❝ သွားပါများ ခရီးရောက် ❞
ကျွန်တော် နဲ့ အလွန် ရင်းနှီးတဲ့ စာရေးဆရာ မာန်မြင့် ( ၁၉၄၉ -၂ဝ၁ဝ ) မကွယ်လွန်မီ ၂၀၀၈ ခုနှစ် မှာ သူ့ ငယ်သူငယ်ချင်း ဘုန်းကြီး တစ်ပါး အကြောင်း ကို ပြောပြ ခဲ့ဖူးတယ် ။ ဆရာတော် ဒေါက်တာဉာဏဝရ က ကန့်ဘလူနယ် မှာ မွေးတယ် ။ တိပိဋက အောင်တယ် ။ အမေရိကန်ပြည်ထောင်စု ကို သာသနာပြု ကြွ သွားတယ် ။ ဟို ရောက်တော့ အအား မနေဘဲ တက္ကသိုလ် တက်တယ် ။ ပါရဂူဘွဲ့ ရတယ် ။
ဆရာတော် က တောင်သူလယ်သမား ရဲ့ သားသမီး ။ ကိုယ်ထူး ကိုယ်ချွန် ပြီး ထိပ်ဆုံး ကို တက်သွားတာ ။ တက် သမှ စာပေ ပိဋကတ် မှာ လည်း အမြင့်ဆုံး တိပိဋက ၊ တက္ကသိုလ်ပညာ မှာ လည်း ပီအိတ်ခ်ျဒီ ။ အဲဒီ ဆရာတော် ရဲ့ ဘဝ ကို စာရေးချင်တယ် လို့ ပြောပြီး စီစဉ်ပေးဖို့ ဆရာမာန်မြင့် ကို အကူအညီ တောင်းတယ် ။
၂ဝဝ၈ ခုနှစ် မှာ ဆရာတော် မြန်မာပြည် ကို ခေတ္တ ကြွလာခိုက် တွေ့ဆုံဖို့ ကြိုးစားကြပေမယ့် အဆင် မပြေဘူး ။
၂ဝ၁၁ ခုနှစ် မှာ ဆရာတော် ကြွလာခိုက် မှာတော့ တွေ့နိုင်အောင် ထပ် ကြိုးစားပါတယ် ။ ဆရာမာန်မြင့် ရဲ့ ဇနီး ဒေါ်ချစ်ကြည် က ဆရာတော် ကို ဆွမ်းကပ် တော့ ဖူးတွေ့ခွင့် ရတယ် ။
မြန်မာနိုင်ငံ ကို ခဏ သာ ကြွလာခိုက် ဖူးတွေ့ချင်သူတွေ က များတာမို့ ဧည့်သည် နည်းမယ့် ညပိုင်း မှာ တွေ့ဆုံခွင့် တောင်းပြီး ဆရာတော် လျှောက်လှမ်း ခဲ့တဲ့ ဘဝ ခရီး ကို မေးမြန်း လျှောက်ထားတယ် ။
ဆရာတော် က မန္တလေးမြို့ ၊ အိမ်တော်ရာဘုရား အနီး က ဒက္ခိဏဝန်တိုက် စဉ့်ကူးကျောင်း မှာ သီတင်းသုံး နေတယ် ။ ကျောင်း က ခပ်သေးသေး ပါ ။ နှစ်ထပ်ကျောင်း ။ အပေါ်ထပ် ဘုရားစင် ဘေးနား က ကြမ်းပြင် မှာ ဆရာတော် သီတင်း သုံးတယ် ။ ခုတင် တွေ ၊ မွေ့ရာ တွေ နဲ့ မဟုတ်ဘူး ။ ဖျာ ပေါ် မှာ ပဲ အာဂန္တု လို နေတာ ။
“ ဘုန်းကြီး က နာမည် ကြီးတာ ကြောက်တယ် ။ ခပ်လျှိုလျှို ပဲ နေချင်တာ ” လို့ တွေ့လျှင် တွေ့ချင်း မိန့်ကြားတယ် ။ ကျွန်တော် က ဆရာတော် ပညာ သင်ယူခဲ့ပုံ ကို ပထမ မေးလျှောက်ပါတယ် ။
“ ဘုန်းကြီး က နွေ ကျောင်းပိတ်ရက် ဆိုရင် သင်္ကန်း ဝတ်တာ ။ နွေ နှစ်လ ကျောင်း ပိတ်ရင် ကိုရင်ဝတ် ၊ ကျောင်း ပြန် ဖွင့်ရင် လူဝတ် လဲ ။ အဲဒီ ခေတ် က ကိုရင် ဆိုရင် တန်းကျောင်း တက်လို့ မရဘူး ။ ဘကြီး အရင်း ၊ အဖေ့ အစ်ကိုရင်း က လည်း ညောင်အိုင် ကျောင်း မှာ ဆရာတော် ။ ညောင်ပင် နဲ့ ရေအိုင်ကြီး ရှိလို့ ညောင်အိုင်ကျောင်း တဲ့ ဗျား ”
ဆရာတော် က ပေါ့ပေါ့ပါးပါး ပြောပြတာ မို့ ကျွန်တော် လည်း အနေ မကျုံ့ဘူး ။
“ ဘုန်းကြီးကျောင်း မှာ နေ ၊ လူဝတ် နဲ့ နေ့ကျောင်း တက် ၊ ဆွမ်းခံ ပြီး မှ ကျောင်း သွားတာ ၊ နွေကျောင်းပိတ် ပြန်တော့ ကိုရင် ဝတ် ၊ ပရိတ်ကြီး တို့ သဒ္ဒါသင်္ဂြိုဟ် တို့ သင် ၊ ကျောင်း ပြန် ဖွင့်တော့ လူဝတ် လဲ ၊ ဒီလိုနဲ့ ဆယ်တန်း အောင် သွားရော ”
ကျွန်တော် က ဆရာတော် ပြောတာ ကို စကားထောက် အနေနဲ့ “ မှန်ပါ့ဘုရား ” လိုက် ပေးတယ် ။
“ ဆယ်တန်း အောင်တော့ ဘုန်းကြီး ခုနစ်တန်း ၊ ရှစ်တန်း မှာ စာပြခဲ့တဲ့ ဆရာကြီး က အဖေ ၊ အမေ ကို ကူညီထောက်ပံ့တဲ့ အလုပ် တန်းရတယ် ။ ဘုန်းကြီး က သာသနာ့ ဘောင် ဝင်မယ်ပဲ ဆုံးဖြတ်လိုက်တာ ”
“ ဘကြီး ဘုန်းတော်ကြီး ကြောင့်လား ”
“ ဘုန်းကြီး ကိုယ်တိုင် က ဝါသနာ ပါတာ ။ ကျောင်းအိပ်ကျောင်းစား နေရတာ ပျော်တယ် ။ ကြီးကြီးကျယ်ကျယ် ပြောရရင် ပါရမီ ပါတယ် ပြောရမလား မသိပါဘူး ။ ကိုယ့် ဆရာရင်း ရယ် ၊ ကန့်ဘလူမြို့ရှေ့ကျောင်း က ဆရာတော်တွေ ရယ် ဆီ မှာ သဒ္ဒါ တို့ ၊ သင်္ဂြိုဟ် တို့ ၊ ဝိနည်း တို့ တက်တယ် ။ ကန့်ဘလူ မှာ ပဲ ပထမငယ် အောင်တယ် ”
“ ဘယ်နှခုနှစ်လဲ ဘုရား ”
“ ၁၃၃၁ ၊ ခရစ်နှစ် တော့ ဖလှယ် ကြည့်လိုက်တော့ ၊ ပထမငယ် အောင်ပြီး ရေဦး ချမ်းသာကြီးတိုက် ကို ရွှေ့ပြီး ၁၃၃၂ ခုမှာ ပထမလတ် ၊ ၁၃၃၃ ခု မှာ ပထမကြီး အောင်တယ် ။ ဓမ္မာစရိယ ကျတော့ မန္တလေး အနောက် ထီးလင်းတိုက် ၊ ရွှေဒင်္ဂါးကျောင်း မှာ သီတင်းသုံးပြီး ဖြေတာ ၊ မြန်မာဂုဏ်ထူး နဲ့ ပြီးတာပေါ့ ။ ဘုန်းကြီး ဓမ္မာစရိယ ပြီးတဲ့ နှစ် မှာပဲ မင်းကွန်းတိပိဋက ဆရာတော်ကြီး က မင်းကွန်းမိုးမိတ် မှာ တိပိဋက နိကာယ ကျောင်းကြီး စ ဖွင့်တာ ၊ ဖွင့်စ က သဲကုန်းကြီး ၊ ဘာ အပင် မှ မရှိဘူး ”
ကျွန်တော့် စိတ်အာရုံ က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် က မိုးမိတ်ကုန်းမြေ ကို မြင်ယောင် ကြည့်မိတယ် ။ ယခုတော့ သစ်ပင်ပန်းမန် တွေ ၊ အဆောက်အအုံ တွေ နဲ့ စည်ပင် နေပြီ ။
“ မဇ္ဈိမနိကာယ် လို့ ခေါ်တဲ့ ပိဋကတ် တစ်ပုံ ကို အာဂုံ ရော ၊ ရေးဖြေ ရော ပြီးတယ် ။ ဘုန်းကြီး က အင်္ဂလိပ်စာ လည်း ဝါသနာ ပါတော့ အင်္ဂလိပ်စာ လည်း လေ့လာတန် သလောက် လေ့လာဖြစ်တယ်ပေါ့ ”
“ ဘယ်လို လေ့လာသလဲ ဘုရား
“ မန္တလေး ဈေးချိုတို့ ၊ တရုတ်တန်း ညဈေးတန်း တို့က အင်္ဂလိပ်စာအုပ်တွေ ရှာဖွေ ဖတ်တာပေါ့ ။ ကျောင်းဆရာကြီး ပွဲကုန်းဦးလှဖေ က စဉ့်ကူးမြို့နယ် က သူ့ ဇာတိ ရွာ မှာ ဘုန်းကြီး ဝတ်ပြီး အင်္ဂလိပ်စာ သင်ပေးတယ် ။ အဲဒီ သွားပြီး အင်္ဂလိပ်စာ ကို နေ့ရောညပါ လေ့လာတယ် ။ နောက် တစ်နှစ် ကျတော့ ရေးတတ်ဖတ်တတ်တော့ အတော်လေး ရှိပြီ အပြောလေး ကျင့်ဦးမှပဲ ဆိုပြီး နွေကျောင်းပိတ်ရက် မှာ နန်းတော် ရှေ့ က ဖောင်တော်ဦးကျောင်း ဦးနာယက ၊ ဦးဇောတိက တို့ ဆီမှာ သွား စားပြီး ရွှေကျောင်းကြီး လာသမျှ တိုးရစ်တွေ ကို ဘရုတ်ကင်းအင်္ဂလိပ် နဲ့ စ ပြောတော့တာပဲ ၊ စပီကင် ပရိုက်တစ်ပေါ့ ”
“ အဲဒီ အချိန်က နိုင်ငံခြား ကြွဖို့ ရည်ရွယ်ချက် ရှိပြီလား ”
“ လုံးဝ မရှိဘူး ။ အဲဒီလိုနဲ့ မကြာခင်ပဲ တိပိဋက ရေးဖြေ အောင်တယ် ။ မင်းကွန်း ဆရာတော် ဘုရားကြီး ကလည်း သာသနာ့ တက္ကသိုလ်ကြီး ဖွင့်တယ် ။ ကိုယ် က အင်္ဂလိပ်စာ အခြေခံ လည်း ရှိ ၊ ပိဋကတ်သုံးပုံ လည်း အောင်ခဲ့တော့ မန္တလေး သာသနာ့ တက္ကသိုလ် မှာ ဆရာ လုပ်ရတာ သုံးနှစ် ကြာတယ် ”
“ ဘယ်ဌာနလဲ ဘုရား ”
“ အင်္ဂလိပ်စာဌာန ၊ ဘွဲ့ ရှိလို့ မဟုတ်ဘူး ၊ ကိုယ် ကိုယ်တိုင် လေ့လာထားတာ နဲ့ ခန့်တာ ။ ဌာနမှူး ။ အဲဒီ ခေတ် ကတော့ ပြည်တည်စကိုး ။ ဘုန်းကြီး နဲ့ လုပ်ဖော်ကိုင်ဖက် ကတော့ မဟာဝိဇ္ဇာဦးမြင့်ဆွေ တို့ ၊ ဒေါက်တာဦးမျိုးမြင့် တို့ ”
“ အမေရိကန် သွားဖို့ အကြောင်း ပေါ်တာ ကကော ဘုရား ”
“ အဲဒီ အချိန်မှာ ဘုန်းကြီး ရဲ့ သူငယ်ချင်း ၊ ယခု အယ်လ်အေ မှာ ဗြဟ္မဝိဟာရ ကျောင်း ကျောင်းထိုင် ဆရာတော် ဖြစ်နေတဲ့ ဦးဧသက က ဘုန်းကြီး နဲ့ အတူတူ အင်္ဂလိပ် စာ လေ့လာ နေတာ ။ သူ့ ကို အမေရိကန် လွှတ်ဖို့ တန့်ကြည့်တောင် ဆရာတော် က ရွေးပြီးသား ။ သုံးပါး ပို့ရမှာ ဟိုမှာ တစ်ပါး ရောက်နှင့် နေပြီ ။ နောက် တစ်ပါး လိုသေးလို့ ဆရာတော် က မေးတာနဲ့ ဦးဧသက က ဘုန်းကြီး အကြောင်း ကို လျှောက်တယ် ။
တန့်ကြည့်တောင် ဆရာတော် က ပင့်ခဲ့စမ်းပါ လို့ အမိန့် ရှိတော့ သူငယ်ချင်း နှစ်ယောက် သွားကြတာပေါ့ ”
ဆရာတော် က ပြောလက်စ စကား ကို ခဏ ရပ်တယ် ။ ပြီးမှ ဆက် ပြောတယ် ။
“ ဒီနေရာမှာ ဆရာသမား ရဲ့ အရှိန်အဝါ ကြီးမားပုံ ကို ဘုန်းကြီး လက်တွေ့ ခံစားရတယ် ။ ကိုယ်တော် က မင်းကွန်းတိပိဋက ဆရာတော်ကြီး ရဲ့ တပည့် လည်း ဖြစ်တယ် ။ စာရိတ္တ နဲ့ ပညာရေး အနေ နဲ့ ပြောစရာ မလိုဘူးတဲ့ ။ သုံးလလောက် နေတော့ စပွန်ဆာ ရောက်လာတာပဲ ။ အဲဒီကျမှ အမေရိကန် မပြော နဲ့ ၊ ထိုင်း ရောက်ဖို့ တောင် အိပ်မက် မမက်ဖူးတဲ့သူ အမေရိကန် ရောက်သွားတာပဲ ”
“ ဘယ်အချိန် လောက်ကလဲ ဘုရား ”
“ ၁၉၉၁ ခု ၊ ဧပြီ ၊ ယခုဆို နှစ် ၂ဝ ကျော် သွားပြီ ။ တန့်ကြည့်တောင် ဆရာတော် သာ သာသနာ စိတ် မရှိရင် သူ နဲ့ နီးစပ်သူ ကို ပို့လို့ရတယ် ။ ဘုန်းကြီး နဲ့ အဲဒီကျမှ သိတာ ။ ဘုန်းကြီး လည်း ကံ ပါလို့ပေါ့လေ ”
“ အရှင်ဘုရား ကို ဗေဒင် လက္ခဏာဆရာတွေ က နိုင်ငံခြားဇာတာ ပါတယ် ဆိုတာမျိုး ဟောဖူးသလား ဘုရား ”
“ ဒကာကြီး ၊ ပုဂ္ဂိုလ်တိုင်း ၊ ပုဂ္ဂိုလ် တိုင်းမှာ Personal charator ( ပင်ကိုစရိုက် ) ရှိကြတယ် ။ ဘုန်းကြီး က ဗေဒင် တို့ ၊ ယတြာ တို့ လုံးဝ ဝါသနာ မပါဘူး ။ သူတို့ ကို မှားတယ် ပြောတာ မဟုတ်ဘူးနော် ။ တစ်သက် နဲ့ တစ်ကိုယ် ဗေဒင် နှစ်ခါပဲ အဟော ခံရ ဖူးတယ် ။ အဲဒါ ဘုန်းကြီး က မေးတာ မဟုတ်ဘူး ။ ဗေဒင်ဆရာကြီးတွေ က ဟောပါရ စေ ဆိုပြီး ဟောတာ ။ အဲဒီမှာ နိုင်ငံခြား သွားရမယ်လို့ ဘယ်သူ ဟောတာ မှ မပါဘူး ”
“ နိုင်ငံခြား ရောက်တော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေ လည်း ပြောပါဦးဘုရား ”
“ နည်းနည်းကျဉ်းကျဉ်းပါပဲ ။ ကျောင်း နဲ့ ဆွမ်းဒကာ ၊ ဒကာမတွေ ကရော ရေကန်အသင့် ကြာအသင့် ပါပဲ ။ ဒါပေမဲ့ ဒီမှာ သင် သွားတဲ့ အင်္ဂလိပ်စာ က မြန်မာ အင်္ဂလိပ်ကိုး ။ ဟို ရောက်တဲ့ အခါ ကျတော့ ကိုယ် ပြောတာ မြန်မာအင်္ဂလိပ် ”
“ ငါးပိသံ ပေါက်နေတာပေါ့ ”
“ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဒကာကြီး ပြောတဲ့ အတိုင်း ပဲ ။ ကိုယ့် ငါးပိသံ ကို သူတို့ နားမလည်လို့ အတော့် ကို ပြင်ယူရတယ် ။ အစပိုင်း မှာ ခက်ပေမယ့် ကြာတော့ လွယ်လာတာပဲ ”
“ တရားဝင် နေထိုင်ခွင့် ကိစ္စတွေကော ”
“ သွားတုန်းကတော့ အလည်ပဲ ။ သုံးနှစ်ကျော် ကြာလာတော့ အမေရိကန် နေထိုင်ခွင့် ဂရင်းကတ် လျှောက်ပေးကြတယ် ၊ ၁၉၉၅ ခုနှစ် မှာ ဘုန်းကြီး ရတယ် ”
“ ဟိုမှာ တက္ကသိုလ် တက်ဖြစ်တဲ့ အကြောင်း ကို လည်း မိန့်ပါဦး ဘုရား ”
“ ကယ်လီဖိုးနီးယား မှာ တရားဝင် နေထိုင်ခွင့် တစ်နှစ် ပြည့် မှ ကျောင်းလခ က သက်သာတာ ။ မဟုတ်ရင် နိုင်ငံခြားကျောင်းသား ကျောင်းလခ ပေးရတာ ၁၂ ဆ ၊ ၁၃ ဆ လောက် ကွာတယ် ။ ဘုန်းကြီး ဂရင်းကတ် ရပြီး တစ်နှစ် ပြည့်တော့ ဘုန်းကြီး တို့ အနီးအနား က စစ်ထရပ် ( Citrus ) ကောလိပ် တက်တယ် ။ နှစ်နှစ် ကောလိပ် ပေါ့ ။ ဥပစာကောလိပ်ပေါ့လေ ။ သူတို့ ရဲ့ ထုံးတမ်းစဉ်လာ အရ အသက် ၁၈ နှစ် ကျော်ရင် မည်သူမဆို ကောလိပ် တက်လို့ရတယ် ။ တက်ချင်တဲ့ ပုဂ္ဂိုလ် ဝင်ခွင့် စာမေးပွဲ ဖြေ ”
“ အရှင်ဘုရားတို့ ဘယ်လို ဖြေရသလဲ ”
“ အင်္ဂလိပ်စာ နဲ့ သင်္ချာ ဖြေရတယ် ။ အဲဒီတုန်းက ကွန်ပျုတာ လည်း စ ပေါ်နေပြီ ။ ခုဖြေ ခု အဖြေ ထွက်တယ် ။ သုံးလေးနှစ် လောက် ကြာတော့ အေအေ ( Associate of Arts ) နဲ့ အေအက်စ် ( Associate of Science ) နှစ်ဘွဲ့ ရတယ် ။ ကယ်လီဖိုးနီးယား စတိတ် ယူနီဗာစီတီ တက်ပြီးတော့ ဘီအေဘွဲ့ ရတယ် ”
“ အဓိက ယူတဲ့ ဘာသာရပ် က ဘာလဲ ဘုရား ”
“ Comperative of Religion ကိုးကွယ်မှု ဘာသာ အယူဝါဒ တရားများ နှိုင်းယှဉ် လေ့လာခြင်း ပေါ့ ။ လောင်းဘိချ်တက္ကသိုလ် မှာ အမ်အေ ဆက် တက်တယ် ”
ဆရာတော် ပြောကြား နေချိန် မှာ ကျောင်း အပြင်ဘက် က ဇီးကွက် အော်သံတွေ ကြားရတယ် ။ မိုးချုပ်ပြီ ။ ဒါပေမဲ့ ကျွန်တော် က မေးခွန်း တချို့ဆက်ပြီး မေးလျှောက် ချင်သေးတယ် ။
“ သီတင်းသုံး နေတဲ့ နေရာနဲ့ တက္ကသိုလ် တက်ရတဲ့ မြို့တွေ က နီးရဲ့လား ဘုရား ”
“ ပထမ စ တက်တဲ့ ကျောင်း က သုံးမိုင် လောက် ဝေးတယ် ။ ဘီအေ တက်တဲ့ ကျောင်း က ၂၇ မိုင် ဝေးတယ် ။ အမ်အေ တက်တဲ့ ကျောင်း က ၃၅ မိုင် ဝေးတယ် ”
“ ဘာနဲ့ တက်လဲ ”
“ ကား နဲ့ ၊ ကိုယ့် ဟာ ကိုယ် မောင်း ရတာ ။ ဟို နိုင်ငံ မှာ က လူအား မရှိဘူး ။ လိုက် ပို့မယ့် သူ မရှိဘူး ။ လမ်းတွေ လည်း ကောင်း ၊ ကား လည်း ကောင်းတယ် ။ ပီအိတ်ခ်ျဒီ တက် တဲ့ ကျောင်း က နီးပါတယ် ။ ယူနီဗာစီတီအော့ဖ်ဝက်စ် ”
“ အရှင်ဘုရား က မြို့ကြီးပြကြီး မှာ မွေးဖွား ကြီးပြင်းခဲ့ရတာ မဟုတ်ဘူး ။ ဒါပေမဲ့ ပိဋကတ် စာပေ မှာ အမြင့်ဆုံး အဖြစ် တိပိဋက အောင်တယ် ။ အမေရိကန် တက္ကသိုလ် က ပီအိတ်ခ်ျဒီ အောင်တယ် ။ အရှင်ဘုရား က ဉာဏ် ကောင်းတာလား ၊ ဝီရိယ ကောင်းတာလား ”
“ သွားပါများ ခရီးရောက် ၊ ပီအိတ်ခ်ျဒီ ပြီးအောင် ၁၁ နှစ် ကြာတယ် ။ ဝီရိယ ပေါ့ ။ ပညာ ကို ဝါသနာ လည်း ပါတယ် ။ အဲဒီ နိုင်ငံ မှာ ကောင်းတာက အသက် ကြီး လည်း ကျောင်း သွားလို့ ရတယ် ။ ဘုန်းကြီး အမ်အေ တက်တော့ စာသင်ခန်း ထဲ ကိုယ် အသက် အကြီးဆုံး ဖြစ်မယ် ထင်တာ ။ အဲဒီတုန်းက ကိုယ့် အသက် က ၅၀ ကျော် ၊ အမ်အေ ဆိုတော့ ကျောင်းသား လည်း နည်း သွားပြီ ။ ဘုန်းကြီး ယူတဲ့ ဘာသာ ကလည်း ဘာသာ အခြောက် ၊ အတန်း ထဲ မှာ ခုနစ်ယောက် လား ပဲ ရှိတယ် ။ ဂျူးအဘိုးကြီး တစ်ယောက် က ၇၃ နှစ် ၊ အမေရိကန်မကြီး တစ်ယောက် ၆၅ နှစ် ၊ ဘုန်းကြီး ဘာ သဘောကျသလဲ ဆိုတော့ အဲဒီ နိုင်ငံ မှာ ပညာလို အိုသည် မရှိ ”
ဆရာတော် က ဆက် မပြောသေးဘဲ စကား ကို ခဏ နားတယ် ။ မိုးချုပ် ပြီမို့ ပြင်ပ မှာ တိတ်ဆိတ် နေပြီ ၊ ဒက္ခိဏဝန် ကျောင်းတိုက် က လမ်းမကြီးတွေ နဲ့ အလှမ်း ဝေးလို့ ကားသံ လူသံ ဆူညံမှု လည်း မကြားရတော့ဘူး ။ ဆရာတော် က ပြောလက်စ စကား ကနေ စကားဆက် ကို ဆက် ပြောတယ် ။
“ အဲဒီ နိုင်ငံ မှာ အချိန်မရွေး ကျောင်း သွားလို့ရတယ် ။ မနက်ပိုင်း မအားလည်း ညနေ သွား ။ ဘုန်းကြီး က ည ၇းဝဝ နာရီ က ည ၁၀းဝဝ နာရီ အတန်းတွေ တက်တာ ။ အတန်းတွေ က မနက် ၈းဝဝ နာရီ က ၁ဝးဝဝ နာရီ ဖွင့်တာ ။ ကိုယ် အဆင်ပြေတဲ့ အချိန် ၊ ကိုယ် တက်ချင်တဲ့ အတန်း ဝင် တက်လို့ ရတယ် ”
“ အရှင်ဘုရား က ပညာရေး လည်း အားပေးတယ် လို့ သိရတယ် ။ အရှင်ဘုရား ရဲ့ ဇာတိရပ်ရွာ မှာ စာသင်ကျောင်း ကို လှူတာ ငွေကျပ် သိန်းပေါင်း ၁၂ဝဝ ကျော်ပြီ လို့ တပည့်တော် သိရပါတယ် ”
“ ညောင်အိုင် မှာ ၁၉၉၂ ခုနှစ် က စပြီး မြေဝယ် ၊ စာသင်ကျောင်း ဆောက်တယ် ။ ခုဆိုရင် ကျောင်းဆောင်တွေ ဆောက်လှူ ထားတာ လေးဆောင် ရှိပြီ ။ အထက်တန်း ကျောင်း ဖွင့်မယ် ဆိုရင် တောင် လုံလောက်တယ် ။ အဆင်သင့်ပဲ ။ အစိုးရ က ခန့်ထားတဲ့ ကျောင်းဆရာတွေ ရှိသလို ဘုန်းကြီး က ဆရာ ရှစ်ယောက် ထပ် ငှားပေး ထားတယ် ။ နိုင်နိုင်နင်းနင်း ရှိတာပေါ့ ။ ဘုန်းကြီး က လူမှုရေး အလှူ ကို ပို အလေးထားတယ် ”
▢ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment