❝ ထောင်တွင်း အတွေ့အကြုံ ❞
တုန်လှုပ်စိတ် မဟုတ် ပေမယ့် ဝမ်းနည်းစိတ် ဝင်လာ၏ ။ နောင်တ စိတ် မဟုတ်ပေမယ့် အိမ်ကို လွမ်းစိတ် က ဝင်လာ၏ ။ ယခုဆိုလျှင် အဖေ တို့ စိတ်ပူ နေကြတော့မည် ။ ကျွန်တော်တို့ အဖမ်း ခံရသည် ဟု ကြားချင် ကြားမည် ။ စ ထွက်လာစဉ် ကပင် ခက်ခဲ ပင်ပန်းခဲ့ရပြီး ထိုင်းနိုင်ငံ သို့ ဝင် လာစ မှာ ပင် အဖမ်းခံ ၊ ထောင်ချခံ ပြီး အားပျက်စရာ ကောင်းလှ၏ ။ သို့သော် မငြီးတွားဝံ့ပေ ။ ကျွန်တော့် အတွက် သန့်စင် ဒုက္ခ ရောက်နေသည် ကို တွေးမိ၍ ဖြစ်သည် ။
အတွေးများ က ရှေ့တိုး နောက်ဆုတ် နှင့် သက်ပြင်း အခါခါ ချနေမိသည် ။
ဘာပဲဖြစ်ဖြစ် ရှေ့ ဆက်ရန် ဆုံးဖြတ်ထား၏ ။ တစ်နေ့ မှာ တင့်တောင့် တင့်တယ် ရပ်တည် နိုင်ရမည် ဟု ဆုံးဖြတ်ထား ပြီးပြီ ။ ဤသို့ဖြင့် မပျော် တစ်ဝက် အတွေးများ ဖြင့် အိပ်စက်ခဲ့ရ၏ ။
နောက်တစ်နေ့ နံနက် မှာ အချက်ပေးသံ ကြောင့် အိပ်ရာ မှ ထပြီး အလှည့်ကျ သန့်ရှင်းရေးအဖွဲ့ သန့်ရှင်းရေး လုပ်နိုင်ရန် နေရာ ဖယ်ပေးရသည် ။ အိပ်ရာ ၊ စောင် နှင့် ပစ္စည်းများ အားလုံး တစ်ဖက် တွင် စုပုံ ထားရသည် ။ သန့်ရှင်းရေး လုပ်ပြီးချိန် တွင် လူ စစ်သည် ။ ပြီးလျှင် မျက်နှာသစ် ရန် ထွက်ခဲ့ကြရ၏ ။ မျက်နှာသစ် ပြီးလျှင် ဘုရား ဝတ်ပြုရန် ၊ အလံတော် နှင့် ဘုရင်မင်းမြတ် ကို အရိုအသေ ပြုရန် ထောင်သား အားလုံး ကွင်းပြင် ဆီ သို့ တန်းစီ ထွက်ခဲ့ရသည် ။ ဘုရားဝတ်ပြု ၊ တရားထိုင် ၊ အရိုအသေ ပြုပြီး မှ နံနက်စာ စားရန် နှစ်ယောက် တစ်တွဲ ထမင်းရုံ သို့ တန်း စီဝင်ကြ ရသည် ။ ဘာလုပ်လုပ် စည်းစနစ် ကျရ၏ ။ မကျလျှင် အရိုက်အနှက် ခံရမည် ။ ထောင် ပေကိုး ။ ဘောင် ၊ စည်းစနစ် ဆိုတာ ရှိလို့ ထောင် ဟု ခေါ်ကြသည် ။ ကိုးဆယ့်ကိုးရာခိုင်နှုန်း မှာ မလုပ်ချင်လည်း လုပ်ရမည့် သတ်မှတ်ချက်များ ဖြစ်၏ ။
ကျွန်တော်တို့ တော့ ထောင်ကျပြီ ။
သူ့ နောက်မှ ပါလာသည့် အလုပ်ကြမ်း က ဘာပါလိမ့် ။
လာပါပြီ ။ မနက်စာ စားပြီး ငါးမိနစ် နားခွင့်ပေး၏ ။ ပြီးလျှင် အလုပ်ချိန် ခရာသံ ပေါ်လာ၍ အုပ်စုလိုက် တန်းစီးပြီး အလုပ်ခွင် ဝင်ရပြီ ။ လူသစ်များ ကိုတော့ အလုပ်ခွင် ထဲ မပို့သေး ။ ထောင် ၏ စည်းကမ်းချက်များ ကို သင်ကြားပေးရန် နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများ သာ လုပ်ခိုင်းသည် ။ အထူးသဖြင့် ထောင်ဝန်ထမ်း နှင့် တွေ့ ပါ က ခေါင်း ငုံ့ ကာ မလှုပ်မယှက် အရိုအသေ ပြုရန် ၊ ထောင်ဝန်ထမ်း ကျော် သွားမှ လုပ်စရာ ရှိတာ ဆက် လုပ်ရန် မှာ ကြား၏ ။ ထိုကိစ္စ ကို အရေးတကြီး ထပ်ခါထပ်ခါ မှာကြားသည် ။ မလိုက်နာ လျှင် ကွင်းပြင် ထုတ်၍ ကြိမ်တုတ် ဖြင့် အရိုက် ခံရမည် ။ နေပူ ထဲတွင် ကိုယ်တုံးလုံး ထားမည်ဟု မှာ ကြား၏ ။
လူသစ်တန်း မှာ နှစ်ရက် ထား ပြီးနောက် အလုပ်ခွင် သို့ ပို့သည် ။
ထောင်အလုပ် ကို စ လုပ်ရပြီ ။
အုတ်ပြား လုပ်သည့် အလုပ်ခွင် သို့ ဝင်ရသည် ။
ဘိလပ်မြေ ၊ အုတ် ၊ သဲ ၊ ကျောက်စရစ်များ ကို သမအောင် ရော မွှေရသည် ။ ရေ ဖြင့် ဖျော်ရသည် ။ ပြီးလျှင် ပုံစံခွက် ထဲသို့ လောင်းထည့်ကာ အခြောက် ခံရသည် ။ ပထမ သုံးလေးဒယ် မှာ တော့ လုပ်ရသည် ကို မမှု ၊ ငါးဒယ် ကျော် လာတော့ လက်များ ကျိန်းစပ် နေသည် ။ မဖျော်နိုင်တော့ ၊ သယ်ဖို့ ကလည်း မသယ်နိုင်တော့ ။ ဒါပေမဲ့ နား၍ မရ ။ တစ်ဒယ် လျှင် အုတ်ပြား ငါးပြားလောင်း ၍ တစ်နေ့ လျှင် အုတ်ပြား နှစ်ရာ ပြီးရမည် ဟု သတ်မှတ်ထားသည် ။ သန့်စင် က အားပေးစကား ပြော၏ ။
“ လေ့ကျင့်တယ်လို့ သဘောထားပေါ့ ။ ဟို ရောက်ရင် ပန်းရံ လုပ်တော့ ဒါမျိုးတွေ လုပ်ရမှာ ။ အတွေ့ အကြုံရတာပေါ့ ”
ကျွန်တော် ခေါင်းညိတ် နေရတော့သည် ။ ပင်ပန်းလိုက်ပါဘိ ။ အလုပ် လုပ်နေရင်း ထောင်ဘူးဝ မှာ လော်စပီကာကြီး ဖြင့် လှမ်းလှမ်း အော်နေသည့် အသံများ ကြားရသည် ။ လူနာမည် နှင့် အဖေနာမည် တွဲ ၍ ခေါ်သည် ဟု သိရ၏ ။ များ သောအားဖြင့် ထောင်ဝင်စာ လာ တွေ့သည့် တနင်္လာ ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များ ဆိုလျှင် ခေါ်သံများ တစ်မနက်ခင်းလုံး ကြားနေရ၏ ။ ထမင်းစားချိန် ပြီး လျှင်တော့ မရှိတော့ ။ ရုံး ထုတ်မည့် သူများ ကိုတော့ မနက်စာ ကျွေးပြီးချိန်မှာ ပင် ကွင်းပြင် ထဲ မှာ စုထားခိုင်းသည် ။ သူတို့ က ညနေပိုင်း ထမင်းစားချိန် မှ ပင် ရုံး မှ ပြန် ရောက်တတ်၏ ။
စနေနေ့ မှာ အလုပ်ချိန် နေ့ တစ်ဝက် သာ ဆင်းရသည် ။ သတ်မှတ် ထားသည့် အလုပ် မပြီးစီးပါ က နားခွင့် မရှိ ။ တနင်္ဂနွေနေ့ မှာ တော့ နားကြသည် ။ မနက်စာ ဆန်ပြုတ် တိုက်ပြီးသည် နှင့် တီဗွီ ကြည့်နိုင်သည် ။ ကျွန်တော် ထောင် ထဲ ရောက်မှ ပင် ထိုင်းတီဗွီအစီအစဉ်များ ကို သဘောကျမိသည် ။ စနေနေ့ နေ့လယ် တွင် တီဗွီ ၇ မှ တိုက်ရိုက် ဖွင့်ပြ သော စတိတ်ရှိုး အစီအစဉ် ကို လူတိုင်း ကြည့်ကြသည် ။ ကျွန်တော် က သူတို့ ဘာသာစကား ကို နားမလည်ပါ ။ သို့သော် အဆိုတော် ၏ ဟန်ပန်ကို ကြည့်၍ ပရိသတ် လက်ခံ ၊ လက်မခံလောက်တော့ နားလည်ပါသည် ။ ' ထုံချိုင်း ' ဟု ကျွန်တော်တို့ သိထားသော အဆိုတော် သရုပ်ဆောင် က ' ငရုတ်သီး ' သီချင်း ကို ကိုယ်တိုင် ငရုတ်သီး ပုံစံ ဝတ်စား၍ ဝီစီလေး မှုတ်ကာ သီချင်း ဆိုပုံ ကို သဘောကျမိသည် ။ နာမည်ကျော်လောက်အောင် ပင် သီချင်းဆို ကောင်း သည် ကို တွေ့ရသည် ။ ထို စနေနေ့မျိုး တွင် ကိုယ့် ဘာသာ အဝတ် လျှော် နိုင်သည် ။ ကျား ကစားနိုင်သည် ။ ဘောလီဘော ၊ ခြင်းလုံး ကစားနိုင်သည် ။ ညနေ လေးနာရီ အထိ အားလပ်ချိန် သတ်မှတ် ပေးသည် ။
ထောင် မှာ အများစု လုပ်ရသည့် အလုပ် မှာ ဘုရားမီးပူဇော်သည့် အတွဲလိုက် မီးပွင့်ကလေးများ တပ်ဆင် ရသည့် အလုပ် ဖြစ်သည် ။ ကျွန်တော်တို့ အား နေရာပေးခဲ့သည့် မွန်ကြီး နှင့် အတူ လက်နက်မှုဖြင့် ထောင်ကျသော ' ကိုမော် ' ဆိုသူလည်း မီးပွင့်လေးများ တပ်ဆင်ရသည့် အလုပ် လုပ်ရသည် ။ လေးယောက် တစ်တွဲ တပ်ဆင်ခိုင်းခြင်း ဖြစ်သည် ။ ကိုယ့် တာဝန် ပြီးလျှင် တခြား တစ်ဖွဲ့ သို့ ကူ လုပ်ပေးရသည် ။ မြန်မာအများစု မှာ တာဝန် ကျေကြသည် ။ အချိန်ပို ဘယ်တော့မှ လုပ်ရသည် မရှိ ။ ကိုယ့် အဖွဲ့ ထဲ ၌ ရုံးထုတ်မည့် သူ ပါလျှင် တာဝန်မှူး က တစ်ဦးစာ လျှော့ခိုင်းသည် ။ အမှု မပြီးသေးပေမယ့် အလုပ်တော့ လုပ်ရသည် ။
ထောင်ထဲ မှာ အလုပ် မလုပ်လိုလျှင် ဖျားနာကြောင်း သတင်းပို့ ၊ တာဝန်မှူး လာစစ်ဆေးပြီး ခွင့်ပြု မှ နား ရသည် ။ ဖျားနာသူများ သီးသန့်နား ရသည့် နေရာ သတ်မှတ် ပေးထား၏ ။ အာဂန္တု ဖျားနာသူများ သီးသန့်စု ထားသည် ။ ထို့ကြောင့် တော်ရုံတန်ရုံ မည်သူမျှ ဖျားနာချင်ယောင်မဆောင် ၊ အလုပ် စုလုပ်ရင်း စကားပြောရသည် က ပို၍ ပျော်ဖို့ ကောင်းသည် ။ တချို့ အလုပ်ကြမ်းသမားများ ကျတော့ စိုက်ခင်းများ ရေလောင်း ရသည် ။ မစင် ကျုံးရသည် ။ ထိုသူများ မှာ မုဒိမ်းသမားများ အများစု ဖြစ်သည် ။ မြန်မာများ မှာ ထမင်းရုံ ၌ တာဝန်ကျသူ များသည် ။ ပင်ပန်းပေမယ့် အနေအစား ချောင်သည် ။ အိပ် လျှင် အချုပ်ဆောင် မှာ ရေ ကို အချိန် မရွေး ချိုးခွင့် ရသည် ။ စားရ တာတော့ ပြောဖို့ မလို ။ ထမင်း ချက် လျှင် တော့ ချွေးဒီးဒီး ကျသည် ။ ဒယ်အိုးကြီးများ တွင် ရေနွေး ဆူအောင် တည် ၍ ဆန် ကို အိတ်လိုက် သွန်ချကာ ယောင်းမကြီးများ ဖြင့် ထိုးထိုး မွှေရသည် ။ ထမင်းနှဲ ထိုးသကဲ့သို့ ချက်ရသည် ။ ဟင်းချက် လျှင် လည်း အိုး အကြီးကြီးများ ဖြင့် ချက်ရ၏ ။ သို့သော် ထမင်းရုံ ရောက်လျှင် ကံကောင်း သည် ကို အားလုံး လက်ခံသည် ။
ထောင်ကျရက်လေး ရလာတော့ ကျွန်တော် နှင့် သန့်စင် လည်း ထောင်းပါး ဝလာ၏ ။ အထူးသဖြင့် တန်းစီ၍ ထမင်းရုံ ဝင်ရသည့် အခါ ' မ ' ဂဏန်းကျမည့် အတန်း ကို အလှည့်ကျ ရွေး၍ ဝင်သည် ။ “ မ ” ဖြစ်နေရင် လည်း ဟင်းခွက် က တစ်ဦး တည်း စားခွင့် ပေး၏ ။ အခြား အတန်း မှ “ မ ” ဖြစ်နေသူ နှင့် သွား စားရန် မလို ။ များသောအားဖြင့် နောက်ဆုံး မှာ တန်း စီဝင်သူများ မှာ သူများ တွေ ဝင် ထိုင်ပြီးချိန်တွင် ဟင်းအိုး နှင့် အနီးဆုံး နေရာတွင် ထိုင်ရ တတ်သည် ။ တစ်ခါတစ်ရံ လူ များလွန်း၍ တန်းလျား ပြည့် နေလျှင် ဟင်းအိုးများ ဘေး မှာ ထိုင်ရတတ်သည် ။ သစ္စာအဓိဋ္ဌာန် ဆိုပြီး၍ ထမင်းစားကြသည့် အခါ ဟင်းများ ပို နေလျှင် တာဝန်မှူး က ခွင့်ပြုသည် နှင့် ဟင်းအိုးရှေ့ မှာ လာရောက် တန်းစီ၍ ဟင်း ထပ် တောင်းနိုင်သည် ။ သန့်စင် နှင့် ကျွန်တော် ဟင်း အပို မရသည့် နေ့ မှာ ခပ်ရှားရှား ပင် ။ တစ်ခါတလေ မူဆလင်အဖွဲ့ နှင့် ကျလျှင် သူတို့ အတွက် သီးသန့်ချက် ထားသော ဟင်း ပင် စားခွင့်ကြုံသည် ။ ဟင်းညံ့လျှင်တော့ ကျွန်တော် တို့ နှစ်ဦး ပုံမှန် တန်းစီ၏ ။ ဘယ်နေ့ ဘာဟင်း ဆိုသည် ကို ထမင်းရုံ မှ မြန်မာ မှ တစ်ဆင့် သိနေရမြဲ ။
ကျွန်တော်တို့ နှစ်ဦး ထောင်ပါးဝ တာ ရှိသေးသည် ။
ထောင်အလုပ် ကို မလုပ်ဘဲ ရှောင်ခဲ့ပုံ ဖြစ်သည် ။ ထောင် မှာ က သတ်မှတ်ချက် ရှိသည် ။ လွတ်ရက် တစ်ရက်သာ လိုတော့သည့် အကျဉ်းသား အား ဗုဒ္ဓဘာသာဝင် ဖြစ်ပါက တရားစခန်း ဝင်ခွင့် ပြုသည် ။ တရားစခန်း ဝင် ရန် ကျွန်တော်တို့ အား ‘ ကိုမော် ’ က အကြံ ပေး၏ ။ တရားပြသူ က ‘ မွန်ကြီး ’ ဖြစ်သည် ။ သူ က လက်ထောက်တရား ပြသည့် တာဝန်ကျသည် ။ ထိုင်း တစ်ဦး က ထိုင်း လို ရှေ့မှ တရားစဉ်များ ချပေးသည် ။ မွန်ကြီး က လက်တွေ့ ပြ၍ ရှေ့မှ တိုင်ပေးသည် ။
ကျွန်တော် နှင့် သန့်စင် တရားစခန်း သို့ ကျွမ်းပစ် ဝင်ခဲ့သည် ။ မနက်စာ ဆန်ပြုတ်စားပြီးသည် နှင့် ကိုးနာရီ မှာ တရားစခန်း ဝင်ရ၏ ။ အချုပ်ဆောင် ( ၁ ) ၏ နေရာ ကို တရားစခန်း အဖြစ် သတ်မှတ်ပေးထားသည် ။ ဝိပဿနာတရား အားထုတ်ရ၏ ။ ထိုင် ၊ ထ ၊ လျောင်း စသည် ဖြင့် အဆင့်ဆင့် သင်ကြား ပေးသည် ။ ဝင်လေ ၊ ထွက် လေနည်း ၊ ကြွ ၊ လှမ်း ၊ ချ ၊ န ည်းများ ဖြင့် အားထုတ်ရသည် ။ မိမိ ဘာသာ တစ်ဦးတည်း သီးသန့် ထိုင် ၍ ရှုမှတ် လိုပါက ရှုမှတ်ခွင့်ပြုသည် ။ တရားပြသူ နှင့် ပူးတွဲ တရား မှတ်လိုပါက မှတ်နိုင်သည် ။ စကား လုံးဝ ပြောခွင့် မပြု ။ အိပ်ခွင့် မပြု ။
ဆယ်ရက်လောက် ကြာတော့ ကျွန်တော် ရော သန့်စင် ပါ ကဂျီကဂျောင် ဖြစ်လာသည် ။ အလုပ် မလုပ်ချင် လို့ တရားစခန်း ပြေးဝင်မိတာကို နောင်တရမိသည် ။ တရား ထိုင်ရသည် က ပို၍ ပင်ပန်းမှန်း သိသာသည် ။ စနေနေ့ မှာ ပင် နေ့ဝက် တရား အားထုတ်ရသည် ။ ကျွန်တော်တို့ မချိမဆံ့ ဖြစ်နေသည် ကို ကြားတော့ ‘ ကိုမော် ’ က ရယ်သည် ။
“ မင်းတို့ က တော်တော် ဇွဲနည်းတဲ့ ကောင်တွေပဲ ”
“ အစ်ကို က လည်း မလွယ်ဘူးဗျ ။ အစ ကတော့ ဟုတ်တုတ်တုတ် ”
“ ဟား ဟား ဘယ်နှရက် မှ မကျန်တော့ပါဘူး ။ ဆက် နေလိုက်ပါ ”
••••• ••••• •••••
ထောင်ထဲ မှာ ရန်ပွဲတွေ လည်း တွေ့ရသည် ။ မြန်မာများ ဖြစ်ကြသည် တော့မဟုတ် ။ ထိုင်းအမျိုးသားများ အုပ်စုလိုက် ဖြစ်ကြခြင်းပင် ။ အပြင် မှ ရန်စ များကြောင့် ဖြစ်ကြသည် က များသည် ။ လူငယ်များ အဖြစ်များ၏ ။ ဖြစ်ပြီး လျှင်တော့ အဖေ ကယ်ပါ ၊ အမေ ကယ်ပါ အော်ရ အောင်ပင် အဆော် ခံရသည် ။ ကွင်းပြင် မှာ ဝမ်းလျားမှောက် ၍ ကြိမ်ဖြင့် ဆော်သည် ။ အချုပ်ထောင် ကျဉ်းကျဉ်းလေး ထဲ မှာ ထားသည် ။ အပြင် လုံးဝ မလွတ် ၊ ထမင်း လာပို့သည် ။ ယောက်ျားချင်း ပလူးပလဲ လုပ်တာ တွေ့ လျှင် ကြီးလေးသော အပြစ် ပေးသည် ။ ခြေကျင်းပင် ခတ်သည် ။ နေပူ ထဲ၌ တစ်နေကုန် ကိုယ်တုံးလုံး ထား ကာ နေပူလှန်းသည် ။ မကြာခဏ ခေါ်ရိုက်သည် ။ တိုက်ပိတ်သည် ။ ဝန်ခံကတိ ထိုးခိုင်းသည် ။ အခြေအနေ ဆိုး လျှင် တစ်ဦး အား မိန်းမလျာဆောင် သို့ ပို့သည် ။
ထောင် ထဲတွင် မြန်မာလူမျိုး ဖြစ်ဖြစ် ၊ ကမ္ဘောဒီးယား ဖြစ်ဖြစ် ၊ လာအို ဖြစ်ဖြစ် ၊ ဘင်္ဂလားဒေ့ရှ် ဖြစ်ဖြစ် နှစ်ကြီးသမား အဖြစ် အကျဉ်းကျ ခံရပါ က ထိုင်းစာ သင်ခွင့်ပြုသည် ။ ကိုမော် လို နှစ်နဲ့ ချီစွာ အမှု ရင်ဆိုင်ရမည် ဆို လျှင်လည်း စာသင်ခွင့် ပြုသည် ။ တော်တော်များများ သင်ကြသည် ။ စနေ ၊ တနင်္ဂနွေနေ့များ တွင် သင်ပေးခြင်း ဖြစ်သည် ။ မုတ်ဆိတ်မွေး ၊ နုတ်ခမ်းမွေး ရိတ်ခွင့် ရှိသည် ။ ခြေသည်း ၊ လက်သည်း ရှည်လျှင် ညှပ်ထား ရသည် ။ ထမင်းစားရုံ ၌ ခြေသည်း ၊ လက်သည်း ရှည်နေသည် ကို တွေ့ ပါက အရိုက် ခံရသည် ။
ကျွန်တော် သုံးနှုန်း နေသည့် ‘ အရိုက်ခံရမည် ’ ဆိုသည့် အသုံးအနှုန်း မှာ လှန့်လုံး မဟုတ်ပါ ။ ထောင် ထဲ တွင် မကြာခဏ ကြုံတွေ့နေရ၍ ဖြစ်ပါသည် ။ ကျွန်တော်တို့ မြန်မာများ သည် တခြား စည်းကမ်းများကို လိုက်နာကြ သော်လည်း ထိုင်းဘုရင် ကို ချီးကျူးပူဇော်သည့် အခါ စိတ်ပါလက်ပါ မရှိလှ ။ သီချင်း ကို မရ၍ လိုက် မဆိုသည် ထက် မဆိုချင် ၍ မဆိုသည် က များသည် ။ မကြာခဏ ဆဲရေး ခံရသည် ။ ထောင်ဝန်ထမ်း တစ်ဦး ကို အရိုအသေ မပေးမိ၍ မြန်မာ နှစ်ကြီးသမား တစ်ဦး ကျော့ ကော့အောင် အရိုက်ခံရသည် ။ သို့သော် ကြုံတောင့်ကြုံခဲ မျှသာ ။ မြန်မာ လူမျိုးများ ၌ လုယက်မှု မရှိ ၊ လူသ,တ်မှု မရှိ ၊ ခိုးမှု မရှိ ၊ သို့သော်လည်း သစ်ခုတ်မှုသည် တရားမမှုကြီး ဖြစ်သည် ။ လက်နက်မှု လည်း ထို့ အတူပင် ။ ကျန် အမှုများမှာ လပိုင်းမျှသာ ခံရသော တရားမဝင် ခိုးဝင်မှုသာ ဖြစ်သည် ။ ထို့ကြောင့် ဒုစရိုက် ဖြစ်မှု နည်းသည် ။ ထောင်တွင်း စည်းကမ်း တော်တော်များများ မှာ မလိုက်နာနိုင်အောင် တင်းကျပ်မှု ဘာမှ မရှိ ။ တစ်ခုသာ ရှိသည် ။ မြန်မာများ ကို ထောင်ဝင်စာ လာတွေ့သူ မရှိပါ ။ သူများ တွေ ထောင်ဝင်စာ လာတွေ့သည် ကို ကြည့်၍ သူတို့ ပါလာသော စားဖွယ်သောက်ဖွယ်များ ကို မြင်လျှင် အိမ်ကို လွမ်းရသည် ။ ထို စိတ် နှင့် ပင် ထမင်းရုံ ရောက်သောအခါ အကြံအဖန် လုပ်ရသည် ။ ထောင်ဝန်ထမ်းများ မသိ၍ မဟုတ်ပါ ။ သိပါ၏ ။ ဥပက္ခာ ပြုထားသည် ။ တစ်ခါတစ်ရံ သူတို့ ကိုယ်တိုင် ပင်လျှင် ဟင်းများ လာ ထပ်ယူရန် ခေါ်ပေးတတ်သည် ။ ထမင်း မှာ လည်း လက် ထောင်လိုက်သည် နှင့် လိုက် ဖြည့်ပေးသူ အဆင်သင့် ။ ပန်းကန် မဆေးရ ၊ ဟင်း မှာ သုံးနပ် လျှင် တစ်ကြိမ် အသား ဟင်းပါ၏ ။ တစ်ခါတစ်ရံ ငါးကြော်ဖြစ်သည် ။ “ ပလာတူး ” ဟု ခေါ်သည့် ငါး ကို အကောင် လိုက် ကြော်ပြီး ဟင်းအရည် ကျဲကျဲ တစ်ခွက် ချပေးသည် ။ ထိုနေ့ အဖို့ ဟင်း အပို မပေး ။ ထောင်သားများ စား ၍ မကုန်သည့် ထမင်းကျန် ဟင်းကျန်များ ကို ဝက်စာ အဖြစ် အပြင် မှ ကား နှင့် လာ ယူသွားကြသည် ။ ကျွန်တော်တို့ မကြိုက်ဆုံး ဟင်း မှာ သုံးရက် တစ်ကြိမ် ဆန်ပြုတ် နှင့် တွဲ၍ စားရသော နီနီ အတုံးလေးများ ဖြစ်သည် ။ နှစ်ခါ ထက် ပို၍ ဖဲ့ မစားဖြစ် ။ ထိုင်းလူမျိုးတွေ က အလွန် ကြိုက်သည် ။ ကျွန်တော် တို့ ဆီ မှ အကျန် ကို တောင်း၏ ။ သူတို့ မှာ ရှိ သည့် ငါးပိထောင်း လို မျိုး ငရုတ်သီး အလွန်စပ်သည့် ဟင်းတစ်မျိုး ကို ပေးသည် ။ ဝက်သား နှင့် ကြံမဆိုင် အရည်ကျဲဟင်း ဆိုလျှင်တော့ မြန်မာများ အန်ထွက်အောင် စားလို့ ရသည် ။ ကိုယ့် စားပွဲ ပေါ်မှာ ပင် တခြား ဟင်းခွက်များ မှာ ကျန် နေတတ်၏ ။ သူတို့ က ဒီလို ဟင်းမျိုး ကို မကြိုက် ။ ကျွန်တော်တို့ အတွက်တော့ ဝ မခန်း စားရသော ဟင်း ဖြစ်သည် ။
တစ်ခါတော့ ပြင်ပ မှ အလှူရှင် က ဒန်ပေါက် ကျွေးသဖြင့် စားရသေးသည် ။ မြန်မာပြည် ဒန်ပေါက် ကဲ့သို့ ပင် ချက်ထားသည် ။ လိုက်ပွဲတော့ မရ ။
ထောင် ထဲမှာ ကျားကစား သည့် အခါ မြန်မာနှင့် ထိုင်း ကွဲပြားတာ ရှိသည် ။ ကျားကွက် မှာ တူလျက် ကျားကောင်ရေ ကျတော့ ဆယ့်နှစ်ကောင် ရှစ်ကောင် ကွာသည် ။ သူတို့ ၏ ရှစ်ကောင်ကျား မှာ ကင်း ရလျှင် တစ်ကောင် သာ စားရ၏ ။ ဆက်တိုက် စား၍ မရ ။ နှစ်ကောင် တစ်ကောင် ဖြစ်ရုံ နှင့် ပင် တစ်ကောင်သမား ရှုံးသည့် ကစားနည်း ဖြစ်၏ ။ ကြွားသည် ဟု မထင်ပါနှင့် ။ မြန်မာများ ကို သူတို့ ကျားကစား ရာ ၌ မယှဉ်နိုင် ။ ခြင်းလုံး မှာ တော့ သူတို့ သာသည် ။ ဘောလီဘော ကိုတော့ သူတို့ လည်း မကစားချင်ကြ ။ ပင်ပန်း၍ ဖြစ်သည် ။ စနေ ၊ တနင်္ဂနွေ ဆို လျှင် တီဗွီ ကြည့်သူက အများစု ဖြစ်သည် ။ ထောင် ထဲမှာ ဖြစ်၍ လား မသိ ၊ အဝတ်အစား ပျောက်တာမျိုး မရှိ ၊ ဘောင်းဘီ ဆိုလျှင် ရေကန် တစ်ဝို က်မှာ သွား ကောက်၍ ပင် ဝတ်နိုင်သည် ။ ဘတ် ၂၀ မျှ ပေးလျှင် ဝယ်လို့ ရသည် ။ ထောင် ထဲမှာ အဝတ်အစား သည် ဘာမှ တန်ဖိုး မရှိ ၊ အကောင်း စားများ ပါလာလျှင် ရောင်းစားကြသည် က များ သည် ။ ထောင် ထဲ မှာ တန်ဖိုးရှိသည် က ပွတ်ချွန်းဆေးလိပ် နှင့် နိုင်ငံခြားအိမ်သုံးဆေး သာ ဖြစ်သည် ။ ပွတ်ချွန်းဆေး သာ ရှိလျှင် နင်းနှိပ် ခိုင်းလို့ ရသည် ။ အဝတ်လျှော် ခိုင်းလို့ ရသည် ။
' ကိုမော် ' ရှိနေ သဖြင့် ဆေးလိပ် အတွက် တော့ မပူရ ။ သူ့ ကို သူ့ ရှေ့နေ က လာ တွေ့တိုင်း ပွတ်ချွန်းဆေး နှင့် အင်္ဂလိပ်သတင်းစာ ယူလာ ပေးသည် ။ သူ့ နာမည် နှင့် စာ လည်း လာတတ်သည် ။ ထောင် ထဲမှ စာ ပြန် ရေးလိုလျှင် စာအိတ် နှင့် တံဆိပ်ခေါင်း ဝယ်၍ ဗလာစာရွက် ၌ သာ ရေးသားနိုင်သည် ။ ရေးပြီးသား ကို အိတ် ထဲ မထည့်ဘဲ ပေး လိုက်ရ၏ ။ သူတို့ က တည်းဖြတ်ပြီး မှ ထည့်ပေးသည် ။ အပြင် မှ စာ များ လည်း တည်းဖြတ် ပြီးမှ ရောက်လာ သည် ။
ကျွန်တော့် ဘေးမှ ဦးလေးကြီး တစ်ယောက် ဆိုလှင် ညစဉ် စာ ရေးသည် ။ သူ့ မှာ စာချင်း ချစ်သူ ဖြစ်နေသူ ငါးယောက်ခန့် ရှိသည် ဟု သိရ၏ ။ ထိုင်းစာများ ကို ကျွန်တော် မဖတ်တတ်ပါ ။ သို့သော် ' ကိုမော် ' ပြောပြချက်အရ စာအရေးအသား အင်မတန် ကောင်းသည် ဟု ဆို၏ ။ သူ က နှစ်၂၀ အပြစ်ဒဏ် ကျသူ ၊ သူတို့ မဂ္ဂဇင်းများ တွင် စာချင်း ဆက်သွယ် ကာ ခင်မင် ရင်းနှီးလိုသည့် နာမည် နှင့် လိပ်စာများ ထည့်သွင်း ဖော်ပြပေး၏ ။ ကိုယ် က လှမ်း၍ ဆက်သွယ် လျှင် ဟို က ပြန် ဆက်သွယ်သည် ။ ဤသို့ဖြင့် သမီးရည်းစား ဖြစ်ကြသည် ဟု ဆိုသည် ။ ထိုင်း စာ တတ် လျှင် ကျွန်တော် ရေးမိ မှာ အမှန် ။
ထိုင်းစာ မရေးတတ်တော့ မြန်မာပြည် ကို ရေးရန် ' ကိုမော် ' အား အကြံ တောင်းသည် ။ ရည်းစား တစ်ဦး က မဟာဗန္ဓုလ ပန်းခြံလမ်း ရှိ လူမှုဖူလုံရေးရုံးချုပ် ၌ အလုပ် လုပ်နေသည် ။ သို့ရာတွင် အင်္ဂလိပ် လို ကျွန်တော် မရေးတတ် ။ ' ကိုမော် ' က လိပ်စာ ကို ရေးပေးရသည် ။ သို့ရာတွင် ကျွန်တော် လွတ်မည့် ရက် နှင့် တွက်လျှင် ပြန်စာ ရနိုင်ရန် မမီ တော့သဖြင့် မရေးဖြစ်တော့ပေ ။ အိမ် ကို တော့ မရေးချင် ။ အခက်အခဲ တွေ့နေသမျှ ကာလတစ် လျှောက် မဆက်သွယ် ဟု ဆုံးဖြတ်ထား၏ ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment