Monday, April 21, 2025

နှာခေါင်းနီ နှင့် မိန်းကလေး

 

❝ နှာခေါင်းနီ နှင့် မိန်းကလေး ❞
           ( ပုံပြင် )
    
ရှေးအခါက ညီအစ်မ နှစ်ယောက် ရှိလေသည် ။ အမ ဖြစ်သူသည် အလွန် ပျင်းရိ သော်လည်း ညီမ မှာ အလွန် အလုပ် လုပ်သူ ဖြစ်သည် ။ ညီမ နှစ်ယောက်စလုံး မှာ ချောမွေ့လှပကြ သော်လည်း အမ ၏ အသားအရောင် မှာ ထာဝစဉ် ဖျော့တော့ နေ၏ ။ ညီမ ၏ သွေးရောင် လွှမ်းနေသော အသားရောင် ကို မီစေရန် မိမိ ၏ အသား ကို မည်မျှ ပွတ်တိုက်သော်လည်း မမီနိုင်ခဲ့ပေ ။ လူအများ သည် “ နှင်းဆီပန်းကလေး ကဲ့သို့ နီရဲလှပသော မိန်းကလေး ” ဟူ၍ ညီမ ကို သာ ချီးကျူးကြ လေသည် ။

အမ သည် ညီမငယ် ကို မနာလို ဖြစ်လာသောကြောင့် မိမိ အသားများ နှင်းဆီပန်း ကဲ့သို့ နီရဲ လှပလာစေရန် အကြံထုတ် လေသည် ။ နောက်ဆုံးတွင် မိမိ အိမ်ဘေး တွင် နေသော အဘိုးကြီး အား အကြံ တောင်းရန် စဉ်းစားမိလေ၏ ။ အမ သည် အဘိုးအို ထံ ထွက်လာလေသည် ။ အဘိုးအို အိမ် သို့ ရောက်လျှင် မြက်ဖိနပ်များ ရက်နေသည် ကို တွေ့ရ လေသည် ။

“ မိန်းကလေး ... မင်း ဘာ အလိုရှိသလဲ ” ဟု အဘိုးအို က လှမ်း မေးလိုက်၏ ။

“ ကျွန်မ အသားကို ကျွန်မ ညီမ လို နှင်းဆီပန်းအရောင် ဖြစ်ချင်ပါတယ် ။ သူ့ ထက် ပိုလှအောင် ဘယ်လို လုပ်ရမလဲ ”

မိန်းကလေး က မောက်မာစွာပင် မေးလိုက်၏ ။

“ အေး ... ကောင်းပြီ ... အဘိုး ဘယ်လို လုပ်ရမယ် ဆိုတာ စဉ်းစား လိုက်ဦးမယ် ။ အဘိုး စဉ်းစားနေတုန်းမင်း အဘိုး ဖိနပ် ကို ဆက် ရက်ထားပါ ”

အဘိုးအို သည် ဖိနပ် ကို လှမ်းပေးရင်း ပြောလိုက်၏ ။ အမ သည် အလွန် ပျင်းရိသူ ဖြစ်သောကြောင့် ဖိနပ် ကို လျင်မြန်စွာ လွှတ်ချ လိုက်လေသည် ။

“ အို ... အဘိုး ဘာသာ လုပ်ရင်း စဉ်းစားပေါ့ ” ဟူ၍ လည်း ပြောလိုက်၏ ။ အဘိုး သည် သူ့ ကို မျက်မှောင် ကြုတ်၍ တစ်ချက် ကြည့်လိုက်ရင်း ပြောလိုက်လေသည် ။

“ ကဲ ... ဒါဖြင့် ဒီလိုလုပ် ... မင်း နေ့တိုင်း မင်း ညီမ နဲ့ အတူ လယ်ထဲ ဆင်းပြီး အလုပ် လုပ်ပါ ။ မကြာခင် မင်း အသားတွေ နှင်းဆီပန်းအရောင် ဖြစ်လာလိမ့်မယ် ”

အမ သည် အိမ်သို့ ချက်ချင်း ပြန် လာလေသည် ။ အိမ် ရောက်လျှင် လယ်တော မှ ပြန် လာပြီ ဖြစ်သော ညီမငယ် မှာ ချက်ပြုတ် နေသည်ကို တွေ့ရလေသည် ။

“ ငါ့ ကို ထမင်း မြန်မြန် ထည့်ပေးစမ်း ။ ငါ လယ်ထဲ သွားမလို့ ... ”

အမ ပြောလိုက်သည် ကို ကြားလျှင် ညီမ သည် အလွန် အံ့အားသင့် သွားလေသည် ။ အမ သည် မည်သည့် အခါကမျှ လယ်တော ထဲ သို့ ဆင်းဖူးသည် မဟုတ်ပေ ။

“ အမရယ် ... အိမ် မှာပဲ နေပါ ... လယ် ထဲ မှာ ကျွန်မ ဘာသာပဲ လုပ်ပါ့မယ် ”

“ ဘာလဲ .. ညည်း က ငါ့ အသားရောင် ညည်း ထက် ပို လှသွားမှာ စိုးလို့ ပိတ်ပင်နေတာ လား ။ ညည်း ပြောစရာ မလိုပါဘူး ” ဟု အမ က အော်ဟစ် လိုက်၏ ။ ညီမ သည် အမ ဖြစ်သူ ကို နားမလည်နိုင် သကဲ့သို့ ကြည့်မိရှာ လေသည် ။ သို့ရာတွင် ဘာမျှ မပြောတော့ဘဲ ထမင်းပွဲ ကို သာ ပြင်ပေး လိုက်လေသည် ။ ထမင်း စား ပြီး လျှင် အမ သည် ဖျာ ပေါ်တွင် အညောင်း ဆန့်ရင်း အိပ်ချင် လာလေသည် ။ သို့ရာတွင် အဘိုးအို မှာလိုက်သည် ကို သတိရ၍ အိပ်ရာမှ ပျင်းတွဲ့ စွာ ထလိုက်လေသည် ။ ထို့နောက် ညီမ ဖြစ်သူ အား ပေါက်ပြား ယူ၍ လိုက်ခဲ့ရန် ပြောလိုက်ပြီး လယ်တော သို့ ပျင်းရိစွာ ထွက်သွားလေ၏ ။ လယ်တော သို့ ရောက်သော အခါ ရှေးဦးစွာ ဖိနပ် ပေါ်မှ ဖုန်မှုန့်များ ကို သုတ် လိုက်၏ ။ ထို့နောက် ဆံပင် ကို ပြုပြင်လိုက်၏ ။ ပြီးလျှင် ညီမ ဆီ မှ ပေါက်ပြား ကို ယူပြီးလျှင် မြေပေါ် သို့ တစ်ချက်ချင်း ပေါက်လိုက်၏ ။

“ ဟေး ... ဟေး ”

“ ဟေး ... ဟေး ”

“ ဟေး ... ဟေး ”

ဟူ၍လည်း ပါးစပ် မှ အော် လိုက်လေသည် ။ မြေကြီး ပေါ်သို့ သုံးချက် ပေါက်ပြီးသော အခါ အလွန် မောပန်း လာလေသည် ။ အမ သည် ပေါက်ပြား ကို ပစ်ချလိုက် ကာ အိမ် သို့ ပြန်လာလေသည် ။ ညီမ ဖြစ်သူမှာကား လယ် ထဲ တွင် အလုပ် လုပ်ရင်း ကျန်ရစ်ခဲ့လေသည် ။ အမ သည် အိမ် သို့ ပြန်ရောက်သော အခါ ဖျာ ပေါ်တွင် တုံးလုံးလှဲ လိုက်ရင်း ချက်ချင်း ပင် အိပ်ပျော် သွားလေသည် ။

အမ သည် ထိုကဲ့သို့ပင် နေ့စဉ် သုံးရက် ဆက်၍ အလုပ် လုပ်လေသည် ။ နေ့စဉ် လည်း မိမိ မျက်နှာ ကို နှင်းဆီသွေး သို့ ပြောင်းမပြောင်း အမြဲ မှန် ထဲတွင် ကြည့်ရ၏ ။ သို့ရာတွင် မူလ က ကဲ့သို့ပင် ဖျော့တော့မြဲ ဖျော့တော့လျက် ရှိသည် ကို တွေ့ရသောအခါ အလွန် ဒေါသ ဖြစ်လာ လေသည် ။ လေးရက်မြောက်သော နေ့တွင် ကား အမ သည် ဆက်လက်၍ သည်းခံ မနေနိုင် တော့ပေ ။ လယ်တော သို့ မသွားတော့ဘဲ အဘိုးအို ဆီသို့ တန်း သွားလေသည် ။ အဆင်သင့် ပင် ပေါင်းခုတ် နေသော အဘိုးအို ကို တွေ့ရလေ၏ ။

“ အဘိုး ... ကျွန်မ ကို ဘာလို့ ညာသလဲ ... အဘိုး ပြောသလို လုပ်ပေမယ့် ကျွန်မ အသား ဟာ နဂို အရောင် အတိုင်းပါပဲလား ”

အဘိုးအို သည် ဒေါသတကြီး နှင့် အော်ဟစ် နေသော မိန်းကလေး ကို ကြည့်၍
ပြုံးလိုက်လေသည် ။

“ ဟေ့ ... မိန်းကလေး ရဲ့ ... မင်း ဘာသာ လည်း မှန်ထဲ ကို ပြန် ကြည့်ပါဦး ... မင်း အသားတွေ နီလာပါပကော ” ဟု လည်း ပြောလိုက်၏ ။ အမ သည် အလွန် ပျော်ရွှင်စွာ အိမ် သို့ ပြန်ပြေးလေ၏ ။ အိမ်သို့ ရောက်လျှင်ပင် မှန်ကို ဆွဲကာ မိမိ မျက်နှာ ကို ကြည့်လိုက်၏ ။ ထိုအချိန် တွင် ညီမ သည် လယ်တော မှ အိမ်သို့ ပြန် ရောက်လာလေသည် ။ ရုတ်တရက် အော်ငို လိုက်သော အမ အသံ ကို ကြားလိုက်၍ အိမ်ပေါ် သို့ ပြေးတက် သွားလေသည် ။ အမ အနားသို့ ရောက်လျှင် ညီမ သည် အံ့အားကြီး သင့်ကာ ရပ်ကြည့် နေမိလေ၏ ။ ငိုသံ ကြား၍ အပြေးအလွှား ရောက်လာ ကြသော အိမ်နီးချင်းများ သည်လည်း ငိုကြွေး နေသော အမ ၏ မျက်နှာ ကို မြင်သော အခါ ရယ်ချင်စိတ် ကို အတင်း မျိုသိပ် ထားကြရလေ၏ ။ အဘယ်ကြောင့် ဆိုသော် အမ ၏ အသားရောင် သည် ညီမ ၏ အသားရောင် ထက်ပင် ပိုမို၍ နီရဲလှပ နေပေသည် ။ သို့ရာတွင် တစ်ကိုယ်လုံး ကား မဟုတ်ပေ ။ နှာခေါင်း တစ်ခု တည်းသာ မုန်လာဥနီ တစ်ခု အလား တောက်ပစွာ နီရဲနေသော ကြောင့် ဖြစ်၏ ။

ထိုနေ့မှ စ၍ ပျင်းရိသော အမ ကို “ နှာခေါင်းနီ နှင့် မိန်းကလေး ” ဟု ခေါ်တွင်ကြလေသည် ။

⎕  ခင်မာချစ်
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ စက်တင်ဘာ

No comments:

Post a Comment