❝ ကန်ဦးသင်္ကြန် ❞
( လင်းယုန်နီ )
ကြာတော့ လည်း ကြာပေပြီ ။
ခေတ်များပင် တစ်ဆင့် မှ တစ်ဆင့် သို့ တိုးတက် ကူးပြောင်းခဲ့ပြီမို့ ကိုတင်ယု တစ်ယောက် မှာ လည်း အရင်က နှင့် မတူအောင် တစ်မှု ပြောင်းနေခဲ့ပြီ ဖြစ်၏ ။ ပြောင်းလဲခြင်း မှန်သမျှ မှာ ထူးခြားနေ၍ ထူးခြားခြင်း မှန်သမျှ မှာလည်း ခြောက်သွေ့ နေသည် ဟု ထင်ရ၏ ။ အထူးကတော့ ကိုတင်ယု မှာ ဘယ်လိုမှ အရင်လို မပျော်မွေ့နိုင်ခြင်း ဖြစ်ပေသည် ။
အရင်ကမူ အရာခပ်သိမ်း မှာ ကိုတင်ယု အတွက် စိုပြည်ခဲ့၏ ။ မီးပဒေသာ ရောင်စုံ အောက်ဝယ် အပူ ကင်းမဲ့စွာ လမ်းလျှောက် ရ သလို လည်း လိုလားအပ်ဖွယ်ရာ သာယာခဲ့ ၏ ။ ထိုစဉ် ကတော့ လှပခြင်း ဆိုတာ မှန်သမျှ ကို သူ့ မျက်လုံး အစုံ က ချုပ်ကိုင်တတ်၍ သူ့ စိတ် ကလည်း အလှအပ ဆိုတာကို မှ ဖန်တီးတတ်၏ ။ ဒါပေမဲ့ ခုတော့လည်း အတိတ် က စိုပြည်ခြင်း ဆိုသည်မှာ ခြောက်သွေ့ခြင်း သို့ ပြောင်းလဲခဲ့ပေပြီ ။
အတိတ် က သာယာစိုပြည်ခြင်း မှန်သမျှ မှာ လူသား တစ်ယောက် အတွက် ပပျောက် ခဲ့ပါပြီ ဟု ဆိုခြင်း ကတော့ အံ့စရာပဲ ဖြစ်၏ ။ မချိတင်ကဲ ဝမ်းနည်းဖွယ်ရာ လည်း ဖြစ်၏ ။ အတိတ် က တောက်ပ စိုပြည်ခြင်း မှာ အဘယ်သို့သော အဖြစ်ဆိုးကြောင့် လူသား တစ်ယောက် အတွက် မည်းမှောင်ခြောက်သွေ့ ခဲ့ပါသလဲ ဆိုသည် မှာ လည်း ကြားရသူ တစ်ဖက်သား အတွက် ပြဿနာ တစ်ရပ်လိုပဲ ဖြစ်ခဲ့၏ ။ ကိုတင်ယု ၏ ဘဝ ကပဲ ဆန်းကြယ်လို့လား ၊ ဒါမှမဟုတ် လူတကာ ပြောတတ်ကြသလို လူတွေ ကပဲ မတရားလို့လား ။
မော်လမြိုင်မြို့ က ပင်လျှင် ကိုတင်ယု အကြောင်း ကို သိချင်မှ သိကြလိမ့်မည် ဖြစ်၏ ။ ဒါပေမဲ့ ကိုတင်ယု မှာ မော်လမြိုင်သား ရယ် လို့ ဂုဏ်ယူတတ်သူဖြစ်၏ ။ ဒါပေမဲ့ သူ့ ခမျာ မှာ ကျော်ကြားတတ်သော အထက်တန်းစားအလွှာ ထဲ ကတော့ မဟုတ် ။ သူ့ ခမျာ မှာ ဒိုင်းဝန်ကွင်း ခရုချောင်းလမ်း ထဲ က အညတရ မုဆိုးမ ဈေးသည် တစ်ဦး ၏ သားပဲ ဖြစ်၏ ။ မိခင် မုဆိုးမ မှာ ဒိုင်းဝန်ကွင်း ဈေးထဲ တွင် အခြောက်အခြမ်း ကို နေ့စဉ်နေ့တိုင်း ဈေး ထွက်ကာ ရောင်းရသူ ဖြစ်၏ ။ ဒါကြောင့်လည်း မြို့ အနေနှင့်တော့ သူ့ ကို သိချင် မှ သိကြမည် ဖြစ်ပေသည် ။
ပြီးတော့လည်း ကိုတင်ယု မှာ မော်လမြိုင်မြို့ ကို ၁၆ နှစ်သား လောက် က စတင်၍ ခွဲခွာခဲ့သည် မှာ ပင် ၁၃ နှစ် လောက် ကြာခဲ့ပြီ ဖြစ်၏ ။ အလွန့်အလွန် နီးစပ်သူများ ကသာ ကိုတင်ယု မှာ မသေမပျောက် နှင့် ဝေးမြေရပ်ခြားများ သို့ ရောက်နေကြောင်း သိကြရ၏ ။ တချို့က ဆိုလျှင် ကိုတင်ယု ကို သေပြီ ဟုပင် မှတ်ထင်ခဲ့ကြဖူးသည် ။
ဒါတွေကြောင့် လည်း ကိုတင်ယု မှာ သူ့မြို့ ၊ သူ့ ဒေသ ဝယ် မကျော်ကြားခဲ့ခြင်း ဖြစ်၏ ။ ဒါပေမဲ့ ခေတ်များပင် တစ်ဆင့် မှ တစ်ဆင့်သို့ တိုးတက်ကူးပြောင်းခဲ့ပြီမို့ ကိုတင်ယု တစ်ယောက် မှာလည်း အရင်က နှင့် မတူအောင် တစ်မူပြောင်း နေခဲ့ပြီဖြစ်၏ ။ ပြောင်းလဲခြင်း မှန်သမျှ မှာ လည်း ခြောက်သွေ့ နေသည် ဟု ထင်ရ၏ ။ ခုတော့လည်း ကိုတင်ယု မှာ ဗိုလ်ကြီး တင်ယု ဖြစ်ခဲ့လေပြီ ။
ဒါပေမဲ့ ကိုတင်ယု မှာ စစ်ဗိုလ် တစ်ယောက် အဖြစ် ဂုဏ်ယူလို စိတ်တော့ မရှိ ။ သူ သည် ဗမာ့လွတ်လပ်ရေးတပ်မတော် ခေတ် မှ စကာ အရည်အသွေး အမျိုးမျိုး ပြောင်းလဲ ခဲ့သော စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များ ၌ စစ်ရေးတာဝန် ကို ထမ်းဆောင်ခဲ့ သော်လည်း စစ်ဗိုလ် တစ်ယောက် အနေ နဲ့ ဂုဏ်ယူလိုစိတ် မရှိ ဟူ၍တော့ ပြောရဲ၏ ။ ခုလို သူ့မြို့ သူ့ဒေသ သို့ အေးအေးချမ်းချမ်း ပြန်ရောက် လာ၍ နှစ်လိုဖွယ်ရာ အရပ်ဝတ် အရပ်စား ကို ခိုလှုံလိုက် သော အခါ၌မူ ဆယ်နှစ်ကျော် ကာလပတ်လုံး တာဝန် ကို သိသော ဗမာ တစ်ယောက် အနေ ဖြင့် စစ်မှုထမ်း ခဲ့ရခြင်း ကို ပင် ဝဋ်ကြွေးကြီး တစ်ခု လို ထင်မှတ်လိုက်မိပေသည် ။
ခုမှပဲ သူ့ခမျာ မှာ ဆယ့်သုံးနှစ် ကျော် ခွဲခွာခဲ့ရသော မိခင် ၏ မျက်မှောက် သို့ ပြန် လည် ရောက်ခဲ့ရ၏ ။ ဒါပေမဲ့ သူ နေထိုင်ရာ ခရုချောင်းလမ်း မှာ အရင်လို တောက်ပ စိုပြည် ခြင်းတော့ မရှိ ။ ၂၉ နှစ် အရွယ် သား တစ်ယောက် ကို ပင် မိခင် က အရွယ် မရောက်သေးသော ကလေးငယ် တစ်ယောက် လို ပြုစုယုယနေတာ က လည်း ဝမ်းနည်း ကြေကွဲဖွယ်ရာ အဖြစ်မျိုး ကို ခံစားရ၏ ။ တစ်ဦးတည်း သော ခင်မင်စရာ သား တစ်ယောက် ကို ၁၃ နှစ် လောက် ကွဲကွာခဲ့ရာမှ ပြန်လည် တွေ့ဆုံရခြင်းမို့ မိခင် က လည်း သားအချစ် ကို ပို၍ တယုတယ ပြုမိပေသည် ။
ဒါပေမဲ့ သား အတွက် ကတော့ တောက်ပ စိုပြည်ခြင်း မှန်သမျှ မှာ ပပျောက် ကွယ်ပျက်နေပြီ ဖြစ်၏ ။ အရာခပ်သိမ်း မှန်သမျှမှာလည်း ဘာမှန်း မသိအောင်ပင် မည်းမှောင်ခြောက်သွေ့ နေ၏ ။ သူ့ အတွက် မည်းမှောင်ခြင်း တွင်လည်း မည်သည့် အလင်းရောင် မှ မစပ်ယှက်ဘဲ ပိတ်ဖုံးကာ မည်း၍ မည်း၍ သာ မှောင်နေ၏ ။ ခုတော့ဖြင့် ကိုတင်ယု မှာ ဒါကိုပဲ ရှုမြင်ရတော့သည် ။
မိခင် ကတော့ ကိုတင်ယု ကို တယုတယ ပြုစုရှာပါ၏ ။ တစ်ဖက် က မင်းလမ်းမ ကို သွားရန် အတွက်ပင်လျှင် မိခ င်က သူ့ အား ကလေးငယ် တစ်ယောက်လို ကိုယ်တိုင် လိုက်ပို့ပေးမည် ဟု အာမခံ ရှာ သေး၏ ။ မိခင် ၏ မေတ္တာ ကို သိရှာသော ကိုတင်ယု က မူ မိခင် မြင်သာအောင် ချစ်စရာ အပြုံး ကို ထုတ်ပြခဲ့ရ လေသည် ။ “ မင်းလမ်းမ အိမ် ကို ဘယ်နှလှမ်း လျှောက် ရင် ရောက်တယ် ဆိုတာက အစ ကျွန်တော် မမေ့သေးပါဘူး အစ်မ ရယ် ။ ပြီးတော့လည်း ကျွန်တော် တစ်ယောက်တည်း လာရကောင်းလား လို့ မမြရည် က ရိုက်လွှတ်မှာ တော့ မဟုတ်ပါဘူး ”
သား ၏ အကြောင်းပြချက် ကိုတော့ မိခင် က ယုံကြည်၏ ။ ယုံကြည်သောကြောင့် လည်း ပို၍ပင် သား အပေါ်၌ ကြင်နာစိတ်တွေ ပွားသွားမိ၏ ။
“ ဟုတ်တော့ ဟုတ်တာပေါ့ သားရယ် ။ ဒါပေမဲ့ သား တစ်ယောက်တည်း သွားလို့ မြရည် တို့ အိမ်ထဲကို သား ဝင်ရဲမှာတဲ့ လား ”
“ အို ... အစ်မ ကလည်း ကျွန်တော် ကို အထင် သေးလိုက်တာ ။ ကျွန်တော် ဟာ အရင် တင်ယု မဟုတ်ပါဘူး ။ ဗိုလ်ကြီးတင်ယု ပါ အစ်မ ရဲ့”
မိခင် ကို သာ ယုံကြည်လောက်အောင် အကြောင်းပြလိုက်ရခြင်း ဖြစ်၏ ။ ဒါပေမဲ့ သူ့ စိတ်ထဲ မှာကတော့ သူ့ ကိုယ်သူ ပင် ယုံကြည်ခြင်း မရှိလှ ။ ထို အကြောင်းပြချက် တစ်ချက် မှ လွဲ၍လည်း သူ ၏ စစ်ဗိုလ်ဘဝ ကို ဂုဏ်ယူလိုစိတ် မရှိ ။
ဒါတွေကြောင့်လည်း လွန်ခဲ့သည့် တစ်လ လောက် က စ၍ ခရုချောင်အိမ် သို့ ပြန် လည်ရောက်ရှိခဲ့သည့် တိုင်အောင် သူ ၏ စစ်ဝတ်စုံ ကို အိမ်ရှေ့ခန်း မှာ ပင် ချိတ်ဆွဲ ထားခဲ့၏ ။ အမြဲမပြတ် ဆိုသလိုလည်း အရပ်ဝတ် အရပ်စား ကို ပင် ခုံမင်တသစွာ ဝတ်ဆင် နေခဲ့၏ ။ ဆယ့်သုံးနှစ် ကျော် ကွဲကွာနေခဲ့သော မိခင် နှင့် ပြန်လည် တွေ့ဆုံရခြင်း မို့ အိမ် ထဲ မှ အိမ်ပြင်သို့ ထွက်ကာ လည်ပတ်ခဲ့ခြင်းဟူ၍လည်း မရှိ ။
ဒါပေမဲ့ သည်နေ့ သည်ရက် လို အခါမျိုးမှာတော့ ကိုတင်ယု ၏ အလိုဆန္ဒကို ပိတ်ပင် တားမြစ်ရန် ခက်ခဲလှမည် ဖြစ်၏ ။ ဘယ်တော့မှ ပစ်ပယ် မုန်းတီးခြင်း ငှာ မစွမ်းသော သား တစ်ယောက် အပေါ်၌ ပိတ်ပင် တားမြစ်ခြင်းသည် ရက်စက်လွန်းရာ ကျတော့မည် ဖြစ်၏ ။
အိမ်ရှေ့ က ရွှေဝါရောင် ပိတောက်ပွင့် တွေမှာ တစ်ပင်လုံး ထိန်နေပြီ မို့ ကိုတင်ယု မှာ လည်း ဟိုစဉ်က အဖြစ်တွေကို တားမနိုင် ဆီးမရ သတိရကာ တသ မှာပဲ ဖြစ်၏ ။ အိမ်ရှေ့ လမ်း တစ်လျှောက်ဝယ် တစ်ချက် တစ်ချက် ပေါ်ထွက်လာတတ်သော ကလေးတွေ ရေ ကစားသံ ကလည်း အိပ်ချင်ယောင် ဆောင်နေရရှာသော ကိုတင်ယု ၏ အသည်းနှလုံး ကို နှိုးဆွပေးမည် မှာ အမှန်ပဲ ဖြစ်လေသည် ။
“ အို .. အစ်မ ၊ ပိတောက်တွေ ပွင့်တယ် ဆိုရင်ပဲ ခါသင်္ကြန် ကျပါပေါ့လား ”
“ အေး ... ဒီနှစ်တော့ ဈေးကြီးပိုင်း မှာ အစည်ဆုံး ဖြစ်လိမ့်မယ်လို့ ပြောကြတာပဲ ။ ဒီနှစ် က လည်း တို့ ဆီမှာ ပြည်ထောင်စုသင်္ကြန် ကိုး ကွယ် ”
“ သြ ... ပြည်ထောင်စု သင်္ကြန် တဲ့ လား ။ ဒါဖြင့် ရန်ကုန် က ဝန်ကြီးတွေ ပါ ရောက်နေ ရောပေါ့ ”
တော်တော်တော့ စပ်စုဟန် ပြုသေး၏ ။ မိခင် က လည်း ဈေးစကား မှန်သမျှကို သား အား ဖောက်သည်ချပေး၏ ။ ဒါပေမဲ့ ကိုတင်ယု မှာ ကြာရှည် ဟန်ဆောင်နိုင်စွမ်း ရှိသူ တစ်ဦး မဟုတ်ခဲ့ ။ နှစ်လ ရှည်ကြာစွာ စစ်မှုထမ်းခဲ့သူ ဖြစ်ခြင်းကြောင့် လည်း ပို၍ ပွင့်လင်းသော လူသား တစ်ယောက် အဖြစ် ပြောင်းလဲခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်၏ ။ သူ့ အတွက် စိတ်ဝင်စားစရာ ကတော့ တစ်ချက်တည်း ရှိသည် ။ ရွှေဝါရောင် ပိတောက်တွေ ပွင့်၍ ရွှေမြိုင်သူ အပျိုချော တွေ ငွေဖလား နှင့် ရေကစားကြသည့် အချိန်အခါ မို့လည်း စိတ်ဝင်စားမည့် အချက် မှာ တစ်ချက်တည်း ရှိသည် ။
ဒါကိုလည်း မိခင် က သိ၏ ။ ရွှေဝါရောင် ပိတောက်တွေ ဝေဆာအောင် ပွင့်ကြောင်း ကို စကား စ ကတည်းက မိခင် မှာ မမြရည် ကို ပြေး၍ သတိရမိ၏ ။ မမြရည် ထံ ကို လည်း ကိုတင်ယု မှာ ဘယ်နည်းနှင့် မဆို တစ်ခါတစ်ခေါက် သွားရောက်လိမ့်ဦးမည် ဟူ၍တော့ မိခင် က အတပ် သိထားမိပေသည် ။
ဒါတွေကြောင့်လည်း မိခင် က သား ဖြစ်သူကို ကလေးငယ် တစ်ဦးလို ကိုယ်တိုင် ကိုယ်ကျ လိုက်ပို့ပေးပါမည် ဟု အာမခံ ခဲ့မိခြင်းဖြစ်၏ ။ အရင်လို နာကြည်းဖွယ်ရာ အကောင်းဆုံးသော အဖြစ်ဆိုးမျိုး နှင့် ထပ်မံ၍ မကြုံကြိုက်ရလေအောင် ကြပ်မတ်တားဆီး လိုသည့် ဆန္ဒမျိုးလည်း မိခင် တွင် ရှိသည်ဟု ထင်ရ၏ ။ မိခင် ၏ စိတ်ဆန္ဒ မှာ တော့ သားချစ် အား ငရဲပြည် သို့ နောက်တစ်ခါ သက်ဆင်း စေလိုမည် မဟုတ်ပါ ။
ဒါပေမဲ့ ကိုတင်ယု ကတော့ မိခင် ၏ စေတနာ ကိုပင် လိုက်လျောဖော် မရဘဲ သူ့ တစ်ကိုယ်တည်းပင် အိမ် ထဲ မှ အိမ်ပြင် သို့ ထွက်သွားခဲ့၏ ။ မာကျောသော ကြိမ်လုံး အရှည် တစ်ချောင်း ကို သာ ကိုင်တွယ်ကာ သူ့ အတွက် စိတ်စောနေသော မိခင် ကို နောက်ချန်၍ ထားရစ်ခဲ့၏ ။ စစ်ဗိုလ်တစ်ယောက် ၏ ဂုဏ်သိက္ခာ နှင့် ထိုက်တန်သော ၊ သစ်လွင်သော အဝတ်အစား ကို မှ လဲသွားဖော်လည်း မရ ။
မိခင် ကတော့ သူ့ သားကို ခုအထိပင် ကလေး တစ်ယောက် လို ထင်မှတ် နေရ၏ ။ ကိုတင်ယု ဝတ်သွားသော မိုးပြာရောင် ရှပ်လက်တိုနှင့် ရေညှိရောင် ဘန်ကောက် တစ်ပတ် နွမ်းကလေးများ ကြောင့် လည်း ပို၍ပင် ကလေး ဆန်သလို မှတ်ထင်ရ၏ ။ ၂၉ နှစ်သား အရွယ်သို့ ရောက်ကာ စစ်ဗိုလ်ကြီး တစ်ဦး ဖြစ်နေသော သားတစ်ယောက် အပေါ်၌ပင် ကလေး တစ်ယောက် လို စိတ်မချ နိုင်သော မိခင် ၏ မေတ္တာကလည်း အံ့မခန်းပင် ကြီးမား လှပေသည် ။
ဒါတွေကြောင့်လည်း မိခင် ခမျာမှာ နောက်ဘက်သို့ ပြန်လှည့် မကြည့်ဘဲ စိုက်စိုက် စိုက်စိုက်ဖြင့် တစ်လှမ်းချင်း လျှောက်သွား နေသော သား နောက် ခပ်လှမ်းလှမ်း မှ အသာ ဆိုင်း ၍ လျှောက်လိုက်သွားမိ၏ ။ စစ်ဗိုလ်ကြီး ဖြစ်သော သူ့ သား ကို တစ်ယောက် ယောက် က စော်ကားလိုက်မှာ ကိုပင် မိခင် ခမျာက စိုးရိမ်ရှာသေးသည် ။
ကိုတင်ယု ကတော့ သူ့ ခေါင်း အထက်ငယ် ဝေဆာအောင် ပွင့်နေသော ရွှေဝါရောင် ပန်းပိတောက် ကို ပင် မော်၍ မကြည့်ရှာဘဲ လျှောက်မြဲ လျှောက်နေရှာ၏ ။ ကြည့်လည်း ကြည့်ရခြင်း တော့ မရှိ ။ ပိတောက်ပွင့် မှာ သူ့ ဘဝအတွက် အတိတ် ၏ အမှတ်အသား တစ်ခု ပင် ဖြစ်ခဲ့၍ အတိတ် ကို ပြန်လည် တွေးခေါ်ရခြင်း မှာလည်း သူ့ အတွက် ရင်တလှပ်လှပ် နှင့် ထိတ်လန့်စရာ ကောင်းလှ၏ ။ ပင်ပန်း နွမ်းဟိုက်ဖွယ်ရာ လည်း ဖြစ်၏ ။ လမ်းလျှောက် တတ်ခါစ ကလေးငယ် တစ်ယောက် မှာ တစ်ဖက် က မိခင် ရှိရာသို့ ရောက်အောင် ဒယိမ်း ဒယိုင်ကလေး လျှောက်ပြေး ရ ပုံမျိုး နှင့် လည်း ခပ်ဆင်ဆင် တူ၏ ။ အတော်လည်း အားခဲ ကြိုးစားရ၏ ။ ဒါပေမဲ့ ကလေးငယ် မှာတော့ မိခင် ထံ သို့ အရောက် အားခဲ ပြေးလျှောက်ရန် အာသီသ ဟူ၍ ရှိရမည် မဟုတ်ပါလား ။
ရွှေဝါရောင် ပိတောက်ပင်အို ကို မော့မကြည့် သည့် တိုင်အောင် လည်း အချိန်အခါ နှင့် တက်လာသော အတိတ် ဒီရေမှာ သူ့ ရင်ခွင်ကိုတော့ လာ၍ ရိုက်ဆောင့်နေ၏ ။ ထိုအခါ ကျောက်ဆောင် ကျောက်တုံး လို သူ့ ရင်ဘတ်အား တက်ဆောင့် လိုက်သော အတိတ် ဒီရေ ၏ ရေလုံးများ မှာ ရေပန်းပွား လို အမြင့် သို့ ခုန်ပျံကာ သူ့ မျက်နှာကို လာ၍ ပက်စင်တော့ ၏ ။ လမ်းဘေး အိမ်တစ်အိမ် တွင်း မှ ကလေးငယ် တစ်ဦး က သေးငယ်လှသော သံပြွတ်ကလေး တစ်ချောင်း ဖြင့် သူ့ မျက်နှာကို မထိတထိ ရေ လှမ်း ပက်လိုက်ခြင်း ဖြစ်ပေသည် ။
သူ့ မျက်နှာပေါ် တွင် အေးမြလှသော ရေကြည်စက်ကလေးများ လာ ထိလိုက်ချိန် ၌ “ တယ် .. ဒီကောင်လေးကလည်း ” ဟူသော လူကြီး တစ်ယောက် ၏ ဟန့်သံ တစ်ချက် ကို ပါ ကြားလိုက်ရသောကြောင့် ကိုတင်ယု မှာ အရာခပ်သိမ်း ကို ခွင့်လွှတ်လိုသော သဘောမျိုး ဖြင့် အသံ လာရာဘက် သို့ လှည့်ကာ ပြုံးလိုက်ရ၏ ။ ခုလို လူတကာ ရေသဘင်ပွဲ ဆင်နွှဲ နေကြသည့်အ ခါတွင်းမှာတော့ ဘယ်သူ က ကော ကလေးငယ် တစ်ယောက် ကို အပြစ် ဆိုပါအံ့နည်း ။
ကိုတင်ယု ကတော့ ကလေးငယ် ကို ပို၍ ကျေးဇူးတင်ရဦးမည် ဖြစ်၏ ။ အေးမြ ကြည် လင်သော ရေစင်ပေါက်ကလေးများမှာ သူ့ မျက်နှာကို လာ၍ တွေ့ထိ သွားသောကြောင့် လည်း သူ့ စိတ်မှာ အရင် ငယ်ငယ် ကလို ရုတ်တရက် ပြန် ၍ လန်းဆန်းသွား၏ ။ ထိုအခါ မိခင် ထံသို့ အရောက်ပြေး လျှောက်လိုသည့် ကလေးငယ် တစ်ဦး ကဲ့သို့ပင် သူ့ ခမျာမှာလည်း အတိတ် ရှိရာသို့ အားခဲ ပြေးလျှောက်လိုသော အာသီသမျိုး မှာ တစ်မုဟုတ်ချင်းပင် သူ့ စိတ် ထဲတွင် ဖြစ်ပေါ်လာ၏ ။ မည်းမှောင်ခြင်း မှာ ပြန်၍ တောက်ပလာ၏ ။ ခြောက်သွေ့ခြင်းမှာ လည်း ပြန်၍ စိုပြည်လာ၏ ။ သူ့ မျက်နှာပြင် တစ်ခုလုံး ကို ပြေးလာ တွေ့ ထိလိုက်သော ရေကြည် ရေစင်ပေါက်ကလေးများသည် သူ့ စိတ်bကိုပင် ကြည်အေးအောင် စွမ်းဆောင်ခဲ့ပေပြီ ။
ကိုတင်ယု ကတော့ ဆက်လက်၍ သာ သူ့ ကြိမ်ရှည် ကို ထောက်ရင်း တစ်လှမ်းချင်း လျှောက်ခဲ့၏ ။ ဒါပေမဲ့ ကလေးငယ် ကတော့ သူ့ မိခင် ရှိရာ ဘက်သို့ လက်နှစ်ဖက် ကို လိုလား လာ ဆန့်တန်းရာ က ဒယိမ်းဒယိုင် ပင် အားခဲပြေးလျှောက်လေပြီ ။
ကြာတော့ လည်း ကြာပေပြီ ။ ဒါပေမဲ့ အတိတ် ဆိုတာကို ပြန် တွေး၍ မြင်ယောင်မိ ပြန်တော့ လည်း ချက်ချင်းပင် ဖြစ်၏ ။ ဟိုတုန်းကတော့ မောင်တင်ယု .. ။
မိခင် မှာ ဈေးသည် ဖြစ်ခြင်းကြောင့် စစ်စီသူ ဖြစ်၏ ။ လူပျိုပေါက် အရွယ် သားလေး မောင်တင်ယု အတွက် အင်္ကျီ ချုပ်ပေးတာက အစ အပေခံသော ပိတ်ဖြူစများ ကို ရှောင်ကာ အပေခံသော အရောင် အဆင်းစများ ကို ရွေး၍ချုပ်ပေးတတ်၏ ။ လူကြီးဆန်ခြင်း မှ ကင်းလွတ်စေရန် အတွက်လည်း ဘယ်တော့မှ အင်္ကျီလက်ရှည် ကို ချုပ်ပေးတတ်ခြင်း မရှိ ။
ထိုစဉ်ကတော့ မောင်တင်ယု မှာ ၁၅ နှစ်သား သာ ရှိသေး၏ ။ မလုပ်ပါနဲ့ ဟု တားမြစ် ပိတ်ပင်ထားသမျှ ကို မှ တမင်တကာ ဇွတ်အတင်း ရွေး၍ လုပ်ချင် ကိုင်ချင်စိတ် ရှိနေသော အရွယ်မျိုးလည်း ဖြစ်၏ ။ မိခင် က ပိတ်အင်္ကျီအဖြူ ကို ချုပ်မပေးသော အခါ ပိတ်အင်္ကျီ အဖြူ ကို မဝတ်ရလျှင် ခုချက်ချင်း သေရတော့မလောက် ပူဆာမိပေသည် ။ မိခင် က လက်တိုအင်္ကျီတွေ ကို သာ ချုပ်ပေးနေသောကြောင့် လည်း လက်ရှည် ကို ပူဆာမိပြန်သည် ။
“ အိုကွယ် .. အဝတ် မခံလို့ အဝတ်ခံတဲ့ အဝတ်စတွေ ကို ဝယ်ချုပ်ပေးတာပဲ ။ အဖြူရောင် ဆိုတာက သားတို့ အရွယ် ဝတ်ရင် အပေ မခံဘူးမဟုတ်လား ။ အပေ မခံရင် ခဏခဏ ရေလျှော်ရတာပဲ ။ ခဏခဏ ရေလျှော်ရတယ် ဆိုတာနဲ့ ရေစား ၊ ဆပ်ပြာစား ဖြစ်ပြီး အဝတ်ပါ ဆွေးလိုက်တာပဲ ”
ကလေးပီပီ ပူဆာ တတ်သော အလေ့အထမျိုး ရှိသော်လည်း မောင်တင်ယု မှာ မိခင် အတွက် သားဆိုး သားမိုက် တစ်ယောက် တော့ မဟုတ် ။ ငယ်စဉ်တောင်ကျေး ကလေး ဘဝ မှ စ၍လည်း မောင်တင်ယု မှာ မုဆိုးမ ဖြစ်ရှာသူ မိခင်အပေါ်၌ ထောက်ထားညှာတာကာ ကြင်နာသနားတတ်သူ ဖြစ်ခဲ့၏ ။ အကြောင်းအချက် ကို စဉ်းစား လက်ခံတတ်သူ လည်း ဖြစ်ခဲ့၏ ။
“ လက်ရှည်အင်္ကျီတွေ ချုပ်မပေးတာ က လည်း သား ကို လူကြီး ဆန်သွားမှာ စိုးလို့ ပါကွယ် ။ လက်ရှည်အင်္ကျီ ဆိုတာက လူကြီးတွေ ဝတ်ကြတာ မဟုတ်လား ။ သားအရွယ် က လက်ရှည် ဝတ်ရမယ့် အရွယ် မဟုတ်သေးပါဘူး ။ အရင် ပြောထားသလို သား ၁၀ တန်း အောင်လို့ ကောလိပ်ကျောင်း သွားတဲ့bအခါကျရင်တော့ အစ်မ မနေပါဘူး ။ သား အတွက် အက်စ်အိုဒိတ်ချော အင်္ကျီလက်ရှည်ကလေးတွေ ကို ချုပ်ပေးမှာပေါ့ ”
အမှန်ကတော့ အဝတ်စ ပို ကုန်မည့် အရေးကို တွက်ဆကာ မိခင် သည် လက်တို အင်္ကျီများ ကို ချုပ်ပေးခဲ့ခြင်း ဖြစ်၏ ။ ဒါတွေကြောင့်လည်း မုဆိုးမ မိခင်မှာ ချွေတာစုဆောင်း နိုင်ကာ လူတကာ အလယ်တွင် သားတစ်ယောက် နှင့်အတူ မျက်နှာ မငယ်ဘဲ နေနိုင်ခဲ့ခြင်း ဖြစ်ပေသည် ။
သား ၏ အလိုကို ငွေကုန်ကြေးကျ ခံကာ မလိုက်လို၍ အကြောင်းရှာ ပြတတ်သည့် တိုင်အောင် သားအလိမ္မာကလေး ၏ စိတ်ပျော်ရွှင်ရေး အတွက်တော့ မိခင် ခမျာ က ငွေမကုန် ကြေးမကျဘဲ ဖန်တီးတတ်သေး၏ ။
“ ကဲ .... ဝတ်ချင်စားချင် လှပါချည်လို့ ဆိုရင်တော့ ဟောဒီ ... မင်း အဖေ ဘန်ကောက်လုံချည်လေး ကို စ ဝတ်ပေတော့ ။ နွမ်းပေမဲ့ ဖအေ့ အဝတ်အထည် ကို ဝတ် ရတာ ဟာ ရှက်စရာ မဟုတ်ဘူး ။ ငါ့ သား အတွက် အစ်မ သိမ်း ထားတဲ့ မင်း အဖေ ဘန်ကောက်တွေ ဟာ ၁၅ ထည် လောက် ရှိသေးတယ် ။ ဒါပေမဲ့ ခုတော့ ဒီ အနွမ်းဆုံး တစ်ထည် ကို စ ဝတ်ဦးပေါ့ ဟုတ်လား ”
မိခင် ၏ အလိုကျပင် သား မှာ လိုက်နာနိုင်ခဲ့၏ ။ ရောင်စုံ ရှပ်လက်တိုတွေ နှင့် ခရုတံဆိပ် ပလေကတ်လုံချည်တွေ ကို ချည်း ဝတ်နေရသော လူငယ် တစ်ယောက် အနေနှင့်တော့ နွမ်းနေသော အထည်ပင် ဖြစ်စေကာမူ ဘန်ကောက် ဟူသည် မှာ မက်မောစရာပင် ဖြစ်ခဲ့သည် ။ ဒါတွေကြောင့်လည်း မောင်တင်ယု မှာ သူ့ မိခင် ကို လူတကာထက် ပို၍ ချစ်တတ်ခဲ့ ခြင်းဖြစ်၏ ။ သူ့ မိခင် ကို မှ လည်း သား အပေါ်၌ အစစ်တကယ် အလိုလိုက်တတ်သော မိခင် ဟု မှတ်ထင်ခဲ့ပေသည် ။
ဒါပေမဲ့ မောင်တင်ယု တွင် အများတကာ လူငယ်လူရွယ်တွေ လို့ ဉာဉ်ဆိုးမျိုး တစ်ခုတော့ ရှိခဲ့ပေသည် ။ ဒါကလည်း အဆန်းတကြယ်တော့ မဟုတ် ။ အများတကာ အကြိုက် ကို ခွတိုက်ကာ ဆန့်ကျင်လိုသည့် သူ့လို ဉာဉ်မျိုးကိုလည်း အဆန်းတကြယ်ရယ် လို့တော့ ခေါ်ဆိုနိုင်မည် မဟုတ် ။ ဒါပေမဲ့ မောင်တင်ယု တွင် သူများ နှင့် မတူတာ တစ်ချက် ရှိ၏ ။ အခြား လူငယ်လူရွယ် တွေမှာ အများတကာ အကြိုက်ကို ခွတိုက်သည် ဟု ဆိုရာ၌ နှုတ်ဖြင့်သာ လိုက်၍ ခွတိုက် တတ်ကြခြင်း ဖြစ်သည် ။ လူငယ်လူရွယ်တွေ အနေနှင့် နှုတ် က တော့ ပေါ့ဆ စမြဲ ဖြစ်၏ ။ မောင်တင်ယု ကတော့ အဲသလို မဟုတ် ။ သူ့ စကားကို ခပ်ငယ်ငယ် ကတည်းက စွဲမြဲ၏ ။ သူ ၏ ဝန်ခံကတိ တစ်ခု ကို လည်း အစဉ်အမြဲ ဆုပ်ကိုင်ထား တတ်၏ ။ ခပ်ငယ်ငယ် အရွယ် ကတည်း က တက်ကြွသော မာနမျိုး ထားရှိတတ်သူ တစ်ယောက် ဟု ခေါ်ဆိုနိုင်ပေသည် ။
ခပ်ငယ်ငယ် အရွယ် တုန်းကတော့ အသိမိတ်ဆွေ အပေါင်းအဖော်များ နှင့် စပ်မိ လျှင် သား ဖြစ်သူ၏ စိတ်ပျော်ရွှင်ရေး အတွက် မိခ င်က အလည်အပတ် ထည့်လိုက်တတ်၏ ။ မိခင် ဖြစ်သူမှာမူ ဥပုသ်နေ့များ မှ လွဲ၍ အိမ်တွင် ရှိတတ်သည် မဟုတ် ။ သူတို့ ရွာဒေသ မှ အရပ်သူ အရပ်သားများ မှာ လည်း အရပ်တကာက အပေါင်းအသင်း ဆွေမျိုး မိတ်သဟာ တွေ အရောက် လာလျှင် ကားကြီး ကားငယ် အသွယ်သွယ် ကို ငှား၍ အဆန်းတကြယ် ကြည်နူးနှစ်လိုဖွယ်ရာ နေရာဌာနများ နှင့် ကျော်ကြားသော စေတီပုထိုး ကျောင်းသင်္ခမ်းများ ရှိ ရာ အနှံ့ တပျော်တပါး လိုက်လံ ပို့သတတ်ကြ၏ ။ ကိုယ့်အိုး ကိုယ့်အိမ် အနေနှင့်သာ စုဆောင်း ခြိုးခြံ၍ ချွေတာ စားသောက် နေထိုင်တတ်ကြ သော်လည်း အိုးရှင် အိမ်ရှင်များ အနေဖြင့် တစ်ရပ်တစ်ရွာ က ရောက်လာတတ်ကြသော ဧည့်သည်များ ကို ပြုစုဧည့်ခံ ရာ မှာတော့ ဘယ်ရပ် ဘယ်ဒေသ နှင့်မှ မတူအောင် ဂုဏ်ယူ တတ်ကြ၏ ။ ဘယ်သူတွေ အလည် လာ၍ ဘယ်လောက်ဖိုး ကုန်အောင် ပြုစုလိုက်တာကို မှ လည်း အပြိုင်အဆိုင် ဂုဏ်ယူတတ် ကြပေသည် ။
အထူးသဖြင့် လည်း အဲဒီလို ဂုဏ်ယူစရာတွေမှာ သင်္ကြန် အခါများဝယ် အဖြစ် များတတ်၏ ။ ဟိုစဉ် ဟိုအခါကလည်း ဗမာပြည်မ ဝယ် မော်လမြိုင်သင်္ကြန် မှာ အကျော်ကြားဆုံး နှင့် စည်ကားသိုက်မြိုက်ဆုံး ဖြစ်ပေသည် ။ နောက်မှသာ ရန်ကုန် နှင့် မန္တလေး က စည်ကားသိုက်မြိုက်အောင် ဖန်တီး ယူရခြင်းဖြစ်၏ ။ အရင်က ဆိုလျှင် မော်လမြိုင်သင်္ကြန် တွင် သာ ဗမာပြည် အမြို့မြို့ အရွာရွာ မှ တတ်နိုင်သူများ စုဝေးရောက်ရှိတတ်သည် ။
မော်လမြိုင်ရထား မှာ သင်္ကြန် အခါတွင် ပိတ်ပိတ် နေအောင် ကျပ်နေတတ်၏ ။ ကျိုက်ထီးရိုးဘုရားဖူး နှင့် သင်္ကြန် ခါမှာ မော်လမြိုင်ရထား အတွက် လူအကျပ်ဆုံး အချိန် အခါ ဖြစ်တတ်သည် ။ အထက်ဗမာပြည် မှ လူအများ သည် ပင် မော်လမြိုင်သင်္ကြန် ကို တကူးတကန့် လာရောက်ကြရလေသည် ။
ထိုသို့သော အခါမျိုး များဝယ် မော်လမြိုင် မြို့ခံများသည် တစ်သက်လုံး ပြောစမှတ် ဖြစ်လေအောင် ငွေကုန်ကြေးကျ ပြုစုတတ်ကြ၏ ။ ကားကြီးကားငယ်တွေ အသွယ်သွယ် ကို ငှားရမ်းကာ ရပ်ကွက်တွင်း မှ လူများ ကိုပါ ခေါ်ဆောင်၍ အရပ်တကာ ကို နှံ့စပ်အောင် လည်ပတ် တတ်ကြ၏ ။ ထို အထဲတွင် မောင်တင်ယု မှာ တစ်ခါ တစ်ခါ ပါလာတတ်ပေသည် ။
ဒါပေမဲ့ မောင်တင်ယု မှာ ထိုသို့သော စိတ် ပျော်ရွှင်ဖွယ် ကိစ္စများ တွင် ဟက်ဟက်ပက်ပက် စိတ်ဝင်စားခြင်း မရှိ ။ သင်္ကြန်ခါ လူတကာ ပျော်ပါးချိန်တို့၌ မောင်တင်ယု မှာ ဆိတ်ငြိမ်စွာ အိမ်တွင်းအောင်း နေတတ်၏ ။ လူတကာ စိတ်ရွှင်ပျော်ရေး မှာ လည်း သူ့ အတွက် အဓိပ္ပာယ် ကင်းမဲ့ သလိုပင် လျစ်လျူရှု နိုင်ခဲ့ပေသည် ။
ဒါတွေကြောင့်လည်း မိခင် ခမျာမှာ သား အဖြစ်ကို ငယ်စဉ် က ပင် လိုအပ်သည် ထက် ပို၍ ဂရုပြုခဲ့ရ၏ ။ မောင်တင်ယု မှာ ကိုယ်လုံးကိုယ်ထည် အားဖြင့် သိမ်မွေ့ နုနယ်သော် လည်း စိတ်ထား အရာ၌မူ ကြမ်းတမ်းရင့်ရော်ပေသည် ။
တစ်နေ့တော့ မိခ င်က သား ဖြစ်သူအား တစ်ဖက်လမ်း အိမ်သို့ သွားရောက်စေလို သောအကြောင်း တစ်ရပ်မှာ ပေါ်ပေါက် လာခဲ့၏ ။ ညောင်ပင်ဆိပ် ဘက်ဆီ မှ အိုးအိမ်ထောင် တစ်စု မှာ လွန်ခဲ့သော တပေါင်းလဆန်း လောက် က တစ်ဖက်လမ်း မင်းလမ်းမ ဆီသို့ ရွှေ့ ပြောင်းလာခဲ့ပေရာ သင်္ကြန် အကျရက် ဝယ် တစ်ရပ်လုံး နှင့် ဧည့်ခံရန် စီစဉ်ထား၏ ။ ထို အိမ်သစ် နှင့် မိခင် ကတော့ ဈေး ထဲတွင် သိကျွမ်းခဲ့ဟန် တူသည် ။ ဒါကြောင့်လည်း မိခင် ကိုပါ အိမ်ရှင်များ က ဖိတ်မန္တက ပြုခဲ့ကြ၏ ။ မိခင် က သား ကို သွားစေချင်သည် ။
အရှက်အကြောက် ကြီးလှသော သား က လည်း ခေတ္တခဏတော့ ခေါင်းမာ နေ၏ ။
“ အစ်မ မအားလို့ မသွားတာပဲ အစ်မ ရာ ဘာအရေးကြီးလို့လဲ ”
“ အို .. ရပ်ရေးရွာရေး ကိစ္စမှ မင်း ကို လွှတ်တာပေါ့ကွဲ ။ လူတောထဲ တိုးတယ်ဆို တာ ရှက်စရာလား ။ ခဏ ဖြစ်ဖြစ် သွားလိုက်ပါ ။ ပြီးတော့လည်း အစ်မ က ဥပုသ် နဲ့ မို့ မလာနိုင်ဘူးဆို တဲ့အကြောင်း ပြောပေါ့ ”
ဟိုတုန်းကလည်း ခုလိုပင် အိမ်ရှေ့ က ပိတောက်ပင်အို မှာ ရွှေဝါရောင် တဖိတ်ဖိတ် တောက်နေ၏ ။ မောင်တင်ယု မှာလည်း မိုးပြာရောင်ပိတ်သား ရှပ်လက်တိုလေး ကို ဝတ်၍ သူ့ အဖေ ဘန်ကောက်နွမ်း ရေညှိရောင်လေး ကို ဆီးကာ အိမ်ပြင် သို့ ထွက်ခဲ့မိ၏ ။ လူတကာ ရေကစား ရေစိုခံနိုင်မည့် အဝတ်တွေကို ရွေးဆင် နေချိန်တွင် မှ အဲဒီလို ခွတိုက်ကာ သပ်သပ်ရပ်ရပ်ကလေး ဆင်ယင် သွားပုံကိုလည်း မိခင် ခမျာမှာ နောက်ပိုင်းမှ တစိမ့်စိမ့် ပြုံးကျန် ရစ်ရသည် ။
ဟိုတုန်း က လည်း ခုလိုပင် တရွေ့ရွေ့ လျှောက်လာခဲ့မိ၏ ။ ရွှေဝါရောင် ပိတောက်ပွင့်တွေ အောက် ကပင် ဖြတ်သန်း၍ ခုလိုပင် လျှောက်ကာလာခဲ့မိ၏ ။ ခုလိုလည်း ဘယ်သူက မှ ရေပက်ကြခြင်း မရှိ ။ “ ဟေ့ ... ဟေ့ ... သွားမလုပ်နဲ့ ။ ဒီကောင် က ခွကောင် ” ဟု လူကြီးများ က ကလေးများ ကို ဟန့်တားသံ ကြားရ၏ ။ ဟုတ်လည်း ဟုတ်သည် ။ မောင်တင်ယု မှာ ထိုစဉ်က ၁၅ နှစ်လောက် သာ ရှိသေးသော်လည်း အများ က ခွကောင်ရယ်လို့ ယူဆစရာ လည်း တကယ်ပင် ဖြစ်ခဲ့ပေသည် ။
ချစ်စရာ တော့ ချစ်စရာပဲ ဖြစ်၏ ။ ကိုယ်နေ ကိုယ်ထား ရော ၊ ဟန်ပန် ကပါ ချစ်စရာလေးလည်း ဖြစ်၏ ။ ၁၅ နှစ်သား လူပျိုပေါက်လေး ဆိုတော့ လည်း ငယ်ဂုဏ်နှင့်ပင် ချစ်စရာလေး ဖြစ်နေသည် ။ အနေအထိုင် သပ်ရပ်ခြင်း နှင့် အပေါင်းအသင်း ရွေးချယ်ခြင်းတို့ က လည်း အချို့လူကြီးသူမများ အတွက် လေးစား ခင်မင်စရာ ပဲ ဖြစ်၏ ။ မောင်တင်ယု မှာ အဲဒီလို လူငယ် တစ်ယောက် ဖြစ်ခဲ့ပေသည် ။
ဒါပေမဲ့ သူ့ အရွယ်တွင် ရှက်ကြောက်တတ်ခြင်း ကတော့ မင်းမူဆဲ ပင် ဖြစ်၏ ။ ဝင်ရ မည့် အိမ် ရှေ့နားသို့ ရောက်သည့် တိုင်အောင် လည်း “ ဝင်လို့ ဖြစ်မှ ဖြစ်ပါ့မလား ” ဟူသော သံသယစိတ် သည် သူ့ ကြောက်စိတ် ကို မင်းမူနေဆဲပင်ဖြစ်ပေသည် ။
“ ပက် .... ပက် မမြရည် သူ့ ကို ပက်... သူ့ ကို ပက် သူ က မှ ရေ ထိမှာ ကို အင်မတန် ကြောက်တာ ”
တစ်ယောက်သော မိန်းမပျို ၏ အသံ နှင့် အတူ မိန်းမပျို သုံးဦးမှာ အိမ်ရှေ့ မှ ပြေး ထွက်လာကြ၏ ။ မောင်တင်ယု မှာလည်း မမျှော်လင့်ဘဲ ပြေးထွက် လာကြသော မိန်းမပျို သုံးဦး ကို အံ့သြစွာပင် မလှုပ်မယှက် ငေးမော နေမိ၏ ။ အားပေးအားမြှောက် ပြုလိုက်သော မိန်းမပျို နှင့် ကျန် တစ်ဦးကိုတော့ မင်းလမ်းမ လူဟောင်းတွေ မို့ မောင်တင်ယု က သိ၏ ။ ကျန်တစ်ဦး ကိုတော့ ခုမှပဲ သိရခြင်း ဖြစ်သည် ။
“ မမြရည် ... ”
အဲဒီက စ၍ မမြရည် ကို မောင်တင်ယု မှာ သိခဲ့ရခြင်း ဖြစ်၏ ။ မောင်တင်ယု မှာ မမြရည် ကို ကြည့်၍ လည်း ထိတ်လန့်တုန်လှုပ်ခဲ့ရပေသည် ။ အကြောင်းကို ဆိုတော့ တွေ့ စ က မမြရည် မှာ လက်ထဲတွင် ကြီးမားသော ငွေဖလားကြီး ကို ပွေ့ကိုင်ကာ ပြေးဆင်း လာ၏ ။ သူ့ ကို ကြည့်ရင်းပင် မောင်တင်ယု မှာ အသည်းနှလုံး ထဲ ကပါ စိမ့်လာမိ၏ ။ ခါတိုင်း ငေါက်နေကျ မသင်းလှိုင် တို့ ညီအစ်မ ကို ပင် ရေ မပက်ရန် မငေါက်မိ ။
သူတို့ သုံးဦး ဝိုင်းမိ သွားသောအခါ မောင်တင်ယု မှာ လက်ပတ်နာရီ ပတ်ထားသော သူ့ ဘယ်ဘက် လက် ကို ရေဘေး မှ လွတ်ကင်း စေရန် မိုးပေါ်သို့ မြှောက်ကာ ထောင်ထား လိုက်ရ၏ ။ ဒါပေမဲ့ ငွေဖလားတွေ ကို ကိုယ်စီ ကိုင်ကာ ဝိုင်းဝန်း လာကြသော မိန်းမပျို သုံးဦး မှာ သူ့အား အေးမြသော ရေကြည် အားဖြင့် ပက်သွန်းရန် ရောက်လာကြခြင်း မဟုတ် ။ မိန်းမပျို သုံးဦး မှာ ငွေဖလား ထဲက ကရမက်နံ့သာရေတွေ ကို သပြေခက် ဖြင့် ပက်ဖျန်းကြ ခြင်းဖြစ်၏ ။ အဲဒီတော့မှလည်း ဗမာမှု အမွှေးရနံ့ တကြိုင်ကြိုင် သင်းကာ တလှိုင်လှိုင် ဖြစ် သွားပုံမှာ ခုတိုင်အောင် မမေ့နိုင်လောက်အောင် ဖြစ်ခဲ့ရပေသည် ။
အဲဒီ အခါကပင် စတင်၍ မမြရည် ကို တွေ့ခဲ့ရခြင်း ဖြစ်၏ ။ ဟိုတုန်းကတော့ ကရမက်ရည် ကို သပြေခက် နှင့် ပက်ဖျန်းကြသော ခေတ်မှာ ပပျောက်တိမ်ကောခြင်း မရှိ သေးပေ ။ အဲဒါကို မှ လည်း တိမ်ကော ပပျောက်ဆဲ ဖြစ်သော ဗမာမှု ပျော်ပွဲသဘင် တစ်ရပ် အနေဖြင့် မော်လမြိုင်မြို့ က ယဉ်ကျေးသိမ်မွေ့ စွာ ဆင်နွှဲနေကြခိုက် ဖြစ်၏ ။ ထိုစဉ်အခါက သူ့ ဘဝဝယ် မမြင်ဖူး ၊ မတွေ့ဖူးသော တုယှဉ်စရာ မတွေ့ နိုင်သည့် ဧကရီ တစ်ပါး ကို စတင်ရှုမြင်ခဲ့ရခြင်း ဖြစ်ပေသည် ။
မမြရည် ... ။
ခုလည်းပဲ ကိုတင်ယု မှာ မမြရည်တို့ အိမ် သို့ပင် ဦးတည့်ရှေ့စိုက် ကာ တရွေ့ရွေ့ သွားနေခြင်း ဖြစ်၏ ။ ဟိုတုန်းက သင်္ကြန် အခါမှာ လိုပင် ခု သင်္ကြန်အခါမှာလည်း သူ့ စိတ် တွင် သံသယတွေ ဗရဗွေ ဖြင့် တရွေ့ရွေ့ သွားလာနေ၏ ။ တစ်ခု သာ လျှင် ကွာခြားချက် ဟူ၍ရှိ၏ ။ ဟိုတုန်း က ၁၅ နှစ်သား မှာ ၊ ခုတော့ဖြင့် ၃၀ နား သို့ နီးကပ်လေပြီ ။
ခုလို ရွှေဝါရောင် ပိတောက်တွေ ပွင့်၍ ရွှေမြိုင်သူ အပျိုချောတွေ သပြေခက် ဖြင့် ကရမက်ရည် ပက်ဖျန်းကြစဉ် မှာပဲ သူ့ ဘဝ အတွက် ချစ်အပ်သူ ကို စတင်တွေ့မြင်ခဲ့ရခြင်း ဖြစ်၏ ။ ဒါပေမဲ့ ခု အခါမှာတော့ ရွှေမြိုင်သူ ပျိုဖြူဖြူများ မှာ သပြေခက် နှင့် ကရမက်ရည် ကို ပက်ဖျန်းကြရန် အတွက် သတိမှ ရကြလော မသိ ။
စ၍ တွေ့ သော နေ့ က ပင်လျှင် မမြရည် ကို မောင်တင်ယု မှာ ခင်မင်ခွင့်ရခဲ့၏ ။ မမြရည် တို့ မှာ ညောင်ပင်ဆိပ် ဘက်မှ ရွှေ့ပြောင်း လာရောက်ကာ အခြေစိုက်သူများ မို့ ရပ်ဆွေရပ်မျိုး ဖြစ်ထိုက်သူများ ကို ရွေးနေချိန် ဖြစ်ပေရာ မသင်းလှိုင် တို့ ညီအစ်မ မှာလည်း မောင်တင်ယု အတွက် ရှေ့နေကောင်းများ ဖြစ်သောကြောင့် မောင်တင်ယု မှာ လည်း မမြရည် တို့ တစ်အိမ်သားလုံး အတွက် မိတ်ကောင်း တစ်ယောက် လို ဖြစ်လာခဲ့ရ၏ ။
အဲဒီနောက် တွင် လူငယ်ရွယ် တစ်ယောက် ပီပီ မိုးတိမ် အထက်သို့ တစ်ယောက်တည်း တက် ကာ တိမ်ဖြူဖြူရွရွ ပေါ်ဝယ် မမြရည် ကို တွေ့ အောင်ရှာ၍ စိတ်ကူးယဉ် စိန်ပြေးတမ်း ကစားခဲ့ခြင်းများ ကိုတော့ ချဲ့ထွင်ဖော်ပြောစရာ လိုတော့မည် မဟုတ် ၊ ခုလို အခါမျိုးမှာတော့ ခပ်ငယ်ငယ် လူရွယ် ဘဝက ကိုယ့် ချစ်သူ နတ်မိမယ် ကို အလှဆုံး ဆင်ယင်ပေကာ စိတ်ကူးယဉ် အိပ်မက် ထဲဝယ် တသသ တွေ့ဆုံမိပုံများ ကို ပြန်ပြောင်း၍ ပြောရလျှင် တောင် လူ ရယ်စရာ ပင် ဖြစ်၏ ။ စာဖတ်တတ်စ ခပ်ငယ်ငယ် အရွယ်က နတ်သမီးပုံပြင်လေးတွေ ကို ဖတ်ရင်း သူ ကိုယ်တိုင် နတ်သားလေး တစ်ပါး လို ခံစားမိပုံမျိုး နှင့်လည်း ခပ်ဆင်ဆင် တူ ပေလိမ့်မည် ။
အဲဒါတွေ အကောင် ကို အထည် ဖြစ်အောင် ကြိုးစားခြင်း က မှ ဘဝ နှင့် နီးစပ်၏ ။ ချစ်သူ တစ်ယောက် ကို ပိုင်နိုင်စွာ ချစ်နိုင်အောင် ကြိုးစားခြင်း က မှ လူသား တစ်ယောက် အတွက် ကြိုးပမ်းချက် မည်ပေ၏ ။
တစ်နှစ်လုံးပင် မောင်တင်ယု သည် မမြရည် အပါးဝယ် ခိုကပ်ကာ သူ့ အိပ်မက် ကို အကောင်အထည် ထင်ဟပ်စေရန် ကြိုးစားခဲ့၏ ။ ဒါတွေကို လည်း ချဲ့ထွင် ဖော်ပြောခြင်း ငှာ မလိုလားအပ် ။ အကြောင်း ကို ဆိုတော့ စိတ်ကူးယဉ် တသချက် အိပ်မက်များ ကိုသာ မြင်မက်ရန် လိုလားလွန်းသော မောင်တင်ယု တို့ လို လူငယ်လူရွယ်မျိုး များမှာ သူတို့ မြင်မက်နေရသော မျက်ရည်ဖြင့်ရင်း၍ ခံစားရအပ်သည့် စိတ်ကူးယဉ်ချက်များ မှ လန့်၍ နိုးသွားမှာ ကို အစိုးရိမ်ကြီးစွာ ကြောက်ရွံ့ နေတတ်ကြ၏ ။ ဒါ့ကြောင့်လည်း သူတို့ ၏ စိတ်ကူးယဉ်ချက်များ ကိုပင် အကောင်အထည် အဖြစ် ကြိုးပမ်းရာ၌ ရဲရင့်ခြင်း ဆိုသည်မှာ သိပ် မရှိလှ ။ ရဲရင့်ခြင်း မှာ မှေးမှိန်ပြီ ဟု ဆိုလျှင်လည်း ကြောက်ရွံ့ခြင်း မှန်သမျှမှာ ရိုးသား သိမ်မွေ့သော ဟန်အမူအရာမျိုး ဖြင့် အသွင်ပြောင်းကာ တောက်ပ လာတတ်၏ ။
မမြရည် ထက်ဘော့ မောင်တင်ယု က သုံးနှစ် လောက် ငယ်ပေသည် ။ သည်အချက်ကြောင့် လည်း မမြရည် မှာ မောင်တင်ယု နှင့် ဆက်ဆံရေး တွင် အတော်ပင် ရဲတင်းသော အပိုင်း မှ နေ၍ ကပြခဲ့ရ၏ ။ “ မောင်တင်ယု ... မောင်တင်ယု ... ” နှင့် လည်း မောင်ငယ် တစ်ယောက်လို တယုတယ ပြုစုခဲ့ရှာ၏ ။ အဲဒီလို ပြုစုယုယခြင်း ကို ခံရလေလေ မောင်တင်ယု ၏ အချစ်မှာ လေညင်ကူးပင့်ခြင်း ခံရသော မီးခဲ ကဲ့သို့ ရဲလာလေလေ ဖြစ်ခဲ့ရပေသည် ။
နောက် တစ်နှစ်တော့ သူတို့ တစ်တွေမှာ အတူတကွ ပူးပေါင်းကာ သင်္ကြန်ပွဲသဘင် ကို ဆင်နွှဲခဲ့ကြ၏ ။ ဘယ်တော့မှ မမေ့နိုင်မည့် အဖြစ်တစ်ရပ်ရယ်လို့လည်း ခေါ်ဆိုနိုင်မည် ဖြစ်၏ ။ ထိုအဖြစ် ကိုလည်း “ ကန်ဦးသင်္ကြန် ” ရယ်လို့ပင် ခေါ်ဆိုကြပါစို့ ။
“ ကန်ဦးသင်္ကြန် ” ရယ် လို့ ခေါ်ဆိုရခြင်း ၏ အကြောင်း ကတော့ ကိုတင်ယု ကိုယ်တိုင် က ပင် ထို သင်္ကြန်ခါ ရေသဘင်ပွဲ ကို အခြား ရေသဘင်ပွဲများ နှင့် မရောယှက် စေလိုသော ကြောင့်ဖြစ်၏ ။ ပြီးတော့လည်း သူ ကိုယ်တိုင် က ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သော အဖြစ်တစ်ရပ် ကို ထူးခြားစွာပင် မေ့ပစ်စေလိုသောကြောင့် ဖြစ်ပေသည် ။
သူ့ ဘဝ ရှေ့ရေးကို ဆိုးရွားစေလှသော အကြောင်းအချက် တစ်ရပ်ဖို့လည်း သူ က တော့ မေ့ချင်မှာပဲ ဖြစ်၏ ။ မမြရည် အပါးဝယ် ဘယ်တော့မှ မနေချင်လောက်အောင် ဖြစ်ကာ ၁၃ နှစ် လောက် ကြာအောင်ပင် ထွက်ပြေး တိမ်းရှောင်စေလောက်အောင် ဆိုးရွားစေခဲ့သော အဖြစ်မို့ လည်း သူ ကတော့ မေ့ ချင်မည်သာ ဖြစ်၏ ။
ဒါပေမဲ့ ဘယ်တော့မှ မေ့နိုင်ကောင်းသော အဖြစ်မျိုး မဟုတ် ။ ခုလည်း သူ့ မျက်လုံး အစုံ ထဲဝယ် စိမ်းမြမြ ရေပြင်ဘေး က ကမ်းစပ်ဝယ် ရေပြင် ကို ကျောပေးကာ ထိုင် နေကြသည့် မိန်းမပျို သုံးဦး ကိုတော့ မြင်ယောင်နိုင်သေး၏ ။ အဲဒီ အထဲမှာမှ ဘယ်ဟာ က မမြရည် ရယ် လို့လည်း ခွဲခြားနိုင်ပေသည် ။
သူတို့ ကတော့ ကန်ဦး မှာပင် စားသောက်ဖွယ်ရာများ ကို တည်ခင်းစားသောက်ခဲ့ ကြ၏ ။ ယောက်ျားတွေ ကလည်း ရန်ကုန် ကို တု၍ ခက်ခဲစွာ ထည့်သို ယူခဲ့ရသော ဖဲထုပ် များကို အသုံးချ နေကြ၏ ။ မိန်းမတွေ ကသာ ကိုယ့် အစု နှင့် ကိုယ် ကန်စပ်ဝယ် နေစာလှုံ နေကြခြင်း ဖြစ်ပေသည် ။
မောင်တင်ယု ကတော့ မမြရည် ကို ခွဲခြားတတ်၏ ။ ရွှေဝါရောင် ပိတောက်ပွင့်တွေ ကို ဝေဆာအောင် ပန်ဆင်ထားသူ ကို မမြရည် ရယ်လို့ လည်း သိ၏ ။ သို့ကြောင့်လည်း သူတို့ နောက်ဘက်နား ဆီသို့ အသာအယာ သွားကာ မော်လမြိုင် မှ အသင့် သိုဝှက်၍ ယူဆောင် လာခဲ့သော ပြင်သစ်ရေမွှေး တစ်ပုလင်းလုံး ကို ကုန်လောက်အောင် မမြရည် ကိုယ်ပေါ်သို့ သွန်းလောင်းချခဲ့မိပေသည် ။
“ အို .. ကွာ ... မောင်တင်ယု က လည်း .. ”
နေပူစာ လှုံနေခိုက်၌ တစ်ကိုယ်လုံး ရွှဲရွှဲစို၍ အသည်းခိုက် သွားအောင် သွန်းလောင်း လိုက်ခြင်းမျိုး မဟုတ်သည့် တိုင်အောင် လေးနက်သော အဓိပ္ပာယ်မျိုး ကို ဆောင်သည့် အပြုအမူမျိုး မို့ မမြရည် မှာ စိတ်ညစ်ညူးစွာ ညည်းညူလိုက်မိရှာ၏ ။ မသင်းလှိုင် တို့ ညီအစ်မ ကလည်း “ ဟေ့ တို့ ကို နှင်ချင်ရင် တစ်ခုခု နဲ့ လာဘ်ထိုးရမယ် ဆရာ ” ဟု တည့်တည့်ပင် နောက်ပြောင်ကြလေသည် ။
နောက်တော့လည်း အလိုက်သိစွာ မသင်းလှိုင် တို့ ညီအစ်မက ထ သွားပေးကြ၏ ။ ဒါတွေကြောင့်လည်း မမြရည် ၏ စိတ်မှာ ပို၍ပင် မကျေနပ်နိုင်ခဲ့ခြင်း ဖြစ်ဟန်တူပေသည် ။
“ မင်း လုပ်တာဟာ မကောင်းဘူး မောင်တင်ယု ရာ ၊ ခုပဲ မသင်းလှိုင် တို့ က ပြက်ချော်ချော် ပြောပြီး ထသွားကြပြီ ။ နောက်ဆိုရင် တို့ နှစ်ယောက် အကြောင်းကို သူတို့ က ဘာပြော မယ်ထင်သလဲ ”
“ အို .. အရေး စိုက်စရာလိုက်လို့ဗျာ ”
အစတော့ သူတို့ နှစ်ဦးစလုံး မှာ အဲဒီလို မရေမရာ စကားတွေ ဖြင့်သာ အဓိကအချက် ကို မွမ်းမံခဲ့ကြ၏ ။ ချစ်ခင်နှစ်သက်စရာ ကဗျာ နှင့် အဖိုးတန် ကာရန်တို့ မှာလည်း ချောင်းရေ လို အဆက်မပြတ် စီးဆင်းရောက်လာတတ်သည်တော့ မဟုတ်ပါ ။
နောက်တော့လည်း မောင်တင်ယု မှာ စစ်သူကြီး မဟာဗန္ဓုလ လိုပင် ရဲရင့်လာခဲ့၏ ။ နတ်သျှင်နောင် လို အလှဆုံးသော ချစ်စကားလုံးလေး တွေ ကို လည်း ရွေးချယ်တတ်လာ၏ ။ အဲဒီ အခါတွင်မှ နတ်သျှင်နောင် ၏ ချစ်စရာစကားလုံးလေးများ သည် မဟာဗန္ဓုလ ၏ ရဲရင့်ခြင်း ဖြင့် ပေါင်းယှက်ကာ မမြရည် ၏ ရင်ညွန့် ကို မခံရပ်နိုင်လောက်အောင် ထိုးဖောက် နိုင်ခဲ့ခြင်း ဖြစ်၏ ။ ဒါပေမဲ့ ချစ်စရာ ရာဇဓာတုကလျာ မှာ မဟာဗန္ဓုလ လို ရဲရင့်ခြင်းဒဏ် ကို တော့ ခံနိုင်ခြင်း မရှိ ။
“ မင်း ကို ငါ က မောင်ငယ် တစ်ယောက်လို သဘောထားပါတယ် ... မောင်တင်ယု ရယ် ။ ဒါပေမဲ့ အခုလို မင်း စိတ်ထား အရင်းအမှန် ကို သိလိုက်ရတော့ မောင်နှမ လို တောင် မင်း အပေါ်မှာ သဘော မထားရဲတော့ဘူး ”
မဟာဗန္ဓုလ ပင်လျှင် ကျဆုံးခဲ့ရသည့် အခြားမဲ့ ၌ မောင်တင်ယု တစ်ယောက် မော်လမြိုင် မှ ပပျောက်သွားရခြင်း ကို လည်း ဘယ်သူ က မှ အံ့သြကြမည် မဟုတ် ။ ဘာပဲပြောပြော မောင်တင်ယု ကိုတော့ လူရိုးလူကောင်း တစ်ယောက် အဖြစ် အများက အသိအမှတ် ပြုထားကြ၏ ။ သို့ကြောင့်လည်း မိန်းမ တစ်ယောက် အတွက် ထိုမျှ ဖြစ်ရလေကောင်းလား ဟု စိတ်မကောင်း ဖြစ်မိသူများ နှင့် အ,လိုက် မိုက်လိုက်လေ ဟု ပြစ်ဆိုသူ တို့မှာ ရောထွေး ပေါ်ပေါက်လာရပေသည် ။
မောင်တင်ယု ကတော့ အဲဒီ အခါမှ စကာ သူ့ရပ် သူ့ရွာ ကို စွန့်ခွာလာခဲ့ခြင်းဖြစ်၏ ။ ကန်ဦးသင်္ကြန် ဝယ် သူ့ အဖြစ် ကို ရှင်းလင်းစွာ တင်ပြ၍ မဖြစ်နိုင်ကြောင်း မမြရည် ထံ မှ အဖြေ ထွက်ပေါ်လာ ကတည်း က အစ မခံသောကလေးဆိုး လို ငိုရှိုက်ကာ ထွက်ခွာသွားခြင်း ဖြစ်၏ ။
“ မင်း စိတ်ထဲမှာ အဲဒါမျိုး စိတ်တွေကို မွေးထားဦးမယ် ဆိုရင်တော့ ငါ့ ကို ဆက်ပြီး မခင်မင်ပါနဲ့တော့ မောင်တင်ယု ရယ် ”
ဒါကတော့ မမြရည် ၏ နောက်ဆုံး စကားဖြစ်၏ ။ ခက်ထန်မာကျောစွာ ပြောခဲ့ သော စကား တစ်ခွန်း လည်း ဖြစ်၏ ။ ဒါပေမဲ့ မမြရည် ကိုတော့ အပြစ်တင်စရာ လိုအပ်မည် မဟုတ် ။ မမြရည် ၏ စကား အဓိပ္ပာယ် ကို ကောက်ယူသူ မောင်တင်ယု အပေါ် ၌သာ ကောင်းကျိုးဆိုးပြစ် ကို ပြောဆိုထိုက်ပေသည် ။ သည်လိုနှင့်ပင် စိတ်သဘောထား မပြောင်းလဲ နိုင်တော့ပြီ ဖြစ်သော မောင်တင်ယု ကတော့ အားနွဲ့သူ မိန်းမသား တစ်ဦး ၏ စကား ကို ပင် လူငယ် ပီပီ စွဲမြဲစွာ မှတ်ယူကာ မမြရည် ကို မခင်ဘဲ နေနိုင်လောက်အောင် ဝေးမြေရပ်ခြား သို့ ထွက်လာခဲ့မိ၏ ။
ကိုတင်ယု ၏ မျက်လုံးအစုံ ထဲ မှာတော့ အရာခပ်သိမ်း မှာ ရုတ်တရက်ပင် ပိတ် မှောင်ကာ ဖုံးသွား၏ ။ မမြရည် ကို မရှုမမြင်ရလေအောင် မျက်လုံးအစုံ ကိုမှိတ်၍ ဝေးမြေ ရပ်ခြားသို့ ထွက်ခွာလာ ကာ မှ ပြင်းထန်သော မြည်ဟည်းသံများမှာ ပေါက်ကွဲထွက်ပေါ် လာခဲ့၏ ။ ဗမာ့လွတ်လပ်ရေးတပ်မတော် ခေတ် ... ဗမာ့ကာကွယ်ရေး တပ်မတော် ခေတ် ... ဗမာ့တပ်မတော် ခေတ် ... မျိုးချစ်တပ်မတော် ခေတ် ... နောက် ၊ အင်္ဂလိပ် အဝင် ဗမာ့တပ်မတော် ခေတ် ။
မောင်တင်ယု မှာ အသက်အရွယ် ကြီးရင့်လာသည် နှင့် အမျှ စစ်အတွေ့ အကြုံ လည်း များပြားလာခဲ့၏ ။ သူ သည် စစ်သားကောင်း တစ်ယောက် ပီပီ အောက်ခြေ မှ စ၍ အမှုထမ်း ခဲ့သောကြောင့် နောက်ဆုံးတွင် အထက်တန်းကျသော အခြေအနေမျိုး သို့ ဆိုက်ရောက်ခဲ့ရခြင်းလည်း ဖြစ်ပေသည် ။
သူ ကတော့ ဗမာ့လွတ်လပ်ရေးတပ်မတော်ခေတ် မှ အစပြုကာ မမြရည် ကို မေ့ထား ခဲ့မိ၏ ။ မမြရည် ကို ထပ်မံ တွေ့ဆုံရမှာ စိုးကြောက်လွန်းသောကြောင့်လည်း ကျေးဇူးရှင် မွေးမိခင် ကို ပင် မိုက်မဲစွာ အဆက်ဖြတ် ထားခဲ့၏ ။ သည်အပြစ် တွေ အတွက် ပြေဆေးရယ် လို့ လည်း သူ က ရှာသည် ။ ထိုအခါ တိုင်းပြည် အတွက် မိမိ ခန္ဓာကိုယ် ကို ပေးအပ်လှူဒါန်းခြင်းသည် လူသား တစ်ယောက် ၏ အမွန်မြတ်ဆုံးသော အပြုအမူ ဖြစ်သည် ဟူသော ဆောင်ပုဒ် ကို တွေ့ရှိလာ၏ ရဲဘော်မသေ ... သေသော် ငရဲမလား .. ။
ရဲဘော် ကတော့ တကယ်ပင် သေဆုံး ပျက်ပြုန်းခြင်း မရှိခဲ့ ။ မောင်တင်ယု မှာ အင်္ဂလိပ် ကို စတင် တော်လှန်ပြီး နောက် တပ်ကြပ်ကလေး ဖြစ်လာခဲ့၏ ။ ဗမာ့ကာကွယ်ရေး တပ်မတော်ခေတ် တွင် ဗိုလ် ဖြစ်ကာ ဗမာ့တပ်မတော်ခေတ် ၌ ဗိုလ်ကြီး အဆင့်အတန်း ထိ တိုးမြင့်လာခဲ့၏ ။ ငယ်ရွယ်တက်ကြွသူ တစ်ဦး ပီပီလည်း ရာဇဝင် တွင်ရစ်မည့် တော်လှန်ရေးများ ဝယ် သူ သည် လက်တွေ့ခန်းများ မှ ပြောင်မြောက်စွာ ပါဝင် ဆောင်ရွက်ခဲ့လေသည် ။
ဖက်ဆစ်တော်လှန်ရေး မှာ လည်း အဲဒီလိုပဲ ဖြစ်၏ ။ သူ သည် ဗိုလ်ကြီးတင်ယု အနေ နှင့် ဖက်ဆစ်များ ကို ရှေ့တန်းမှ နေကာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့၏ ။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလူထုကြီး တစ်ရပ်လုံး နှင့် လည်း သူ သည် လက်ချင်း တွဲယှက်ကာ ဗမာတစ်မျိုးသားလုံး ၏ လွတ်မြောက်ရေး အတွက် ရွက်ဆောင်ခဲ့ပေသည် ။
နောက်တော့ ဗမာ့တပ်မတော် .... အင်္ဂလိပ် ပြန်အဝင် ဗမာ့တပ်မတော်ခေတ် သို့ ရောက်လာပြန်၏ ။ အဲဒီတော့လည်း သူ သည် စစ်ဘက်တာဝန်ခံ ဗမာ့သားကောင်း တစ်ဦး အနေနှင့် ဗမာ့လွတ်မြောက်ရေး အတွက် တိုက်ပွဲဆင်နွှဲရန် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ပြည်သူ့ခေါင်းဆောင်ကြီးများ ၏ အမိန့်ကို သာ ငံ့လင့်နေ၏ ။ မမြရည် တစ်ယောက် ကို မေ့လောက်သည့် အချိန်အခါမှ စ၍လည်း သူ သည် ဗမာ့လွတ်မြောက်ရေး တိုက်ပွဲ တစ်ခု တည်း အတွက်သာ စိတ်ဆန္ဒ ထားရှိခဲ့ပေသည် ။
ဒါပေမဲ့ နောက်တော့လည်း နိုင်ငံရေး အခြေအနေ မှာ သူ့လို လူမျိုး တစ်ယောက် အတွက် လိုက် မမီနိုင် လောက်အောင် ရှုပ်ထွေး လာခဲ့၏ ။ ထိုအခါ သူ သည် ယိမ်းယိုင်ကာ တွေဝေလာ၏ ။ ဘာကိုမှ လည်း စိတ်ထက်သန်ခြင်း မရှိ ၊ ဘာကိုမှလည်း စွမ်းစွမ်းတမံ ရွက်ဆောင်လိုခြင်း မရှိ ။
သည်လိုနှင့်ပင် နောက်ဆုံး မှာတော့ ရှမ်းပြည်နယ် စစ်ဒေသ တစ်ခု ဆီသို့ သူသည် ရောက်ခဲ့၏ ။ တစ်ဖက်တွင် တရုတ်ပြည်သူ့တပ်မတော်နှင့် တစ်ဖက်က ဗမာ့တပ်မတော် ရင်ဆိုင် နေရသော နယ်ခြားဒေသမျိုး ဖြစ်၏ ။ ထို တပ် နှစ်တပ်၏ ကြား ဗမာ့နယ်မြေ ပေါ်မှာ လည်း တရုတ်ဖြူစစ်ပြေး ၊ သောင်းကျန်းသူ ၊ မုဒိမ်းသမားများ က ကူးလူးဖြတ်သန်းလျက် ရှိပေသည် ။
တရုတ်ပြည်သူ့တပ်မတော် ကတော့ တရုတ်ဖြူကျူးကျော်ရေးသမားများ ကို သူတို့ နယ်မြေသို့ အဝင် မခံဘဲ ခိုင်ခံ့စွာ စောင့်ကြပ် ပစ်ခတ်နေကြ၏ ။ ထိုအချိန်ဝယ် ဗိုလ်တင်ယု ကတော့ အထက် အမိန့် ကို စောင့်နေရသည့် တိုင်အောင် ရှုပ်ထွေး လျက် ရှိသော နိုင်ငံရေး အခြေအနေ ကြောင့် ယိမ်းယိုင်တွေဝေဆဲပင် ဖြစ်နေရှာ၏ ။ ကျူးကျော်ရေးသမားတွေ ချီတက်လာကြောင်း ကို သိရသည့်အချိန်အခါမျိုး ၌ ပင်လျှင် သူ ကတော့ ငေးငိုင်ဆဲပင် ဖြစ်ပေသည် ။
ခုတော့လည်း သည်အကြောင်းတွေ မှာ အတိတ်က အရိပ်များ ထဲဝယ် တရေးရေး ကျန်ခဲ့လောက်ပြီ ဖြစ်၏ ။ ဟိုတုန်းက မော်လမြိုင်မြို့ မှ ထွက်ပြေးသွားခဲ့သော မောင်တင်ယုလေး မှာလည်း ခုတော့ဖြင့် ဗိုလ်ကြီးတင်ယု အနေနှင့် ပြန်ရောက်လာပြီ မဟုတ်ပါလား ။ ဗိုလ်ကြီးတင်ယု မှာ မင်းလမ်းမ ပေါ်သို့ ရောက်လာသောအခါ သူ့ အသည်းမှာ စိမ့် ကာ အေးလာပြန်၏ ။ ဟိုတုန်းက လို မင်းလမ်းမသူ ပျိုဖြူဖြူ တို့ မှာ ကရမက်ရည် ကို သပြေခက် နှင့် ပက်ဖျန်းကြသေးလားရယ် လို့ လည်း မသိရ ။ ဒါပေမဲ့ ခေတ်တွေ မှာ တစ်ခေတ် မှ တစ်ခေတ်သို့ ရွှေ့ပြောင်းခဲ့ပြီမို့ ဒါတွေလည်း ပပျောက်လောက်ပြီ ဟူ၍ ခန့်မှန်းနိုင်၏ ။ ခပ်ဆူဆူ မိန်းမငယ် တစ်စု တို့၏ အူတူတူ အော်ဟစ်သံကိုပင် သူ ကတော့ စိတ်မဝင်စားတော့ ။
“ မမြရည် ... ”
ဒါကိုပဲ စိတ်စောနေ၏ ။ သည် အမည် ကို သာလည်း ရေရွတ်မိ၏ ။ သူ့ မိခင် က တော့ သူ့ စိတ်ထားကို ကြိုတင်၍ နိမိတ်ဖတ် ပေးပြီး ဖြစ်၏ ။ “ သား တစ်ယောက်တည်း သွားလို့ မမြရည် တို့ အိမ်ကို သား ဝင်ရဲမှာတဲ့လား ”
အဲဒါကိုတော့ အာမဝန္တာ ခံရဲခြင်းမရှိ ။ ဗိုလ်ကြီး တစ်ယောက် အနေအထား နှင့် ပြန် ရောက်လာသည့် တိုင်အောင်လည်း အဲဒီလို သတ္တိမျိုး အတွက် အာမခံချက် ပေးနိုင်ခြင်း မရှိ ။
ဗမာ့လွတ်လပ်ရေးတပ်မတော် ခေတ်မှ အစပြုကာ ဗမာ့လွတ်မြောက်ရေး တိုက်ပွဲ ခရီးစဉ် တစ်လျှောက်၌ ဘယ်စဉ်ကမှ ဒဏ်ရာ မရခဲ့ဖူးသော စစ်သားကောင်း တစ်ယောက် သည် အချစ် နှင့် ပတ်သက်၍ တော့ သေလောက်အောင် ဒဏ်ရာရခဲ့ပါသည် ဟု ဝန်ခံရမည် ဖြစ်၏ ။ ဘယ်တိုက်ပွဲ မှာ မှ ဒဏ်ရာ မရခဲ့ဖူးသော ဗိုလ်ကြီးတင်ယု မှာလည်း မမြရည် တို့ အိမ်ရှေ့ နားသို့ ရောက်ခဲ့ပေပြီ ။
ထိုအခါတွင် မှ သူ့ စိတ်တွင်းက ကြေကွဲလှိုက်လှဲခြင်း မှာ ပေါက်ကွဲ၍ ထွက်လာရ၏ ။ သူ သည်လည်း လမ်းလျှောက်ရင်း ပင် အားပြတ် သွားသလို ခြေနှစ်ဖက် က အစ တုန်ရင် လာရ၏ ။ နွဲ့နှောင်းပျော့ပျောင်းသော ကြိမ်တုတ် ကို ပင် အားပြုကာ မြေပေါ်၌ ထောက် လိုက်ရသည် ။
မိခင် ၏ နိမိတ်ဖတ်ချက် မှာလည်း မှန်ပေပြီ ။ သူ သည် မမြရည် တို့ အိမ်အနားသို့ ကပ်ရောက် လာကာမှ အိမ်တွင်းသို့ သူ တစ်ယောက်တည်း ဝင်ရဲမည် မဟုတ်ကြောင်း ကို စိတ်ချယုံကြည်မိလာ၏ ။ ဟိုတုန်း က လို ၁၅ နှစ်သား ဘဝ သို့ ပြန်၍ပင် ရောက်စေချင်လာသည် ။ ဟိုတုန်းက လို ရွှေဝါရောင်ပိတောက်တွေ ဝေဆာအောင် ပွင့်၍ ခါသင်္ကြန်ရေသဘင်ပွဲ ကျရောက်နေချိန် ၌ သူ ကိုယ်တိုင် က ပင် ဟိုတုန်းကလို ၁၅ နှစ်သား ဘဝသို့ ပြန်လည် ရောက်ရှိ စေလိုပေသည် ။ ဒါမှလည်း မမြရည် မှာ အဖိုးတန် ငွေဖလားကြီး ကို ပွေ့ဖက်က ကရမက်ရေတွေ ကို သပြေခက်ဖြင့် ပက်ဖျန်းတော့မည် မဟုတ်ပါလား ။
ခုတော့ဖြင့် ဒါမျိုးကို ဘယ်နည်းနှင့် မျှ မျှော်လင့်ဖွယ်ရာ မရှိ ။ အထူးသဖြင့် မမြရည် ထံမှ မျှော်လင့်ဖွယ်ရာ မရှိ ။ မမြရည် မှာ ကိုတင်ယု လိုပင် ခုအထိ အိမ်ထောင် မပြုသေးသော် လည်း ခါသင်္ကြန် အပြီး ဝါမဝင်ခင် ရက် အတွင်း မှာပင် အထက်တန်းအရာရှိ တစ်ဦး နှင့် လက်ထပ်ကာ ထိမ်းမြားမင်္ဂလာ ဆင်ယင် ကျင်းပရန် စေ့စပ်သေချာပြီး ဖြစ်ခဲ့၏ ။ အသက် အရွယ် ၃ဝ ကျော် ကာမှ ကံပေါ်သော မမြရည် ဟုပင် မင်းလမ်းမ တစ်လျှောက် က အသိ အမှတ် ပြုကြသည် ။
အဲဒါတွေကြောင့်လည်း ကိုတင်ယု ၏ သတ္တိ မှာ ပို၍ မှေးမှိန်လာရခြင်း ဖြစ်၏ ။ သူ့ အား အစ ကနဦး ကပင် လျစ်လျူရှုခဲ့၍ ခုအခါ၌ ဥပေက္ခာ ပြုရန် ဆုံးဖြတ်ပြီး ဖြစ်သော မိန်းမ တစ်ယောက် ရှေ့မှောက် သို့ သူ သည် လည်း အသို့လျှင် ဒူးထော က်၍ ဝင်ရပါဦးအံ့နည်း ။
မမြရည် ကတော့ သူ့ ကို မှတ်မိနိုင်စရာပင် အကြောင်း မရှိ ၊ ချစ်ခင်ကြင်နာနိုင်ဦးမည့် နည်းလမ်းရယ် လို့ လည်း မရှိ ၊ သူ မှန်း ကို သိသည့် တိုင်အောင်ပင် သူ့ အား ထွက်၍ စကား ပြောလိမ့်ဦးမည် ဟု တွေးဆနိုင်ခြင်းလည်း မရှိ ။
ဒါတွေကြောင့်လည်း သူ့ မျက်လုံး အစုံမှာ ပိတ်ဖုံးကာ မှောင်၍ မှောင်၍ သာ လာ၏ ။ သဲသောင်ပြင် ပေါ်ဝယ် တစ်ယောက်တည်း အားငယ်စွာ ရပ်နေရသူ တစ်ဦး လို့ ရေပြင် မှ ရိုက်ခတ်နေသော လှိုင်းသံ ကပင် သူ့ ကို ခြောက်လှန့် နေလိုက်သေး၏ ။
တမ်းတ မျှော်လင့်ခြင်းရယ် လို့ တော့ မရှိ ။ ဒါပေမဲ့ သူ့ တစ်ကိုယ်လုံး မှာ သူ့ နောက်ပိုင်းမှ ဝိုင်းဝန်းကာ လောင်းချလိုက်သော ရေအေးများ ကြောင့် တစ်ကိုယ်လုံး ရွှဲရွှဲစို သွားရ၏ ။
“ အမလေးဗျာ ကျုပ် ဘန်ကောက်တော့ ပစ်ရပါပြီ ”
အင်မတန် လိုလားအပ်စွာသော ပြုံးရယ်ရင်း ပြောလိုက်မိသော စကားမို့ ရေဝိုင်း လောင်းကြသော မိန်းမပျို တစ်သိုက်မှာ မြူးတူးခုန်ပေါက် သွားရ၏ ။ ဒါပေမဲ့ ထိုအခိုက် မှာ ပင် ပို၍ မမျှော်လင့်နိုင်သော အကြောင်း တစ်ချက်မှာ ပေါ်ပေါက်ခဲ့ရသေး၏ ။
“ အိုကွယ် .. မလုပ်ကြပါနဲ့ ... မလုပ်ကြပါနဲ့ ”
အသံ လာရာ အိမ် ဘက်ဆီသို့ ကိုတင်ယု မှာ ပါးစပ်ဟောင်းလောင်း နှင့် ငေးမောနေ မိ၏ ။ ပင်လယ်နက်ကြီး ထဲသို့ ထိုးကျသွားရာ မှ ဇနကဘုရားလောင်း ကို ကယ်ဆယ်ခဲ့ဖူး ပါသည် ဆိုသော မဏိမေခလာ နတ်သမီး နှင့် တွေ့ဆုံရ သလို လည်း ချမ်းအေး ရာမှ အံ့ဩ မိ၏ ။ မမေ့တတ်သော ကိုတင်ယု ကတော့ မမြရည် ၏ အသံ ကိုပင် ကျက်မိပေသေးသည် ။
“ လာ ..လာ .. မောင်တင်ယု အိမ် ထဲ မှာ ဝင် ထိုင်ဦး ၊ အိမ်ထဲကို ဝင်ဦး ”
မမြရည် က တော့ အိမ် ပေါ်မှ ပြေးဆင်း လာကာ ကိုတင်ယု ၏ လက်တစ်ဖက် ကို ဆွဲ၍ အိမ်တွင်း သို့ တယုတယ ဆွဲခေါ်သွား၏ ။ သား ၏ အနောက်နား ဆီမှ သား ကို မျက်ခြည်မပြတ် လိုက်လာခဲ့ရှာသော မိခင် မှာ လည်း သား ၏ အဖြစ်နှင့် မမြရည် ၏ အပြုအမူကို ငေးမောကာ အိမ်တွင်း သို့ လိုက်၍ ဝင်လာခဲ့ရ၏ ။
“ ထိုင် ... ထိုင် .. မောင်တင်ယု ဒီမှာ ထိုင် ”
ကိုတင်ယု ကို နေရာထိုင်ခင်း ချထားပေး ပြီးမှ တံခါးဝဘက် သို့ လှည့်ကာ “ ဪ .... ဒေါ်ဒေါ် လည်း ပါလာသကိုး ” ဟု မမြရည် က အံ့သြစွာ ရေရွတ်လိုက်မိ၏ ။
“ အေးကွယ် သားတစ်ယောက် ကို စိတ်ချနိုင်လွန်း လို့ နောက်က လိုက်နေရတယ် ”
ကိုတင်ယု ကတော့ မိခင် ဘက် လှည့်ကာ ပြုံးရုံ သာ ပြုံးလိုက်မိ၏ ။ အတန်ကြာ ကာ မှ စကား ကို စ၍ ပြောသည် ။
“ အစ်မ ကတော့ ခုအထိ ကျွန်တော့် ကို ကလေး လို ထင် နေသေးတာ ”
မမြရည် က ပင် မချိပြုံး ပြုံးလိုက်မိ၏ ။ သူ့ မိခင် က သာ မဟုတ် ၊ မမြရည် ကိုယ်တိုင် ကလည်း ကိုတင်ယု ကို တော့ ကလေး တစ်ယောက် လိုပင် ထင်နေဆဲဖြစ်၏ ။ ခုမှလည်း ပို၍ ထင်စရာ ဖြစ်နေ၏ ။
“ ကျွန်တော် က မမြရည် နဲ့ တွေ့ ရင် အရင် ကန်ဦးသင်္ကြန် မှာ တုန်းက ပြောခဲ့တဲ့စကား တွေကို ပြန်ပြောမယ် ထင်နေတာ ”
“ အိုကွယ် .. ဒါတွေကို မေ့လိုက်ပါတော့ မောင်တင်ယု ရယ် ”
မမြရည် က သက်ညှာကြင်နာစွာ တောင်းပန်မိ၏ ။ ကိုတင်ယု အပေါ်၌ သနား ကြင်နာမိတာကလည်း တကယ်ပင် ဖြစ်ပေသည် ။
“ မမြရည်တို့ လက်ထပ်မှာ ဘယ်တော့လဲ ”
“ ကဆုန်လ ထဲ မှာ ”
အမေး ရှိ၍သာ အဖြေ ပေးနေရခြင်း ဖြစ်၏ ။ ကိုတင်ယု ခမျာကလည်း စိတ်စေတနာ ထက်သန်စွာ မေးမြန်းနေခြင်းတော့ မဟုတ် ။ သူ ၏ မချိတင်ကဲ ကြေကွဲဝမ်းနည်းခြင်း ကို ဖုံးဖိနိုင်အောင် ကြိုးစားရင်း တတ်နိုင်သမျှ ဟန်ဆောင်ကာ မေးမြန်းနေခြင်း သာ ဖြစ်ကြောင်း ကို မမြရည် ခမျာ ကလည်း သိရှာ၏ ။
“ လက်ထပ်ပွဲ ကို ကျွန်တော် လာခဲ့ရဦးမလား မမြရည် ”
သည်အမေး ကို တော့ မမြရည် က အဖြေ မပေးနိုင်သေးဘဲ ကိုတင်ယု ၏ မျက်နှာကို သာ ခပ်ဆိုးဆိုး ငေးမောနေရ၏ ။ ဒါကိုလည်း မိန်းမသား တစ်ဦး က အစစ်တကယ် စဉ်းစား အပ်ပေသည် ။
မောင်ငယ် အရင်းအချာ တစ်ယောက် မက ပို၍ ချစ်ချင်စရာ ကောင်းလှသော ကိုတင်ယု ကိုတော့ မမြရည် မှာ ၁၃ နှစ်ကျော် ကွဲကွာခဲ့ပြီး မှ ပြန်လည်တွေ့ဆုံရခြင်း ဖြစ်၏ ။ ပြန် တွေး ကြည့်လျှင် လည်း ၁၃ နှစ် ဆိုသော အချိန်ကာလ မှာ တိုတောင်းလှသည်တော့ မဟုတ်ပါ ။
ထိုမျှ အချိန်ကာလမှာ ကြာညောင်းခဲ့သည့် တိုင်အောင် ကိုတင်ယု ကို မမေ့နိုင်ခြင်း ကလည်း မမြရည် ၏ ဖြူစင်သော စိတ်ထား နှင့် ပတ်သက်သည့် ခန့်မှန်းချက် ဖြစ်၏ ။ မမြရည် သည် ကိုတင်ယု တစ်ယောက် မော်လမြိုင်မြို့သို့ ပြန်ရောက်လာကာ အိမ်တွင်း အောင်း နေကြောင်း ကိုတော့ ကြားသိထားမိသည်သာ ဖြစ်၏ ။ အဲဒီလို ကြား ကတည်း က မောင်တင်ယု တစ်ယောက်တော့ သူ့ အိမ် ကို တစ်ခါတစ်ခေါက် ရောက်လာဦးမှာ ပဲ ဟု သိ ထားပြီးဖြစ်ပေသည် ။ ဒါပေမဲ့ ခု လာလို့လည်း အကြောင်းကတော့ ထူးတော့မည် မဟုတ် ။ သူတို့ နှစ်ဦး ကြား၌ ခြားနားခဲ့ပြီ ဖြစ်သော ၁၃ နှစ် ဟု ဆိုသည့် ကာလ မှာလည်း သာမန် လောက်သာ ခင်တတ်ကြသည့် လူ တစ်ဦး နှင့် တစ်ဦး တို့ အတွက် မေ့လောက်သည့် ကာလပဲ ဖြစ်၏ ။ ပြီးတော့လည်း မမြရည် မှာ နောက်တစ်လ လောက် ကြာလျှင်ပင် ဧရာမ လူကုံထံ အရာရှိ တစ်ဦး နှင့် အခန်းအပ်ပွဲ လက်ခံရတော့မည် ဖြစ်ပေသည် ။
ခုမှတော့ မောင်တင်ယု မှာ မမြရည် အတွက် အလကားပဲ ဖြစ်၏ ။ ဘယ်လို အကြောင်းတွေ ပေါ်ပေါက်၍ မှ လည်း အရင်က မောင်တင်ယု စိတ်ဆန္ဒတွေ မှာ ပြည့်ဝစရာ အကြောင်း ရှိတော့မည် မဟုတ် ။
ဒါပေမဲ့လည်း တစ်နေ့ လာနိုး တစ်နေ့ လာနိုးနှ င့် တော့ မမြရည် သည် မောင်တင်ယု ကို ကြိတ်မှိတ်ကာ စောင့်စား နေမိ၏ ။ တစ်နေ့နေ့ တော့ ဘယ်လောက်တောင် ကြေကွဲ နာကြည်းစရာ ကောင်းတဲ့ အဖြစ်လည်း ဆိုတာ မမြရည် ကို သူ လာ ပြဦးမှာပါပဲ ။
ဟုတ်သည် ၊ အဲဒီတော့မှ ပေါ်လာခဲ့ခြင်း ဖြစ်သည် ။ ပို၍ နာကြည်းစရာကောင်း
လောက်အောင်လည်း အဖြစ်ဟောင်း နှင့် ထပ်တူထပ်မျှ ကိုက်ညီသော ကာလ တွင်မှ မောင်တင်ယု သည် ပေါ်ပေါက်လာခြင်း ဖြစ်၏ ။ အရင်တုန်း ကလည်း ခုလိုပင် အတာ သင်္ကြန် မှာ ပိဘောက်တွေ ဝေဆာနေသည့် ကာလ .. ။
“ ဟော .. ကိုတင်ယုကြီး လာနေတယ်ဟေ့ ” ဟူသော အသံ ကို အိမ်ရှေ့ဘက် မှ ကြားလိုက် ကတည်း က မမြရည် သည် မပြတ်နိုင်သော ရွှေမျှင်ကြိုးတန်းလေး ဆီသို့ ဣန္ဒြေ မရ ပြေးထွက်ကာ ရပ်ကြည့်မိ၏ ။ အမိုက်မလေး တစ်စု ကလည်း ဒုက္ခသည် တစ်ယောက် ကို မှ ကုမရနိုင်သည့် ရေချမ်းအေး ဖြင့် ပက်ဆေးကာ သွန်းလောင်း နေကြသည် ။
ဒါကြောင့်လည်း မမြရည် က အရပ်ထဲမှ ငယ်ရွယ်သူ အမိုက်မလေးများ အား အငမ်းမရ တောင်းပန်ခဲ့ရခြင်း ဖြစ်၏ ။
“ အို ... ကွယ် မလုပ်ကြပါနဲ့ ... မလုပ်ကြပါနဲ့ ”
အဲဒီနောက် မှာ မှ မောင်တင်ယု ကို ထွက်၍ ဆွဲကာ အိမ်ပေါ် အရောက် တွဲတင်ခဲ့ရ ခြင်းဖြစ်၏ ။ သူ့ အပါးမှ ၁၃ နှစ်ကျော် ကွဲကွာနေခဲ့ရသော မောင်တင်ယု ၊ သူ့ ကြောင့်ပင် စိမ်းစို အေးမြေသော သစ်ပင်ပန်းမန်များ ပေါကြွယ်ရာ ကမ်းစပ် မှ ဘဝသံသရာ ဒုက္ခလှိုင်း တံပိုးတွေ ထကြွရာ ပင်လယ်ပြင် ဆီသို့ ထွက်ခွာသွားခဲ့သည့် မောင်တင်ယု ။
ထို မောင်တင်ယု နှင့် သူတို့ နှစ်ယောက် တွေ့ ကြရာမှာတော့ မောင်တင်ယု သည် နောက်ထပ်မံ၍ မျှော်လင့်ဖွယ်ရာ မရှိလောက်အောင် အပြီးအပိုင် ဆုံးရှုံးတော့မည် ဖြစ်သော သူ့ အချစ်နှင့် ပတ်သက်၍ မဆုံးနိုင်သော စကားတွေ ကို ကြေကွဲတသစွာ ပြောပြလိမ့်မည် ဟု မှတ်ထင်ခဲ့မိ၏ ။
ခု ... မောင်တင်ယု ပြောတာကလည်း ကြေကွဲတသစရာ ကောင်းလှသော စကား တွေတော့ ဖြစ်သည် ။ ဒါပေမဲ့ သူ မှတ်ထင်ခဲ့မိ သလို ရှည်လျားစွာ အမျှင်မပြတ် ပြောဆို ခြင်းမျိုးတော့ မဟုတ် ။
အင်မတန် တိုတောင်းသော စကားလေးတွေ ကပင် မမြရည် ၏ အသည်းနှလုံး ကို ကြိတ်ကာ ချေမွခဲ့၏ ။ အင်မတန် တိုတောင်းသော မေးခွန်းလေး တစ်ခု က လည်း မမြရည် ကို ထွက်ပေါက် မမြင်အောင် ကျပ်တည်းစေသည် ။
“ လက်ထပ်ပွဲ ကို ကျွန်တော် လာခဲ့ရဦးမလား မမြရည် ”
အားလုံးမှာ ဆိတ်ငြိမ် နေကြ၏ ။ ကန်ဦးသင်္ကြန် တုန်း က အဖြေ ထက် ဆိုးရွားသော အဖြေမျိုးများ ထွက်လာလေဦးမည်လား ဟု လည်း စိုးရိမ်မိကြ၏ ။ မမြရည် ကလည်း အစစ်တကယ် စဉ်းစားရပေမည် ။
သနားတော့ လည်း သနား၏ ၊ ကြင်နာလည်း ကြင်နာ၏ ။ အများကတော့ မမြရည် နှင့် ပတ်သက်၍ အကောင်းအဆိုး ကို မည်သို့မည်ပုံ ပြောကြလေမည် မသိ ။ သနားရုံ သာ သနားသင့်သလား ၊ ကြင်နာရုံ သာ ကြင်နာသင့်သလား ။
လူ့ လောက တွင် ဒုက္ခိတ တစ်ဦး လို ဖြစ်နေသော လူ တစ်ယောက် အား သနားရုံ သာ သနား၍ ကြင်နာရုံ သာ ကြင်နာနေရုံ နှင့် တော့ အကြောင်းထူးမည် မဟုတ် ။ အစစ်တကယ် ကြင်နာ သနားသည် ဟု ဆိုခြင်း မှာလည်း ကိုယ်ထိ လက်ရောက် ကူညီစောင့်ရှောက် ကာ မှ အဓိပ္ပာယ် ပြည့်ဝလေးနက် လာတတ်သည် မဟုတ်ပါလော ။
ခုတော့ဖြင့် မမြရည် မှာ ကိုတင်ယု ကို သနားရုံပဲ သနားနေ၏ ။ “ လက်ထပ်ပွဲ ကို ကျွန်တော် လာခဲ့ရဦးမလား မမြရည် ” ဟူသော မေးခွန်း သို့ ပင် အမှန်အတိုင်း မဖြေရက် လောက်အောင် သနားမိ၏ ။ ဒါပေမဲ့ မမြရည် မှာ သနားရုံသာ သနားတတ်သည် တကား ။
ထို့နောက် မှာ တော့ မမြရည် မှာ သူ့ မျက်လွှာလေး ကို ချထားလိုက်ရ၏ ။ ဘယ်စဉ်ကမှ ဒဏ်ရာ မရခဲ့ဖူးသော ဗမာ့သားကောင်း စစ်သား တစ်ယောက်မှာ ခု တရုတ်ဖြူကျူးကျော်ရေးသမားများ ရောက်လာ ကျူးကျော်လေ မှ ။
ဆိုးရွားမိုက်ကန်းလှသော ကျူးကျော်ရေးသမားများ ကိုလည်း ဒေါသဖြစ်မိ၏ ။ ကိုတင်ယု ကို လည်း စိတ်ထဲ က သက်ညှာ ကြင်နာမိ၏ ။ ဒါပေမဲ့ ကိုတင်ယု ၏ အမေးစကား ကို တော့ မမြရည် က အဖြေ မပေးမိ ။
ရက်စက်ကြမ်းကြုတ်မှု မှန်သမျှ ဒဏ်ချက်များ ကို ခံစားခဲ့ရသော ကိုတင်ယု က တော့ စုံလုံးကန်း နေသော သူ့ မျက်လုံးအစုံ ဖြင့်ပင် မမြရည် ကို မြင်နိုင်သယောင်ယောင် ပြုံး၍ ငေးမော နေလေပြီ ။ သည် ကန်းနေတဲ့ မျက်လုံးအစုံ နဲ့ မမြရည် တို့ မင်္ဂလာပွဲ ဟာ ကော ဘယ်လိုများ အပ်စပ်မှာမို့တဲ့တုန်း ။
ခါသင်္ကြန် ကျပြီမို့ ရွှေဝါပိတောက်တွေ လည်း ပွင့်ခဲ့ပြီ မဟုတ်ပါလား ။
ကိုတင်ယု တစ်ယောက် ကို စိတ် ထဲက ကြင်နာ၍ ကော ဘာများ အကြောင်းထူးပါအံ့နည်း ။
ကန်ဦးသင်္ကြန် အခါ မျိုး သာ မဖြစ်ရပါလို၏ ။
▢ လင်းယုန်နီ
📖 သွေးသောက် မဂ္ဂဇင်း
ဧပြီ ၊ ၁၉၅၃
No comments:
Post a Comment