❝ ရေဆန် ကို လက်ပစ်ကူးရသလိုပဲ ❞
ကျွန်တော် မောင်ချမ်းသာလေး နှင့် တရုတ်အဘိုးကြီးဦးဟုတ်လျံ တို့သည် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၈း၃ဝ နာရီ က သရက် မှ အောင်လံ သို့ ထွက်သော လိုင်းကောင် ( နာရီ အချိန်ဇယား အရ အတိအကျ ထွက်ရသော မော်တော်ကလေး ) နှင့် လိုက်ပါလာခဲ့လေ၏ ။
ရေလမ်းခရီးတို့ သဘော အတိုင်း ခဏလေး အတွင်း မှာပင် ခရီးသည် အများစု ငိုက်မျဉ်း သွားကြကုန်လေ၏ ။
ကျွန်တော် နှင့် အဘိုးကြီး ကား
“ ဟေ့ကောင် ငါ ငယ်ငယ်တုန်းက ”
“ ကျွန်တော် ငယ်ငယ်တုန်းကလဲ ”
“ ငါ ကြီးလာတော့ ”
“ ကျွန်တော် ကြီးလာတော့လဲ ”
စကား အလုအငြင်း အတိုင်အဖောက် တို့ ဖြင့် အိပ်ချင်ပြေ ဇာတ်လမ်းများ ကို မော်တော်စက်သံ နှင့် အပြိုင် ။
ချစ်ခန်းကြိုက်ခန်း လည်း ပါ၏ ။ ထိုးခန်းကြိတ်ခန်း လည်း ပါ၏ ။ စွန့်စားခန်းလည်း ပါ၏ ။ လွမ်းခန်း ဆွေးခန်း လည်း ပါ၏ ။ ပေါက်ကရများ ပြီးသောအခါ စီးပွားရှာခန်း သို့ ရောက်လာလေ၏ ။
လိုင်းကောင် သည် ခရီး အလယ် လောက် သို့ ရောက်လာ၏ ။ စက်သံ သည် ပြင်းသည် ထက် ပြင်း လာ၏ ။ နောက်တော့ အင်ဂျင်နှစ်လုံး ၏ အားကုန်ရုန်းသံသည် တဘောင်းဘောင်း မြည်လေ၏ ။ မီးခိုးများ အူလာသည် အထိ ။
အဘယ်ကြောင့် အသားကုန် မောင်းနေရပါသနည်း ။ အကဲခတ် ကြည့်လိုက်တော့ ။
အလို ရှေ့ က တအိအိ ခုတ်မောင်းသွားနေသော ဇက် ( မော်တော်ကားများ တစ်ဘက်ကမ်းသို့ သယ်ပို့ ပေးသော ပက်လက် သင်္ဘောကြီး ) ကြီး ကို ကျော်တက်ဖို့ ကြိုးပမ်းနေကြတာပါကလား ။
ကျော်နိုင်မှာလား ။
ကျော်နိုင်မှာတဲ့လား သည် သင်္ဘောကြီး ကို ။
အိပ်ငိုက်နေသော ခရီးသည် များ လန့်ဖျပ် နိုးကြကုန်၏ ။ မျက်စိ ဖွင့်ကြည့်ကြကုန်၏ ။
မီတော့မည် မီတော့မည် ။
သင်္ဘောကြီး ၏ ပဲ့ပိုင်း ကို မီတော့မည် ။
မီလာပြီ ၊ မီလာပြီ ။
ကိုယ်ထည် နှင့် ယှဉ်လာနေပြီ ။
ဦးပိုင်း ရောက်လာပြီ ၊ ရောက်လာပြီ ၊ ဇက်ကြီး ပေါ်မှ ကုန်အပြည့် တင် ထားသော ကားကြီးများ နှင့် တစ်တန်းတည်း သို့ ရောက်လာပြီ ။
ကျော်တော့ မှာ လား ၊ ကျော်တော့ မှာလား ။
ခရီးသည်များ ရင်ထိတ်သည်းဖို စောင့်ကြည့်ကြကုန်၏ ။
ကျော်သွားပြီ ဟ ၊ ကျော်သွားပြီ ဟ ။
ခရီးသည်များ သက်ပြင်းချကုန်၏ ။
စက်သံ အနည်းငယ် လျှော့ပြီး မှ တစ်ဖန် ပြန် တင်လာပြန်၏ ။ ခရီး က ရေဆန် ခရီး ခင်ဗျာ ၊ စက်တင်ဘာ ဆိုတာက ဧရာဝတီမြစ်ကြီး ထဲ မှာ ရေတွေ က ကမ်းလုံးပြည့်ဗျာ ။
သရက် က မြစ်ရဲ့ အနောက်ဘက် ကမ်းမှာ ၊ အောင်လံ က အရှေ့ဘက် ကမ်းမှာ ၊ ဟိုဘက် သည်ဘက် ဒဲ့ကြီး မဟုတ် ၊ သရက် က အောက်ဘက် နည်းနည်း ရောက် တယ် ၊ အောင်လံ က အထက်ဘက် နည်းနည်း ရောက်တယ် ။
အဲသည်တော့ ကျွန်တော်တို့ ခရီး က ရေဆန် ခရီး ။ တောင် က နေ မြောက် ကို မောင်း နေရတာ ။ အောက် က နေ အထက် ကို ဆန် တက် နေရတာ ။
သရက် ၊ အောင်လံ ၊ မြစ်ကြောင်းခရီး ရဲ့ သဘော အရ ၊ သရက် က ထွက်လာပြီ ဆို ကတည်း က စက်ကို အသားကုန် ဖွင့်ပြီး ရေစီးအား ပျော့တဲ့ အနောက်ဘက် ကမ်းစပ် ကို သီ မောင်းရတာခင်ဗျာ့ ။
ထွက် ကတည်း က အရှိန် က ခပ်ပြင်းပြင်း ။ ခရီး အလယ် ရောက်လာပြီ ။ ရောက်လာပြီ ။ အောင်လံဘက်ကမ်း မှ မော်တော်ဆိပ် ကို လှမ်း မြင်နေရပြီ ၊ မြင်နေရပြီ ။
မော်တော်ဆိပ် နှင့် မျဉ်းတစ်ပြေးတည်း ဖြစ်လာပြီ ။
လိုင်းကောင် က မောင်းတုန်း ပဲ ၊ အသားကုန် ဗျင်းတုန်းပဲ ။
“ ဟင် ဟုတ်ကြီး မော်တော် က ခုအထိ ဖြတ် မကူးသေးဘူး ၊ ဆန်တက် နေတုန်းပဲ ”
ဟုတ်ကြီး က ပြုံးနေ၏ ။
ဆန်နေတုန်းပဲ ၊ ဆန်နေတုန်းပဲ ။ မော်တော်ဆိပ် ရဲ့ မြောက်ဘက် နား က မြို့မဈေးကြီး နှင့် တစ်တန်းတည်း ရောက်လာပြီ ။
ဆန်နေတုန်းပဲ ။
ဈေး မြောက်ဘက် ကို ရောက် သွားပြီ ။ တောင်ဘက် က မော်တော်ဆိပ်ကလေး ဟာ အဝေး မှာ မှေးမှေးကလေး ပဲ ကျန်ခဲ့တော့တယ် ။
ဈေး ကို ကျော်သွားပြီ ။ ကျော်သွားပြီ ။
ထိုအခါကျမှ မော်တော် သည် မြစ် ကို ခပ်ဆန်ဆန်ကလေး ဖြတ်လာ၏ ။ စက်အရှိန် မလျှော့ တလျှော့ကလေး ။ အရမ်းကြီး လည်း မပြင်း ၊ အရမ်းကြီး လည်း မလျော့ ။
မြစ်လယ် ရောက်လာ၏ ။ အရှေ့ဘက် သို့ နီးလာ၏ ။
ကမ်း သို့ ကပ်တော့မည် ။ ကပ်တော့မည် ။
ကပ်ပြီး ကပ်ပြီ ။
စက်သံ တဖြည်းဖြည်း လျော့ ရာ မှ လုံးဝ ရပ်သွားလေ၏ ။
မော်တော် မှာ သူ ကပ်ရမည့် နေရာကလေး သို့ ကွက်တိ ၊ ငြိမ့်ခနဲ ။
ဘာ ပြုံးနေတာလဲဗျာ့ ။
“ အဲဒါ စီးပွားရေး သဘောတရားပဲကွ ”
“ ဟာဗျာ မဆီမဆိုင် ”
“ ဆိုင်တာပေါ့ကွ ”
“ စီးပွားရေး ဆိုတာ ရေဆန်ခရီး ကွ ၊ ကိုယ် လိုချင်တဲ့ ပန်းတိုင် ရောက် ဖို့ နင်းကန် ရုန်းရတာ ၊ ပန်းတိုင် ကို ကွက်တိ ရောက်ဖို့ အတွက် အားထည့် ၊ အားအပြည့်ကြီး ထည့်ပြီး လှော်ခတ်ရတာ ၊ ခု မော်တော်ကလေး ဆိပ်ကမ်း ကပ်သလိုမျိုး ပိုပိုသာသာကြီး ကို မောင်းထည့် ပြီးမှ ကပ်လိုက်တဲ့ အခါမှာ ”
“ အကယ်၍ အားပျော့ နေမယ် ဆိုရင်ကော ”
“ အားပျော့ နေလို့ ကတော့ ရှေ့ မရောက်ဘဲ နောက်ပြန် မျောသွား မှာပေါ့ကွာ ”
▣ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၁ အောက်တိုဘာ ၊ ၂၀၀၅
No comments:
Post a Comment