❝ ရုပ်ရှင် ကို ဖက်တွယ်ထားသူ ❞
ကိုဇော်မြင့် ဟာ ရုပ်ရှင်လုပ်ငန်း ကို မြတ်နိုးလွန်းလို့ လုပ်ကိုင်နေသူ ဖြစ်ပါတယ် ။
ဒဏ္ဍာရီ ၊ သင်္ကြန်မိုး တို့လို အနုပညာ မြောက်ပြီး အောင်မြင်တဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေ ကို သူ ရိုက်ကူး ထုတ်လုပ်ခဲ့တယ် ၊ ရုပ်ရှင်ဖြန့်ချိရေး လည်း လုပ်နေတယ် ၊ နေပြည်တော် ရုပ်ရှင်ရုံ ၊ ဇင်ယော် ဗီဒီယို ပြသရေး လုပ်ငန်း လည်း လုပ်တယ် ။ ‘ နောင်နောင် ’ ဆိုတဲ့ သူ့ သား ကို လည်း ရုပ်ရှင်မင်းသား အဖြစ် မွေးထုတ်ဖို့ ပြင်ဆင် နေပါတယ် ။
ရုပ်ရှင်ရိုက်ကူး ထုတ်လုပ် ၊ ဖြန့်ဖြူး ပြသ စတဲ့ ရုပ်ရှင်လုပ်ငန်း နဲ့ ပတ်သက်ရင် ကိုဇော်မြင့် က အုပ်စုံတီး လုပ်နေသူ ဖြစ်ပါတယ် ။
ယခု အချိန် မှာ ရုပ်ရှင်ကား ထွက်တဲ့ ပမာဏ လျော့နည်း နေတယ် ။ ရုပ်ရှင် စီးပွားရေး က မကောင်းဘူး ဆိုပြီး အခြား လုပ်ငန်း ကို ခြေလှမ်းသူတွေ က လှမ်းတယ် ။ ကိုဇော်မြင့် ကတော့ ရုပ်ရှင်လုပ်ငန်း ကို ဖက်တွယ်ထားဆဲ ဖြစ်တယ် ။
မန္တလေးမြို့ ဈေးချိုတော် အနီး က ကိုဇော်မြင့် တို့ ရဲ့ ရီမြင့် ရုပ်ရှင် ထုတ်လုပ် ဖြန့်ချိရေးတိုက် ကို သွားရောက်ပြီး သူ့ ဘဝ သူ့ အမြင် ကို ကျွန်တော် မေးမြန်းတော့ သူ က ယခုလို ရှင်းပြတယ် ။
••••• ••••• •••••
ရုပ်ရှင်လုပ်ငန်း က ဘယ်လောက် ခက်ခက် ၊ ကြိုက်သလောက် ခက် ၊ ကြိုက်သလောက် ဈေးတက် လုပ်ရမှာပဲ ဆိုပြီး ကျွန်တော် လုပ်နေတာ ။
ကျွန်တော်တို့ က ရုပ်ရှင်မျိုးရိုး လို့ ပြောရင် လည်း ရတယ် ။ တကယ်တမ်း ကျတော့ ကုန်သည်ပွဲစားတွေ ပါ ။ မန္တလေးရုပ်ရှင် ထောင် တော့ မန္တလေး က လူကြီးတွေ စု လုပ်ကြတာပေါ့ ။ ကျွန်တော့် အဘိုးတွေ အကုန် ပါတယ် ။ ဒါးတန်း ဦးသန့် ၊ ဦးထွန်းရှင် ၊ ရတနာပုံ ဦးအေးမောင် ၊ ဦးမောင်ကို တို့ တော်တော်များများ ပါတော့ ကျွန်တော် ငယ်ငယ် ကတည်း က မန္တလေးရုပ်ရှင် နဲ့ ပတ်သက် နေတယ် ဆိုရမှာပေါ့ ။
ကျွန်တော့် အဘိုး က ရွှေမန်းဆီစက် ဆိုပြီး foreign trade ( နိုင်ငံခြား ကုန်သွယ်မှု )တွေ ဘာတွေ နဲ့ ကုန်သည် အလုပ် ကို အဓိက လုပ်ခဲ့တာပေါ့ ။ အဖေ နဲ့ အမေ က ဒေါ်ရီရီ နဲ့ ဦးတင်မြင့် ၊ ရီမြင့် ဆိုတဲ့ အမည် နဲ့ ဂွမ်းဖတ်စက် တို့ ဆီစက် တို့ မြင်းမူ မှာ ရှိတယ် ။ ယခု စက်မှု ၁ က လုပ်နေတယ် ။
၁၉၇ဝ ပြည့်နှစ် ဝန်းကျင် လောက် က အဖေ က ရုပ်ရှင်ဖြန့်ချိရေး စ လုပ်တယ် ။ ရီမြင့် ရုပ်ရှင်ဖြန့်ချိရေး နာမည် နဲ့ ။ အိပ်မက်တံတား ဆိုတဲ့ ရုပ်ရှင်ကား ကို မြန်မာပြည် အထက်ပိုင်း စ ဖြန့်တယ် ။ ချစ်လိုက်တာ မသည်းအူရယ် ကား ဖြန့်တာ တော်တော် အောင်မြင်တယ် ။
ကျွန်တော် က ရန်ကုန် စက်မှုတက္ကသိုလ် တက်တယ် ။ ၁၉၈၇ ခုနှစ် မှာ ကျောင်းပြီးတယ် ။ B.E ( Electronic ) ၊ ရတဲ့ ဘွဲ့ နဲ့ ကိုယ် နဲ့ မမျှပါဘူး ။ fourth year ( စတုတ္ထနှစ် ) မှာ ကျွန်တော် စာမေးပွဲ စ ကျတယ် ။ ကျွန်တော် တို့ က ဒေသကောလိပ် က နေ ကူးလာရတာ ။ စက်မှုတက္ကသိုလ် ပထမနှစ် ၊ ဒုတိယနှစ် မှာ သင်ရမယ့် course ( သင်ရိုးညွှန်းတမ်း ) တွေ ဒေသကောလိပ် မှာ မသင်ဖြစ်လိုက်ဘူး ။ စက်မှုတက္ကသိုလ် third year ( တတိယနှစ် ) တော့ အရှိန် နဲ့ အောင်လာပြီး fourth year ရောက်တော့ တော်တော် ခက်နေပြီ ။ ကျ ချင် လည်း ကျပါစေကွာ နောက်နှစ် ပြန် ကြိုးစားမယ် လို့ စိတ်ကူးတယ် ။ ပြန် ကြိုးစားမယ် ဆိုတဲ့ နှစ် လည်း ရောက်ရော အဖေ က ဆုံးသွားတော့ မိသားစုလုပ်ငန်း က ကိုယ့် ခေါင်း ပေါ် ကို အကုန် ပုံကျလာတာ ။ စာ ဘက်မှာ ပေါ့သွားပြန်ရော ။ အောင်လိုက် ကျလိုက် ၊ ခဏခဏ ကျ ၊ ခဏခဏ အောင် နဲ့ နောက်ဆုံးတော့ ဘွဲ့ ရ သွားတယ် ။
ကျွန်တော်တို့ ကျောင်း က စာတော်တဲ့ သူတွေ ရဲ့ ခုံနံပါတ် ကို ထိပ်ဆုံးမှာ ထားတယ် ။ အောင်စာရင်း ကြည့်ရတာ လွယ်ပါတယ် ။ ကျွန်တော့် ခုံနံပါတ် က အမြဲတမ်း မော်ကွန်းထိန်း လက်မှတ် နားမှာပဲ ။
ရုပ်ရှင်ထုတ်လုပ်ရေး လည်း ကျွန်တော် က ဝါသနာ ပါတော့ ရုပ်ရှင်ကားတွေ ရိုက် ဖြစ်တယ် ။ presentation ( တင်ဆက်မှု ) ရော ၊ ဘာရော ညာရော ကျေနပ်တာ က ဒဏ္ဍာရီ ပဲ ၊ ပရိသတ် အားပေးမှု အများဆုံး ရတာကတော့ သင်္ကြန်မိုး ။ သင်္ကြန်မိုး က ကံတရား က ပေးတဲ့ လက်ဆောင် ပါပဲ ။ လုပ်လိုက်ရတာ ထက် အောင်မြင်တာ က ပိုနေတယ် လို့ စိတ် ထဲမှာ ထင်နေတယ် ။ subject ( အကြောင်းအရာ ) က လည်း အရွေး ကောင်း သွားတယ် ။ traditional ( ရိုးရာ ဓလေ့ထုံးစံ ) အရ မြန်မာတွေ ရဲ့ အသည်းနှလုံး က လည်း သင်္ကြန် ကို ငြိတယ် ၊ မန္တလေးသင်္ကြန် ဆိုတော့ ငြိသွားတာပေါ့ ။ ကံ နဲ့ စန်း ကောင်းတဲ့ အချိန် ကျရင် အဆင်ပြေ သွား တာပေါ့ ။
သင်္ကြန်မိုး ထုတ်တော့ ကျွန်တော် ကျောင်း တက် နေတုန်းပဲ ရှိသေးတယ် ။ သင်္ကြန်မိုး ဘယ်အချိန် မှာ နာမည် ပို ကြီးသလဲ ဆိုရင် တီဗီ က အလကား ပြမှပဲ အကြိုက် များတော့တယ် ။ ရုံ တင်တုန်း က သိပ် မကြည့်ကြဘူး ။
ရုပ်ရှင် ထုတ်လုပ်မှု ကို ၁၉၈၃ ခုနှစ် လောက် မှာ တတိယအရွယ် ၏ ဒုတိယ ဝေဒနာ ဆိုတဲ့ ကား နဲ့ ပထမဆုံး ပွဲဦးထွက်တယ် ။ ဖေဖေ့ မိတ်ဆွေ နှစ်ယောက် နဲ့ ကျွန်တော် နဲ့ စပ်ပြီး စကြတာပဲ ။ ဒါရိုက်တာ က လည်း ညီလို အစ်ကို လို နေတဲ့ သူ ။ ကြီးကြပ်တာ က အုပ်ကြီး ။ ဝင်ငွေ အရ လည်း မဆိုးဘူး ။ လေးလေး နဲ့ ဦးညွန့်ဝင်း တို့ အကယ်ဒမီ ရကြတယ် ။ နောက် ရယ်လိုက်ရအောင် ၊ ပန်းဒဏ္ဍာရီ ၊ ပန်းပျိုးသူ အလင်္ကာ ကားတွေ ဆက်တိုက် ထုတ်ဖြစ် သွားတယ် ။ ဆက် ပြီးတော့လည်း မြင့်မိုရ် ၏ အရိပ် ၊ ဝေလည်း အတူ ကား နှစ်ကား ဆက် ရိုက်ဖို့ ပြင်ဆင်နေတယ် ။
ရုပ်ရှင် မှာ ထုတ်လုပ်ရေး က ကြိုက်သလောက် ထုတ် ၊ ဖြန့်ချိရေး နဲ့ ပြသရေး ရုံတွေ မရှိရင် ဈေးကွက် က ဖြစ်မလာနိုင်ဘူး ။ ဖြန့်ချိရေး လုပ်ရတာက နည်းနည်း ကြာတယ် ၊ ငွေ ကို ဟိုနေရာ တစ်ကျပ် ကောက်လိုက်ရ သည်နေရာ နှစ်ကျပ် ကောက်လိုက်ရ နဲ့ ။ ထုတ်လုပ်ရေးသမားတွေ က ရိုက် ပြီးရင် ရောင်း ၊ နောက် တစ်ကား ပြန်စ ။ ဖြန့်ချိရေး က မြန်မာပြည် အထက်ပိုင်း မှာ ဆိုရင် မကွေးတိုင်း က စပြီး ဟို ကချင်ပြည်နယ် အထိ ရုံတွေ မှာ လိုက် ပြရတယ် ။
ကုန်ကျစရိတ်တွေ တက် လာတော့ ထုတ်လုပ်သူ က ကုန်ကျစရိတ် ကျေအောင် တောင်းတဲ့ နှုန်းတွေ ကို ကျွန်တော်တို့ မလိုက်နိုင်တော့ဘူး ။ ထုတ်လုပ်သူတွေ ကိုယ်တိုင် ဖြန့်တာ ပို များ လာတယ် ။ ထုတ်လုပ်သူတွေ က အဆင့်မြင့်ရုံတွေ မှာ ပြပြီး နယ်တွေ မှာ ကောက်သင်း မကောက်ချင်တော့လို့ ဈေးနည်းနည်း လျှော့ပြီး ရောင်းတဲ့ ဂဏန်း ကို တော့ ကျွန်တော်တို့ နိုင်ကြတယ်ပေါ့ ။
လက်ရှိ ရုပ်ရှင်ဈေးကွက် မှာ ကျတာကို ကျွန်တော်တို့ ကယ်တင်ဖို့ စီးပွားရေး ပညာရှင်တွေ နဲ့ ဆွေးနွေး တဲ့ seminar ( ဆွေးနွေးပွဲ ) တစ်ခု လုပ်ပြီး အဖြေ ရှာနိုင်တယ် ။ ကုန်ကျစရိတ်တွေ က သည်လို ရှိနေတယ် ၊ ကျွန်တော်တို့ ဘယ်လို ဖြေရှင်းကြမလဲ ။ နိုင်ငံတော်အစိုးရ က ဘာတွေ လုပ်ပေးနိုင်တယ် ၊ ရုပ်ရှင် အစည်းအရုံး က ဘာတွေ လုပ်ပေးမယ် ၊ မြန်မာ့ရုပ်ရှင် ဘယ်လို မြှင့်တင်ကြမယ် ။
ရုပ်ရှင်ရုံတွေ ရှိပြီး ပြစရာ ကား မရှိတာ ကား ဝယ်ပြီး ဓာတ်ဆီ မရှိလို့ မစီးရ သလို ဖြစ်နေတယ် ။
ရုပ်ရှင်ကြည့် ပရိသတ် ကလည်း လျော့လာတယ် ။ ကျွန်တော့် ဆိုင်းတန်း နေပြည်တော်ရုံ မှာ လူ ၆၆ဝ လောက် ဆံ့တယ် ။ ဝင်တဲ့ အရေအတွက် ကြည့်တော့ ပျမ်းမျှ ၁ဝဝ လောက် ပဲ ဝင်တာ ။ ဒါနဲ့ အပေါ် ထပ် ခုံတွေ မသုံးဘဲ အောက်ထပ် ခုံ ၃ဝဝ ကျော် ပဲ သုံးတော့တယ် ။ အဲယားကွန်း တွေ လည်း အောက် ချလိုက်တယ် ။ လူ မရှိတဲ့ သုံးနာရီခွဲပွဲ ကို ရုံးပိတ်ရက် ဈေးပိတ်ရက် မဟုတ်ရင် မပြတော့ဘူး ။
ရုပ်ရှင်ရုံ ကို ဒီဗီဒီ တွဲ ပြတော့ ရုံတော့ မပိတ်ရဘူး ။ ဒါပေမဲ့ မီးလုံးဖိုး နဲ့ စက်တွေ ဆေးရတာ နဲ့ ပဲ အကျိုး မရှိဘူး ။ မီးလုံး ကလည်း running hour ( သုံးစွဲနိုင်တဲ့ နာရီ ) ဘယ်လောက် ဆိုတာ ရှိတယ် ။ စက် မှာ လည်း filter ( အရောင်စစ် မှန်ပြား ) က ဖုန်တင်ရင် မှုန်မှုန် လိုက်လာလို့ ဆေး ပေးရတယ် ။ ရုံဝင်ခ က တစ်ယောက် သုံးရာ ၊ လေးရာ ပဲ ယူရတာ ။ ဒါကို ကာမိအောင် ဆိုပြီး ထပ် တင်ရင် ပရိသတ် က မကြည့်နိုင်တော့ဘူး ။
ကျွန်တော့် အိမ် မှာ ဗီဒီယိုရုံ ရှိတယ် ။ ပရိသတ် က တဖြည်းဖြည်း လျော့လာ တယ် ။ အိမ် မှာ ကြည့်ဖို့ စက်တွေ ဝယ်နိုင်ပြီ ဆိုတော့ လာ ကြည့်တာ လျော့တယ် ။ ကျွန်တော့် ရုံ မှာ လာကြည့်တာ က ဈေးသမားတွေ ။ နေ့လယ်ခင်း ပန်ကာလေး ဖွင့် ပေးတော့ အနားယူတဲ့ အနေ နဲ့ လာကြတာ ။ တစ်ယောက် မှ ရုံဝင်ခ က တစ်ရာ တည်း ။
ဗီဒီယို က နေ့ပွဲ နဲ့ ညပွဲ နှစ်ပွဲ ပြတယ် ။ ပြတော့ ဒီဇယ်ဖိုး ပဲ ရတာ ။ အမြတ် ကတော့ မီးစက် မောင်း တာ အိမ် မီး ပါ လင်းတယ် ။
ကျွန်တော် ကတော့ ရုပ်ရှင်လုပ်ငန်း လုပ်ရတာ စိတ် မပျက်ဘူး ။ လုပ်သင့် တဲ့ အလုပ် ၊ လုပ် ကို လုပ်ရမယ့် အလုပ် ဆိုပြီး လုပ်နေတာပါ ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment