❝ စင်ကြယ်ဖိနပ်ဖြင့် မြို့တော် ဘန်ကောက် သို့ ❞
ဝက်ရုံ ရောက်လို့ နှစ်လပြည့် လစာ ထုတ်ရက် မှာ သန့်စင် ရောက်လာသည် ။
သူဌေး က ခွင့်ပြုပါသည် ။ ဘုတ်ဆုံ ကတော့ စကား သိပ် မပြောတော့ ။ ကျွန်တော်လည်း သိပ်တော့ မပျော် မိပါ ။ ဒီနေရာလေး ကို သံဃောဇဉ် ဖြစ်နေသည် ။ ဒါပေမဲ့ ဘဝ တိုးတက်ဖို့ ကို ရှာရဦးမည် ။
မနက် ၈ နာရီ လောက်မှာ ဝက်ခြံ က ထွက်ခဲ့ကြသည် ။ ကား က လမ်းမ ထွက် တားစီးရုံပင် ။ နံပါတ် ( ၇၆ ) အပြာရောင်ကားကြီး တွေ စီးရသည် ။ လမ်း မှာ ဘာ အတားအဆီး မှ မရှိပါ ။ ကန်ချနပူရီလမ်း နဲ့ ဘာမှ မဆိုင်။ လှပူရီ နဲ့ ဘန်ကောက် က ကီလိုလေးဆယ်ကျော် သာ ဝေးသည် ။ တစ်နာရီ ပျော့ပျော့ မှာ ဘန်ကောက် ဆင်ခြေဖုံးမြို့ နယ်တွေ မြင်ရပြီ ။ လမ်းက ဝင်ခဲ့သည့် မြို့တွေ ထဲ မှာ ‘ နမ့်ခစဝမ် ’ လို့ ခေါ်တဲ့ ဂူဘုရား အကြီးကြီး ရှိတဲ့ မြို့ ကို ဖြတ်ခဲ့ရသေး၏ ။ ဘန်ကောက်မြို့ နှင့် နီးလာလေလေ အဆောက်အဦတွေ က ကြီးလာလေလေ တွေ့ရသည် ။ တံတား တွေ အထက်အောက် ယှက်ထိုး နေတဲ့ နေရာ ရောက်တော့ ကျွန်တော် လှပူရီ က ထွက်လာတာ မှန်တယ်လို့ ယူဆ လိုက်၏ ။ ကားတွေ ၊ လူတွေ ၊ သားနား ပုံကတော့ ပြောဖို့ တောင် မလိုပါ ။
“ ဆင်းရအောင် ကိုထွေး ဂိတ် အထဲ ထိ မလိုက်နဲ့ ”
ကားပေါ် က ဆင်းလာတော့ အားငယ်မိသည် ။ စင်ကြယ်ဖိနပ် နဲ့ ဖြစ်နေတာကိုး ။ နံပါတ် ( ၈၅ ) ဘတ်စ်ကား ပေါ် ရောက်တော့ သန့်စင် နဲ့ ကျွန်တော် စကား ပြောဖြစ်သည် ။ သူ နယ်စပ် က ဘယ်လို ပြန် တက်လာတာတွေ ပြောပြပါတယ် ။
“ ကိုထွေး မလိုက်တာ မှန်တယ် ။ ဟိုမှာ အလုပ် ရှားတယ်ဗျ ။ အထဲ ကို ပြန် ဝင်ဖို့ အတွက် စိုက်ခင်းတွေ ဆေးလိုက်ဖျန်းရတယ် ။ ပင်ပန်းတာ ပြောမနေနဲ့ တော့ဗျာ ”
“ ငါ လည်း ကံကောင်းလို့ လွတ်လာတာ ”
ကျွန်တော် ဒီလောက်ပဲ ပြောသည် ။ စိတ်ဆင်းရဲစရာတွေ ပြန် မတွေးချင် ။ ပန်းခြံကြီး တစ်ခု ကို ရောက် တော့ သန့်စင် က ခဏ ဝင် နားဖို့ ခေါ်သည် ။ မော်ချစ် ပန်းခြံ လို့ ပြောပြသည် ။ ပန်းခြံ တစ်ခုလုံး မှာ ကျွန်တော် အစုတ်ဆုံး နေမည်။ ပန်းခြံ ရှေ့ က အဆောက်အဦတွေ ၊ လမ်း မှာ သွားနေတဲ့ ကားတွေ ၊ လူတွေ ကို ကြည့်ပြီး
“ ငါ ကြီးပွားရမယ် သန့်စင်ရာ ”
“ ဘာလဲ ”
“ မင်း ကြည့်နေ ငါ အခု စင်ကြယ်ဖိနပ် နဲ့ လာခဲ့တယ်နော် ။ နှစ်နှစ် အတွင်း ဒီ မြို့ကို ငါ နိုင်စေရမယ် ”
“ ကောင်းပါတယ် ”
သူ က ဒီလောက်ပဲ ပြောပြီး ဆေးလိပ် သွားဝယ် နေပါသည် ။ ကျွန်တော် တော့ အတော် သွေးဆူ နေပြီ ။ ဒီ မြို့ ကို ရောက်ဖို့ အတွက် သေလုနီးပါး ဒုက္ခတွေ ဖြတ်ခဲ့ရတာကိုး ။ လွယ်လွယ် နဲ့ တော့ အရှုံး မပေးလို ။ ဒီ မြို့တော် မှာ ဂျင်ဂျင်လည် တဲ့ လူ တစ်ယောက် ဖြစ်အောင် နေဖို့ စိတ်ကူးမိသည် ။ ထိုင်နေရာ က ထပြီး ပန်းခြံလမ်း ကို ခြေဆောင့် ပြီး ကြိမ်းဝါးသည် ။
“ ငါ နိုင်စေရမယ် ဘန်ကောက် ရေ ငါ နိုင်စေရမယ် ”
သန့်စင် ရောက်လာတော့ နောက်ထပ် လိုင်းကား စီးဖို့ ထွက်လာခဲ့ကြ ပါသည် ။ ' မှင်ဘူလီ ' ဘက် ကို သွားမှာ လို့ ပြော၏ ။ လိုင်းကားနံပါတ် တွေ မှတ်ထားဖို့ ၊ ဆင်းရမယ့် မှတ်တိုင် ရောက် ရင် မှတ်ထားဖို့ ပြောပြ၏ ။ လိုင်းကား စီးတဲ့ အခါ ငွေအကြွေ ပေးရင် သွားမယ့် ခရီး ပြောစရာမလိုဘူး ဟု ရှင်းပြပါသည် ။
“ ကားအကြီး စီးရင် သုံးဘတ် ၊ အသေး စီးရင် နှစ်ဘတ် ပေးရုံပဲ လက်မှတ် ကို သိမ်းထား ”
“ တို့ ဆင်းမယ့် မှတ်တိုင်က ဘာလဲ ”
“ သလပ်မှင် လို့ ခေါ်တယ် ။ ဈေး ရှိလို့ နောက်တော့ ကျွန်တော် ပြောပြမယ် ။ လမ်းတွေပဲ ကြည့်ထား ”
ဈေး တစ်ခု ထဲ ကို ကားချိုး ဝင်လာတော့ သန့်စင် က ဆင်းကြမယ်လို့ ပြောပါသည် ။ လမ်းထိပ် မှာ တုန်း က ( မှင်ပူရီ ) ဆိုတာ ကို အင်္ဂလိပ် လို ရေးထားတာ တွေ့ရပါသည် ။ သူတို့ နဲ့ ကျွန်တော် တော်တော်လေး လမ်းလျှောက် လာပြီးတဲ့ အခါ မြေနီလမ်း ထဲ ကို ချိုးဝင်ခဲ့ဖြစ်သည် ။ ဓာတ်တိုင် ငါးတိုင် လောက် လျှောက်လာပြီးချိန် မှာ ဆောက်လက်စ သုံးထပ် လေးခန်းတွဲ တိုက်တစ်လုံး ကို တက်ခဲ့ကြသည် ။
“ အသီ့ရာ ရေ ကျွန်တော့် အစ်ကို ပါလာတယ် ”
“ လာဟေ့ သန့်စင် ၊ ဟယ်မျိုးတွေလာဖူး ၊ အဆင်ပြေပဲလော ”
အရပ်ပုပု မျက်နှာချိုချို နဲ့ အသက် လေးဆယ်ခန့် လူတစ်ဦး ထွက်လာ၏ ။ ထားဝယ် လို ပြောဆို နှုတ်ဆက်တာ ဖြစ်သည် ။
“ ဝက်ရုံ မှာ ရောက် နေတာဗျ ။ ကိုစော ပြောလို့ သိရတာ အဆင်ပြေ ပါတယ် ”
“ အေး မှန်ခါထဲ စားပါလော ” ( ထမင်း ဝင်စားပါလား )
“ မစားသေးဘူးဗျာ ရေချိုးဦးမယ်။ ကဲ ကိုထွေး ရေချိုးရအောင် ”
“ မင်း ချိုးနှင့် ပါ ရတယ် ”
“ ကျွန်တော် ထားဝယ် လို ပြောတာ နားလည်လား ”
အသီ့ရာ မေးတော့ ကျွန်တော် ခေါင်းညိတ် ပြဖြစ်သည် ။ သုံးနှစ် အရွယ် ကလေးမလေး ပြေးထွက်လာတော့ အသီ့ရာ က အမေ့ ကို သွားခေါ်ဖို့ ပြောပါတယ်။
“ မီး နန့်မယ် သွားခေါ်လော့ သန့်စင် နော် ရောက်နေတယ် ” ( နင့် အမေ ခေါ်လာခဲ့ )
“ မိဝေ့ ဗြန့်လာဝေ့ ” ( အမေ မြန်မြန်လာပါ )
“ မခေါ်ပါနဲ့ ဗျာ ရပါတယ် ။ အရေးမကြီးပါဘူး ”
“ ဝယ်လို နားလည်တယ် ကီးမား ” ( ထားဝယ် လို နားလည်သားပဲ )
“ ကျွန်တော် နားလည်ပါတယ် ။ ကျွန်တော့် အဖေ လည်း ထားဝယ် ၊ သန့်စင်တို့ အဖေ က ကျွန်တော့် ဦးလေး အရင်းလေ ”
“ ဪ ”
ကျွန်တော်တို့ စကား ပြောနေစဉ် မော်လမြိုင် အဖွဲ့သားတွေ ရောက် လာပါသည် ။ ကိုစော လည်း ပါသည် ။
“ ဟာ ကိုထွေး ဘယ်တုန်းက ရောက်လဲ ”
“ အခုလေးတင်ဗျာ အစ်ကို ဘယ်မှာ နေတာလဲ ”
“ ကျွန်တော် က အောက်ထပ် မှာ ။ ဆိုက် ထဲမှာ လည်း နေတယ် ။ ဟေ့ အသီရာ အမြည်း လုပ်ဗျာ ”
သူ က အရက်ဖြူ တစ်ပုလင်း လှမ်း ပေးရင်း ဝိုင်းဖွဲ့ဖို့ ပြင်ပါသည် ။
“ ကိုထွေး ဒီမှာ တော့ သောက်ရမယ်နော်“
သူ ဝက်ခြံ လာ လည်စဉ် အရက် တိုက်တော့ ကျွန်တော် ငြင်းခဲ့တာ ကို ရည်စူးပြီး ပြောတာပါ ။ ကျွန်တော် ဘာမျှ မပြောဘဲ ပြုံးနေလိုက်သည် ။
“ ဘာမှာ လိုက်သေးလဲ ၊ မှာမယ် မထင်ပါဘူးဗျနော် ကိုထွေး ”
“ နင် က ဘာမှ ရှေ့ မဆက်ဘဲကိုး ဘယ်မျိုးသွားရမလဲ ”
“ အသီ့ရာ က လည်း သူ ဦးလေးတွေ က မရဘူးဗျနော် ကိုထွေး ”
“ ကိုစော ကို တော့ သူ တော်တော် ချစ်ပါတယ် ”
“ အလကားပါဗျာ ချစ်ရင် သူ လိုက်ရဲရမှာ ပေါ့ ”
“ ဒါတော့ ဒါပေါ့ ”
“ ပြီးခဲ့တဲ့ အခေါက် က ကျွန်တော် လာခေါ်တာဗျ ။ သူ မလိုက်ဘူး ”
“ ဟုတ်လား ”
ကိုစော က ခေါင်းညိတ်ပြီး ဇာတ်စုံ ရှင်းပြသည် ။ ဘုတ်ဆုံ က ကိုစော ကို အရင် ရည်းစားဟောင်း နဲ့ ပြန် ဆက်သွယ်နေတယ် ဆိုပြီး စွပ်စွဲပါ တယ် ။ ကိုစော က တမင် ဆက်သွယ်တာ မဟုတ်ကြောင်း ၊ လူကြုံ မှာ ရင်း တွေ့ ကြတာ ဖြစ်ကြောင်း ရှင်းပြတာ ကို လက်မခံ ဟု သိရသည် ။
“ သူ က စိတ်ကြီးတယ်ဗျ ။ သူ စိတ်နာရင် ဘယ်လိုမှ ရှင်းပြလို့ မရ တော့ဘူး ။ သူ့ အိမ် က သဘောတူတဲ့ ကောင် လည်း ရောက်နေတယ် ”
ဒါကိုတော့ ကျွန်တော် သိပြီးပြီ ။ ဟိုကောင်လေး က သူ့တို့ ဇာတိသား ရုပ်ကလေး က တော်တော်ဖြောင့်သည် ။ အေး လည်း အေးပါသည် ။ ဘုတ်ဆုံ က တောင် နည်းနည်း ကြမ်းနေ သလို ထင်ရသည် ။ ကျွန်တော်တို့ သောက်ကြ ၊ စားကြ ရင်း သူဌေး ညီ က ဝင် ငေါက်တော့ မှ ဝိုင်းသိမ်းခဲ့ပါတယ် ။ သူဌေးညီ က အလုပ်ခေါင်း ဖြစ်ပြီး ဟိုဘက်ခန်း မှာ နေပါတယ် ။ အင်ဂျင်နီယာကျောင်းဆင်း တစ်ဦး လို့ သိရသည် ။
••••• ••••• •••••
ကျွန်တော် ပန်းရံသမား စ လုပ်ရပြီ ။ တစ်နေ့ ဘတ်ရှစ်ဆယ် ရပါတယ် ။ စုစုပေါင်း ကျွန်တော်တို့ အဖွဲ့ က လူနှစ်ဆယ်ကျော် ရှိသည် ။ အမျိုးသား ဆယ့်ငါးယောက် ၊ အမျိုးသမီး ခြောက်ယောက် ရှိ၏ ။ အားလုံးထဲမှာ ထိုင်းလူမျိုး ဆိုလို့ သူဌေး ရဲ့ ညီ ရယ် ၊ ကား မောင်းတဲ့ ' အကွေ့' ရယ် နှစ်ဦးတည်း ပါသည် ။ အလုပ် က ရဲဝန်ထမ်းကျောင်း ထဲ မှာ လုပ်ရခြင်းဖြစ်သည် ။ အဲဒီထဲ မှ ဘောလုံးကွင်းကြီး တစ်ကွင်း ရှိသည် ။ ကွင်း ပတ်ပတ်လည် ကို ရေပိုက် နှင့် မြောင်းတွေ လုပ်ပေးရသည် ။ တော်တော် ပင်ပန်းကြပါသည် ။ နေ က ပူလှသည် ။ ဆယ်ရက် လောက် ကြာတော့ တခြား ဆောက်လုပ်ရေးအဖွဲ့တွေ ပြောင်းသွားတဲ့ အတွက် သူတို့ နေသွား တဲ့ အလုပ်သမား တန်းလျားတွေ မှာ ဝင် နေကြသည် ။ ကျွန်တော် ရယ် ၊ သန့်စင် ရယ် အသီ့ရာ ရဲ့ ညီ ခင်မောင်လွင် တို့ လင်မယား ရယ် တစ်ခန်း နေကြသည် ။ ခင်မောင်လွင် နဲ့ သန့်စင် က ငယ်သူငယ်ချင်းတွေ ပါ ။ သဘော အလွန် ကောင်းပါတယ် ။
ကိုစော တို့ အဖွဲ့ က တခြားဆိုက် ကို ပြောင်းသွားကြသည် ။
အလုပ် က တော်တော် ပင်ပန်း၏ ။ ကွန်ကရစ်ပိုက်တွေ ချနိုင်ဖို့ အလှည့်ကျ တူးပြီးရင် ပိုက်တွေ ထမ်း ၊ ပိုက်ချင်း ဆက် ၊ ဘိလပ်မြေ ကို ခြောက်ရင် မြေပြန်ဖို့ရသည် ။
ထောင် ထဲမှာ ရေသာခိုခဲ့ သမျှ ဒီမှာ ခံရပြီ ။ အမိုးအကာ မရှိတဲ့ ဘောလုံးကွင်းကြီး ကို ဟိုဘက် ဒီဘက် ဖြတ်လျှောက်ရုံ နဲ့ ချွေးဒီးဒီးကျ နေတဲ့ အထဲ ကွန်ကရစ်ပိုက်တွေ သယ် ၊ မြေကြီး ပေါက် ၊ မဆလာသယ် နဲ့ သေချင်စော် နံသွားတော့သည် ။ လစာ ထုတ်ရက် ရောက်တော့ ပို ဆိုးပါလေ ရော ။ ချေးငွေ ဘတ်ငါးရာ စီ သာ ထုတ်ပေးသည် ။ နောက်မှ ရှင်းပေးမယ်တဲ့ ။ ကျွန်တော် တော်တော် စိတ်ပျက် သွားပါတယ် ။
တစ်လ လောက် ကြာလာတော့ အလုပ် က ပုံမှန် မဟုတ်တော့ပေ ။ ဆင်းသည့် လူ က ဆင်းရ၍ နားသည့် သူ က နားရသည် ။ လူတွေ လည်း ညည်း ကုန်ပြီ ။ နောက် တစ်လ ပြည့် တော့ ကျွန်တော် ဆုံးဖြတ်လိုက်သည် ။ ဝက်ခြံ ကို ပြန်တော့မည် ။ အသီ့ရာ တို့ ကလည်း လိုက်ချင်၏ ။ နောက်ထပ် လိုက်ချင်သူတွေ လည်း ရှိသည် ။ ထို့ကြောင့် ကျွန်တော့် ဝက်ခြံ ကို လာ စုံစမ်း၏ ။ ဘုတ်ဆုံတို့ ဦးလေး နဲ့ ဆွေးနွေးသည် ။ ကျွန်တော့် ကို ဝက်ရုံ မှာ ထားပေးမယ် ။ ကျန်တဲ့ သူ ကို ငါးကန် နဲ့ သရက်ခြံ မှာ ထားပေးမယ်တဲ့ ။ လူ ဆယ်ယောက် နီးပါး ကို လက်ခံသည် ။ ကျွန်တော် အသီ့ရာ တို့ ကို လာ ခေါ်တော့ သူဌေး က ကားခ ပေးမယ် ပြောပါတယ် ။ ပွဲစား ဖြစ်မှာ စိုးလို့ မယူပါ ။ လူ ဆယ်ယောက် နီးပါး ပြန်ပါလာသည် ။ အားလုံး အလုပ် ရသည် ။ နေစရာ ပေး၏ ။ ချက်ပြုတ် စားသောက်ဖို့ ဆန်တွေ ဆီတွေ အကြွေး ထုတ်ပေးသည် ။ ခင်မောင်လွင် တို့ လင်မယား နှင့် သန့်စင် တော့ နေခဲ့သည် ။ သူတို့ က သူဌေးလူယုံတွေ ဖြစ်နေတာ မို့ သူတို့ သူဌေး စီးပွားပျက်ချိန် မှာ မခွာရက်ကြပေ ။
ကျွန်တော် ပြန် ရောက်လာချိန် မှာ ဘုတ်ဆုံ အိမ်ထောင်ကျ နေပြီ ။ ဟို ကောင်လေး နဲ့ လူကြီးတွေ ပေးစား လိုက်ကြခြင်းပင် ။
“ ဒီ ရုံ ကို တော်ရုံလူ ထားတာ မဟုတ်ဘူး ။ မင်း လုပ်ရည် ကို သဘောကျ ပြီး သူဌေး ကိုယ်တိုင် ခေါ်ခိုင်းတာ သေသေချာချာ လုပ်နော် ”
ဘုတ်ဆုံ ရဲ့ ဦးလေး က မှာ တာပါ ။ ဒီ ရုံမျိုး မှာ လုပ်ချင်တဲ့ သူတွေ များ ပေမယ့် ကျွန်တော့် ကို ရွေးထားတဲ့ အတွက် တချို့လည်း အံ့ဩ နေသည် ။ ကျွန်တော် လည်း စွမ်းရည် ပြရပြီ ။ ထိုင်းအမျိုးသမီး တစ်ဦး နှင့် တွဲလုပ်ရသည် ။ သူ က သဘောကောင်း၏ ။ အစာစပ်တာ နှစ်ခါသုံးခါ လောက် ပြ ထားပေး၏ ။ လိုအပ်သည့် အစာ ကို အရှေ့ က စက်ကြီး မှာ သွား ယူရသည် ။ အဲဒီမှာ ဂိုထောင် ရှိသည် ။ အရင် စက်ရုံ မှာ တုန်း က ဝက်သေတာ မကျန်းမာတာ အစာ မစားတာ ကျွန်တော့် မှာ ဘာ တာဝန်မှ မရှိ ။ အခု တော့ တာဝန် ရှိ လာပြီ ။ ဒီ ဝက်တွေ အသားမြန်မြန် ပေါ်တဲ့ စံချိန် မီ အောင် ကျွန်တော့် မှာ တာဝန် ရှိသည် ။ ဒေါ်ရှမ်း ( ထိုင်းအမျိုးသမီးများ ကို ရှမ်း ဟု ခေါ်ကြသည် ) က စောင့်ရှောက်ရုံ သက်သက်ပင် ။ ကျွန်တော့် ဝက်ရုံ မှာ အခန်း နှစ်ဆယ် ရှိသည် ။ အလယ် မှာ ငါးပေကျယ်သည့် လူသွားလမ်း ရှိ ပြီး တစ်ခန်း ကို တစ်ဆယ့်ငါးပေ ပတ်လည် ကျယ်၏ ။ တစ်ခန်း ကို ဆယ်ကောင် က နေ ဆယ့်ငါးကောင် အထိ ထားသည် ။ နို့ခွဲပြီးချိန် မှ စပြီး သုံး လအတွင်း အရောင်းစံချိန်မီ မှ ဖြစ်မည် ။ အသေအပျောက် နည်းမှ ဖြစ်မည် ။ ရောဂါဆိုး ဝင်လာရင် သူဌေး က သီးသန့် ခွဲထားပြီး အခြေအနေ မဟန်ရင် ဆေးထိုးပြီး ကိစ္စတုံး ပစ်သည် ။ ပြီးရင် ကား နဲ့ တင်ပြီး သွား ရောင်း လိုက်၏ ။ ပထမ အစမှာ တော့ ဒီ ကောင်တွေ နဲ့ ကျွန်တော် ဝက်ခြံ ထဲ မှာ သူနိုင် ကိုယ်နိုင် ကြရသည် ။ အသားပေါ်မယ့် ဝက်တွေ ဆိုတော့ အသန်ချည်းသာ ။ ဝက်ချေး ဝင် ထိုးလျှင် သူတို့ နှုတ် နဲ့ ရော ကိုယ် နဲ့ ပါ ဝင် တိုးတာ စိတ်ပျက်ဖို့ ကောင်း၏ ။ ဒေါ်ရှမ်းမ က သင်ပေးသည် ။ တစ်ခါ နှစ်ခါလောက် ကြမ်း ပြထား လိုက်တဲ့ ။ ဟုတ်သည် ။ နှစ်ခါလောက် ပိတ် ကန် ထားသဖြင့် နောက်ဆို အနှောင့်အယှက် မပေးတော့ပေ ။
အစာကျွေး တာလည်း ဂရုစိုက်ရသည် ။
နှစ်ပေ အကျယ် ၊ သုံးပေ အမြင့် ရှိတဲ့ စတီးပိုင်းကြီး ရဲ့ အောက်ခြေ မှာ ကျောက်ခွက်မြောင်း ခံထား၏ ။ တစ်ခုလုံး ကို ရွှေ့လို့ ရသည် ။ အစာ ထည့်တာတော့ အပေါ်ပေါက် က ထည့်လိုက်ရုံပင် ။ အစာဟောင်းတွေ အောက် မှာ ကျန်တာများ ရင် အချဉ် ပေါက်ပြီး မစားကြတော့ပေ ။ အစာ ကုန် တာ ကြာလျှင်လည်း အချင်းချင်း ကိုက်ကြ ပြန်ရော ။ ရေ ကတော့ အခန်း သန့်ရှင်းရေး လုပ်ရင်း ဖြည့်သွားပေး ရုံနဲ့ ဖြစ်၏ ။ အစာ ထည့် ပေးထား လျှင် သူတို့ ကိုယ် နှင့် စတီပိုင်းကြီး ကို တိုး လိုက်လျှင် အောက်က ဟထား သည့် အပေါက် ကနေ ကျောက်ခွက် မြောင်း ထဲ အစာ ကျ လာသည် ။ တိရ စ္ဆာန် ဆိုပေမယ့် အတော် ပါးသည့် အကောင်တွေ ဖြစ်သည် ။ ချေးယိုသည့် နေရာ က သတ်သတ် ။ အိပ်သည့် နေရာ က သတ်သတ် နေတတ်၏ ။ ရေချိုးပေးချိန် နီးလျှင် ဘယ်ကောင် ကွေးနေလဲ၊ အစားမစား လဲ ကြည့်ရသည် ။ တစ်ရုံလုံး မှာ နှစ်ခန်းလောက် ကို အလွတ် ထားရသည် ။ သန့်ရှင်းရေး လုပ်လိုသည့် အခါ လုပ်မည့် ရုံ က ဝက်တွေ ကို အလွတ်ထားသည့် အခန်း ထဲ ပြောင်းပြီး လုပ်ရမြဲ ။ မဟုတ်လျှင် ဖိအားဖြင့် လာသည့် ရေဒဏ် ကို ဒီကောင်တွေ မခံနိုင် ။ ရေအား မှာ တော်တော် ပြင်းပါသည် ။ အုတ်ခဲ တောင် ကျိုးအောင် ထိုးချ နိုင်သည် ။ ရေနူး ထားသည့် အောက် ကြမ်းပြင် သည် နှစ်ခါလောက် ထိုး လိုက်သည် နှင့် ဝက်ချေးတွေ ကုန်ပြီး သန့်ရှင်း သွားမြဲ ။ ပြီး ရင် ဆေးဖျန်းပြီး အခြောက် ခံရသည် ။ ပြီးတော့မှ မူလ ဝက်တွေ ပြန် မောင်းသွင်း ရသည် ။ ဒါက နေ့စဉ် နီးပါး ဒေါ်ရှမ်းမ လုပ်နေကျ ။
နှစ်လသား ကျော် လာရင်တော့ အစာ ကို အဓိက ထား ကျွေးရပြီ ။ စက် မှာ အစာကြိတ်သည့် အခါ အာဟာရ နှင့် ကြီးထွားနှုန်း မြန်သည့် ဆေးများ ထပ်ထပ် ထည့်ရ၏ ။ ကျန်းမာရေး အထူး ဂရုစိုက်ရပြီး တစ်နေ့ ကို သုံးကြိမ် လောက် သူဌေး ကိုယ်တိုင် လာ ကြည့်သည် ။ သူ ပြုံးပြီး ထွက်သွားမှ ကျွန်တော်ရော ဒေါ်ရှမ်းမ ပါ သက်ပြင်း ချရသည် ။
တွေးကြည့်လျှင် နည်းသည့် အကုသိုလ် မဟုတ်ပေ ။ ကျွန်တော့် ရဲ့ အောင်ပွဲ ဟာ ဝက်အကောင် ရာချီ တို့ ရဲ့ သေပွဲ ဖြစ်နေ၏ ။ ဒီအဖြစ် ကို ဝက်တွေ လာ ဖမ်းသည့် နေ့မှ ကျွန်တော် သိတော့သည် ။ စိတ်မကောင်း လွန်းလို့ ဘုတ်ဆုံ တို့ ဝက်ရုံ မှာ သွား နေထိုင်လိုက်၏ ။ အော်သံတွေ ကြား ရတာပါပဲ ။ ငယ်သံ ပါအောင် ကျုံးအော် နေတဲ့ ကျွန်တော့် ဝက်တွေ ရဲ့ ငရဲခန်းက ဘယ်လို စိတ်ချမ်းမြေ့ မှာ လဲ ။ အဲဒီ တစ်ညနေ လုံး ဝက်ရုံ ကို ကျွန်တော် မပြန် ။ သူဌေး ကလည်း ဘာမှ မပြော ။ နောက်နေ့ ကျတော့ ဒေါ်ရှမ်း က လာခေါ်သည် ။ သူ ကတော့ ရိုးအီ နေပြီကိုး ။ ဒီ ရုံမှာ လုပ် တာ ရှစ်နှစ် ရှိပြီ ။
“ အထွေး ရာခစ်နော့ မာနှင့် မာနှင့် ”
(ကိုထွေး ရယ် သိပ်မတွေးပါနှင့် လာပါ ၊ လာပါ )
ဝက်ရုံ ရောက်တော့ ကျွန်တော့် ရင် ဟာ သွားသည် ။ တစ်ကောင် မှ မရှိကြတော့ပေ ။ မြတ်စွာဘုရား အကုသိုလ် သက်သက် ဖြစ်နေပါပြီ ဘုရား ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment