❝ အဆောင် ❞
( ညိုထွန်းလူ )
( ၁ )
“ ဖေဖေရေ ” လို့ အိမ်ရှေ့ က တန်းလျားခုံ ပေါ်မှာ ထိုင်နေတဲ့ သမီးငယ် ရဲ့ အော်ပြောသံ မဆုံးသေးဘူး ၊ ရာဌေး က ဧည့်ခန်း ထဲ ရောက်နေပြီ ။ ကျွန်တော့် ကို အဆင်သင့် တွေ့ရသော သူ က အားရပါးရ ပြုံးလိုက်တယ် ။
“ မင်းကို တွေ့ချင်လွန်းလို့ အစောကြီး ထလာရတာ ” လို့ ဝမ်းပန်းတသာ နဲ့ ပြောပါတယ် ။ သူ့ မျက်နှာကလည်း ပြုံးလို့ ရွှင်လို့ ၊ အဝေးကြီး က စက်ဘီး နဲ့ လာရတာတောင် မောလို့ မောရမှန်း မသိရှာ ဘူး ။ ရာဌေး တို့ အိမ် နဲ့ ကျွန်တော်တို့ အိမ် ဟာ တော်တော်လေး ဝေးပါ တယ် ။ ဝေး ဆို သူ နေတဲ့ မြောက်ပြင် အိုးဘို ကနေပြီး ကျွန်တော် ရှိတဲ့ တောင်ပြင် က ဘုရားကြီး နား ထိ လာရတာပဲ ။ နည်းတဲ့ ခရီး မှတ်လို့ ။ ရာဌေး က ကျွန်တော့် အနားကို ထိုင်ခုံ တစ်လုံး ဆွဲယူပြီး ထိုင်လိုက်တယ် ။ ကျွန်တော် နဲ့ ရောက်တတ်ရာရာ စကားတွေ ပြောနေပေမယ့် သူ သိပ် စိတ်ဝင်စားပုံ မရဘူး ။ နံနက် စောစောစီးစီး ကျွန်တော့် ဆီကို ရောက်လာ ပုံထောက်တော့ သူ့ မှာ တစ်စုံတစ်ရာ ကိစ္စ တစ်ခု ခု ရှိနေမှာပဲလို့ ကျွန်တော် ထင်တယ် ။
ကျွန်တော် တွေးတာ မမှားပါဘူး ။ စကားစ ပြတ်သွားတော့ ရာဌေး က သူ့ ခန္ဓာကိုယ် ကို ကျွန်တော့် ဘက်ကို ယိမ်းလိုက်ရင်း “ ဟေ့ကောင် ဟေ့ကောင် ” နဲ့ တိုးတိုးလေး ခေါ် လိုက်တယ် ။ သူ့ မျက်နှာက တော်တော်လေး ကို အရေးကြီး တဲ့ ကိစ္စ ပြောချင် နေတဲ့ ပုံစံပဲ ။ သူ့ မျက်လုံးတွေက လည်း ဂနာမငြိမ်ဘူး ။ အနီးအနား ပတ်ဝန်းကျင် ကို စိတ်မချသလို လှည့်ကြည့် အကဲခတ်လိုက်သေးတယ် ။ ဧည့်ခန်း ထဲ မှာ ကျွန်တော်တို့ နှစ်ယောက်တည်း ရှိမှန်း သိတော့မှ စိတ်ချလက်ချ ဖြစ်သွားဟန်တူရဲ့ ။
“ ငါ ပစ္စည်းကောင်းကောင်း တစ်ခု ရထားလို့ မင်း ဆီကို လာခဲ့ရတာကွ”
ရာဌေး ကို ကြည့်ပြီး ကျွန်တော် စိတ်ပျက်သွားတယ် ။ သည်လိုပဲ ကျွန်တော့် ဆီကို အရေးကြီး သုတ်သီးသုတ်ပျာနဲ့ ချည်း ရောက်ရောက် လာတတ်တယ် ။ ပြီးတော့ မင်း ကို ပြစရာရှိလို့ ၊ မဟုတ်ရင် လည်း မင်း မို့ ငါ အသိပေးတာနော် သည်သတင်း ပေါက်ကြားသွားလို့ မဖြစ်ဘူး ဆိုပြီး စကားခံတတ်တယ် ။ အစတုန်း က မနပ်သေးတော့ ကျွန်တော် ခံရတယ် ။ သူ ပြောမယ့် အကြောင်း က ဘာများပါလိမ့် ၊ အရေးကြီးတယ် ဆိုရင် သာမန် ကိစ္စတော့ မဟုတ်ဘူး ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ထိ ကျ ရောက်မယ့် အန္တရာယ် ကိစ္စလား စသည်ဖြင့် တွေးရင်း ရင်တထိတ်ထိတ် နဲ့ ပူပန်လိုက်ရတာ ။ ပြီးတော့လည်း ဘာမှ မဟုတ်ဘူး ။
အဆောင်ကောင်းလေး တစ်ခု ရလို့ကွ ။ ဒါက မထင်မှတ်ဘဲ မိုးကုတ် ဘက် က တွေ့ခဲ့တဲ့ ဓာတ်လုံးကွ တို့ လို ကျွန်တော် စိတ်မဝင်စားတော့တဲ့ သတင်း ဖြစ်နေတယ် ။ အရင်တုန်းကတော့ ဘယ်သူ့ကို မှ မပြောပါဘူး ။ ဘာညာ နဲ့ ကတိကဝတ်တွေ ပေးလိုက်ရတာ ။ ခံရဖန် များတော့ ရိုးသွားပြီ ။ သူ့ဘာသာ ပြောချင်ရာပြော ၊ မပြောချင်နေ ကျွန်တော် ကတော့ နကမ္ပတိ ခပ်အေးအေးပဲ ။
“ ကဲ ဘာပစ္စည်းများ ရထားလို့ ဒီလောက် အရေးတကြီး ဖြစ်နေရ တာတုန်း ၊ မင်း လာရင် ဒီလိုချည်းပဲ ”
ပြာခံခွက် ထဲက ဆေးပေါ့လိပ်တို ကို လှမ်း နှိုက်ရင်း ကျွန်တော် က မေးလိုက်တယ် ။ စိတ်တို တဲ့ အမူအရာ နဲ့ ပြောလိုက်တဲ့ ကျွန်တော့် စကား ကို သူ သတိထားမိဟန် မတူဘူး ။ သူ့ မျက်နှာကတော့ အခုထက်ထိ အရေးကြီး နေတုန်းပဲ ။
“ ကျောက်အမြုတေ တစ်ခု ရထားလို့ကွ ”
“ ဘာရယ် ”
“ ကျောက်အမြုတေ လေကွာ ၊ မင်း ဒီပစ္စည်း ကို မြင်ဖူးဖို့ နေနေသာသာ ကြားတောင် မကြားဖူးဘူး မဟုတ်လား ။ ဒီပစ္စည်း က ကြောင်အမြုတေ ချိုးအမြုတေ လိုပဲကွ မင်း တွေ့လိုက်ရင် အံ့သြသွားလိမ့်မယ် ”
ရာဌေး က ခါးပိုက် ထဲမှာ ထည့်လာတဲ့ သူ့ ပစ္စည်းကို ပြောပြောဆိုဆို ထုတ်လိုက်တယ် ။ အထပ်ထပ် ပတ်ထားတဲ့ မှိုင်းခံစက္ကူတွေ ကို ခွာပစ်ရင်း ...
“ ဒါမျိုးက သိပ်ရှားတယ် ၊ နှစ်တစ်ရာ နေလို့ တစ်ခါ တွေ့နိုင်တာ မဟုတ်ဘူး ။ ငါနဲ့ ထိုက်လွန်းလို့သာ ရတာကွ ” လို့ ပြောပြပြန်တယ် ။ ကျွန်တော် က စောစောက ကြို တွေးထားတဲ့ အတိုင်းပဲ ။ ဟင်းခနဲ သက်ပြင်း ချရင်း ရောဂါပါပဲ လို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ် ။ ကျွန်တော့် ကိုယ် ကျွန်တော် လည်း စိတ်ပျက်တဲ့ အမူအရာတွေ ကို ဖုံးမထား နိုင်တော့ဘူး ။
တကယ်တော့ .. သည်လို ဝါသနာ ကလည်း ရူးခြင်း တစ်မျိုးပါပဲ ။ လူ့ လောကမှာ လူတွေ ဟာ တစ်နည်း မဟုတ် တစ်နည်းနည်း နဲ့ အရူးထ နေကြတာ ။ ကိုယ့် ကိုယ် ကို သာ မသိကြတာ ။ ဆိုကြပါစို့ ပုလင်းတွေ ကို တံဆိပ်မျိုးစုံ ၊ အရွယ်အစားမျိုးစုံ စုထားတာတို့ ၊ တံဆိပ်ခေါင်း စုထားတို့ စသဖြင့်ပေါ့လေ ။ သည် အထဲမှာ ရာဌေး အရူးထတာတော့ တစ်မျိုး ။ အဆောင်တွေ ၊ လက်ဖွဲ့တွေ ကို စုဆောင်းရတာမှ ဝါသနာ ပါတယ် ။ သူ့ ဆီ မှာ အင်းပြားတွေ ၊ ဓာတ်လုံးတွေ ၊ အပ်ချည်ကြိုးတွေ အစုံ ရှိတယ် ။ ဒါက ဗောဓိတစ်ထောင် ဆရာတော်ဘုရား က စွန့်ကြဲ လိုက်တဲ့ ဓာတ်လုံး နဲ့ ပုတီး တဲ့ ။ ဟောဒါက မတ္တရာ က ဘိုးတော်ဆန်း ရဲ့ ဓနသိဒ္ဓိအင်းပြား တဲ့ စုံ လို့ပဲ ။
ဘယ်ပစ္စည်း ဘယ်အဆောင် ဟာ ဘယ်လို ကောင်းတယ်လို့များ သူ့ ရှေ့မှာ ယောင်လို့ မှ မပြောလေနဲ့ ။ ခင်ဗျား ပြောတာ ဒါလေး မဟုတ်လား ဆိုပြီး သူ က ပစ္စည်း တစ်ခုခု ကို ထုတ်ပြလိမ့်မယ် ။ ကောင်းလှပါတယ် ဆို တဲ့ လက်ဖွဲ့ပစ္စည်းတွေ ၊ အဆောင်တွေ အကြောင်း ပြောရင် သူ မသိတာ မရှိဘူး ။ ဘယ်မြို့ ဘယ်ရွာ မှာ ဘယ်သူ ဘယ်ဝါ ကတော့ အင်းတွေ ၊ လက်ဖွဲ့တွေ ကောင်းသတဲ့ လို့ ၊ သတင်း ကြားရရင် သူ ရောက်ပြီးပြီ ။ ကာယကံရှင် က စွန့်ကြဲချင်မှန်း မသိ မစွန့်ကြဲချင်မှန်း မသိ ဇွတ် တောင်းခဲ့ ပြီးပြီ ။
ငယ်ငယ်တုန်း က သူ့ အကြောင်း ကို မှတ်မိနေတုန်းပဲ ။ ရာဌေး က ကျွန်တော် နဲ့ ငယ်ငယ် ကတည်း က ကျောင်းနေဖက် သူငယ်ချင်း ။ နန်းရှေ့ က အမှတ် ၁၇ ကျောင်း မှာ ၁ဝ တန်း အထိ အတူ နေခဲ့ကြတယ် ။ ၈ တန်း တုန်းက သူ ကြိုက်တဲ့ ခင်ခင်ဦး အကြောင်း ကို အမှတ်မထင် ပြောပြ မိရင်တောင် သူ့ မျက်နှာကြီး ဟာ အခုထက်ထိ နီရဲ သွားတတ်တယ် ။ ကျွန်တော်တို့ ၈ တန်း နှစ်စ လောက် မှာ ခင်ခင်ဦး ရောက်လာတယ် ။ ကောင်မလေး အဖေက ဝန်ထမ်း ဆိုတော့ သူ့ အဖေ ပြောင်းတဲ့ အရပ် ဒေသတွေ ကို အတူ လိုက်လာရင်း ကျွန်တော်တို့ ကျောင်း ကို ရောက်လာ တာပဲ ။ ခင်ခင်ဦး က အလှကြီး မဟုတ်ဘူး ။ ဒါပေမယ့် ရန်ကုန်သူဆိုတော့ ပြင်တတ် ဆင်တတ်တယ် မဟုတ်လား ။ နည်းနည်းလေး လောက် ဖို့သင့် တာ ဖို့ ၊ ဖုသင့် တာ ဖု ပြားသင့် တာ ပြား အလှပြင်ဆင်လိုက်ရုံ နဲ့ ကျွန်တော် တို့ မန္တလေးသားတွေ ရဲ့ မျက်လုံးတွေ ထဲမှာ တော်တော်ကို လှသွားပြီ ။ ရာဌေး ဆို အရူးအမူး ပဲ ။
ခက်တာက ကောင်မလေး က အတော် စွာတယ် ။ မထင်ရင် မထင် သလို ပိုးခနဲ ပက်ခနဲ ပြောတတ်တဲ့ အပြင် ၊ ဟားလွှတ်တဲ့ ဉာဉ် လည်းရှိ တယ် ။ ရာဌေး မကပ်ရဲဘူး ။ ဘယ်လို လုပ်ရမှန်းလဲ မသိဘူး ။ ကျွန်တော် ကလည်း ကိုယ့် လူ က အဖြစ် မရှိမှန်း သိတာမို့ အကြံပေး လမ်းညွှန်ခြင်း မပြုလုပ်ရဲဘူး ။ တစ်ခုခု ဖြစ်ရင် ကိုယ့် ကြောင့် ဆိုပြီး လာဦးမှာ ၊ သည် အတိုင်းပဲ လွှတ်ထားလိုက်တယ် ။ လူပျိုပေါက် ဆိုတာ စိတ်ကူးတွေ ယောက်ယက်ခတ်တဲ့ အရွယ် မဟုတ်လား ။ အချိန်ကြာရင် သူ လည်း ငြိမ် သွားမယ်လို့ ထင်တယ်လေ ။ ဒါပေမယ့် ရာဌေး က ကျွန်တော် တွေးသလို မဟုတ်ဘူး ။ လူ က ကျိတ်ပြီး ကြိုးစား နေတာကိုး ။
တစ်ရက်တော့ ကျောင်းထောင့် က မန်ကျည်းပင်ကြီး အောက် ကို လက်တို့ ပြီး ကျွန်တော့် ကို ခေါ်သွားတယ် ။ သူ့ မျက်နှာ ကလည်း အခု ပုံစံ အတိုင်းပဲ ။ တကယ့်ကို အရေးကြီးတဲ့ အမူအရာ နဲ့ ...
“ ဟေ့ကောင် ဝင်းဆောင် မင်း ဘယ်သူ့ ကို မှ မပြောရဘူးနော် ” ဆိုပြီး ကျွန်တော့် ဆီ က ကတိ တောင်းတယ် ၊ သူ ကျေနပ်လောက်အောင် ကျွန်တော် ကတိ ပေးမှ “ ဒီမယ်လို့ ပြောရင်း သူ့ လွယ်အိတ် ထဲက စက္ကူထုပ် တစ်ထုပ်ကိုပြတယ် ။ အဲသည် အထုပ် ကို ဖွင့် ကြည့်လိုက်တော့ မည်းမည်းသေးသေး အတောင့်ကလေးတွေ အများကြီး တွေ့ရတယ် ။ ဘာတွေ မှန်းလည်း မသိဘူး ။ စိတ် ထဲမှာတော့ တွေ့ဖူးမြင်ဖူးတယ် ထင်တာပဲ ။ ခဏ ကြာတော့မှ ကျွန်တော် မှတ်မိလိုက်တယ် ။
“ ဟာ ကြွက်ချေးတွေ ”
ထိတ်လန့်တကြား နဲ့ အော်လိုက်တဲ့ ကျွန်တော့် ကို ကြည့်ရင်း ရာဌေး က ရယ်လိုက်တယ် ။
“ မင်း ပြောတာ မှန်တယ် ။ အဲဒါ ကြွက်ချေးတွေပဲ ၊ ငါကွာ ဒါတွေ အများကြီး ရဖို့ မနည်းကို ကြိုးစားပြီး စုထားရတယ် ”
“ မင်း ဘာလုပ်ဖို့ စုထားရတာတုံး ရာဌေး ” လို့ ကျွန်တော် မေးတော့ ရာဌေး က ...
“ ဒီလိုကွ ဝင်းဆောင် ရ ၊ မင်း ၁၀ တန်း က ကိုကျော်စိုးဝင်း ကို သိတယ် မဟုတ်လား ၊ သူ က ဗေဒင် လည်း နည်းနည်းပါးပါး တတ်တယ်ကွ ၊ ငါ နဲ့ ခင်ခင်ဦး အကြောင်း သိရတော့ သူ အကူအညီ ပေးမယ်တဲ့ ။ သူ့ အဆောင် ကို သာ ကိုင်ပြီး ခင်ခင်ဦး ကို စကား ပြောရင် ကောင်မလေး က တစ်ခါတည်း ကြွေသွားမှာ ။ ဒါကြောင့် ဒီ လက်ဖွဲ့ အဆောင် လုပ်ဖို့ အတွက် ကြွက်ချေး ကို လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံးစာ လောက် ရအောင် စုခဲ့လို့ မှာလိုက်လို့ကွ ”
စိတ်အား ထက်ထက်သန်သန် နဲ့ ပြောတဲ့ သူ့ ကို ကြည့်ရင်း ကိုယ့် နဖူး ကို ဖြောင်းခနဲ မရိုက်မိအောင် ကျွန်တော် မနည်း ထိန်းချုပ်ထားရတယ် ။ ရယ် လည်း ရယ်နေမိတယ် ။ အ လည်း အ တဲ့ ကောင်ပဲ ။ ကိုကျော်စိုးဝင်း အကြောင်း နည်းနည်းလေး မှ မသိဘူးလား ။ ကိုကျော်စိုးဝင်း ဆိုတဲ့ လူ ဟာ သည်လိုပဲ ခပ်တည်တည်နဲ့ နောက်တတ်တယ် ။ မင်း ကို တမင် သက်သက် နောက် လွှတ်လိုက်တာလို့ ပြောရင် သူ က ယုံမှာ မဟုတ်ဘူး ။ ကျွန်တော့် ကို တောင် မင်း က မနာလိုလို့လား ဘာညာ ဆိုပြီး ပြောချင် ပြောနေမှာ ဒါနဲ့ ...
“ ကဲ မင်း ဆရာ ဆီ အမြန်သာ သွားပေးပေတော့ ဒီကိစ္စမျိုးဟာ မြန်လေ ကောင်းလေပဲ ။
ကျွန်တော် က လည်း အဆင်း တွန်း ထည့်ပေးလိုက်တယ် ။ တားလို့ လည်း ရမှာ မဟုတ်ဘဲ ။ ကိုကျော်စိုးဝင်း တစ်ယောက် သူ့ စကား နဲ့ သူ ချည်ပြီးတုပ်ပြီး ဖြစ်သွားမှာ မြင်ယောင်သေးတယ် ။ ရာဌေး ဆိုတဲ့ အကောင် က တဏှာ ငန်းဖမ်းနေတဲ့ အကောင် ။ ပြောတဲ့ အတိုင်း ဟုတ်ရင် ဟုတ် မဟုတ်ရင်တော့ ကိုကျော်စိုးဝင်း မလွယ်ဘူး ။
အဲ လူများ ကံကောင်းချင်တော့ သူ ဘာသာ ကြံဖန် ဖြစ်လာတယ် ။ ခင်ခင်ဦး က ပဲခူး ကို သူ့ အဖေ အလုပ်ပြောင်း သွားရ ပြန်တာနဲ့ ကျောင်း က ထွက်သွားရတာကိုး ။ ကိုကျော်စိုးဝင်း ကံကောင်းသွားတာပေါ့ ။
“ နာတယ်ကွာ ဝင်းဆောင် ရာ ၊ ဒီ လက်ဖွဲ့က သိပ် အစွမ်းထက်တာတဲ့ ၊ တစ်လလောက် သာ အချိန် ပေးနိုင်ရင် ဒီလက်ဖွဲ့ ကြောင့် ခင်ခင်ဦး ကို သေချာပေါက် ကို ရမှာလို့ ကိုကျော်စိုးဝင်း က ပြောတယ်ကွ သိလား ”
ရာဌေး ကို ကြည့်ရင်း ကျွန်တော် တော့ ရယ်ရမှာလား ဒေါသ ထွက်ရ မှာလား ၊ ဘာမှန်းကို မသိတော့ဘူး ။
( ၂ )
ရာဌေး ရဲ့ အမြုတေကျောက်ကြီး ကို သေချာ လေ့လာ ကြည့်လိုက်မိတယ် ။ ကျောက် က တစ်ခုလုံး မည်းပြာ နေပြီး တချို့ နေရာတွေမှာ အစိမ်းရောင် ပြေးနေတယ် ။ အလေးချိန် က တော့ ၃၀ သား လောက် ရှိတယ် ထင်တယ် ။ အစိမ်းရောင်တွေ တွေ့ရလို့ ကျောက်စိမ်း တော့ ဟုတ်မယ် မထင်ဘူး ။ ရာဌေး ပြောသလိုပဲ ဒါမျိုးကို မမေးမိအောင် ကျွန်တော် ပါးစပ် ကို မနည်း ဘရိတ်အုပ် ထားရတယ် ။ ကျွန်တော် က မေးလို့တော့ ဘယ်မြို့ ဘယ်ရွာ ကို ရောက်ခဲ့တုန်းက ဘယ်သူ့ ဆီ မှာ တွေ့ခဲ့တာ နဲ့ တောင်းပန်ပြီး ယူလာခဲ့ရတဲ့ အကြောင်း စသဖြင့် လေရှည် နေမှာ ကျွန်တော် သိတယ်လေ ။
“ အေး ဟုတ်တယ်ကွ ၊ မင်း ပြောသလိုပဲ အမြုတေကျောက် ပဲ ” လို့ မြန်မြန် ကိစ္စ ပြီးငြိမ်းအောင် ထောက်ခံလိုက်တယ် ။
ရာဌေး ရဲ့ မျက်နှာ ဝင်း သွားတယ် ။ သူ က ...
“ အစားကောင်း စားရင် မိတ်ဆွေကောင်း ကို သတိရသလိုပဲ ။ ပစ္စည်း ကောင်း ကို တွေ့ရတော့ မင်း ကို သတိရတာမို့ လာခဲ့တာ ” လို့ ပြော တယ် ။
ပြီးတော့ ဒီ ကျောက်ကြီး ကို အောင်တော်မူဘုရား မှာ သိဒ္ဓိတင် ဖို့ အတွက် မင်းလိုက်မလား ဆိုပြီး ခေါ်တော့တာပဲ ။
“ ဟာ ငါ လိုက်လို့ မဖြစ်ဘူး ၊ သမီးအကြီး က နေမကောင်းလို့ ဆေးခန်း ပို့ရမယ် ” ဆိုပြီး ကျွန်တော် က အရှောင်အတိမ်း လုပ်လိုက်ရတယ် ။ တကယ်လည်း သမီးကြီး က နေမကောင်း ဖြစ်နေတာပါ ။ ကိုယ် က လည်း မလိုက်ချင်တာ ပါသပေါ့လေ ။ ရာဌေး က စိတ်မကောင်း ဖြစ်ရင်း ...
“ အေးကွာ ငါ့ ဘာသာပဲ သွားတော့မယ် ၊ မင်း သမီး ကျန်းမာရေး အတွက်လည်း ပူမနေ နဲ့ ငါ့ ကျောက် ကို သိဒ္ဓိ တင်ပြီးရင် ရေစိမ်တိုက် လိုက် ကောင်းသွားလိမ့်မယ် ” လို့ ပြောတယ် ။
သည်ကောင် က ပင်ကို စိတ်ရင်း စေတနာ ကောင်းတယ် ။ ကျွန်တော် နဲ့ ဝါသနာချင်း မတူလို့သာ သူ့ ကို ကြောက်နေရတာ ။ သူ့ ကို ကျွန်တော် ကြိုက်တာက လက်ဖွဲ့တွေ အဆောင်တွေ ကို ယုံကြည်စွဲလမ်းမှု အားကြီး လွန်းတာပဲ ။ တကယ်တော့ လက်ဖွဲ့ တို့ အဆောင် တို့ ဆိုတာကလည်း အမှန်တကယ် ဟုတ်ချင်လည်း ဟုတ်မယ် ၊ မဟုတ်ဘူး လို့ လည်း ပြောလို့ မရဘူး ။ ဒါက ယုံကြည်သက်ဝင်တဲ့ စိတ် နဲ့သာ ဆိုင်တာကိုး ။ ကျွန်တော် တို့ အမြင်မှာတော့ သည် ပစ္စည်းတွေ ဟာအတိုင်းအဆ မပြောနိုင် လောက်အောင် အဖိုးတန်ချင် တန်နေမှာ အင်းတွေ ၊ လက်ဖွဲ့တွေ အဆောင်တွေ ဟာ အခုခါမှာ ပိုပြီး များလာတယ်လို့ ထင်တာပဲ ။ စီးပွားဖြစ် ဖို့ အန္တရာယ်ကင်း ဖို့ စတဲ့ အင်း ၊ လက်ဖွဲ့ အဆောင်တွေ ပေါ မှ ပေါပဲ ။ တကယ်စွမ်းသလား မစွမ်းဘူးလား တော့ သူတို့ မှ သိမယ် ။ လူတွေ က လည်း ခက်တယ် ၊ လောက မှာ ရတနာသုံးပါး ထက် ပိုပြီး ထူးကဲပြီး ကိုးကွယ်ဆည်းကပ်စရာ ဘာများ ရှိလို့လဲ ။
ဒါပေမယ့် လူ ဆိုတာ အခက်သားပဲ ။ ပုထုဇဉ် ဆိုတာကို မေ့လို့ မဖြစ်ဘူး ။ လောဘ ၊ ဒေါသ ၊ မောဟစိတ်တွေ များ လာရင် ဖုံးလွှမ်း ခံရရင် ဘယ်အရာ ကိုမှ အသိစိတ် နဲ့ ဆင်ခြင်နိုင်စွမ်း မရှိတော့ဘူး ။ လွန်ခဲ့တဲ့ ၅ နှစ် က ကျွန်တော် လည်း ရာဌေး နဲ့ ပေါင်းပြီး အရူးထခဲ့မိသေးတယ် ။
မိုးကြိုးသွား တဲ့ ၊ ကြားဖူးတယ် မဟုတ်လား ။ သည် မိုးကြိုးသွား အကြောင်း လူတစ်ယောက် နဲ့ လက်ဖက်ရည်ဆိုင် မှာ စကားပြော နေ တုန်း ကျွန်တော် ရောက်သွားတယ် ။ ဟိုလူ က အနား မှာ ထိုင်နေတဲ့ ကျွန်တော့် ကို ကြည့်ပြီး စကားရပ်သွားတယ် ။ ရာဌေး က လည်း ကျွန်တော့် ကို သူ့ အနား မှာ ထိုင်ခိုင်းရင်း ...
“ ကိစ္စမရှိပါဘူးဆရာ ပြောမှာသာ ပြောပါ ၊ သူ က ကျွန်တော့် သူငယ်ချင်း အရင်းပါ ။ အစစ အရာရာ စိတ်ချလို့ရပါတယ် ” လို့ ဟို လူ့ ကို ပြောလိုက်ပါတယ် ။ ရာဌေး က ဆရာ ဆရာ နဲ့ ခေါ်နေတဲ့ လူကို ကျွန်တော် အကဲခတ် ကြည့်လိုက်တော့ ဥပဓိရုပ် က အင်မတန် လေးစားစရာပဲ ။ ရန်ကုန် မှာ ပပဝင်း တို့ ၊ နေပြည်တော် တို့ လို ရုပ်ရှင်ရုံ အောက် မှာ တွေ့ရတဲ့ ကု,လားဒိန်လို ရုပ်မျိုး ၊ မျက်လုံးပြူးပြူး ၊ နှာခေါင်းချွန်ချွန် အသားအရေ က မွဲခြောက်ခြောက် နဲ့ ။
“ ဟုတ်ပါတယ် ဆရာ ကျွန်တော် က ရာဌေး သူငယ်ချင်းပါ ” လို့ အဲသည် ပုဂ္ဂိုလ်ကို ကျွန်တော် လည်း လိုက်ပြီး ဆရာ လုပ်ရတော့တာပေါ့ ။ သည်ပုဂ္ဂိုလ် က ......
“ ခက်တယ် ကိုရာဌေး ရာ မိုးကြိုးသွား တွေ ကလည်း အတုတွေ ပဲ တွေ့နေရတယ် ။ အလွန်ပဲ ကံကောင်း မှ အစစ် ကို ရတယ်ဗျ ။ ခင်ဗျားတို့ သိမလား မပြောတတ်ဘူး ။ ကြို့ပင်ကောက် နားမှာ စစ်ကုန်း ဆိုတဲ့ ရွာလေး တစ်ရွာ ရှိတယ် ။ ကြို့ပင်ကောက် နဲ့ လည်း ဝေးပြီး အင်မတန် ချောင်ကျတဲ့ ရွာကလေး ပေါ့ ဗျာ ၊ ကျုပ် ကလည်း အဲဒီ ရွာကို အမှတ်မထင် အလုပ်ကိစ္စ တစ်ခု နဲ့ ရောက်သွားတယ် ။ တစ်ရက်လောက်တော့ ရွာ က လယ်သမားကြီး တစ်ယောက်က ကျုပ် ဆီကို ရောက်လာပြီး “ ငါ့တူ ရယ် ဒီ ပစ္စည်းလေး ကို ကြည့်ပေးစမ်းပါ ။ ငါ့ တူ က မြို့ မှာနေတယ် ဆိုတော့ အဘ တို့ ထက် ဗဟုသုတ များမှာပါ ။ ဒီပစ္စည်း က ဘာမှန်းလဲမသိဘူးကွယ့် ရေဒီယို ပေါ် တင်ထားရင် ရေဒီယို ရပ်သွားတယ် ။ တစ်ခါ ရွာဦးကျောင်း က မီးစက်ကြီး လည်နေတုန်း ဒီပစ္စည်းလေး နဲ့ ထိလိုက်တော့ မီးပြတ် သွားတယ် ။ ထူးဆန်းလိုက်တာကွယ် ” လို့ ကျုပ် ကို ပြောတယ် ကိုရာဌေး ရ ... ”
“ ကျုပ်က အဘ ဒီပစ္စည်း ဘယ်က ရလာတာလဲလို့ မေးလိုက်တော့ သူ့ ယာခင်း ထဲ က ထိန်ပင်ကြီး ကို မိုးကြိုးပစ် လို့ သွား ကြည့်တော့ ဒါကို တွေ့ လိုက်ရတာတဲ့ ။ ကျုပ် သိလိုက်ပြီ ဒါဟာ မိုးကြိုးသွား ပဲ ဒါနဲ့ ကဲ အဘ ဒါလေးကို ကျုပ် ကို ရောင်းပါလို့ ပြောတော့ အဘိုးကြီး က အဘ က နားမလည် လို့သာ မေးကြည့်တာပါ ။ သူ့ အကြောင်း သိရရင် တော်ပါပြီ ။ မရောင်းပါရစေနဲ့ လို့ ငြင်းတယ် ။ ကျုပ် ကလည်း ဒီပစ္စည်း အဘ လက်ထဲ ရှိရင် ဘာမှလည်း အသုံးဝင်မှာ မဟုတ်ဘူးလို့ ပြောပြီး ဟင်းဘက်အိတ် ထဲ မှာ ပါလာတဲ့ ငွေတစ်သိန်း ကို ချက်ချင်း ထုတ်ပေးလိုက်တယ် ”
အဲသည် ပုဂ္ဂိုလ် က စကားပြောတာ ရပ်ပြီး ခဏ နားလိုက်တယ် ။ ပြီးတော့ ဒန်သတ္တုပန်ကန်ပြားလေး ထဲမှာ ထည့်ထားတဲ့ ငါးသုံးလုံး ဆေးလိပ် ကို ကောက်ဖွာရင်း မှိန်းနေတယ် ။ ကျွန်တော် ကတော့ ငွေတစ်သိန်း ချပေးခဲ့တယ် ဆိုတဲ့ အဲသည် ပုဂ္ဂိုလ်ကို အကဲခတ် ကြည့်ပါတယ် ။ သူ့ ပုံစံ က မတောက်ပတဲ့ အပြင် ဝတ်ထားတဲ့ အင်္ကျီ ခပ်မွဲမွဲရယ် ။ အင်္ကျီပုခုံးသား နေရာမှာ ချုပ်ကြိုးပြေ နေတာကို ကျွန်တော် တွေ့ဖြစ်အောင် တွေ့ လိုက်တယ် ။ အဲသည် ပုဂ္ဂိုလ်က ချောင်း တစ်ချက် ဟန့်ပြီး စောစောက စကား ကို ဆက်တယ် ။
“ ကျုပ် လည်း ဒီပစ္စည်း ကို ရတော့ ရန်ကုန် ကို ချက်ချင်း ပြန်သွား တယ် ။ ရန်ကုန်မှာ ဒီလို ပစ္စည်း ရခဲ့ရင် စစ်မှန်တယ် ဆိုရင် ငွေ ဘယ်လောက် ပုံ ပေးရပေးရ လိုချင်တဲ့ သူတွေ ရှိတယ် ။ ပစ္စည်း ကို ယူသွား ပြီး ကျွန်တော့် ဘော့ ( စ် ) ဆီ ကို တန်းသွားတာပဲ ၊ ဘော့ ( စ် ) က ပစ္စည်းကို တွေ့တော့ စမ်းသပ်ကြည့်မယ် ။ စစ်မှန်တယ် ဆိုရင် သိန်း ( ၁ဝဝ ) လက်ငင်းချ ချေမယ်တဲ့ ”
သိန်း ၁ဝဝ လို့ အသံ ကြားရတော့ ကျွန်တော် ရော ရာဌေး ရော မျက်လုံးတွေ ပြူး သွားကြတယ် ။ ရာဌေး ဆိုရင် စိတ်ဝင်စားလွန်းလို့ အဲဒီ ပုဂ္ဂိုလ် နားကို ခေါင်းကြီး စောင်းပြီး နားထောင်နေတယ် ။ အဲဒီ ပုဂ္ဂိုလ် က စကားပြောမယ် လုပ်မှ ရုတ်တရက် သတိရဟန် နဲ့ “ ဘယ်နှနာရီ ရှိပြီလဲ ” လို့ လှမ်း မေးလိုက်တယ် ။ ရာဌေး က “ ၁၀ နာရီ ထိုးနေပြီ ” လို့ ပြောတော့ “ ဟာ ဒုက္ခပါပဲ ကျုပ် ချိန်းထားတာတောင် နောက်ကျနေပြီ ။ ကဲ ကိုရာဌေး တခြားအလုပ်လေးတွေ ရှိနေလို့ နောက်မှပဲ ဆုံကြရအောင် ကျုပ် ပြောတာကို ခင်ဗျား သဘောပေါက်မှာပါ ။ မိုးကြိုးသွား ကို ရအောင်သာ ရှာခဲ့ဗျာ ။ ရလို့တော့ ချက်ချင်းပဲ ငွေ ကို ကက် ( ရ် ) ဒေါင်း ချေမယ် ” လို့ ပြောတယ် ။ ပြီးတော့ သုတ်သီးသုတ်ပျာ နဲ့ လက်ဖက်ရည်ဆိုင် က ထွက်သွားလေရဲ့ ။ သူ လည်း ထွက်သွားရော ကျွန်တော်တို့ နှစ်ယောက်စလုံး သက်ပြင်း ပြိုင်တူ ချလိုက်မိသည် ။
“ မင်း ရှိနေလို့ စကား ကုန်အောင် ပြောမသွားတာကွ ၊ ဒီလို ကိစ္စမျိုးဆိုတာ လူတိုင်း ကို ဖွင့် ပြောလို့ မဖြစ်ဘူးလေ ။ အလွန် လျှို့ဝှက်ထားရ တယ် ” လို့ ရာဌေး က အပြစ်တင် လိုက်တယ် ။ ကျွန်တော် က လည်း ကြံ ကြံဖန်ဖန် စကား အရှိန် ကောင်း နေမှ ဝင်လာမိလျက်သား ဖြစ်သွားတာ ကိုး ။
“ ဆောရီးကွာ ရာဌေး ”
လို့ သူ့ ကို ကျွန်တော် တောင်းပန်လိုက်ရတယ် ။ ရာဌေး စိတ်ဆိုးလို့ မဖြစ်ဘူးလေ ။ ဟိုလူ ပြောသွားတဲ့ မိုးကြိုးသွား အကြောင်းကို ရာဌေး မှ ပြည့်ပြည့်စုံစုံ သိတဲ့ ဥစ္စာ ၊ သည့်နောက်တော့ ကျွန်တော်တို့ နှစ်ယောက် မိုးကြိုးသွား ရှာပုံတော် ဖွင့်ကြတော့တာပဲ ။ မုံရွာ ဆားလင်းကြီး ဘက် ရောက်တယ် ။ ပုသိမ်ကြီး တစ်နယ်လုံး လည်း နှံ့နေပြီ ။ မြင်းခြံ ဘက် မှာ ကြားလို့ မြင်းခြံ ကို လည်း သွားကြသေးတယ် ။ တစ်ခါကများ ကျောက်ဆည် ဘယ်လင်း နား က ရွာ မှာ ရှိတယ်လို့ သတင်းရတာနဲ့ ဆိုင်ကယ် နဲ့ ချက်ချင်း လိုက်သွားကြတယ် ။
ဆိုင်ကယ် ကို ဘယ်လင်း မှာ ထားပြီး ခုန တစ်မိုင် ဝေးတဲ့ ရွာ ကို ခြေလျင် လျှောက်သွားရတယ် ။ လမ်း က ကြမ်းတော့ ဆိုင်ကယ် စီးလို့ မရ ဘူးလေ ။ နေ က ပူ ၊ ဗိုက် က ဆာ နဲ့ ဒုက္ခတော့ ရောက်ရပုံများ ပြော မပြော ချင်ဘူး ။ သတင်း ပေးတဲ့ သူ ကလည်း တိတိကျကျ ပြောတော့ သူများတွေ လက်ဦး မသွားခင် ကျွန်တော်တို့ က အရောက် သွားမှ ဖြစ်မယ် ။ ရွာ ရောက်တော့ ပြောလိုက်တဲ့ လယ်သမားကြီး က တောထဲ သွားနေသတဲ့ ။ ဒါနဲ့ ရွာ နဲ့ နှစ်မိုင်လောက် ဝေးတဲ့ ယာတော ကို လိုက်သွားရပြန်တယ် ။ ဟို ရောက်တော့ လယ်သမားကြီး နဲ့ တွေ့ပါတယ် ။ သူ က မိုးကြိုး မှန်ထားတဲ့ ဖျောက်ဆိပ်ပင်ကြီး ကို လက်ညှိုး ထိုး ပြပြီး .....
“ မနေ့ည က မိုးကြိုးပစ်သွားတာ အမှန်ပဲကွ ၊ မင်းတို့ မေးတဲ့ မိုးကြိုးသွား ဆိုတာတော့လည်း ငါလ ည်း မသိဘူး ” လို့ ပြောတယ် ။ လူ ကို မောသွားတာပဲ ၊ ရာဌေး နဲ့ ကျွန်တော် ဖျောက်ဆိပ်ပင်ကြီး ကို သွားကြည့်တယ် ။ မိုးကြိုး က သစ်ပင် အလယ်ကို ပစ်ထားတာကိုး ။ သစ်ကိုင်းတွေ ကို မီးလောင် ထားပြီး မည်းနေတာ ကို လည်း တွေ့ရတယ် ။ အမှန်တကယ် မိုးကြိုးသွား ရှိမယ် ဆိုရင် ပစ်တဲ့ နေရာရဲ့ ဆယ်ပေ အကွာ ဝန်းကျင် မှာ မြေကြီး ဟာ မည်းနက် နေရမယ်တဲ့ ။ ကြားခဲ့ဖူးတဲ့ စည်းကမ်း နဲ့ မညီညွတ်တော့ စိတ်ပျက်လက်ပျက် နဲ့ ကျွန်တော်တို့ ပြန်လာခဲ့ကြတယ် ။
တော်ပါပြီ ။ ကျွန်တော် တော့ စိတ်လျှော့လိုက်ပြီ ၊ မိုးကြိုးသွား ဆိုတာ သိန်း ၁ဝဝ တန်တယ် လို့ သာ ကြားရတာ ၊ ဖြူသလား ၊ မည်းသလား ၊ လုံး သလား ၊ ပြားသလား လည်း မသိရဘူး ။ ရာဌေး ကတော့ စိတ် မလျှော့ဘူး ။ ကြိုးစားခဲ့သေးတယ် ။ မိုးကြိုးပစ်သံ ကြားရရင် ကြားတဲ့ ဆီကို အရောက် သွားတာပဲ ။ ခက်တာက မန္တလေး ဆိုတာ မိုး သိပ်ရွာတဲ့ အရပ်ဒေသ မှ မဟုတ်ဘဲ ။ တစ်နှစ် မှာ သုံးလေးခါလောက်ပဲ သဲသဲမဲမဲ ရွာပြီး မိုးကြိုးပစ်သံ ကို နည်းနည်းလောက်ပဲ ကြားရတာ ။ ကောင်းကင် မှာ လျှပ်ရောင်တွေ ဝင်းလက်ပြီး ဒစ်ဒစ်ဒုန်းဒုန်း ဆိုတဲ့ အသံ ကြားရရင် ဟာ ပစ်ပြန်ပဟ လို့ ရာဌေး က ဝမ်းသာအားရ နဲ့ အော်တယ် ။ မိုးတိတ် သွားရင် အဲသည် နေရာ ကို အရောက် သွားပြီသာ မှတ်တော့ ......
“ ဟေ့ကောင် ရာဌေး ၊ အသေချာဆုံးကတော့ မင်း လည်း အပင်ပန်း မခံရအောင် မင်းတို့ အိမ်ကို တည့်တည့် မိုးကြိုး ပစ်လိုက်တာက ပိုကောင်း မယ်ကွ ”
ကျွန်တော် က အဲဒီလို နောက်လိုက်တော့ ရာဌေး က စိတ်ဆိုးသွားတယ် ။ မျက်နှာကြီး မှုန်ကုပ် သွားပြီး
“ ဝင်းဆောင် ဒါ နောက်စရာမဟုတ်ဘူးကွ ”
လို့ ကျွန်တော့် ကို ပြန် ဟောက်တယ် ။ ကျွန်တော် ငြိမ်နေလိုက်ရတယ် ။
( ၃ )
ရာဌေး တို့ မိသားစု က စီးပွားရေး အခြေနေ မဆိုးဘူး ။ ဈေးချို ထဲမှာ သူ့အစ်မများ က အလှကုန်ဆိုင် ဖွင့်ထားတယ် ။ သူ့ အစ်ကိုတွေ ကလည်း မုံရွာ မန္တလေး ပြေးဆွဲ နေတဲ့ ပစ်တိုင်းထောင် ကားအသင်းမှာ ကား ထောင်ထားတယ် ။ အိမ် မှာ သူ က အငယ်ဆုံး လည်း ဖြစ်ပြန် ၊ အိမ်ထောင် လည်း မရှိတော့ နေချင်သလို နေလို့ ရတယ် ။ သည် ခေတ်မှာ ယောက်ျားသား ဆိုတာ ဆေးလိပ် ၊ အရက် ၊ လောင်းကစား တစ်ခုခု နဲ့ ပတ်သက်နေ တတ်တယ် ။ ခြောက်ပစ်ကင်း သဲလဲစင် ဆိုတာ ခပ်ရှားရှား ၊ ရာဌေး က ဆေးလိပ် လည်း မသောက်ဘူး ၊ လောင်းကစား နဲ့ အရက် ဆိုတာလည်း ဝေလာ ဝေး ၊ မိန်းမ ကျပြန်တော့လည်း သူ့ အဆောင် လက်ဖွဲ့တွေ လောက် စိတ်ဝင်စားတာ မဟုတ်ဘူး ။ သည်တော့ ရာဌေး ကို လူဆိုး လို့ သတ်မှတ် လို့ လည်း မရပြန်ဘူး ။
ဒါပေမယ့် ရာဌေး က ဘယ်ဟာ မှ သတ်သတ်မှတ်မှတ် မထားချင်တာ က ခက်တယ် ။ ဆိုလိုတာက ဒီလိုပါ လက်ဖွဲ့တွေ ၊ အဆောင်တွေ ထား ကြတယ် ဆိုရာမှာ လည်း စီးပွားဖြစ်ချင်သူတွေ က စီးပွားရေး နဲ့ ပတ်သက် တဲ့ အဆောင်တွေ ရှာဖွေ ထားကြတယ် ။ အဝေး ကို ခရီးသွားကြတဲ့ သူတွေ ကလည်း အန္တရာယ် ကင်းတဲ့ အဆောင်မျိုး ရှိကြတယ်လေ ။ ရာဌေး ကတော့ ပေါက်သောက် ၊ သူ့ မှာ အန္တရာယ် ကင်းတဲ့ အင်းတွေ ၊ လက်ဖွဲ့ တွေ လည်း ရှိတယ် ။ စီးပွားရေး ကောင်းတယ် ဆိုတဲ့ အဆောင် လည်း ရှိ တာပဲ ။ နောက် ဘာမှန်း မသိတဲ့ ပစ္စည်းတွေ လည်း သူ့ ဆီ မှာ ရှိသေးတယ် ။ သူ့ ဘယ်ဘက် လက် က လက်သူကြွယ် မှာ ဆိုရင် ငွေသား နဲ့ ကွပ်ထားတဲ့ ဓာတ်လုံးလက်စွပ်ကြီး ကို တွေ့နိုင်တယ် ။ ဒါကြီး ကို သူခဏခဏ ပွတ်တိုက်ဖန် များလွန်းလို့ ဝင်းပြောင် နေပြီး အပြင် က အရိပ်တွေ တောင် လာပြီး ထင်နေတယ် ။ ဒါက ဘာ အဆောင်လဲ လို့ မေးတော့ “ မင်းမသိပါ ဘူး ” တဲ့ ။ ရာဌေး က ပြောတယ် ။ သူ့ အိတ် ထဲမှာ နှိုက်ကြည့်ပါလား ။ အင်းချ ထားတဲ့ ကြေးပြား ရှိမယ် ၊ စက္ကူ နဲ့ ထုပ်ထားတဲ့ ဓာတ်လုံးတွေ လည်း တွေ့ရမယ် ။ သူ့ လည်ပင်း မှာ ဆွဲထားတဲ့ ရွှေဆွဲကြိုး က လော့ ကတ်သီး မှာ တောင် အန္တရာယ် ကင်း တဲ့ ဓာတ်လုံး ရှိတယ် ဆိုပဲ ။ သူ နဲ့ ဆုံ ရင် သည်လို လက်ဖွဲ့တွေ ၊ ဂါထာတွေ အကြောင်း မပြောမိအောင် မနည်း ချုပ်တည်း ထားရတယ် ။ ပြောရင် အဆုံးသတ်လို့ ကို ရမှာ မဟုတ်ဘူး ။
ကျွန်တော် ရာဌေး ကို အပြစ် ပြောတာမဟုတ်ပါဘူး ။ လူ ဆိုတာ ကိုယ့် ယုံကြည်မှုနဲ့ ကိုယ် ရှိကြတာပဲမဟုတ်လား ။ လူတစ်ယောက် နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံကြတဲ့ နေရာမှာ တစ်ဦး ရဲ့ ယုံကြည်မှု ကို တစ်ဦး က မထိခိုက်စေဖို့ မစော်ကားမိစေဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် ရာဌေး နဲ့ တွေ့ရင် အပြစ် မပြောမိဖို့ အတော် သတိထားရတယ် ။ ပြောချင်တာ က တော့ လျှာ ကို ယားနေတာပဲ ။ ဒါပေမယ့် ကျွန်တော် က လည်း ကျွန်တော့် ဉာဉ် ကို မဖျောက်နိုင်ဘူး ။ ရာဌေး စီး တဲ့ ကား ဓားမြအတိုက် ခံရတယ် ကြားတော့ ကျွန်တော် ရယ်မောမိတယ် ။ ရာဌေး က ကျောက်မဲ ကို သူ့ အစ်မ ဆိုင် က ကုန်ကြွေးတွေ သွား တောင်းပြီး အပြန် နောင်ချို နား မှာ ဓားပြတိုက် ခံရတာတဲ့ ။ ဓားပြ က လည်း အောက်တန်းကျ လိုက်တာ ။ မျက်မှန် တို့ ဂျင်းဂျာကင်တို့ ကအစ အကုန် ချွတ်ယူတာတဲ့ ။ ကား တစ်စီးလုံး ၁၁ သိန်း ဖိုးလောက် ပါသွားတယ်လို့ ကြားတယ် ။ ရာဌေး ဆီက ကြွေးတောင်းရလာတဲ့ ငွေ ငါးသောင်း လည်း ဓားပြတိုက် တဲ့ အထဲ ပါသွားတယ်လို့ ကြားရတယ် ။
ဒါနဲ့ ကျွန်တော် လည်း စိတ်မကောင်း ဖြစ်ရင်း အိုးဘို က သူ့ အိမ် ကို သတင်းသွားမေးတယ် ။ အိပ်ရာထဲ မှာ လဲနေတဲ့ သူ့ ကို သတင်း သွားမေးတယ် ။ ဘယ်ဘက် လက်မောင်း မှာလည်း ပတ်တီး စည်းထားတယ် ။ ဓားပြ က ဓားနဲ့ တွက်သွားတာတဲ့ ။ ဖြစ်မှ ဖြစ်ရလေ ရာဌေး ရာ ၊ ဓားပြတွေ က လည်း ရွှေငွေပစ္စည်း ကို လုယက်ရုံတင် မကဘူး ။ လူ ကိုပါ အန္တရာယ် ပေးမှ တော့ တော်တော့်ကို ယုတ်မာလွန်းနေပြီ ။ တွေ့မှာပါ ။ တွေ့မှာပါ ။ သည်လို လူမျိုးတွေ ကို ဥပဒေ က မျက်ကွယ်ပြု မထားပါဘူး ။
“ ဓားပြတိုက် တော့မှ ထွက်ပြေးဖို့လည်း မကြိုးစားပါဘူးကွာ ၊ ပြေး လည်း ခံရမယ့်ဥစ္စာ ၊ သူတို့ လက် ထဲမှာ သေနတ်တွေ ရှိတယ် ။ သူတို့ က ထိုင်ဆို ထိုင်လိုက်ရတာပဲ ။ ထဆို ထလိုက်ရတာပဲ ။ မှောက်လိုက်ကြ တော့ ဆိုရင်လည်း မှောက်လိုက်ရတယ် ။ ပြီးမှ တစ်ယောက်ချင်း ပစ္စည်း တွေ ကို သိမ်းယူတယ် ။ ငါ့ အလှည့်ရောက်တော့ သူတို့ မေးနေစရာ ကို မလိုပါဘူးကွာ ဟင်းဘတ်အိတ် ထဲ က ငါးသောင်း ကို တစ်ခါတည်း ထုတ်ပေးလိုက်တယ် ။ ဒါပေမယ့် တစ်ယောက် က ငါ့ လည်ပင်း က ဆွဲကြိုး ကို ဖြုတ်ယူပြန်တယ် ဝင်းဆောင် ရ ။ ဒါတော့ မဖြစ်ဘူးလေကွာ အဲဒီ လော့ကတ်သီး ထဲမှာ ဆရာတော် ပေးထားတဲ့ ဓာတ်လုံး ရှိတယ် မဟုတ်လား ။ ငါ က လည်း ပိုက်ဆံတော့ ယူချင်ယူပါဗျာ ။ ဒီ လော့ကတ်သီးလေး ထဲမှာ ကျွန်တော့် အဆောင် ရှိလို့ ပြန်ပေးပါ ဆိုပြီး ဓားပြ ကိုပြော တယ် ။ အဲဒါကွာ ဓားပြ တစ်ယောက်က ဒီအကောင် အတော် လျှာရှည်တဲ့ အကောင်ပဲ ဆိုပြီး ငါ့ ကို ဓားနဲ့ တွက်လိုက်တယ်ကွ ။ ကြည့်ပါဦး ဝင်းဆောင် ရာ ၊ အား ကျွတ်ကျွတ် ”
ရာဌေး က ပတ်တီးစည်း ထားတဲ့ လက် ကို အသာအယာ မြှောက်ပြ ရင်း စုပ်သပ်လိုက်ရှာတယ် ။
“ မင်းနှယ်ကွာ ၊ ငွေတွေ တောင် ပါသွားမှတော့ မင်း ရဲ့ အဆောင်က ဘယ်လောက်များ တန်ဖိုး ရှိတော့မှာတုံး ။ အခုတော့ ကိုယ့် အသား တောင် အနာခံရပြီ မဟုတ်လား ”
ကျွန်တော် က ပြောလိုက်တယ် ။ မျက်နှာ ရှုံမဲ့ နေရာက ရာဌေး က
“ ဘယ်ဟုတ်မလဲကွ ၊ ဒီ အဆောင်ပစ္စည်း က ငွေငါးသောင်း ထက် မက တန်ဖိုးရှိတယ် ”
လို့ ကျွန်တော့် ကို ပြန်ပြောတယ် ။ သူ့ စကား ကြားရတော့ စောစောက သနားစိတ်တောင် ပျောက်သွားတယ် ။ ငယ် ကတည်းက တစ်ကျောင်း တည်း အတူနေလာတဲ့ သူ့ အကြောင်းကို မသိတာ မှတ်လို့ ။ အလျင် ကတည်း က သူ့ ဉာဉ် ကို ပြောလည်း ပြောချင်နေတုန်းမှာ အခုလို အခွင့်သင့်လာတော့ ကျွန်တော့် ပါးစပ် ကို ကျွန်တော် မထိန်းနိုင်တော့ဘူး ။
“ ဘာ တန်ဖိုး ရှိတာလဲ ရာဌေး ၊ အန္တရာယ် ကင်းတယ်လို့ ပြောရအောင် လည်း အခု အဲဒါကြောင့် မင်း ခံလိုက်ရတာပဲ မဟုတ်လား ။ လမ်းဘေး မှာ ရှိ နေတဲ့ ခဲတစ်လုံး က မှ မင်း ပစ္စည်းထက် တန်ဖိုး ရှိဦးမယ် ။ အခွင့်သာ ရင် ခဲ နဲ့ ပြန်ထုလို့ ဓားပြတောင် ထွက်ပြေးသွားနိုင်တယ် ”
ဒေါသ ထွက်ထွက် နဲ့ ကျွန်တော် က ပြောလိုက်တော့ ရာဌေး ငြိမ်ကျ သွားတယ် ။ ဒါပေမယ့် ခဏ ကြာတော့ သူ ခေါင်းယမ်း ပြလိုက်တယ် ။
“ ဝင်းဆောင် ရာ မင်း ပြောသလို လည်း မဟုတ်သေးဘူးကွ ၊ မင်း မသိ လို့သာ ။ ဟော့ဒီ လော့ကတ်သီး ထဲက အဆောင် က တကယ် ကို စွမ်းပါ တယ် ။ မင်း ကို ပြောရဦးမယ် ။ ငါ ကြားဖူးတာ ရှိတယ် ။ ဓားပြတွေ ဟာ ဓားပြတိုက် မသွားခင် နတ်စင် မှာ သူတို့ လုပ်ငန်း အောင်မြင်အောင် ဆိုပြီး ဆုတောင်းတတ်သတဲ့ ။ ပြီးတော့ အချို့ ဓားပြတွေ လက်ထဲမှာ လည်း အဆောင်လက်ဖွဲ့တွေ ရှိသတဲ့ ။ ငါ ထင်တယ်လေ ၊ ဓားပြတွေ လက် ထဲက အဆောင် က ငါ့ ရဲ့ အဆောင် ထက် စွမ်းလို့ပဲ နေမှာကွ ။ အဲဒီလို အဆောင် မျိုး ရရင် လိုချင်တယ် ဝင်းဆောင်ရာ ” လို့ ကျွန်တော့် ကို ပြန် ပြောလိုက်ပါတယ် ။ ကျွန်တော် သူ့ ကို အံ့အားတသင့် ကြည့်ရင်း ဘာ ပြန်ပြော ရမှန်း မသိတော့ပါဘူး ။ ဪ ...... ရာဌေး ရယ် ။
▣ ညိုထွန်းလူ
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
မတ်လ ၊ ၁၉၉၃
No comments:
Post a Comment