Tuesday, April 29, 2025

လန်းဖိုင်စာသိုက် ( ၁၀ )


 

❝ ကြက်သ,တ်သမား ဖြစ်ပြန်ပြီ ❞

“ ပွဲခတော့ ငါးရာ ပေးရမယ်နော် ”

“ တစ်ခါတည်း ပေးရမှာ လား ”

“ မဟုတ်ဘူး အလုပ် က လက်ခံပြီးဆိုမှ ပေးရမှာ ”

“ လစာက ”

“ တစ်လ နှစ်ထောင့်ငါးရာ စပေးမယ် ။ အချိန်ပို ရှိတယ် ။ နေစရာ ပေးလိမ့်မယ် ”

“ စားတော့ကော ”

“ စုပြီး ချက်စားပေါ့ ။ ဟိုမှာ မြန်မာသုံးယောက် ရှိတယ် ။ သူတို့ နဲ့ စားလေ ”

ကျွန်တော် သဘော တူလိုက်ပြီ ။

အလုပ် လိုက်သွင်းပေးမှာ က ကု,လားတစ်ယောက်ပါ ။ အီစွက် လို့ ခေါ်သည်  ။

သူ က ( SOI MAHARTHAI ) ဆွိုင်မဟာထိုင်လမ်း မှာ လက်တွန်းလှည်း ကလေး နဲ့ ရိုတီပလာတာ ရောင်းသည် ။ တွေ့နေ မြင်နေတာတော့ ကြာပြီ ။ သန့်စင် မိတ်ဆက် ပေးလို့ပါ ။ မော်လမြိုင် မှာ နေတယ်လို့ သိရ၏ ။ ရွယ်တူ လည်း ဖြစ် စကားပြော လည်း ခပ်အေးအေး မို့ ခင်ဖို့ ကောင်းပါသည် ။

ပထမ သူ ခေါ်တာကတော့ ပလာတာ ရောင်းဖို့ ခေါ်တာပါ ။

“ ပလာတာ တော့ မရောင်းရဲဘူး ။ ပတ်စ်ပို့ဒ် မရှိဘူးဗျ ”

“ ဘာဖြစ်လဲ ဘင်္ဂလားဒေ့ရှ် စာအုပ် ကိုင်ပေါ့ ။ ကျွန်တော် လုပ်ပေးမယ် ”

“ ဟာ မလုပ်ရဲဘူး ” 

သူ က တွက်ပြပါတယ် ။

“ ခင်ဗျား ကို ခင်လို့ ပြောတာပါ ။ ဒီ ရိုတီ ရောင်း တာ တစ်နေ့ ကို ဘတ် သုံးရာ လောက် မြတ်တယ်ဗျ ။ ခင်ဗျား အိမ်ခန်း ငှားတာ တစ်လ မှ ရှစ်ရာ ၊ ဗီဇာ ခက တစ်လ သုံးထောင် ၊ စားတာ သောက်တာ နုတ် လိုက်ဦး ။ ခင်ဗျား အတွက် လေး ငါးထောင် အသာလေး ”

“ ဟင့်အင်း ကျွန်တော် မရောင်းရဲဘူး ရှက်လို့ မဟုတ်ဘူး ။ ရဲ ကြောက်လို့ ”

ဒါဆိုလည်း သဘောပဲ တဲ့  ။ အဲဒီ နောက်တော့ သူ က သူ့ အိမ် လိုက်လည်ဖို့ ခေါ်လို့ သန့်စင် နဲ့ သွားလည်ကြ ပါသည် ။ ကျူးကျော်ရပ်ကွက်လေး ထဲ မှာ အခန်း ငှားပြီး နေတာပါ ။ သူတို့ စုစုပေါင်း လေးယောက် လောက် ရှိသည် ။ နှစ်ယောက် တစ်ခန်း ငှားနေကြပါသည် ။ အိမ်ရှင် မှာ လည်း ဖုန်းတွေ ဘာတွေ ရှိသည် ။ တစ်ခါ ဖုန်း လာရင် ငါးဘတ် ပေးရ၏ ။ မဆိုးလှ ပါ ။ တော်တော် သုံးနိုင်စွဲနိုင်မယ့်ပုံ ပေါ်ပါတယ် ။ ဒါပေမဲ့ ကျွန်တော် မရောင်းရဲဘူး ။ သူ က လှည်း လည်း ပေးမယ် ၊ ရောင်းရမယ့် လမ်း လည်း ပြ ပေးမယ် ၊ ဘင်္ဂလားဒေ့ရှ် စာအုပ် လည်း ပေးမယ် ။ ရိုတီ လုပ်နည်းရော ၊ ရိုက်နည်းပါ သင်ပေးမယ် ။ အတူ နေခွင့် ပြုမယ် ။ သူ့ ကို ဘတ် ခြောက်ထောင် ပဲ အရစ်ကျ ဆပ်ပါတဲ့ ။ ရဲ လုံးဝ မဖမ်းစေရဘူးဆိုပဲ ။ ပတ်စပို့ဒ် မှာ ကျွန်တော် ပုံ နဲ့ ဖြစ်စေရမယ် ။ ကိုယ်တိုင် နယ်စပ် မှာ ဗီဇာ သွားယူရမယ် တဲ့ ။ တယ် ဟုတ်ပါလား ။

နောက်တော့ ကြက်စက်ရုံ မှာ အလုပ် ပေါ်လို့ ကျွန်တော့် ကို လိုက်ပို့ ပေးပါတယ် ။

' စမုတ်ပကာ ' လို့ ခေါ်တဲ့ မြို့ မှာ လုပ်ရမှာပါ ။ စက်မှုလက်မှုမြို့တော် ဖြစ်ပါတယ် ။ ကား တော့ တော်တော် စီးရသည် ။ အဲဒီမှာ လုပ်နေသည့် ကု,လားသုံးယောက် ရှိသည် ။ ကရင်ပြည်နယ် ရွှေဂွန်း ဖက် မှ ဖြစ်သည် ။ လူငယ် တွေပါ ။ အကြီးဆုံး က မှ အသက်သုံးဆယ် ပဲ ရှိသေးသည် ။ နာမည်က ' အခါ ' တဲ့ ။ သူ က သွင်းပေးတာပါ ။ အလုပ် က ညနေ လေးနာရီ မှ စ ဆင်းရသည် ။ ည နှစ်နာရီ အထိ ။ ဝဏ္ဏ က တရုတ် ဖြစ်ပါတယ် ။ ပိုင်ရှင် ကတော့ မူဆလင် ပါ ။ စက်ရုံ က အလုပ်သမား အများစု ဟာ လည်း မူဆလင်တွေ များ ပါသည် ။ စက်ရုံ ကို နေ့ ၊ ည နှစ်ပိုင်း ခွဲထားသည် ။ ကျွန်တော်တို့ က အကြမ်းသမားတွေ ၊ ညဘက် လုပ်ရပါတယ် ။

လေးနာရီ မှာ ယူနီဖောင်း ဝတ်ပြီး အလုပ်ခွင် ထဲ ဝင်ရပါပြီ ။

ကြက်ကားတွေ က ကြက်တွေ ကို ခြင်းတောင်း ထဲမှာ ထည့်ပြီး အဆင်သင့် စောင့်နေသည် ။ အပေါ်က ဆွဲချ နှစ်ယောက် ၊ အောက် က လည်လှီ းမယ့် နေရာ ကို ဆွဲပို့သမား ခြောက်ယောက် ၊ လည်လှီးသမား က လေးယောက် ၊ ရေနွေးအိုး ထဲ ထည့်သူ ၊ မွှေသူ ၊ ဆယ်သူ ၊ အမွေးနုတ်သူ ၊ ခုတ်သူ ၊ သယ်သူ ၊ ကြက်ခြင်းတွေ ပြန် ယူသွား သူ ၊ ရေခဲခွဲသူ ဆိုပြီး လူ လေး ဆယ်လောက် စုပေါင်း လုပ်ကြပါတယ် ။ ကြက်ကား တစ်စီး မှာ ၊ ကားအသေး ဆို ကြက်ခြင်း နှစ်ရာ ပါပြီး တစ်ခြင်း ကို ရှစ်ကောင် နဲ့ ဆယ်ကောင် ပါတတ်သည် ။ တစ်နေ့ ကို ကား လေးစီး ပုံမှန်ရှိသည် ။ ညနှစ်နာရီ ဆို အလုပ် သိမ်းပြီး နားရက် ပေးပါတယ် ။ ပိတ်ရက်တော့ မထားပေ ။

စုပေါင်း လုပ်ရတာမို့ ပင်ပန်းသည် ဟု မထင်ရပေ ။

ကျွန်တော် စ လုပ်ရတာက ကြက်လည်လှီးသမား ဆီကို ကားပေါ်က ချလာတဲ့ ကြက်ခြင်း ကို လွယ်လွယ် ယူနိုင်အောင် ဆွဲကပ် ပေးရ၏ ။ လေးခြင်း ကို တစ်တန်း ထားပြီး တစ်ခါ ကပ်လျှင် နှစ်တန်း ကပ်ပေးရသည် တစ်ခြင်း ကုန်လျှင် လှီးသမား က တွန်းချလိုက်တာ နဲ့ နောက် တစ်ခြင်း အဆင်သင့် တင်ပေးရသည် ။ မြန်သည် ။ ကြက် တစ်ကောင် ကို သုံးစက္ကန့် နဲ့ လှီးပြီးသား ။ ပြီးလျှင် ဒယ်အိုး အကြီးကြီးထဲ ပစ်ထည့်လိုက်သည် ။ ကြက်ကတော့ ဆွေ့ဆွေ့ခုန် နေမြဲ ။ ခုန်တာ ရပ်သွားသည် နှင့် ရေနွေးသမား က ခြေ က ကိုင်ပြီး ရေနွေး ထဲ ပစ်ထည့်သည် ။ ခဏ ကြာလျှင် အထူး ပြုလုပ်ထားသည့် လက်အိတ်ကြီး နဲ့ ဆယ်ပြီး အမွေးနုတ်သမား ဆီ ပို့ ၊ အမွေးနုတ်သမား က စက် ထဲ ထည့်လိုက်ရုံ ။ သူ့ ဟာ သူ စက် က ရိုက် ချွတ် ပြီးတာနဲ့ အပေါက်လေး က နေ အသားချွတ် တဲ့ ဆီ လျှောခနဲ သွားပါလေရော ။ ခုတ်သမားတွေက ကြက်အရွယ်အစား ကို ကြည့်ပြီး အကောင် လိုက် ထားဖို့ ဆိုလျှင် ကလီစာ ထုတ်ပြီး ရေခဲသမား ဘက် ပို့၏ ။ အသားခုတ်ဖို့ ဆိုလျှင် အသားခုတ်သည် ။ အရိုး ဖယ်သည် ။

အဆင့်မြင့်ဆုံး က လည်လှီးသမားပါ ။ လစာ လည်း အကောင်းဆုံး ဖြစ်သည်  ။ သောင်းနဲ့ ချီ ရသည် ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ကို လှီးခွင့် မပြု ။ မူစလင် ထဲ မှာ တောင် ဘာသာရေး တော်တော် လေးနက်သော သူ ကို မှ လှီးခွင့် ပေးတယ်လို့ ပြောပါတယ် ။

နေ့ အလုပ်သမားတွေ က ည က လုပ်ထားတဲ့ ကြက်တွေ ကို အသားထုပ်ပိုးတဲ့ လူ က ထုပ်ပိုးသည် ။ အသားလုံး ကြိတ်တဲ့ သူ က ကြိတ်သည် ။ အကောင်လိုက် ပါကင်ထုပ် တဲ့ လူ က ထုပ်သည် ။ တောင်ပံရိုး ၊ ပေါင် ၊ ခေါင်း နဲ့ လည်ချောင်း သက်သက်စီ ခွဲထားပြီး ပါကင် တွေ ထုပ်ကြသည် ။ ည အလုပ်သမား တွေ အတွက် ကောင်းတာက ကြက် ကို အချိန်မရွေး စားနိုင်ခြင်းပင် ။ ရေနွေးသမား က ' ဝဏ္ဏ ' အခြေအနေ ကို ကြည့်ပြီး စားလို့ ရသည့် အခြေအနေ အထိ ပြုတ်သည် ။ ပြီးလျှင် ကြက်မွေး သွန်သည့် ခြင်းထဲ ပစ်ထည့် ပေးလိုက်ပါ၏ ။ ကျွန်တော်တို့ က သယ်ပြီး ချောင် ထဲ သွား ပို့ထားရုံသာ ။ ဆာ တဲ့ လူ က သွား ဖဲ့စားပါ တယ် ။ ကြာတော့ မုန်းပြီး ။ မစားချင်တော့ပေ ။ ရာမား ( စိတ်ကြွဆေးပြား ) ထိတဲ့ နေ့ ဆို ပို ဆိုးပြီးပေါ့ ။ ရေခဲ သာ ကိုက် နေဖြစ်တော့သည် ။

ရာမား ထိတာက ကားသမားတွေ ကြောင့်ပါ ။

သူ က သူ့ ကား ပေါ်က ကြက်ခြင်းတွေ မြန်မြန် ချချင်တဲ့ အခါ ကျွန်တော်တို့ လက် ထဲ ကို ဆေးပြားကလေး နှစ်ပြား ပေးလိုက်သည် ။ ရှစ်စိတ် စိတ်ပြီး တစ်ယောက် တစ်စိတ် ကို ရေခဲရေ နှင့် ချ လိုက်လျှင် ငါးမိနစ် အတွင်း စူပါပါဝါ တွေ ဝင်လာတော့သည် ။ ပုံမှန် နှစ်နာရီ လောက် မှ ပြီးမယ့် ကိစ္စ ဟာ တစ်နာရီစွန်းစွန်း မှာ ပြီးသွားမြဲ ။ ' ဝဏ္ဏ ' ကတော့ မိရင် ထုတ်ပစ်မယ် ။ ရဲလက် အပ်မယ်လို့ ခဏခဏ ကြိမ်းသည် ။ သို့သော် ကြက်ကား လာပြီ ဆိုရင် သူ ဘယ်တော့ မှ အနား မလာပါ ။ များသောအားဖြ င့် တတိယကား နဲ့ စတုတ္ထကားတွေ က ရာမား ပေးတာ များသည် ။ ဆယ့် နှစ်နာရီ ကျော်နေပြီမို့ မြန်မြန် ပြီးချင်ကြသည် ။ ကျွန်တော်တို့ ဝုန်းဝုန်းဒိုင်းဒိုင်း အားသွန်ခွန်စိုက် လုပ်ပြီ ဆိုရင် လည်လှီးသမားတွေ လှမ်းလှမ်းဆဲသည် ။ ထိုအခါ ကားသမား က သူတို့ လေးယောက် အတွက် ဖန်တီးပေး ရသည် ။ ဒါမှ တက်ညီလက်ညီ မှာ ကိုး ။

တစ်ခါတလေ စတုတ္ထကြက်ကား ဝင်မလာတာမျိုးလည်း ရှိတတ်သည် ။ အချိန်ပို ရကြသည် ။ ဗိုက် ဆာရင် ကြက်ပြုတ် စားခွင့်ပြုသည် ။ အမျိုးသမီးတွေ က တော့ ပြန်ချင် လည်း ပြန်နိုင်သည် ။ လည်လှီးသမား လည်း နှစ်ယောက် ရှိရင် ရသည် ။ လက်တည့်စမ်းမည့် လည်လှီးသမား တွေ အတွက်တော့ လက်သွေးခွင့် ရလေပြီ ။

ကျွန်တော် လည်း မုဆိုးနား နီး နေလို့ မုဆိုး ဖြစ်ခဲ့ပြီ ။

မိဘတွေ သာ မြင်ရင် လဲသေ သွားမလား မဆိုနိုင်ပေ ။ ဝက်မွေး ၊ ဘဲမွေး ၊ ကြက်သ,တ် နဲ့ အကုသိုလ် အလုပ် တွေ ထဲမှာ နစ်မျော နေမိပြီ ။ ကိုယ်တိုင် သ,တ်တာ မဟုတ်ပေမယ့် ကြံရာပါပဲ မဟုတ်လား ။ လည်လှီးသား တွေ ရှေ့ ကို ကြက်ခြင်းတွေ အရန်သင့် စီမံပေးရတာလေ ။ လုပ်စ မှာ တော့ ကြက်တွေ ဓားဒဏ်ရာ နဲ့ တွန့်တွန့်လူး ဖြစ်နေတာ ကြည့်ပြီး စိတ် မချမ်းမြေ့ ဖြစ်ရသည် ။ ကြာတော့ အမြင် ရိုးသွားပြီ ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ။ တကယ် ဆို ဒီလောက် ငွေ ရှာ ခက်နေမှ တော့ အိမ်ပြန်သင့် နေပြီ မဟုတ်လား ။ အလကားပါ ။ ဘယ် အိမ်ပြန်မလဲဗျာ ။ တစ်မိနစ် လောက် တောင် အိမ် ပြန်ဖို့ စိတ် မကူးမိပါ ။ ကိုယ့် ကိုယ် ကိုယ် လူ ကံကောင်းကြီးတွေ လို့ မြင်နေလျက်ပင် ။ ထိုင်းနိုင်ငံ မှာ က တစ်မိနစ် စော ရောက်တဲ့ သူ က နောက် ရောက်တဲ့ သူ ရဲ့ ဆရာ ပဲ ။ ပျင်း ၊ ပျော် ၊ ပျက် ၊ ပြေး ဆိုတဲ့ စကားလည်း ရှိသည်  ။ ရောက်ခါစ ကတော့ ပျင်းသည် ။ ဘ မှ လုပ်ကိုင်စားသောက်ချင်စိတ် မရှိ ။ နည်းနည်း ကြာ တော့ မှ ပျော်စရာ လေးတွေ မြင်လာ၏ ။ လစာထုတ်ရက် မှာ ရုပ်ရှင်တို့ ဈေးတို့ ပန်းခြံတို့ သွားစ လာစ ရှိရင်း အချိန် ကုန်လို့ ကုန်မှန်း မသိကြတော့ ။ သူ့ ငွေ ကို ကိုယ့် ငွေ နဲ့ မတွက်ချင်တော့ ။ ဆေးလိပ် ဆိုလည်း ခဲပြီးသား ။ အဝတ်အစား ဆို လည်း ဝယ်ပြီးသား ။ အလည်အပတ် ဆိုလည်း လစ်ပြီးသား ။ ပိုက်ဆံ ကို ပင်ပင်ပန်းပန်း ရှာနိုင် သလို ချောင်ချောင်ချိချိ သုံးဖို့ လည်း လွယ် သွားရော ။ အဲဒါ ပျက်ခြင်းပင် ။ ပျက်ရင်း ပျင်းရင်း အဖတ်ဆယ် လို့ မရ ရင် ပြေးရဦးမည် ။ ကျွန်တော့် အခြေအနေ က ပျက်တဲ့ အခြေအနေ ပါ ။

ဒီ ကြက်သ,တ်ရုံမှာ ဝင် လုပ်နေပေမယ့် ဒီ လစာ နဲ့ ဒီ အလုပ် ဟာ ယာယီ သဘောပါ ။ တစ်လ မှ နှစ်ထောင့် ငါးရာ ရသည် ။ စားစရိတ် က ခုနစ်ရာ ၊ အခန်းခ က နှစ်ရာ ထည့်ရသည် ။ ညဖက် မှာ အားလပ်ချိန် ပေးတုန်း ဝယ် စားတာ က ရှိသေး၏ ။ ဘာ ကျန်မှာ လဲ ။ ကြက်သား ကောင်းကောင်း စားရ ဘာသာ အဖတ် တင်သည် ။ ကျန်သည့် သုံးယောက် လည်း ဒီလိုပါပဲ ။ လစာ ရလာရင် ကက်ဆက်လေး ဝယ်လိုက် ၊ ဘောင်းဘီလေး ဝယ်လိုက် ၊ အကြွေး ဆပ်လိုက် နဲ့ လုံးလည်ချာလည် လိုက်နေကြမြဲ ။ ဒီ ကြားထဲ ရဲ လာမယ်လို့ သတင်း ကြားရင် လေး ၊ ငါးရက် နားရပြန်ရော ။ အလုပ် ဆင်းလျှင် တိုင်းကတ် ( Time Card ) နဲ့ ဆင်းရတာ ဆိုတော့ နားရ တဲ့ ရက်တွေ မှာ ဘယ် ပိုက်ဆံ ရမလဲ ။

ဒီလိုနဲ့ ပဲ သုံးလ လောက် ကြာတော့ ရိုတီ ရောင်းဖို့ ကျွန်တော် ဆုံးဖြတ် လိုက်၏ ။ လက် ထဲမှာ ဘတ်သုံးထောင် လောက် ရှိ၏ ။ အီစွတ် က လည်း သေသေချာချာ လုပ်ပေးပါသည် ။

ပတ်စ်ပို့ဒ် အတွက်တော့ ဘာမှ မပူရပါ ။ စာတိုက်ကြီး မှာ ဓာတ်ပုံ သွား ပေးလိုက်တာ နဲ့ ဗီဇာ ပါတဲ့ ဘင်္ဂလားဒေ့ရှ် စာအုပ် မှာ ကျွန်တော့် ပုံ ကပ်ပြီး သား ဖြစ်ပြီ ။ တယ် ဟုတ်ပါလား ။ နာမည် က ' အာမက်ဘူကလေ ' တဲ့ ။ အသက် ကတော့ ( ၂၆ ) နှစ် ။ အရပ်တွေ ဘာတွေတော့ မပါပါ ။ ခက်တာက ကျွန်တော့် ပုံ နဲ့ ဘင်္ဂလားဒေ့ရှ်စာအုပ် က မလိုက်ဖက်လှပါ ။ ဒါပေမဲ့ ဘယ်လို လုပ်မလဲ ။ ပတ်စပို့ဒ် မရှိရင် တော့ ဖမ်းမှာ သေချာသည် ။ ဘန်ကောက် မှာ အဖမ်း ခံရရင် မချောင်ပေ ။ နယ်စပ် ပိုတဲ့ လ.ဝ.က အချုပ် က နာမည်ကြီးသည် ။ ပိုက်ဆံ မပါရင် လေး ၊ ငါး ၊ ခြောက်လ သောင်တင် သွားမည် ။ ပြီးတော့ အထဲ မှာ ' ဘန်နီ ' ဆိုတဲ့ လူ က ကို တော်တော် ကြောက်ရသည် ဟု ပြော ကြသည် ။ ရဲ က မွေးထားသည် ဟု ပြောကြ၏ ။ မြန်မာ မပြော နဲ့ တခြား နိုင်ငံသားတွေ တောင် ပြားပြားဝပ် အောင် နှံတယ် ဆိုပဲ ။

မတတ်နိုင်ပါ ။

ဘန်ကောက် မှာ ဒီလို ပတ်စ်ပို့ဒ် နဲ့ ရိုတီ ရောင်းကြတဲ့ သူတွေချည်းပဲ တဲ့ ရောင်း သာ ရောင်း တဲ့ ။

“ တကယ်လို့ အတုန်းမှန်း သိသွားရင် ရော ”

“ မင်း ဗီဇာ ရှိနေရင် ဒီ ရဲတွေ ဘာမှ မလုပ်ဘူး ။ လ.ဝ.က ဆိုရင်တော့ စာအုပ် မပြနဲ့ ။ လာ မေးရင် အင်္ဂလိပ် လို ပဲ ပြော လွှတ်ပါ ။ ဒါပေမဲ့ သူများ နယ်ထဲ တော့ သွား မရောင်းနဲ့ နော် ”

“ ဆွိုင်မဟာထိုင် တစ်လမ်းတည်း လား ”

“ အမယ်လေး အဲဒီ တစ်လမ်းပဲ ကုန်အောင် ရောင်းပါဦး ”

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment