❝ လန်းဖိုင်စာသိုက် ( သို့မဟုတ် ) ရိုးဂုဏ်ဖြင့် တင့်တယ်သော ဝတ္ထုတစ်ပုဒ် ❞
ကျွန်တော် သည် စာဖတ် အလွန် ပျင်းသူ ဖြစ်ပါသည် ။ အထူးသဖြင့် အဖွဲ့အနွဲ့၊ အညွန့်အကွန့် တို့ ဖြင့် တန်ဆာဆင် ထားသော စာပေမျိုး ကို ဖတ်ရမှာ အလွန်ကြောက်ပါသည် ။ ယခု စာရေးဆရာ မာန် ( တောင်လုံးပြန် ) က သူ ၏ “ လန်းဖိုင်စာသိုက် ” အမည်ရှိ လုံးချင်းဝတ္ထု အတွက် အမှာစာ ရေးပေးပါ ဆိုတော့ ရုတ်တရက် ငြင်းချင်စိတ် ပေါ်လာမိသည် ။ ရသစာပေ ကို နှံ့စပ်ကျွမ်းကျင်ခြင်း မရှိသော ကျွန်တော့် အဖို့ ကိုယ့်အရာ မဟုတ် ဟု ယူဆမိသော ကြောင့် ဖြစ်ပါသည် ။ သို့သော် ကိုယ့် ညီငယ်လေး တစ်ဦး လို ခင်မင်ရင်းနှီး နေလေတော့ ငြင်းရမှာ ကို အားနာနေမိသည် ။ “ ဘာပဲဖြစ်ဖြစ် ဖတ် ကြည့်ပြီး ကိုယ့် အမြင် ကို ရေးပေးရတော့မှာ ပေါ့ ” ဟု ဆုံးဖြတ်ပြီး လက်ခံ လိုက်မိပါသည် ။
ထို့နောက် ကျွန်တော် သည် ဤ ဝတ္ထု ကို အလုပ် တစ်ခု အနေ နှင့် အချိန် ပေးပြီး ဖတ်ခဲ့ပါသည် ။ ဝတ္ထု ဖတ်ရ မှာ ဝန်လေးသော ကျွန်တော့် အဖို့ ဤ ဝတ္ထု ကို သုံးလေးရက် လောက် အချိန် ပေးပြီး ဖတ်ရလိမ့်မည် ဟု ထင်ခဲ့မိသည် ။ သို့သော် တကယ် လက်တွေ့ ဖတ်ကြည့်သော အခါမှာ တစ်နံနက်တည်း နှင့် ထိုင်ရာ မထ ၊ ပြီးစီးအောင် ဖတ် နိုင်ခဲ့သည် ကို တအံ့တဩ တွေ့ခဲ့ရသည် ။ ဒီ ဝတ္ထု ကျ မှ ဘာကြောင့် မြန်မြန်ဆန်ဆန် ဖတ်နိုင် ခဲ့ပါလိမ့် ဟု ပြန်လည် ဆန်းစစ်ကြည့်ရာ မာန် ( တောင်လုံးပြန် ) ၏ ‘ ရိုး သားမှု ’ ကြောင့် ဟူသော အချက် ကို တွေ့ရှိခဲ့ပါသည် ။ သူ့ အရေးအသား မှာ အလွန် ရိုးရှင်းပါသည် ။ စာဖတ်သူ ကို တမင် ဆွဲဆောင် ခေါ်ယူသော တစ်နည်း ပြောရလျှင် အတတ်ပညာ ဖြင့် ဖမ်းစားရန် ကြံရွယ်ဖန်တီး ထားသော အထူး ပြုလုပ်ချက် အရေးအသားမျိုး ကို မတွေ့ရပါ ။ ဝတ္ထု အကြောင်းအရာ ကိုယ်၌ ကလည်း တမင် ဖန်တီးရန် မလိုလောက်အောင် စိတ်ဝင်စားစရာ ကောင်းနေလေရာ စာမူ ကို လက်က မချတမ်း အစအဆုံး ပြီးစီးအောင် ဖတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည် ။
ဤဝတ္ထု နှင့် အတူ မာန် ( တောင်လုံးပြန် ) က ကျွန်တော့် ကို နယ်စပ် မှ တစ်ဆင့် တစ်ဖက်နိုင်ငံ ကို ခေါ်ဆောင် သွားခဲ့သည် ။ ကော်သူလေး ရဲဘော်ကြီး နှင့် မိတ်ဆက် ပေးသည် ။ သူ နှင့် အတူ တစ်ဖက်နိုင်ငံ တွင် ဝက်မွေး ရသည် ။ ဘဲမွေး ရသည် ။ ကြက်သ,တ်လုပ်ငန်း သို့ လိုက်ခဲ့ရသည် ။ ကရင်မလေး ‘ ဘုတ်ဆုံ ’ ၏ အလှ ကို ငေးမော စေခဲ့သည် ။ ‘ ရာမ ’ ခေါ် စိတ်ကြွဆေး တစ်ပြား ကို ရှစ်စိတ် စိတ်ပြီး တစ်စိတ် ကို သောက်စေခဲ့သည် ။ ထို့နောက် သူ နှင့် အတူ ထိုင်းရဲများ ထံ အဖမ်း ခံစေပြီး အချုပ်ခန်းများ ၊ အကျဉ်းထောင်များ မှာ နေကြည့်စေသည် ။ ထိုင်းလူမျိုး အလုပ်ရှင် များ နှင့် မိတ်ဆက် ပေးပြီး သူတို့ ၏ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေ ကို လေ့လာစေသည် ။ ဘန်ကောက် မှာ လာရောက် အလုပ် လုပ်သော ထိုင်းတိုင်းရင်းသူလေးများ နှင့် မိတ်ဆက်ပေးသည် ။
သူ နှင့် အတူ ရိုတီ အမည်ရှိ ကု,လားမုန့် တစ်မျိုး ကို ဘန်ကောက်မြို့ မှ လမ်းမ တစ်ခုပေါ်မှာ လှည်းကလေး နှင့် တွန်းပြီး ရောင်းရတာ ပျော်စရာ လိုလို လွမ်းစရာ လိုလို ခံစားရသည် ။ ဘန်ကောက်မြို့ စာတိုက်ကြီး နား က ပတ်စ်ပို့ အတု လုပ် ရောင်းသူများ နှင့် လည်း တွေ့ရသည် ။ ထို့နောက် ‘ ဆဖန်ကွိုင် ’ အရပ် က နှစ်ကားတွဲ ညစ်ညမ်း ရုပ်ရှင် ကို လိုက် ပြသေးသည် ။ အားလုံး အားလုံး ကျွန်တော့် အဖို့ တော့ အသစ်အဆန်းတွေ ချည်းပင် ။ အထူးသဖြင့် အချုပ်စခန်း နှင့် အကျဉ်းထောင်များ က ကြားဖူး နားဝ ရှိသည် များ နှင့် ဆန့်ကျင်ဘက်တွေ ဖြစ်နေ သောကြောင့် ကျွန်တော့် အဖို့ အံ့ဩခြင်း ကြီးစွာ ဖြစ်ခဲ့ရသည် ။
ဤ ဝတ္ထု၏ အဓိက ဇာတ်ကောင် ဖြစ်သော ‘ ကိုထွေး ’ သည် တကယ်တော့ မာန် ( တောင်လုံးပြန် ) ကိုယ်တိုင် ပင် ဖြစ်သည် ။ ထို့ကြောင့် ဝတ္ထု ဟု ဆိုရမည် ထက် စာရေးဆရာ မာန် ( တောင်လုံးပြန် ) ၏ ဘဝ တစ်စိတ် တစ်ဒေသ ကို ဖော်ကျုး ထားသည့် အတ္ထုပ္ပတ္တိ ဟု ပင် ဆိုနိုင်သည် ။ လူငယ်ပီပီ ကြီးပွား တိုးတက်လိုစိတ် ဖြင့် တစ်ဖက် နိုင်ငံ သို့ သွားရောက် အလုပ် လုပ်ရာ နောက်ဆုံးတော့ ဒုက္ခသုက္ခ တွေ့ကြုံကာ နောင်တ ရပြီး ပြန် လာသော ဖြစ်ရပ်များ ဖြင့် တန်ဆာ ဆင်ထားသည့် ဗွီဒီယို ဇာတ်ကား များ ကို ကျွန်တော် ကြည့်ခဲ့ရ ဖူးသည် ။ အများစု မှာ ရည်ရွယ်ချက် တစ်ခု ဖြင့် ဖန်တီး ထားခြင်းကြောင့် ရိုးသားမှု မရှိသည် ကို တွေ့ရသည် ။ မာန် ( တောင်လုံးပြန် ) ကတော့ အဖြူ ထည်သက်သက် ဖြစ်သည် ။ တစ်ဖက် နိုင်ငံ သို့ သွားသည် ။ အလုပ် လုပ်သည် ။ မကောင်းသည့် သူတွေ အကြောင်း ပါ သလို ကောင်းသည့် လူတွေ အကြောင်းလည်း ဖော်ပြ ထားသည် ။ သူ ပဲ ကံကောင်းခဲ့လို့ လား မသိပါ။ တစ်ဖက်နိုင်ငံ တွင် လူကောင်း သူကောင်း တွေ နှင့် သာ သူ အတွေ့များ ခဲ့သည် ။ ‘ လန်းဖိုင်စာသိုက် ’ ဆို သည် မှာ သူ တွေ့ခဲ့ရသည့် ရိုးသား ပွင့်လင်းပြီး သစ္စာတရား ကို တန်ဖိုး ထားသော တစ်ဖက်နိုင်ငံသူ မိန်းကလေး ၏ အမည် ဖြစ်သည် ။ ဝတ္ထု တစ်အုပ်လုံး ခြုံငုံသုံးသပ် ကြည့်သောအခါ ‘ လန်းဖိုင်စာသိုက် ’ သည် တစ်ဖက်နိုင်ငံသူ ‘ လုံမပျိုအများစု ’ ၏ ဘဝ၊ အတွေးအခေါ်၊ အမူအကျင့် တို့ ကို ကိုယ်စားပြုပြီး ဇာတ်လိုက်ကျော် “ ကိုထွေး ” ကတော့ ကျွန်တော့်တို့ မြန်မာနိုင်ငံ မှ ‘ လုလင်ပျိုအများစု ’ ၏ ဘဝ ၊ ယုံကြည်ချက် ၊ ဆန္ဒ နှင့် ဇာတိမာန် တို့ ကို ကိုယ်စားပြု နေသည် ဟု ထင်မိပါသည် ။ ကြီးကြီးကျယ်ကျယ် ပြောသည် ဟု ထင်ချင် လည်း ထင်ကြပါတော့ ။ ဤဝတ္ထု သည် မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံ တွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူတို့ အကြား စစ်မှန်သော နားလည်မှု တစ်ခု ကို ပင် ရိုးသားစွာ ဆောင်ကြဉ်း ပေးနိုင်သည် ဟု ပင် ဆိုချင်ပါသည် ။
ကျွန်တော် သည် ရသစာပေ အကြောင်း နားလည် တတ်ကျွမ်းသူ မဟုတ်ကြောင်း အစ က ပင် ဝန်ခံ ပြီးပါပြီ ။ ထို့ကြောင့် ဝတ္ထု တစ်အုပ် ကောင်း မကောင်း ဓမ္မဓိဋ္ဌာန် ကျကျ အကဲဖြတ်နိုင်စွမ်း ကျွန်တော့် မှာ မရှိပါ ။ သို့သော် ဝတ္ထုစာအုပ် ဆို ကိုင်ဖို့ ပင် ဝန်လေး တတ်သော ကျွန်တော့် ကို လန်းဖိုင်စာသိုက် က တစ်နံနက်တည်း နှင့် အပြီး ဖတ်ချင်အောင် ဆွဲဆောင် ခေါ်ယူသွားခဲ့သည် ကတော့ အမှန်ပင် ။
ထို့ကြောင့် ကျွန်တော့် လို ဝတ္ထု ဖတ်ရမှာ ကြောက်သူများ အဖို့ ဖတ်ရှုရန် အသင့်ဆုံး ဝတ္ထု တစ်ပုဒ် ဟု သာ ပြောလိုပါသည် ။
ဝင်းသိန်းဦး
( ၄ . ၁ . ၂၀၀၆ )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment