Friday, April 11, 2025

မြေကြီး က ရယ်လိမ့်မယ်


 ❝ မြေကြီး က ရယ်လိမ့်မယ် ❞ 

      ( ဂျိုဇော် )


သည်လို အိပ်မက်မျိုး မမက်သည် မှာ ကြာပြီ ။ နံနက် အိပ်ရာ မှ ထတော့ ကိုအုန်းဌေး မျက်နှာသည် ကလေးတွေ ပါးစပ် ထဲ က ပြုတ်ကျသည့် ဂျယ်လီတုံး ကြီး လို ပြောင်ချိုချိုကြီး ဖြစ်နေ၏ ။ အယူသီးသည် ပြောချင်လည်း ပြောကြပါစေတော့ ။ အိပ်မက်များ ၏ နိမိတ် ကို ယုံစားသည့် နေရာမှာ ကောသလမင်းကြီး ထက် ပင် ကိုအုန်းဌေး က သာလိမ့်မည် ။ သူ အတိတ် နိမိတ် ယူသည့် အိပ်မက်တိတ္ထုံ ကလည်း များများစား စား မဟုတ် ။ နှစ်မျိုးသာ ရှိလေသည် ။


ပထမ အမျိုးအစား သည် အကောင်းဘက် ကို နိမိတ်ပြသည့် အိပ်မက်မျိုး ဖြစ်၏ ။ သူ့ ခန္ဓာကိုယ်ကြီး မိုးပေါ် သို့ ပျံတက်ရသည် ဟု အိပ်မက်ခြင်း ဖြစ်လေ သည် ။ တစ်ခါတလေ မြေကြီး မှ တစ်တောင် ၊ နှစ်တောင် မြောက်တက်သည် ။ တစ်ခါတစ်ရံ တစ်လံ နှစ်လံ အထိ မြောက်တက်သည် ။ ရှားရှားပါးပါး သစ် ပင်ထိပ်ဖျား အိမ်ခေါင်မိုးစွန်းများ အထိလည်း ကြွ တက်ဖူးသည် ။ ထိုသို့ ကြွတက်ရာတွင် အမြင့်ခုန်သမားများ လို မြေကြီး ကို အားကုန် ဆောင့်ကန်၍ တက်ရခြင်းမျိုး မဟုတ် ။ ဒုံးပျံများ လို ပေါက်ကွဲအား ဖြင့် ဝုန်းခနဲ တက်သွားခြင်း မဟုတ် ။ သာသာဖွဖွ ခုန် သယောင်ယောင် ပြလိုက်သည် နှင့် ညင်သာရိပ် ရိပ်ကလေး ပြေးတက်သွားခြင်း ဖြစ်၏ ။ တရုတ်သိုင်းကား ထဲ မှ ကိုယ်ဖော့သိုင်းပညာရှင် နှင့် ဆင်ဆင်တူလေသည် ။ သည်လို အိပ်မက်မျိုး မက်ပြီ ဆိုလျှင် သူ့ အတွက် ကောင်းချီး မင်္ဂလာ တစ်ခု မောင်း မတီးဘဲ ရောက်လာတော့မည် ကို အတွေ့အကြုံ အရ သိနေပြီ ။ မြေကြီး မှ အနည်းငယ် ကြွတက်တုန်း က စက်ဘီး အသစ် ၊ အဝတ်အစား အသစ် တွေ ရဖူးသည် ။ သစ်ပင် ထိပ်ဖျား အထိ ကြွတက်တော့ မကြိုးစားပါဘဲ တစ်နှစ် တည်းဖြင့် ဆယ်တန်း အောင်ခဲ့သည် ။ မြို့နယ်စိုက်ပျိုးရေးဘဏ် မှာ စာရေးကလေး ရာထူး ကို လျှောက်ထား သူ အများကြီး ကြားထဲမှ အရွေး ခံခဲ့ရသည် ။


အကောင်းဆုံး အိပ်မက် ကတော့ ထိုသို့ ကြွ တက်ရုံမျှ မက ငှက်များ လို သို့မဟုတ် စူပါမင်း လို သွားချင်သည့် နေရာကို ကောင်းကင်ခရီး ဖြင့် ပျံသန်း ရခြင်းဖြစ်၏ ။ ရှားရှားပါးပါး သည်လို အိပ်မက်မျိုး တစ်သက် မှာ နှစ်ခါသာ မက်ဖူးခဲ့သည် ။ ပထမ တစ်ခါ မက်တော့ အခက်အခဲ အမျိုးမျိုး ကြားမှ ငါးရံ့ကိုယ်လုံး ပိုင်ရှင် ကျောင်းဆရာမလေး နှင့် လက်ထပ်ခွင့် ရခဲ့သည် ။ နှစ်တွေ အတန်ကြာ အနှီ ယဉ်တစ်ကိုယ်မယ်ကလေး သည် မျက်မှန်ထူထူ ၊ ဗိုက်စူစူ နှင့် ငါးဖန်းမကြီး ဖြစ်လာ မှ ဒုတိယမ္ပိ မက်ခွင့်ရသည် ။ လုပ်ငန်းခွင် မှာ အပြိုင်အဆိုင်တွေ ကြားထဲမှ ကန်တော့ပွဲ မထိုး သည့် သူ့ ကို လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့် ပေးခြင်းခံရသည် ။ ရုံး လောကမှာ လက်/ကြီး ကိုအုန်း ဌေး ဟု နာမည် တစ်လုံး ရခဲ့သည် ။


ဒုတိယ အမျိုးအစား အဆိုးဘက် ကို နိမိတ်ပြသည့် အိပ်မက် ကတော့ စီး နေသည့် ဖိနပ် ပျောက် ခြင်း အမျိုးမျိုး ဖြစ်၏ ။ အပြင် ထွက်မည် ၊ ရုံး သွားမည် ပြင်တော့ ဖိနပ် ရှာ မတွေ့ခြင်းမျိုး ၊ ဧည့်ခံပွဲ သို့မဟုတ် အခမ်းအနား တစ်ခု မှ ပြန်မည်လုပ်တော့ ဖိနပ်ပျောက် သွားခြင်းမျိုး မက်ခြင်း ဖြစ်၏ ။ ထိုသို့ မက်လျှင် မိသားစုကိစ္စ ဖြစ်စေ ၊ ရုံးကိစ္စ ဖြစ်စေ ၊ ဦးနှောက်ခြောက် ၊ ခေါင်းခဲစရာ ပြဿနာ တစ်ခုခု တွေ့ကြုံရစမြဲ ဖြစ်၏ ။ 


ဖိနပ် ပျောက်၍ သိလိုက်သည့် အချိန် ရှာနေ ဆဲ အချိန်မှာ အိပ်မက် မှ နိုး သွားလျှင် သို့မဟုတ် အိပ်မက် ပြောင်းသွားလျှင် တော်သေးသည် ။ ဆက်မက် နေပြီး ဖိနပ် မပါ ခြေဗလာ ဖြင့် လျှောက်သွားနေရသည် ဟု မက် လျှင် နိမိတ် က ပိုပြီး ဆိုးသည် ။ ကိုအုန်းဌေး  အတွေ့အကြုံ အရ ပြဿနာ ကြီးကြီးမားမား တွေ့ကြုံ ရစမြဲ ဖြစ်၏ ။ အဆိုးဆုံး မှာ ထို ခြေဗလာ ဖြင့် လျှောက် သွားနေရသည့် မြေပြင် သည် ရွှံ့ဗွက်များ ၊ ကျင်ကြီး ကျင်ငယ်များ နှင့် ပြည့်နှက်နေပြီး လွတ်အောင် သိုင်းကွက် နင်းနေသည့် ကြားထဲက နင်းမိ ပြုမိ ၊ ညစ်ပတ် ပေရေသွားသည် ဟု မက်ရခြင်း ဖြစ်၏ ။ ထိုသို့ မက် လျှင် အဆိုးဆုံးများ နှင့် တွေ့ကြုံရတတ်လေတော့၏ ။ 


ထိုသို့ မက်ပြီး တိုက်တိုက်ဆိုင်ဆိုင် မိခင် မုဆိုးမကြီး ဆုံးပါးသွားခဲ့သည် ။ နောက်တစ်ခါ မက် တော့ ဇနီးသည် ၏ ဝမ်းဗိုက် မှာ အကျိတ်အဖု တွေ့၍ ဆေးရုံတက် ခွဲစိတ်ခဲ့ရသည် ။ စုဆောင်း ထားသည်လေး ပြောင်လုနီးပါး ဖြစ်သွားသော်လည်း ကင်ဆာ အမျိုးအစား မဟုတ်၍ တော်သေး ဟု ဖြေသိမ့်ခဲ့ရသည် ။


သို့ကလို မိုးပေါ် ခုန်တက်လိုက် ၊ ဖိနပ်ပျောက် လိုက် နှင့် အိပ်မက်များ နှင့် ကခုန်ခဲ့ရာဝယ် ဖိနပ် ပျောက် ပြီး ခြေဗလာ ဖြင့် သွားလာနေရသည့် အိပ်မက်တွေ က အဆမတန် များနေသည် ကိုတော့ ကိုအုန်းဌေး ဝန်ခံပါသည် ။ ပြီးတော့ သည်လို အိပ်မက်တွေ က တမင် ဖန်တီးယူလို့ရသည်မျိုး မဟုတ် ။ အိပ်ရာဝင် ဘယ်လောက်ပဲ စဉ်းစား စဉ်းစား ၊ ဘယ်လောက်ပဲ တွေးတွေး မက်ချင် မှ မက်သည် ။ Autosuggestion ခေါ် နှပ်ကြောင်း ပေးလို့ မရ ။ မတွေးတော မစဉ်းစား ဘဲ လတွေ နှစ်တွေ ကြာမှ ထ မက်ချင် မက်တတ်သည် မျိုးမို့လည်း ကိုအုန်းဌေး သည်လောက် အယူသီး နေခြင်း ဖြစ်၏ ။


မနေ့ည က အိပ်မက်ကတော့ တော်တော့် ကို ကောင်းသည် ။ အိပ်မက် ထဲမှာ သားအငယ် သုံးတန်း ကျောင်းသားသည် စက္ကူစွန် လွှတ်နေရာမှ တစ်ခါတွင် စက္ကူစွန် သည် ခြံထောင့်ရှိ ဝါးရုံပင်ထိပ်ဖျားမှာ သွား တင်နေ၏ ။ ကျလာအောင် ခဲဖြင့် ထုချနေသော်လည်း ကလေး အားဖြင့် ရောက်အောင် မပစ်နိုင် ။ “ ဖေကြီး ခဲနဲ့ ပစ်ပေး ” ဟု သူ့ ကို လာ အပူကပ်သည် ။ ကိုအုန်းဌေး လိုက်ကြည့်တော့ စွန် က ဝါးရုံထိပ်ဖျား အတောင် နှစ်ဆယ် အမြင့် လောက်မှာ တင်နေသည် ။ ကိုအုန်းဌေး က စွန် နှင့် တည့်တည့် နေရာမှာ ခြေစုံ ရပ်လိုက်၏ ။ စွန် ကို မျက်တောင် မခတ်စတမ်း စိုက် ကြည့်လိုက်သည် ။ လက်နှစ်ဖက် ကို အပေါ်သို့ ဆန့်တန်း ထားပြီး ခြေနှစ်ဖက် ကို စုံကြွတယ် ဆိုရုံ ခုန် လိုက်ရာ ငြိမ့်ခနဲ မြောက်တက်သွား၏ ။ အရှိန် တစ်သမတ်တည်း ဖြင့် စက္ကူစွန် ရှိရာ မြောက်တက်သွား ၊ စွန် ကို လက်ဖြင့် အသာ ဖြုတ်ယူ ၊ မြေပြင် သို့ ဖြည်း ဖြည်း ညင်သာ ပြန်ကျလာခဲ့၏ ။


စွန် ကို သားတော်မောင် အား ကမ်းပေးလိုက် တော့ သည်ကောင် ချက်ချင်းမယူနိုင် ။ သူ့ ကို မျက်လုံး အပြူးသားဖြင့် ကြည့်နေ၏ ။ အတန်ကြာမှ “ ဒါမှ တို့ဖေဖေကြီး ကွ ၊ စူပါမင်း ကွ ” ဟု လက်ခုပ်လက်ဝါး တီးပြီး အံ့သြဘနန်း ချီးမွမ်းလေတော့၏ ။ ထိုအချိန် မှာပဲ အိပ်မက် က လန့်နိုးသည် ။


ခါတိုင်း သည်လို အိပ်မက်မျိုး မက်လျှင် သူ တစ်ယောက်တည်း ဖြစ်ဖြစ်နေရ၏ ။ ဘယ်သူမျှ သူ့ အစွမ်းအစ ကို မျက်ဝါးထင်ထင် မတွေ့မြင်ခဲ့ကြ ။ ချီးမွမ်း မခံခဲ့ရ ။ သည်တစ်ခါတော့ သားတော်မောင် ၏ ရှေ့မှာ အစွမ်းပြခွင့် ရခဲ့သည် ။ အခြားသူ တစ်ယောက် ၏ အသိအမှတ်ပြု ချီးမွမ်း ခံရပြီ ။


ထို့ကြောင့်လည်း ..


မနက်အိပ်ရာ အထ မှာ ကိုအုန်းဌေး မျက်နှာ ပြောင်ချိုချိုကြီး ဖြစ်နေပါ၏ ။


•••••   •••••   •••••


“ မိန်းမရေ ... ည က ”


“ ရှင်နော် ရှင် ။ မျက်နှာ က ဘာဖြစ်နေတာတုံး ၊ ပြောင်စပ်စပ် နဲ့ ”


နံနက် လက်ဖက်ရည်ဝိုင်း မှာ ည က အိပ်မက် အကြောင်း ပြောဖို့ စကား စ ကာ ရှိသေး ။ အိမ်ရှင်မ က ရှက်ကိုးရှက်ကန်း ဖြင့် စကားဖြတ်မေးသည် ။ မျက် စောင်း က လည်း တခဲခဲ နှင့် ။


“ မင်းမလဲကွာ ၊ မလုံမလဲနဲ့ ။ ခု ပြောမှာက တခြားပါ ။ ညက အိပ်မက် ကောင်းလို့ပါ ။ ဒါမျိုး မမက်တာ ကြာပြီကွ ”


“ ဘာလဲ မြေလျှိုးမိုးပျံ နေပြန်ပြီလား ။ ထီ ပေါက်ရအောင် က လည်း ထိုးမထားဘူး ။ ရာထူးတက် ဖို့ ကလည်း နှစ်ယောက်စလုံး ဂိတ်ဆုံး နေပြီ ” 


“ ဟဲ ဟဲ ကံထမ်းလာတာ မမြင်ရဘူးတဲ့ကွ ၊ မင်း ဘယ် မြင်နိုင်ပါ့မလဲ ။ အသာနေစမ်းပါ ။ ဒီတစ်ခါ မက်တာက ” 


ကိုအုန်းဌေး က အိပ်မက် အကြောင်း ရှင်းပြဖို့ အစပျိုး လိုက်သော်လည်း မိန်းမ က အခြား အကြောင်းအရာတွေ ပြောနေသဖြင့် ဆက်ပြီး ပြောခွင့်မသာ တော့ ။ သည်နေ့ စနေ ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက် ဆိုတော့ နေ့လယ် သို့မဟုတ် ညနေ အခွင့် သာသည့် တစ်ချိန်ချိန် မှာ ပြောကို ပြောဦးမည် ဟု စိတ် ထဲ က တေး ထားလိုက်သည် ။


တေး ထားသော်လည်း အခွင့် မသာ ။ နေ့လယ် မှာ အိမ်သူသက်ထား သည် အကြီးမ နှင့် အငယ်ကောင် လက် ဆွဲပြီး တစ်ရပ်ကွက်ကျော် က သူ့ အမေအိမ် သို့ အလည် သွားလေ၏ ။


“ မရောက်တာ ကြာပြီ ၊ ကျောင်းပိတ်တုန်း သွားရတာ ။ တစ်ယောက်တည်း အိမ် မှာ ကောင်း ကောင်း နေရစ် ” တဲ့ ။


ကိုအုန်းဌေး လည်း သတင်းစာ ဟိုလှန်ဒီလှန် ၊ တီဗွီလိုင်း ဟိုပြောင်း ဒီပြောင်းနှင့် မျက်စိညောင်း ၊ ခါးညောင်း လာတော့ ခြံထဲ ဆင်းခဲ့၏ ။ ခြံ ထဲ ဟိုလျှောက် ၊ ဒီလျှောက် နှင့် ဝါးရုံပင် အောက် ရောက်လာ သည် ။ ဘာရယ် မဟုတ် ၊ ဝါးရုံပင် ကို မော့ကြည့်လိုက် တော့ ....


“ အလဲ့ ၊ ဝါးရုံပင်ထိပ်ဖျားမှာ စက္ကူစွန်လေးပါ လား ၊ အငယ်ကောင် ကမြင်းထားတာ ထင်တယ် ” 


အာမေဍိတ်ပြုရင်း ည က အိပ်မက် ကို ဖျတ်ခနဲ သတိ ရလိုက်၏ ။


ကိုအုန်းဌေး  ဘေးဘီ ကို အကဲခတ်လိုက်သည် ။ ပြီး ဘာရယ် မဟုတ် စွန် နှင့် တည့်တည့်မှာ ခြေစုံ ရပ်လိုက်သည် ။ စွန်ကို မျက်တောင်မခတ်စတမ်း စိုက် ကြည့်လိုက်သည် ။ လက်နှစ်ဖက် ကို အပေါ်သို့ ဆန့်တန်းထားပြီး ခြေနှစ်ဖက် ကို စုံကြွသည် ဆိုရုံ ခုန် လိုက်ရာ ငြိမ့်ခနဲ မြောက်တက် သွားလေ၏ ။ အရှိန် တစ်သမတ်တည်း ဖြင့် စက္ကူစွန် ရှိရာ မြောက်တက် သွား ၊ စွန် ကို လက်ဖြင့် အသာ ဖြုတ်ယူ မြေပြင် သို့ ဖြည်းဖြည်းညင်သာ ပြန်ကျလာခဲ့၏ ။


ကိုအုန်းဌေး  ဘေးဘီ ကို ပြူးပြူးပျာပျာ ကြည့် မိလေတော့၏ ။ သူ့ ရင်တွေ တဒုန်းဒုန်း ခုန် နေသည် ။


လက် ထဲ က စွန်ကလေး ပင် တဖျတ်ဖျတ် ခုန်နေ၏ ။ သည်တစ်ခါ အိပ်မက် မဟုတ်ဘူး ။ ဒါ တကယ့်အဖြစ် အပျက်ပါပဲ ။ မယုံနိုင်စရာ တကယ့် အဖြစ်အပျက်ပါ ပဲ ။ မနေ့ည က အိပ်မက် သည် တကယ် ဖြစ်လာနေပါ လား ။ အဖြစ်အပျက်က ကာယကံရှင် ကိုယ်တိုင် မယုံ နိုင်စရာ ဆိုတော့ အခြားသူတွေကကော ပြောလျှင် ယုံကြပါ့မလား ။ ကိုအုန်းဌေး  ဦးခေါင်း ချာချာလည် နေစဉ် ‘ ဒုန်း ’ ဆို အိမ် ထဲ က အသံကြီး ကြားလိုက်ရ၏ ။ 


“ ဟာ တီဗွီကြီး ၊ ကြောင် တိုက်ချလိုက်ပြီ ထင်တယ် ”


ကိုအုန်းဌေး အိမ်ထဲ သို့ ဒုန်းစိုင်းကာ အပြေး ဝင်သွားလိုက်၏ ။ ကြောင် က ထွက်အပြေး ခလုတ် တိုက်လိုက်သေးသည် ။ တော်သေးရဲ့ ။ တီဗွီ က သူ့ နေရာ မှာ သူ ရှိနေ၏ ။ ကြောင် သူ့ ဟာ သူ ခုန်ချတာကိုး ။


ရင်တုန်ပန်းတုန် က မပျောက်သေး ။ ရေ တစ်ခွက် ပြေး သောက်ပြီး တီဗွီ ရှေ့က ဆက်တီ မှာ ခြေပစ် လက်ပစ် ထိုင်ချလိုက်သည် ။ ခေါင်း ကို နောက်လှန် ပြီး သတင်းစာ ဖြင့် ယပ်ခတ်ကာ အမောဖြေနေရ သည် ။ ထိုအချိန် မှာ ပဲ နောက်ထပ် ရင်တုန်ပန်းတုန် ဖြစ်စရာ ငှက်ဆိုးထိုးသံ က ပေါ်လာလေ၏ ။


“ ကိုအုန်းဌေး ၊ ကိုအုန်းဌေး လက်ကြီး ကိုအုန်းဌေး ရဲ့ အသက်မှ ရှိသေးရဲ့လား ”


ဟာ မိန်းမ နဲ့ ကလေးတွေ ပြန်လာပြီကိုး ။ ခြံဝင်းတံခါးချက် ကို ပြေးဖွင့်ပေးရသည် ။


“ ရှင် နေ့ခင်းကြောင်တောင် အိပ်ပျော်နေတာ လား ။ အံ့ပါရဲ့ ။ အော် ခေါ်နေရတာ ။ တစ်ရပ်ကွက် လုံး ကြားနေပြီ ။ ရှင် မကြားဘူး ”


“ ကြားပါတယ်ကွာ ၊ ကြားကြားချင်း ပြေးလာခဲ့တာပဲ ”


“ ကြားပါတယ်သာ ဆိုတယ် ။ ကလေးတွေ အော် ခေါ်နေတာ အခွန်း တစ်ရာလောက် ရှိတော့မယ် ။ ကျွန်မ မအော်ချင်ဘူးနော် ၊ ကျောင်း မှာ လည်း အော် ရ ၊ အိမ် မှာ လည်း အော်ရ နဲ့ လည်ချောင်းကွဲလိမ့်မယ် ”


ကိုအုန်းဌေး လည်း စကားနည်းရန်စဲ စကား လမ်းကြောင်း ပြောင်းလိုက်၏ ။


“ သားရေ သား လွှတ်ထားတဲ့ စွန်လေး လေ ၊ ဝါးရုံပင် ထိပ်ဖျားမှာ တင် နေတာ ။ ဖေကြီး ယူပေး ထားတယ် ”


“ ဟာ သား မလွှတ်ပါဘူး ။ သား မှ စွန် မချိုးတတ်တာ ”


“ ဟေ ... ဒါဆို တစ်ယောက်ယောက် လွှတ် တဲ့စွန် တို့ဝါးရုံပင်မှာ လာတင် ”


မိန်းမ က မျက်စောင်း ထိုးသဖြင့် ကိုအုန်းဌေး ပါးစပ်ပိတ် သွား၏ ။ သားအမိတစ်တွေ အိမ်ထဲ ဝင် သွားမှ ဝါးရုံပင် ဘက် အပြေးကလေး လျှောက်ခဲ့ သည် ။ ဟိုဟိုသည်သည် ကြည့် သော်လည်း စွန် ကို မတွေ့ ။ ဗလာစာရွက် ချောချောဖြင့် လက်ရာသေသပ် စွာ ချိုးထားသည့် စွန်ဖြူဖြူလေး ၊ ဘယ်ရောက်သွား ပါလိမ့် ။ လေတိုက်လို့ လွင့်သွားလည်း သည်နား တစ်ဝိုက် မှာ ပဲ ရှိရမည် ။ တစ်ခြံလုံး လှည့်ပတ် ရှာ လည်း မတွေ့ တော့ ။ အိမ်ထဲများ ယူသွားမိခဲ့လေသလား ။ 


အိမ် ထဲ ပြေး ရှာရပြန်၏ ။ တီဗွီနား တစ်ဝိုက် မှာ ။ ဆက်တီတွေ ကြားမှာ ၊ ရေအိုးစင် အနားမှာ ။ စွန် ဆိုတာ ဝေး ၊ စက္ကူ တစ်စ ပင် မတွေ့ရ ။


“ ကိုအုန်းဌေး ၊ ကုန်းကုန်းကွကွ နဲ့ ဘာ ရှာနေတာတုံး ။ တီဗွီ လည်း ပွင့်လို့ ၊ သတင်းစာတွေ က ဖရိုဖရဲ ။ ရှင် တီဗွီ ရှေ့ တစ်ချိန်လုံး အိပ်ပျော်နေတယ် ထင်တယ် ”


“ ဟာ ... လန့်လိုက်တာကွာ ၊ မင်း ကလည်း တိုးတိုးသက်သာ ပြောစမ်းပါ ။ ကြာရင် ငါ နှလုံး ရောဂါ ရလိမ့်မယ် ။ ရုံး က ဖြတ်ပိုင်း တစ်ခု ပျောက် လို့ ရှာနေတာဟေ့ ”


ကိုအုန်းဌေး ရေတစ်ခွက် ပြေးသောက်ရပြန်၏ ။


ည အိပ်ရာ ထဲ ရောက်တော့လည်း တော်တော်

နှင့် အိပ် မပျော် ။ နေ့လယ် က အဖြစ်အပျက် သည် သူတစ်ပါး ယုံဖို့ မပြောနှင့် ။ သူ ကိုယ်တိုင် ပင် ကာယကံရှင် မို့သာ မယုံချင့် ယုံချင် နှင့် ယုံနေရ၏ ။ ဒါလည်း အိပ်မက် တစ်ခု မဖြစ်နိုင်ပေဘူးလား ။ မဖြစ်နိုင်ပါ ။ အိပ်မက် သည် ပုံစံတူ မက်ရိုး ထုံးစံ မရှိ ။ ပြီးတော့ အိပ်မက်ဆိုတာ အိပ် မှ မက်တာ ။ တစ်နေ့လယ်လုံး သူ မအိပ်ခဲ့ဘူး မဟုတ်လား ။ သူ က အတွေးကွန်ချာဖြင့် ဘယ်လူးညာလှိမ့် အိပ်၍ မပျော် ဖြစ်နေသော်လည်း ဒေါ်ငါးဖန်းမ က တော့ တခူးခူးတခေါခေါ ဖြင့် အိပ်မော ကျနေပြီ ။


ကိုအုန်းဌေး အိပ်ရာက အသာလေး ထလိုက်၏ ။ အခန်းထောင့် ဆီ ခြေဖျားထောက် ပြီး သွား ၊ လက်နှစ်ဖက် ကို အပေါ်ထောင် ။ ခြေနှစ်ဖက် ကို စုံကြွတယ် ဆိုရုံ ခုန်ကြည့်ပြန်တော့လည်း ၊ ခုန်မိသည့် အတိုင်း သာ ။ နှစ်ခါ သုံးခါ မထူးခြားတော့ ၊ အိပ်ရာထဲ အသာ ဝင် ခွေရပြန်သည် ။ လင်းခါနီး မှ မှေးခနဲ အိပ်ပျော်သွား သည် ။ အိပ်မက် ထဲ မှာ လည်း မိုးမပျံပါ ။


•••••   •••••   •••••


သည်နေ့ လည်း တနင်္ဂနွေ ဆိုတော့ အိမ် မှာ နားရသည် ။ သားအမိ တစ်တွေ က အတော်လမ်း သလားချင်ကြသည် ။ မနေ့ က အမေ့အိမ် သွား ။ သည် နေ့တော့ အစ်မအိမ် သွားမတဲ့ ။ မနေ့ က ချိန်းခဲ့လို့တဲ့ ။ သွား သွားကြပေါ့ ။


သူတို့လည်း ထွက်သွားရော ဝင်းတံခါးပိတ် ကာ ကိုအုန်းဌေး  ခြံထဲ ပြေးဆင်းလာခဲ့သည် ။ စက္ကူ စွန်ကလေး ကို ဒုတိယအကြိမ် အဖြစ် ခြံထဲ ပိုက်စိပ် တိုက် ရှာ၏ ။ မတွေ့  ။ ဝါးရုံပင်ပေါ်များ ပြန်ရောက် နေမလား ။ မော့ကြည့်တော့လည်း မတွေ့ပါ ။


ကိုအုန်းဌေး ဝါးရုံပင် ထိပ်ဖျား ကို စိတ်အာရုံ စုစည်းကာ စိုက်ကြည့်လိုက်၏ ။ မနေ့က ပုံစံအတိုင်း လက်နှစ်ဖက် ဆန့်တန်းကာ ခုန်ပျံ ကြည့်လိုက်သည် ။ တစ်ထွာ ထက် ပိုမကြွ ။ အရွဲ့တိုက်ပြီး ခါးတောင်းကို မြှောင်အောင်ကျိုက်လိုက်၏ ။ မြေပြင် ကို မြင်းကန် သလို ကန်ပြီး ခုန်တက်လိုက်၏ ။ တစ်တောင်ထက် ပိုမကြွ ။ တစ်ခါ ၊ နှစ်ခါ ၊ သုံးခါ အထိ ကြိုးစားကြည့်သည် ။ ထူး မခြားနား ။


သို့သော် ကိုအုန်းဌေး  စိတ်ဓာတ် မကျပါ ။ တစ်ကြိမ် အောင်မြင်ပြီးသား ကိုလည်း ချေဖျက် မပစ် နိုင်ပါ ။ အိပ်မက် သည် ပင်လျှင် နှစ်တွေ ၊ လတွေ ကြာ မှ မက်ခွင့်ရသည်ဖြစ်ရာ အိပ်မက် မဟုတ် ၊ တကယ့် အဖြစ်အပျက်သည် ထိုထက် မက ၊ ကြာချင် ကြာပေ မည် ။ စိတ်ရှည် ၊ သည်းခံ ၊ ဇွဲသန်ဖို့ သာ လိုရင်း ဟု ကိုအုန်းဌေး က ခံယူ ထားလေသည် ။


မြေကြီး မှ ပျံတက်နိုင်ခြင်း မှာ ဘယ်လို အကြောင်းတွေ ပြည့်စုံဖို့ လိုအပ်ပါသလဲ ။ ကိုအုန်းဌေး တွေးကြည့်သည် ။ မြေလျှိုးမိုးပျံ ဈာန်အဘိညာဉ် ဆိုတာက သမထ ၊ ဝိပဿနာ အကြောင်းရင်းခံသည် ။ သူ နှင့် မဆိုင် ။ တောင်ပံခတ်၍ ပျံရအောင်လည်း သူ သည် ငှက် မဟုတ် ။ ကိုယ်ဖော့စွမ်းအား ဆိုတာက လည်း ဝတ္ထုတွေ ၊ ရုပ်ရှင်တွေ ထဲ မှာ သာ ရှိသည် ။ ယနေ့ ခေတ် ၊ ရှောင်လင်ဘုန်းကြီးတွေ မြေပြင် မှာ ပဲ မွေ့ လျော် နေကြပြီ ။


သည်လိုဆို သူ ဘာကြောင့် ပျံတက်နိုင်ရ သနည်း ။ စိတ် ဦးဆောင်မှု ထက်သန်လွန်းသဖြင့် ရုပ် က မလွန်ဆန်သာ ဖြစ်သွားတာလား ။ စိတ် နောက် ကိုယ်ပါ ဆိုသည့် စကား လည်း ရှိထားလေတော့ စဉ်းစားစရာ ကောင်းသည် ။ ပြင်ပ ပရ တန်ခိုးရှင် တစ်ယောက်ယောက် က ဖေးမလိုက်တာကော မဖြစ်နိုင် ဘူးလား ။


တစ်ခါ မြေကြီး ၏ ဆွဲငင်အား ဆိုတာ က လည်း ရှိပြန်သေး ။ မြေဆွဲအားကြောင့် သာ သက်ရှိ သက်မဲ့ မှန်သမျှ မြေပေါ် မြဲနေကြပါသတဲ့ ။ သူ့ တစ်ယောက်တည်း အပေါ် ကွက်၍ မြေဆွဲအား မဲ့သွားတာ မျိုးကော မဖြစ်နိုင်ဘူးလား ။ တွေးရင်း တွေးရင်း ကိုအုန်းဌေး ခေါင်းချာချာလည်လေ၏ ။


လောကကြီး မှာ လက်တွေ့ မဆန် ။ သိပ္ပံနည်း မကျသည့် သဘာဝ နယ်လွန် ဖြစ်ရပ်တွေ ဒုနဲ့ဒေး မဟုတ်ပါလား ။ ဘာပဲ ဖြစ်ဖြစ် မိမိ ဘက်က လုံ့လ ဝီရိယ စိုက်ထုတ်ကာ သာ နေရမည် ဟု ကိုအုန်းဌေး  ဆုံးဖြတ် ထားလေသည် ။


ရုံး ရုံး မှာ မို့ ၊ လမ်း လမ်း မှာ မို့ ၊ အိမ် အိမ် မှာ မို့ ၊ အခွင့် ကြုံလျှင် ကြုံသလို နေရာမရွေး ကိုအုန်းဌေးကြီး ခုန်ခုန် နေသည်ကို သတိထားမိသူ ရှိချင် မှ ရှိမည် ။ ရှိချင် လည်း ရှိနေနိုင်သည် ။


သူ့ သားတော်မောင် က တော့ ...


“ ဖေကြီး ခုန်ဆွ ခုန်ဆွ လုပ် လုပ် မနေနဲ့ဗျာ ”


ဟု ပြောဖူးလေ၏ ။


▢ ဂျိုဇော် 


📖 ရွှေအမြုတေ မဂ္ဂဇင်း

      ဧပြီလ  ၊ ၂၀၁၂

No comments:

Post a Comment