Monday, April 28, 2025

လန်းဖိုင်စာသိုက် ( ၀၉ )


 

❝ ဉာဏ်များ သော ပန်းရန်သမားများ ❞
      ( ၁၉၉၃)

ဖိနွန် ဆီမှာ အလုပ် စ ဆင်းတာ လမ်း ကန်ထရိုက်လုပ်ငန်း မှာ စ ဆင်း ရတာပါ ။

မူလတန်း စာသင်ကျောင်းလေး ရဲ့ အရှေ့လမ်း နှင့် ဘုန်းကြီးကျောင်း ဝင်ပေါက်လမ်း ကို ကွန်ကရစ် ခင်း ကြသည် ။ ဘိလပ်မြေ ဖျော်တုန်း ခဏ သာ ပင်ပန်း၏ ။ ဖိနွန် ရော သူ့ မိန်းမ ပါ ဝင်လုပ်သည့် အတွက် ပျော်စရာ ကောင်းပါတယ် ။ ကွန်ကရစ်လမ်း က အကျယ် ငါးပေ ထား၏ ။ အရှည် က ပေရှစ်ဆယ် ကျော်သည် ။ မြေ ညှိ ပြီးရင် နံဘေး က သစ်သားဘောင်တွေ ရိုက် ၊ သံချောင်း ထည့် ၊ သံချည်သံကွေး လုပ် ၊ သဲ ဖြူး ပြီးလျှင် ဖျော်လောင်း ရုံသာ ။ အထူ ကို တော့ ရှစ်လက်မ လောက် ထားသည် ။ နှစ်ရက် နှင့် တစ်မနက် လုပ်တာ ပြီးသွားပါတယ် ။ ကျွန်တော့် ကို ၄၅၀ ပေးတယ် ။ သန့်စင် ကို ၆၀၀ ပေးတယ် ။ သိပ် ကြိုက်ပေါ့ဗျာ ။ ထမင်းပါ ကျွေးတာကိုး ။

နောက်တစ်ခါ လုပ်ရသည် မှာ လည်း မူလတန်းကျောင်း မှာ ပင် ဖြစ်သည် ။ မြောင်း ဖုံးမည့် အုတ်ပြားတွေ ရိုက်ပြီး လိုက် ခင်းပေးရသည့် အလုပ် ဖြစ်သည် ။ လွယ်ပါသည် ။ ရေမြောင်း တစ်ခု လည်း လုပ်ရမယ်လို့ ပြောပါတယ် ။ ကျွန်တော် နှင့် သန့်စင် နေဖို့ အတွက် ဆွိုင်လက်ဖောင်း ( ၈၅ ) လမ်း ထဲ က ဖိနွန် ရဲ့ မိဘတွေ ယာယီ နေတဲ့ အလုပ်သမားတန်းလျား မှာ အခန်း တစ်ခန်း ပေးပါတယ် ။ ဖိနွနန်တို့ လင်မယား က ဘုရင့်နန်းတော် နှင့် နီးသည့် ရပ်ကွက် ထဲ မှာ အခန်း ငှား နေပါသည် ။ ကလေး နှစ်ယောက် ကို အယုဒ္ဓရ က ဘိုးဘွားတွေ အိမ် မှာ ထားပါသည် ။ ကျွန်တော် တို့ နှစ်ယောက် လည်း ဖိနွန် နဲ့ တွဲ လုပ်ရတာ တော်တော် ကြာလာတာ နဲ့ အမျှ မိသားစု လို ဖြစ်လာကြသည် ။ ခက်တာ က ကျွန်တော် ရဲ့ မရောင့်ရဲနိုင်မှုပါ ။

ကျွန်တော် ကိုယ်ပိုင်အလုပ် လုပ်ချင်သည် ။ စကား က ဖြစ်မြောက် အောင် မပြောတတ်သေးပေမယ့် ဒီ ပန်းရန် အလုပ် ထက် ကောင်းတာ မျှော်လင့် နေမိသည် ။ ကျွန်တော့် ဆန္ဒ ကို သန့်စင် က ဘာမှ ဝင် မစွက်ပေမယ့် သူ ကတော့ ဒီမှာ ဆက် လုပ်ဖို့ သေချာနေပြီ ။ တစ်နေ့ ကို ဘတ် ၂၀၀ ဆိုတာ နည်းသည့် လစာ မှ မဟုတ်တာကိုး ။ ဘာလိုလို နဲ့ ဖိနွန် ဆီမှာ လုပ်တာ တစ်နှစ် ပြည့်တော့မည် ။ အယုဒ္ဓရ က အိမ် ကို တောင် သုံးခါ လောက် သွား လည်ပြီးပြီ ။ နောက်တော့ ကန်ထရိုက်တိုက် အကြီးကြီး တစ်ခု ထဲက ပုတ်ပြတ် လုပ်နေသည့် မြန်မာ တစ်ယောက် နှင့် ကျွန်တော် သွား ဆုံမိသည် ။ သူ က သူ့ အလုပ် ကို လိုက် လေ့လာနိုင်ပါတယ် ။ တကယ်တော့ သူ က လက်ထောက် ကန်ထရိုက် အဆင့် သာ ရှိသေးသူ ။ တကယ်လို့ ကိုယ့် ဟာ ကိုယ် ပစ္စည်း လည်း ရှိမယ် ၊ လုပ်အား လည်း ရှိမယ် ဆိုရင် သူဌေး က ကန်ထရိုက် ပုတ်ပြတ် ချပေးမယ်လို့ ပြောပါတယ် ။ သန့်စင် လည်း ဒုန်းစိုင်း ပြေးချလာတော့တယ် ။ လူ စုပြီး လုပ်လိုက်တာ တစ်ပတ် အတွင်း မှာ ဘတ်နှစ်သောင်းကျော်ဖိုး အလုပ် ပြီးကြသည် ။ အချောကိုင် သက်သက် လုပ်ရခြင်းပင် ။ ဟိုလူ က ကန်ထရိုက် အဖြစ် သူဌေး နှင့် အလုပ်စကားပြော ၊ ကျွန်တော်တို့ မြန်မာ ရှစ်ယောက် က ဖျော်တဲ့ လူ ဖျော် ၊ အချော ကိုင်သည့် လူကိုင် ဖြင့် တက်တက်ကြွကြွ လုပ်ကြပါတယ် ။ တခြား မှာ လုပ်နေတဲ့ မြန်မာတွေ လည်း ဒီ သတင်း ကြားတော့ လာ ပူပေါင်းကြပြီ ။ အဲဒီမှာ ဒုက္ခ ရောက်တော့သည် ။ ပုတ်ပြတ်သမား အချင်းချင်း က ကျွန်တော်တို့ ကို ရဲတိုင်မယ် ဆိုလို့ သူဌေး က ဆက် မခိုင်းရဲတော့ပေ ။ ခံရလေပြီ ။ စိတ်ဓာတ် ကို ကျ ပါလေတော့သည် ။ သန့်စင် ဆို စကားတောင် မဟနိုင် ။ ဒါဟာ သူဌေး ဖြစ်မယ့် အလုပ်ကိုး ။

စိတ်ပျက်တာ နောက်ထား ရဲ မလာခင် ပြေးရပြီ ။ သူဌေး က ငွေမကျန်အောင် ရှင်းပေးပါတယ် ။ ကျွန်တော်တို့ ရှစ်ယောက်လုံး ဖိနွန် တို့ အဖေ အိမ်နား က တန်းလျား ကို လာ ခို ရပါတော့သည် ။ လာ ခို လို့ မှ နှစ်ရက် မပြည့်သေးခင် ရဲ လာဝိုင်းလို့ ပြေးရ ပြန်ရော ။ ‘ ရာမ ဆိုလျှင် နားကြော က စိမ့်တယ် ’ ဟူသော ဥပမာ အတိုင်း ‘ ရဲ ’ ဟု ကြား လျှင် ထခုန်မိ မတက် သွေးလန့် နေမြဲ ။ ဖိနွန် မှာ လည်း အလုပ် လက်ခံ ထား တာ မရှိလို့ အတော် ဒုက္ခ ကြုံရပါသည် ။ ကျန်တဲ့ လူတွေ ပေးပေမယ့် သန့်စင် နဲ့ ကျွန်တော် က ည ဆိုရင် ပြန်လာ အိပ်ကြသည် ။ နောက်တော့လည်း ရဲ လည်း မလာတော့ပါ ။

အလုပ် မရှိတော့ အလုပ် ရှာရ ပြန်ပြီ ။ ကျွန်တော် နှင့် သန့်စင် အလုပ်ရှာတဲ့ အခါ ပန်းရန်ပါး ဝပုံက ဒီလိုပါ ။

ကွန်စတက်ရှင် ဆိုက် တစ်ခု ကို ဝင်ပြီ ဆိုရင် အလုပ်သမား တန်းလျား ကို အရင် သွား ကြည့်ပါတယ် ။ ဈေးဆိုင် ကို ရှာသည် ။ ဈေးဆိုင် ဘယ်နှဆိုင် ရှိသလဲ ကြည့်သည် ။ ဆိုင်တွေ မှာ ဈေးဝယ်စရာ စုံရဲ့ လား ကြည့်သည် ။ ဆောက်လက်စ အဆောက်အဦ ကို ကြည့်သည် ။ အလုပ်သမားတွေ အလုပ်ဆင်း နေတာကို ကြည့်သည် ။ ပစ္စည်းဂိုထောင်များ ကို ကြည့်သည် ။

အဲဒီလို သွားကြည့်တဲ့ အခါ ဈေးဆိုင် ဟာ ခြောက်ကပ် နေမယ် ၊ အလုပ်သမား တန်းလျားတွေ မှာ အခန်းလွတ် တွေ သိပ် များနေမယ် ။ အလုပ် ဆင်းတဲ့ လူဦးရေ နည်းနေမယ် ဆိုရင် သေချာတယ် ။ ဒီ ဆိုက် လစာ မမှန် ။ ရာခိုင်နှုန်းပြည့် မှန်မြဲ ဖြစ်တယ် ဆိုတာက ဆယ့်ငါးရက် လုံးလုံး အလုပ်သမား ကို အကြွေးစနစ် နဲ့ ရောင်းပေးရတာကြောင့်ပါ ။ လစာ မှန်မှ ဆိုင် က ရောင်းပေးနိုင်မှာ ကိုး ။ လစာ မမှန်ရင် အလုပ်သမား ပြေးမယ် ။ အခန်းတွေ လူ လွတ် နေမယ် ၊ ဆိုင် လည်း ခြောက်ကပ်နေမယ် ။ ဒါ နိယာမ ပါ ။ တချို့ ဆိုက်ကြီးတွေ ဘယ်လောက် ပြီးနေနေ ပစ္စည်းဂိုထောင်တွေ ဟာလာဟင်းလင်း ဖြစ်နေရင် ဒီ ဆိုက် မကြာခင် ပြဿနာ ပေါ်တော့မှာ သေချာတယ် ။ ဒါတွေ ကျွန်တော်တို့ ဘယ်လို သိခဲ့ကြသလဲ ဆိုတာ ရှင်းပြပါမည် ။

အချိန်တွေ အများကြီး ပေးခဲ့ရပါသည် ။

အလုပ် အားလပ်ရက် ရသည် နှင့် ကျွန်တော်တို့ နှစ်ဦး ဆိုက်တွေ ထဲ လျှောက်လည်သည် ။ ဆိုက်ကြီးကြီး တိုင်း မှာ မြန်မာ ရှိစမြဲ ။ သူတို့ က လည်း ကျွန်တော်တို့ ဆီ လာ လည်ကြသည် ။ ဆိုက် ရဲ့ အခြေအနေတွေ ပြောပြကြသည် ။ မြင်ကြရသည် ။ မဟန်တာ က ခပ်များများ ။ ဖိနွန် ဆီ မှာ အလုပ် ဝင်လုပ်ရသည့် အခြေအနေ နှင့် ဆိုက် ထဲ မှ အခြေအနေ မှာ မိုး နှင့် မြေ လို ကွာခြားသည် ။ မိသားစုလုပ်ငန်း နှင့် အလုပ်ခွင် လို ကွာခြားသည် ။ ထို အခြေအနေ ကို ကျွန်တော်တို့ သိပါသည် ။ သို့ရာတွင် ဖိနွန် သည် အသေးစား ကန်ထရိုက် ဖြစ်သဖြင့် အလုပ် အမြဲ မရှိ ။ ရက် နှစ်ဆယ် လောက် လုပ်ရ ပြီးလျှင် ဆယ်ရက်ခန့် အလုပ် မပေါ်တာမျိုး မကြာခဏ ကြုံရ၏ ။ ထို့ကြောင့် ငွေ မစုမိ ။ အခြေအနေ က သူဌေး ဖြစ်လိုက် ခွေး ဖြစ်လိုက် နှင့် ။ ပို ဆိုးတာက ကျွန်တော်တို့ နှစ်ယောက်လုံး ထမင်းချက် မစား၍ ဖြစ်သည် ။ ဖိနွန် က အိုးခွက်ပန်းကန်များ ပေးထားပါလျက် ခေါက်ဆွဲပြုတ် စားတာက လွဲရင် ဘယ်တော့မှ ဈေးဝယ် ၍ ဟင်းချက် စားတာမျိုး မရှိကြ ။

ဆိုက်တွေ ထဲမှာ နေစဉ် က စုပေါင်း နေထိုင်ကြသဖြင့် အလှည့်ကျ ထမင်း ဟင်း ချက်ရသည် ။ သန့်စင် ချက်သည့် အခါ ငါးသေတ္တာ နှင့် ကြက်ဥ ၊ ကျွန်တော် ချက်သည့် အခါ ကြက်ဥ နှင့် ငါးသေတ္တာ ။ ဒါပဲ ချက်တတ်သည် ။ လွယ်တာကိုး ။ လျှပ်စစ်ဒယ်အိုး ပူလာသည် နှင့် ဆီထည့် ၊ ငရုတ်သီးစိမ်း ထည့် ဆီ နှင့် ငရုတ် ရော မွှေ ပြီးလျှင် ငါး သေတ္တာ ဖောက်ပြီးသား ထည့်သည် ။ သေတ္တာ ကို ရေထည့် ကျင်းသည် ။ ပွက် လာလျှင် ရေထည့် ၍ မွှေသည် ။ လူ ငါးယောက် ဆိုလျှင် ကြက်ဥ ငါးလုံး ဖောက်ထည့်၍ ဒယ်အိုး အဖုံး အုပ်ထားရုံ ဖြင့် ဟင်း ဖြစ်သွားပြီ ။

တို့စရာ နှင့် စားချင် လျှင် ဆိုက် ထဲက ဈေးဆိုင် မှာ တို့စရာ ရော ၊ ငါးပိ ရည်အစပ် ၊ အချို ၊ ငါးပိထောင်း ၊ အစပ် ၊ အချို အကြွေး ဝယ်နိုင်သည် ။ ဈေးဆိုင် မှာ အကြွေး ဝယ်လိုလျှင် ကိုယ့် အလုပ်အုပ်စု ခေါင်းဆောင် ( လုဖိ ) ၏ လက်မှတ် နှင့် ထုတ်ထား ပေးသည့် မှတ်စုစာအုပ် ရှိဖို့ သာ လို၏ ။ တစ်ဦး လျှင် တစ်အုပ် ထုတ်ပေးသည် ။ ဆိုင် က လည်း အကြွေး လာဝယ် သူ ၏ အလုပ်ဆင်းရက် နှင့် လုပ်အားခ ကို ချိန်၍ အကြွေးရောင်း ပေးသည် ။ များသော အားဖြင့် ဆိုင် ဖွင့်သူမှာ အလုပ်ခေါင်းဆောင် ' လုဖိ ' ဖွင့်သောဆိုင် ဖြစ်နေ တတ်သည် ။ အလုပ်သမား သုံးဆယ်ခန့် ကို ခေါင်းဆောင် နိုင်သူ ' လုဖိ ' သည် ဆိုင် ဖွင့်နိုင်သည် မှာ သေချာ၏ ။ ထို အလုပ်သမားများ အလုပ် ဆင်း နေသမျှ သူ့ ဆိုင်မှာ အကြွေး ဝယ်စား နိုင်သည် ။ အကြွေး ဝယ်စားရလျှင် အလုပ်သမား က များများ စားတတ်သည် ။ အရက် ကို လည်း များများ သောက်နိုင်၏ ။ လစာ ရှင်း လျှင် အကြွေး အားလုံး နုတ်ယူပြီးသား ဖြစ်သည်  ။ ဈေးတင်ထား ခြင်းတော့ မရှိ ။ သူဌေး က ငွေ မရှင်းလျှင် ခေါင်းဆောင် ခံရုံပဲ ရှိသည် ။ ကောင်းသော စနစ် ပင် ။

ကျွန်တော် နှင့် သန့်စင် သဘောကွဲတာ ရှိသည် ။

ကျွန်တော် က အချောကိုင်သမား ဖြစ်ရန် စိတ် မဝင်စား ။ သင် ပေး လည်း ခဏ ပဲ လုပ်သည် ။ အဖျော်ဆရာ အလုပ်ကို ဝါသနာပါ၏ ။ အချော ဖျော် အကြမ်းဖျော် အနုဖျော် အုတ်စီရန် ဖျော်ရသော ဘိလပ်မြေပညာ ကို ကျွန် တော် လေ့လာ၏ ။ သန့်စင် လည်း ဒါတွေ တတ်ပါသည် ။ သို့ရာတွင် သူ က အုတ်စီ ၊ အချောကိုင် သီးသန့်သမား ။ ကျန်တာတွေ ကို ဝါသနာ မပါ ။ ဘိလပ်မြေအိတ် ကို မ မချင် ။

ကျွန်တော်တို့ ပုတ်ပြတ် လုပ်ရသော အလုပ်ခွင် မှ စ၍ ကျွန်တော် က အဖျော်ပိုင်း ကို တာဝန် ယူသည် ။ နားအေး၍ တာဝန် ကင်းသောကြောင့် ဖြစ်၏ ။ အုတ်စီသမား အတွက် ဆိုလျှင် သဲများများ အချိုး ထည့်မည် ။ အချောကိုင်သမား အတွက် ဆိုလျှင် ဘိလပ်မြေ အသားပေး ထည့်မည် ။ ပင်ပန်းတာတော့ ပင်ပန်းပါတယ် ။ အထပ်မြင့်တွေ မှာ လုပ်ရတဲ့ အခါ ဘိလပ်မြေ ကို အောက် က ဂိုထောင် မှာ ကိုယ်တိုင် သွားထမ်း၍ ' လစ် ' ( ကရိန်း ) ဖြင့် ဆွဲတင်သော သံဒယ် အကြီးစား ထဲ မှာ စီရသည် ။ အုတ်စီ အချောကိုင်သမား ခုနစ်ဦး တစ်နေကုန် လုပ်မည် ဆိုလျှင် ဘိလပ်မြေ အိတ် နှစ်ဆယ် မှာ မလောက်ချင် ။ သဲ ကိုလည်း ထို ' လစ် ' နှင့် ပင် တင်ရ၏ ။ တစ်ခါတစ်ရံ စက်ဖြင့် ဖျော်၍ တစ်ခါ တစ်ရံ လူ ဖြင့် ဖျော်ရသည် ။ လူ ဖြင့် ဖျော်ရတာကို ကျွန်တော် ပို လက်တွေ့သည် ။ စက် ဖြင့် ဖျော်ရလျှင် ရင်ခေါင်း လောက် မြင့်သော ဖျော်စက် အဝ သို့ ဘိလပ်မြေ ကို မ၍ ထည့်ရသည် ။ မြေပြင် မှာ ချထားသည့် အိတ် ကို ဒူး မှာ ထောက် ၊ လက် ဖြင့် အိတ် ခါးကို ပွေ့ပြီးမှ ဖျော်စက် အဝသို့ ပင့်ရသည် ကို နိုင်မှ အဖျော်သမား စွမ်းရည် ပြည့်သည် ။ ၅၀ကီလို ရှိသည့် ဘိလပ်မြေအိတ် ကို လိုအပ်သလို ပင့်နိုင် မြှောက်နိုင်ရမည် ။

ပထမတော့ ကျွန်တော် အောက်ဆုံး မှ ဘိလပ်မြေအိတ် ကို မဖို့ ရာ အ တော် စိတ်မောမြဲ ။ အလုံး နှစ်ဆယ် ရှိ လျှင် ခုနစ်လုံးစီ သုံးတန်း ဆင့်ထား ပြီး အပေါ်ဆုံး မှ စ၍ ယူ သုံးရင် အောက်ဆုံး မှာ ရှိသည့် အိတ် သုံးအိတ် ကို တစ်အိတ် အပေါ် တစ်အိတ် ဆင့်လိုက်သည် ။ ဒုတိယ အိတ် မှာ လည်း ဒူး ပေါ် တင်၍ သယ်နိုင်ပြီးသား ။ အောက်ဆုံး မှ အိတ် ကို သယ်သည့် အခါ ခါးကိုင်း ၍ ဆွဲမရသည် မှာ မသက်သာ ။ တဖြည်းဖြည်း အလုပ် က သင် လာတော့ အသာလေးပင် ကောက် မ၍ ခါး မှာ ချိတ်တင်နိုင်လာသည် ။ ဘိလပ်မြေ ဖျော်ရာတွင် ရေ များသည် နည်းသည် ကို ပိုက်ဖြင့် ဖြစ်စေ ထည့်ရင်း သိနိုင်၏ ။ ပုံး ဖြင့် ခပ်ထည့်ရင်း သိနိုင်၏ ။ အတွေ့အကြုံ က သင် ပေးခြင်းပင် ။ အဖျော်သမား လုပ်ရသည် မှာ နားချိန်များသည် ။ ဖျော် ပြီး လျှင် ဆိုက်ထဲ လျှောက်သွား နေလို့ ရသည် ။ အုတ်စီသည့် အဖျော် ဖျော်ရ လျှင် နားပါလေ့ တစ်မေ့တစ်မော ။ အချောကိုင်ရန် ဖျော်ပေး ရ လျှင် လည်း ပထမပိုင်း သာ ပင်ပန်းသည် ။ အချောတင် ပြီး၍ ညှိရသည့် အချိန် ရောက်လျှင် ဘာမှ အလုပ် မရှိတော့ ။ သဲ ၊ ရေ ၊ ဘိလပ်မြေ အရန်သင့် ဖြည့် ထား ပြီးလျှင် တာဝန်ကျေပြီ ။

ထိုအချိန် အားတွင် တစ်ဆိုက်လုံး ကို ကျွန်တော် ပတ်တော့သည် ။

ဆိုက်ကြီးများ မှာ လုပ်ရသည့် အခါ မြန်မာများ မှာ အချိန်ပိုများ အများ ဆုံး ရကြသည် ။ ' ဘန်နာ ' မှာ တုန်းက ဆိုလျှင် ကျွန်တော် နှင့် သန့်စင် အချိန်ပို ဆင်းရသည့် ငွေ မှာ လစာ ထက်ပင် များ နေ၏ ။ အထပ်တိုင်း မှာ ရှိ သည့် အုတ်ကျိုး ၊ အုတ်ပဲ့ နှင့် အမှိုက်သရိုက်များ ကို စွန့်ပစ်ပေါက် မှ ညတိုင်း စွန့်ပစ်သည့် အလုပ်ကို ‘ ဝဏ္ဏ ’ မှ ကန်ထရိုက် ရ၍ သူ က သုံးဆယ် ရာခိုင်နှုန်း ယူကာ ကျွန်တော်တို့ ကို ပုတ်ပြ ချပေးသည် ။ စုစုပေါင်း ကျွန်တော်တို့ လေး ယောက် ဒိုင်ခံ၍ စွန့်ပစ်ကြသည် ။ ညနေ ဆိုလျှင် ( လောက်ခေါင် ) အရက်ဖြူဝယ် ၊ ဂီတာ တစ်လက် နှင့် စွန့်ပစ်ရမည့် အမှိုက်ပုံ သို့ ချီတက်ပြီး နှစ်ယောက် တစ်တွဲ နားလိုက် ၊ ပစ်လိုက်ဖြင့် သုံနာရီခန့် လုပ်ပြီး လျှင် မော လည်း မော ၊ မူး လည်း မူး ၊ အလုပ် လည်း ပြီးသည် ။ ထိုကာလများ မှာ ကျွန်တော့် အတွက် ရွှေရောင် လွှမ်းသော ကာလများ ဖြစ်သည် ။

အခုတော့ ဖိနွန် မှာ လည်း အလုပ် လက်ခံထားတာ မရှိ ။

ဆိုက်တွေ မှာ လည်း အလုပ် လုပ်ရတာ မသေချာ ။ လက် ထဲမှာ စုထား တာလေးတွေ စား နေရုံသာ ။ တစ်လ ပြည့်တော့မည် ။ ငွေ လည်း ကုန် တော့မည် ။ သည် ကြားထဲ တွင် ဆိုက် တစ်ခု မှ ပုံထားသော သစ်သားအ ဟောင်း များကို သံချက်များ သွား နုတ် ပေးရသည့် ပုတ်ပြတ် အလုပ် သွား လုပ်ရ၍ ဘတ်ရှစ်ရာ ရလိုက်သည် ။ နှစ်ရက်ခန့် သာ လုပ်ရ၏ ။ လက်သမား အကူ တော့ လာ ခေါ်ပါသည် ။ ဆရာ ဖြစ်ခဲ့ဖူး၍ တပည့် လစာ ဖြင့် လိုက် မလုပ်ချင်ကြ ။ ဒါကတော့ လူ့ သဘာဝပင် ။ သူတစ်ပါး နိုင်ငံရဲ့ တရားမဝင် အလုပ်သမား ဖြစ်တာက တစ်ပိုင်း ၊ အလုပ် မာန က တစ်ပိုင်း ဖြစ်သည် ။ ဆရာ မဖြစ်ရ လျှင် လိုက် မလုပ်ချင်ပါ ။ ကေသရာဇာ မှန်လျှင် မြက်မစား ဟု ဆိုသည် ကိုး ။

•••••   •••••   •••••

“ အလုပ်ကတော့ ပင်ပန်းမယ် ။ ဒါပေမဲ့ လစာ ကောင်းတယ် ။ နေ့စား ရှင်းပေးမှာ ”

“ ဘယ်မှာ ဆင်းရမှာလဲ ”

“ လမ်း ၈၀ ထဲ မှာ ထမင်း လည်း ကျွေးမှာ ”

“ ချကွာ ”

“ ပင်ပန်းမယ်နော် ”

“ လုပ်ရမှာပဲ ”

“ အဲဒါဆို ကိုထွေး သွား ပြောလိုက် ။ မနက်ကျရင် လိုက်မယ်လို့ ” 

သန့်စင် က ခြင်ထောင် နှင့် ရောထွေး နေသော ခေါင်းအုံး ကို မှီ အိပ်ရင်း ပြောလာသည် ။ ကျွန်တော်တို့ အခန်း နှင့် နှစ်ခန်းကျော် မှာ တွင်းတူး တိုင်ရိုက်သမားများ ရှိသည် ။ သူ ဘယ်လို စကားကြောင်း လာသည် မသိ ။ အလုပ် တော့ ရပြီ ။ ကျွန်တော် က မနက် လိုက်မည့် အကြောင်း ပြောသည် ။ အလုပ်ရှင် က ဖသိုက်လူမျိုး ခပ်ဝဝ လူကြီး တစ်ဦး ဖြစ်သည် ။

“ မိချိုင်းထန်လုပေါင် ”
( ပိုက်ဆံသုံးဖို့ ရှိရဲ့ လား )

“ မဲ့မိခမ် ” 
( မရှိဘူးဗျ )

“ အောင် ၊ ချိုင်းကွန် ”
( ရော့ သုံးထားနှင့် )

ကျွန်တော်တို့ မှာ အလုပ် မရှိတာ ကြာပြီ ကို သိသောကြောင့် သုံးစွဲရန် ငွေထုတ် ချေးခြင်း ဖြစ်သည် ။ ချည်နှောင်ခြင်း မဟုတ်ပါ ။ ဒါကိုတော့ အလုပ်သမား ချင်း မို့ ကျွန်တော် ယုံသည် ။ သူ သည် လည်း အလုပ်သမား အဖွဲ့ ခေါင်းဆောင် ဖြစ်၍ အလုပ်သမားစိတ် အပြည့် ရှိနေခြင်းဖြစ်သည် ။ ကျွန်တော် နှင့် သန့်စင် တို့ မှာ လူငယ်များ ဖြစ်ပြီး ဟော့ဟော့ရမ်းရမ်း မနေသဖြင့် သည် တန်းလျား မှာ လက်ခံထားခြင်း ဖြစ်သည် ။ အမှန် ပြောရလျှင် ကျွန်တော် တို့ ယခု နေသည့် တန်လျား မှာ ဤ ပတ်ဝန်းကျင် မှ ဆောက်လုပ်ရေးလုပ်ငန်းများ တွင် လုပ်ကိုင်နေသည့် အလုပ်သမားများ သာ နေခွင့် ရှိသည် ။ ရေဖိုး ၊ မီးဖိုး ကို လုပ်ငန်းရှင် က ပေးနေသည် ကိုး ။ ကံကောင်းသည် မှာ လုပ်ငန်းရှင်များ လူလွှဲလူပြောင်း လုပ်ရင်း လုပ်ငန်းများ ရပ်ဆိုင်း ထား သဖြင့် သည် တန်းလျားများ ကို လာ ဖယ်ခိုင်း၍ မရ ။ အလုပ်သမားများ လစာ မရှင်းရသေးသည့် အတွက် နေထိုင်ခွင့် ပြုခြင်းပင် ။ ကျွန်တော်တို့ က တောကြောင်များ သက်သက် ။ ကျန် အလုပ်သမားများ လည်း ဤမှာ ပင် နေ၍ တခြား ဆိုက်တွေ မှာ အလုပ် လိုက် လုပ်နေသည် ။ ကြာ တော့ ကျူးကျော်ရပ်ကွက်လေး လို ဖြစ်လာတော့၏ ။

တွင်းတူး တိုင်ရိုက် လုပ်ရသည် မှာ မသက်သာ ။

ကျွန်တော်တို့ သွား လုပ်ရသည့် အလုပ် မှာ လူနေရပ်ကွက် တွင်းမှ သူဌေးအိမ် တစ်လုံး ကို အိမ်ရှေ့ဝရန်တာ ထုတ်ပေးရခြင်း ဖြစ်သည် ။ အခိုင်အခံ့ လုပ်မည် ဖြစ်သည် ။ အရင်ဆုံး ထောင့်လေးထောင့် ကို သုံးပေပတ်လည် ၊ ငါး ပေအနက် တွင်း တူးရသည် ။ ဝရန်တာ မှ ရှေ့နောက် ဆယ်ပေ ကွာ၍ အလျားလိုက် မှာ ဆယ့်ငါးပေ ကွာမည် ။ ပထမ နေ့ မှာ တွင်း တူးပြီး ချိန်တွင် မိုး ရွာ လာသဖြင့် အလုပ် နားခဲ့၏ ။ ဘန်ကောက် မှာ က မိုးရွာ လျှင် အလုပ် သိမ်းသည် မှာ ထုံးစံပင် ။ နောက်နေ့ မှာ တော့ တိုင်ရိုက်၏ ။ တိုင် မှာ ကွန်ကရစ်တိုင် ရှစ်လက်မ အကျယ် ကို အလယ် မှာ တစ်လက်မခန့် အပေါက်ပါ၏ ။ အရှည်မှာ ခြောက်ပေခန့်ရှိသည် ။ ထို တိုင် မချမီတွင် တွင်းတူး ထားသော ငါးပေ အနက် တွင်း ထဲမှာ တိုင်ထည့်ရန် ထပ်၍ တူး ထားသော တွင်း အကျဉ်း ထဲသို့ ထည့်ရ၏ ။ ပြီးမှ လုံးပတ် တစ်ပေ အရှည် လေးပေကျော် ရှိသော သံလုံးကြီး ကို ဟိုဘက် ဒီဘက် လျှို ထမ်း ပြီး အပေါ် မှ ညီညီညာညာ ဆောင့်ဆောင့် ချသည် ။ သီချင်းလေး လည်း ဆိုရ၏ ။ ပထမ သံစဉ် ပျော့ပျော့လေး ဆိုပြီး ရုတ်တရက် အသံ မြှင့်ကာ ထမ်းထား သော သံလုံး ကို ခါးညွတ် ချရ၏ ။ မြေပျော့ လျှင် တစ်တိုင်လုံး ကို သုံးမိနစ် ခန့်သာ ဆောင့်ချရုံ ဖြင့် ပြီး၏ ။ မြေမာ နှင့် တိုးလျှင် ရေပါ ကူပေးရ၏ ။ တစ်တွင်း ကို တိုင် ငါးတိုင် တူး၍ လေးတွင်း ကို တိုင် နှစ်ဆယ် ရိုက်ပေးရ ၏ ။ သုံးရက် နှင့် ပြီးခဲ့၏ ။

တစ်နေ့ ဘတ် နှစ်ရာနှုန်း ကို နေ့စား ရှင်းပေး၍ နောက်နေ့ မှာ ချေး ထားသော ဘတ်ငါးရာ ကို မဖြတ် ။ နောက်နေ့ မှ ပြန်ပေးပါတဲ့ သန်ဘက်ခါ ထပ် ခေါ်ဦးမည်တဲ့ ။

“ ကျွန်တော် မလိုက်ချင်တော့ဘူး ” 

“ ငါ လည်း အီနေပြီ ”

လုပ်ခဲ့သမျှ အလုပ်များ တွင် အလုပ်ချိန် အနည်းဆုံး ဖြစ်သော် ငြားလည်း အပင်ပန်းဆုံး ဖြစ်သည် ။ နေ့လည် သုံးနာရီ ဆို တစ်နေ့ တာ ပြီးပြီ ။ လူ လည်း ဘုရားတ ရအောင် ပင်ပန်း၏ ။ ပခုံးသားတွေ ဆို တာ မြှောက် ပင် မမြှောက်နိုင် ။ ထိဖို့ ဆိုတာ ဝေးရော ။ ဆပ်ပြာ တိုက် လျှင် လက် ဖြင့် ဆဆ ၍ တိုက်ရသည် ။ ဖိနွန် ၏ ညီ ကလည်း ဆက် မလုပ် ဖို့ တားသည် ။ ဖိနွန် ကြားတော့ နောက်တစ်နေ့ မနက် မှာ အယုဒ္ဓရ မှ ကားဖြင့် ရောက် လာပြီး သန့်စင် ကို ဆူသည် ။ မြန်မာ လို ကျွန်တော် တိုက်ရိုက် ပြောပြရတော့မည် ။

“ နင် ရူးနေလား မောင်သန့်စင် ။ ကြီး လာရင် ဒဏ် ဖြစ်မှာ မသိဘူးလား ။ ပိုက်ဆံ မရှိရင် ငါ့ ကို ဖုန်းလှမ်း ဆက်ပါလား ငတုံး ၊ အရူး ”

သူ့ မိန်းမ ကလည်း ဝင် ပြောသည် ။

“ နင်တို့ ပိုက်ဆံ မရှိရင် အယုဒ္ဓရ မှာ လာ နေပါလား ။ ပိုက်ဆံ က လည်း တစ်ယောက် ငါးထောင်ကျော် ရှိ တာ ကုန်ရောလားဟယ် ။ နင်တို့ ကို အံ့တယ် ၊ ငါတို့ တစ်အိမ်သားလုံး စားတာ တောင် ဒီလောက် မကုန်ဘူး ။ အလကား ပဲ ဟေ့ ။ နင်တို့ သုံးလို့ ကို မရဘူး ”

ဆူလို့ ငေါက်လိုက် ဝတော့ ဘတ်နှစ်ထောင် ထုတ် ပေးပါတယ် ။

“ အရက် မသောက်နဲ့ နော် ဟိုကောင် မောင်ထွေး နင် အရက်သမား လား အသုံးမကျဘူး ”

အဲဒီ “ အသုံးမကျကွာ ” ဆိုတဲ့ ထိုင်းစကားဟာ ကိုယ် ပြောရင်တာ ကောင်းတာ ။ အပြော ခံရတာ နည်းနည်းမှ နားဝင် မချိုပါ ။ ထိုင်းလို အသံထွက်တာကိုက “ အချီးဖိုင် ” ဆိုပြီး ဆွဲဆွဲငင်ငင် ပြောရတဲ့ စကားပါ ။ ဟုတ်တော့ ဟုတ်သည် ။ ကျွန်တော် တကယ် အချီးဖိုင် ဖြစ်နေပြီ ။ ပိုက်ဆံ က ဘယ်လိုမှ စုလို့ မရပေ ။

ဒီတစ်ခါတော့ ချက်ပြုတ်စားဖို့ နှစ်ယောက် စလုံး ဆုံးဖြတ်ပါတယ် ။ ဒီလို ဆုံးဖြတ်တဲ့ အထိမ်းအမှတ် နဲ့ မက်ခေါင် တစ်ပြားတော့ သက်သေ တည်ကြသည် ။ သန့်စင် က မက်ခေါင် ပဲ သောက်၏ ။ ကျွန်တော်တို့ နှစ်ယောက် ပေါင်းလိုက်ရင် ဘတ်သုံးထောင် တော့ ရှိသည် ။ ညည သွား ကြည့်တဲ့ ပိတ်ကားထောင် ရုပ်ရှင်သုံးကား တစ်ဆယ် ဖိုး အတွက် ဘတ်နှစ်ရာ ချန်ထားသည် ။ ကျန်တာထဲ က လမ်းစရိတ် ဘတ်ငါးရာ ချန်ထားသည် ။ ပြီးတာနဲ့ ဈေး ဝယ်စရာ ရှိတာ ဝယ်ထားလိုက်သည် ။ အလုပ်လက်မဲ့ ဘဝ ကို ခါးစည်း ခံရင်း စည်းစိမ် နဲ့ နေတော့မယ်လေ ။

ပင်လယ်ရေ ဟာ သောက်လေ သောက်လေ ငတ်မပြေ ဆိုတာ ကိုယ်တွေ့ မကြုံဖူးပေမယ့် ဘန်ကောက် မှာ ငွေ ရှာရတာ ပင်လည်ရေ သောက် သလို ဖြစ်နေပါ၏ ။ အလုပ်လေး ကောင်းတုန်းမှာ ပိုက်ဆံ ရလာသည် ။ အလုပ် မရှိတဲ့ အခါ ရတာလေး ပြန် စားရင်း အချိန် ကုန်လာပါပြီ ။ မြို့တော် ကို ဂျင်ဂျင်လည်အောင် သွားနိုင်ခဲ့တာ အမြတ် ပြောလို့ ရပါမည် ။ ဘန်ကောက်မြို့ကြီး တိုးတက်လာတာ ကို မြင်နေရသည် ။ ဒါပေမဲ့ ကျွန်တော်တို့ ဘဝ နဲ့ ဘာမှ မပတ်သက် ။ အဆင့်မြင့် အသုံးအဆောင် တွေ မှန်သမျှ ငေးကြည့်ရုံ က လွဲလို့ သွပ်မိုးသွပ်ကာ တန်းလျားလေး မှာ ခေါင်းချရင်း နေ့လနှစ် တွေ ကုန်ဆုံးသွားကြသည် ။

၉၂ ခုနှစ် တွင် ထွက်လာခဲ့ တာ ၉၄ ခုနှစ် ထဲ ရောက် နေပြီ ။

အသက် ကို ဉာဏ်စောင့် ဆိုတဲ့ စကား အရ ၊ အသွားအလာ ၊ အနေအထိုင် မှာ တော့ ရန်သူမျိုးငါးပါး လက် က လွတ်အောင် နေနိုင်ပါတယ် ။ ဥစ္စာ ကို ကံစောင့် ဆိုတဲ့ အတွက် ဘတ်ငွေ သုံးသောင်း လောက် စုမိမဲ့ အလုပ် မျိုးရှာလို့ မတွေ့နိုင်ကြ ။ လေးငါးလ ဆက်တိုက် လုပ်ရတဲ့ လုပ်ရရင်တော့ သေချာပါတယ် ။ ကျွန်တော်တို့ ဒီမှာ သုံးနှုန်းသည့် စကား ရှိသည် ။ အလုပ်သမားချင်း အတူတူ ခွဲခြားခွဲခြား လုပ် လာတာမျိုး မြန်မာ ဆိုရင် ရဲ ဝင်ဖမ်း မှာ စိုးလို့ လက်မခံရဲတဲ့ အလုပ်ရှင်မျိုးတွေ ကြုံလာ ရင် “ မြန်မာ လည်း လူ ၊ ငါးခူလည်း ငါး ၊ ဘာများ ကွာလို့လဲ ” လို့ ရင်ထုမနာ ပြောမိကြသည် ။ ပြောရုံပဲလေ ။ တကယ်တမ်း ကျတော့ ထိုင်း ဟာ ထို င်း ၊ မြန်မာ ဟာ မြန်မာ ပါပဲ ။ လုပ်ရင်း စားရင်း လုံးပါးပါး ရတာ အများစု ဆိုတာ လက်တွေ့ မြင်နေရသည် ။

ဒါပေမဲ့ ဘာမှ မတတ်နိုင် ။

ထိုသို့ စိတ်ပျက်စရာများ ကို နည်းလမ်းမျိုးစုံ ဖြင့် ဖြေဖျောက်ကြရသည် ။ ဝါသနာ ပါသည့် စိတ်ဖြေစရာများ ရှာကြပါသည် ။ တချို့က ရုပ်ရှင် ၊ တချို့က သောက်ကြစားကြ ၊ တချို့ကြတော့ ရုံ တက်ကြရင်း ရှိစုမဲ့စုလေး ကုန်သည့် အခါ ၊ နောင်တ ရ သလိုလို ဖြင့် သည် အခါ ငွေများများ ရလျှင် ပြန်လာတော့ မလိုလို ပြောမိပြန်ရော ။ တကယ်တော့ ဒီလိုနဲ့ ပဲ လုံးလည်ချာလည် လိုက် နေကြသူတွေ သိန်းနှင့် ချီ ကာ ရှိကြပြီ ။ ရှိ လည်း ရှိကြလိမ့်ဦးမည် ။

ငွေ သာ ကောင်းကောင်း ရှာ၍ မရနိုင်ပေမယ့် ၊ ထိုင်း မှာ ဖြစ်သမျှ အကြောင်းကြီးငယ် ဆိုလျှင် သူ့ထက်ကဲ သိအောင် လုပ်ကြမြဲ ။ ' ခေါက်ဆိုင် ' လက်ဝှေ့ပွဲမျိုး ကို ပင် ဘယ်နှချီ မှာ နိုင်ရမည် ကို တွက်ချက် လောင်းမိ ကြသူ တွေ တစ်ပုံတစ်ပင် ။ ' ခေါက်ဆိုင် ' မှာ နိုင်ငံကျော် ဘောက်ဆင် လက်ဝှေ့ချန်ပီယံ ဖြစ်သည် ။ တစ်နိုင်ငံလုံး သည်း အူပြတ်မတတ် အားပေးခြင်း ခံရသော လက်ဝှေ့သမား ပင် ။ ခြောက်လ တစ်ကြိမ် သူ ၏ ချန်ပီယံခါးပတ် ကို လာ ယှဉ်ပြိုင် လုယူ ထိုးသတ်ပွဲ ကျင်းပသည် ။ တစ်ကြိမ် မှ မရှုံးသေး ၊ ချန်ပီယံလုပွဲ တစ်ကြိမ် ထိုးတိုင်း ကာကွယ်နိုင်သည့် ခေါက်ဆိုင် အတွက် သီချင်းများ ပင် စပ်ဆို ဂုဏ်ပြုကြသည် ။ ရွှေ ငွေများ ဆုချီးမြှင့်သည် မှာ အံ့ဩလောက် ပါပေ၏ ။ တကယ်တော့ ကျွန်တော်တို့ သည် ထို ပွဲများ တွင် ခေါက်ဆိုင် ဘက်မှ အားပေးလေ့ မရှိပါ ။

တစ်ဖက် နိုင်ငံသား ကို သာ ကြိတ်၍ အားပေး နေတတ်သည် ။ ခေါက်ဆိုင် ကို ဒုက္ခလှလှကြီး တွေ့၍ အရှုံးကြီး ရှုံးစေချင်သည် ။ မြန်မာ ဖြစ်၍ ပဲ သွေး က စကား ပြောသည် ဟု ထင်မိသည် ။ တစ်ခါတရံ မြဝတီနယ်စပ် ၌ ကျင်းပသည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ တွင် ကရင်များ ဝင်ရောက် ထိုးသတ်သည် ကို ကြည့်၍ ပျော်ရသလို ၊ နာကြည်း ဝမ်းနည်းရသည် လည်း ရှိသည် ။

ကျန်သည့် ပျော်ရွှင်စရာ တီဗွီဇာတ်လမ်းတွဲများ ကိုတော့ ကျွန်တော် တို့ ကျေနပ်မိ၏ ။ တချို့ တီဗွီဇာတ်လမ်းတွဲများ ဆိုရင် ဗီလိန် အဖြစ် သရုပ်ဆောင်ရသည့် ဇာတ်ဆောင် အမျိုးသမီး အား ဈေးထဲ၌ ဈေး မရောင်းသည့် ဈေးသည် မျိုးပင် ရှိကြောင်း လက်တွေ့ ဖော်ပြကြသည် အထိ သရုပ်ဆောင် ကောင်းကြသည် ။ “ မယ်နာ ” ဆိုသည့် သရဲကားဇာတ်လမ်း ဆိုလျှင် နှစ်ပေါင်းနှစ်ဆယ် မက ကြာမြင့်လာသည် တိုင် အကြိမ်ကြိမ် ပြန်လည် ရိုက်ကူးတင်ဆက် ပြ၍ အောင်ပွဲခံ နေမြဲ ။ ဇာတ်လမ်း မှာ ဘာမှ မဆန်း ။ အလုပ် ထွက် လုပ်သည့် ခင်ပွန်းသည် ပြန် မရောက်မီ ကလေး မီးဖွားရင်း သေဆုံး သွားသည့် မိန်းကလေး မှ စွဲလမ်းစိတ်ဖြင့် သရဲ ဖြစ်ကာ လင်ယောက်ျား အပေါ် မေတ္တာ ပြသော ဇာတ်လမ်း ဖြစ်၏ ။ သို့သော် မယ်နာ ဆိုသည့် ဇာတ်ဆောင် အမျိုးသမီး ၏ ကြေကြေကွဲကွဲဖြင့် လင်သား အား ဟစ်ခေါ်သည့် အသံ မှာ အတော်ပင် ရင်ထဲ၌ ကရုဏာ ဖြစ်မိသည် ။ ထဘီ ရင်လျား ဖြင့် ဆံပင်ဖားလျား ချကာ သူ့ လင်သား နောက် သို့ လိုက်ခန်းများ ဆိုလျှင် အသည်း တယားယား ဖြင့် ကြည့်၍ မဝ ။

များသော အားဖြင့် ထိုင်းဇာတ်ကားများ ကို ကျွန်တော်တို့ ကြည့်၍ နားလည်ကြသည် ။ ပေါက်တတ်ကရ ရိုက်တာ ထိုးကြ ၊ ကြိတ်ကြရင်း လူပျင်းကြိုက် ဇာတ်ပေါ့ကားများ သည် အလွန် ပေါ၏ ။ သုံးကားပေါင်း ဘတ် တစ်ဆယ် ဖြင့်ပြသော လမ်းဘေး ပိတ်ကားထောင်ပွဲများ တွင် ထို ကားမျိုး ပါလာပါက နောက် ကြည့်မည့် နိုင်ငံခြား အက်ရှင်ဇာတ်ကား မလာမီ ၊ အောင့်သက်သက်ဖြင့် ကြည့်ရပြန်သည် ။ လမ်းဘေး ပိတ်ကားထောင်ပွဲရုံများ ဖြစ်သဖြင့် ကိုယ့် စိတ်ကြိုက်ချည်း ပြ၍ မဖြစ် ၊ ရုံ က လည်း အကာ မျှသာ ရှိသည်  ၊ သတင်းစာ စက္ကူ ဖြစ်ဖြစ် ၊ ဖိနပ် ဖြစ်ဖြစ် ဖင် ခုထိုင် ၍ ကြည့်ရ၏ ။ အခါကြီး ရက်ကြီးများ ဆိုလျှင် ကဲစမ်းမဲ ဖောက်ပေးသည် ။ ပထမဆု မှာ ရွှေတစ်ကျပ်သား အထိ ရှိသဖြင့် ရုံဝင်ခ ကို ဈေးပို ကောက်သည့် တိုင် ဇာတ်ကားများ မှာ လည်း အဆင့်မြင့်ကားများ ထိုးပြ လာ သဖြင့် ကြည့်ကြပါသည် ။ ဆုမဲတွေ နှစ်ဆယ်ဆု လောက် ပေးတတ်ကြ၏ ။ ဇန်နဝါရီလ နှစ်ကူး ( ပီမိုင် ) ဆိုလျှင် ဆုမဲ အကောင်းစားများ ဖောက်ပေးတတ်ကြ၏ ။

ပီမိုင် ( နှစ်ကူး ) ပွဲတော်သည် ကျွန်တော့် အတွက် အတွေ့အကြုံ အသစ် ဖြစ်သည် ။ ကျွန်တော်တို့ ဆီ မှာ သင်္ကြန်ရက် ရောက်မှ သာ နှစ်ကူးပွဲ ကျင်းပသည် ကိုး ။ ထိုင်း မှာ တော့ အနောက်နိုင်ငံများ နည်းတူ နှစ်ကူးပွဲ ကို ဒီဇင် ဘာ နောက်ဆုံးရက် ည သန်းခေါင်ယံ ( ၁၂:၀၀ ) တိတိ ကို အဓိက ထား၍ ကျင်းပ၏ ။ ရုံးပိတ် ၊ ကျောင်းပိတ် ၊ ကုမ္ပဏီများ ပိတ် ၊ ဈေးများ ပိတ်၍ ကိုယ့် ရွာ ပြန်သူတွေ ပြန်ကြ ၊ အလုပ် မှ အပို ဘောက်ဆူး ပေး၍ ပျော်သူတွေ ပျော် ကြသည့် ပွဲ ဖြစ်လေသည် ။ လေး ၊ ငါးရက် ဆက်တိုက် အလုပ် ပိတ်ကြသည် ။ တရုတ်နှစ်ကူး လျှင် တစ်ခါ ပိတ်ကြပြန်သည် ။ ထို ပွဲမျိုးများ ကို ကြာတော့ ကျွန်တော်တို့ ပင် မျှော်လင့် လာမိကြသည် ။ ကိုယ် နှင့် တော့ ဘာမျှ မဆိုင် ။ သို့သော် ပျော်စရာ ရက်များ ဖြစ်၍ ရောယောင် မျှော်ကြရသည် ကို ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment