လှမ်းပြောသည် ။
“ အမေ့ ကို ဆို င်လိုက် ဖွင့် ပေးနေရသေးတာ ။ ခုနစ်နာရီ ဆို ၊ ခု ငါးမိနစ် တောင် လိုသေးတယ် ”
မီးရောင် တွင် လက်ပတ်နာရီ ကို မြှောက် ကြည့်ရင်း ခပ်ပြတ်ပြတ် ဖြေလိုက်သည် ။ ဝိုင်းထဲ မျက်လုံး ပြန်ရောက်တော့ ယဉ်နွဲ့မူ အလှပြင်ထားပုံ ကို အသေးစိတ် ကြည့်ပြီးသား ဖြစ်သွား၏ ။ ပန်းနုရောင် မျက်နှာ ၊ နီရဲသော နှုတ်ခမ်း ၊ မျက်ခုံးပုံစံ လှလှကလေး ၊ ဆံပင် လှိုင်းတွန့် ။ အို အားလုံးကိုပဲ နီဝင်း လေ့လာပြီးသား ဖြစ်သွား၏ ။ ဟင်း ဒါကြောင့် ဇော်မျိုး တို့ က ပြောတာ ။ အခု ပြောင်းလာတဲ့ ယဉ်နွဲ့မူ ဆိုတဲ့ ကောင်မလေး က သိပ်ချောတယ် တဲ့ ။ သူ့ ကို ပါ ရအောင် စည်းရုံးရမယ်တဲ့ လေ ။ ခုတော့ ဇော်မျိုး တို့ စည်းရုံးရေး ကောင်း၍ ထင်သည် ။ သူတို့ ဝိုင်း ထဲ ပါနေပြီ ။ ပါသမှ ချမ်းမောင် လို ခပ်တည်တည် နေတတ် သော လူမျိုး က တောင်မှ အရေးတယူ ၊ အလေးတမူ ။
“ နီဝင်း သိပြီးပြီ မဟုတ်လား ၊ ယဉ်နွဲ့မူ လေ ။ အီကို စက္ကင်းရီးယား က ... ”
ဇော်မျိုး က ပြုံးစပ်စပ် နှင့် နီဝင်း ဘက် လှည့် မိတ်ဆက် ပေးလိုက်၏ ။
“ သိပ် လှတဲ့ သူ ဆိုတော့ တို့တွေ က သိပြီးသားပါ ။ တကယ်ပါပဲ ၊ မယဉ်နွဲ့မူ က အနီးကပ် ကြည့်တော့ ပိုတောင် လှသေး ”
ရယ်သံများ က စီခနဲ ပေါ်လာ၏ ။
နောက်တစ်ခါ အစည်းအဝေး လုပ်ရင် နွဲ့မူတို့ အိမ် မှာ ဖိတ်ပြီး နီဝင်း ကို စပယ်ရှယ် ကျွေးရမယ် ဟု ယဉ်နွဲ့မူ က ခပ်ရွှင်ရွှင်ကလေး ပြော၏ ။ ကျွန်တော် တို့ လည်း ချန်မထားခဲ့ပါနဲ့ ဗျာ ဟု ဇော်မျိုး က စပ်ဖြဲဖြဲ ဝင်ပြော၏ ။
“ အို မချန်ပါဘူး ၊ အားလုံး ပါတာပေါ့ ။ ဒါပေမဲ့ နီဝင်း ကို တော့ အထူးလေ ” ဟု ယဉ်နွဲ့မူ က ပြုံးလျက် ဆက်ဖြေသည် ။ ပြုံးတော့ ပိုလှသည် ။
“ လှတယ်လို့ ပြောတဲ့ လူကို အထူး ကျွေးမယ် ဆိုရင်တော့ ကျွန်တော်တို့ ကလည်း ပြောပါ့မယ်ဗျာ ”
ခင်မောင်ဝင်း က ကြားဖြတ် ပြောပြန်သည် ။
“ ဟုတ်တယ် ဟုတ်တယ် ” ဟု သန်းဆွေ က ထောက်ခံ၏ ။
သူတို့ ဝိုင်းသည် လွတ်လပ်ပေါ့ပါးစွာ ရယ်သံမောသံ ၊ ပြောသံဆိုသံ တို့ ဖြင့် စီစီညံ နေတော့၏ ။
မကြာမီအတွင်း မေနိုင်ဦး တို့ ၏ ဧည့်ခန်း ထဲတွင် နီဝင်း တို့ အဖွဲ့သားတွေ နှင့် ပြည့်သွားသည် ။ မေနိုင်ဦး တို့ အမေ က လက်ဖက်သုပ်ပွဲတွေ လာချပေးသည် ။
“ အခု ခေါ်တဲ့ ဆွေးနွေးပွဲကလေး က တော့ ... ”
ချမ်းမောင် စကား စတော့ ခင်မောင်ဝင်း က “ အဟမ်း အဟမ်း ” ဟု တမင် ချောင်းဟန့်သံ ပြု၏ ။ ချမ်းမောင် က မျက်နှာထားကြီး နှင့် ငဲ့ကြည့်တော့ မှ မျက်နှာပိုးသတ်သွား၏ ။
“ သိကြတဲ့ အတိုင်း နှစ်စဉ် ဆင်နွှဲနေကျ ကျွန်တော်တို့ ရပ်ကွက် ရဲ့ မဟာသင်္ကြန် ”
ထုံးစံအတိုင်း မေနိုင်ဦး တို့ မိန်းကလေးဝိုင်း က တီးတိုး တီးတိုး ။ ယဉ်နွဲ့မူကတော့ နည်းနည်း စိမ်းနေသေး၍ လား မသိ ၊ ချမ်းမောင် ပြောသမျှ ကို ငြိမ်၍ နားထောင် နေသည် ။ အခြား အဖွဲ့သားတွေ ဆွေးနွေးသည် ကို လည်း စိတ်ပါဝင်စားစွာ နားစွင့် နေသည် ။
ခင်မောင်ဝင်း နှင့် ဇော်မျိုး တို့ ကတော့ ယဉ်နွဲ့မူ ကို တစ်ချီ တစ်ချီ ခိုးခိုးကြည့် နေကြလေသည် ။
••••• ••••• •••••
၂ ။
“ တစ်နှစ် ဆိုတာ ဘာမှ မကြာလိုက်ဘူးကွနော် ”
လက်ဖက်ရည် ကို တစ်ကျိုက် မော့ သောက်လိုက်ပြီး ဇော်မျိုး က မှတ်ချက်ချ၏ ။
“ အေးကွ အချိန် နဲ့ ဒီရေ သည် လူ ကို မစောင့် ၊ ပိုက်ဆံ နဲ့ စာမေးပွဲသည် ခင်မောင်ဝင်း ကို မစောင့် ဆိုတာ သိပ်မှန်တာပဲ ”
ဆယ်တန်း တတိယနှစ် ဖြေထားပြီးသူ နီဝင်း နှင့် ဘဝတူ ခင်မောင်ဝင်း က ရွှတ်နောက်နောက် ပြော၏ ။
“ နီဝင်း ၊ ချမ်းမောင်တို့ လာမယ်တဲ့လား ”
နီဝင်း က အာရုံ ကို ပြန် စုကာ သူတို့ ဘက် လှည့်လိုက် ခေါင်းညိတ် ပြလိုက်၏ ။ ဇော်မျိုး က -
“ မလာလို့ ဖြစ်မှ မဖြစ်တာ ၊ ပို့စကတ် ရွေးဖို့ ပိုက်ဆံက သူတို့ ယူခဲ့မယ့်ဟာပဲ ” ဟု ပြော၏ ။
နီဝင်း တို့ တစ်တွေ “ ငွေစန္ဒာ ” ပုံနှိပ်တိုက် ရှေ့ရှိ လက်ဖက်ရည်ဆိုင် တွင် လာ စောင့်နေကြခြင်း ဖြစ်သည် ။ ပို့စကတ် က များများ ရလျှင် အဖွဲ့ ဘဏ္ဍာငွေ ရအောင် လှည့် ရောင်းရဦးမည် ။ ထိုမှ အမြတ်ငွေ နှင့် ရပ်ကွက် ထဲ မှ အလှူခံရငွေများ ကို ပေါင်း ပြီး ရပ်ကွက် မဟာသင်္ကြန်ပွဲ ကို လူငယ်များ စုပေါင်းကျင်း
ကြမည် ဖြစ်သည် ။
“ ဒီနေ့ ရကို ရမှ ဖြစ်မယ် ”
“ ရမှာပါ နီဝင်း ရ ၊ ငါတို့ လည်း ဟိုကောင်တွေ ကို နက်ဖြန် သူတို့ ကျောင်းတွေ မှာ ရောင်းပေးဖို့ ပြောထားတာ ”
“ ဝယ်ကြပါ့မလားကွာ ”
သန်းဆွေ က ပူပူပင်ပင် ပြော၏ ။ သူ က လိုက် ရောင်းသည့် အဖွဲ့ ထဲ ပါသည် ။
“ ဝယ်မှာပါ ဟ ၊ နင် က လည်း ပါးစပ်ပုပ်ကြီး နဲ့ ပြောပြန်ပါပြီ ။ ငါတို့ ပို့စကတ်ကလေး က သိပ်လှတဲ့ ဟာ ”
နီဝင်း သည် ခွန်းတုံ့ပြန်ရင်း ပို့စကတ်ကလေး ကို မြင်ယောင်လာသည် ။
အနီရောင် ဝတ်စုံ နှင့် ကောင်မလေး လှလှကလေး ကို ကောင်လေး က ပိတောက်ခက်ကလေး ကမ်းပေးနေပုံ ဖြစ်သည် ။ ကျောဘက် တွင် ကဗျာလေး ပါသေးသည် ။
“ ရွှေစင် တစ်ခက်
မောင့်ရဲ့လက်ဆောင်
ချစ်တွက် ရည်စူး
ပိတောက်ဦး ” တဲ့ ။
ဒီ ကဗျာကလေး ကို ချမ်းမောင် နှင့် နီဝင်းတို့ စပ်တူ ရေးဖွဲ့ကြခြင်း ဖြစ်သည် ။
“ မင်းတို့ ကဗျာ က ပေါ့လွန်းတယ်ကွာ ” ဟု တင်ထွန်း က ဝေဖန်ခဲ့သေး၏ ။ နိုဝင်း က -
“ ဘာသိလို့လဲ တင်ထွန်း ရ ၊ ဒါမျိုးမှ ကောင်မလေး တွေ ကြိုက်မှာ ”
နီဝင်း ဖြေပုံကြောင့် ချမ်းမောင် ပြုံးသွားသည် ။ ငြင်းတော့လည်း ငြင်းစရာ မမြင် ၊ ကောင်မကလေး တွေ က စကားလုံးလှလှ နှင့် ကဗျာကလေးများ ကို သဘောကျ တတ်သည် ။ သူတို့ ကိုယ်တိုင် တော့ ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်ကြ ။ မြန်မာစာ ဒုတိယနှစ် တွင် တက်နေသူ မေနိုင်ဦး တစ်ယောက် သာ ခပ်ရေးတေးတေး ၊ သူ က နီဝင်း နှင့် တင်ထွန်း ကို အလွန် အားကျသည် ။ သိပ်တော်တာပဲကွာ ၊ သိပ်ကို တော်တာပဲ ဟု မကြာခဏ ဖွင့်ဟ ချီးကျူးလေ့ရှိသည် ။
“ နိုဝင်း ရာ မေ့ လည်း သင်ပေးစမ်းပါ ” ဟု နားပူလေ့ လည်းရှိ၏ ။
ချမ်းမောင် ရေးတတ်မှန်း သိသော်လည်း ချမ်းမောင် က ခပ်တည်တည် နေတတ်သောကြောင့်လား မပြောတတ် ၊ အသင် ခိုင်းသည် ကို မကြားရ ။ နီဝင်း ကလည်း သူငယ်ချင်း ကို ဖြစ်မြောက်စေချင်လှပါသည် ။ သို့ရာတွင် ကာရန်မှန် အောင်သာ သင်ပေး၍ ရပြီး အတွေးကျစ်လျစ်ဖို့ နှင့် စကားလုံး ရွေးချယ်တတ်ဖို့ ကျတော့ နီဝင်း သ င်မပေးတတ် ။ နီဝင်း ကိုယ်တိုင်ပင် မနည်းကြီး အားထုတ် နေရသည့် ကိစ္စမို့ ဘာမျှမတတ် နိုင်တော့ ။
တင်ထွန်း ကတော့ မေနိုင်ဦး လို မြန်မာစာ အဓိက ဖြစ်သည့်အ ပြင် သူ့ ဦးလေး တစ်ယောက် ကလည်း နိုင်ငံကျော် စာရေးဆရာကြီး တစ်ဦး ဖြစ်လေသည် ။ ထို့ကြောင့် သူက ပင်ကို ဗီဇ ပါလာကာ ၁၀ တန်း ကတည်းက စာနယ်ဇင်းတွေ မှာ ကလောင်သွေးဖြစ်ခဲ့သည် ။ ကဗျာ အတော်များများ ပုံနှိပ် စာလုံးဖြင့် ဖော်ပြခြင်း ခံခဲ့ရပြီးပြီ ။ ထို့ကြောင့် နှစ်စဉ် သူတို့ သံချပ်အဖွဲ့ ထွက်လျှင် တင်ထွန်း က ပင်တိုင် သံချပ်ရေးဆရာ ။ လိုအပ်သည်များ ကို ဖြည့်စွက်ခြင်း ၊ ပိုနေသည်များ ကို ဖြုတ်ပစ် ခြင်း စသည်များ ကိုမူ တင်ထွန်း ဦးလေး ၏ အကူအညီ ကို ယူရသည် ။ ယခုနှစ် အတွက် သံချပ်တွေ လည်း စိစစ်ရေး တင်ပြီးခဲ့ပြီ ။ တိုက်ရုံ သာ ကျန်တော့သည် ။
အဓိက ကတော့ ငွေရေးကြေးရေး ပင်တည်း ။
“ ပို့စကတ် ရောင်းချိန် အရက် ၂ဝ ပဲ ရှိတော့တယ် ”
“ ဟုတ်တယ် ၊ ဒီ ကြားထဲ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီး ပူဇော်ပွဲ အတွက်လည်း စီစဉ်ရဦးမယ် ။ ဒီနှစ် ၇ဝ ကျော် နှစ်ယောက် တိုးလာတယ် ”
“ ဒါဆို ခြောက်ယောက် ပေါ့ ။ တဘက် တစ်ထည်စီ ရယ် ၊ အားဆေးတွေ ရယ် ကန်တော့မှာ ဆို ”
“ အေးလေ ၊ အဲသလို ဆုံးဖြတ်ထားတာပဲဟာ ”
“ ပို့စကတ် အကုန် ရောင်းရမှ ငါးထောင်ရမှာ ”
“ အရင်း က နှစ်ထောင့်ငါးရာ နော် ”
“ ဒီ့ပြင် စေတနာရှင်တွေ လှူတာ လာဦးမှာပါ ။ မနှစ်က အဲဒါကို က သုံးထောင်လောက် ရတာပဲ ”
နီဝင်း က ဘတ်စ်ကား လက်မှတ်ကလေး ပေါ်တွင် ချတွက်နေ၏ ။
“ သံချပ် အဖွဲ့က ၁၂ ယောက်လား ”
“ ကမယ့် သုံးယောက် ပါ ဆိုရင် ၁၅ ”
“ ကတဲ့ လူတွေ အလွတ် ကျန်လူတွေ က တစ်ယောက် ကို တစ်ရာ ထည့်မှ ဝတ်စုံဖိုး လောက်မှာ ”
“ အောင်မာ ၊ ထမင်းစရိတ် ဘယ်သွား ထားမှာလဲ ။ လေးရက်အတွက် မနှစ်က ထောင့်ခြောက်ရာ ကုန်တာ ”
နီဝင်း တို့ ရပ်ကွက်၌ လူငယ် ကျား ၊ မ ပေါင်း ၄ဝ ကျော် ရှိသည် ။ မည်သည့်ကိစ္စ ရှိရှိ ၊ ကြီးကြီးငယ်ငယ် လူငယ် အားလုံး စုပေါင်း ဆောင်ရွက် ၊ စုပေါင်း တာဝန်ယူ စသည်ဖြင့် ညီညာကြသည် ။ ကျရာ နေရာ ၊ ပေးရာ တာဝန် ကျေပွန်အောင် ဆောင်ရွက် နိုင်ကြ သဖြင့် လူကြီးတွေ က လည်း လူငယ်တွေ ကို အလိုလိုက် နေရာ ပေးကြသည် ။ အပြန်ပြန် အလှန်လှန် အားကိုးကြ ၊ အားပေးကြနှင့် ။
“ အင်း မနှစ်က ဒီလို အချိန်ပေါ့ ၊ ချမ်းမောင် နဲ့ ခင်သဇင် တို့ သမီးရည်းစား အဖြစ်က ပြတ်စဲကြတာ ”
ခင်မောင်ဝင်း က ကောက်ကာငင်ကာ ပြောလိုက်၏ ။ နီဝင်း သူ့ ကို လှည့်ကြည့်လိုက်၏ ။ ဆံပင်တို ထဲ သို့ လက်ထိုး ဖွရင်း ခပ်ဆတ်ဆတ် ပြော၏ ။
“ အလကားပါဟာ ”
“ ဘာ အလကားလဲ ”
နီဝင်း ကို ဇော်မျိုး က ဖြတ် မေးလိုက်၏ ။
“ အဲဒီ ခင်သဇင် ဆိုတာကို ပြောတာ ၊ သူ ပဲ ဇွတ် သူ့ ကို စိတ်ဝင်စားအောင် လုပ် ၊ နောက် သူပဲ ချမ်းမောင် ကို ပစ်သွား ၊ အလကားမိန်းမ ”
နီဝင်း အဖြေ ကို ကြားတော့ ဇော်မျိုး က သဘောကျစွာ ရယ်သည် ။ ရယ်ရင်း -
“ နီဝင်း ရာ ၊ ပြောလိုက်ပုံ ကတော့ အဟုတ်ပဲ ” ဟု ပြော လိုက်သေး၏ ။ ခင်မောင်ဝင်း က ပြုံးစစ ။
“ ယောက်ျားလေး တွေ ကလည်း မိန်းကလေးလှလှ ဆိုရင် စိတ်ဝင်စား လိုက်ကြတာပဲ ။ ငါ ဖြင့် အချစ် ဆိုတာ ကို နားကို မလည်နိုင်တော့ဘူး ”
ဒီ စကား ကို နီဝင်း ဆိုတော့ ခင်မောင်ဝင်း က မရယ်ဘဲ မနေနိုင်တော့ ။
“ နီဝင်း ရာ ၊ နင် မေနိုင်ဦး ကို ဘာဖြစ်လို့ ချစ်သလဲ ၊ အဲသလိုပေါ့ ”
“ ဟ ဘာဆိုင်သလဲ ”
“ ဆိုင်တာပေါ့ နီဝင်း ရ ၊ နင် လည်း မေနိုင်ဦး ကို လှလို့ ချစ်တာပဲ မဟုတ်လား ။ ဘယ်တော့မဆို နင့် ကြည့်လိုက်ရင် မေ့ ဘေးနားမှာ ချည်း ”
နီဝင်း မျက်နှာကြီး ရဲ သွား၏ ။
“ ဒါက ငါ့ သူငယ်ချင်း က သိပ် ခင်ဖို့ ကောင်းလို့ပဲဟာ ။ မေ က ဒီ့ပြင် ကောင်မလေးတွေ နဲ့ မတူဘူးကွ ၊ စိတ် သဘောထား မြင့်မြတ်တယ် ”
“ တော်စမ်းပါ ၊ လှလို့ မင်း တွဲနေတာပါ နီဝင်း ရာ ။ တစ်လောက သူတို့ ကျောင်း က အကောင် တစ်ကောင် အိမ် အလည် လိုက်လာတာ မင်း ပဲ ကောလွှတ်လိုက်တာ မဟုတ် လား ။ လက်သီးနဲ့ တောင် ထိုးလွှတ် မလို့ဆို ”
ထိုအကြောင်း ကို ပြန် တွေးမိ၍ပဲလား မသိ ၊ နီဝင်း လက်သီး ဆုပ်လိုက်မိ၏ ။ သူ့ ကို ဇော်မျိုး တို့ ၊ ခင်မောင်ဝင်း တို့ ဘာကြောင့် ဒီလောက် အသေးစိတ် ပြောနေကြမှန်း နားလည် လိုက်၍ လည်း ခံပြင်း သလိုလို ဖြစ်သွား၏ ။
ဇော်မျိုး က မျက်နှာကလေး ရဲ၍ မျက်လွှာ မသိမသာ ချကာ ငြိမ်သွားသည့် သူငယ်ချင်းကို ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည် ။
ရှည်လျား နက်မှောင်သော မျက်တောင်တို့ က နီဝင်း ၏ မျက်လုံးကြီးများ ကို ဖုံးထားသည် ။ မျက်လွှာ သာ ဝင့်၍ ကြည့် လိုက်ပါက ကြယ်နှစ်ပွင့် က လက်ခနဲ တောက်ပလာစမြဲ ။ မျက်အိမ်မို့မို့ကလေး နှင့် မျက်လုံးအောက် အရစ်က ဖောင်း ဖောင်းကလေး ၊ နှာတံ က မပေါ်လွင်လှ သော်လည်း ပိပိပြားပြားကြီး တော့ မဟုတ် ။ နှုတ်ခမ်းနှစ်လွှာ က ပါးသည် ။ တစ်ခုခု ကို စိတ်လိုက်မာန်ပါ ပြောလျှင် အပေါ်နှုတ်ခမ်းကလေး က အရင် ချွန်တက်လာစမြဲ ။ အသား ဖြူသဖြင့် မျက်ခုံးတို့ က နက်ရုံ မက စိမ်း၍ပင် နေသည် ။
မိန်းကလေး ပီပီသသ ဝတ်စားဆင်ယင် နေထိုင်လျှင် အတော့် ကို ချောမယ့် ကောင်မလေး ဟု ဇော်မျိုး ကျိတ်၍ မှတ်ချက် ချနေမိ၏ ။
သို့သော် သူတို့ အားလုံးက နီဝင်း ကို မိန်းကလေး တစ်ယောက် လို ဆက်ဆံသည် ထက် သူတို့ လို ဘဝတူ ယောက်ျားလေး ကဲ့သို့သာ ဆက်ဆံ နေမိကြကြောင်း သူတို့ ပင် သိကြလေသည် ။
ဒါကလည်း သူတို့ အပြစ် မဟုတ်ပေ ။ ရှပ်အင်္ကျီ ကို အစဉ်သဖြင့် ဝတ်ကာ ဘယ်နေရာ မဆို သွားရဲ လာရဲ ၊ ဘာကို မဆို ပြောရဲ ဆိုရဲ ရှိတတ်သူ နီဝင်း ပုံစံကိုက မိန်းကလေး နှင့် မတူ ။ တခြား မိန်းကလေးများ လို အလှလည်း မပြင်တတ် သဖြင့် ပို၍ ထူးခြား နေသည် ။
“ ဟော ဟိုမှာ ချမ်းမောင် တို့ လာနေပြီ ”
လှမ်း ကြည့်လိုက်တော့ ချမ်းမောင် ဘေးမှာ ယဉ်နွဲ့မူ ပါ ပါလာ၏ ။ ဘယ်မှာများ ဆုံလာ ကြတာပါလိမ့် ။
နီဝင်း မျက်နှာ လွှဲကာ နွေးကြမ်း ငှဲ့ထည့်ပြီး သောက် လိုက်၏ ။
“ အားလားလား ... ပူလိုက်တာဟယ် ”
••••• ••••• •••••
၃ ။
“ အားလားလား ၊ ပူလိုက်တာဟယ် ”
နီဝင်း က ငွေဖလားကြီး ထဲမှ လက်ကိုင်ပဝါ ကို ယူကာ ချွေးသုတ် လိုက်ရာ က ညည်းသည် ။ သနပ်ခါး ၊ ပေါင်ဒါ ကင်း သော သူ့ မျက်နှာကလေး မှာ ရဲတွတ်နေ၏ ။
“ ဟုတ်တယ် ၊ အိမ်ပြန် နားကြမလား ။ ညနေစောင်း ပြန် ထွက်မယ်လေ ၊ နေက တော်တော် ပြင်းတာ ”
ချမ်းမောင် က အားလုံးကို ခြုံ၍ မေးသည် ။ သို့သော် သူ့ အကြည့် က နီဝင်း အပေါ်မှာ ။
“ နားလို့ မဖြစ်သေးပါဘူး ။ ရောင်းရက် က ဘာမှ ရှိတော့တာ မဟုတ်ဘူး ။ ပို့စကတ် က တစ်ထောင် လောက် ကျန်သေးတာ ”
နီဝင်း က ပင် ချက်ချင်း ငြင်းလိုက်၏ ။
“ ဒါဖြင့် မညည်းနဲ့ ”
“ အောင်မယ် ၊ ဘယ်သူက ညည်းလို့လဲ ”
“ နီဝင်း ပဲ ညည်းနေတာ ၊ အားလုံး ကြားသားပဲ ”
စချင်နောက်ချင်စိတ် ဖြင့် ချမ်းမောင် က မျက်နှာ ကို တစ်ဖက် လွှဲရင်း ပြောသည် ။ နီဝင်း စိတ်တို သွား၏ ။ ဆံပင်တိုလေး ခါသွားအောင် ခေါင်း ကို လှည့်ပစ်ရင်း -
“ နေပူလို့ ပူတယ်ပြောတာ ညည်းတာလား ကိုချမ်းမောင် ရ ။ အရိပ် ထဲမှာ နေပြီး အက ကျင့်ရတဲ့ လူ လောက်တော့ ဘယ် ဇိမ်ကျမလဲ ”
မေနိုင်ဦး တို့ အိမ်မှာ အက တိုက် နေသည့် ယဉ်နွဲ့မူ ကို ညွှန်းမှန်း ချမ်းမောင် သိသည် ။ တမင် အရွဲ့တိုက် ပြောမှန်းလည်း သိသည် ။ နီဝင်း ဘယ်လောက် ယောက်ျားဆန်သည် ပြောပြော ၊ ယောက်ျားလေး လို နေနေ ၊ တစ်ချီတစ်ချီ မှာတော့ မိန်းကလေး စရိုက် ၊ မိန်းကလေး အမူအကျင့် က တော့ ပေါ်ပေါ် လာတတ်သည်ပင် ။ သူ ပြုံးချင်စိတ် ကို သိုဝှက် ထားလိုက်၏ ။
“ နို့ .. အစ ကတည်းက ကိုယ် ပြောသားပဲ ။ နီဝင်း လည်း ဝင် ကပါလို့ ။ မပြောဘူးလား ”
“ အို .. မကချင်ပါဘူး ”
“ ကျောက်မြောင်း က ငါတို့ သူငယ်ချင်းကား မှာ အခြောက် နှစ်ယောက် က မင်းသမီးလို ဝတ် ကမှာတဲ့ကွ ။ ငါတို့ ဆီမှာ မင်း က မင်းသား လို ဝတ် ကရင် ယဉ်နွဲ့မူ နဲ့ ဆို ဘာပြော ကောင်းမလဲ ”
“ ခင်မောင်ဝင်း နော် ၊ သေမယ် ”
နီဝင်း သည် လမ်းမကြီး အလယ်တွင် ကလေးလေး လို အော်နေသည် ။
ခင်မောင်ဝင်း က ဖင်ကို တွန့်၍ ပြေးဟန် ပြု၏ ။
“ လာဟေ့ ရှေ့က အိမ် ဝင်မယ် ”
ချမ်းမောင် က ဦးဆောင်၍ ဝင် သွား၏ ။
တံခါး မျောက်လက် ကို တချပ်ချပ် အသံပြု၍ အိမ်ရှင် ကို ခေါ်ရ၏ ။ အဟမ်း ၊ အဟမ်း ဟု လည်း ချောင်းသံ ပေးကြရ၏ ။
“ ဪ ၊ ဘာကိစ္စပါလိမ့် ”
လွယ်အိတ် ကိုယ်စီ လွယ်လျက် ချွေးသံတရွှဲရွှဲ နှင့် လူငယ် ငါးယောက် ကို အိမ်ရှင် အဒေါ်ကြီး က စူးစမ်းသည် ။ သိပ် လိုလိုလားလား ရှိဟန်တော့ မတူ ။
ချမ်းမောင် က တိုက်ပုံ ကို ဆွဲစေ့ကာ တကယ့် လူကြီးပုံစံ ဖြင့် -
“ ကျွန်တော်တို့ ရပ်ကွက် က နှစ်စဉ် ကျင်းပနေကျ မဟာသင်္ကြန်ပွဲတော် ... ”
“ ဪ .... အင်း အင်း ၊ အလှူငွေ ငါးမူး ထည့်ပါတယ် ”
နီဝင်း ပိုက်ထားသည့် ငွေဖလားကြီး ထဲသို့ ငါးမူးစေ့ကလေး ဂျလောက်ခနဲ ခုန်ဆင်း လာ၏ ။
“ ဒီလိုပါ ဒေါ်ဒေါ် ၊ ကျွန်တော်တို့ ပို့စကတ်ကလေးတွေ လိုက် ရောင်းတာပါ ”
ခင်မောင်ဝင်း က ရှင်းပြရန် ကြိုးစားလိုက်သော်လည်း မအောင်မြင် ။
“ ကန်တော့ပါသေးရဲ့ကွယ် ၊ အဒေါ် မဝယ်သေးပါဘူး ”
ပြီးပြီ ၊ စကားကုန် ကို ကြားလိုက်ရပြီးပြီ ။
အဒေါ်ကြီး တံခါး ပြန် ပိတ်၍ လှည့်ဝင် သွားပြီ ။
“ ဘယ့်နှယ် မိန်းမကြီးမှန်း မသိပါဘူး ”
ငွေဖလားကြီး ထဲ က ဆယ်တန် ၊ ငါးကျပ်တန်များ မှ ငါးမူးစေ့ကလေး တစ်စေ့ ကို ငုံ့ကြည့်ရင်း နီဝင်း မှတ်ချက်ချ၏ ။ ငါးမူးစေ့ကလေး က သနားစဖွယ် မော့ကြည့်နေ၏ ။
“ အသစ် ပြောင်းလာတဲ့ လူတွေ ထင်တယ် ။ ရပ်ကွက် အကျိုးဆောင် နေတဲ့ တို့ လူငယ်အဖွဲ့ ကို သိဟန် မတူဘူး ။ နေနှင့် ဦး ၊ မီးလန့်မှ သိမယ် ။ ဒီ အဘွားကြီး အိမ်က ပစ္စည်း ဆို ဘာမှ သယ်မပေးဘူး ။ ပစ်ကို ထားမယ် ”
ဇော်မျိုး က ပေါက်တတ်ကရ ပြောနေ၍ “ ဟယ် ၊ အဲသလို ကြီးတော့ မပြောပါနဲ့ ။ မပြောကောင်း မဆိုကောင်း ” ဟု နီဝင်း အလန့်တကြား တားလိုက်၏ ။
“ ချမ်းမောင်ရေ ၊ ယဉ်နွဲ့မူ တို့ တိုက် ရောက်ရင် ရေခဲရည် တောင်း တိုက်ကွာ ၊ မင်း နဲ့ က ပြေလည်ပါတယ် ”
ဒီစကား ကြားတော့ နီဝင်း ရင်ထဲ ပို၍ ပူလာ၏ ။
••••• ••••• •••••
၄ ။
“ ခက်တယ် မိန်းမ,မဟုတ် ၊ ယောက်ျား မဟုတ် ။ နင့် အဖေသာ ရှိရင် မလွယ်ဘူး ”
ကြက်သွန်နီများကို ပါးပါးလှီး ပေးနေရ၍ မျက်ရည် တရွှဲရွှဲ ဖြစ်နေရသည့် အထဲ နား ကလည်း မချမ်းသာရ ။
“ မိန်းကလေး ပီပီသသများ နေစမ်းပါလား နီဝင်း ရယ် ၊ ခုတော့ နေရာတကာ လတ်လျား လတ်လျား နဲ့ ။ ဒီ ရှပ်အင်္ကျီကြီး တွေ မဝတ်ပါနဲ့ ဆိုလည်း ပြောမရ ။ ဆံပင်တို မထားပါနဲ့ ဆိုလည်း နားမထောင် ၊ ဆယ်တန်း အောင်အောင် ကြိုးစားပါ ဆိုလည်း မကြိုးစား ”
အမေတို့ ဆူမိပြောမိပြီ ဆိုလျှင် ဆုံးစ ကို မရှိတော့ ။ ဝုန်းဒိုင်းနှင့် ထရိုက်လိုက်ခြင်း ကိုသာ နီဝင်း ခံချင်သေးသည် ။ သည်လို တဖျစ်တောက်တောက် ပြောဆိုနေခြင်း ကို လုံးဝ နားမခံနိုင် ။
စသည့် ပြဿနာ က သင်္ကြန်ပွဲ အတွက် သံချပ်တိုင် သည့် ပထမဆုံး ည က အိမ်သုံးရေ ဖြည့်ရန် မေ့သွားခြင်း က စ,သည် ။ နီဝင်း တို့ ရပ်ကွက် မှာ က ယခုလို နွေဦးပေါက် က စပြီး သုံးရေ ရှားပါး တတ်သည် ။ အိမ်ပေါ် ရေတိုင်ကီ အထိ ရေ က မတက် သဖြင့် လမ်းထိပ် ဘုံပိုင် က ရေဆွဲရသည် ။
ကဆုန် ၊ နယုန် လောက် ဆိုလျှင် လမ်းထိပ် ဘုံပိုင် က တောင် ရေ မရတတ်တော့ ။ ပေတစ်ရာလမ်းမကြီး ကို ကျော်ပြီး နိမ့်ရာ အောက်ဘက်လမ်း တွင် သွားပြီး သူငယ်ချင်းတွေ နှင့် ရေစည်တိုက်ရသည် ။ မတိုက် လိုက တစ်စည် သုံးကျပ် ။ နီဝင်း တို့ သားအမိ သုံးယောက် ကတော့ ငွေ ကို အလွန် တွက်ချက်စိစစ် သုံးနေရသည့် ဘဝမို့ ရေစည်လှည်း ကို နီဝင်း ကိုယ်တိုင် တွန်းရသည် ။ နီဝင်း မရှက်ပါ ။ တွန်းလ ည်း တွန်းနိုင်ပါ သည် ။ သို့ပေမဲ့ မနေ့ည ကတော့ နီဝင်း လုံးဝ ကို သတိ မရ တော့ ။ တစ်နေ့လယ်လုံး ပို့စကတ် လိုက် ရောင်းထား ရ၍ ပင်ပန်းသည် က တစ်ကြောင်း ၊ ညဉ့်ဦးပိုင်း က စပြီး ညဆယ်နာရီ လောက်အထိ အက တိုက်ရာ တွင် သူ စိတ်ဝင်စားနေခဲ့မိ၍ တစ်ကြောင်း ရေခပ်ရန် သူ မေ့ခဲ့၏ ။ အမေ့ဆိုင် ကို ကူသိမ်းပြီး ပြန်လာမှ အမေ ရေချိုးမည် ပြုခါမှ စဉ့်အိုးထဲ ရေနည်း နေသည် ကို အမှတ်ရတော့၏ ။
“ ညတိုင် ပြန်လာရင်လည်း ဆယ်နာရီ ၊ ဆယ့်တစ်နာရီ ။ မနေ့ည က ဆို အိမ်ရောက် ပြီးမှ ပြန် ထွက်ချင်သေးတာ ။ ငါ မသိဘူး မှတ်သလား ”
“ ဟာဗျာ အမေ ကလဲ ထွက်လို့လားဗျ ၊ ထွက်လည်း မထွက်ဘဲနဲ့ ”
ခပ်ဆတ်ဆတ် ဆင်ခြေတက်မိ၏ ။
“ အေး ထွက်ရင်လည်း ငါ က နားရင်း တီးတော့မှာ ။ သူ့ ကိုယ်သူ ကာလသားကျလို့ ”
အမေ က လည်း တကယ် ကြုံးဝါးနေသည် ။
“ အမေ ကလည်းဗျာ ၊ ကျွန်တော် တစ်ယောက်တည်း လည်း မဟုတ်ပါဘူး ။ က,တဲ့ ကောင်မလေးတွေ လည်း ဆယ့်တစ်နာရီ ၊ ဆယ့်နှစ်နာရီ မှ ပြန်ကြရတာပါ ။ ဟိုးဘက်လမ်း က ကောင်မလေး လှလှလေး ဆို သူ့ အမေ ကိုယ်တိုင် လာ ပို့တာ ။ အမေတို့ လို ဆူ မနေပေါင်ဗျာ ”
နီဝင်း က စိတ်ညစ်ညစ် နှင့် လျှောက် ပြောလိုက်မိ၏ ။
“ ဟဲ့ သူများတွေ ကို ဘယ်သူက မှလည်း မပြောရဲ ၊ မဆိုရဲ ကြဘူး နီဝင်း ရဲ့ ။ သူတို့ တစ်ခုခု ဖြစ်ရင် သိုင်းမယ့် ဝိုင်းမယ့် ဆွေတွေမျိုးတွေ ၊ ဂုဏ်တွေ ဒြပ်တွေ က တစ်ပုံကြီး ။ အမေ တို့ မှာက ဒီ သားအမိ သုံးယောက်တည်း ရှိတာ ”
နီဝင်း နှာခေါင်း ရှုံ့မိ၏ ။ စိတ်အားငယ်စရာတွေ ကို အမေ ဘာဖြစ်လို့များ ပြောပြော နေတာပါလိမ့် ။ သူတို့ သားအမိ တစ်တွေ ကို ဒီ အရပ်ထဲမှာ ဘယ်သူက မှ လည်း ချိုးချိုးနှိမ်နှိမ် ဆက်ဆံကြသည် မဟုတ် ။ လက်သုပ်သည် ဆိုပေမဲ့ အမေ့ ကို ဘယ်သူက မှ အထက်စီး နှင့် ဆက်ဆံသည် ကို မတွေ့ရစဖူးခဲ့ ။
“ သမီးများ တစ်ခုခု အပြောအဆို ခံရရင် အမေ ရင်ကွဲရ မှာ ။ တစ်ခုခု ဖြစ်သွားမယ် ဆိုရင် အမေ သေမှာ သိရဲ့လား ”
ခက်ပြီ ။ အမေ့ ကြောင့် ခက်နေပြီ ။ နီဝင်း ပို၍ စိတ်ရှုပ်လာရပြီ ။
“ နေပါဦး အမေ ရဲ့ ၊ ကျွန်တော့်ကို ဘယ်သူက ဘာပြော လို့လဲ ။ ကျွန်တော်ကကော ဘာတွေ ဖြစ်နေလို့လဲ ။ အမေ စိတ်ပူ မယ့် သာ ပူနေတာ ၊ ကျွန်တော့် ကိုယ် ကျွန်တော် ထိန်းနိုင်ပါတယ် အမေ ရ ။ ညတိုင် ပြန်တယ် ဆိုပေမဲ့လည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး ။ ဟိုကောင်တွေ အမြဲလိုက် ပို့တာပါ ”
“ ဘယ်ကောင်တွေလဲ ”
အမေ က ငရုတ်သီးမှုန့် ထောင်းနေ ရာက ဖြတ် မေးလိုက်ပြန်၏ ။
“ ဇော်မျိုး တို့ ၊ ချမ်းမောင် တို့ ပေါ့ အမေရ ၊ သူတို့ အမြဲ ပါပါတယ် ”
အမေ သက်ပြင်းချသည် ။ နီဝင်း ကို မသိသား ဆိုးရွား ရန်ကော ဟူသော အကြည့် ဖြင့် ကြည့်သည် ။
“ ဟဲ့ အဲဒါ မိန်းကလေးတွေ မှ မဟုတ်ဘဲ နီဝင်း ရဲ့ ၊ ယောက်ျားလေးတွေ ပဲဟာကို ”
အမေ ခပ်ကျိတ်ကျိတ် ကြိမ်းသည် ။
နီဝင်း က ဆံပင် ကို လက်ဖြင့် ထိုးဖွရင်း -
“ ဟာဗျာ ၊ ဘာမှန်းလဲ မသိဘူး ။ ခက်လိုက်တာ ” ဟု မပွင့်တပွင့် ညည်း လိုက်မိသည် ။
“ ကဲ အမေ ဘာလုပ် ပေးရဦးမလဲ ပြော ”
အမေ က သူ့ ကို မော့ကြည့်၏ ။
“ အာလူး ပြုတ်ပြီးပြီလား ”
“ ပြီးပြီဗျ ”
“ ဒါဖြင့် ပုစွန်ခြောက် ထောင်း ၊ နောက်ဖေးက တောင်း ထဲမှာ ပုစွန်ခြောက် တစ်ဆယ်သား ဝယ်ခဲ့တာ ရှိတယ် ။အဲဒါ ပြီးရင် ညီမလေး ဂါဝန် နှစ်ထည် ဖွပ်လိုက် ၊ ဟုတ်လား ”
“ ကောင်းပါပြီဗျာ ၊ အားလုံးလုပ်မယ် စိတ်ချ ”
••••• ••••• •••••
၅ ။
“ မဟုတ်သေးဘူးကွ ၊ အဲဒီ နေရာမှာ အင်နဲ့အားနဲ့ အော်ရမှာ ”
သံချပ်အဖွဲ့ ညွှန်ကြားရေးမှူး တင်ထွန်း က နေရာမှ ထရပ်လိုက်၏ ။ သူ ကိုယ်တိုင် သရုပ်ဆောင် ပြမည့် သဘော ၊ နီဝင်းတို့ က ဝိုင်း၍ လက်ခုပ်သြဘာ ပေးလိုက်ကြ၏ ။
တင်ထွန်း ပုဆိုး ကို ပြင် ဝတ်သည် ။
သံချပ် စာရွက် ကို လက်က ကိုင်ရင်း အားယူသည် ။ ပုံစံက ပိုင်ပိုင်နိုင်နိုင် ရှိလှ၏ ။
“ မိန်းကလေးများ သိစေချင် ”
“ ဝတ်စားဆင်ယင် ဆင်ခြင်တတ်ဖို့ ”
“ ရွှေရင်လည်ဟိုက် ပုံဆန်းထွင် ”
“ အစ်ကို ၊ အဘများပင် မြင်ဝံ့ပါဘူး ”
“ ခြေသလုံးတစ်ဝက် ထဘီဆင် ”
“ အမဲရိုးထင်ကာ ခွေးတွေကိုက်လိမ့် ”
“ မြန်မာ့အလှ တို့ရိုးရာ ”
“ ယဉ်ကျေးတာဟာ ရတနာတစ်ပါး ”
ခေါင်း ကို မော့လိုက် ၊ လက်သီးလက်မောင်းတန်းလိုက် ၊ ခြေ ကို ဆောင့်လိုက် ဖြင့် တင်ထွန်း က သံချပ် ကို အားမာန်အပြည့် သရုပ်ဖော် ပြလိုက်၏ ။ လက်ခုပ်သံများ ညံသွားပြန်၏ ။
“ တကယ် တော်တယ် ၊ အဟုတ်ကို တော်တယ် ။ ဒီနှစ် လည်း မင်း ပဲ သံချပ် တိုင်ပါတော့ တင်ထွန်း ရာ ”
“ မဟုတ်ဘူးကွ ၊ နောက် တက်မယ့် ကလေးတွေ စင်တင် ချင်လို့ တစ်ဆင့် တစ်ဆင့် လက်ကမ်း ပေးသွားရမယ့် တာဝန် ရှိတယ် ။ ရမှာပါ ၊ ရသွားမှာပါ ။ ကဲ အောင်ကျော်စိုး လုပ်ကြည့်ပါဦး ။ အစ်ကို ၊ အဘများ ပင် မြင်ဝံ့ပါဘူး ဆိုတဲ့ နေရာမှာ မျက်လုံး ကို လက်ဝါး နဲ့ ကာ ၊ လက်ချောင်း ကြားထဲက နေ ချောင်းကြည့်နေတဲ့ပုံ လုပ်ရမှာနော် ။ ဒါ အပီ လုပ်တတ်ရင် ဟာသကွက် ပဲ ။ ရအောင်လုပ် ”
တင်ထွန်း ကိုတော့ နီဝင်း တို့ အစဉ် အောချ ယူရသည် ။ သူများ မမြင်သည့် အကွက်ကလေးများ ကို သူ မြင်သည် ။ သူများ မလုပ်တတ်သည့် သရုပ် ကို သူ ဖော်တတ်သည် ။ ဒါမျိုးက သင်ပေး၍ ရမည် မထင် ။ သံချပ် စပ်ကြစဉ် ကို က သူ က အတိအလင်း ဆိုသည် ။
“ ကျွန်တော်တို့ က အသက် နှစ်ဆယ်ပတ်ဝန်းကျင် မှာ ရှိတဲ့ လူငယ်အဖွဲ့ပဲဟာ ။ ဒီတော့ လူငယ်တွေ ရဲ့ အကျိုးကျေးဇူး ရှိရာ ရှိကြောင်းကိုပဲ အဓိက ဦးတည် ပြီးတော့ စပ်ကြရအောင် ။ နည်းနည်းပါးပါး ပြုပြင်ရေးလေးတွေ တော့ ပါမှာပေါ့လေ ။ ဒါပေမဲ့ လူငယ်ကိုပဲ ဦးစားပေး ကြရအောင် ၊ မကောင်းဘူး ” ဟု အကြံပြုခဲ့၏ ။
သူ ပြောခဲ့သည့် အတိုင်း ရေးလာသည့် သံချပ်က လူငယ် အကျိုးပြု များသည် ။ အဆိုးမြင်ဝါဒ ထက် အကောင်းမြင် ဝါဒ ကို သူ လက်ကိုင်ပြု ထားသည် ။ ပြုပြင်စရာကို လှလှပပကလေး တင်ပြသည် ။ ဆင်ခြင်စရာ ကို ပီပီပြင်ပြင် ထုတ်ဖော်သည် ။
“ တင်ထွန်း ရယ် ၊ ဒီ သံချပ်တွေ နင် ကိုယ်တိုင် စပ်တာ ဆိုရင်တော့ သိပ်ကို တော်တာပဲလို့ ငါ ချီးကျူးချင်တယ် ” ဟု နီဝင်း က ပြောမိရာ သူ က အသံ မထွက်အောင် ဆဲသည် ။ မေနိုင်ဦး က မယုတ်နဲ့နော် ဟု ကြိမ်းသည် ။
“ ရှဲဒိုး ဝတ္ထုပဲ ရှိပါသေးတယ် ဟ ။ သံချပ် မှာတော့ ရှဲဒိုး မရှိသေးပါဘူး ။ ငါ့ ဦးလေး ကလည်း လိုတာ ပိုတာ သာ ကြည့် လုပ်ပေးတာပါ ။ ခွေးကောင် နီဝင်း ” ဟု ပြန်၍ ရှင်းသည် ။
ပြောမည့် သာ ပြောရသည် ၊ တင်ထွန်း မှာ အနုပညာဗီဇ ကောင်းကောင်းကြီးပါကြောင်း နီဝင်း တို့ အားလုံး သိကြ သည် ။ နီဝင်း တို့ ရှေ့မှာတင် ကဗျာတွေ စပ်ခဲ့သည်မှာ များလှပြီ ။ တစ်ခါတလေ သူ က ဒွေးချိုး အခံပိုဒ်စပ် ၊ နီဝင်း က အအုပ်ပိုဒ် ဖြည့်ရသည် ။ တစ်ခါတစ်ရံ ချမ်းမောင် ရော ၊ မေနိုင်ဦး ပါ ပါလာကြပြီး လေးယောက်သား လေးချိုး တစ်ယောက် တစ်ပိုဒ်စီ စပ်ခဲ့ကြသည် ။ ထိုအခါ တင်ထွန်း နှင့် ချမ်းမောင် တို့၏ အပိုဒ်ကလေးများ သည် စကားလုံး ရော ၊ အတွေး ရော ၊ ကာရန် ရော သိသိသာသာ တောက်ပြောင်လှပ အရောင် လက်နေစမြဲ ။
ပြီး ချမ်းမောင် က အသံကောင်း ၊ အဆိုကောင်း ။ တစ်ခါ တစ်ခါ ညဘက်များ တွင် လမ်းထိပ် က အုတ်ခုံပေါ်၌ ထိုင်၍ သီချင်းများ ဆို နေလျှင် နီဝင်း တို့ မှာ ရေစည်တိုက် ရင်း ရပ်တန့် နားထောင်ခဲ့ရဖူးပေါင်း များပြီ ။ ထိုအခါ သူ က သီချင်း ဆိုခြင်း ကို ခဏ နားပြီး နီဝင်း တို့ ကို ရေစည် ကူ တွန်းပေး တတ်၏ ။ ငယ်ပေါင်းကြီးဖော် ဟု ပင် ဆိုရမည် ။ သူတို့တွေ မှာ မွေး ကတည်းက တစ်ရပ်ကွက်တည်း အတူ နေခဲ့ကြသူများ မို့ မောင်နှမ ဆိုလည်း ဟုတ်သည် ၊ ညီအစ်ကို ဆိုလည်း ဟုတ်သည် ။ တစ်ယောက် အကြောင်း တစ်ယောက် မသိတာ မရှိ သလောက်ပင် ။
တစ်ခုပဲ နီဝင်း မသိလိုက်တာ ရှိသည် ။
ချမ်းမောင် နှင့် ခင်သဇင် တို့ ဘယ်ပုံ တွေ့၍ ဘယ်လို ချစ် ကြိုက်သွားကြသည့် အကြောင်း ၊ နီဝင်း သိတော့ ချမ်းမောင် နှင့် ခင်သဇင် တို့ ခွာပြဲ သွားကြပြီ ။ ဪ နီဝင်း သိတာတော့ ရှိပါ သေးသည် ။ ဆေးကောလိပ် က မယ်သစ်လွင် အလှဘုရင်မဘွဲ့ ကို ခင်သဇင် ရခဲ့သည့် အကြောင်း ၊ ချမ်းမောင် ကို သူ က စ၍ မိတ်ဖွဲ့ခဲ့သည့် အကြောင်း ၊ သူ့ မွေးနေ့တွင် ချမ်းမောင် ကို အထူး ဖိတ်ကြားခဲ့သည့် အကြောင်း စသည်တို့ ဖြစ်လေသည် ။
ချမ်းမောင် အကြောင်း တွေးလိုက်မိ၍ နီဝင်း ရင်ခုန်ရ ပြန်၏ ။
သန်းဆွေ ကတော့ မှတ်ချက် ချခဲ့ဖူးပါသည် ။
“ သိပ် လှတဲ့ ၊ သိပ် သွက်တဲ့ ကောင်မလေး ဆိုတော့ ချမ်းမောင် လည်း အူလည်လည် နဲ့ ပါသွားတာပေါ့ဟာ ။ တို့ကောင် ကလည်း လူချော မဟုတ်လား ။ ခုတော့ ချမ်းမောင် ထက် ပညာရော ၊ ဂုဏ်ရော သာတဲ့ ကောင် တစ်ကောင် တွေ့သွားတော့ ချမ်းမောင် ကို ထားရစ်ခဲ့တာပေါ့ ။ အံမယ် အံ့သြစရာတော့ အကောင်းသား ။ ချမ်းမောင် က ဘာမှ မဖြစ်သလို ခပ်တည်တည် ပဲ ။ ခင်သဇင့် အကြောင်း စကား စပ်မိလို့ ပြောလည်း သူ နဲ့ ဘာမှ မဆိုင်ခဲ့သလိုပဲ ”
“ ဟ ၊ ကိုယ့် မချစ်လို့ ပစ်သွားတဲ့ ဟာ အတွက်များ ခံစား နေရဦးမှာ လား သန်းဆွေ ရ ။ မိန်းမတွေများ ပေါလွန်းလို့ ”
“ တကယ်လား နီဝင်း ။ မေ က နင့် ကို ပစ်သွားပြီး ဒီ့ပြင် ကောင်တစ်ကောင် နဲ့ တွဲသွားရင်ကော နင် ဒီ စကားမျိုး ပြော နိုင်ဦးမှာလား ”
“ ဘာဆိုင်လဲ ” ဟု နီဝင်း ပြောမိလုဆဲဆဲ သူ့ နှုတ်သူ ပြန် ထိန်းထားခဲ့ရ၏ ။
ခက်သည် ။ သူ့ ကိုတော့ အားလုံးကပဲ တစ်မျိုး မြင်နေကြ ပြီ ။ အထူးသဖြင့် မေနိုင်ဦး နှင့် ပတ်သက်၍ ။ တကယ်တော့ နီဝင်း မေနိုင်ဦး ကို တခြား မိန်းကလေးတွေ ထက် ပိုခင်မိသည် မှာ အကြောင်း ရှိ၏ ။ မေနိုင်ဦး က မိန်းကလေး ဖြစ်သော်လည်း သူတစ်ပါး အတင်း ကို မဲ့ကာ ၊ ရွဲ့ကာ ၊ ခနဲ့ကာ မပြောတတ် ။ ပြီးတော့ ပင်ကို စိတ်ရင်းက ဖြူစင်သည် ။ ချောမွေ့သော သူ့ ရုပ်သွင် ကဲ့သို့ပင် သူ့ နှလုံးသားက လှပသည် ။ ထို့ကြောင့် နီဝင်း သူ့ ကို ပိုခင်သည် ။ တွဲမိသည် ။ သို့သော် ပတ်ဝန်းကျင် ကမူ ရှပ်အင်္ကျီ ကို မချွတ်တမ်း ဝတ်ကာ ၊ ယောက်ျားလေး တစ်ယောက်ကဲ့သို့ ဒေါင်းတင် မောင်းတင် သွားတတ် ၊ လာတတ် ၊ ပြုမူကျင့်ကြံတတ်သော နီဝင်း ကို တစ်မျိုး မြင်သည် ။
နီဝင်း က လည်း နီဝင်း ပင် ။ အမြဲတမ်း မျက်နှာပြောင် ကလေးနှင့် ။ ပန်း မပန် ၊ သနပ်ခါး မလိမ်း ။ ပြီးတော့ အကြောင်း ကိ စ္စရှိ၍ တာဝန်ခွဲဝေယူကြပြီ ဆိုလျှင် သူ က ဧည့်ခံကြိုဆိုရေး ထဲ လည်း မပါ ၊ အိုးတိုက် ပန်းကန်ဆေးအဖွဲ့ ထဲ လည်း မပါ ၊ သူ ပါသည့်နေရာ က ကုလားထိုင် သယ်တာတို့ ၊ ရပ်ကွက် ထဲ လှည့် ဆော်သြတာတို့ ၊ ကောင်လေးတွေ ကြား ထဲမှာ သူက စိတ်မြန်လက်မြန် စိတ်သွက် လူသွက် ။
ကြာတော့ လည်း ကောင်လေးတွေ အားလုံး က နီဝင်း ကို မိန်းကလေး တစ်ယောက် ဟု မမြင်ကြတော့ပေ ။ နီဝင်း ကလည်း ထိုသို့ နေရသည် ကို ပို၍ နှစ်သက်သည် ။ မိန်းကလေး ဘဝ ထက် များစွာ လွတ်လပ်နေသည် ကိုး ။
“ ရဲရဲ လုပ်ပါကွ ၊ အောင်ကျော်စိုး ရ ။ ဘာမှ ရှက်စရာ မရှိပါဘူး ၊ မင်း က လည်း ခွီး ”
ဆရာကြီး တင်ထွန်း စိတ်မရှည်တော့ပြီ ထင်သည် ။ နေရာမှ တစ်ခါ ထပြန်သည် ။ စာရွက် ကို ကိုင်ကာ အောင်ကျော်စိုး ရှေ့ သွား ရပ်ပြန်သည် ။ အိမ်ရှေ့လမ်းမပေါ် က ကျန်အဖွဲ့သား ပွဲကြည့် ပရိသတ်များ ထံမှ တဟားဟား ရယ်သံကို ကြားလိုက်ရ၏ ။
လမ်းမ ပေါ်က အဖွဲ့သားများ က ရေပက်မဏ္ဍပ် ဆောက်၍ ရေပက်မည့် အဖွဲ့ဖြစ်သည် ။ ထို အထဲတွင် မုန့်လုံးရေပေါ် စတုဒိသာ တာဝန် ယူထားသည့် သူများ ၊ သက်ကြီးပူဇော်ပွဲ စီစဉ်မည့် သူများ ပါသည် ။ တကယ်တော့ နီဝင်း က ထို အဖွဲ့ ထဲ တွင် ပါသည် ။ အက အဖွဲ့ ထဲ တွင် မပါ ။ သို့သော် မေနိုင်ဦး တို့ အိမ် မှာမို့ သူ အိမ်ပေါ် ရောက်နေခြင်း ဖြစ်သည် ။ ပြီးတော့ နီဝင်း တာဝန် က အကတိုက်သည့် မိန်းကလေးတွေ အိမ်ပြန်ပို့ ပေးရသည့် တာဝန် ၊ အခြား ကောင်လေး သုံးယောက် နှင့် အတူ ။
ကနေ့ည တော့ အိမ် စောစော ပြန်မှ ၊ နို့မဟုတ် နောက်ရက်တွေမှာ အမေ ကဖျက်ယဖျက် လုပ်နေလျှင် အခက် ။ အမေ့ ကို ချော့ထားရပေဦးမည် ။
နာရီ ကို ကြည့်လိုက်မိ၏ ။ ဆယ်နာရီ ထိုးရန် ဆယ့်ငါး မိနစ် ။ အမေ ဆိုင်သိမ်း လောက်ပြီ ။ ပွဲတော်ရက် နီးလာသဖြင့် အမေ့ လက်သုပ်စုံ ရောင်းအား ကောင်းနေသည် ။ ပွဲတော်ရက် တွေ အတွင်း ဆိုလျှင် သည့်ထက် ပို ရောင်းကောင်းစမြဲ ။ ပွဲတော် ရက်ပိုင်း တွင် တော့ ရေပက်သူများ ညနေ ငါးနာရီခွဲ စခန်းသိမ်း သည်မို့ နီဝင်း အမေ့ ကို ကူနိုင်သည် ။
“ ပြန်တော့မလို့လား နီဝင်း ”
နေရာမှ ထလိုက်သည့် နီဝင်း ကို ချမ်းမောင် လှမ်းမေး လိုက်၏ ။ ချမ်းမောင် ဘေးမှ ယဉ်နွဲ့မူ ကို တစ်ချက် ပြုံးပြပြီး ခေါင်းညိတ် ပြလိုက်၏ ။
“ နီဝင်း ကလည်း စောလိုက်တာ ”
ယဉ်နွဲ့မူ က ပြောသည် ။
“ ဟုတ်သား ၊ ခဏ နေပါဦးတော့ ။ ဒီတစ်ချီ အကတိုက် ပြီးရင် ယဉ်နွဲ့မူ နဲ့ အတူတူ လိုက်ပို့မှာပေါ့ ”
ချမ်းမောင် က တားသည် ။
“ အို ၊ ကိစ္စ မရှိပါဘူး သွားရဲပါတယ် ၊ အဆန်း လုပ်လို့ ၊ အမေ့ ဆိုင် သွား သိမ်းပေးရဦးမှာ ။ ရပါတယ် ”
မေနိုင်ဦး က နီဝင်း လက်ကို ဆွဲလျက် လမ်းမ ပေါ် အထိ လိုက်ပို့၏ ။ လမ်းမ ပေါ် ရှိ ပရိသတ်ကြား မှ ကောင်လေး တစ်ယောက် အသံကို ကြားလိုက်ရ၏ ။
“ မေရေ ၊ တယ်လှပါလား ” တဲ့ ။ နီဝင်း က တောက်ခေါက် ကာ ဖျတ်ခနဲ လှည့်ကြည့်၏ ။ မေ က နီဝင်း ပေါ င်ကို ကုတ်ကာ တား၏ ။ စောစောက အသံ လာရာ ဆီ မှ ကျိတ်ရယ်သံ ကို ကြားလိုက်ရ၏ ။
“ မေ ၊ သွား ၊ အိမ်ပေါ် တက်တော့ ”
နီဝင်း မေ့ ကို စောင့်ကြည့် နေ၏ ။ မေနိုင်ဦး အိမ်ပေါ် ရောက် သွားမှ အမေ့ ဆိုင်ဘက် ခြေလှမ်း ဖြစ်၏ ။ တောက် ၊ အတော် ဗရုတ် ကျတဲ့ကောင် ၊ ယောက်ျားကောင်း မဟုတ်တဲ့ကောင် ၊ နီဝင်း မကျေနပ်ချေ ။ ဘယ်သူ ဆိုတာ သိချင်လှသည် ။
“ မနီဝင်း ၊ မနီဝင်း ”
နောက်ဘက် မှ ခေါ်သံ ပေါ်လာ၏ ။
သူ့ ကို ခေါ်သည် ဟု နီဝင်း ရုတ်တရက် မထင်မိ ။ မနီဝင်း လို့ သူ့ ကို ဘယ်သူက မှ ခေါ်ကြတာမှ မဟုတ်ဘဲ ၊ နီဝင်း ဟာ အမြဲတမ်း နီဝင်း ပဲ ။
“ မနီဝင်း ၊ ခဏလေး ”
အသံ က ပို နီးလာ၏ ။
နီဝင်း နောက်ဘက် သို့ လှည့်၍ ထူးထူးခြားခြား ခေါ် သူ ကို ဓာတ်တိုင် မှ အလင်းရောင်ဖြင့် လေ့လာလိုက်မိ မြင်ဖူးသလိုလို တော့ ရှိသည် ။ သို့သော် အကျွမ်းတဝင် တော့ မဟုတ် ။ သူတို့ ရပ်ကွက် ထဲမှ မဟုတ် ။ ရပ်ကွက် ထဲ က ကောင်တွေ ဆိုလည်း သူ့ ကို မနီဝင်း ဟု ခေါ်နေမည် မဟုတ် ။ အခြား တစ်ရပ် မှ ဖြစ်ပေလိမ့်မည် ။ ဒါဖြင့် ဘာကိစ္စများပါလိမ့် ။ နီဝင်း ရပ်စောင့် နေလိုက်၏ ။
“ ကျွန်တော် မနီဝင်း တို့ အမေ့ ဆိုင်မှာ လက်သုပ်စုံ စားနေကျပါ ”
သူစိမ်းလူ က လက်တစ်ကမ်း အကွာတွင် ရပ်ကာ ပြောန သည် ။ ဒါလေး ပြောချင်ရုံနှင့်တော့ ယခုလို တကူးတက လိုက်လာစရာ အကြောင်း မရှိ ။ ပွဲတော်ကိစ္စ အတွက်ပဲလား ။
“ ကျွန်တော် မနီဝင်း ကို လာ စောင့်တာ လေးည ရှိပါပြီ ”
နီဝင်း မျက်မှောင်ကြုတ် သွား၏ ။ အကြောင်းရင်း မှန် ကို ရုတ်တရက် တွေးလိုက်မိ၏ ။ နည်းနည်း တစ်မျိုး ဖြစ်သွား၏ ။ တစ်သက်တွင် တစ်ခါသာ ကြုံလိုက်ရဖူးသည့် ခံစားချက် ။ ရင် ထဲမှာ ဒိတ်ခနဲ ။ သို့သော် ချမ်းမောင် နှင့် ပတ်သက်၍ ခုန်မိသည့် ရင်ခုန်ပုံမျိုး တော့ မဟုတ် ။
အနီးအနား သို့ မျက်လုံးဝေ့ ကြည့်လိုက်မိ၏ ။
လူ ရှင်း နေသည် ။ ဟိုး လမ်းထိပ် ဘက် မှာ သာ တစ်ယောက်စ ၊ နှစ်ယောက်စ ။ အင်း ... အားတင်း ထားမှ ။
“ ကျွန်တော့် နာမည် ကိုကိုလေး ပါ ”
အလေးအနက် ပြောနေသူ ကို ကြည့်ရင်း ဟားချင် လာ၏ ။
“ ဟုတ်ကဲ့ ၊ သိရတာ ဝမ်းသာပါတယ် ”
နီဝင်း ခပ်တည်တည် ပင် ပြန် ပြောလိုက်၏ ။ အရိပ်အကဲ ကြည့်ရသည် ကတော့ သိပ် မဟုတ်လှ ။
“ ကျွန်တော် မနီဝင်း ကို စိတ်ဝင်စားနေတာ ကြာပါပြီ ။ စိတ်မဆိုးပါနဲ့နော် ။ ဒီစာလေး ယူသွားပေးပါဗျာ ၊ ပြီးတော့ အကျိုးအကြောင်း လည်း သိပါရစေ ”
ဆက်တိုက်ကြီး ပြော လိုက်၏ ။ ပြော လည်း ပြော ၊ ပေး လည်း ပေး ။ ပြီးတော့ လှစ်ခနဲ နောက်ကြောင်းပြန် လှည့် ထွက်သွား၏ ။ တော်သေး၏ ။
နီဝင်း သည် ဘယ်လိုက ဘယ်လို သူ့ လက်ထဲ ရောက် မှန်း မသိသည့် စာကလေး ကို ကိုင်ရင်း ရပ်ကျန်ရစ်၏ ။
စောစောက မေနိုင်ဦး ။
ခု သူ ။
နီဝင်း ဟန်မဆောင်နိုင်ဘဲ အသံ ထွက်၍ ရယ်ချလိုက်မိ၏ ။
••••• ••••• •••••
၆ ။
“ ဟယ်တော့ ... အဖူးတွေ ကို အများကြီး ”
နီဝင်း သည် ချမ်းမောင် တို့ အိမ်ရှေ့မှ ပိတောက်ပင် ကို မော့ကြည့်ရင်း အားပါးတရ ပြောမိ၏ ။ မနှစ်က မပွင့်သေး ၊ ဒီနှစ်မှ စ ပွင့်ခြင်းဖြစ်သည် ။
စိမ်းမြနေသော ပိတောက်ရွက်တွေ ကြားမှ အဖူးကလေးများ တိုးထွက်နေပုံမှာ ချစ်စရာကောင်းလှသည် ။ အကိုင်းတိုင်း မှာ အဖူးတွေ ၊ ပွင့်သာ ပွင့်လျှင် ရွှေဝါရောင် တောက်လို့ တစ်ပင်လုံး ဝင်းထိန် နေမှာ လှလိုက်မယ့် အမျိုး ။ ပိတောက် ပွင့် လျှင် ချမ်းမောင် က ယဉ်နွဲ့မူ ကို ပန်းဆက်လိမ့်မည် ထင်သည် ။
“ ဟဲ့ သမီး နီဝင်း လား ။ လာလေ ၊ ဟိုကောင်ကြီး ကတော့အိပ်တုန်း ”
ချမ်းမောင့် အမေ ထွက်လာ၍ ခေါ်သည် ။
ချမ်းမောင့် အဖေ ကတော့ သူ့ လက်သမားသုံး ကိရိယာ တွေ နှင့် အိမ်ပေါ် မှ ဆင်းလာသည် ။ သူ သင်္ကြန်မဏ္ဍပ် ဆောက် ဖို့ သွားတော့မည် ဖြစ်ကြောင်း နီဝင်း သိလိုက်၏ ။ နီဝင်း တို့ အရပ်မှာတော့ အားလုံး ဝိုင်းအုံ ကူညီ လုပ်ဆောင်ပေးလေ့ ရှိသည် မှာ အကျင့် ဖြစ်နေပြီ ။
“ ဟင် အိပ်တုန်းလား ။ တကတဲ အအိပ်ကလည်း ကြီးပါ့တော် ။ အမေ နှိုးလိုက်စမ်းပါ ”
ချမ်းမောင် တို့ အမေ ကို နီဝင်း က အမေ ဟု ပဲ ခေါ်သည် ။ ဒါကလည်း အဆန်း မဟုတ်တော့ပါ ။ သူတို့တွေ အားလုံး တစ်ယောက် အမေ ကို တစ်ယောက် အမေ ဟု ခေါ်ခဲ့ကြတာ လူမှန်း သိတတ်စ ကတည်းက ဟာပဲ ။
ချမ်းမောင့် အမေ ချမ်းမောင် ကို နှိုးသည့် “ နီဝင်း လာနေ တယ်ဟဲ့ ” ဟူသော အသံ ကို ကြားရသည် ။ “ ညက တစ်နာရီ ထိုး မှ အိပ်ရတာ ၊ ဘာလာ ရှုပ်ပြန်လဲ မသိဘူး ။ ဒီခွေးမလေး ဟာ ” ဟု တမင် မကြား ကြားအောင် ပြောသည်ကို နီဝင်း ကြားတော့ နှုတ်ခမ်း စူမိသည် ။
“ နီဝင်း လာ ၊ ကောက်ညှင်းပေါင်း ထားတယ် ၊ စားလှည့်ဦး သမီး ”
ဆာဆာ နှင့် ကောက်ညှင်း လေး ငါးဆုပ် စား ပစ်လိုက်၏ ။ ခဏနေတော့ ချမ်းမောင် မျက်လုံးကြီး နီနီ ဖြင့် အနား လာထိုင် ၏ ။ အိပ်ချင်မူးတူး ဖြစ်နေပုံကြီး ကို ကြည့်ကာ နီဝင်း ရယ်ချင်နေ၏ ။
“ ငါ ညက တစ်နာရီ ထိုးမှ အိမ်ပြန်ရောက်တာ နီဝင်းရ ”
“ အောင်မယ်လေး ၊ သိပါတယ်နော် ။ ရွှေမင်းသမီး ကို ကြပ်ကြပ်မတ်မတ် ဂရုတစိုက် အချိန်ယူ အကတိုက် ပေးနေ တယ်ဆိုတာ ”
လွှတ်ခနဲ ပြောလိုက်မိပြီးမှ နီဝင်း ရှက်သွား၏ ။ သူ သည်လို တစ်ခါမျှ မပြောတတ်စဖူးခဲ့ ။ သူ့ ကိုယ် သူ အံ့သြနေမိ၏ ။
“ နေပါဦး ၊ နီဝင်း ကြည့်ရတာ တစ်မျိုး ဖြစ်နေသလိုပဲ ”
ချမ်းမောင် က ကြည့် နေရင်း မှတ်ချက်ချ၏ ။
“ အေး ၊ အမေ လည်း ပြောမလို့ ၊ သမီး ကြည့်ရတာ ပို လှ နေသလိုပဲ ”
“ ဟာ .. အမေ ကလဲ ”
နီဝင်း ပို ရှက်သွားသည် ။ ပို၍ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်လိုက် မိ၏ ။ မလုံမလဲ ဟန်ကလေးနှင့် ။
“ အောင်မယ် ငါ သိပြီ ။ ဟား ... ဟား ... ဟား .. ဟား ”
ချမ်းမောင် က သူ့ ကို စေ့စေ့ ကြည့်ကာ အားရပါးရ ရယ်ပါလေတော့သည် ။ နီဝင်း မနေတတ်တော့ ။
“ အမေ ၊ သေသေချာချာ ကြည့်ပါဦး ၊ နီဝင်း က သနပ်ခါး လိမ်းလာတာ အမေရ ။ အောင်မယ် ၊ ပြီးတော့ သူ က မိန်းမ ရင်စေ့အင်္ကျီကလေး ဝတ်လာတာ ။ လက်စသတ်တော့ ဒါကြောင့်ကိုး ။ တကယ်ဟာ နီဝင်း နင် သိပ်လှတယ် သိလား ”
နီဝင်း နှလုံးသားတွေ လှုပ်ခတ်သွား၏ ။
ချမ်းမောင်သည် တခြား မိန်းကလေးများနှင့် သိပ်ရင်း ရင်းနှီးနှီး မနေတတ်သော်လည်း နီဝင်း နှင့် ကျတော့ တစ်မျိုး ။
“ နင် ဒီလောက် လှမှန်း မသိလို့ ဟာ ၊ နို့မဟုတ်ရင် ငါ နင့် ကို အတင်း အက ခိုင်းမှာ ”
နီဝင်း ရင်ထဲ စူးသွား၏ ။
ယဉ်နွဲ့မူ ကို မြင်ယောင် လာသည် ။ မနေ့ည က ချမ်းမောင် နှင့် ယဉ်နွဲ့မူ တို့ နှစ်ယောက် ဘာတွေ ပြောနေကြသည် မသိ ။ အတော့် ကို ကြာသည် ။ နှစ်ယောက်သား ခေါင်းချင်း ထိမိတော့ မတတ် စိတ်ပါဝင်စားစွာ ပြောနေပုံကို ကြည့်မရ ဖြစ်ပြီး နီဝင်း အစောကြီး ပြန်ခဲ့၏ ။ အမေ က တောင် အံ့ဩလို့ ။
“ ယဉ်နွဲ့မူ က တို့ထက် အဆ တစ်ရာ လှပါတယ် ဟာ ၊ ပြီးတော့ သူ က အရာရှိသမီး ၊ တက္ကသိုလ် ကျောင်းသူ ။ တို့ က မုဆိုးမ သမီး ၊ ဆင်းရဲသား ၊ ပညာမဲ့ ”
နီဝင်း က မီးဖို ထဲ ဆင်းသွားသော ချမ်းမောင့် အမေ ကို လှမ်းကြည့်ရင်း အသံကလေး တုန်တုန်ဖြင့် ပြောမိသည် ။ မျက်နှာထား က ငိုတော့ မလိုလို ၊ သူ့ စိတ်တွေ ပျံ့လွင့် နေသည် ။ ထိန်း မရ ။
“ ဟ ၊ နီဝင်း ”
ချမ်းမောင် က ရှေ့သို့ တိုးလာပြီး နီဝင်း ကို စေ့စေ့ ကြည့်၏ ။ စူးစမ်းကြည့် ။
“ အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ ၊ သူ့ ဘာသာသူ ဘာကြီး သမီး ဖြစ်နေနေ ၊ ငါ နဲ့ ဘာဆိုင်လို့လဲ ”
“ ဆိုင်မှာပေါ့ ၊ ခု မဆိုင်လည်း နောက် ဆိုင်လာမှာပေါ့ ၊ ခင်သဇင် လို ပဲပေါ့ ”
ပြောပြီး သက်ပြင်း ကို ခိုး ရှိုက်လိုက်မိ၏ ။
“ ဟင် ”
ချမ်းမောင် အမှတ်မထင် ရေရွတ်လိုက်မိ၏ ။ သူ သည် နှုတ်ခမ်းပါးလေး ချွန်နေအောင် စကား ဆိုခဲ့သည့် နီဝင်း ကို ငေးကြည့်နေရာက သူ့ မျက်လုံးတွေ မှိုင်းဝေ လာသည် ။ လွှတ်ခနဲ ခေါ် လိုက်မိသည် ။
“ နီဝင်း ...”
နီဝင်း က သူ့ ကို စူးစူးပါအောင် ပြန် စိုက်ကြည့်လိုက်၏ ။ ရှည်လျားသော မျက်တောင် တို့ ခြံရံထားသည့် မျက်လုံးကလေးများ က တဖျပ်ဖျပ် အရောင် တောက်လျက် ။
"နင် စိုးရိမ်နေတယ် မဟုတ်လား ”
မေးမယ့် မေးတော့လည်း တိုက်ရိုက်ကြီး ။
နီဝင်း မျက်လုံးကလေးများ ကို မျက်တောင်ရှည်ကြီး များ က အုပ်ထားလိုက်၏ ။
"ဟုတ်တယ် မဟုတ်လား ဟင် ၊ တကယ်တော့ ငါ ... ငါ ကလည်း နင့် ကို စိုးရိမ် နေတာပါ နီဝင်းရယ် ”
“ ငါ့ ကို စိုးရိမ်တယ် ၊ ဘာကိုလဲ ”
အပြစ် ကင်းစင်လှသော ၊ ပွင့်လင်း ရိုးစင်းလှသော မျက်လုံးကလေးများ ကို ချမ်းမောင် ရင်ဆိုင် လိုက်ရပြန်၏ ။ တကယ့်ကို ဟန်ဆောင်မှု ကင်းသူလေးပေပဲ ။
“ ဪ နီဝင်း ရယ် ၊ ငါ လည်း သိတာပေါ့ ။ နင့် ကို ကိုကိုလေး က စာ ပေးတဲ့အကြောင်း ၊ ဇော်မျိုး က ရည်းစားစကား ပြောတဲ့ အကြောင်း .. ”
“ ဟာ ... ”
မျက်နှာဖြူဖြူကလေး ပန်းသွေး ဆိုးလိုက်သလို ရဲတက်သွား၏ ။
ချမ်းမောင့် အမေများ တက်လာမလား ဟု မီးဖို ထဲ လှမ်း ကြည့်လိုက်မိ သေး၏ ။
“ အဲဒီတော့ နင် တစ်ယောက်ယောက် ကို ချစ်သွားမလား လို့ ငါ စိုးရိမ်နေမိတာပေါ့ နီဝင်း ရယ် ”
ချမ်းမောင် ပါ လွတ်ထွက်သွား၏ ။
နီဝင်း နှုတ်ခမ်းကလေး ချွန်လာ၏ ။ သို့သော် ဘာမျှ မပြောဖြစ် ။ မျက်လုံးကလေးတွေ အောက်ပြန်စိုက်ကျသွား၏ ။ ချမ်းမောင် နှင့် ကျတော့ နီဝင်း အလွန်ပင် ရှက်နေမိပြီလေ ။
“ တို့ ဆယ်တန်း အတူတူ စ ဖြေကြတဲ့ နှစ်ကို မှတ်မိတယ် မဟုတ်လား ၊ နီဝင်း သင်္ချာ ဖြေမရလို့ ငိုတုန်းကလေ ၊ တို့ ပဲ အိမ် ကို လိုက်ပို့ပေးခဲ့တာလေ ၊ နီဝင်းမှတ်မိလား ”
အသာ ခေါင်းညိတ် ပြလိုက်မိ၏ ။
“ အဲဒီ ကတည်းက တို့ နီဝင်း ကို ချစ်နေခဲ့တာ ”
“ အမယ် မညာပါနဲ့ ၊ ဒါဖြင့် ဘာဖြစ်လို့ ခင်သဇင် နဲ့ ဖြစ်ကြသေးလဲ ”
စွာသံကလေး က ချက်ချင်း ပေါ်ထွက်လာ၏ ။
ချမ်းမောင် ပြုံးသည် ။ သို့သော် ကြည်ကြည်လင်လင် မဟုတ် ။
“ ယောက်ျားကောင်း တစ်ယောက် အနေနဲ့ မိန်းကလေး တစ်ယောက် ရဲ့ အတင်းကို မပြောပါရစေနဲ့ နီဝင်း ရယ် ။ လွန်တာ တွေ ကို ခွင့်လွှတ်ဖို့ပဲ တောင်းပန်ပါရစေ ။ တို့ နီဝင်း ကို ချစ်ခဲ့တာ ကြာခဲ့ပေမဲ့ နီဝင်း က ကလေးလို နေတော့ တို့ ဖွင့်မပြော ရက်ခဲ့လို့ပါ ။ ဒါ သစ္စာစကားပါ နီဝင်း ရယ် ”
ချမ်းမောင် အပြော ထဲ ဝယ် နီဝင်း မျောပါသွား၏ ။ အင်း ပေါ့လေ သူ ကတော့ ပြောတတ်မှာပေါ့ အချစ် မှာ အတွေ့အကြုံ ရှိပြီးသား ယောက်ျား တစ်ယောက် ပေပဲ ။ အရိုင်းမလေး နီဝင်း မှာတော့ ရင်တွေ တဖျပ်ဖျပ် ခုန်၍ မဆုံး ။
ခဏ တိတ်နေသည် ။
“ နီဝင်း တို့ ပြောတာ ယုံရဲ့လား ”
“ ယုံဖို့ ကြိုးစားဦးမယ် ”
“ ဟင် ဘာဖြစ်လို့ ”
“ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ည က သူ နဲ့ ယဉ်နွဲ့မူ တို့လေ ဘာတွေ ပြောနေကြတာလဲ ၊ သူတို့ နှစ်ယောက် သိပ် ရင်းနှီးတာပဲ ”
“ ဟာ ဟ ၊ တလွဲတွေ တော့ ဖြစ်ကုန်ပြီ ၊ ထင်တော့ ထင်သား ၊ ဒါကြောင့် နီဝင်း ခုတလော တို့ ကို ဘုတော တောနေတာကိုး ၊ ယဉ်နွဲ့မူ ကို ခင်မောင်ဝင်း တို့ အိမ် က သိပ် သဘောကျနေတာ ဟ ၊ ခက်တာ က ယဉ်နွဲ့မူ က သူ့ အဆက် နဲ့ သူ ။ ခင်မောင်ဝင်း ကတော့ ကြိုက်တာပေါ့ဟာ ၊ ဒါပေမဲ့ သူ က ထိန်းရှာ ပါတယ် ။ အဲဒီ ပြဿနာ ဟ ”
နှစ်ယောက်သား လွတ်လပ်ပွင့်လင်းစွာ ရယ်ချလိုက်မိကြ၏ ။
“ ဟေ့ ဟေ့ ၊ အောင်မယ် ”
အော်ပြောသံ နှင့် အတူ ခင်စိန်လှ နှင့် သန်းဆွေ တို့ အိမ်ပေါ် ရောက်လာကြ၏ ။
“ ငါ ကဖြင့် ရှစ်နာရီ ကတည်းက အိမ် မှာ စောင့်နေလိုက်ရတာ ၊ မလာနိုင်တာနဲ့ နီဝင်း တို့ အိမ် လိုက်သွားတော့ ထွက်သွား ကြာလှပြီတဲ့ ။ ချမ်းမောင် တို့ ဆီဆိုလို့ သန်းဆွေ ကို ဝင် ခေါ် ပြီး လာခဲ့ရတာ ”
ခင်စိန်လှ က ကောက်ညှင်းပေါင်း ကို ပလုတ်ပလောင်း ယူ စားရင်း တတွတ်တွတ် ပြောသည် ။
“ နေပါဦး ဘာဖြစ်လို့များ ဒီလောက် အရေးကြီး နေကြတာပါလိမ့် ”
ခင်စိန်လှ က မျက်စောင်း ထိုး၏ ။
“ ဟင် ချမ်းမောင် ၊ ကန်တော့ဖို့ ပစ္စည်းတွေ နဲ့ ကျွေးဖို့ မွေးဖို့ ပစ္စည်းတွေ ဒီနေ့ သွား ဝယ်ရမယ်လေ ၊ တို့ ချိန်းထားတာ မေ့နေသလား ”
ချမ်းမောင် နီဝင်း ကို လှစ်ခနဲ ကြည့်၏ ။ နီဝင်း က လျှာကလေး တစ်လစ် ထုတ်ကာ မလုံမလဲ ပြုံးနေ၏ ။ သူ လည်း လာရင်း အကြောင်းကို မေ့နေခဲ့မိသည် မဟုတ်လား ။
“ ဟာ ဆောရီးကွာ သန်းဆွေ ၊ ခဏလေး နော် ၊ အင်္ကျီ လဲ လိုက်ဦးမယ် ။ အမေ ရေ ကျွန်တော်တို့ မြို့ထဲ ထွက်ဦးမယ် ”
နီဝင်း လည်း ရောယောင် ထ လိုက်မိ၏ ။
“ ဟယ် နီဝင်း လှလို့ပါလား ”
တအံ့တသြ ရေရွတ်သံ က ပြိုင်တူ ။
“ မိန်းမအင်္ကျီတွေ ဘာတွေ ဝတ်လို့ ၊ တယ် လှပါလား ”
“ အောင်မယ် နောက် ဆိုရင် ပန်းတောင် ပန်းတော့မှာ ၊ ဘာသိလဲ ။ အိမ်ရှေ့ က ပိတောက်ပင်ကြီး ပွင့် ရင် တစ်ပင်လုံး သူ ပန်မှာတဲ့ ။ ဘယ်သူ့ မှ မပေးရဘူးတဲ့ ဗျား ”
နီဝင်း က ပို့စကတ် နောက်ကျော မှ ကဗျာကလေး ကို မြင်လာ၏ ။
“ ဟင်း ချမ်းမောင် နော် ”
ရှက်ပြုံးကလေး ပြုံးရင်း အင်္ကျီခါးစကလေး ကို ဆွဲချနေပုံ ကို ချမ်းမောင် ကြည့်ကောင်းကောင်း နှင့် ငေးကြည့်နေမိလေသည် ။
▢ ကြူကြူသင်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် ၅၉
၁၉၈၆ ခုနှစ် ၊ ဧပြီလ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၄ ၊ ဇူလိုင်လ
No comments:
Post a Comment