Saturday, April 19, 2025

ခေတ်ပြိုင်ခံစားမှုများ နဲ့ လန်းဖိုင်စာသိုက်


 

❝ ခေတ်ပြိုင်ခံစားမှုများ နဲ့ လန်းဖိုင်စာသိုက် ❞

ဆရာမာန် ( တောင်လုံးပြန် ) က သူ ရေးထားတဲ့ လန်းဖိုင်စာသိုက် ဝတ္ထု ဒုတိယပိုင်း ( ဇာတ်သိမ်း အတွက် ) အမှာစာ ရေးပေးဖို့ မေတ္တာရပ်ခံခဲ့ တာ ကြာပါပြီ ။ ဒါပေမဲ့ ကျွန်တော် အလုပ်များ နေတာကြောင့် သူ့ ဝတ္ထု ကို တော်တော်နဲ့ မဖတ်ဖြစ်သေးပါဘူး ။ မဖြစ်မနေ ပေးရတော့မယ့် အချိန် ရောက်လာတော့ မှ ညနေပိုင်း အိမ်ပြန် ရောက်ချိန် ပထမတွဲ က စပြီး ဖတ်လိုက်တာ ဒုတိယတွဲ ဖတ်ပြီးချိန် မှာ ည ၁၂ နာရီ ကျော်ခဲ့ပါပြီ ။ ပထမပိုင်း ကို မဖတ်ဘဲ ဒုတိယပိုင်း အတွက် ဇာတ်လမ်း ကို သိနိုင်မှာ မဟုတ်လို့ ပထမပိုင်း က စပြီး ဖတ်ခဲ့ခြင်း ဖြစ်ပါတယ် ။

ဝတ္ထုများ စွာ အလုပ်ဝတ္တရား အရ ဖတ်ခဲ့ရတဲ့ ကျွန်တော့် အတွက် “ ဖြစ်ရပ်မှန် ကို ရေးထားတာပါ ” လို့ ဆိုတဲ့ ဝတ္ထုတွေ အများကြီး ပါပါတယ် ။ ဒါပေမဲ့ ဖြစ်ရပ်မှန် တိုင်း ဟာ ဝတ္ထုကောင်း ဖြစ် မလာနိုင်ခဲ့ပါဘူး ။ ဆရာမာန် ရဲ့ အတ္ထုပ္ပတ္တိ လို့ ဆိုရမယ့် လန်းဖိုင်စာသိုက် က တော့ စွန့်စားခန်းတွေ ၊ အတွေ့ အကြုံတွေ များ စွာနဲ့ ရောယှက် ထားတဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်တယ် ဆိုတာ ကို တွေ့ရပါတယ် ။ ပြင်ပကမ္ဘာ ထဲ က သက်ရှိ ပုဂ္ဂိုလ်များ ကို ဝတ္ထု ထဲ မှာ ဇာတ်ကောင် အဖြစ် ထည့်သွင်း ရေးဖွဲ့ရတာ မလွယ်ပါဘူး ။ ဒါပေမဲ့ ဆရာမာန် ကတော့ သူ့ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ သက်ရှိ ပုဂ္ဂိုလ်များ ကို သူ့ ဝတ္ထု သို့မဟုတ် သူ့ အတ္ထုပတ္တိ ထဲ မှာ ဇာတ်ကောင်များ အဖြစ် ပိုင်ပိုင်နိုင်နိုင် ဖန်တီးသွား ပါတယ် ။

ဒီနေ့ ခေတ် လူငယ်များ ကို ကိုယ့် နိုင်ငံ မှာ ကိုယ် လုပ်ကိုင် စားသောက်ရတာ ထက် အိမ်နီးချင်း နိုင်ငံများ မှာ သွားရောက် လုပ်ကိုင် စီးပွား ရှာရတာ ကို ပိုမို နှစ်သက်ကြပါတယ် ။ ဒါကြောင့်လည်း နည်းမျိုးစုံ နဲ့ အဆက်အသွယ် ရှာကြ ၊ ငွေကုန်ကြေးကျ ခံကြ ၊ ဒီလို အဆက်အသွယ် မရှိရင် အောက်လမ်း က နေ ထွက်ကြ ၊ အမျိုးစုံ ကြံဆောင်ကြပါတယ် ။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံ မှာ အဆင်ပြေပါတယ် ဆိုတဲ့ ပုဂ္ဂိုလ် က ခပ်ရှားရှားပါ ။ ကျွန်တော့် ရဲ့ ရင်းနှီးတဲ့ လူငယ် တစ်ယောက် အိမ်ထောင်ကျ သွားတဲ့ အခါ စီးပွား ရှာဖို့ အတွက် မလေးရှားနိုင်ငံ ကို သူ့ မိခင် ရဲ့ အဆက်အသွယ် နဲ့ ထွက်သွားခဲ့ပါတယ် ။ သွားစဉ် ကာလ တုန်း ကတော့ တရားဝင် နိုင်ငံကူးလက်မှတ် ကို ကိုင်ဆောင်ပြီး လေယာဉ် နဲ့ သွားခဲ့တာပါ ။ ဟို ရောက်တော့ မူလ ပြောထားတဲ့ လစာကြေးငွေ ရဲ့ ထက်ဝက် လောက်သာ ရတဲ့ အပြင် စားရ သောက်ရတာ ကလည်း ဟင်းချိုပန်းကန်လုံး လောက် ရှိတဲ့ ထမင်း ကို သာ စားရတာ ဖြစ်လို့ အိမ် မှာ လို ဇလုံ နဲ့ အားရပါးရ မစားရတော့တဲ့ အတွက် စိတ်ဆင်းရဲမှု ကြုံရပါတယ် ။ ပိုပြီး ဆိုးတာက သဘောတူခဲ့တဲ့ လစာ မရ ၊ အလုပ် ကို တစ်နေရာ ပြီး တစ်နေရာ ရွှေ့ပြီး ခိုင်း နေတဲ့ အတွက် နေရတာ မပျော်တော့ဘူး ။ နောက်ဆုံး မှ ဆိုင်တာဝန်ခံ နဲ့ စကားများ တဲ့ အတွက် အဲဒီ ဆိုင် ကနေ ထွက်လိုက်ရပါတယ် ။ အိမ် ပြန်ချင်ပေမယ့် နိုင်ငံကူး လက်မှတ် ကို သူတို့ က သိမ်းထားတာ ဖြစ်လို့ ပြန်လိုချင်ရင် ဘယ်ရွေ့ဘယ်မျှ လျော်ရမယ်လို့ ဖြစ်လာတယ် ။ လာစဉ် ကာလ တုန်း ကလည်း သူများ ထံ က ချေးငှား ထားတဲ့ ငွေ နဲ့ လာခြင်း ဖြစ်လို့ နိုင်ငံကူးလက်မှတ် ပြန် ရဖို့ တောင်းတဲ့ ငွေ ကို မတတ် နိုင်ပါဘူး ။ နောက်ဆုံးတော့ အိမ် မှာ ကျန်ရစ်ခဲ့တဲ့ မိန်းမ ထံ ငွေ ပို့ပေးဖို့ တောင်းရတော့ တာပေါ့ ။ မိန်းမ ကလည်း သူ့ ယောက်ျား ဒုက္ခ ရောက်နေ ပြီ ဆိုတော့ ပေါင်နှံ ချေးငှားပြီး ငွေ ပို့ပေး လိုက်ရတယ် ။ နိုင်ငံကူးလက်မှတ် မရှိတဲ့ အတွက် အပေါ်လမ်း က သွားခဲ့တဲ့ သူ အောက်လမ်း က နေ တရားမဝင် ပြန်လာခဲ့ရတယ် ။

စီးပွား ရှာချင်လို့ စွန့်စား သွားခဲ့တဲ့သူ နောက်ဆုံးမှာ အိမ် ပြန်ရောက် တော့ အကြွေး တစ်ပုံတစ်ပင် တင် နေတာပဲ အဖတ်တင် ပါတော့တယ် ။ ဆရာမာန် ကတော့ အိမ်နီးချင်း နိုင်ငံများ ကို အောက်လမ်း က စွန့်စား သွားခဲ့တဲ့ အတွက် နိုင်ငံပေါင်းစုံ က အချုပ်တွေ ၊ ထောင်တွေ ကို လည်း ရောက်ခဲ့ရ ဖူးတယ် ။ နှိပ်စက် ညှဉ်းပန်း သမျှ ကို လည်း ခံခဲ့ရဖူးတယ် ။ သူ့ အတွေ့အကြုံများ ကြား မှာ ချစ်စရာ ကောင်းတဲ့ ယိုးဒယားမလေး လန်းဖိုင်စာသိုက် နဲ့ ကြုံခဲ့ ၊ ဆုံခဲ့ရာ က သမီးလေး တစ်ဦး မွေးဖွားခဲ့ပေမယ့် သူ့ ရင်သွေး နဲ့ သူ ဆုံစည်းခွင့် တော့ မရနိုင်တော့ပါဘူး ။

ဝတ္ထု ဆိုတာ စိတ်ကူးယဉ် အိပ်မက်များ ကို ဖွဲ့သီ ထားတာလို့ ဆိုကြပေမယ့် ဆရာမာန် က တော့ သူ့ ရင်ထဲ မှာ အစိုင်အခဲ ဖြစ်တည်နေတဲ့ ကိုယ်တွေ့ ဖြစ်ရပ်များ ကို အိတ်သွန်ဖာမှောက် သွန်ချထားခြင်း ဖြစ်ပါတယ် ။ အတ္ထုပ္ပတ္တိ ဆိုပေမယ့် ညည်းငွေ့စရာ မရှိ ၊ စွန့်စားခန်း အတိ နဲ့ ခြယ်မှုန်းထားတာ ဖြစ်ခြင်းကြောင့် ဆယ်ကျော်သက် စာဖတ် ပရိသတ် များ အနေနဲ့ ရသ ရော သုတ ပါ ပွားများ စေတဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ် ။ ဆရာမာန် က အရေးအသား ပြေပြစ်သပ်ရပ်ခြင်း ကြောင့် ကြိုပြီးတော့ မသိရင် အတ္ထုပ္ပတ္တိ လို့ မသိနိုင်ဘဲ ဝတ္ထု တစ်ပုဒ် အဖြစ်သာ ဖတ်ဖြစ် သွားကြမှာပါ ။

လန်းဖိုင်စာသိုက် ဟာ ခေတ်လူငယ်များ အတွက် ခေတ်ပြိုင်ခံစားမှု အပြည့်အဝ ပေးထားတဲ့ ဝတ္ထု ဖြစ်ခြင်းကြောင့် ပထမတွဲ ဖတ်ပြီး မှ သာ ဒုတိယတွဲ ကို ဆက်ပြီး ဖတ်ရင် ဆရာမာန် ရဲ့ အတ္ထုပ္ပတ္တိ ကို ပိုပြီး ပြည့်ပြည့်စုံစုံ သိနိုင်မယ်လို့ ဆိုချင်ပါတယ် ။

လေးစားစွာဖြင့်
ဝင်းငြိမ်း

📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment