❝ စာပေရေးသားခြင်း အနုပညာ ❞
နီနီနိုင် ( သထုံ )
ဝတ္ထုတို အတတ်ပညာ ဆိုသည် ငါးရာငါးဆယ် နိပါတ်များ ဇင်းမယ် ပဏ္ဏာသဝဉ္စတန္တရ ဝေတာလ စတဲ့ ပုံစံများ က အခြေခံတယ် ဟု လေ့လာဖူးသည် ။
ဝတ္ထုတို ရေးချင်သူများ ဝတ္ထုတို များများ ဖတ်ပါ ။
ကျစ်ကျစ်လစ်လစ် ရေးနိုင်ရမယ် ။
အကြောင်းအရာ ကို ခြုံငုံ ဖန်တီးရမယ် ။
ဝါကျတိုတို နှင့် ပြေပြစ်ရမယ် ။
( ဥပမာ ) ကိုယ် သွားမယ့် ခရီးကို အသေးစိတ်ထက် အဓိက ကို ပေါ်လွင် အောင် ရေးနိုင်ရမယ် ။ အလှည့်အပြောင်း အချိတ်အဆက် မိရမယ် ။
ဝတ္ထုတို သည် ရေ ပါသော မိုးပြေး နှင့် တူသည် ။ ဝတ္ထုတို ရေးရာ တွင် ဇာတ် အိမ် ကြီးကြီးမားမား မလိုအပ်ပေ ။ စာဖတ်သူ ရင်တွင်း ကို စာမျက်နှာ တိုတိုဖြင့် ရောက်အောင် မက်ဆေ့ တစ်ခု ပေးနိုင်ရမည် ။
◾ရေးဖွဲ့ခြင်း
ဝတ္ထုတို ရေးရာတွင် စာဖတ်သူ စိတ်ဝင်စားအောင် ဇာတ် ကို ဖွင့်နိုင်ရမည် ။ ဤသို့ ဖွင့်ရာတွင် မိမိ ပေးချင်သည့် ဇာတ်လမ်း နှင့် ဆီလျော်အောင် ဖွင့် ဖွဲ့ဆိုရမည် ။ တချို့က စကားပြော ဖြင့် ရေး သလို စကားပြေ နှင့် လည်း ဝတ္ထု အစ မှာ ဖွဲ့ဆိုကြသည် ။ တချို့က လည်း မြို့ရွာအိမ် ၏ ပတ်ဝန်းကျင်သဘာဝ နှင့် ဇာတ် ကို ဖွင့်ဆိုသည် ။
◾ဝတ္ထုတို ၏ အင်္ဂါရပ်
စကားပြော ဖြင့် ရေးသား နိုင်သည် ။ စကားပြေ ဖြင့်လည်း ရေးသား နိုင်သည် ။ စကားပြော နှင့် ရေးသားရာ တွင် စကားဆက်များ တွင် ( နဲ့ ) မသုံးဘဲ ( နှင့် ) ဖြင့် သုံးရန် ။ ( တယ် ) မသုံးဘဲ ( သည် ) ဖြင့် သုံးရန် ။
ဝတ္ထုတို တစ်ပုဒ် တွင် စကားပြေ စကားပြော ရောထွေးခြင်း မရှိအောင် ဂရုစိုက်ရမည် ။
ဝတ္ထုတို ရေးရာတွင် စာမျက်နှာ အကန့်အသတ် ရှိသဖြင့် စကာလုံးများ ဖောင်းပွမှု မရှိစေရန် ဆရာ ဦးဝင်းငြိမ်း ရေးသား ထုတ်ဝေသည့် “ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ” ... စာအုပ် မှာ လေ့လာနိုင်သည် ။
ဝတ္ထုတို အကြမ်း ရေးပြီး လျှင် အနည်းဆုံး နှစ်ခေါက် ပြန်ဖတ်ပါ ။ ထိုအခါမှာ ဖောင်းပွသည့် စာများ ၊ မလိုအပ်သည့် စာများ တွေ့ရပါမည် ။ ထို့ကြောင့် နှစ်ခေါက် လောက် ပြန် ဖတ်ပြီး ဖြုတ် တန် ဖြုတ် ထပ် ထည့် တန် ထည့်ရမည် ။
စကားပြော နှင့် ရေးရေး ၊ စကားပြေ နှင့် ရေးရေး ၊ စကားပြောခန်းများ နှင့် တင်ပြပုံများ မရောပါစေနှင့် ။ မပါဘဲ ရေးလျှင် နောက် တစ်ခန်း တွင် ရေးပါ ။
ဇာတ်ကြောင်း ပြောသူ အဖြစ် ဖန်တီးရေးသား လျှင် ဇာတ်ကောင်များ ကို သာ စကားပြော ခိုင်းရမည် ။ စာရေးသူ ဝင် ပြောခြင်း ကို ရှောင်ကြဉ်ရမည် ။
ဝတ္ထုတို တစ်ပုဒ် အပြ နှင့် ရေးဖွဲ့မှု ၊ စကားလုံး ဆန်းသစ်မှု ၊ အပြော နှင့် ရေးဖွဲ့မှု အားလုံး ပါဝင်ရမည် ဖြစ်သည် ။
ဖတ်သူ စိတ်ဝင်စားအောင် ဇာတ်သိမ်း မှာ ဘာ ဖြစ်နိုင်သည် ဆိုသည် ကို စာဖတ်သူ မရိပ်မိအောင် ဆွဲခေါ် နိုင်ရမည် ။
ဝတ္ထုတို ၊ ဝတ္ထုရှည် တွင် ရသ ၊ သုတ ( အနည်းငယ် ) ပါဝင်အောင် ရေးသားရမည် ။ သုတ များ လျှင် ဆောင်းပါး ဖြစ်သွားနိုင်သည် ။
ဝတ္ထုတို တစ်ပုဒ် တွင် အဖွဲ့အနွဲ့ များလျှင် လည်း ဝတ္ထု ၏ အရသာ ကို ထိခိုက် နိုင်စေသည် ။ ဝတ္ထုတို သည် ဝတ္ထုရှည် ထက် ရေးဖွဲ့ရန် မလွယ်ကူပေ ။ ဝတ္ထုရှည် က အရေးအဖွဲ့ များ လျှင် ကောင်းသော်လည်း ဝတ္ထုတို တွင် တော အကြောင်း ၊ တောင် အကြောင်း ၊ ရာသီဥတု အကြောင်း မလိုအပ်ဘဲ ရေးဖွဲ့ခြင်း မပြုပါနှင့် ။
ဇာတ်ကောင် အမည်များ ကို ဆင်တူ မဖြစ်စေရန် သတိထား သင့်သည် ။
စ - လယ် - ဆုံး စာဖတ်သူ ကို ဆွဲဆောင် နိုင်ရမည် ။
ဝတ္ထုတို အမျိုးအစားတွင် သင်္ကေတ ဝတ္ထု ၊ နိမိတ်ပြ ဝတ္ထု ၊ သရော် ထားသည့်
ဝတ္ထု အမျိုးမျိုး ရှိသည် ။
ခေတ်နှင့် အလိုက် ခေတ်ပြိုင် ခံစားမှု ပါရှိရမည် ။ သို့မှ သာ ရသစာပေ ၊ စာကောင်း ဖြစ်မည် ။ ဂျပန်ခေတ် နောက်ခံထားသည့် ဝတ္ထုတို တွင် တစ်ဦး နှင့် တစ်ဦး Facebook တွင် သမီးရည်စား ဖြစ်ကြသည် ဆိုလျှင် တက်တက် စင်
အောင် မှားသည် ။
မိမိ မသိကျွမ်းသော အရာ ကို လေ့လာပြီး မှ ရေးပါ ။ ဥပမာ ဈေးသည်လေး
တစ်ယောက် အကြောင်း ၊ ဇာတ်ကောင် ထားပြီး ရေးပါက တောင်ဥက္ကလာ ရပ် တွင် ရှိသော သီရိမင်္ဂလာဈေး ထဲတွင် ( သို့မဟုတ် ) ဘုရင့်နောင် ဈေးထဲ တွင် ( သို့မဟုတ် ) မင်္ဂလာ ဈေးထဲ တွင် ဈေး ရောင်းနေသည် ဆိုလျှင် ရန်ကုန် မ ရောက်ဖူးသော နယ် မှ လူများ က အကြောင်း မဟုတ် သော်လည်း ရန်ကုန် က စာဖတ်သူ အထင်သေး နိုင်သလို ရန်ကုန် မှာ အများဆုံး ရှိသည့် မဂ္ဂဇင်း အယ်ဒီတာများ က စာမူ ကို ပယ်မှာ သေချာသည် ။
ဆရာမောင်သိန်းဆိုင် သည် ရေနံသာခင်ခင်ကြီး လုံးချင်း ရေးရာ၌ ရေနံတွင်း များ အကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးဖွဲ့နိုင်ခဲ့သည် ။ မိမိ မကျွမ်းသော အရပ်ဒေသ အကြောင်း နောက်ခံ ဇာတ်ဖွဲ့မည် ဆိုလျှင် အရင်ဆုံး လေ့လာသင့်သည် ။
◾ဝတ္ထုတို တစ်ပုဒ် ရေးရန် မသီတာ ( စမ်းချောင်း ) ရဲ့ သုံးသပ်ချက်များ
ဝတ္ထု ရေးရာမှာ လျှို့ဝှက် သဘော ဝှက်ဖဲ သုံးမယ် ဆိုရင် စာဖတ်သူတွေ အတွက် ခြေရာကောက် လွယ်အောင် အစပိုင်း အခင်းအကျင်း မှာ ပိပိရိရိ နဲ့ လှလှပပလေး ထည့်သွင်း ဖော်ပြဖို့ လိုပါတယ် လို့ ရေးထားပါတယ် ။
ကျွန်တော် / ကျွန်မ နှင့် ဇာတ်ကြောင်းပြောသူ အနေနှင့် သော် လည်းကောင်း ၊ မိမိ အကြောင်း ကို သော် လည်းကောင်း ခံစားရေးဖွဲ့ လျှင် တခြား လူ အကြောင်း ရေးမယ် ဆိုလျှင်
ဥပမာ .. အိမ် တစ်အိမ် ရဲ့ မိသားစု လှုပ်ရှားပုံ ကို ကြည့်ပြီး ဝတ္ထု တစ်ပုဒ် ဖြစ်အောင် ရေးဖွဲ့ပြီ ဆိုပါတော့ ထို အိမ်တွင်းရေး ကို ကိုယ် မသိနိုင်သည့် အခါ ဇာတ်ကောင် မွေးယူရ ပါသည် ။
ကျွန်တော် ဇာတ်ကောင် သိချင်သော အကြောင်း ကို သူတစ်ပါး ထံ မှ ပြန် ကြားရသည် ကို ရေးဖွဲ့ပါ ။
“ ပဲပြုတ် ”
“ ပဲပြုတ် လာပါဦး ”
ပဲပြုတ်သည် ဒေါ်စပ်စု က ရွာရိုးကိုးပေါက် ရောင်း နေသည် မို့ သတင်းစုံ မှာ သေချာသည် ။
“ ပဲပြုတ် တစ်ဆယ်သား ချိန်ပေး ဒေါ်စပ်စု ”
ဒေါ်စပ်စု က ပဲပြုတ် ချိန်ရင်း -
“ ဆရာကြီးရေ ... ဆရာကြီး တို့ မျက်စောင်းထိုး အိမ် က လင်မယား မနေ့ည က ရန်ဖြစ်သံ ကြားတယ် မဟုတ်လား ”
“ အင်း .. ကြားတော့ ကြားတယ် ၊ ကျွန်တော် နဲ့ လည်း မရင်းနှီးတော့ ဘာဖြစ်လဲ မေးမနေပါဘူးဗျာ ”
ဟန်ဆောင် မျက်နှာဖုံးနဲ့ ကျွန်တော် ပြောလိုက် ပေမယ့် သိချင်စိတ် က တားဆီး မရ ။
“ အမလေး ဆရာရယ် သူတို့ လင်မယား ဟာ အစစ် မဟုတ်ဘူး တဲ့ ။ မိန်းမ က ချိုင်စား မယားပေါ့ ဆရာ ရယ် ။ အဲဒီ လူ ကလည်း မိန်းမ ပွေတယ် ၊ မိန်းမ က အများကြီး တဲ့ ။ ခု ရှိတဲ့ မိန်းမ က ... အင်း နေပါဦး ... ဒီ မိန်းမ က နိုညှာမယား တဲ့ ၊ သူ့ နောက် မှာ တစ်ယောက် ရှိသေးတယ် ”
“ ဒေါ်စပ်စု ခင်ဗျား ဥပမာ ပေး မြောက်လှပါလား ။ ကျွန်တော် မှတ်ထားရ ဦးမယ် ဟားဟား ... ”
အထက်ပါ အကြောင်းအရာများ မှာ ကျွန်တော် / ကျွန်မ နှင့် ရေးလျှင် ကိုယ် သိသယောင် မရေးဘဲ ဇာတ်ကောင် မွေး ယူခြင်းပဲ ဖြစ်သည် ။
◾စာဖတ်သူ တွေးစရာ ချန်ထားခဲ့ပါ
နိဂုံးချုပ်တော့မည် ဆိုလျှင် စာဖတ်သူ တွေး နိုင်အောင် ရင်ဘတ် ထဲ ထိအောင်
ဝတ္ထု က တိုပေမယ့် နှလုံးသား ထဲ ဦးနှောက် ထဲ ရောက်အောင် နိဂုံး ချုပ်
ပါ ။ သည်လို တိုတို နဲ့ ရင်ဘတ် ထဲ ရောက်အောင် ရေး နိုင်လျှင် မိုးရေ များ ပါသော မိုးပြေးလေး ဖြစ်ပါလိမ့်မည် ။
▢ နီနီနိုင် ( သထုံ )
📖စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment