❝ ပန်းပွင့်စေသော အဘိုးအို ❞
( ပုံပြင် )
ရှေးအခါ က ဂျပန်ပြည်ကြီး ရဲ့ အစွန်အဖျား မှာ ရှိတဲ့ ရွာကလေး မှာ သနားကြင်နာတတ် တဲ့ “ မိုရာ ” ဆိုတဲ့ အဘိုးအို တစ်ယောက် ရှိသတဲ့ ။ အဘိုးအို မိုရာ ဟာ သားသမီး လည်း မရှိတာကြောင့် တစ်ယောက် ထဲ သူ ပိုင်တဲ့ လယ်ကလေး ကို လုပ်ကိုင် စားသောက်ရင်း နေရှာတယ် ။ ဒါပေမယ့် သူ့ တဲ ဘေးမှာ နေထိုင်တဲ့ “ မတ်ဆု ” ဆိုတဲ့ အဘိုးကြီး ကတော့ အဘိုးအို မိုရာ လို တစ်ယောက် ထဲ ဖြစ်ပေမယ့် သနားကြင်နာစိတ် မရှိတဲ့ အပြင် လောဘ လည်း ကြီး ၊ မနာလိုစိတ် လည်း များသတဲ့ ။ အဘိုးအို မတ်ဆု ဟာ “ မိုရာ ” ဆီကို လာရောက် လည်ပတ်တိုင်း အဘိုးအို မိုရာ ထံ က ခမောက်တို့ တောင်းတို့ ကို အတင်း ယူသွားလေ့ ရှိသတဲ့ ။ အဘိုးအို နှစ်ဦး နေထိုင်တဲ့ တဲ နှစ်လုံး ဟာ နီးကပ်သလို သူတို့ လုပ်ကိုင် စားသောက်တဲ့ လယ်ကွက် ၂ - ကွက် ဟာလည်း ကပ်လို့ နေ သတဲ့ ။
တစ်နေ့မှာတော့ သူတို့ လယ်ကွက် ၂ - ကွက် ကြား လယ်ကန်သင်း ပေါ်မှာ ခြေထောက် က သွေးတွေ ယိုစီးကျနေတဲ့ ခွေးကလေး တစ်ကောင် ကို အဘိုးအို မတ်ဆု တွေ့သတဲ့ ။ အဘိုးအို မတ်ဆု ဟာ သနားကြင်နာစိတ် မရှိတဲ့ အတွက် ခွေးကလေး ကို “ မိုရာ ” ရဲ့ လယ်ကွက် ထဲ ကန် ထုတ်လိုက်သတဲ့ ။
သနားကြင်နာစိတ် ရှိတဲ့ “ မိုရာ ” ရဲ့ လယ်ကွက် ထဲ ရောက်လို့ သွေးသံရဲရဲ နဲ့ ညည်းညူ နေတဲ့ ခွေးကလေး ကို တွေ့ရတဲ့ အခါမှာတော့ ခွေးကလေး ကိုချီပြီး သူ့ တဲ ဆီ ကို ပြန်သွားသတဲ့ ။ သူ့ တဲ ကို ရောက်တဲ့ အခါမှာတော့ ခွေးကလေး ရဲ့ ခြေထောက် က သွေးတွေ ကို သုတ်ပြီး ဆေး ထည့် ပေးရှာတယ် ။ သူ့ အင်္ကျီအစုတ် နဲ့ လည်း ခြေထောက် ကို ပတ်ပြီး စည်းပေး လိုက်ရှာတယ် ။
ခွေးကလေး ရဲ့ဒဏ်ရာ ဟာ ၄ - ၅ ရက် ကြာတဲ့အခါပျောက်ကင်း သွားတာကြောင့် ခွေးကလေး ဟာ အဘိုးအို မိုရာ နဲ့ အတူ လယ်တော ကို လိုက်သွားတယ် ။ အဲဒီနောက်တော့ နေ့တိုင်း လို ပဲ လယ်တော ကို အဘိုးအို နဲ့ လိုက်သွားလေ့ ရှိပြီး တစ်နေ့လုံး လယ်ကန်သင်း ဘေးမှာ ထိုင်ရင်း အဘိုးအို ကို စောင့်လေ့ရှိသတဲ့ ။ နေဝင် လို့ အဘိုးအိုပြန်မှပဲ တဲကို အတူတူ ပြန်လိုက်လာ တယ် ။ မိုရာ ဟာ သားသမီး က လည်း မရှိတာကြောင့် ခွေးကလေး ကိုပဲ သားသမီး လို ခင်မင်နေ ရှာတယ် ။
တစ်နေ့မှာ တော့ ခွေးကလေး ဟာ လယ်ကွက် တစ်နေရာ က ဟောင်နေသံ ကြားရ သတဲ့ ။ အဘိုးအို မိုရာ ဟာ ခွေးကလေး ဘာဖြစ်လို့ ဟောင်ပါလိမ့် ဆိုပြီး သွားကြည့်တယ် ။ ဒါပေမယ့် မြေကြီး ကို ကုတ်ခြစ် နေတာက လွဲလို့ ဘာမှ မတွေ့ရတာကြောင့် ပြန်လာပြီး လယ်ဆက် ထွန်သတဲ့ ။ ခွေးကလေး ကလည်းအဆက်မပြတ် ဟောင်နေပြန်တာကြောင့် နောက်တစ်ကြိမ် သွား ကြည့်ပြန်တဲ့ အခါမှာ ဘာမှ မတွေ့ရပြန်ဘူးတဲ့ ။ ခွေးကလေး က သဲမြေကြီး ကို ကုတ်ခြစ်ပြီး ဟောင်နေပြန်တာကြောင့် အဘိုးအို မိုရာ ဟာ ခွေးကလေး ဆီ ကို လာပြန်တယ် ။ ဒီအကြိမ်မှာ တော့ “ ခွေးကလေး ဘာဖြစ်လို့ ဒီနေရာ ကို ကုတ်ခြစ် နေပါလိမ့် ” လို့ တွေးမိသတဲ့ ။ ဒါကြောင့် ခွေးကလေး ကုတ်ခြစ်တဲ့ နေရာ ကို တူးဆွ ကြည့်တဲ့အခါ မမျှော်လင့်ဘဲ ရွှေအိုးလေး တစ်လုံး ကို တွေ့ရပါလေရောကွယ် ။ အဘိုးအို ဟာ ဝမ်းသာအားရ ရွှေအိုးလေး ကို ယူ ခွေးကလေး ကို ခေါ် ပြီး လယ်တော က ခပ်စောစော ပြန်လာသတဲ့ ။
အဘိုးအို မိုရာ တို့ ပြန်သွားကြတာ ကို မြင်လိုက်တဲ့ မတ်ဆု ဟာ အကြောင်းထူး ရှိလို့ ဖြစ်ရမယ်လို့ တွေးမိပြီး သိချင်လွန်းလှတဲ့ အတွက် လယ်ကွက် တောင် ဆက် မထွန်နိုင်ဘဲ လိုက် မေးသတဲ့ ။ “ ဘာဖြစ်လို့ ... ဒီနေ့ အစောကြီး ပြန်တာလဲ မိုရာ ” လို့ မေးတဲ့ အခါမှာ အဘိုးအို မိုရာ ကလည်း ဝမ်းသာအားရ နဲ့ ခွေးကလေး မြေကြီးကို ကုတ်ခြစ်ပြီး ဟောင် နေတာ ကြောင့် တူး ကြည့်တဲ့ အခါမှာ ရွှေအိုး ကို တွေ့ရတဲ့ အကြောင်း ပြောပြသတဲ့ ။
အဘိုးအို မတ်ဆု ဟာ “ ငါ့ ထက်တော့ ပို ချမ်းသာ သွားတော့မှာပဲ ” ဆိုပြီး ဝမ်း ထဲ က မနာလို ဖြစ်နေသတဲ့ ။ ဒါပေမယ့် နှုတ် ကတော့ “ ခွေးကလေး ဟာ အင်မတန် လိမ္မာတာပဲ ” လို့ ပြောပြီး ပြန်သွားသတဲ့ကွယ် ။
နောက် တစ်နေ့ မနက် မှာတော့ အစောကြီး ထပြီး မိုရာ ရဲ့ ခွေးကလေး ကို တိတ်တိတ် ခိုးပြီး လယ်တော ကို ခေါ် သွားတယ် ။ လယ် ထဲ ရောက်တော့ အခါမှာတော့ ခွေးကလေး ရဲ့ လည်ပင်းကို ညှစ်ပြီး အော်ခိုင်းသတဲ့ ။ ခွေးကလေး ကလည်း လည်ပင်း အစ်တဲ့ အတွက် အော် ဟစ်ရှာတာပေါ့ ။ လောဘကြီး တဲ့ အဘိုးအို မတ်ဆု ဟာ ခွေးကလေး အော်တဲ့ နေရာကို တူးတော့ တာပဲတဲ့ ။ ဒါပေမယ့် ဘာမှ မတွေ့ရဘူးတဲ့ကွယ် ။ ဒါကြောင့် စိတ်ဆိုးဆိုး နဲ့ ခွေးကလေး ကို သ,တ် ပစ်လိုက်ပါရော ။
အဘိုးအို မိုရာ ကတော့ လယ်တော ကို သွားမယ်လို့ သူ့ ခွေးကလေး ကို ခေါ်ရှာတာ ပေါ့ ။ ခွေးကလေး ကို ရှာလို့ မရတဲ့ အခါမှာတော့ တစ်ယောက် ထဲ ပဲ လယ်တော ကို ထွက်ခဲ့ရတော့တယ် ။ လယ်ကန်သင်း ဘေးမှာ သေနေရှာတဲ့ သူ့ခွေးလေး ကို မြင်ရတဲ့ အခါမှာတော့ စိတ် မကောင်းလို့ မျက်ရည်များ တောင် ကျသတဲ့ ။ ဒါပေမယ့် “ မတ်ဆု ” သ,တ်ပစ်လိုက်တယ် ဆိုတာ ကိုတော့ မသိရှာဘူး ။ မိုရာ ဟာ သူ့ ခွေးကလေး ကို တဲပြန် ယူလာပြီး တဲရှေ့ မှာပဲ မြှုပ်လိုက်ရှာတယ် ။
မနက် လင်းတဲ့ အခါ မှာတော့ ခွေးကလေး မြှုပ်တဲ့ နေရာမှာ ထူးဆန်းတဲ့ သစ်ပင်ကြီး တစ်ပင် ပေါက်နေတာ တွေ့ရသတဲ့ ။ တဝင်းဝင်း တောက်ပနေတဲ့ အသီးတွေ ကို လည်း တွေ့ မြင်ရသတဲ့ကွယ် ။ အဘိုးအို ဟာ အံ့ဩတကြီး နဲ့ အသီး ကို ခူးဆွတ် လိုက်တဲ့ အခါမှာတော့ သူ့ လက်တွင်း မှာ ရွှေတွေ ဖြစ်နေတာကို တွေ့ရသတဲ့ ။
“ မိုရာ ” ကို အမြဲမပြတ် အကဲခတ် နေတဲ့ မတ်ဆု ဟာ ရွှင်ပြုံး နေတဲ့ မိုရာ ကို တွေ့လိုက်တဲ့ အခါမှာ အကြောင်းတစ်ခုခု ရှိလို့ ဖြစ်ရမှပဲလို့ တွေးမိပြီး လာရောက် မေးပြန်သတဲ့ ။ အဘိုးအို မိုရာ ကလည်း ခွေးကလေး သေသွားတဲ့ အကြောင်း ၊ ခွေးကလေး မြှုပ်တဲ့ နေရာက သစ်ပင်ကြီး ပေါက်လာတဲ့ အကြောင်း ၊ သစ်သီးတွေ ခူးလိုက်တဲ့အခါ ရွှေတွေ ဖြစ်လာတဲ့ အကြောင်း အရိုးခံ အတိုင်း ပြောပြရှာတယ် ။
“ သစ်သီးတွေ က ရွှေဖြစ်တယ် ” ဆိုတာ ကြားရတဲ့ အခါမှာတော့ မတ်ဆု ဟာ သစ်ပင်ကြီး ကို လှမ်းကြည့်ရင်း ၊ ဒီအပင် က အသီးတွေကို ငါ အကုန် ခူးမယ်လို့ စိတ် ထဲက ကြိမ်းဝါး နေသတဲ့ ။ လယ်တော ကို လည်း ဆက် မသွားဘဲ သူ့ တဲ ဘက် ကို ပြန်သွားတယ်တဲ့ ။ အဘိုးအို မိုရာ လယ်တော ထွက်သွားတာ မြင်လိုက်တဲ့ အခါမှာတော့ အဘိုးအို မတ်ဆု ဟာ ကြီးမားလှတဲ့ တောင်းကြီး တစ်လုံး ကို ယူပြီး ထူးဆန်းတဲ့ သစ်ပင် ဆီ ကို လာတော့တာပဲတဲ့ ။ သူ့ စိတ် ထဲမှာလည်း “ ဒီ အသီးတွေ ငါ အကုန် ခူး ပြီးရင် မိုရာ ထက် ပို ချမ်းသာတော့မှာပဲ ” ဆိုပြီး ဝမ်းသာနေသတဲ့ ။
ဒါပေမယ့်ကွယ် ... တဝင်းဝင်း လက်နေတဲ့ အသီးတွေ ဟာ လောဘကြီးပြီး ယုတ်မာ တဲ့ မတ်ဆု လက်ထဲ ရောက်တဲ့ အခါမှာတော့ အင်မတန် နံစော်ပြီး ကြောက်စရာ ကောင်းတဲ့ အသီးကြီးတွေ ဖြစ်နေပါရောကွယ် ။ မတ်ဆု ဟာ အခဲမကြေနိုင်ဘဲ ထပ် ခူး ပေမယ့်လည်း ခူး လိုက်တိုင်း အော့အန်ချင်လောက်အောင် နံစော်တဲ့ အသီးတွေ ချည်း ဖြစ်နေတာပဲတဲ့ ။ ဒါကြောင့် မတ်ဆု ဟာ စိတ်ဆိုးလွန်းလို့ သစ်ပင်ကြီး ကို အပိုင်းပိုင်း ခုတ်လိုက်ပါလေရောတဲ့ ။
အဘိုးအို မိုရာ လယ်တော က ပြန်လာတဲ့ အခါ မှာတော့ အပိုင်းပိုင်း ပြတ် နေတဲ့ သူ့သစ်ပင်ကို မြင်လိုက်ရတဲ့ အခါမှာ သိပ် စိတ်မကောင်း ဖြစ်သွားရှာတယ် ။ အဘိုးအို ဟာ စိတ် မကောင်းရက်နဲ့ပဲ အပိုင်းပိုင်း ဖြစ်နေတဲ့ သစ်ကိုင်းတုံးတွေ ကို စု မီးရှို့ပစ်ရင်း သူ့ ခွေးကလေး အတွက် ဆုတောင်း နေမိသတဲ့ကွယ် ။
သစ်ကိုင်းသစ်ခက်တွေ မီးလောင်ကျွမ်းပြီး ပြာ ဖြစ်သွားတဲ့ အချိန်မှာ လေတိုက်လိုက်တာကြောင့် ပြာ အချို့ဟာ လွင့်တက်သွားပြီး ခြောက်သွေ့ နေတဲ့ သစ်ပင် ပေါ်ကို ကျရောက် သွားသတဲ့ ။ မကြာမီမှာပဲ ခြောက်သွေ့ နေတဲ့ သစ်ပင် က အင်မတန် လှပတဲ့ ပန်းပွင့်လေးတွေ ပွင့်လာတယ်တဲ့ ။ အဘိုးအို ဟာ တခြား ပန်းတွေနဲ့ မတူဘဲ ထူးထူးကဲကဲ လှပလှတဲ့ ပန်းပွင့်လေး တွေ ကို မြင်ရတဲ့ အခါမှာ လှပတဲ့ ပန်းကလေးတွေ ကို ခူးပြီး ခွေးကလေး အတွက် ဆုတောင်းချင် တဲ့ ဆန္ဒ ဖြစ်ပေါ်လာသတဲ့ ။ ဒါကြောင့် ပန်းကလေးတွေ ကို ခူးပြီး နတ်စင် ရှေ့မှာ သွားရောက် ဆုတောင်း ရှာတယ် ။
အဘိုးအို မိုရာ ဟာ နေ့တိုင်း နေ့တိုင်း ခြောက်သွေ့ နေတဲ့ သစ်ပင် ကို ပြာနဲ့ ပက်လေ့ ရှိ တယ် ။ ပွင့်လာတဲ့ ပန်းလှလှလေးတွေ ကို ခူးပြီး နတ်စင် မှာ သွားရောက် ဆုတောင်းလေ့ ရှိတယ်တဲ့ ။ အဘိုးအို မိုရာ ဟာ လှပတဲ့ ပန်းလေးတွေပွင့်လာအောင် ပြုလုပ်နိုင်တဲ့အတွက် “ ပန်းပွင့်စေ သော အဘိုးအို ” လို့ သူ့ ကို ခေါ်ကြတယ်တဲ့ကွယ် ။
“ မိုရာ ” အပေါ် မှာ အမြဲတမ်း မနာလို နေတဲ့ အဘိုးအို မတ်စု ကတော့ မြို့စားမင်း ရဲ့ ဖမ်းဆီးခြင်း ခံရရှာလေရဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့ မှာ သစ်ပင်ခြောက် တစ်ခု ကို မိုရာ ပြာ နဲ့ ပက်လိုက်တဲ့ အခိုက် မြို့စားမင်း ကြွလာတာ နဲ့ ဆုံစည်းလို့ ပန်းပွင့်စေတာ ကို မြင်ရတဲ့ အခါ မြို့စား မင်း က သဘောကျပြီး ဆုလာဘ်တွေ ပေးသွားတာကိုးကွဲ့ ၊ အဘိုးအို မတ်ဆု ဟာ မိုရာ ဆုလာဘ် ရတာကို မနာလို ပြန်တဲ့ အတွက် မိုရာ ပက်ပြီး လို့ ကျန်ရစ်တဲ့ ပြာတွေ ကို ကျုံးပြီး မြို့စားမင်း လာမယ့် လမ်း က စောင့်နေသတဲ့ ။
မြို့စားမင်း ကြွလာတာ နဲ့ တစ်ပြိုင်နက် သူ လည်း ပန်းများကို ပွင့်စေနိုင်ပါတယ် လို့ ဆို ပြီး သစ်ပင်ခြောက် တစ်ခု ကို ပြာ နဲ့ အားရပါးရ ပက်လိုက်တာပေါ့ ။ ဒါပေမယ့် မတ်ဆု ပက်လိုက် တဲ့ ပြာတွေဟာ ပန်းပွင့်တွေ ပွင့်မလာတဲ့ အပြင် မြို့စားမင်း ရဲ့ မျက်စိ ထဲ ဝင်သွားတာကိုး ။ ဒါကြောင့် မြို့စားမင်း က စိတ်ဆိုးလို့ မတ်ဆု ကို ဖမ်းဆီး ခေါ်ဆောင် သွားသတဲ့ကွယ် ။
မောင် ညီမလေးတို့ မနာလိုဝန်တိုမှု ကင်းတဲ့ သူလေးတွေ ဖြစ်ကြပါစေ ။
⎕ တင်တင်ရီ
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၄ ၊ မေ
No comments:
Post a Comment