❝ ဇောရမ္မက် နွံဗွက်လယ်မှာ ❞
( မြတ်သင်း )
ဟိန်းနေသော ပျဉ်ထောင်သွပ်မိုး အိမ်ကြီး ။
ဦးကြော့မောင် သည် အိမ် အထက် ထပ် ပြတင်း မှ အပြင်ဘက် သို့ ငေးစိုက်လျက် ရှိ၏ ။ အိမ်မဲချောင်း သည် သူ့ ခြေရင်း ၌ ဝပ်စင်း နေသည် ။ အိမ်မဲမြို့ ၏ လှပသော ရှုခင်းအတော်များများ ကို အပေါ် မှ စီး မြင်နေရ၏ ။ လေညင်းခတ် သဖြင့် လှိုင်းကြက်ခွပ်လေးများ ထ နေသော ချောင်းရေပြင် ၊ ချောင်းတွင်း၌ လူးယှက်တုံ့လာ ကူးသန်းသွားလာနေ ကြသော လှေသမ္ဗန်များ ၊ တစ်ဘက်ကမ်းဝယ် မတ်မတ်ရပ် နေကြသည့် အုန်းပင်စိမ်းစိမ်းများ ၊ ကြည်း နှင့် ရေ ရှုခင်း အထွေထွေသည် ဦးကြော့မောင် ၏ ရှေ့ ၌ သူ့ ထက် ငါ အလှ ပြိုင်နေကြ ဘိသို့ ကြည့်ရမည့် အစား တံတား ပေါ်ဝယ် အဝတ်လျှော် နေသည့် ညွှန့်မေ ၏ ရေစိုကိုယ်လုံးလေး ကို သာ လျှင် စူးစူးဝါးဝါး စိုက်ကြည့် နေရှာ လေသည် ။
ညွှန့်မေ သည် သူ အငှားလျှော် နေသော အဝတ်ပုံကြီးထဲမှ အဝတ်များကို တစ်ထည်ပြီး တစ်ထည် ဆွဲဖွပ်နေ၏ ။
ထမီရင်ရှား ၏ အထက်မှပျံ့ပျူးသောကျောသား အမြှောင်းလေး က ဦးကြော့မောင် ၏ မျက်စိ ကို ဆွဲဆောင်၏ ။ လက်ပြင်ညွှန့်ရိုး ငေါထွက်ခြင်း မရှိအောင် ညီညာပြေပြစ်လှသော ကျောပြင်လေးသည်ချစ်ချင်စဖွယ်ပင် ။ ကျဉ်သော ခါးအောက်မှ တင်ပါးဆုံ သည် ထိုင်လျက် အနေအထားတွင် ဖြစ်၍ ပိုမို ဖွံ့ကားနေ၏ ။ အဝတ် ကို ဆောင့်ရိုက်ရန် ညွှန့်မေ လက်မောင်း မြှောက်လိုက်တိုင်း ရင်သားမို့မို့လေးများ ကို ပုံ့ပုံ့ဝန်းဝန်း လှမ်းမြင်နေရ၏ ။ ဦးကြော့မောင် ၏ ရင်သည် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်သွားသည် ။
ညွှန့်မေ သည် ဖွပ်ပြီး အဝတ်များကို ချောင်းထဲသို့ ဆင်း၍ လျှော်ရင်း ငါးရံ့ပျိုမလေး ပမာ ရေထဲတွင် လှည့်ပတ် ကူးနေ၏ ။ ဦးကြော့မောင် ကား ငါးရံ့ပျို အား ချောင်းနေသော ဝံဘိုငှက်ကြီး ကဲ့သို့ စွဲစွဲမြဲမြဲ စူးစိုက်ကြည့်နေသည် ။ အဝတ်လျှော် ရေချိုး ပြီးသောအခါ ညွှန့်မေ သည် တံတားထိပ် တွင် ခြေစုံရပ်လိုက်၏ ။
ထို့နောက် ခါး ကို ကုန်းညွှတ်ပြီး လုံချည်ရေစို အောက်နားများ ကို သိမ်းကိုင် လိုက်တာ ဒူးဆစ်နား တွင် လက်နှစ်ဖက် ဖြင့် လိမ်ညှစ်လိုက်၏ ။
ထိုအခါ ရေစိုဝတ် ဖြင့် တင်းကျပ်စွာ သိမ်းထုပ်လိုက်သည့်နှယ် ဖြစ်သွားသော တင်ပါးပြည့်ပြည့်လေးများ သည် ပိုမို ထင်ရှား ပြတ်သားလာ၏ ။ ဦးကြော့မောင် သည် တံတွေး တချက် မျိုချ လိုက်ပြန်၏ ။ ညွှန့်မေ က ထမီ လဲရန် ကိုယ်လေး ကို နွဲ့ကိုင်း ၍ သစ်ငုတ် ပေါ် မှ လုံချည်အခြောက် ကို လှမ်း ယူလိုက်သည် ။ ဦးကြော့မောင် သည် မျက်တောင် ခတ်ရန် ကိုပင် မေ့လျော့ နေလေသည် ။
••••• ••••• •••••
( ၂ )
“ အဟမ်း ... အဟမ်း ”
ဦးကြော့မောင် ၏ နောက်တည့်တည့် မှ ချောင်းဟန့်သံ နှစ်ချက် ပေါ်ထွက်လာသည် ။ ဦးကြော့မောင် သည် ငါးကင် ကို ချောင်းနေရာမှ လူမိ ခံရသော ကြောင် သဖွယ် လန့်သွားသည် ။ ထိပ်ပြောင် နေသော ခေါင်းကြီး သည် ဆတ်ခနဲ ပုသွား၏ ။
နောက်သို့ လှည့် ကြည့် လိုက်သည် ။ တော်ပေသေး၏ ။ မိမိ ၏ လူယုံတော် ဖိုးခွေး ဖြစ်နေ၏ ။
“ မင်း ရောက်နေတာ ကြာပြီးလားဟေ့ ဖိုးခွေး ”
“ ဟုတ်ကဲ့ ၊ နာရီဝက် လောက် ရှိပါပြီ ကြော့ကြော့ ”
“ အေးကွယ် ..... ငါ လည်း ရှုခင်းလေးတွေ က သာယာလွန်းလို့ ငေးကြည့် နေမိတယ် ။ ရွက်လွှင့် နေတဲ့ လှေတွေ ၊ အုန်းလက်ဖားလျားကြီး တွေ ဟာ တယ်လည်း ကြည့်လို့ကောင်း သကိုးကွဲ့ မောင်ဖိုးခွေး ရဲ့ ”
ဦးကြော့မောင် က ရှုတင်းတင်း နှင့် ပြောလိုက်သည် ။ ဖိုးခွေး ၏ မျက်နှာကားစပ်ဖြီးဖြီး နှင့် သာ ရှိနေ၏ ။
“ ဟုတ်ကဲ့ ၊ ရူခင်းလေးတွေ လည်း သာယာပါတယ် ၊ ညွှန့်မေလေး က လည်း အချောသားဗျာ ကြော့ကြော့ ”
ဖိုးခွေး သည် ဆရာ နှင့် တပည့် ဖြစ်သော်လည်း သည် ကိစ္စမျိုး တွင်တော့ ပွင့်ပွင့်လင်းလင်း ပြောရဲ၏ ။ ပြောရဲရန် အတွက် လုံလောက်သော အကြောင်းလည်း ရှိ၏ ။
အရပ် ထဲ မှ စာရိတ္တပျက်ပြား နေသော မိန်းကလေး သုံးလေးဦး ခန့် နှင့် ဦးကြော့မောင် အား မိမိ ကိုယ်တိုင် ဆက်သွယ် ပေးခဲ့ဖူး၏ ။ ယခု ဦးကြော့မောင် ပေါင်း နေသည့် တတိယမြောက် မယားလေး သည် ပင် စင်စစ်ကား ဖိုးခွေး လှော် ပေး၍ ရခြင်း ဖြစ်သည် ။
ကောင်မလေး က ဦးကြော့မောင် ထက် အသက် အစိတ်ခန့် ငယ်သည် ။ ဒုတိယ မယားကြီး နှင့် ကွဲပြီးနောက် သည် ကောင်မလေး ကို လိုချင်လှချည်ရဲ့ .. ဖမ်းလို့ ပေးပါ ။ ဆီးလို့ ပေးပါ ပူဆာ လှ သဖြင့် ဖိုးခွေး က နားဖောက် ပေးခဲ့ ရသည် ။ တပည့်ကြီး ၏ အစွမ်း ကို သိသဖြင့် ဦးကြော့မောင် ကလည်း သည်ဘက်မှာ ဖိုးခွေး ကို အားကိုးလှ၏ ။ တကယ်တော့ ဦးကြော့မောင် ၏ အသက် သည် မငယ် ။ ငါးဆယ် နား သို့ ချဉ်းခဲ့ပြီ ။
“ ညွှန့်မေ တဲ့လား ၊ မင်း နဲ့ သိသလားကွ ဖိုးခွေး ”
“ ဪ ကြော့ကြော့ ကလည်း ဟိုဘက်ကမ်း မှာ နေတာပဲ ၊ ကျွန်တော်တို့ နဲ့ တရပ်တည်းပဲ ဟာ .. ကြော့ကြော့ အင်း ထဲက အလုပ်သမား လှမြိုင် ရဲ့ မိန်းမလေဗျာ ”
“ ဟေ .. ဒီကောင်မလေး က ယောကျာ်း နဲ့ လားဟ ၊ ဒုက္ခပါပဲကွာ ”
အားပျော့ သွားသဖြင့် နွမ်းလျော့လျော့ လေသံနှင့် ရေရွတ်လိုက်၏ ။
“ ကောင်းမလေး က ဆင်းရဲရှာပါတယ် ကြော့ကြော့ ရာ ၊ သူ့ ယောကျာ်း ကလည်း ရှာလို့ ရသမျှ သောက် ပစ်တာ နဲ့ ကုန်နေတာပဲ ၊ ဒါကြောင့်မို့ မနက်ခင်း ဆိုရင် တန်ဆောင်းနား မှာ မုန့်လက်ကောက်ကြော် ရောင်းရတယ် ၊ နေ့ခင်းတော့ အရပ် ထဲ က အဝတ်တွေ ကို ငှားပြီး လျှော် နေရရှာတယ် ။ ကြော့ကြော့ မမှတ်မိ လို့ပါဗျာ ၊ မနှစ် ကတောင် သူ့ အမေကြီး မမာတဲ့ အတွက်ဆေးကုချင်လို့ ဆိုပြီး ကြော့ကြော့ ဆီ ကို သူ့ ယောကျာ်း လုပ်ခတွေ လာ တောင်းသေးတာပဲ ”
“ နေစမ်ပါဦး .. အင်း ... အင်း .. မနှစ်က ဟုတ်တယ် ။ ငါ ကလည်း မပေးလိုက်ဘူးကွ ၊ ဘယ့်နှယ့်ကွာ သူတို့ မွဲတိုင်း ဒီလိုသာ ငွေထုတ် ပေးရရင် အင်းလုပ်ငန်းရှင် ဘဝနဲ့ ငါ ဘယ်မှာ ရပ်တည် နိုင်ပါတော့မတုံး ၊ အမယ် အဲဒီ တုန်းက ဒီ ကောင်မလေး က ပိန်တာရိုးလေး ပါ ဟာ ၊ ငါးကျည်းခြောက်ကျပ်တင်လေး ကျနေတာပဲ ၊ မွဲသွေ့သွေ့ နဲ့ အခုတော့ ဖြိုးလှချည့်လား ”
“ အဲဒီတုန်း က သူ့ အမေ ကလည်း မမာ ၊ သူ ကလည်း ကောင်းကောင်း နေမကောင်းရှာပဲကိုး ကြော့ကြော့ ရဲ့ ။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နဲ့ ဆိုတော့ ဘယ်မှာ စိုစိုပြည်ပြည် ရှိပါ့မတုန်း ၊ အခုလည်း သူ့ ယောကျာ်းနဲ့ သိပ်အဆင် မပြေပါဘူး ၊ ကွဲနေတာ တောင် နှစ်လ ရှိသွားပြီ ၊ လှမြိုင် က လည်း မူးလာတိုင်း ရိုက်လိုက်နှက်လိုက် နဲ့ သိပ် နှိပ်စက်တာ ”
“ ခမျာလေး သနားစရာကွယ် ”
ဦးကြော့မောင် သနားသည် ကို ဖိုးခွေး က အတွင်းကျကျ နားလည်ဟန် နှင့် ပြုံးလိုက်၏ ။ ထိုအပြုံး ကို ဦးကြော့မောင် သဘော တွေ့ပုံ မရ ။ မျက်တောင် ကြီး နီသွားကာ သူ ၏ ဝဖီးဖီး ခန္ဓာကိုယ်ကြီး ကို ကြိမ်ကုလားထိုင် ပေါ်တွင် ပစ်ထိုင်လိုက်၏ ။
“ မင်း အခု လာတာက ဘာကိစ္စနဲ့ လဲဟေ့ ဖိုးခွေး ”
ဖိုးခွေး သည် ငွေချေးရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်၏ ။ သို့ရာတွင် ယခင် ချေး ထားသော ကြွေးဟောင်း ကို မဆပ်ရသေး သဖြင့် ရုတ်တရက် မပြောရဲသေး ။
“ ကြော့ကြော့ တလောက ခြေထောက် မှာ ကိုင်းငုတ် စူးတယ် ဆိုတာ ဘယ့်နှယ် နေသလဲလို့ လာ မေးတာပါ ”
“ ပျောက်သွားပါပြီကွာ ၊ မဖြစ်လောက်ပါဘူး ၊ အပေါ်ယံ ရှသွားရုံ လောက်ပါ ”
“ မှန်းစမ်း ကြော့ကြော့ ၊ ဒါကြောင့် ကြော့ကြော့ ကို ဘာကိစ္စ ဖြစ်ဖြစ် ကိုယ်တိုင် မလုပ်ပါနဲ့ ၊ တပည့်တွေ ကို ခိုင်းပါခိုင်းပါနဲ့ ပြောရဲ့သားနဲ့ ၊ ဖြစ်ရလေဗျာ ”
ဖိုးခွေး သည် ကုလားထိုင် ခြေရင်းတွင် ဒူးတုပ် ထိုင်လိုက်ရင်း ဦးကြော့မောင် ၏ ခြေဖဝါး ကို သေချာစွာ ကိုင်တွယ် ကြည့်နေ၏ ။ ကိုင်းငုတ် ထိုးမိသော အနာကား အမာရွက်လေး မျှ ပင် မရှိတော့ ။ ဦးကြော့မောင် ၏ ခြေဖဝါးဝယ် ဟင်္သာ ပြဒါး အနီ ဖြင့် ထိုးနှံ ထားသည့် ဇီးကွက်ရုပ်ကြီး ကသာ သူ့ အား စိုက်ကြည့် နေ၏ ။
“ ဒီ ဇီးကွက်ရုပ်ကြီး က ဘာအတွက် ထိုးထားတာတုန်း ကြော့ကြော့ ရဲ့ ၊ လှလိုက်တာဗျာ .. အလို ခြေဖဝါး နှစ်ဖက်စလုံး ပါလား ”
“ လူပျိုပေါက် တုန်းက ဆရာကြီး တစ်ယောက် ထိုးပေးသွား တာပါကွာ ၊ ဣတ္တိယ ဘက်မှာ စွမ်းတယ်လို့ ပြောကြတာပါပဲ ”
“ ဟုတ်မှာပါ ကြော့ကြော့ ၊ ဒါကြောင့် မိန်းမတွေ ဟော တစ်ယောက် ဟော တစ်ယောက် စွံနေတာ နေမှာပေါ့ ၊ ကျွန်တော် ဖြင့် ဒီ ဇီးကွက်ရုပ်ကြီးတွေ ထိုးထားမှန်း တောင် မသိခဲ့ဘူး ။ ဓာတ်လုံး လက်စွပ် ကို သာ စွမ်းတယ် ထင်နေတာ ”
ဖိုးခွေး သည် ဦးကြော့မောင် ၏ ခြေဖဝါးအစုံ ကို မထိရက်ရက် ထိရက်ရက် နှင့် ယုယစွာ ပွတ်သပ် နေရင်း ပြော၏ ။
ဦးကြော့မောင် က ဖိုးခွေး ၏ ပင့်လုံးများ ကို နားအရသာ ခံ နေသည် ။
“ ဒါနဲ့ ကြော့ကြော့ ရယ် ၊ ကြော့ကြော့ တပည့်မှာ ငွေ လိုပြန်ပြီဗျ ၊ ငွေငါးဆယ် လောက် ချေးဦးမှ ဖြစ်မယ် ”
ငွေသံ ကြားလျှင် ကြားချင်း ဦးကြော့မောင် သည် ခါချဉ် အကိုက်ခံ ရသည့် အလား ဖိုးခွေး လက် ထဲမှ မိမိ ခြေထောက် ကို ဆတ်ခနဲ ရုပ်လိုက်၏ ။ ကြွေးဟောင်း မကြေမီ ကြွေးသစ် ထပ် ချေးရ ကောင်းလာ ဟူ၍ ပက်ပက်စက်စက် ပြောပစ် လိုက်ရန်လည်း စိတ်ကူး၏ ။ သို့သော် တစ်စုံတစ်ခု ကို တွေးမိပြန်သည် ။
“ ငါးဆယ် တော့ မပေးနိုင်ဘူးကွာ ၊ အစိတ် ပဲ ယူသွား ၊ ပြီးတော့လည်း အဟဲ ... ဟိုကွာ ၊ ဟိုဟို ”
“ သုံးဆယ် တော့ ပေးပါ ကြော့ကြော့ရာ ၊ ညွှန့်မေ ကိစ္စ ကိုတော့ တပည့်ကြီး ကြံဖန်ပေးပါ့မယ် ၊ အားကိုးစမ်းပါ ၊ ကြော့ကြော့ လို မော်တော်ပိုင်ရှင် ၊ ရေလုပ်ငန်းပိုင်ရှင်ကြီး တစ်ယောက် ကို ဘယ်သူ ငြင်းပါ့မလဲ ။ ကြော့ကြော့ ကလည်း ကောင်မလေး မုန့်ကြော်တဲ့ နေရာကို သွားသွားပြီး လူလုံး ပြပေးပေါ့ ၊ ကျန်တာတော့ စိတ်သာချ ”
ဦးကြော့မောင် ၏ မျက်စိ ထဲဝယ် ညွှန့်မေ ၏ ထမီရေစို နှင့် ဖွံ့ထွားသည့် ကိုယ်လုံးလေး သည် တရစ်ရစ်ဝဲဝဲနှင့် ... ။
••••• ••••• •••••
( ၃ )
ညွှန့်မေ သည် ဆီဒယ်အိုး ထဲမှ မုန့်လက်ကောက်ကြော် များ ကို ဂေါ်ဖြင့် ဆယ်ယူကာ ဗန်းထဲ သို့ ထည့်လိုက်၏ ။
ညွှန့်မေ ကြော်တဲ့ မုန့်ဗန်း ဘေးတွင် ဆောင့်ကြောင့် ထိုင်လျက် ရှိ၏ ။ ဖိုးခွေး နှင့် တွေ့ပြီးသည့် နေ့ မှ စ၍ ဦးကြော့မောင် တွ င်ဝတ္တရား တစ်ခု တိုးနေ၏ ။ နံနက်တိုင်း လမ်းလျှောက် ပြီး တန်ဆောင်း အနီး မှ မုန့်ကြော်ဆိုင်လေး တွင် ဝင် ထိုင်ရသည် ။ မုန့်ကြော်ဆိုင်လေး သည် ချောင်ကျ သဖြင့် လူ ပါး၏ ။ ထို့ကြောင့် ဦးကြော့မောင် အနေနှင့် မုန့်ကြော်သည်မလေး အား ရိုးကာရိပ်ကာ ချိတ်နိုင်၏ ။ မထိတချက် ထိတချက် ပြောနိုင်၏ ။ မုန့်ကြော်သည် မလေး ၏ အလှ ကို လည်း ဒယ်အိုး တစ်လုံးခြား စေ့စေ့စပ်စပ် အကဲဖြတ် နိုင်၏ ။
ညွန့်မေ သည် အဖာများစွာ နှင့်အင်္ကျီဟောင်းလေး ကို ဝတ်ထား ရှာ၏ ။ ပိတ်အင်္ကျီဟောင်းလေး သည် သခင်မ အား အသုံးတော်ခံခဲ့ရသည်မှာ ကြာပြီ ဖြစ်ရကား ပခုံးနေရာတွင် စုတ်ရိနေ၏ ။ ပခုံးသား ဝင်းဝင်းလေးများ ပေါ်နေ၏ ။
ဦးကြော့မောင် က သူ့ အား တမင် ဖော်လှစ် ပြထားသည် ဟု ယူဆလိုက်၏ ။ ညွှန့်မေ သည် ဒယ်အိုး ထဲ မှ မုန့်များကို ဝါးချွန်းတံဖြင့် ထိုး၍ လှန်လိုက်၏ ။ မီးစများ ကို လည်း ဒယ်အိုး အောက်တွင် ပြင်၍ ထိုးသည် ။ မီးခိုးများ အူတက်လာရကား မျက်လုံး စပ်သဖြင့် မျက်စိ ကို မှေးရှုံ့ကာ မီးဖို ကို မျက်နှာ လွှဲလိုက်၏ ။
ထိုအခါ ဦးကြော့မောင် ထိုင် နေသည့် ဘက်သို့ မျက်နှာ တည့်တည့် လှည့်လိုက် သလို ဖြစ်သွားသည် ။ ဦးကြော့မောင် က “ ငါ့ ဘက် ကို တမင် လှည့်ပြီး မျက်စိမှိတ် ပြောင်ပြတာပဲ ” ဟု ယူဆ ကာ အားတက် သွား၏ ။
“ အမလေး ... ပူလိုက်တာဗျာ ”
အငေး လွန်သွားသဖြင့် ဒယ် မှ ဆယ်တင်စ မုန့်ကြော် ကို ဦးကြော့မောင် ကောက်ဝါး မိလျက်သား ဖြစ်သွားသည် ။ ညွှန့်မေ က တစ်ခစ်ခစ် နှင့် ရယ်၏ ။
“ မုန့်ကြော် ကို ထန်းလျက်ရည် နဲ့ တို့စားမှပေါ့ ၊ ဒီအတိုင်း စားလို့ ဘယ် အရသာ ရှိပါ့မလဲ ”
မုန့်ကြော်များ ကို သည်အတိုင်း တစ်ခု ပြီး တစ်ခု စားနေသော ဦးကြော့မောင် အား ညွှန့်မေ အမြင်မတော်ဟန် ဖြင့် ပြော၏ ။ အသံလေး ကပင် ကရုဏာသံ ပါနေသည် ။
ဦးကြော့မောင် သည် မုန့်ကြော်ဖို မှ မထချင် ထချင် ထခဲ့ပြီး နောက် တစ်ဖက်ကမ်း သို့ ကူး၏ ။ ဖိုခွေး အိမ်သို့ သွားသည် ။ ဖိုးခွေး က ဝမ်းသာအားရ ဆီးကြို၏ ။
ထို့နောက် ဦးကြော့မောင် နားဝ သို့ ပါးစပ်ဖြင့် ကပ်လျက် ဆီမန်းမန်း သည့်နှယ် တီးတိုး ပြော၏ ။
ဦးကြော့မောင် က ပါးစုံ့ကြီးများ အစ်တက် လာအောင် ပြုံး၏ ။ အားမလို အားမရ ဖြစ်ဟန် နှင့် ဖိုးခွေး အား ပြန်ကာလှန်ကာ မေးသည် ။ မေးတိုင်း ဘေးလူ ကြားမှာ စိုးသည့် အလား ဖိုးခွေး က ဦးကြော့မောင် ၏ နားရွက် နားမှသာ ဆီမန်း မန်း၏ ။
“ ဒီနေ့ည ဆယ်နာရီ သေချာရဲ့လားကွာ မင့်ဟာ ”
“ ဟေ ... ဘယ်ကို လာရမယ် ၊ ကောင်မလေး အိမ်ကို ၊ တခြား လူတွေ ရှိနေပါဦးမယ် ဖိုးခွေး ရာ ”
“ ဘာကွ ... ဘယ်သူမှ မရှိဘူး ၊ ကောင်မလေး တစ်ယောက်တည်း ရယ်ဟုတ်လား ၊ ဒါတွေ ငါ့ တပည့် ကို အားကိုးတာ ”
ဦးကြော့မောင် က ဖိုးခွေး ၏ ကျော ကို လက်ဖြင့် ပုတ်၍ ချီးကျူး လိုက်လေသည် ။
••••• ••••• •••••
( ၄ )
ည က မည်းမည်း မှောင် နေသည် ။
အိမ်မဲချောင်း ရေပြင် သည် မဟူရာသွေး လက်နေ၏ ။ ချောင်းပြင် ကို လှေငယ် တစ်စင်း က တရွေ့ရွေ့ ဖြတ်သန်း သွားနေ၏ ။ လှေပေါ် ၌ အသက် ငါးဆယ်ခန့် ထိပ်ပြောင်ပြောင် ၊ ဝဖိုင့်ဖိုင့် လူကြီး တစ်ယောက် ထိုင်နေသည် ။ လူကြီး ၏ ကိုယ် မှ ခေါင်းလိမ်းဆီနံ့ ၊ ရေမွှေးနံ့ ၊ ပေါင်ဒါနံ့များ တသင်းသင်း ကြိုင်နေ၏ ။
လူကြီး သည် လှေ ကို မသံ မမြည်အောင် ကြိုးစား၍ လှော်ခတ်နေ၏ ။ ကမ်းသို့ ကပ်မိသော အခါ လူကြီး သည် သူ ၏ ဝဖီးသည့် အတ္တဘောကြီး နှင့် မလိုက်အောင် သွက်လက်သော အမူအရာ နှင့် ကမ်းပေါ်သို့ တက်လိုက်၏ ။ လက်နှိပ်ဓာတ်မီး ကို ခပ်စိုက်စိုက် ထိုး၍ လှေကြိုး ကို ချည်သည် ။ ထို့နောက် တာလမ်းမကြီး အတိုင်း တဖြည်းဖြည်း လျှောက်သွားပြီး ဓနိမိုး ကျူထံရံကာ အိမ်ကလေး တစ်လုံး ၏ ဝါးကြမ်းပြင် ပေါ်သို့ တက်လိုက်၏ ။ ဘေးအိမ်များ တွင် မှောင် နေပြီ ဖြစ်သော်လည်း ဤ အိမ်ကလေး ၌ ကား မီးခွက်ရောင် လက် နေသည် ။ လူကြီး က တံခါး ကို တွန်း ဖွင့်လိုက်၏ ။ အိမ်ကလေး ၏ ခေါင်းရင်းပိုင်း တွင် ရေနံမီးခွက်လေး တစ်ခု ထွန်းထာ၏ ။
မီးခွက် ဘေးတွင် လုံမလေး တစ်ယောက် သည် အိမ်ဝင်ပေါက် ကို ကျောပေးလျက် ခပ်ကွေးကွေးလေး တစောင်း အိပ်နေ၏ ။
မီးခွက်ရောင်လေး သည် တစောင်း အိပ်နေသော လုံမပျိုလေး ၏ ခါး နှင့် တင် တို့၏ အလှ ကို တိတိပပ မဖော်ကျူးနိုင်ရှာ ဘိသည့် အလား နီကျင်ကျင် သာ ရှိနေရှာ၏ ။ လူကြီး သည် ကျွမ်းကျင်သော ခိုးသား တစ်ဦး ၏ ဟန်မျိုးဖြင့် ခြေသံ မမြည်အောင် ချွတ်နင်း နင်း လျက်ရှိ၏ ။
သို့သော် ဝါးကြမ်းများ သည် လေးလံလှသော လူကြီး ၏ ကိုယ်ခန္ဓာ ကို ကြောက်ရွံ့ငြင်းဆန် ဘိသလား “ တကျွိကျွိ ” အော်မြည်ကြကုန်၏ ။ အသံ ကြား သဖြင့် အိပ် နေသော လုံမပျို သည် ဖျပ်ခနဲ ထ၍ ထိုင်၏ ။
“ ဪ ... ရှင် တကယ် လာသကိုး ”
ဦးကြော့မောင် သည် မိမိ ထက် အသက် သုံးဆယ် နီးပါး ငယ်မည် ဖြစ်သော လုံမပျိုလေး က မိမိ အား “ ဦးကြီး ၊ ဦးလေး ” စသဖြင့် မခေါ်ဘဲ “ ရှင် ” ဟူ၍ ခေါ်ဝေါ် သုံးစွဲလိုက်ခြင်း ကို အလွန်ပင် မနော ခွေ့ သွား၏ ။
ဦးကြော့မောင် သည် ညွှန့်မေ အနီး သို့ ချဉ်းကပ် သွားပြီး ခန္ဓာကိုယ်ချင်း ထိအောင် ကပ်၍ ထိုင်လိုက်၏ ။
ညွှန့်မေ ၏ အသားကလေးများ မှာ ပူနွေး နေသည် ။ ဦးကြော့မောင် ၏ ကိုယ်မှ အမွှေးနံမျိုးစုံ တို့သည် အိမ်ခန်းကျဉ်းကျဉ်းလေး ထဲဝယ် မူးနောက်လုခမန်း ကြိုင်လှိုင် နေ၏ ။ ညွန့်မေ က အသားချင်း မထိအောင် နေရာ ရွေ့ပြီး ထိုင်သည် ။
“ မနှစ်က ရှင့် အိမ်ကို ကျွန်မ လာပြီး ကိုလှမြိုင် ရဲ့ လုပ်ခတွေ တောင်းတာ မှတ်မိရဲ့လား ”
“ အေးပါကွာ မှတ်မိပါတယ် ၊ ဒီအချိန်မှာ ဒါတွေ ပြောမနေပါနဲ့ ၊ ပြီးခဲ့တာ ပြီးပါစေ ”
ညွှန့်မေ က နှုတ်ခမ်း ကို တွန့်ပြီး မဲ့လိုက်သည် ။
“ မပြီးနိုင်ဘူး ရှင်ရဲ့ ၊ အမေ အသဲအသန် ဖြစ်နေလို့ အမေ့ ရောဂါ က ရန်ကုန်ဆေးရုံကြီး မှာ ကုရမယ့် ရောဂါ ဆို့လို့ ရှင့် ဆီကို လာရတာ ၊ ပြီးတော့ ငွေ ရသင့်ရထိုက် တဲ့ ကျွန်မ ယောကျာ်း ရဲ့ လုပ်ခငွေ ကို ပဲ လာ တောင်းတာ ၊ ရှင် တမင် မပေးသေးဘဲ ညစ်ထားတဲ့ ငွေ ကို လာ တောင်းတာ ၊ ဒါကိုတောင် ရက်ရက်စက်စက် ”
“ ဒီတုန်းက ငွေ မလွယ်လို့ပါကွာ ၊ ဒီလောက်လည်း အရေးကြီးမှန်း မသိလို့ပါ ”
စိတ်ကောက် နေသော သိုးငယ် အား ချော့မော့ နေသည့် ဝံပုလွေ ၏ ပရိယာယ် မျိုး ဖြင့် ပြော၏ ။ ညွန့်မေ ၏ မျက်နှာသည် ရုတ်ခြည်း တင်းမာသွား၏ ။ အုံ့မှိုင်းညှိုးလျ၍ လည်း နေသည် ။
“ ဟုတ်ပါတယ် ၊ ရှင်လို လူ တစ်ယောက် ငွေ မလွယ်ဘူး ဆိုတာ ကျွန်မ သိပ် ယုံတာပေါ့ ၊ ဘာပဲဖြစ်ဖြစ် ကျွန်မ အမေ ကတော့ သေသွားရ ရှာတယ် ”
ညွှန့်မေ သည် ပြောရင်း ဝမ်းနည်း လာ၏ ။ ဒူးနှစ်လုံး ပေါ်၌ မျက်နှာ အပ်ကာ တသိမ့်သိမ့် ရှိုက်ငိုနေ၏ ။ ဦးကြော့မောင် နည်းနည်းတော့ စိတ်ပျက် သွားသည် ။ နှစ်ပါးသွား က ရမည် ထင်၍ လာခဲ့ရာတွင် အပူတိုက် နှင့် တိုးနေချေပြီ ။
ဒါပေမဲ့ ကိစ္စ မရှိပါ ။ သည် ကောင်မလေးမျိုးတွေက သည်လိုပင် ။ အစတွင် မျက်ရည်ဖြင့် ပျိုးတတ်၏ ။ ယောကျာ်း ရဖူးပေမဲ့ မိမိ လို တစိမ်း နဲ့ ကျတော့ အစိမ်းအရိုင်း ပဲ ရှိသေးသကိုး ။ အစိမ်းအရိုင်းလေး တို့ ဓမ္မာတာ ရှက်တတ် ကြောက်တယ် ရှာပေမပေါ့ ။ ငိုသူ က ငိုတော့ ချော့သူ က ချော့ရပေမည် ။ သိုက်ဆရာ တို့ မည်သည့် ဥစ္စာစောင့် သိုက်နန်းရှင် ၏ ပရိယာယ် အထွေထွေကို နားလည် ကျွမ်းကျင်ရ၏ ။ ဆင် လာ လျှင် မြေဇာမြက် ကျွေးရမည် ။ ကျား လာလျှင် အမဲသား ကျွေး ရမည် ။ ပိတုန်း လာပြန် တော့လည်း ထုံး ပက်လိုက်ရုံပဲ ရှိသည်ပေါ့ ။
“ တိတ်ပါကွယ် ကလေးမ ရယ် ၊ တိတ်တိတ် အင်း သနားလိုက်ပါဘိ တော့ကွယ် ”
ဦးကြော့မောင် သည် ညွှန့်မေ အနီးသို့ တိုးသွားကာ ပခုံးလေး ကို သိုင်းဖက် လိုက်ပြီး တီးတိုး ချော့မော့၏ ။
“ လွှတ်နော် ... ရှင် ကျွန်မ အသား ကို မထိနဲ့ ”
ဦးကြော့မောင် က “ ဒါမျိုးတွေ ရိုးနေပြီ ” ဟူသော အပြုံးမျိုး ကို ပြုံးလိုက်၏ ။ ထို့နောက် ညွှန့်မေ ၏ ပခုံး ကို တင်းကျပ်စွာ ဖက်သည် ။ ကျန် လက်တစ်ဖက် က ခါးကို ဖက်လိုက်၏ ။ ခါး ကို ဖက် လိုက်သော လက်သည် အငြိမ် မနေဘဲ ကင်းခြေများ ပမာ တရွေ့ရွေ့ လှုပ်ရှားနေ၏ ။ သူ့ ကိုယ်လုံး အားဖြင့် တွန်း၍ ညွှန့်မေ အား ကြမ်းပြင် ပေါ်သို့ လှဲပစ်ရန် လည်း အားထုတ်သည် ။ ညွှန့်မေ က တအား ရုန်းသည် ။
“ ရှင် လူမဆန်ဘူး ၊ သေနာကြီး တော်တော်ယုတ် ”
ညွှန့်မေ ၏ အသံ က ဦးကြော့မောင် ၏ နား ထဲသို့ စူစူးရှရှ တိုးဝင် လာ၏ ။ ပြောပြောဆိုဆို နှင့် ညွှန့်မေ သည် ပခုံး ပေါ် မှ ဦးကြော့မောင် ၏ လက် ကို သွား ဖြင့် တအား ကိုက်လိုက်၏ ။
“ အမေလေးဗျာ .. နာလိုက်တာ .. ခွေ းမ ”
ညွှန့်မေ သည် ဖျတ်လတ် ပေါ့ပါးစွာဖြင့် နံရံ အနီးသို့ ပြေးသွား၏ ။ နံရံ တွင် ထိုးထားသည့် ဓားမြှောင် ကို နုတ်လိုက်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဦးကြော့မောင် ဘက်သို့ မျက်နှာ မူလိုက်၏ ။ ညွှန့်မေ ၏ အမူအရာ သည် ရန်သူ ကို သတ်ပုတ်ရန် ဟန်ပြင် နေသော ကျားသစ်မလေး ပမာ ရှိတော့၏ ။ ဦးကြော့မောင် က အကွင်းလိုက် သွားရာများ ထင် နေပြီး သွေးစို့လျက် ရှိသော မိမိ လက်ဖမိုး ကို နှိပ်နေ၏ ။
“ ရှင် နောက်ထပ် အတင့်ရဲမယ် မကြံနဲ့ ၊ လမ်းထိပ် ကင်းတဲ မှာ ကင်းသမား တွေ ရှိတယ် ၊ ကျွန်မ အော်လိုက်တာ နဲ့ သူတို့ ရောက်လာပြီး ရှင် အရှက်တကွဲ ဖြစ်သွားမယ် မှတ်ပါ ။ ခေါင်းရင်း အိမ် မှာလည်း ကျွန်မ အရီး ဒေါ်လှတင် ရှိတယ် ၊ ကျွန်မ ခေါ်လိုက်တာနဲ့ သူတို့ တစ်အိမ်သားလုံး နိုးပြီး ရောက်လာကြမှာပဲ ”
“ ရောက်လာတော့ ဘာဖြစ်လဲကွ ”
“ ဘာဖြစ်မယ် ဆိုတာ ရှင် မသိဘူးလား ၊ ရှင့်တို့ မှာ သူတပါး အသွေးအသား တွေကို ကိုက်စားဖို့ အစွယ်တွေ ၊ သူတပါး သွေးကို ဖောက်ဖို့ လက်သည်းတွေ ပဲရှိတယ် ၊ တွေးတောချင့်ချိန် တတ်တဲ့ ဦးနှောက် လည်း မရှိဘူး ၊ သနားကြင်နာတတ်တဲ့ အသည်းနှလုံး လည်း မရှိဘူး ”
ညွှန့်မေ က လက် ထဲမှာ ဓားမြှောင် ကို ကိုင်ဆလျက် အံကို ကျိတ်၍ ပြော၏ ။
“ ကျွန်မဟာ ယောကျာ်း နဲ့ တရားဝင် ကွာရှင်းသေးတာ မဟုတ်ဘူး ၊ ရှင် ဟာ ညအခါ အိမ်ကျော်နင်းမှု ကိုရော မယားခိုးမှု ကို ပါ ကျူးလွန်မိ နေပြီ ဆိုတာ ရှင် မသိဘူးလား ၊ ကျွန်မ လို အကြော်သည် တောင် သိတယ် ”
ဦးကြော့မောင် သည် ဖိုးခွေး အား ဒေါသ ဖြစ်လိုက်မိ၏ ။ ဘာမျှ ပြန် မပြောမိဘဲ ညွှန့်မေ အား ငိုင် ကြည့်နေ၏ ။ သို့သော် သည်မျှနှင့် အားလျှော့၍ မဖြစ်သေးပါ ။ ကွန် နှင့် မဟန်ပြန်တော့ မြှုံး ကို သုံးကြည့်ရပါဦးမည် ။
“ ရော့ .. ရော့ .. ညွှန့်မေ မင်း သုံးဖို့ အစ်ကိုကြီး ပေးပါရစေ ”
အိတ် ထဲမှာ ဆယ်တန် တစ်ထပ် ကို ထုတ်၍ ညွှန့်မေ အား လှမ်းပေး၏ ။ ညွှန့်မေ က ဦးကြော့မောင် လက် ထဲမှ ငွေများ ကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်ချလိုက်၏ ။ ကောင်မလေး ရူးသွားပြီ လား ထင်ရသည် ။ အရယ်အသော ကို မြင်ရတော့ ဦးကြော့မောင် တအား တက်လာ၏ ။
“ ဟေ့ ... တိုးတိုး ရယ်ပါကွ ၊ ဘေးအိမ် က ကြားသွားပါ့မယ် ”
“ ရှင်သာ မနှစ်တုန်း က ကိုလှမြိုင် ရဲ့ လုပ်ခ ကို ဒီကိစ္စမျိုး မှာ လို လွယ်လွယ် ပေးခဲ့ရင် ကျွန်မ အမေ သေတောင် မသေရဘူး ၊ အခု ရှင် ပေးတဲ့ ငွေမျိုး ကတော့ ဘာလုပ်ဖို့လဲ ၊ ဒီငွေ ကိုသာ ကျွန်မ လိုချင်ရင် အပင်ပန်းခံပြီး ဘယ်မှာ မုန့်ရောင်း အဝတ်လျှော် လုပ်နေပါ့မလဲ ”
ဦးကြော့မောင် သည် လူမမာ က တံတွေးဖြင့် အထွေး ခံရသော ပယောဂ ဆရာ ပမာ ဒေါသတကြီး ထ , ရပ်လိုက်၏ ။ ညွှန့်မေ အနီး သို့ အတင်းပင် ချဉ်းကပ်မည် ပြုပြီး မှ ထက်မြက်သော ဓားမြှောင် ကြောင့် ခြေလှမ်း တွန့် သွား၏ ။
“ အောင်မယ် ၊ နင့်လို ကောင်မမျိုးကများ ငွေ မလိုချင်ဘူးတဲ့ ၊ မလိုချင် နေပေါ့ ၊ ငါ ပြန်မယ် ၊ မိန်းမေတွေ တပုံချည်း ”
ဦးကြော့မောင် သည် ငွေ ကို အိတ်ထဲ ထည့်လိုက်ပြီး အိမ်တံခါးဘက် သို့ ခြေဦး လှည့်လိုက်၏ ။
“ မပြန်နဲ့ဦး ဦးကြော့မောင် ”
ညွှန့်မေ ၏ အသံ က ပြတ်သားလှ၏ ။ တပ်မှူးကြီး တစ်ဦး က ငယ်သားရဲဘော်အား အမိန့်ပေးလိုက်သံမျိုး ဖြစ်၏ ။ ဦးကြော့မောင် ရုတ်တရက် တန့်ရပ်သွား၏ ။ သို့သော် ကောင်မလေး ပြောသည် ကို ဂရုစိုက် နေ၍ မဖြစ်ပါ ။ တံခါးပေါက် သို့ ဆက်လက် လှမ်းလိုက်၏ ။
ညွှန့်မေ က တည်ငြိမ်စွာပင် မတ်တတ်ရပ်လျက် အသံ ကို မြှင့်၍ စကား နှစ်ခွန်း ကို ကြူးရင့်လိုက်၏ ။ ထို စကားနှစ်ခွန်း သည် ပြေး နေသော မြင်း အား ဇက်သတ်လိုက်သည့် ပမာ ဦးကြော့မောင် ကို တန့်ရပ် သွားစေသည် ။
“ အရီးလှတင် ရေ ၊ အရီးလှတင် ”
တိတ်ဆိတ်သော ညဉ့်ယံ ဖြစ်သဖြင့် ညွန့်မေ ၏ အသံ သည် အတော်လေး ကျယ်လောင်သွား၏ ။
“ ဟဲ့ ... ဟဲ့ ... ညွှန့်မေ ၊ ဘယ်လို လုပ်လိုက်တာလဲ ”
ထိတ်လန့် သွားသော ဦးကြော့မောင် သည် ပြောပြောဆိုဆို အိမ်ထရံ အနီး မှ ဖျာလိပ် ဆီသို့ လွှားခနဲ ခုန်ပြေး၏ ။ ပုတ်ကြီး တစ်လုံး အား လေပြင်း ဝှေ့လိုက်သည့် သဖွယ် ရှိသည် ။ ထို့နောက် ထောင်ထားသော ဖျာလိပ် ထဲသို့ ခေါင်းလျှို ၍ ဝင်ရ မလို ၊ ဖျာလိပ် ကို ဖြန့်၍ ကွယ်ထားရ မလို အတော်လေး
ကသိကအောက် ဖြစ်သွားသည် ။
“ ဘယ်မှာ ပြန်လို့ ဖြစ်အုံးမလဲ ဦးကြော့မောင် ရယ် ၊ ကိုယ့် သမီးအရွယ် လောက်ရှိတဲ့ လင်ရှိ မယား ကို စော်ကားမယ် ကြံတဲ့ အတွက် ကျေနပ်အောင် တောင်းပန်ခဲ့ရဦးမှာပေါ့ ”
ဦးကြော့မောင် က ဖျာလိပ် အကွယ် မှ နေ၍ တုန်တုန်ယင်ယင် အသံကြီး နှင့် ညွှန့်မေ အား မေး၏ ။
“ ငါ ... ငါ ... ဘယ်လို တောင်းပန်ရမှာလဲ ညွှန့်မေ ”
ညွှန့်မေ က နားကျည်းမှုကြောင့် ပေါ်ထွက်လာသော အပြုံးမျိုး ကို ပြုံးလိုက်၏ ။ သူ့ မျက်နှာ က အရွယ် နှင့် မလိုက်အောင် တင်းမာရင့်ကျက် နေသည် ။
“ ရှင် ကျွန်မ ကို ထိုင်ပြီး ရှိခိုးရမယ် ”
ဦးကြော့မောင် သည် မိမိ ၏ နား ကို မိမိ မယုံနိုင်အောင် ဖြစ်သွား ရှာ၏ ။ ညွှန့်မေ က မိမိ အား တမင်များ ပြောင်လှောင် ကျီစယ်နေလေသလား ဟု တွေးတောပြီး လှမ်း ကြည့်လိုက်၏ ။ ညွှန့်မေ ၏ မျက်နှာထား ကား ကျောက်သား ပမာ တည်ငြိမ်မြဲ တည်ငြိမ်လျက် ။
“ မတော်တာ ဟယ် ”
“ ဘာ မတော်ရမှာလဲ ၊ ရှင် သူတပါး သမီးပျိုတွေ ကို လိုက်ပြီး ဖျက်ဆီး နေတာတော့ တော်ရောတဲ့လား ”
“ ငါ့ အရွယ်ကြီး နဲ့ ရှက်စရာကြီး ညွှန့်မေ ရာ ”
“ အရွယ် ကို ရော ၊ ရှက်ရမှာ ကို ရော အခုမှ ရှင် သတိရသလား ၊ ကဲ လာ ထွက်ခဲ့ ”
ဦးကြော့မောင် ၏ ထိပ်ပြောင်ကြီး ဇောချွေးများဖြင့် ရွှဲရွှဲစို နေ၏ ။ တစ်ကိုယ်လုံး နတ်ကျသလို တုန်နေသည် ။ ဖျာလိပ် နောက်ကွယ် မှ ဖြည်းညင်းစွာ တလှမ်းချင်း ထွက်လာ၏ ။
“ မဖြစ်နိုင်ပါဘူး ညွှန့်မေ ရာ ”
ဦးကြော့မောင် က အိတွဲတွဲ သူ့ ရင်ဘတ်ကြီး ကို ဖိ၍ ပြော၏ ။
“ ဟောဒီမှာ အရီးလှတင် ရေ ... ဟောဒီမှာ ”
သည်တစ်ခါ ညွှန့်မေ ၏ အသံကား အတော်ပင် ကျယ်လောင် နေသည် ။ ကြိမ် နှင့် အရိုက် ခံရသူ ပမာ ဦကြော့မောင် သည် ကျောကော့ သွား၏ ။ အခြား ရွေးချယ်ရန် နည်းလမ်း လည်း မရှိတော့ ။ အရှက်တကွဲ အကျိုးနည်း မဖြစ်စေဘဲ လူမသိ သူမသိ ပြီးရန်မှာ ညွှန့်မေ ညွှန်ပြသော နည်းလမ်းသာ ရှိတော့၏ ။
ညွှန့်မေ သည် အယူ မှားသော ဗာလယောကျာ်း ၏ နောင်တစိတ် ဖြင့် ဂါရဝပြုခြင်း ကို ခံယူမည့် ယောဂီမယ်လေး နှယ် တည်ငြိမ်လျက် ရှိ၏ ။
တင်ပလ္လင် ခွေပြီး ထိုင် နေသော ညွှန့်မေ ၏ ရှေ့တွင် ဦးကြော့မောင် ဆောင့်ကြောင့် ထိုင် လိုက်သည် ။
ထို့နောက် လက်အုပ် ချီ၍ ညွှန့်မေ အား ပုဆိန်ပေါက် ရှိခိုး လိုက်၏ ။ ဝါးပိုးကြမ်းခင်းလေး မှာ သိမ့်သိမ့်ခါ ၍ သွားသည် ။
တစ်ကြိမ် ဦးချလိုက်တိုင်း နဖူးပြောင်ပြောင်ကြီး သည် လက်သူကြွယ် မှ ဓာတ်လုံး လက်စွပ် နှင့် ထိ၍ ထိ၍ သွား၏ ။ ခြေဖဝါး နှစ်ဖက် တွင် ဟင်္သာပြဒါး ဆေးနီ ဖြင့် ထိုးနှံထားသည့် ဇီးကွက်ရုပ် နှစ်ရုပ် သည် လည်း အံ့အားသင့်သွားကြ ဟန် ဖြင့် မျက်လုံးကြီးများ ပို၍ ပို၍ ပြူးကျယ် လာလေသည် ။
▢ မြတ်သင်း
📖 မုသားပျားရည် နှစ်စက်
No comments:
Post a Comment