Wednesday, April 9, 2025

သော်တာဆွေ နှင့် ကြောင်ပြန်ပေး


 

❝ သော်တာဆွေ နှင့် ကြောင်ပြန်ပေး ❞
       ( ကျားဘညိမ်း )

နောက်တစ်နေ့ နံနက် ကျွန်တော်တို့ နှစ်ဦး မှာ မီလျှံနာသူဌေးကြီး နှစ်ဦး သဖွယ် အိပ်စက်ရာ မှ ထခဲ့သော် တယ်လီဖုန်း မှ အသံ မှာ ဆီးကြိုလျက် ရှိတော့သည် ။

“ ဟဲလို ... သော်တာဆွေ စကား ပြောနေပါတယ် ”

ဆရာသော်တာဆွေ က တယ်လီဖုန်း ကို ကောက် ကိုင်ကာ နားထောင်ရင်း ဖြေလေသည် ။

“ ဪဪ ကေသီခိုင် လား ၊ မော်လမြိုင် စကား ပြောနေတာလား ၊ လူနာ က စိတ်မချရသေးရင်လည်း နေပါဦးလေ ၊ ကေသီ ရဲ့ မိညို အတွက် အစွမ်းကုန် ကြိုးစား ပြီး ရှာပေးပါ့မယ် ၊ ဒီကနေ့ တောင် ကိုမိုးဝေ ကို ခေါ်မလို့ ဘဲ ၊ စုံထောက်တင်မောင်ဆွေ လေ ၊ အို ကြော်ငြာ မထည့် နဲ့ဦး ။ အဲသလောက် ဆုငွေ များရင် အရှာရ ခက်နေမယ် ၊ အင်း ... စိတ်ချပါ ၊ ကေသီ အတွက် ဆိုရင် သက်စွန့်ကျိုးပမ်း အမှုတော် ထမ်းဖို့ အသင့်ပါပဲ ”

ကျွန်တော့် ဘက် လှည့်၍ ဆရာသော်တာဆွေ က မျက်စိ မှိတ်ပြသေးသည် ။

“ အင်း ... ကျားဘညိမ်း လည်း မောင့်ကျားဘညိမ်း ဆိုတဲ့ လုံးချင်း အချစ် ဝတ္ထုကြီး ရေးဖို့ စီစဉ် နေပါတယ် ၊ အကြောင်း ကတော့ ယောက်ျားစိတ် ပေါက်နေတဲ့ မိန်းကလေး တစ်ဦး က လက်ဝှေ့ထိုး ဝါသနာ ပါပြီး လက်ဝှေ့ထိုး သင်ရာက ချစ်ကြိုးသွယ်မိတဲ့ ဇာတ်လမ်း တဲ့ ၊ ဟဲဟဲဟဲ ကိုဆွေ လည်း ရေးဖို့ စာအုပ်တွေ ဖတ်နေရသေးတယ် ”

“ ကိုင်း ....အကြောင်းထူး ရှိရင် ဆက်မယ်လေ ၊ ကေသီ တည်းတဲ့ အိမ်ကတော့ ကျိုက္ခနဲလမ်း အမှတ် ၅၀ ၊ ဟုတ်လား ၊ ကောင်းပြီ၊ ကောင်းပြီ ”

ဆရာသော်တာဆွေ က တယ်လီဖုန်း ကို ချလိုက်ပြီး “ သူ့ မိညို အတွက် ပူနေတယ် ၊ ဆုငွေ တစ်ထောင် တောင် အထုတ် ခိုင်းနေတယ် ” ဟု ကျွန်တော့် အား ပြောပြပါသည် ။

ကျွန်တော်တို့ နှစ်ဦး သည် အသင့် ပြင်ထားသော လက်ဖက်ရည်ပွဲ တွင် ဝင်ထိုင်ကာ စားသောက်ကြရင်း သတင်းစာများ ကို ဖတ်ကြပါသည် ။ တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲကြီး စတော့မည့် အကြောင်းနှင့် အတူ ကျွန်းဆွယ်မိသားစု အားကစားပြိုင်ပွဲကြီး အတွက် ပဏာမ လူစစ် လက်ဝှေ့ပွဲကြီးများ ကျင်းပတော့မည် ဖြစ်ကြောင်း အားကစား သတင်းများ တွင် ဖတ်ရှုရတော့သဖြင့် ...

“ ဆရာသော်တာဆွေ ရေ ကျွန်တော် လည်း အလုပ် များလာလိမ့်မယ် ၊ လက်ဝှေ့လူစစ်ပွဲ က ရှိနေတယ် ၊ ကျွန်တော်တို့ ကိစ္စ ကို ခပ်မြန်မြန် ပြီးအောင် လုပ်မှပဲဖြစ်မယ် ”

“ အေးလေ ၊ လုပ်ကြတာပေါ့ ၊ ရန်ကုန် ထဲ က မီးခံသေတ္တာ ပြင်တဲ့ သော့ပါရဂူတွေထံ သွားပြီး တီးခေါက် ကြည့်သေးတာပေါ့ ၊ ပြောနေကြာမယ်လေ ၊ အခုပဲ သွား ကြတာပေါ့ ”

ထိုအခိုက်တွင် မောင်ကျော် သည် တိုက် အပေါ်ထပ် သို့ တက်လာသဖြင့် ..

“ ဟေ့ ... မောင်ကျော် ရေ ၊ ကား ပြင်ဟေ့ ၊ တို့ ရန်ကုန် ထဲ သွားကြမယ် ”

ဆရာသော်တာဆွေ နှင့် ကျွန်တော့် အား တင်ဆောင်ကာ မောင်ကျော် သည် ပစ်ကတ်ကြီး အား ပြည်လမ်းမကြီး အတိုင်း မောင်းနှင်လေတော့သည် ။

“ ၂၇ လမ်း ထဲ မောင်းစမ်းဟေ့ ”

ဆရာသော်တာဆွေ က အမိန့် ပေး သဖြင့် မြို့ထဲ အရောက် တွင် ကားကြီး သည် ဒါလဟိုဇီလမ်း ( ယခု မဟာဗန္ဓုလလမ်း ) ဘက်မှ တစ်ပတ် ကွေ့၍ ၂၇ လမ်း ကို ချိုးဝင် လိုက်သည် ။ မီးခံသေတ္တာပါရဂူ ဟု ဆိုင်းဘုတ်ဆွဲ ထားသော ဆိုင်ငယ်ရှေ့ တွင် ကားကို ရပ်စေပြီး ဆရာ သော်တာဆွေ နှင့် ကျွန်တော် သည် အဆိုပါ ပါရဂူကြီး နှင့် တွေ့ဆုံရန် ဝင်သွားကြသည် ။ အဗ္ဗဒူဆွာလေ ဆေ့( ဖ် ) စပါယ်ရှယ်လစ် ဟု ရေးသားထားသည့် သုံးမြှောင့်သစ်တုံးကလေး ကို စားပွဲပေါ်မှာ တင်ထားပြီး ကုလားထိုင် ပေါ်မှာ ဝဝတုတ်တုတ် ခံ့ညားသော ဥပဓိရုပ် ရှိသည့် မုတ်ဆိတ်မွေး ဖားဖား နှင့် ကု,လားကြီး တစ်ယောက် ကို တွေ့ရသည် ။

“ အပ် ဘာရမာဘတ် ဂျန်တာ ”

ဆရာသော်တာဆွေ က အရေးတကြီး မေးလိုက်လေသတည်း ။

“ ကျွန်တော် မြန်မာစကား တတ်ပါတယ် ၊ လူကြီးမင်း တို့ အလိုရှိတာသာ အမိန့် ရှိပါ ခင်ဗျာ ”

ကု,လားကြီး အဗ္ဗဒူလ်ဆွာလေ က ပြန် ပြောသဖြင့် သော်တာဆွေ မျက်လုံး ပြူးသွားသည် ။ ပြီးတော့ ဟဲဟဲဟဲဟဲ နှင့် တစ်ချက် ဟဲလိုက်ခါ ။

“ စိန်ခြူးကြာညောင် ဘောလယ် ကို စန္ဒရား နဲ့ လိုက် တဲ့ ဂျမဒါကိုကိုကြီး ရဲ့ အဆက် အမီနာ ရဲ့ ဦးကြီးများ ဖြစ်နေမလား ”

ကျွန်တော့် ဘက် လှည့်၍ ပြောလိုက်ပြီးမှ ...

“ ဒီလို ခင်ဗျ ၊ ကျွန်တော့် နှမကလေး ကေသီခိုင် က ကြောင် ကို အလွန် ချစ်တယ် ၊ အဲဒါ သူ မရှိတုန်း ကျွန်တော် က အိမ် ရောက်သွားတော့ မီးခံသေတ္တာ ပွင့်နေတာ တွေ့တာနဲ့ ပိတ်လိုက်တာဗျာ ကြောင်ကလေး က အဲဒီ မီးခံသေတ္တာ ထဲ မှာ ပိတ်မိ နေတယ် ။ အခု ကျွန်တော့် နှမ ကလည်း ဒီမှာ မရှိဘူး ၊ သူ သိရင် အသည်းကွဲမယ် ၊ ဒါကြောင့် သူ မလာခင် အဲဒီ သေတ္တာ ကို ဖွင့်ချင်တယ် ၊ ကြောင်ကလေး ကို လည်း သနားစရာပေါ့ ၊ အသက် မှ ရှိ ပါ့ဦးမလား မပြောတတ်ဘူး ”

“ ဒီကိစ္စတော့ ကျွန်တော် အကူအညီ မပေးနိုင်ဘူး ခင်ဗျ ၊ ဝမ်းနည်းပါတယ် ၊ ရဲဘက် က အကူအညီ နဲ့ ဖွင့်ရင် ကောင်းမယ် ၊ နောက်ပြီး အဲဒီ သေတ္တာ က ဘာ အမျိုးလဲ ခင်ဗျ ”

“ ဆူပါဆေး ( ဖ် ) အမျိုးပါ ခင်ဗျာ ”

“ ဆူပါဆေး ( ဖ် ) အေးဂျင့် ဖြစ်တဲ့ အေရှ ရောင်းဝယ်ရေး ကုမ္ပဏီ မှာ မေးကြည့်ပါ ၊ ကုန်သည်လမ်း မှာ ရှိပါတယ် ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် သိပါပြီ ၊ ကျေးဇူးတင်ပါ တယ်ခင်ဗျား ”

အဗ္ဗဒူဆွာလေ အား ကျွန်တော်တို့ က နှုတ်ဆက်ပြီး ဆက်လက်၍ ကုန်သည်လမ်း ‘ အေရှ ရောင်းဝယ်ရေး ’ သို့ ထွက်ခဲ့ကြပါသည် ။ သို့သော် ဆရာသော်တာဆွေ ထင် သကဲ့သို့ မဟုတ် ၊ မလွယ်ကူပါ ၊ ကေသီခိုင် မှာ ယူ သော နေ့စွဲ နှင့် မီးခံသေတ္တာ ထုတ်ယူ သွားကြောင်း နေ့စွဲ တို့ ကိုပါ တွေ့ရှိရသော်လည်း မီးခံသေတ္တာ ၏ သော့ချက် ကိုမူ မသိရပေ ။

“ ကိုင်း ဒီ ကြောင်သတ္တဝါကလေး ရဲ့ အသက် ကို ကယ်မဲ့လူ မရှိပါကလားဟေ့ ”

ဆရာသော်တာဆွေ က အင်မတန် ကြင်နာ သနားဟန် လေသံဖြင့် မန်နေဂျာကြီး ရှေ့တွင် ညည်းညူရင်း ထွက်ခဲ့ကြပါတော့သည် ။

“ ကိုင်း နဝဒေးတိုက် ကို မောင်းစမ်းဟေ့ ”

ဆရာသော်တာဆွေက အမိန့် ရှိပြန်သဖြင့် နဝဒေး တိုက် ဘက်ဆီသို့ ထွက်ခဲ့ကြပြန်သည် ။ သို့သော် တွေ့ လိုသော ကိုမိုးဝေ နှင့် တက္ကသိုလ်နန္ဒမိတ်ကြီး တို့ ကို မတွေ့ရပါ ။ လူပျိုကြီး ကိုဌေးကြွယ် ကို သာလျှင် တွေ့ရပါ သည် ။ ကျွန်တော်တို့ နှစ်ဦးအား ပစ်ကတ် အသစ်ကြီး နဲ့ မို့ သူ က အတော် အံ့သြ သွားပါသည် ။

“ ဆရာသမားတို့ ဘယ်လို ဖြစ်လာတာလဲဗျ ”

ကိုဌေးကြွယ် ခေါ် ဗိုလ်ကြောင်နက် က တရိုတသေ ကျွန်တော် တို့ အား မေးသည် ။ အိမ်အလွန် ဆောက်လိုလှသော စာရေးဆရာ ဇင်အောင် သည်လည်း ကျွန်တော်တို့ အား ငေးမော ကြည့် နေသေးသည် ။

“ ဒီလိုပေါ့ဗျာ ၊ နိုင်ငံကျော်ကြီးတွေ ဆိုတော့ ”

ကျွန်တော် က ဖြေသည် ။

“ ကိုမိုးဝေ မလာဘူးလား ”

ဆရာသော်တာဆွေ က မေးသည် ။

“ ဒီအချိန်လောက် ဆိုရင် တော့ စုံထောက်တိုက် မှာ ရောက်ပြီ ထင်တယ် ”

“ ဒါဖြင့် ဆက်လိုက်ဦးမှပဲ ကိုကျားရေ ”

“ ကျွန်တော် လိုက်ခဲ့ရဦးမလား ”

ဗိုလ်ကြောင်နက် ခေါ် ကိုဌေးကြွယ် က မေးသည် ။

“ အို ... အရက်သောက်ဖို့ မဟုတ်ဘူး ၊ အလုပ် ရှိလို့ ”

ကျွန်တော် က တား လိုက်ရ၏ ။

ဝေါခနဲ ကျွန်တော်တို့ ပစ်ကတ်ကြီး ထွက်သွား သောအခါ ကိုဌေးကြွယ် မှာ လက်သည်း ကို ကိုက်ရင်း အကြံထုတ် ကာ ကျန်ရစ်နေသတည်း ။

ဘရုဒ်ကင်းလမ်း ( ယခု ဘိုကလေးဈေးလမ်း ) စုံထောက်ကြီး ကိုမိုးဝေ သို့မဟုတ် အလွတ်စုံထောက်ကြီး တင်မောင်ဆွေ အား မွေးထုတ် ပြုစုနေသူ အား အခန့်သင့် ပင် တွေ့ရသည် ။

“ ကိုင်း ဆရာသော်တာဆွေ ရေ ကျွန်တော်တို့ စကား လွတ်လွတ်လပ်လပ် ပြောလို့ ရအောင် မောင်ကျော် ကို ပြန် လွှတ်လိုက် ”

“ အိမ်း .... ကောင်းသားပဲ ” တစ်ဆက်တည်းပင် “ မောင်ကျော် ပြန်နှင့်ဟေ့ ၊ ဟိုတယ်ဒီစီတီး က ကြက် ကောင်လုံးကျော် သုံးကောင် လောက် ဝင်ဝယ်သွားကွာ ၊ တို့ဘာသာ လာခဲ့မယ် ၊ ဧည့်သည် လည်း ပါလာမယ် ”

“ ဟုတ်ကဲ့ဆရာ ၊ စိတ်ချပါ ”

“ ပိုက်ဆံ ယူသွားဦးလေ ”

ဆရာသော်တာဆွေ က ထုံးစံအတိုင်း အိတ် ထဲ နှိုက်ပြန်သည် ။

“ နေပါစေ ဆရာ ၊ ဒီမှာ ပါတယ်လေ ”

မောင်ကျော် က ကား ကို မောင်း၍ ထွက်သွားသည် ။

“ ကိုင်း .. ကိုမိုးဝေ လွတ်လွတ်လပ်လပ် စကား ပြောရအောင်ဗျာ ”

ကျွန်တော် က စကား စ လိုက်သည် ။

“ ခ ... ခ ... ခဏ... ကလေးပါ ၊ နှစ် ... နှစ်ဖောင် စာပဲ ကျန်ပါတော့တယ် .. ဒါလေး ပြီးရင် .. သွား ... သွားတာပေါ့ ”

ကိုမိုးဝေကြီး က ထစ် နေသေးသည် ။

“ ထိုင် ... ထိုင် ... ထိုင်ကြပါဦး ” ဆိုသဖြင့် ထိုင်၍ သူ စာရေး နေသည်ကို စောင့်နေကြရသည် ။ ထိုအခိုက် တင်းကုတ်တင်အေး ဝင်လာပြီး နဝဒေးအယ်လ်ဘမ် အခန်း အတွက် ဓာတ်ပုံ စုဆောင်း နေကြောင်း ပြောလာပြီး ...

“ ဆရာတို့ ဓာတ်ပုံကောင်းများ ရှိရင် ပေးစမ်းပါဦး ၊ နဝဒေးအယ်လ်ဘမ် မှာ ဖော်ပြချင်လို့ ”

“ အင်း ... နောက်ကြုံရင် ပေးတာပေါ့ဗျာ ”

“ မဟုတ်ဘူးဆရာ ၊ အခု ပုံ လိုနေလို့ ”

“ လိုနေရင်လည်း ထည့်စရာ မရှိရင် ကိုတင်အေး ခယ်မဓာတ်ပုံ ထည့်ပါလား ”

“ ဟို .. ဟို ”

တင်းကုတ်တင်အေး ကြောင် သွားသည် ။ နှစ်နာရီလောက် စောင့်ပြီး မှ ကိုမိုးဝေ က သူ့ ရေးလက်စ ရှိပြီးသော နှစ်ဖောင်စာ ကို အဆုံးသတ်၍ ရသည် ။

“ ကိုင်း ... ကိုင်း ... သွားကြစို့  ”

ကိုမိုးဝေ က အသင့် ဖြစ်ကြောင်း ပြောသဖြင့် သုံးဘီးကား ငှားပြီး ရန်ကုန်ဘား သို့ ထွက်ခဲ့ကြပါတော့ သတည်း ။

“ ဒီလိုဗျ ”

ဆရာသော်တာဆွေ က စကား စလိုက် သောအခါ အလွတ်စုံထောက်တင်မောင်ဆွေ ၏ ဟန်အမူအရာ ဖြင့် နံရံ ပေါ်မှ ပွင့်ရိုက်သရက်ထည် ကို မလုံတလုံ ဝတ်ထားသော ဆလုံသူ အပျိုချော ဆိုသည့် ဆီဆေး ပန်းချီကား ကို ငေးနေရာ မှ လက်တွင်းရှိ စီးကရက်တို ကို ထိုးချေကာ -

“ ဆို ... ဆို ဆို .. စမ်းပါ  ”

ဟု စကား ဆက်လိုက်သည် ။ စားပွဲထိုးကလေး လာရောက် ချပေးသော ရမ်အသေး တစ်လုံးမှ အရက်များ ကိုလည်း သူ နှင့် သော်တာဆွေ အတွက် ငှဲ့ ၍ ကျွန်တော့် အတွက် ဘီယာ မှာလိုက် သေးသည် ။

“ ကျွန်တော့် နှမဝမ်းကွဲ ပေါ့ဗျာ ၊ တလောက ဆုံးသွား တဲ့ သူဌေး ဦးတက်တိုး ရဲ့ ဇနီးပေါ့ ၊ သူ က အင်မတန်မှ ကြောင် ကို ချစ်တယ်ဗျ ၊ သူ့ ကြောင်နာမည် ကတော့ မိညို တဲ့ ၊ မနေ့တစ်နေ့ က သူ လည်း မရှိဘူး ၊ ကျွန်တော် နဲ့ ကျားကြီး သူ့ အိမ် အလည် သွားကြတုန်းမှာ သူ့ မီးခံသေတ္တာ ပွင့်နေတာ မြင်တာ နဲ့ အရမ်း ပိတ် လိုက်တာ ကြံကြံဖန်ဖန် ကြောင် က မီးခံသေတ္တာထဲ ပါသွားတယ် ခင်ဗျ ”

“ ဟင် ... သ ... သ ... သနားစရာပေါ့ဗျာ ”

ကိုမိုးဝေကြီး က စုတ်တသတ်သတ် ဖြင့် ပြောရှာသည် ။

“ အဲဒီတော့ သူ မလာခင် ဒီ ကြောင် ကို ထုတ်နိုင်မှဗျ ”

“ ဟုတ် .. ဟုတ်တာပေါ့ ”

“ အဲဒါ ဆရာ့ အကူအညီ လိုနေတယ် ”

ကျွန်တော် က ဝင် ပြောပေးသည် ။

“ အင်း ... ဘယ်လို ကူညီ ပေးရမလဲ ” ( အမြဲတမ်း စကား မထစ်ပါ )

“ မီးခံသေတ္တာ ဖွင့်ပေးရမှာပေါ့ ”

“ မီး .. မီးခံသေတ္တာ က ... ဘာဘာ အမျိုးလဲ ”

“ ဆူပါဆေ့ဖ် ဆရာရေ့”

“ အေး ... အေး ... အဲဒါမျိုးတော့ မကြုံဖူးဘူး ... စမ်း ... စမ်းကြည့်ကြ သေးတာပေါ့ ”

“ ကိုင်း .... ဒါဖြင့် ကျွန်တော်တို့ ‘ ရတနာဂေဟာ ’ ကို သကြားမဂျစ် ရဲ့ မော်တော်ကား နဲ့ ပဲ သွားကြမယ်လေ ”

ကျွန်တော် က ပြော၏ ။

ကျွန်တော်တို့ သုံးဦးစလုံး စတင်လေမဂျစ် နေထိုင်ရာ လမ်း ၃ဝ သို့ ထွက်ခဲ့ကြသည် ။ သူ့ အခန်း ရှိရာ သုံးဆင့်တိုက် သို့ တက်၍ တံခါး ခေါက်လိုက်သောအခါ အဆင်သင့်ပင် သကြားမဂျစ် ခေါ် စတင်လေမဂျစ် ကို တွေ့ရပါသည် ။

နိုင်ငံကျော်စာရေးဆရာကြီးများ ဖြစ်သည့် ဆရာ သော်တာဆွေ နှင့် ကိုမိုးဝေ တို့ အား စတင်လေမဂျစ် နှင့် အပြန်ပြန် အလှန်လှန် မိတ်ဆက်ပေးလိုက်ရာ တစ်ခဏ နှင့်ပင် ရင်းနှီးသော မိတ်ဆွေကြီးများ သဖွယ် ခင်မင်သွား ကြပါတော့၏ ။ သကြားမဂျစ် မှာ လည်း ကျွန်တော် ကဲ့သို့ ပင် မိတ်ဆွေအပေါင်းအသင်း များ၍ ခင်မင်တတ်သူ ဖြစ်ပါ၏ ။

“ စတင်လေ ကျွန်တော်တို့ ကို အင်းလျားဘက် လိုက်ပို့ပေးပါဦးဗျာ ”

“ အိုကေ သွားတာပေါ့ ”

ချက်ချင်းပင် သူ သည် အဝတ်အစားများ လဲပြီး လိုက်ရန် ပြင်ဆင်လေသည် ။ ကျွန်တော်တို့ လေးဦး တိုက်ပေါ်မှ ဆင်းလာသော အခါ သူ့ တိုက် ရှေ့တွင် ထိုင်နေကြသော ပါကစ္စတန်အမျိုးသား များမှာ ဝုန်းဝုန်းဝုန်းဝုန်း နှင့် ဝင်ပြေးကြသည် ကို တွေ့ရ သဖြင့် ကျွန်တော် က

“ စတင်လေ ဘာဖြစ်တာလဲဗျ ”

ဟု မေးလိုက်ရာ ..

“ ဘာရိုင်လ်ကရင်း ‘ မ ’ မလိမ်းရသေးလို့ဗျို့ ”

ဟု ဆရာသော်တာဆွေ က နောက်သေးသည် ။

“ ကျွန်တော့် ကား စက် မနိုးရင် တွန်းပေးရလွန်းလို့ ကု,လားတွေ က လန့်နေတယ် ၊ ဒါကြောင့် ကျွန်တော် ဆင်းလာတာ မြင်လို့ ဝင်ပြေးကြတာ ”

“ ဪ .. ဒီလိုကိုး ”

ကျွန်တော်တို့ သုံးဦးစလုံး က ပြောလိုက်ခြင်း ဖြစ်သည် ။

စတင်လေမဂျစ် မှာ ဆေးတက္ကသိုလ် မှ ဒေါက်တာလောင်း ဖြစ်သည် ။ ဆေးတက္ကသိုလ် နှင့် နေအိမ် အသွား အပြန် စီးရန် အတွက် သူ ၏ ဖခင် ဖြစ်သူ ထံမှ မော်တော်ကား တစ်စီး ဆွဲယူလာရာ ကားမှာ ဆီစား နည်းသည့် အင်္ဂလိပ်လုပ် အောင်စတင် “ ဂ ” ဖြစ်သည် ။ မူရင်း သူ ဆွဲ ယူလာသော အောင်စတင် “ ဂ ” ကို လက်ဝှေ့ကျော်ဟောင်း တစ်ဦး ဖြစ်သူ ဟံသာဝတီဦးစိုးမြင့် အား သူ က ရောင်းပစ် ပြီး ထပ်မံ ငွေဖြည့်ကာ ပိုမို၍ စက် အခြေအနေ ကောင်းမွန် သော အော်စတင် ‘ ဂ ’ တစ်စီး ကို သူ က ထပ်မံ ဝယ်ယူပါ သည် ။ သူ့ အား ရောင်းလိုက်သူ က ဤ အော်စတင် ‘ ဂ ’ ကားမှာ အလွန် လာဘ်လာဘ ရွှင်ပြီး ၎င်း ကား နှင့် အလုပ် လုပ်ရပါလျှင် အားလုံး အဆင်ပြေသည် ဟု ပြောသည့် အချက် ကို စတင်လေမဂျစ် က ၎င်း ကား အပေါ်တွင် သဘောကျသော အကြောင်း လည်း ဖြစ်ပေသည် ။

ကျွန်တော် က လည်း ကျွန်တော်တို့ ၏ ကြောင်ပြန်ပေးမှုကြီး ကို အထမြောက်အောင်မြင်စေရန် ဤ ကားဖြင့် ကြံစည်လိုက်ခြင်းပင် ဖြစ်သည် ။ ကျွန်တော်တို့ လက်ဝှေ့သမားများ မှာ အယူ ရှိတတ်ပေသည် ။

လေးဦးသား ကားပေါ် တက်၍ စက်နှိုးလိုက်ရာ ကား မှာ အလွယ်တကူပင် နိုးလေသည် ။ စတင်လေမဂျစ် သည် သူ၏ အော်စတင်ကားကလေး ဖြင့် ကျွန်တော်တို့ သုံးဦး အား တင်ဆောင်ကာ ကေသီခိုင် ၏ ရတနာ ဂေဟာကြီး သို့ လိုက်ပို့ရန် ထွက်ခဲ့လေသည် ။

ကားကလေးမှာ လမ်း ၃ဝ မှ ဒါလဟိုဇီလမ်း ( မဟာဗန္ဓုလလမ်း ) အရှေ့ဘက်သို့ ထွက်၍ မောင်ထော်လေးလမ်း ( ဗိုလ်ဆွန်ပက်လမ်း ) မှ ချိုးဝင်ကာ ဗိုလ်ချုပ်လမ်း အရောက် အနောက်ဝဲဘက် သို့ ချိုး၍ ပြည်လမ်း အရောက် မောင်းခဲ့ လေသည် ။ လမ်း တစ်လျှောက်လုံး စတင်လေမဂျစ် က သူ့ ကားကို ဘယ်ဘက် ချိုးမည် ၊ ညာဘက် ချိုးမည် စသဖြင့် အချက်ပေး လက်တံ ကို သူ့ ညာဘက် ကို ချိုးမည် လုပ်တိုင်း သူ က လက်ဖြင့် ဆွဲချပြီး ချိုး ပြီးလျှင် လက် ဖြင့်ပင် ပြန် တင်ရှာသေးသည် ။ ဘယ်ဘက် ချိုးလျှင် ကျွန်တော် က ၎င်း အချက်ပြလက်တံ ကို ချရေးတင်ရေး တာဝန် ယူရပါသည် ။ ကားကလေး ၏ စက်သံ မှာ မူ အတော်ပင် မှန်၍ ကောင်းမွန် သဖြင့် ကျွန်တော် က

“ ကိုမိုးဝေ ခင်ဗျား စုံထောက်တင်မောင်ဆွေ မောင်းတဲ့ ရေးနိုးလ်ကား နဲ့ ဘယ့်နဲ့ နေသလဲ ”

ကိုမိုးဝေကြီး က “ ဟဲဟဲ ဟဲဟဲ ” ရယ်ရင်း က ..

“ တစ်မျိုးစီ ... စီ ...ပေါ့ဗျာ ၊ ဟိုး ... မြို့မငြိမ်း ရေး ... ရေးခဲ့တဲ့ ... ဘီးစပတ်ကြီးကြီးလည်း သူ့ ခေတ် နဲ့ သူ .. သူ တွင်ကျယ် ဆိုသလိုပေါ့ ”

စတင်လေမဂျစ် က ဝင်ပြီး

“ ကျွန်တော့် ကား က ဆီစား နည်းတယ် ၊ ပြီးခဲ့တဲ့ စနေနေ့ က ဆီတစ်ဂါလန် ထည့်ထားတာ ဒီကနေ့ ပါဆိုရင် ငါးရက် ရှိပြီ ၊ မထည့်ရသေးဘူး ”

“ ဟုတ် .. ဟုတ်တယ် ၊ အင်္ဂလိပ်လုပ်ကားတွေ က ဆီစား နည်းတာတော့ သေချာတယ် ”

ကိုမိုးဝေကြီး က ထောက်ခံသည် ။

“ စတင်လေ တစ်နေ့ က ဒီကား ကို နောက်က ဝင်အ တိုက်ခံရတယ်ဆို ”

ကျွန်တော် က မေးသည် ။

“ ဟုတ်တယ် ၊ တိုက်ဂါး ရေ ၊ ကျွန်တော် က ပဲ တောင်း ပန်လိုက်ရတယ် ”

“ ဟင် ... ဘယ်လိုကြောင့် လဲ ”

ဆရာသော်တာဆွေ က မေးပြန်သည် ။

“ အို ကျွန်တော့် ကား က အဲဒီ အချိန်က လိုင်စင် ကလည်း မရသေးဘူး ၊ ဒါကြောင့် ကိစ္စမြန်မြန် ပြီးအောင် ဝင်တိုက်တဲ့ လူ ကိုပဲ ကျွန်တော် က တောင်းပန်လိုက်ရ တယ် ၊ အခုတော့ လိုင်စင်လဲ ပြီးပါပြီ ”

ပြည်လမ်းမကြီး ပေါ်တွင် ကျွန်တော်တို့ စီးနင်းလာ သည့် အောင်စတင် ကားလေး အား ကားအသစ် ပေါင်းစုံ တို့သည် ကျော်လွှား သွားကြပြီး နောက် ကျွန်တော်တို့ ကားကလေး မှာ ကေသီခိုင် ၏ အိမ်ဂေဟာ သို့ ရောက်ခဲ့ ကြတော့သည် ။ အရန်သင့်ပင် ဆီးကြို နေသော ဒရိုင်ဘာ အား တွေ့ကြရသည် ။

“ တိုက်ဂါး ကျွန်တော် ပြန်မယ် ”

စတင်လေမဂျစ် က နှုတ်ဆက်သည် ။

“ အိုကေ အရေးအကြောင်း ရှိရင် ကျွန်တော် ခင်ဗျား ကို ဖုန်း နဲ့ အကြောင်းကြားမယ် ”

ကျွန်တော် က သူ့ ကို နားနား ကပ်၍ တိုးတိုး အချိန်း အချက် လုပ်သေးသည် ။ အားလုံးကို ပင် နှုတ်ဆက်၍ စတင်လေမဂျစ် ပြန် သွားတော့၏ ။

ဆရာသော်တာဆွေ ၊ ကိုမိုးဝေ နှင့် ကျွန်တော်တို့ သုံးဦး မောင်ကျော် ပြင်ပေးသော ဝိုင်းတွင် ထိုင်ကြလေသည် ။ ထုံးစံအတိုင်း ပင် ဆရာသော်တာဆွေ က မောင်ကျော် အား ဖိတ်ခေါ် သေးသည် ။ သုံးပတ်မျှ သူတို့ သုံးဦး လှည့် မိကြသောအခါ ...

“ ကိုင်း ... မောင်ကျော်ရေ ၊ ကိုမိုးဝေ နဲ့ ကိုယ့် အတွက် ဗက်ဆစ်စတီးနိုင်း တစ်ပုလင်း မြို့ထဲ သွားဝယ် ပေးပါဦး ၊ စုံထောက်ကြီး က ဗက် မှ ကြိုက်သကွ ဟဲဟဲ ... ဟဲဟဲ ”

ဆရာသော်တာဆွေ က မောင်ကျော် ကို ပ ထုတ်လိုက်ခြင်းဖြစ်သည် ။

“ ဟုတ်ကဲ့ ဆရာ ကျွန်တော် သွားဝယ်ခဲ့ပါ့မယ် ”

မောင်ကျော် ထွက်သွားပြီး နောက် အကင်းပါးသူ ကိုမိုးဝေ က “ ကိစ္စ ဆိုကြပါဦး ” ဟု ကျွန်တော် တို့ ကို စကားစလိုက်သည် ။

“ ကိစ္စကတော့ ”

ဆရာသော်တာဆွေ က စလိုက်၏ ။

“ ကေသီခိုင် ဆိုတဲ့ မုဆိုးမ သူဌေးမကလေး က စာဖတ်ပရိသတ် တစ်ဦးပေါ့ ခင်ဗျာ ၊ သူ က ကြောင် ကို အလွန် ချစ်ပြီးတော့ တယုတယ ထားတဲ့ မိညို ဆိုတဲ့ ယိုဒယားကြောင်မကလေး ဟာ သူ မော်လမြိုင် မသွားခင်မှာပဲ အဲဒီ အိမ် ပေါ်က ပျောက်ဆုံး သွားတယ် ၊ အဲဒီ ကိစ္စ ကျွန်တော့် ကို အပူကပ်ပြီး မရအရ ရှာပေးပါတဲ့ ၊ ဒီ ကြောင် ဘယ် ရောက် နေတယ် ဆိုတာ ကိုလည်း ကျွန်တော် သိပါတယ် ”

ကျွန်တော် က မျက်လုံး နည်းနည်း ပြူးသွားတယ် ။ ဆရာသော်တာဆွေ ဘယ်လို အကြံ နဲ့ ပြောသလဲ ။ ကျွန်တော် မသိ ၊ ကိုမိုးဝေကြီး ကတော့ နံရံ မှ ကေသီခိုင် ၏ ပုံတူရေး ပန်းချီ ဆီဆေးကားကြီး ကို မော့ကြည့်နေရင်းက “ ဝှီ ” ကနဲ တင်မောင်ဆွေ ၏ စတိုင်မျိုးဖြင့် လေ ကို တစ်ချက် မှုတ်ထုတ်ကာ ...

“ အင်း ခင်ဗျား .. သိ ... သိ ... သိထားရင် ဆို ဆိုစမ်း ”

“ ဒီလိုဗျ ဒီလို ၊ ကျွန်တော်တို့ ဒီ အိမ်ကြီး ပေါ်မှာ ကေသီခိုင် ရဲ့ ခွင့်ပြုချက် အရ စာရေးဖို့ ရောက်လာတော့ ဒီကြောင် ကို တွေ့တယ် ၊ တွေ့ရတာ ကလည်း ကြံကြံဖန် ဖန်ဗျ ၊ မီးခံသေတ္တာ ထဲမှာ တွေ့ရတယ် ၊ မီးခံသေတ္တာကြီး ကလည်း ပွင့်လို့ ၊ ဒါနဲ့ ကျွန်တော် က လည်း ဝမ်းသာအား ရ ထွက် မပြေးနိုင်အောင် ဆောင့် ပိတ်လိုက်တာပေါ့ ၊ ပြီး မှ ပြန်ဖွင့်ဖို့ သတိ မရတော့ဘဲ ကြောင်ကလေး လည်း အထဲ မှာ ပိတ်မိနေတာပဲ ၊ အဲဒီတော့ အင်မတန် သနားစရာ ကောင်းတဲ့ သတ္တဝါကလေး ကို ကျွန်တော်တို့ ကယ်မှ ပဲ ကေသီခိုင် သိရင်လည်း ယူကျုံးမ ရဖြစ်ပြီး အသည်းကွဲ မယ်ဗျ ၊ ဒါကြောင့် ဒီ မီးခံသေတ္တာ ကို ဖွင့်ပေးစေချင်တယ် ”

“ အင်း မီးခံသေတ္တာ ဖွင့်ဖို့ကတော့ မလွယ်ဘူးဗျ ၊ ဒါပေမဲ့ စမ်း .. စမ်းကြည့်သေးတာပေါ့ဗျာ ”

ကိုမိုးဝေကြီး က ဟန်ပြင် လိုက်သည်တွင် ဆရာသော်တာဆွေ က ရှေ့ဆောင်၍ ကေသီခိုင် ၏ မီးခံသေတ္တာဝှက် ရှိရာ အခန်း သို့ ရောက်ခဲ့ကြတော့သည် ။

မီးခံသေတ္တာ ပိတ်ထားရာ နေရာသို့ ဆရာသော်တာဆွေ က ခလုပ် နှိပ်၍ ဖွင့်လိုက်သည် ။

“ အား ... အား ... ဆူပါဆေ့ ( ဖ် ) ကြီးပဲ ”

ကိုမိုးဝေ က ပြောသည် ။ ခလုတ်များ ကို ဘယ်ညာ ပြောင်း၍ နည်းမျိုးစုံဖြင့် ကိုမိုးဝေကြီး က လှည့် ကြည့်သည် ၊ နောက်ပြီး မီးခံသေတ္တာကြီး ကိုလည်း နား နှင့် ကပ်၍ ထောင် သေးသည် ။ သို့သော် မည်သို့မှမ ထူးခြား ။ နှစ်ဆယ့်ငါးမိနစ် တိတိ ကိုမိုးဝေကြီး က ကြိုးစားပမ်းစားနှင့် ဖွင့်သော် လည်း မီးခံသေတ္တာကြီး မှာ ပွင့်မည့် အရိပ်အယောင် ကို လုံးဝ မပြချင် ။

ထိုအခိုက်တွင် အံ့သြ ဝမ်းသာစရာ ‘ ညောင်ညောင် ’  ခနဲ ကြောင် အော်သံ ကို ကျွန်တော်တို့ သုံးဦးစလုံး အတိုင်းသား ကြားရသည် ။

“ ဟော .. ဒီအသံ က အ .. အခန်းထဲကပဲ ”

ကိုမိုးဝေကြီး က ပြောသည် ။ ဆပ်ပြာသည် လင်ပျောက်သော မျက်နှာထားမျိုး ဖြင့် ကျွန်တော်တို့ သုံးဦးစလုံး ရှာကြသည် ။ ကြောင် အော်သံသည် ကေသီခိုင် ၏ အဝတ်ဗီရို အပေါ်ထပ် မှ ထွက်လာခြင်းဖြစ်၏ ။ ခေတ္တမျှအကြာတွင် ခေါင်းနှစ်လုံး ပြူးထွက် လာသည် ။

“ အလို ... လက်စသတ်တော့ မိရွှေညို က လူကြီးတွေ မသိအောင် စခန်းသွား နေတာကို ”

ဆရာသော်တာဆွေ က လုံချည် ကို ခါးတောင်းကျိုက် လိုက်သည် ။

“ ဟေ့ ... ဆရာ ၊ ခင် .. ခင်ဗျား ပြော ... ပြော တော့ .... မီးခံသေတ္တာ ထဲမှာဆို ”

“ အို .. ကျုပ်လည်း မူးမူးနဲ့ မြင်မိတာ ဖြစ်မှာပေါ့ ၊ အခု ဒီ ကြောင် မိဖို့ အရေးကြီးတယ် ”

“ ဘယ် ဘယ် ... ဘယ်ကြောင် ဖမ်းရမလဲ ”

“ ကြောင်မ ကို ဖမ်းရမှာပေါ့ ၊ ကိုင်း ... တံခါးပိတ် ထားကြဗျို့ ”

ကျွန်တော် က အခန်းတံခါး ကို ပိတ်လိုက်သည် ။ ခါးတောင်း ကို မြှောင် နေအောင် ကျိုက်ထားသည် ။ ဆရာ သော်တာဆွေ သည် လွှားခနဲ နေအောင် ဗီရို ထက်သို့ ခုန်၍ တက်သည် ။ ကြောင်နှစ်ကောင် က ပေါ့ပါးစွာ ကေသီခိုင် ၏ ခုတင် ပေါ် သို့ ခုန်ဆင်း လာကြ၏ ။

“ မြည် မြည် ... မြည် ”

ကိုမိုးဝေကြီး က ကြောင်ကလေးများ ကို ချော့၍ ခေါ်လေရာ ကြောင် နှစ်ကောင် မှာ အလိုက်သင့် လိုက်လာကြသည် ။ ကြောင်ကလေး ကို ပွေ့ယူ၍ ကတ္တီပါ ကြောင်ညိုကြီး ကို ကိုမိုးဝေ က တံခါး ဖွင့်၍ မောင်းထုတ် လိုက်သည် ။

“ ဟေ့ ... ကျားကြီး လုပ်ပါဦးကွ ”

ဆရာသော်တာဆွေ သည် ဗီရို ထက် မှ ကုန်းကွကွ နှင့် ဆင်းရ ခက်နေသည် ။

“ အံမယ် ... ကိုဗျတ္တ အဆင်းအတက်တွေ မရတော့ ဘူးလား ၊ ခုန်သာချပါ ”

ကျွန်တော်က နောက်ပြီးမှ စားပွဲ နှင့် ကုလားထိုင် ဆင့်ကာ ဆရာသော်တာဆွေ အား ဆင်းစေရသည် ။ အဆင်သင့်ပင် အဝတ်ဟောင်း ထည့် သော ကြိမ်ဖြင့် ရက်ထားသည့် အံဖုံးဖြင့် သေတ္တာတစ်လုံး တွေ့ရာ ဆရာသော်တာဆွေ က ကြောင်မကလေး ကို သွင်း၍ အပေါ်မှ အဝတ်သေတ္တာ နှစ်လုံး ဖြင့် ဖိထားလိုက်သည် ။

“ အိုကေ ... ဒါဆိုရင် ကေသီခိုင် က ကိုယ်တို့ တော့ ဟီးရိုးပဲ ”

ဆရာသော်တာဆွေ က ကျွန်တော့် ဘက်ကို လှည့်၍ မျက်စိတစ်ဖက် မှိတ်ပြသေးသည် ။

ကိုမိုးဝေကြီး က ပခုံး နှစ်ဖက် တွန့်၍ မျက်ခုံး ကလေး ပင့်ချီကာ ဗက်ဆစ်စတီးနိုင်း မျှော်ရန် အပြင်သို့ ထွက်သွား တော့သည် ။

“ ဟေ့ .. ကိုမိုးဝေ ၊ ဒရိုင်ဘာ မောင်ကျော် အရှေ့မှာ ဒီအကြောင်း မပြောနဲ့နော် ”

ဆရာသော်တာဆွေ က ပိတ် လိုက်ခြင်းဖြစ်၏ ။

အခန်းတွင်း သို့ ကျွန်တော်တို့ ထိုင်ပြီး ခေတ္တ အကြာ တွင် မောင်ကျော် ရောက်လာသည် ။ ဒုတိယအချီ အဖြစ် ဆရာသော်တာဆွေ ၊ ကိုမိုးဝေ နှင့် ဒရိုင်ဘာမောင်ကျော် တို့ ဝိုင်းကြပြန်သည် ။

“ ဆရာ့ ကြည့်ရတာ အလွတ်စုံထောက် တင်မောင်ဆွေ ရဲ့ ကိုက်မျိုးပဲ ဆရာရယ် ”

မောင်ကျော် က ကိုမိုးဝေကြီး ကို ကြည့်ပြီး ပြောပြနေ၏ ။

ကိုမိုးဝေကြီး မှာ ရေချိန် မှန်နေပြီ ဖြစ်သဖြင့် ဟဲဟဲ ဟဲဟဲ နှင့် သာ ဖြစ်နေသည် ။

“ ကျ .. ကျ ... ကျွန်တော် တင်မောင်ဆွေ နဲ့ ဝမ်းလင်းအဖွဲ့ အကြောင်း ရေး ... ရေး ... နေလို့ ... ပြန်ပါရစေတော့ ... ”

“ ပြန်ပါစေဗျာ ... သင့် ( ခ ) ယူ ဂွတ် ( ဒ ) ဘိုင် မစ္စတာမိုးဝေ ...”

ဆရာသော်တာဆွေ က ပြန်ခွင့်ပြုရင်း နှုတ်ဆက်လေ၏ ။

မောင်ကျော် နှင့် ကိုမိုးဝေ ထွက်သွားကြပြီး နောက် “ ကိုင်း .... ကျားကြီးရေ အစီအစဉ် လုပ်တော့ဟေ့ ” ကျွန်တော့်အား မိညို ကို လူမမြင်အောင် ထုတ်ရန် ပြင်ဆင် ခိုင်းလေသည် ။ ကျွန်တော် ကလည်း စတင်၍ မဂျစ် အား အချိန်းအချက် အတိုင်း ည ၉ နာရီခွဲလောက် တွင် လာ ရန် ဖုန်းနှင့် ချိန်း၏ ။

လရောင် သည် ဝိုးတိုးဝါးတား နှင့် ရှိသည် ။ တိုင်ကပ် နာရီကြီး မှ ၉ နာရီထိုး ကတည်း က ကျွန်တော် က စတင် လေမဂျစ် ၏ ကားဟွန်းသံ ကို နားစွင့်နေသည် ။ ၉ နာရီ မခွဲမီ တစ်မိနစ် အလို တွင် တီ တီ တီ ကနဲ သုံးချက်ဆင့် ၍ နှိပ်လိုက်သည် ။ ဟွန်းသံ ကို ကြားရသဖြင့် ဆရာသော်တာဆွေ အား ကျွန်တော် အချက်ပေး လိုက်ရာ ဆရာ သော်တာဆွေ က ပြတင်း မှ နေ၍ ခြံဝင်း အတွင်း ရှိ မော်တော်ကားရုံ အနီးမှ မောင်ကျော် ၏ နေအိမ်ကို လှမ်း ကြည့်သည် ။ မီးရောင် အောက် မှာ မမြင်ရတော့ပေ ။

“ မူးမူးနဲ့ အိပ်ပြီ ထင်တယ် ကိုကျားရေ ”

ဆရာသော်တာဆွေ က ကျွန်တော့် ကို တိုင်ပင်သေးသည် ။

“ ဟုတ်မှာပေါ့ ၊ ဗက်စစ်တီးနိုင်း အစွမ်း ပြမှာပေါ့ ”

ကျွန်တော် က ထောက်ခံရင်း အဖြေ ပေး၏ ။

“ ကိုင်း လာ ကိုကျားရေ ”

ဆရာသော်တာဆွေ က ကျွန်တော့် ကို ခေါ်၍ ကြောင် လှောင်ထားရာ အခန်း သို့ ဝင်ခဲ့ကြသည် ။ သူ့ မျက်လုံး မှာ အငြိမ် မနေဘဲ စိတ်မလုံ သလို တကယ့် ဓားပြကြီး များ ၊ လူဆိုးကြီးများ ပမာ အခန်းတွင်း ကို လှည့်ပတ်ကြည့် ရှုသေးသည် ။ ကြောင် ကို ဖွင့်ထုတ်ယူပြီး ဆရာသော်တာဆွေ က သူ့ အိတ် အတွင်း မှ မောင်းပြန်အော်တိုမက်တစ် မောင်းချဓား ကို ခလုတ် နှိပ်ကာ ဖွင့်လိုက်သည် ။ ကျွန်တော့် အား ရှေ့မှ ထွက်နှင့်ရန် လက်ဖြင့် ပြ၍ တကယ့် ပြန်ပေးဆွဲသူများ ၏ မျက်နှာထားမျိုးဖြင့် အခန်းတွင်း မှ ထွက်ကြကာ နောက်ဖေး လှေကား မှ ဆင်းခဲ့ကြသည် ။

အမှန်မှာတော့ မည်သူကမျှ ကျွန်တော်တို့ အား စောင့်၍ မကြည့် ၊ ရန်ပြုမည့် လူ လည်း မရှိပေ ။ သို့ပေမယ့် ဆရာသော်တာဆွေ နှင့် ကျွန်တော်တို့ နှစ်ဦးသည် မှောင်ရိပ်များ ကို ခိုလှုံကာ ဝင်းပေါက်သို့ ကပ်ခဲ့ကြသည် ။ နောက်တော့ တံခါးမကြီး မှ မထွက်ကြဘဲ အင်မတန်ခဲ ယဉ်းပင်ပန်းစွာ အုတ်တံတိုင်းကြီး ကို ကျော်လွှား၍ ထွက်ခဲ့ကြသည် ။ စတင်လေ ၏ အော်စတင် ကားကလေး ရပ် ထားရာသို့ အပြေးကလေး သွားမိကြသည် ။

“ ဟေ့ စတင်လေ ကားစက် နှိုးပေတော့ ”

ဟု ကျွန်တော် က ပြောသည် ။ သို့သော် ကားကလေး မှာ တော်တော်နှင့် မနိုးပေ ။

“ တွန်းပေးရဦးမလား ”

ဆရာသော်တာဆွေ က မေးသည် ။

“ မတွန်းရပါဘူး ရပါတယ် ”

စတင်လေ က ဖြေပြီး ကား ကို ဆီပုတ်ခေါ်ပြီး နှိုး လိုက်ရာ နိုးသွားလေသည် ။

“ ကိုင်း ဘယ့်နှယ်လုပ်မလဲ ”

ကျွန်တော် က မေးသည် ။

“ ကိုကျား လိုက်သွား ပေတော့ ၊ ဒီမှာတော့ အဆင်ပြေသလို လှိမ့်ထား လိုက်မယ် ၊ မနက်ကျရင် ကိုယ်လိုက် လာမယ် ”

“ အိုကေ .. ဒါဖြင့် ကျွန်တော် သွားမယ် ”

စတင်လေမဂျစ် နှင့် ကျွန်တော် သည် နှစ်ဦးသား ကြောင်မကလေး မိညို အား တင်ဆောင်၍ ရန်ကုန်ဘက် သို့ ပြန်၍ မောင်းခဲ့ကြသည် ။

“ တိုက်ဂါး ... ကြောင် မွေးမလို့လား ”

“ အင်း ”

ကျွန်တော် က ခပ်တိုတိုပင် ဖြေလိုက်သည် ။

“ ခင်ဗျား ကလေးတွေ နဲ့  ဖြစ်ပါ့မလား ”

စတင်လေမဂျစ် က ကျွန်တော့် ကလေးတွေ နှင့် ကြောင်မကလေး ကို စိုးရိမ်၍ မေးရှာသည် ။ ဟုတ်ပေသည် ။ ကျွဲခြံ မှ ဦးဆန်းမောင် ၏ သားများက လက်ဆောင် ပေးလိုက်သော ကျားမင်းကလေး နှစ်ကောင် သည် ပင်လျှင် ကျွန်တော့် သား လက်ချက် ဖြင့် သေဆုံး သွားဖူးပေသေးသည် ။

မိညို အတွက် ထို ညက စပါယ်ရှယ် ကျွေးရန် လေဟာပြင်ဈေး မှ ကြက်မြစ်ကြက်သည်းများ ကို ပင် ဝင်၍ တင်ခဲ့သည် ။ အိမ် ရောက် မှ တယုတယ ကျွေးပြီး ထို ည က လုံလုံခြုံခြုံ သိပ် ထားရပါသည် ။

နောက်တစ်နေ့ မနက် ၉ နာရီ လောက် မှာ ဆရာ သော်တာဆွေ ရောက်လာပါသည် ။

“ ဘယ့်နှယ်လဲဟေ့ ကျားကြီး ၊ ကိုယ် တော့ မော်လမြိုင် က ဖုန်း လာလို့ ကိုယ်တို့ တော့ လက်လျှော့လိုက်ပြီ လို့ အကြောင်း ပြန်လိုက်တယ် ၊ ကေသီခိုင် ကို ငိုတော့ မလိုပဲဟေ့ ”

“ အင်း .... ကြောင်မ ကတော့ ညကတော့ ဟန်ကျ တာပဲ ”

ကျွန်တော် ပြောနေခိုက် ကျွန်တော့် ဇနီး က

“ အို ... ကိုဘညိမ်း ၊ ကြောင်မ က ကြည့်ရတာ နေ မကောင်းဘူး ၊ မနက် က တစ်မျိုးကြီး ဖြစ်နေတယ် ”

ဆရာသော်တာဆွေ မျက်လုံး အတော်ကလေး ပြူးသွားသည် ။

“ ဟာ ... ဒီလိုဆိုရင် ဆေးရုံ သွား ပြကြည့်တာပေါ့ ၊ ဒေါက်တာဌေးဆောင် ဟာ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေပဲ ၊ စတင်လေမဂျစ် လည်း ရှိသားပဲ ”

“ ဘယ်ဆေးရုံလဲ ”

ဆရာသော်တာဆွေ က မေးပြန်သည် ။

“ ရန်ကုန်ဆေးရုံကြီး ပေါ့ ဆရာ ရဲ့ ”

“ ဟာ ... ဘယ်ဖြစ်မလဲ ၊ ရန်ကုန်ဆေးရုံကြီး က လူတွေ ကုတာပဲ ”

“ အို .. ဟုတ်သားပဲ ၊ ဒါဖြင့် ဗိုလ်ချုပ်ပန်းခြံနား က အက်စ်အေ - ပီ - စီ တိရစ္ဆာန်ကုဆေးရုံ သွားပြကြတာပေါ့ ”

ကျွန်တော် က ထပ်မံ အကြံပေးပြန်သည် ။

ဤသို့ဖြင့် ဆရာသော်တာဆွေ နှင့် ကျွန်တော်သည် ကြောင်မကလေး ကို ယူဆောင်ကာ သုံးဘီးကား ဖြင့် တိရစ္ဆာန်ဆေးရုံ သို့ ရောက်ခဲ့ကြ၏ ။ ရောက်လျှင် ရောက် ချင်း တာဝန်ခံပုဂ္ဂိုလ်နှင့် ကျွန်တော်တို့ က ကိုယ်တိုင် မိတ်ဖွဲ့ကာ ကြောင်မကလေး ၏ ရောဂါ ကို ကြည့်ပေးရန် ပြောရ၏ ။ ကျွန်တော်တို့ နှစ်ဦးစလုံး မှာ တိုင်းသိပြည်သိ နာမည်ကျော်ကြီးများ ဖြစ်ကြသဖြင့် အရေးတယူ ဆက်ဆံ ကာ ကြောင်ကလေး အား စမ်းသပ်ပါသည် ။

“ ဘာရောဂါမှ မရှိပါဘူး ၊ ဇီးရှိတယ် ၊ မွေးလိမ့်မယ် ”

တိရစ္ဆာန်ကုဆရာဝန် က ပြောသည် ။

“ အလို ... ဘုရားရေ ၊ ဒါဖြင့် ထားခဲ့ပါရစေ ”

ဆရာသော်တာဆွေ က ပန်ကြား၏ ။

“ ထားခဲ့ပါဗျာ ၊ ဂရုစိုက်ပေးပါ့မယ် ”

“ မစ္စစ်ကျားကြီး က ကြောင်အလွန် ချစ်တာခင်ဗျ ၊ ကျားအမျိုးအနွယ်မို့တဲ့ ”

ဟဲဟဲဟဲဟဲနှင့် ရယ်လိုက်ကြသည် ။ ကြောင်မကလေး ကို ထားခဲ့ပြီး ရန်ကုန်ဘား သို့ ထွက်ခဲ့ကြတော့သည် ။

“ ဟေ့ ... ကျားကြီး ၊ ကိုယ် တော့ မော်လမြိုင် က ကေသီခိုင် ကို သူ့ ကြောင် ကို ပြန်ပေးဆွဲထားကြောင်း လက်နှိပ်စက် နဲ့ ရိုက်ပြီး အကြောင်းကြားလိုက်တယ် ၊ လက်မှတ်ကတော့ “ ဗိုလ်ကြောင်နက် ” လို့ ထိုးလိုက် တယ် ”

“ ဘယ်လောက် တောင်းလိုက်သလဲ ”

ကျွန်တော် က မေးသည် ။

“ ငါးထောင် တောင်း လိုက်တယ် ”

“ ဟင် ... များလှချည့်လား ၊ ကြောင် တစ်ကောင် အတွက် ငါးထောင် အကုန် ခံပါ့မလား ”

“ ကြောင် တစ်ကောင် အတွက်တော့ ဘယ်ဟုတ်မလဲ ၊ သူ ချစ်တဲ့ မိညို အသက် မသေရင် ဘယ်လောက် ပေးရ ပေးရ ပေးမှာပေါ့ ၊ ပျောက်နေတာ ကို သတင်း ပေးနိုင်ရင် ပဲ တစ်ထောင် ပေးမယ် ပြောသေးတာ ရရင်တော့ ကျားကြီးနဲ့ ကိုယ် ၂၅၀၀ စီပဲဟေ့ ”

“ အင်း .... နိပ်သပေါ့ဗျာ ”

“ ဒါမှလည်း စက္ကူဈေး ကြီးပေမယ့် ရင်အေးရမယ် ”

ဤသို့ဖြင့် ကျွန်တော်တို့ နှစ်ဦး သည် ၂၅ဝဝ တန် စိတ်ကူးယဉ် အိပ်မက်ကြီးများ မက်ကြကာ ကေသီခိုင် ထံ မှ ဆရာသော်တာဆွေ ၏ လိပ်စာလွှဲ ဖြင့် ဗိုလ်ကြောင်နက် အနေနှင့် ရောက်လာမည့် ပြန်စာ ကိုသာမျှော်နေကြပါသည် ။

သိပ်မကြာပါဘူး ခင်ဗျား ၊ ဆရာသော်တာဆွေ တစ်ယောက် မျက်နှာသေဖြင့် ကျွန်တော့် အိမ် သို့ ရောက်လာ ပါသည် ။ သူ့ လက် ထဲမှ ကရောစ်စလေစာအိတ်ပြာ ဖြင့် ထည့်ထားသော စာရွက်လေး အား ထုတ်၍ ကျွန်တော့် ကို လှမ်းပေးပါသည် ။ ကျွန်တော် ဖတ် ကြည့်လိုက်တော့

ဗိုလ်ကြောင်နက် သို့ ...
      ဝမ်းနည်းပါသည် ၊ တောင်းဆိုလာသော ငွေ ၅ဝဝဝ ကို တစ်ပြား မှ မပေးနိုင်ပါ ။ အကြောင်းမှာ ဗိုလ်ကြောင်နက် တို့ ဖမ်းဆီးထားသော ကြောင်မ မှာ မိညို မဟုတ် ။ မိညို ဆိုသော အမည်မှာ အမြတ်တနိုး ခေါ်သော နာမည် သာလျှင် ဖြစ်ပါသည် ။ ကေသီခိုင် ၏ မိညို မှာ ယိုးဒယားမျိုး ကြောင်ထီး ဖြစ်ပါသည် ။ အကယ်၍ ၎င်း ကြောင် ကို ရအောင် ရှာဖွေ ပို့ပေးနိုင်ပါက ဆုငွေ အဖြစ် ၁၀၀၀ ပေးပါမည် ။
      ကေသီခိုင်
      ခေတ္တ ၊ မော်လမြိုင်

“ ကြောင်ထီး ဆိုပါလား ”

ကျွန်တော် က မေးသည် ။

“ အေးပေါ့ ၊ ကိုမိုးဝေ လွှတ်ပစ်လိုက်တဲ့ ကြောင်ထီးကြီး နေမှာပေါ့ ၊ အင်း .. ကံမလိုက်တော့ ဒီလိုပေါ့ ”

ဆရာသော်တာဆွေ က ညည်းညည်းညူညူ ပြောရင်း ထွက်သွား တော့သည် ။

ဆရာသော်တာဆွေ ကြံစည် လိုက်သည့် ကြောင်ပြန်ပေးမှုကြီး မှာ ယနေ့မူ တိရစ္ဆာန်ဆေးရုံ မှ ကြောင်ကလေး သုံးကောင် ပါ အပို ယူခဲ့ရပြီး ကျွန်တော့် အိမ် တွင် သောင်တင် နေပါတော့သည် ။

ကျွန်တော့် ကလေးများ ကား ကြောင်ချေး ကြုံးပစ်ရ သည့် တာဝန် တစ်ခု ပိုလာသောကြောင့် တဆူဆူ ဖြစ်နေကြရသည် ကို ပင် တစ်မှောင့် ဆိုရပေတော့မည် ။ အကယ်၍သာ ဆရာသော်တာဆွေ ၏ အကြံ အတိုင်း ကိုမိုးဝေ ဖွင့် သော ဆူပါဆေး ( ဖ် ) ကြီး ပွင့်သွားပါက ကြီးကျယ်သော ဖောက်ထွင်းမှုကြီး ကို ကျွန်တော်တို့ ကျူးလွန်မိပေမည် ။ ဖြစ်သမျှအကြောင်း အကောင်းချည်း ဟု သာ မှတ်ယူလျက် ကြောင်ကလေးများ ကို ကျွန်တော် က ဆက်လက် မွေးမြူထားရပါတော့သတည်း ။

▢  ကျားဘညိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၉၇

No comments:

Post a Comment