❝ ဖုန်းမေ့လေ၏ ❞
( သော်တာဆွေ )
“ အေ ... ဟေ့ ... ပေါ်အူး ”
“ ဆရာ ”
“ မန္တလေးမြို့ ဟာ “ ဟဝှာ ပေါ ဖုန်ထူ - နေပူတဲ့ ရွှေမန်း ” ဆိုတဲ့ စာဆို နဲ့ ညီရဲ့လား ဟေ့ ”
ကျွန်တော် သည် ဤ နွေရာသီ ကာလကြီး တွင် မန္တလေးမြို့သို့ ရောက် ခါမှ တစ်နေ့ လျှင် ၄ ကြိမ်မျှ ရေချိုးရ ပေရာ ညနေ ၄ နာရီ ၌ တတိယ အကြိမ်မြောက် ပြီးစီး၍ ရေချိုးခန်း မှ ထွက်အလာ တွင် ဆရာ့ အလိုကို ဆောင်ရွက်ရန် အသင့် စောင့်နေသော ပေါ်အူး အား စကား စလိုက်ခြင်း ဖြစ် ပါသည် ။
ပေါ်အူး သည် လေးဆေး မှန်ကန်စွာပင် ...
“ ပထမ ဟာ တော့ … ရွှေမန်းမြို့ ကြီးရဲ့ ဂုဏ် ကို ထောက်ညှာသော အားဖြင့် ကျွန်တော် အထူး မပြောလိုပါ ။ ဒုတိယ ဖုန်ထူ နေပူတယ် ဆိုတာက တော့ အင်မတန် မှန်ကန်လှပါတယ် ဆရာ ”
“ အေးကွယ် … ငါ လည်း ပူလှ အိုက်လှတာနဲ့ ဒီ မြို့က ပြန်ချင်ပါပြီ ၊ ဒေါ်ကြီးစိုး က ရောက်လို့ မှ တစ်သီတင်း မပြည့်သေးဘူး ပြန်ချင် အရင်လို ရမလား ဆိုပြီး အပြစ်တော် တင်မှာ စိုးလို့သာကွ ”
“ ဟုတ်တယ် ဆရာ ၊ ကျွန်တော် လည်း ပြန်ချင်လှပြီ ”
ကျွန်တော် သည် တစ်စုံတစ်ခု ကို တွေးမိ သဖြင့် …
“ ဘာလဲကွ ၊ မင်း က နော်တီ ကို လွမ်းနေလို့လား ”
“ မဟုတ်ပါဘူး ဆရာ ၊ ကျွန်တော် လည်း ဆရာ့ လိုပဲ ပူအိုက်လို့ပါ ဆရာ ၊ ဆရာ အိုက်တော့ တစ်နေ့ ဘယ်နှခါပဲ ချိုးချိုး အိမ် မှာ ပဲ ချိုးရတာ ၊ ကျွန်တော့် ဖြင့် ရေ တစ်ခါ ချိုး ချင်ရင် အတောင်တစ်ရာ နက်တဲ့ ရေတွင်း ကြီး ငင် လိုက်ရတာ လက်မောင်း ပြုတ်ကျခမန်းပါပဲ ၊ တစ်ပုံး ကိုယ် မှာ လောင်း ပြီးလို့ နောက် တစ်ပုံး ငင်ရင်း ရေပုံး အပေါ် မရောက်ခင် ကိုယ် မှာ ချွေးပြန် နေ တာပဲ ဆရာ ၊ နို့ပြီး ရေ ကလည်း စီးထန်းထန်း ငန်ညစ်ညစ်ကြီး နဲ့ ဘယ် လောက်ပဲ ဆပ်ပြာ တိုက်တိုက် ကြေးစင်တယ်လို့ မထင်ပါဘူး ဆရာ ၊ ဒါ ကြောင့် မန္တလေးသားများ အသား ညိုကြတာ ”
“ အေးကွယ့် … ငါ ချိုးရတဲ့ ရေ လည်း ဒီလိုပဲကွ ၊ နက်ဖြန်ခါ ကျရင် တော့ ငါ့ ပုံးထဲ ရှိတဲ့ ရေတွေ အကုန် သွန်ပစ်ပြီး ၊ ဟို ... မြင်းရေ ... မြင်းရေ လို့ အော်တဲ့ ရေစည်လှည်း က ဝယ်ပြီး ထည့် စမ်းကွာ ။ မင်း လည်း ရေတွင်း ရေ ငင် မချိုးနဲ့ ၊ ငါ့ ရေစည် ထဲကပဲ ချိုးတာပေါ့ ”
“ ဒီလိုဆို ဆရာ့ဒေါ်ကြီးစိုး က ချိုးရေပဲ တစ်ထမ်း တစ်မတ် တောင် ပေးပြီး သူတို့ ရွှေမန်းသားတွေ သောက်ရေ လုပ်တဲ့ မြစ်ရေ ဝယ်ရပါ့မလား ဆိုပြီး ဆူနေလိမ့်မယ် ဆရာ ”
“ အေးကွယ် …. ဪ …. ဒါထက် ပေါ်အူး ရေ ၊ ငါခု ညစာ ပိုက် ဩော် ကျုံးက ဖောင်ခေါင်း ကိုတက်ပြား တို့ အိမ်မှာ စားရလိမ့်မယ် ၊ မြစ်ကမ်း ပေါ် လမ်းလျှောက်ရင်း နဲ့ ငါ စောစောပဲ သွားမယ်ကွာ ၊ အဝတ်အစား ပြင်ပေး ပေတော့ ”
“ ငါ မရှိတုန်း တစ်ယောက် ယောက် က တွေ့ ချင်တယ် ပြောရင် ငါ ည ၈ နာရီ မှ ပြန်ရောက်မယ် လို့ ပြောလိုက် ”
“ ဟုတ်ကဲ့ ဆရာ … ဩော် ဆရာ ရေချိုး နေတုန်းက ဆရာ့ သူငယ် ချင်း ကိုအောင်ရွှေ ရယ် ၊ ညနေ ဆရာ့ ဆီ လာ လည်မယ်လို့ ဖုန်း နဲ့ ပြောတယ် ဆရာ .. ”
ကျွန်တော် ရုတ်တရက် အံ့အားသင့်သလို ဖြစ်ကာ ..
“ ဟေ အောင်ရွှေ ၊ ရန်ကုန် က တို့ အောင်ရွှေကြီး လား ”
“ ဟုတ်ပါတယ် ဆရာ ... ဆရာ က အောင်ရွှေကြီး ခေါ်တဲ့ လန်ဘား ကျောက်တံတား ကိုအောင်ရွှေ ပါပဲ ဆရာ ”
မတွေးထင် မိသော သူ တစ်ယောက် အား မမျှော်လင့်သော အရပ် တွင် တွေ့ ရမည် ဆိုလျှင် လူတိုင်းပင် ရုတ်တရက် အံ့ဩမိပါလိမ့်မည် ။ ယခု လည်း ကျွန်တော့် သူငယ်ချင်း အောင်ရွှေ မှာ ရန်ကုန် မှ ဖြစ်၍ သူ သည် တစ် ခါတစ်ရံ၌ မေ့မေ့ပျောက်ပျောက် နှင့် လွင့်စဉ် နေတတ်သဖြင့် ကျွန်တော် နှင့် မတွေ့ ရသည်မှာ ကာလ ကြာမြင့်လှပြီ ဖြစ်ပေရာ ယခုကဲ့သို့ တခြား မြို့ကြီး ၌ သူ့ အား အမှတ်မထင် တွေ့ရမည် ဆိုသော အခါတွင် ကျွန်တော် မှာ အတော်ပင် အံ့သြခြင်း ဝမ်းမြောက်ခြင်း တို့ ဖြစ်မိပါသည် ။
“ ဟေ ... သူ ငါ ဒီ ရောက် နေမှန်း ဘယ့်နှယ်လုပ် သိလဲ မသိဘူး ၊ သူ ကော အခု ဘယ်မှာ တည်းသတဲ့လဲ ”
“ ဝါးတန်း က ဦးစက်ခိုင် ၊ ဒေါ်မြရုံ တို့ တိုက်မှာ တဲ့ ဆရာ ”
“ ဘာကိစ္စ နဲ့ ဒီကို ရောက်နေတာတဲ့လဲ ”
“ ဒါကို မပြောဘူး ဆရာ ၊ ညနေ ဆရာ့ ဆီကို လာတွေ့မယ် ပြောတာ ပဲ ဆရာ ”
“ ဟေ ... ဒါဖြင့် သူ ရောက် လာရင် စောင့်နေခိုင်းကွာ ၊ ငါ ထမင်းစား ပြီးပြီးချင်း ပြန်ခဲ့မယ် ”
“ ဟုတ်ကဲ့ ဆရာ ”
••••• ••••• •••••
“ ဟေ့ … မောင်ဆွေ ဘယ်သွား မလို့လဲ ”
ကျွန်တော် သည် အဝတ်အစား လဲလှယ်ပြီး၍ အပြင် ထွက်ရန် ဧည့် ခန်းသို့ ရောက်သည် တွင် တိုက် အပေါ်ထပ် မှ ဆင်းလာသော ဒေါ်ကြီးစိုး နှင့် မျက်နှာချင်း ဆိုင်မိလေရာ အဒေါ်ကြီး သည် စိန်လက်စွပ် ဝတ်သော လက် နှင့် သူ့ ဆေးပေါ့လိပ်ကြီး ဟန်ပါပါ ဝင့်ရင်း မေးမြန်း လိုက်ပါသည် ။
ကျွန်တော် မှာ ဒေါ်ကြီးစိုး အား ဦးကြီးဗျိုင်း ထက်ပင် ကြောက်ရသည် ဖြစ်၍ သူ့ အသံ ကို ကြားရလျှင် ပင် ပညာအုပ် ကို မြင်သော ကောလိပ်ကျောင်းသားလေး ကဲ့သို့ ဖြစ်ကာ
“ ကျ ... ကျ ... ကျွန်တော် … ကိုတက်ပြား တို့ အိမ် က ညစာစား ဖိတ်တာ သွားမလို့ ဒေါ်ကြီး ရဲ့ ”
ဒေါ်ကြီးစိုး သည် မျက်လုံး ကို ပြူးနေအောင် ဖြဲကာ ...
“ ဟေ … ညစာ စားမှာ က အခု ၄ နာရီ လောက်ကပဲ သွားရမလားကွ ”
“ ကျွန်တော် အရင် က သူတို့ အိမ် မသွားခင် မြစ်ကမ်း မှာ လမ်း လျှောက်ဦးမလို့ ဒေါ်ကြီး ရဲ့ ”
“ အေး … ဒါဖြင့် သွား ၊ နင် အပြင် ရောက်ရင် တွေ့ ကရာတွေ ဝယ် မစားနဲ့ဦးနော် ”
“ မစားပါဘူး ဒေါ်ကြီး ရဲ့ ”
“ ဟိုနေ့ က လည်း နေကြာစိ ကို ရန်ကုန် မှာ မရှိလို့ ကသာ ကို သတိရ တယ် ဆိုပြီး ဝယ်စားတာ ည ချောင်းဆိုးတယ် မဟုတ်လား ”
“ ဟုတ်ပါတယ် .. အခု မစားပါဘူး ၊ ကသာ လည်း မေ့ပစ်လိုက်ပါပြီ ”
ဤသို့ ပြောနေရာ မှ အဒေါ်ကြီး သည် ကျွန်တော့် ကို စေ့စေ့ ကြည့်ကာ
“ အင်း ... အပြင် ထွက်မှာ က ဘယ်မှာလဲ ဦးထုပ် ၊ အခု နေပူကြီး ရှိသေးတယ် ၊ ဒါမန္တလေး ကွဲ့ ၊ မင်းတို့ ရန်ကုန် လို ၄ နာရီ ကျော်တာနဲ့ အပူ သက်သာပြီ မအောက်မေ့နဲ့ ”
ဤတွင်မှ ဦးထုပ် ကို ကျွန်တော် သတိရ၍ လန့်ပျာပျာ ဖြစ်ကာ ..
“ ဟေ့ … ပေါ်အူး … ဦးထုပ် ယူခဲ့ပါဦးကွာ ”
“ ဟုတ်ကဲ့ ဆရာ ”
ပေါ်အူး သည် အလျင်အမြန် ဦးထုပ် လာပေး၍ ကျွန်တော် လက် က ကိုင်ပြီး ဖိနပ်ခုံ ဆီသို့ သွားသည် တွင် ဒေါ်ကြီးစိုး ၏ အော်ဒါ မှာ မကုန်သေး ဘဲ ...
“ ဟေ့ ဘာ ဖိနပ် နဲ့ စီး သွားမှာလဲ ခြေနင်းတွေ မှော်ဇာတွေ ဝတ် မနေနဲ့ …… ငါ မနေ့က ဝယ်ပေးတဲ့ ကတ္တီပါဖိနပ် ကို စီး သွားကွယ် ”
အမှန်မှာ .. ဝယ်ခါစ အသစ်၌ ဘောက်ချိုက် ဘောက်ချိုက် နိုင်လှသော ဤ ကတ္တီပါဖိနပ်မျိုး ကို ကျွန်တော် မစီးလိုပါ ။ ခြေ လှမ်း၍ ကောင်း သော ကုတ်ရှူးဖိနပ် ကိုသာ စီးချင်ပါသည် ။ သို့သော် မွေး ကတည်းက လျှာ ၌ အာဏာစက် ပါခဲ့သော ဒေါ်ကြီးစိုး ၏ အမိန့် ကို ကျွန်တော် မလွန်ဆန်ဝံ့ သဖြင့် ...
“ ဟုတ်ကဲ့ … ဒေါ်ကြီး .. ကျွန်တော် ကတ္တီပါဖိနပ် ကို စီးမလို့ပါပဲ ”
ကျွန်တော် ဖိနပ် စီး ပြီး၍ လှေကား ကို ဆင်းသည့် တိုင်အောင် ဒေါ်ကြီးစိုး ၏ အောက်ခြေသိမ်း သြဝါဒ မှာ မပြီးပြတ်သေးဘဲ …
“ နို့ပြီး စောစော ပြန်ခဲ့နော် .. ညဉ့်နက်အောင် မနေနဲ့ ”
“ ဟုတ်ကဲ့ … ကျွန်တော် သိပါတယ် ဒေါ်ကြီး ”
ဒေါ်ကြီးစိုး ၏ ဝါသနာ မှာ ကျွန်တော့် ကို သူ့ မျက်စိ အောက်က မ ထွက်မချင်း အမျှင်မပြတ် သြဝါဒ ပေးနေမည် ဖြစ်သောကြောင့် ' ပြေးနိုင်မှ လွတ်စေ ' ဆိုသကဲ့သို့ ကျွန်တော် သည် သူ့ စကား ကို အလျင်အမြန် ပြန် ဖြေပြီး ဝင်းပြင် သို့ ခပ်သုတ်သုတ် လစ်ခဲ့ပါတော့သည် ။ အိမ်ဝင်း ထဲမှ ထွက် ၍ လမ်းပေါ် သို့ အတော် လျှောက်မိပြီး အခြား တစ်လမ်းသို့ ချိုးလိုက်မိမှ ပင် နောက်မှ တစ်မျှော်တစ်ခေါ်ကြီး ကြည့်နေခဲ့မည် ဖြစ်သော ဒေါ်ကြီးစိုး ၏ မျက်စိ မြင်ကွင်း မှ လွှတ်ခဲ့ပြီ ဖြစ်ကြောင်း သိရ၍ ကျွန်တော့် မှာ အသက်ရှူ မှန် သွားပါတော့သည် ။
ဤမျှ ဖော်ပြရလျှင်ပင် ကျွန်တော် ၏ ဒေါ်ကြီးစိုး အား မည်မျှ ကြောက် ရသည် ကို မိတ်ဆွေ သိလောက်ပါပြီ ။
ယခု ကျွန်တော် မန္တလေး သို့ ရောက်နေရသည့် ကိစ္စ ကို ဖော်ပြပါဦးမည် ။
ကျွန်တော် သည် ဖေဖော်ဝါရီလ ပထမ သီတင်းပတ် က သူငယ်ချင်း တင်မောင်ရင် တို့ လင်မယား ၏ နှောင့်ယှက်မှု ၊ ဟို ဝန်ကြီးတူမ ကြည်ကြည်ထွေး ကို စာရေးဆရာမ တိမ်ညွန့်ကြည် မှန်း မသိ၍ ချစ်ကြိုက်မိသော ကိစ္စ တို့ကြောင့် ဦးကြီးဗျိုင်း ခေါ်ရာ စစ်ကိုင်းတောင်ရိုး သို့ မလိုက်ချင် လိုက်ချင် နှင့် လိုက်ခဲ့ရပြီး မှ ပေါ်အူး ၏ ဆောင်ရွက်ချက်ဖြင့် ... အားလုံး ချောမောသွား၍ ကျွန်တော် ရန်ကုန်သို့ အလျင်အမြန် ပြန်ပြေးခဲ့သည် ကို မိတ်ဆွေ သတိပြုမိ ပါလိမ့်မည် ။
ယခု ဤကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ခရီး ထွက်ရပြန်သည် ကား ကျွန်တော် စစ်ကိုင်းတောင်ရိုးသို့ ရောက်ခဲ့သည် ကို အိမ်ကြီးအိမ်ကောင်း များ၌ လစဉ်ကြေး တောင်းသလို အခန့်စား အလှူခံလေ့ ရှိသော မျက်နှာ ကြီး သီလရှင်ကြီး ဒေါ်စာရီ က အလှူခံ သွားရင်း သတင်းကောင်း ပါးလိုက် သဖြင့် ဒေါ်ကြီးစိုး သိရှိ သွားလေရာ ဒေါ်သြဇာမကြီး သည် ကျွန်တော့် အပေါ် အကြီးအကျယ် ဒေါပွတော် မူပြီး ..
ဟဲ့ ငဆွေ ... ၊
နင် မန္တလေး ဖြတ်ပြီး စစ်ကိုင်းတောင်ရိုး ကို ရောက်လျက်သားနဲ့ ငါ့ အိမ် ကို ဘာပြုလို့ မဝင်ရတာလဲ ၊ နင် စစ်ကိုင်းချောင် ကို ဘာကိစ္စ သွားရ တာလဲ ၊ အခု ငါ့ ဆီ နင့် တပည့် ပေါ်အူး ကိုပါ ခေါ်ပြီး အမြန်လာခဲ့
ဟု ဗီတိုအာဏာ နှင့် စာ ရေးလိုက်ပါတော့သည် ။
အမှန် ကျွန်တော် မန္တလေး ကို ရောက်လျက် နှင့် ဒေါ်ကြီးစိုး အိမ် မဝင် ခြင်းမှာ သူ ၏ ကရွက်ကင်းလျှောက် သြဝါဒ ကို ကြောက်၍ လည်းကောင်း ၊ ဦးကြီးသိန်း က စာရေး၍ မှာ ထားသော ဘော်ဘီ အတွက် လည်ပတ် ကို မဝယ်မိ၍ လည်းကောင်း ၊ ဤ နှစ်ကြောင်း ကြောင့် ဖြစ်ပါသည် ။ သို့သော် ယခု မူ ‘ ဆွမ်းခံရင်း ငှက်မသင့်ဘဲ ’ အလှူခံ သွားရင်း သတင်း ပို့သော ဒေါ် စာရီ ၏ ‘ ရီပို့ ’ ကြောင့် ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် မှာ မနေသာဘဲ ငမိုးရိပ် ကို ကြိမ်စကြာ နှင့် ရိုက်ခေါ်လိုက်ဘိ သကဲ့သို့ မန္တလေးမြို့ သို့ အလျင် အမြန် ရောက်ခဲ့ရခြင်း ဖြစ်ပါတော့သည် ။
ဤနည်းအားဖြင့် ကျွန်တော် မန္တလေးမြို့ သို့ ရောက်ခဲ့ရခြင်း ပင်လျှင် အောက်ပါ အဖြစ်အပျက် ဖန်တီးရပါတော့သည် ။
အကြောင်းသော်ကား ကျွန်တော် ဒေါ်ကြီးစိုး ၏ မျက်စိအောက် မှ လွတ်မြောက်အောင် အလျင်အမြန် ထွက်ခဲ့၍ ဂုဏ်တန်လမ်း မှ ချိုးဆင်း ၊ ၈၄ လမ်း ရောက်လျှင် ရထားလုံး တစ်စီး ကို စီး ၊ ဈေးချိုနာရီစင်ဒေါင့် မှ ချိုး ၍ ပိုက်ကျုံး ထိပ် ရောက် ၊ ထို့နောက် ရထား ပေါ်မှ ဆင်း ပြီး ကိုတက်ပြား တို့ အိမ် ဆီသို့ မသွားသေးဘဲ နှစ်စဉ်လိုပင် မြစ်ရေကြီးတိုင်း ကျိုး မှာ ကြောက် ရသော မန္တလေးမြစ်ရိုး ပေါ်၌ မြောက်တူရူ သို့ လမ်းလျှောက် ပါ တော့သည် ။
ကျွဲကုန်းဆိပ် ကို လွန်မြောက်၍ အတော်ကလေး လျှောက်မိသည် ၌ ကျွန်တော် ရုတ်တရက် အံ့သြခြင်း ၊ ဝမ်းမြောက်ခြင်း ကို ဖြစ်ရသည်ကား ကျွန်တော့် ဆီ သို့ ညနေ လာလည်မည် ဟု ပြောထားသော သူငယ်ချင်း အောင်ရွှေကြီး သည် အူကြောင်ကြောင် မျက်နှာကြီး နှင့် ထနောင်းပင်ကလေး တစ်ပင် အောက် တွင် မှိုင်တွေတွေကြီး ထိုင်နေသည် ကို တွေ့ ရခြင်း ဖြစ်ပါသည် ။
“ ဟေ့ကောင် … အောင်ရွှေကြီး … အောင်ရွှေကြီး ”
ကျွန်တော် ၏ ဝမ်းသာအယ်လဲ ခေါ်လိုက်သော အသံကို ကြားလျှင် ကြားချင်း အောင်ရွှေကြီး သည် ထိုင်ရာမှ ရုတ်တရက် ခုန်ထ လာ၍ ကျွန် တော့် ဆီသို့ အလျင်အမြန် ပြေးလာပြီး ကျွန်တော့် ပခုံးနှစ်ဖက် ကို ထွက်ပြေး မှာ စိုးသကဲ့ သို့ အတင်းဖျစ်ညှစ်ကာ ..
“ ဟေ့ … အေးဆွေ … အေးဆွေ ... မင်း လာတာ ကျေးဇူးတင်လိုက်တာကွာ ဘုရား ဘုရား ”
ကျွန်တော် သည် သူ ၏ စိုးရွံ့သော မျက်နှာ ကို စေ့စေ့ကြည့်ကာ …
“ ဟ .. ကောင်ကြီး မင်း ဘာဖြစ် နေတာတုံး ”
“ ငါ … ငါ … အိမ် ကို ဘယ်လို ပြန်ရမှန်း မသိဘူး ဖြစ်နေလို့ကွ ”
“ အားဟား … ဒါဖြင့် မင်း ဒီ နေရာမှာ မျက်စိလည် နေတာပေါ့ ”
“ မျက်စိ လည်တယ်ရယ် လည်း မဟုတ်ဘူး ။ လာခဲ့တဲ့ လမ်း ကို မေ့နေတာကွ ”
“ အို .. ဟို .. အတူတူပေါ့ကွ ”
“ မဟုတ်ဘူးကွ ၊ ငါ ဟိုဘက် က ဟုတ်ပါဘူး ... ဒီဘက် က ၊ အေး ဟ ဘယ်ဘက် က မှန်း မမှတ်မိပါဘူးကွာ … လမ်းလျှောက် လာပြီး မောမော ရှိတာနဲ့ ဟောဒီ လက်ဖက်ရည်ဆိုင် ဝင်ပြီး လက်ဖက်ရည် သောက်တယ် ၊ နောက် .. ပြန်ထွက် လာတော့ လာခဲ့တဲ့ လမ်း မေ့ နေရောဟေ့ ... ”
“ အို ဟို ဒါဖြင့် လက်ဖက်ရည်ဆိုင် က တစ်ယောက်ယောက် ကို မေးပါလားကွ ”
“ မေးတယ်ကွ သူ လည်း မသိဘူးတဲ့ ”
“ မင်း က ဘယ်လို မေးလို့လဲ ”
“ ကျွန်တော် ဘယ်က လာခဲ့သလဲလို့ မေးတာကွ ”
“ အိုဟို … ဒီလို မေးလို့ မင့် အရူး ထင်မှာပေါ့ကွ ”
“ နို့ … ဘယ်လို မေးရသလဲ ”
“ မင်း တည်းတဲ့ အိမ် ရှိတဲ့ လမ်း ကို မေးမှပေါ့ကွ ”
“ အဲဒီ လမ်းနာမည် ကို ငါ မေ့နေတာကွ ”
“ အဲဟဲ … မင်း မေ့တာ က လွန်လွန်းပြီကွ ၊ မင့် တည်းအိမ် ငါ တောင် သိသေးတယ် ၊ ဝါးတန်း ဦးစက်ခိုင် - ဒေါ်မြရုံ တိုက် မဟုတ်လား ”
ဤတွင် အောင်ရွှေ သည် အလွန် မှန်ကန်သော သူ ၏ နောက်ဖြစ် ကို တပ်အပ်သေချာစွာ ပြောလိုက်ခြင်း ခံရဘိ သကဲ့သို့ မျက်လုံးကြီး ဖြဲကာ ကျွန်တော့် လက်ကို ဝှေ့ရမ်းပြီး ...
“ အား … ဟား … ဟုတ်တယ် အေးဆွေ ဟုတ်တယ် ၊ မင်း ဘယ့် နှယ်လုပ်ပြီး သိတာလဲ ”
“ မင်း နေ့ခင်း က ညနေ ငါ့ဆီ လာလည်မယ်လို့ … ပေါ်အူး ကို ဖုန်း နဲ့ စကား ပြောတယ် မဟုတ်လားကွ ”
သူ သည် မျက်လုံးကြီး ပြူးပြန်ကာ …
“ အေ ... ဟုတ်တယ် ၊ ဟုတ်တယ် အဲဒါကိုလည်း ငါ မေ့နေတယ်ကွ ”
“ ကဲ အဲဒါတွေ ထားပါဦး ၊ မင်း ဒီ မန္တလေး ကို ဘယ်တုန်းက ဘာကိစ္စ နဲ့ ရောက်နေတာလဲ ပြောစမ်းပါဦး ”
“ ဘယ်တုန်းကလဲ ဆိုတာတော့ ငါ မေ့နေပြီ ... ဘာကိစ္စလဲ ဆိုတာ ကတော့ ငါ မေ့ဖို့ ကြိုးစားရအောင် လာတာကွ ”
ကျွန်တော် မှာ အတော် အောင့်သက်သက် ဖြစ်၍ သွားပါသည် ။ အကြောင်းမှာ အောင်ရွှေကြီး သည် ငယ်စဉ်က ပင် အလွန် မေ့တတ်သူ ဖြစ်၍ ယခု သူ ၏စကားကို ကြားရသော အခါ၌ ဤခေတ်ကြီး ဗရုတ်ဗရက် တွင် အောင်ရွှေ လို အကောင်ကြီး ပင် ရယ်စရာ ပြောတတ်နေပါပကော ဟု အောက်မေ့၍ …
“ အေး .. မင်း လည်း အလာကြီးပဲကွ ၊ ဒါဖြင့် အခု မင့်ကြိုးစားမှု အောင်မြင်ပြီပေါ့ ”
အောင်ရွှေကြီး သည် မရွှင်လန်းသော မျက်နှာ နှင့်ပင် ခေါင်းကုတ်ကာ ...
“ ဟေ့ အေးဆွေ ... မင်း ငါ ပြောတဲ့ စကား အဓိပ္ပာယ်ကို နား မလည်သေးပါဘူးကွာ ။ ငါ ပြောချင်တာ က ငါ့ အသည်း ခွဲသွားတဲ့ ကောင်မလေး ကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင်လို့ ဒီကို လာနေတယ် လို့ ဆိုလို တာကွ ”
“ ဘယ်က ကောင်မလေး လဲကွ ”
“ အဲဒီ ဘယ်က ဆိုတာ မေ့နေလို့ ခက်တာပေါ့ကွ ”
“ အို … မင့် ဟာ က လည်း ... အောင်ရွှေ နှယ် ”
“ လာ .. လာ … လက်ဖက်ရည်ဆိုင် ထဲကို မင့် ငါ နားလည်အောင် အေးအေးဆေးဆေး ပြောဦးမယ် ”
ဟု ဆိုကာ ကျွန်တော့် လက် ကို ဆွဲ၍ ဆိုင်ဆီ ခေါ် သွားရင်း ...
“ ဪ … ဪ မင့် မှာ ပိုက်ဆံ ပါရဲ့လားကွ ၊ ငါ ခုန သောက်တဲ့ လက်ဖက်ရည်ဖိုး တောင် မပေးရသေးဘူး ”
“ ဘာပြုလို့ မပေးရသေးတာလဲ ”
“ ငါ ပိုက်ဆံအိတ် မေ့ကျန်ရစ်ခဲ့လို့ကွ ”
“ အို … မင်း ဟာ က လည်း ကြာရင် ပုဆိုး ဝတ်ဖို့တောင် မေ့မယ့် ကောင်ပဲ ”
“ အေးကွာ ၊ အခုတလော ပိုလို့ မေ့တတ်နေပါတယ် ။ ဒါပေမဲ့ ငါ မေ့မေ့ပျောက်ပျောက် ဖြစ်ချင်တဲ့ဟာ ကိုတော့ မမေ့ဘူးကွ ”
လက်ဖက်ရည်ဆိုင် ထိုင်မိကြသော အခါ ကျွန်တော် က …
“ ကဲ … မင့် ကောင်မလေး နာမည် က ဘယ်သူလဲ ။ နာမည် ကော မှတ်မိရဲ့လား ”
“ အဲ အဲ ... သူ့ နာမည် တောင် အကုန်လုံး မမှတ်မိဘူး ။ သုံးပုံ တစ်ပုံ ပဲ မှတ်မိတယ် ”
“ ဘယ်လို သုံးပုံတစ်ပုံလဲကွ ”
“ ဟိုကွာ .. သူ့ နာမည် က ခင်မေရီ ဆိုလား … တင်မေကြည် ဆိုလား ကြည်ကြည်မေ ဆိုလား ၊ သုံးလုံးတွဲ မှာ မေ တော့ ပါတယ်ကွ ။ အဲဒါ ငါ မေ ပဲ မှတ်မိတယ် ”
“ ကဲ … မေ ပဲ ထားပါတော့ကွာ ။ အဲဒီ မေ က မင်း အသည်း ဘယ်လို ခွဲသွားတာလဲ ”
“ ဒီလိုကွ ... ရန်ကုန် မှာ ဂျိုးဖြူပိုက်ကြီး ပျက်တုန်း က ငါ အင်းလျားကန် ကို ရေချိုး သွားတယ်ကွ ။ ငါ့ လိုပဲ ရေချိုး လာတဲ့ လူတွေ အများကြီးပဲ ဟေ့ ။ ဒါနဲ့ ငါ ရေဆင်း ချိုးတော့ ငါ့ နေရာ နဲ့ မနီးမဝေး မှာ မိန်းကလေး တွေ လည်း ချိုးတယ်ကွ ၊ အဲဒါနဲ့ ငါ ရေချိုး တဲ့ နေရာ ကလည်း တော်တော် နက် တယ်ကွ ၊ ငါ့ပခုံး ထိတယ် ။ အဲဒါနဲ့ ငါ ရေချိုး လို့ ပြီးခါနီးမှာ ငါ့ ဗိုက် ကို ဒုတ်ခနဲ လာ ဆောင့်ရော ဟေ့ အဲဒါနဲ့ ငါ လန့်ပြီး ဆွဲ လိုက်တော့ ငါ့ ဗိုက် ကို လာ ဆောင့်တာက အဲဒီ ကောင်မလေး မေ ပေါ့ကွ ”
“ ဟေ … ကောင်မလေး က မင့် ဗိုက် လာဆောင့်တာ နဲ့ မင့် အသည်း ကွဲရော ... ”
ကျွန်တော် က မရှင်းလင်း သဖြင့် ဖြတ်၍ မေးလိုက်ရာ အောင်ရွှေ သည် အကြီးအကျယ် မကျေနပ် ဖြစ်ပြီး အော်ငေါက်,ငေါက် အသံနှင့် ...
“ ဟေ့ … အေးဆွေ ရ ၊ ငါ့ ဗိုက် ဆောင့်လို့ အသည်း ထက်ခြမ်း ကွဲသွား တာကို ပြောတာ မဟုတ်ဘူးကွ ”
“ နို့ … ဘာပြောတာတုံး ”
“ ဒီနေရာမှာ ကောင်မလေး နဲ့ ငါ နဲ့ သမီးရည်းစား ဖြစ်သွားတာကို ပြောတာကွ ”
ကျွန်တော် မှာ ပိုမို နားရှုပ် သွားကာ ...
“ ဟေ .. ကောင်မလေး က မင့် ဗိုက် ဝင်ဆောင့်တော့ ... ဆီးဆွဲ လိုက် တာနဲ့ သမီးရည်းစား ဖြစ်ကရော … ”
အောင်ရွှေ သည် သူ့ စကား နှင့် သူ ပင် နားအူနားလည် ဖြစ်ကာ သူ့ နဖူး ကို လက်ဝါး ဖြင့် ပွတ်၍ ...
“ အို .. ဟို ... မင်း ဝင်ရှုပ်တာနဲ့ ငါ့ စကားတောင် ငါ နားမလည် သလို ဖြစ်သွားပြီ ။ ဒီလိုကွ ငါ အစက ပြန်ပြောမယ် ။ ရန်ကုန် မှာ ဂျိုးဖြူပိုက်ကြီး ပျက်တော့ … ငါ .. ”
“ ဟေ့ တော်ကွာ အစက ပြန်ပြော မနေနဲ့ ဂျိုးဖြူ ပျက်တာ ၊ မင်း ရေချိုး သွားတာ ၊ ကောင်မလေးတွေ မင်း နဲ့ မနီးမဝေး မှာ ရေချိုးကြတာ ငါ နား လည်ပြီ ”
“ အေး ... အေး .. အဲ့ဒီလို ရေချိုးကြတုန်း အဲဒီ ကောင်မလေး က ရေနစ် တော့ ငါ က ဆယ် လိုက်တယ်ကွ ”
“ ဘာ … ကောင်မလေး ရေနစ်တာ ကို ဆယ်တယ် ”
“ အေး ”
“ နို့ … နေပါဦး ၊ မင်း က ရေ မကူးတတ်ဘူး မဟုတ်လား ”
“ အေး ၊ ငါ ရေမကူး တတ်ဘူးလေ ”
“ နို့ … ဘယ့်နှယ်လုပ် ဆယ် သလဲ ”
“ အို .. ဒီလိုကွာ ၊ မင်း ဝင်ဝင် ပြောတာနဲ့ ငါ့ ဟာ ငါ ရှုပ် သွားပြန်ပြီ ။ ငါ အစ က ပြန်ပြောဦးမယ် ”
“ တော်ကွာ ၊ အစကတော့ ပြန် မပြောနဲ့တော့ ”
“ မဟုတ်ဘူးကွာ ၊ အစဦး အစက မဟုတ်ဘူးကွာ ”
“ ဘာ အစဦး အစက မဟုတ်တာလဲ ”
“ ဒီလိုကွာ … ငါ ရေချိုးတဲ့ နေရာက ငါ့ ပခုံး ထိတယ် ”
“ အဲဒါ့ကို မင်း အစဦး က ပြောပြီးပြီ ”
“ ဪ … အေးဆွေ ... မင်း ဝင် မနှောက်စမ်းနဲ့ကွာ ၊ အဲ့ဒါကို ထည့်ပြောမှ ဖြစ်မယ်ကွ ”
“ ကဲ ပြော … ပြော ငါဘာမှ ဝင် မပြောတော့ဘူး ”
“ အဲ … အဲဒါနဲ့ … ငါ့ စကားတောင် ဘယ်ရောက် သွားပါလိမ့် ”
“ ငါ့ မမေးနဲ့ ၊ ငါ ဘာမှ ဝင် မပြောတော့ဘူး ဆိုနေ ”
“ အေး … အေး … မပြောနဲ့ ဒါမှပဲ ငါ့ စကား ပြီးတော့မှာပဲ ၊ ဩော် ... ဪ … ရေ ငါ့ ပခုံး ကို ထိတာ ရောက်သွားပြီ ။ အဲ .. အဲ ရေ ငါ့ ပခုံး ထိတယ် ဆိုတော့ အတော် နက်တာကွ ၊ အဲဒီ ရေနစ်တဲ့ ကောင်မလေး က ပုပု လေးရယ် ကွ ၊ သူ့ အရပ် က ငါ့ ရင်ခေါင်း လောက် ပဲရှိတယ် ။ အဲ့ဒါနဲ့ သူ ငါ့ ပခုံး ထိတဲ့ နေရာ ရောက်တော့ နစ်တာပေါ့ကွ ။ ရေနစ် လည်း ငါ အစဦး မသိ ပါဘူး ။ ငါ့ ဗိုက် လာ တိုးတော့မှ ငါ က ဘာလဲလို့ လန့်ပြီး ဆွဲလိုက်တော့ သူ ဖြစ်နေရော ဟေ့ ။ ဒါနဲ့ ငါ က သူ ရေနစ်တာ ကို ဆယ်တာ ဖြစ်သွားတာပေါ့ ကွ ။ ကဲ ... မင်း နားလည်ပြီလား ”
ယခု မှ သူ့ စကား ကို ကျွန်တော် နားလည်ပါပြီ ။ အောင်ရွှေ မှာ အရပ် ၅ ပေ ၉ လက်မ မျှ ရှည်သော လန်ဘားကြီး ဖြစ်၍ သူ့ ကောင်မလေး မှာ သူ့ ရင်ခေါင်း မျှ ရှိသည် ဆိုသဖြင့် အရပ်လေးပေခွဲ မျှ ရှိသော ဂျပုမလေး ဖြစ် ရမည် ။ ထို့ကြောင့် သူ သည် ရေတိမ် ၌ ပင် နစ်သော ဂျပုမလေး ကို သက်သက်သာသာ နှင့် အချောင် ဆယ်လိုက်ရခြင်း ဖြစ်ရမည် ။
“ အေး … ငါ နားလည်ပါပြီ ကွာ ၊ မင်း ကောင်မလေး ကို အချောင် ကယ်ဆယ် လိုက်ရတယ် ဆိုပါတော့ ”
အောင်ရွှေ သည် ကျွန်တော့် စကား ကို မကျေနပ်ဟန် နှင့် ...
“ အို … အို ငါ သူ့ ကယ်ဆယ် ရတာ မချောင်ပါဘူးကွာ ၊ သူ့ ကို ဆွဲ လိုက်တော့ ၊ သူ က ရေကူးအဝတ် နဲ့ ပေါင်နှစ်ဖက် က ငါ့ ခါး ကို ညှပ် ၊ လက် နှစ်ဖက် က ငါ့ လည်ပင်း ကို ဖက်လိုက်တာ ၊ လူ ကို အသက်ရှူ ကြပ်ကရော့ ”
“ ကဲ ... ကဲ ... မင့် အသက်ရှူ ကြပ်တာ ထားပါတော့ကွာ ။ ဒါနဲ့ ကောင်မလေးက မင့် ကို အသက်သခင် ကျေးဇူးရှင် ဆိုပြီး ချစ်သွားရော ဆိုပါတော့ ”
“ အဲဒါကြောင့်တင် မဟုတ်သေးဘူးကွာ ။ သူ က အရပ် ပုပြီး ငါ က အရပ် ရှည် လို့ ပိုပြီး ချစ်တာတဲ့ကွ ”
“ ဟေ့ … မင့် ဟာ က ဘာ အဓိပ္ပာယ်လဲ ”
“ ဒီလိုကွ … သူ က ရုပ်လှပြီး ကိုယ်လုံး ကိုယ်ပေါက် အချိုး ကျတော့ မယ်ဒဂုံပြိုင်ပွဲ နဲ့ ရွှေတိုင်မယ်ပြိုင်ပွဲ ကို ဝင်တာ ၃ ကြိမ်စလုံး တတိယချည်း ဖြစ်နေသတဲ့ ၊ ဒါနဲ့ သူ အကြောင်း ရှာတော့ အရပ် ပုလို့ ဖြစ်နေတာ ကိုးကွ ။ အဲဒါနဲ့ သူ့ တစ်သက်မှာ ဖြင့် မယ် ဖြစ်တော့မှာ မဟုတ်ဘူး ။ နောက် မွေးမယ့် ကလေးတွေ ဟာ အဆင့်အတန်း မီတဲ့ မယ်ဒဂုံ တွေ ၊ မယ်ဗမာ တွေ ဖြစ်ရ အောင် အရပ် ရှည်တဲ့ လူ ကို ယူမယ်လို့ ဆုံးဖြတ်ချက် ချထားတုန်း ငါ နဲ့ အဆင်သင့် တွေ့ တာပဲကွ ”
ကျွန်တော့် မှာ သူ့ အကြောင်းပြချက် ကို သဘောပေါက်ကာ …
“ အေး ... ဒါဖြင့် မင်းတို့ အချစ် က တော်တော် ခိုင်မြဲတာပဲ ။ ဒါနဲ့ အသည်း က ဘာပြုလို့ ကွဲရတာလဲ ”
“ သူ နဲ့ ကွဲသွားလို့ပေါ့ကွ ”
“ ဘာဖြစ်လို့လဲ ရန်ဖြစ်ကြ လို့လား ”
“ အမယ်လေး ကျားသားမိုးကြိုး ၊ ရန်ဖြစ် ဖို့ မပြောပါနဲ့ နှုတ်ခမ်းစူတာ တောင် ငါ တစ်ခါမှ မမြင်ဖူးလိုက်ဘူး ”
“ နို့ ဘာကြောင့်လဲ ”
“ ဒီလိုကွ … သူ နဲ့ ငါ စတွေ့ ကတည်း က စပြီး အဲဒီ အင်းလျားကန် မှာ ချည်း နေ့တိုင်း ရေချိုးလာကြရင်း ချစ်ချစ် နေကြတယ်ကွ ။ ရေချိုးလိုက် ၊ လှေစီးပြီး အလယ်ကျွန်းကလေးတွေ ပေါ် သွားလိုက် ၊ လူအလစ် မှာ ဖက်ဖက် နမ်းလိုက် .. ”
“ အို ... လိုရင်းကို ပြောစမ်းပါကွာ သမီးရည်းစား ဖြစ်မှ ဖက်နမ်းတာ တော့ ငါ သိတာပေါ့ကွ ”
“ အေးကွာ … ငါ လည်း စိတ်ထဲ စွဲနေတာ ပြောမိတာပဲ ၊ လိုရင်းက တော့ ဒီလိုကွ ။ အဲဒီလိုချည်း နေ့တိုင်း တွေ့တွေ့ နေကြပြီး ဂျိုးဖြူပိုက်ကြီး လည်း ကောင်း သွားရောဟေ့ သူ လည်း မလာတော့ဘူးကွ ”
“ ဟေ … မင်း ကတော့ သွားတုန်းပဲလား ”
“ သူ့ တွေ့ ရအောင် သွားတာပေါ့ကွ ”
“ ရေပိုက် ကောင်းသွားလို့ မြို့ထဲ ရေတွေ ရနေမှ မင့် အင်းလျားကန် ရေချိုး လာပါတော့မလားကွ ”
“ အေး … ဒါကြောင့် ငါနဲ့ မတွေ့ ရတော့တာပေါ့ကွ ”
“ နေပါဦး … မင့် ကို သူ့ နာမည် နေရပ် မပြောခဲ့ဘူးလား ”
“ ပြောခဲ့သားပေါ့ကွ ၊ အဲဒါ ငါ မေ့ကုန်လို့ မေ ဆိုတဲ့ နာမည် သုံးပုံတစ်ပုံကလေး ပဲ မှတ်မိတော့တယ် ”
ကျွန်တော် သည် သူ့ အစား ခေါင်းကုတ်မိကာ ...
“ မင်း နှယ်ကွာ … ကိုယ့် ကိုယ် ကိုယ် မေ့တတ်မှန်း သိရက်သားနဲ့ စာရွက် နဲ့ ရေးမှတ်ထားရောပေါ့ ”
“ မှတ်ပါသော်ကောကွာ အဲဒီ စာရွက် က ပျောက်သွားလို့ကွ ”
“ ကဲ … မင့် ဟာ … မျှော်လင့်စရာ မရှိတော့ဘူး ။ နို့ နေပါဦး ၊ မင့် နာမည် ၊ နေရပ် ကို သူ့ ကို ပြောလိုက်မိရဲ့လား ”
“ အဲဒါ ပြောမိလား ၊ မပြောမိလား ငါ သတိ မရဘူးကွာ ”
“ ဒါဖြင့် သတင်းစာ ထဲ ကနေ ကြော်ငြာ ပါလားကွာ ”
“ ဘယ်လို ကြော်ငြာမလဲကွ … ၊ သူ့ နာမည် အကုန် ငါ မှတ်မိတာ မဟုတ် ။ မေ တစ်လုံး တည်း ကပ်သီးကပ်သပ် မှတ်မိတာကလေး ”
“ အို … ဘာခက်သလဲ သူ့ နာမည်မှာ မေ ပါတဲ့ အကြောင်း မင်းတို့ ချင်း အင်းလျားကန် မှာ ဖြစ်တဲ့ ကိစ္စ သူ နားလည်အောင် ထည့် ရေးလိုက် ပေါ့ကွ ”
သူ သည် ရုတ်တရက် ဝမ်းသာလုံး ဆို့သော မျက်နှာကြီး နှင့် ကျွန် တော့် ပခုံး ကို ဗြုန်းခနဲ လှမ်း ပုတ် လိုက်ပြီး ...
“ ဟေ ... ဟုတ်ပြီ ... ဟုတ်ပြီ ... အေးဆွေ အေးဆွေ သူငယ်ချင်း မင်း တယ် ဉာဏ်ကောင်းတဲ့ ကောင်ပဲကွ ။ မင်း နဲ့ တွေ့ ရတာ ဘိုးဘိုးအောင် နဲ့ တွေ့ သလို ဖြစ်သွားတာပါပဲကွာ ။ တောက် ... ငါ အစဦးက ဖြင့် ဘာမှ မကြံတတ် မစည်တတ် ဖြစ်ပြီး ဟို လျှောက် ရှာ ၊ ဒီ လျှောက် ရှာ အင်းလျား ကန် သွား မှိုင် နဲ့ အရူးတစ်ပိုင်း ဖြစ်ခဲ့တာ ။ နောက်ကျတော့ ငါ ဟို ရှင်ဘုရင် ဘယ်သူကွ ။ အောင်ပင်လယ်ကန် မှာ နတ်သမီး နဲ့ တွေ့ပြီး ရူးသေသွားတာ ”
“ ဆင်ဖြူရှင် … တရဖျား လေကွာ ”
“ အေး … အေး … သူ ကတော့ အောင်ပင်လယ်ကန် ၊ ငါ ကတော့ အင်းလျားကန် ဆိုပြီး ရာဇဝင် တွင် သွားမှာစိုးလို့ ငါ သူ့ ကို မေ့ဖို့ကြိုးစားပါ တော့မယ်လေ ဆိုပြီး ဟိုသွား ဒီသွား နဲ့ ဒီ မန္တလေးမြို့ ကို ရောက်လာတာကွ ။ အခုတော့ မန္တလေးမြို့ကို လာရကျိုး နပ်ပါတယ်ကွာ ။ မင်း နဲ့ တွေ့ ရတာဟာ ဘုရားသိကြား မ တာပါပဲကွာ ။ အေးဆွေ … အေးဆွေ … ငါ အရင်တုန်း က ဖြင့် မင်း မှာ ဒီလို အကြံကောင်း ၊ ဉာဏ်ကောင်းများ ရှိလိမ့်မယ် မထင်မိ ဘူး ။ ခုမှ ဖွတ် ထွက် မှ တောင်ပို့မှန်း သိ ဆိုတာလို တကယ် အကြံဉာဏ် ကောင်း မင့် ခေါင်းထဲ က ထွက်လာ မှ မင့် မှာ အဟုတ် ကို ဦးနှောက် ကောင်း ရှိတယ် ဆိုတာ သိရတော့တယ်ကွာ ။ တောက် .. ၊ ကျေးဇူး တင်တယ် ။ ငါ့ မေကလေး နဲ့ ပြန်တွေ့ မှ မင့် ကို ငါတို့ နှစ်ယောက် လာပြီး ကျေးဇူး ဆပ်ရ ဦးမယ် ။ ဝမ်းသာလိုက်တာ အေးဆွေ ရာ ”
အောင်ရွှေကြီး သည် ထူးထူးခြားခြားရွှင်လန်းသော မျက်နှာကြီး နှင့် သခင် ပြန် တွေ့သော ခွေးအိုကြီး ကဲ့သို့ ကျွန်တော့် တစ်ကိုယ်လုံး ရစရာ မရှိ အောင် ပြောပြောဆိုဆို နှင့် ဟိုပွတ်ဒီသပ် လုပ်၍ ချီးမွမ်းသြဘာ ထောပနာ ပြုနေလိုက်ရာ ကျွန်တော် မှာ တစ်သက် မှ တစ်ခါ ဆိုသလို ဤကဲ့သို့ ချီးမွမ်း ခြင်း ကို မခံခဲ့ရသဖြင့် လူ မှာ မနေတတ် မထိုင်တတ် ဖြစ်အောင်ပင် မိမိ ကိုယ် မိမိ စိတ်ကြီး ဝင်လျက် ချီးမွမ်းနေသူ ကိုပင် အားနာ သလို ဖြစ်လာ သောကြောင့် ...
“ ကဲ … တော်ပါတော့ကွာ .. မင့် ကိစ္စ အကြံပေးရတာ ကို ငါ ဝမ်းသာပါတယ် ။ ကဲ … သွားကြစို့ရဲ့ ၊ ငါ လည်း ထမင်းစား ဖိတ်ထားတာ သွား ရဦးမယ် ။ နက်ဖြန်မှ တို့ အေးအေးဆေးဆေး တွေ့ ကြရအောင် မင်း ငါ့ ဆီ ကို လာခဲ့ ”
ဟု နောက် တစ်နေ့ နောက် အချီးအမွမ်း ခံချင်သော သဘော နှင့် ပြော လိုက်ရာ အောင်ရွှေကြီး မှာ မျက်နှာ ကို ရှုံ့၍ ...
“ အေး နက်ဖြန် ငါ မလာနိုင်ဘူးကွ ၊ မနက်စောစော ကား နဲ့ ပြန်ရ တော့မယ် ”
“ ဟေ ... အရင် လို လှချည်လား ကွာ ၊ ငါတို့ သူငယ်ချင်း နှစ်ယောက် မန္တလေး မှာ တွေ့ရတုန်း ဘီကြင်ဟိုတယ် တို့ လျမ်စိန်ဟိုတယ် တို့မှာ အတူတူ မမူးရတော့ဘူးလား ကွာ … နေစမ်းပါဦးလားကွ ။ တစ်ရက် ၊ နှစ်ရက် လောက် မင့် မှာ ရန်ကုန် ဘာကိစ္စထူး ရှိလို့လဲ ”
“ မနေနိုင်ဘူးကွ ၊ ဒီနေ့ပဲ မေမေ့ ဆီက သံကြိုး ပါလာတယ် ။ ငါတို့ ဂန္ဓမာအိမ်ကြီး ကို ငါးသောင်း နဲ့ ရောင်းမလို့ကွ ”
“ ဟေ ... ကုက္ကိုင်းလမ်း က အိမ်ကြီး မဟုတ်လား ။ နေရာ ၊ ရပ်ကွက် လည်း ကောင်း အိမ်ကြီး ကလည်း ခမ်းခမ်းနားနား ၊ နှမြောစရာကြီး ကွာ ရောင်းပစ်ဖို့ မကောင်းပါဘူး ။ ငါ့ သာ မိန်းမ ရှိမယ် ဆိုရင် ဒီ အိမ်ကြီး ဝယ် ချင်သေးတယ် ”
“ မင်း ပြောတာ ဟုတ်ပါတယ်ကွာ ။ ဒါပေမဲ့ မေမေ က အိမ် က လူ နည်းနည်းလေး နဲ့ ဒီလောက် ကြီးတဲ့ အိမ်ကြီး မှာ နေတော့ အလကားပဲ ။ စရိတ်စက ကုန်တယ် ။ ဝင်ငွေ လည်း မရှိဘူး ဆိုပြီး ရောင်းချင်တာကွ ”
“ ဟုတ်တော့ ဟုတ်ပါရဲ့ ၊ ဒါထက် ခုနှယ် မင်းအိမ်ကြီး ငါးသောင်း ပေးမှာက ဘယ် သူဌေးများလဲကွ ”
“ သူဌေး တော့ မဟုတ်ဘူးကွ ။ ဟို ဆပ္ပလိုင်း ဝန်ထောက် ဦးဘတုတ် လေ .. မင်း မသိဘူးလား ။ ဝန်ကြီး ဦးပြည်ချစ် ရဲ့ ယောက်ဖ ပေါ့ ”
“ ဟေ ... ငါ ကောင်းကောင်းကြီး သိတာပေါ့ကွ ။ ကြည်ကြည်ထွေး အဖေ ပဲ ”
“ ဘယ်သူလဲကွ … ကြည်ကြည်ထွေး ဆိုတာက ”
“ ဦးဘတုတ် သမီးလေကွာ ”
“ ဟေ … ဦးဘတုတ် က သမီးပျိုတွေ ဘာတွေနဲ့လား ။ တော်တော် ချောရဲ့လား ”
“ ချောတယ်ကွ ။ ချောလို့ပဲ ... ငါ ဂေါ်မိတာ ။ ကြည်ကြည်ထွေး နဲ့ ငါ ဖြစ်ပုံ ပြောရဦးမယ် ။ မင်း သွား မဂေါ်နဲ့ သိလား ။ ငါ တော့ လန့်လာပြီ ”
“ ဟေ ... မင်း မစွံတိုင်း ငါ မစွံရဘူးလားကွာ ”
“ ငါ မစွံတာ မဟုတ်ဘူးကွ ၊ သူ က .. ”
“ အို … သူ က တွေ ဘာ က တွေ လုပ် မနေနဲ့ မရတာဟာ မစွံတာ နဲ့ အတူတူပေါ့ကွ ။ သွားမယ်ကွာ ။ ငါ မနက် စောစော သွားဖို့ ပြင်ဆင်ရဦးမယ် ငါ အခု တည်းတဲ့ အိမ် ဟာ ဘာတန်း ကွ ”
“ ဝါးတန်း ဦးစက်ခိုင် - ဒေါ်မြရုံ ”
“ အေး ... အေး ... မင့် ကျေးဇူးပါကွာ ”
အောင်ရွှေကြီး သည် ပြောပြောဆိုဆို နှင့် ကျွန်တော့် စကား ကို မျှ လိပ် ပတ်လည်အောင် နားမထောင်တော့ဘဲ သူ့ ခြေလှမ်းကြဲကြီး နှင့် ဆိုင် ထဲ မှ ထွက်ပြီး ဆိုက်ကား တစ်စီး ပေါ် တက်၍ သွားပါတော့သည် ။ စင်စစ် ကျွန် တော် ဆိုရင်းမှာ ဟို .. ဝန်ကြီး တူမ တိမ်ညွန့်ကြည် ဖြစ်၍ ကျင်စာရီ ၏ လင် တင်မောင်ရင် ၏ အဖြစ်ကို နမူနာ ပြုကာ ကျွန်တော် မည်ကဲ့သို့ ရှောင်ကွင်း ခဲ့ရကြောင်း နှင့် ကျွန်တော့် မိတ်ဆွေ တစ်ယောက် အား ကျွန်တော် ကဲ့သို့ မဖြစ်အောင် သတိပေးရန် ဖြစ်သည် ။ ယခုမူ သူ သည် ကျွန်တော့် စကားကို ဆုံးအောင် နားမထောင် တော့ သဖြင့် သင်းထိုက် နှင့် သင်းကံ ပဲ ဟု နှလုံးပြု ကာ သက်ပြင်းကြီး ချလိုက်ရ ပါတော့သည် ။
အမှန်ကို ဆိုရသော် အောင်ရွှေ ကဲ့သို့ ကောင်မျိုး သည် ကြည်ကြည်ထွေး ကဲ့သို့ ခေတ်မီယဉ်ကြော့ ကားပျံကော့ နေသော ဇယ်ကလေး ကို မကြိုက်ဘဲ နေနိုင်မည် မဟုတ်ပါ ။ ဝန်ကြီးတူမ ကြည်ကြည်ထွေး ဘက်က ကြည့်ပြန်မူပါလည်း အောင်ရွှေ ကဲ့သို့ ပစ္စည်း ရှိသော မုဆိုးမကြီး ၏ တစ်ဦး တည်းသော သား အား ရှောင်ကွင်းလိမ့်မည် မဟုတ်ပါ ။ သို့ရာတွင် ကျွန် တော် တစ်ချက် စိတ်သက်သာ ရ သည်ကား ကျွန်တော် သည် အောင်ရွှေ ကြီး အား ပျောက်ဆုံး နေသော မြာကလေး ကို ပြန်တွေ့ ရန် နည်းကောင်း လမ်းပြ ညွှန်ကြား လိုက်သည် ဖြစ်၍ အောင်ရွှေကြီး သည် ကျွန်တော် ပြော သည့် အတိုင်း သတင်းစာ ထဲ မှ ကြော်ငြာ ထည့်မည် ။
ကျွန်တော် ဆုတောင်း ပါသည် ။
ကြော်ငြာ လျှင် မြန်မြန် တွေ့ပါစေ ။
အမြန် မတွေ့ပါက အောင်ရွှေကြီး တို့ သားအမိ သည် ဂန္ဓာမာအိမ်ကြီး ကို ရောင်းပြီး နောက် ဤ ခြံထဲ မှာပင် သူတို့ တိုက်ပုကလေး ၌ နေမည် ဖြစ်သောကြောင့် ကြည်ကြည်ထွေး နှင့် နီးစပ်ပြီး ဒီကောင်ကြီး ဘုမသိ ဘမသိ နှင့် ငြိသွားပေမည် ။
ထို့ကြောင့် ကျွန်တော် သည် နောက်တစ်နေ့ မှစ၍ အောင်ရွှေကြီး ၏ ရည်းစားပျောက်ကြော်ငြာကို စောင့်မျှော် နေမိပါတော့သည် ။ သို့ရာတွင် ခုနစ်ရက် မြောက်သော နေ့၌ သူ ၏ ရည်းစားပျောက် ကြော်ငြာ ကိုကား မတွေ့ ရ အောက်ပါ စိတ်ပျက်စရာ ကြော်ငြာကို တွေ့ ရပါတော့သည် ။
◾စေ့စပ်ကြောင်းလမ်း ပြီးစီးခြင်း
မောင်အောင်ရွှေ နှင့် မကြည်ကြည်ထွေး
ရန်ကုန်မြို့ ကုက္ကိုင်းလမ်း ဂန္ဓမာအိမ်ကြီးနေ ၊ ကွယ်လွန်သူ ဝတ်လုံ တော်ရ ဦးအောင်ကြိုင် -ဒေါ်မြရွှေ တို့၏ တစ်ဦးတည်း သောသား ၊ မန္တလေး မြို့ စက်ပိုင်ရှင် ၊ ဘုရားဒကာ ၊ ကျောင်းဒကာ ၊ ဇရပ်ဒကာ ၊ ဦးစက်ခိုင်ဒေါ်မြရုံ တို့၏ တူ မောင်အောင်ရွှေ ( William ) နှင့် ရန်ကုန်မြို့ ဂွဒ်လိ ( ဖ် ) လမ်းနေ ဆပ္ပလိုင်းဝန်ထောက်ကြီး ဦးဘတုတ် - ဒေါ်ယက်သဲ တို့ ပဉ္စမမြောက် သမီး ၊ ဝန်ကြီးဦးပြည်ချစ် ၏ တူမ ၊ ယစ်မျိုးမင်းကြီး ဦးလပ်ခင် ၊ ဒေါ်တင်မေ တို့ ၏ ညီမ ၊ အမျိုးသမီးကြီးထွားရေး အသင်းကြီး ၏ ဥက္ကဋ္ဌ ဒေါ်ညှက်သေး ၏ တူမ ကြည်ကြည်ထွေး ( Miss Honoria ) တို့အား နှစ်ဖက် မိဘများက သဘောတူ စေ့စပ်ကြောင်းလမ်း ထားပါကြောင်း ။
ကျွန်တော် သည် အထက်ပါ သတင်း ကို ဖတ်ပြီး သက်ပြင်းကြီး ချ လိုက်မိကာ ...
“ အောင်ရွှေကြီး တော့ ဂွမ်ပဟေ့ ပေါ်အူး ”
“ ဘာတုံး ဆရာ ”
“ မင်း ဒီမှာ ကြည့်တော့ကွာ ”
ဟု ဆိုပြီး သတင်းစာ ကို ထိုးပေး လိုက်ပါသည် ။
“ ဘယ့်နှယ်လဲ ဟေ့ ပေါ်အူး .. ဒီကောင်ကြီး တော့ တင်မောင်ရင် ရဲ့ လမ်းစဉ် ကို လိုက်သွားပြီကွ ” "
“ ကြည်ကြည်ထွေး က လှသကိုး ဆရာ ရဲ့ ”
“ အလှ ဆိုတာ က ခဏ ၊ သြဇာ ပေးမှာ က တစ်သက်လုံး ကွ ”
“ သူ ဒါကို မသိလို့ ဖြစ်မှာပေါ့ ဆရာ ရယ် ”
“ ငါ ဟိုနေ့ က ပြောမယ် လုပ်တုန်း ငါ့ စကား မစောင့်ဘဲ လစ်ပြေးတာကွ ”
“ ဒါဖြင့် သူ့ ထိုက် နဲ့ သူ့ ကံ ပေါ့ဆရာ ”
“ အေး … ဒါပဲ ချရတော့ပေါ့ကွာ ။ ငါ့ မိတ်ဆွေ တစ်ယောက် အတွက် တော့ စိတ်မကောင်းပါဘူး ”
“ ဆရာ စိတ်မကောင်း ဖြစ်နေလို့လည်း အကြောင်း မထူးပါဘူး ။ ခရီး က လွန်နေကြပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ အဖို့ ဒီ သတင်းကြောင့် ရန်ကုန် ပြန်ဖို့ အကြောင်းပြချက် တော့ ရပြီ ဆရာ ”
“ ဘယ်လို ရတာလဲကွ လုပ်စမ်းပါဦး ငါ လည်း ပြန်ချင်လှပြီ ”
“ ဘာခက်သလဲ ဆရာ ၊ ကိုအောင်ရွှေ က သူ မင်္ဂလာဆောင်ခါ နီးနေ လို့ ဆရာ့ ကို အမြန်ဆုံး ပြန်လာဖို့ အကြောင်း ရေးတဲ့ အနေမျိုးနဲ့ ကျွန်တော် က စာတစ်စောင် ရေးပေးမယ် ။ အဲဒါ ဆရာ က ဟောဒီ သတင်းစာ နဲ့ အတူ ရော ပြတာပေါ့ ဆရာ ”
“ အေး ဟုတ်ပြီဟေ့ ”
ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် သည် ပေါ်အူး အကြံပေး သည့် အတိုင်း ဒေါ်ကြီးစိုး အား လိမ်လည်၍ ပြန်ခွင့် ရကာ မကြာမီ ရန်ကုန် မြို့ နေအိမ်သို့ ရောက်ရှိ ခဲ့ပါတော့၏ ။
လောကကြီး ကား တစ်ခါတစ်ရံ ဆန်းကြယ် လှပါ၏ ။
အကြောင်းကို ဆိုရသော် ကျွန်တော်တို့ ဒေါ်ကြီးစိုး ကို ပြောလာခဲ့ စဉ်က သူငယ်ချင်း အောင်ရွှေကြီး ၏ မင်္ဂလာဆောင် ကို ကူညီဆောင်ရွက် ပေးရန် ဖြစ်၍ ယခုမူ သူ ၏ မင်္ဂလာဆောင် ကို ဖျက်ဆီး ပေးရန် ဖြစ်နေပါ တော့သည် ။
ဖြစ်ရပုံကား ကျွန်တော် တို့ ညနေ ရောက်၍ နောက် တစ်နေ့ နံနက် တွင် အောင်ရွှေကြီး သည် မသက်မသာ မျက်နှာကြီး နှင့် ကျွန်တော့် ဆီသို့ ကမူးရှူးထိုး ရောက်လာကာ ...
" “ ဟေ့ ... အေးဆွေ ၊ အေးဆွေ ။ မင်း ပြန် ရောက်လာတာ အဆင် သင့် လိုက်တာကွာ ။ ငါ အကြီးအကျယ် ချောက်ကျ နေပြီကွ ”
“ အေး ငါ အထင်သားပဲကွ ၊ မင်း အခုတော့ ခရီးလွန် မှ သိပြီ မဟုတ်လား ။ ငါ ဟိုနေ့ က ဒီ ကောင်မလေး ဒီလို ဆိုတာ ပြောမလို့ဟာ ။ မင်း က ငါ့ စကား နားမထောင်ဘူး ။ လစ်ပြေးတာ ”
အောင်ရွှေ သည် ကျွန်တော့် စကား ကို နားမလည်သလို ဖြစ်ကာ ...
“ ဟေ ... ဘယ် ကောင်မလေး က … ဘယ်လို ဆိုတာလဲကွ ”
“ ကြည်ကြည်ထွေး ဟာ စာရေးဆရာမ တိမ်ညွန့်ကြည် ဖြစ်တယ် ။ တင်မောင်ရင့် မိန်းမ ကျင်စာရီ လိုပဲ လင် ကို ခွေးကလေး နိုင်သလို သဘော ရှိ ချုပ်ချယ် စီမံမယ် ဆိုတာကိုပေါ့ကွ ”
“ ဟေ ငါ ချောက်ကျတာက ဒီလောက် မဟုတ်ဘူး ။ ဒီ့ထက် ဆိုးတယ်ကွ ”
“ ဘယ်လိုများ ဆိုး နေရတာတုန်း ”
“ အခု ငါ့ ရည်းစား နွဲ့ကလေး နဲ့ တွေ့ နေပြီကွ ”
“ ဟေ့ .. မင့် ဘယ်ရည်းစား နွဲ့ လဲကွ ။ ဟို မန္တလေး မှာ တုန်းက မေ ... ဆို ”
“ မဟုတ်ဘူး ၊ နွဲ့ ကွ ၊ အဲဒီတုန်းက ငါ မှားနေတာ ။ သူ့ နာမည် အကုန်လုံး က ခင်နွဲ့တင် တဲ့ကွ ”
“ အေး ... မင်း မှားတာ က လည်း မေ နဲ့ နွဲ့ နီးနီးစပ်စပ်ပဲ ။ အခု ဘယ် လို ပြန်တွေ့ တာလဲ ”
“ ဒီလိုကွ .. ငါ ကြည်ကြည်ထွေး နဲ့ စေ့စပ်ကြောင်း ကြော်ငြာ လိုက် တော့ သူ က ငါ့ နာမည် ၊ နေရပ် ၊ တွေ့ လို့ ဒေါဖောင်းပြီး လိုက် လာတာကွ ”
“ အဲဒါ မင်း ဘယ့်နှယ် လုပ်မလဲ ”
“ ငါ့ တော့ အသက် ကယ် လိုက်ရတဲ့ နွဲ့ ကလေးကို လိုချင်တာပဲကွာ ။ ဟို ကြည်ကြည်ထွေး ကတော့ စာရေးဆရာမ ကို လင် တော်ရတာ မကောင်း တဲ့ အကြောင်း ဟိုနေ့ ကပဲ တင်မောင်ရင် ပြောလို့ စိတ်ပျက် နေပြီကွ ။ မင်း နဲ့ ဖြစ်ခဲ့တဲ့ အကြောင်း လည်း ပြောသေးတယ်ကွ ”
“ အေး … မင်း က မစူးမစမ်း မဆင်မခြင် အရင်လို တာကိုးကွ ။ အစဦး ဖြင့် မန္တလေး မှာ တုန်းက ငါ အကြံပေး လိုက်တဲ့အတိုင်း ကောင်မလေး ကို ကြော်ငြာ ခေါ်မလား အောက်မေ့ နေတယ် ”
“ ငါ အစဦးတော့ မင်း ပြောတဲ့အတိုင်း လုပ် မလားလို့ အောက်မေ့ တယ်ကွ ။ ဘယ်လို ကြော်ငြာရမလဲ ဆိုတာ မေ့သွားတာနဲ့ ”
“ ဟေ … မင်း မှာ လည်း မေ့ရတာနဲ့ပဲ ၊ ဒါနဲ့ မင်း နဲ့ ကြည်ကြည်ထွေး စေ့စပ်ကြတာ ကလည်း မြန်လှချည်လားကွာ ”
“ မြန်ဆို ဒီလိုကွာ ။ သူတို့ က ငါတို့ အိမ် ဝယ်ဖို့ ကြည့်ရအောင် လာ ရင်းနဲ့ ငါ နဲ့ သူ နဲ့ တွေ့ ၊ တစ်ယောက် နဲ့ တစ်ယောက် မျက်စိကျ ၊ နှစ်ဖက် မိဘ ကို ပြောလိုက်တော့ သူတို့ ဘက်ကလည်း ငါးသောင်းတန် တဲ့ အိမ်ကြီး ကို မဝယ်ရဘဲနဲ့ သမီး လင် ပေးစားလိုက်တာ နဲ့ ရမယ် ဆိုတော့ သဘောတူတယ် ကွ ။ ငါ့ မေမေ ကလည်း ဒီ အိမ်ကြီး ကို လူ နည်းလို့သာ ရောင်းချင်တာ အခု လို ငါ မိန်းမ ရတော့ သိုက်သိုက်မြိုက်မြိုက်ကြီး နေရမယ် ဆိုပြီး မရောင်း ချင် ၊ ချွေးမ လည်း လိုချင်နေတာ နဲ့ မြန်မြန်ကြီး အဆင်သင့် သွားတာပေါ့ ကွာ ။ အခုတော့ ငါ့ မှာ ချောက်ကျနေတာ ။ ဒီ စေ့စပ်ချက် ကို ဘယ်လို ပြန် ဖျက်ရမလဲ ဆိုတာ အကြံရ ကြပ်နေတာ ။ နွဲ့ကလေး နဲ့ လည်း ဟိုနေ့ကပဲ အရေးပိုင်ရုံး မှာ လက်ထပ် လိုက်ပြီကွ ”
ကျွန်တော့် မှာ မျက်လုံး ပြူးကာ ..
“ ဟေ ... မင်း တော့ ချောက်ပဲ ။ ဝန်ကြီး တူမ အသေရေဖျက်မှု နဲ့ ထောင်ကျတော့မှာပဲ ၊ မင့် ဟာကလည်း ဘာပြုမယ့် လက်ထပ်ဖို့ ဒါလောက် အရင် လိုရတာလဲကွ ။ စေ့စပ်ထားတဲ့ အကြောင်းလည်း ကြော်ငြာထားလျက် သား နဲ့ ”
“ ဘယ့်နှယ် ဖြစ်သွားမှန်း မသိပါဘူးကွာ ။ နွဲ့ကလေး ကလည်း တွေ့ တွေ့ချင်း ပူဆာတာ နဲ့ ။ ငါ ကလည်း စေ့စပ်ထားတဲ့ အကြောင်း မေ့သွားတာနဲ့ ”
“ အေး … မေ့တယ် ဆိုတာ ဥပဒေ ထဲ မှာ ရှိတာ မဟုတ်ဘူးကွ ။ နို့ ပြီး ဟို က ဝန်ကြီး တူမ ၊ အဲ့ဒါကို မင်း ဘယ့်နှယ် လုပ်တော့မှာလဲ ”
ကျွန်တော် က အကြံကုန် ဂဠုန် ဥပုသ်စောင့် ဆိုသကဲ့သို့ ပြောလိုက် ရာ အောင်ရွှေကြီး သည် မျက်နှာငယ်လေး နှင့် ပင် …
“ တင်မောင်ရင် က ပြော လိုက်တော့ မင့် တပည့် ပေါ်အူး ရယ် ကြံနိုင်လိမ့်မယ် ဆိုလို့ လာခဲ့တာကွ "
ဤတွင်မှ ကျွန်တော် ရုတ်တရက် သတိရကာ …
“ ဟုတ်တယ် .. ဟုတ်တယ် ၊ ဟေ့ ... ပေါ်အူး လာပါဦးကွ ”
“ ဘာတုံး ဆရာ ”
ပေါ်အူး သည် အလျင်အမြန် ရောက်၍ လာပါသည် ။
“ ကဲ … အောင်ရွှေကြီး မင့် ကိစ္စ ကို ပေါ်အူး နားလည်အောင် ပြောပြ လိုက်ပေတော့ ”
အောင်ရွှေကြီး သည် သူ တတ်နိုင်သလောက် ပေါ်အူး နားလည် အောင် ပြောပါသည် ။ ပေါ်အူး က ...
“ ဒီအတိုင်းဖြင့် ဦးအောင်ရွှေ ကိစ္စ က စေ့စပ်ကြောင်းလမ်းထားတာ ကို ပြန်လည် ဖျက်သိမ်းရအောင် လုပ်မှပေါ့ ”
“ အေးကွ ။ ငါ့ မေမေ ကတော့ ငါ ပြောရင် ဖြစ်တယ် ။ သူတို့ ဘက် က ခက်နေတာကွ ”
“ ကြည်ကြည်ထွေး က ဝန်ကြီးဦးပြည်ချစ် ရဲ့ တူမ အရင်းလား ”
ကျွန်တော် က ဖြတ်၍ ..
“ အေးလေကွာ ။ ဝန်ကြီးတူမ အရင်းမို့ ခက် နေတာပေါ့ ။ ငါ့ တုန်းကလည်း ဒီ ဝန်ကြီး ကြောက်လို့ပဲ မင်း ဆောင်ရွက် ပေးရတာ မဟုတ်လား ၊ အခု ကိစ္စ က တော့ တယ် မလွယ်ဘူးဟေ့ ။ ကြိုးစားပြီး ကြံလိုက်စမ်းပါကွာ ”
“ ဒီ ဝန်ကြီး က ကြည်ကြည်ထွေး တို့ အိမ်ပေါ် မှာ တော်တော် ဩဇာ ရှိရဲ့လား ”
“ မင်း ဘယ့်နှယ် ပြောပါလိမ့် ၊ ဝန်ကြီး ပဲ ရှိတာပေါ့ကွ ”
“ ကဲ .. ဒါဖြင့် ကျွန်တော် စဉ်းစား လိုက်ပါဦးမယ် ။ နက်ဖြန်ခါ ဦး အောင်ရွှေ လာခဲ့ပေတော့ ။ ကျွန်တော့် ရဲ့ အစီအစဉ် ကို ပြောပြပါမယ် ”
အောင်ရွှေကြီး သည် ပေါ်အူး ၏ လက် ကို ဆွဲကာ ...
“ အမယ်လေး … ကျေးဇူးပါပဲ မောင်မင်းကြီးသား ရယ် ၊ ဖြစ်အောင် ကြံစမ်းပါ ။ မင့် ကို ဉာဏ်ပူဇော်ခ ဘယ်လောက် ပေးရမလဲ ပြောကွ ”
ဤတွင် ကျွန်တော် က ကိုယ့် တပည့် ကိုယ် အသားယူကာ ...
“ ဟေ့ … အောင်ရွှေ ၊ ဒီနေရာမျိုး မှာ ငါ့ တပည့် ကို အဖိုးအခ မနေနဲ့ကွ ။ သူ က စုံထောက် ဦးစံရှား လိုပဲ ။ မင်း သဒ္ဓါ သလောက် တတ်နိုင် သလောက် သာပေး ”
ထို့နောက် အောင်ရွှေကြီး သည် အတော်ပင် ရွှင်လန်းသော မျက်နှာ နှင့် ပြန်သွားပါတော့သည် ။
••••• ••••• •••••
“ အား ... ဟေ့ ပေါ်အူး ”
“ ဆရာ ”
ကျွန်တော် မှာ သူငယ်ချင်း အောင်ရွှေကြီး အတွက် စိတ်ဝင်စား နေ လိုက်ရာ ညဦး ကပင် ကောင်းစွာ အိပ် မပျော်နိုင်ပဲ သန်းခေါင် နီးမှ အိပ် ပျော် သွားကာ နံနက် လင်း၍ နိုးလျှင် နိုးချင်းပင် သူ ၏ ရီဇာ့ ( တ် ) ကို သိရန် ပေါ်အူး အား စောစောစီးစီး ခေါ်လိုက်မိ ပါသည် ။ ပေါ်အူး သည် သွားတိုက်တံ ကိုင်၍ ကျွန်တော့် ခုတင် အနီးတွင် ခြေစုံ ရပ်သောအခါ၌ …
“ ဘယ့်နှယ်လဲဟေ့ ပေါ်အူး ၊ အောင်ရွှေကြီး ကိစ္စ အတွက် စိတ်ကူး ရပြီလား ”
“ ရပြီ ဆရာ ”
“ အေး ... ဟန်ကျ လိုက်လေကွာ ။ ဒီ ကောင်ကြီး တော်ကြာ ရောက်လာလိမ့်မယ် ။ ငါ ရေချိုး ပြီးမှာ နဲ့ အဆင်သင့်ပဲ ။ သူ့ အတွက် ကော်ဖီ ပြင်ထား လိုက်ပါကွာ ”
“ ကောင်းပါပြီ ဆရာ ”
ထို့နောက်၌ ကျွန်တော် ရေချိုးခန်း သို့ သွား ပါတော့သည် ။ အဆင် သင့် ပင်လျှင် ကျွန်တော် အဝတ်အစား လဲပြီးသော အခါ အောင်ရွှေကြီး ရောက် လာလေသည် ။
“ ဟေ့ … အောင်ရွှေကြီး လာထိုင်ကွ ။ ဟေ့ ... မင်း ကိစ္စ အတွက် ပေါ်အူး ပြောလိမ့်မယ် ။ ကဲ … လာ ၊ ပေါ်အူး သူ့ ခမျာ စောစောစီးစီး စိတ်အေး သွားအောင် ပြောပြလိုက်ပါကွာ ”
ပေါ်အူး သည် ကျွန်တော်တို့ နှစ်ယောက် ဆီသို့ ရောက်လာကာ ...
“ ဦးအောင်ရွှေ ၊ ကျွန်တော့် အစီအစဉ် မှာ ငွေ ၂၅ဝ လောက် တော့ ကုန်ပါလိမ့်မယ် ခင်ဗျာ ”
အောင်ရွှေ သည် စိတ်အားကြီးသော အမူအရာ ဖြင့် ...
“ အို … ကုန်ပါစေ ၊ ကိစ္စ ပြီးအောင်သာ လုပ်ပါ ”
“ ကောင်းပါပြီ ၊ ကျွန်တော့် အစီအစဉ် မှာ က ဒီ နှစ်ရက် ၊ သုံးရက် အတွင်း မှာ ဦးအောင်ရွှေ ရဲ့ မွေးနေ့ အတွက် ကျွေးမွေးပွဲ တစ်ခု လုပ်ရပါလိမ့်မယ် ”
အောင်ရွှေကြီး သည် နဖူးရေ တွန့်ကာ ...
“ ဟေ … ငါ့ မွေးနေ့ က အဝေးကြီး လိုသေးတယ်ကွ ။ နို့ပြီး ငါ့ မေ့, မေ့နေလို့ တစ်ခါမှလည်း မလုပ်ဖူးဘူး ”
“ အဲဒါကြောင့် လုပ်ခိုင်းတာပါ ။ နို့ပြီး မွေးနေ့ ဆိုတာ ဒီ့ပြင် လူက သိတာ မဟုတ်ဘူး ။ မွေးနေ့ ကျွေးတယ် ဆိုရင် ဘာမျှ မမေးမစမ်း ဘဲ လာပြီး စားကြတာပါပဲ ”
ဤတွင် ကျွန်တော် က ...
“ အေး ... ဟုတ်သားပဲကွ ၊ အောင်ရွှေ ရ ၊ မွေးနေ့ အထိမ်းအမှတ် လုပ် တယ် ဆိုရင် ဘယ် ရဲ ၊ ဘယ် စုံထောက် ကမှ မွေးနေ့ အစစ် ဟုတ် မဟုတ် စုံထောက် လား ၊ မေးမြန်း လား မလုပ်ပါဘူး ကွာ ”
ပေါ်အူး က ဆက်၍ …
“ အဲ့ဒီ မှာ ဖိတ်ရမယ့် ဧည့်သည်တွေ က အထူးသဖြင့် ကြည်ကြည်ထွေး တို့ မိသားစု နဲ့ ဝန်ကြီးဦးပြည်ချစ် ကို မလာ လာအောင် ဖိတ် ရမယ် ။ ကျွန်တော် က ဦးအောင်ရွှေ ရဲ့ ကိုယ်ရံတော် အဖြစ် နဲ့ ကျွေးမွေးပွဲ ကို ဂရုစိုက်မယ် ။ နို့ပြီး ဦးအောင်ရွှေ က ဝန်ကြီး ဦးပြည်ချစ် နဲ့ နီးနီးကပ်ကပ် ထိုင်ရမယ် ။ အဲဒီ အခါမှာ ကျွန်တော် က ပထမ အကြိမ် ‘ သူတို့တွေ လာနေပြီ ’ လို့ လာ ပြောမယ် ။ ဒုတိယ ကျွန်တော် က “ လူတွေ မလာနိုင်ဘူးတဲ့ ဆရာ ၊ သူတို့ အတွက် ရန်ပုံငွေ ၁ဝဝ လောက် ပေးလိုက်ပါ ပြောတယ် ” လို့ လာ ပြောမယ် ။ ဒီတော့ ဦးအောင်ရွှေ က ခေါင်းကုတ်ရင်း တယ် ခက်တာပဲကွာ လို့ ဆိုပြီး ကျွန်တော့် ကို ငွေ ၁ဝဝ ထုတ်ပေးလိုက်ပါ ။ ဒီ ငွေ က နောက်ပြီး ပြန်ရမှာပါ ။ တတိယ က …. ”
ဤတွင် အောင်ရွှေ က ဖြတ်၍ …
“ ဟေ့ … ပေါ်အူး ၊ မင်း ဟာတွေ ငါ့ တစ်ခု မှ မမှတ်မိဘူးကွာ ။ အခု ပြော နေလို့လည်း အပိုပဲ ၊ အဲဒီ နေ့ကျမှ ငါ့ ကို စာရွက် နဲ့ ရေးပေးထား ”
“ ကောင်းပါပြီ ခင်ဗျာ ၊ ကျွန်တော် အစီအစဉ် ကို ရေးပေး ထားပါ မယ် ။ မွေးနေ့ ဆိုပြီး ကျွေးဖို့သာ စီစဉ်ပါတော့ ”
“ အေး … ငါ အခုပဲ ပြန်သွားပြီး မေမေ့ ကို ပြောမယ် ။ ဟေ့ ... အေး ဆွေ အဲဒီ နေ့ ကျ မင်း ငါ့ အနား က နေပြီး သတိ ပေးဦးနော် ”
••••• ••••• •••••
စင်စစ် သဘောတရား အမှန် ကို ဆိုရသော် တစ်စုံတစ်ယောက် ကို မွေးဖွားသော နေ့၌ ဝမ်းသာအားရ ပျော်ရွှင်ခြင်းငှာ သင့်လျော်မည် မဟုတ်ပေ ။ အကယ်တန္တိ ဤ နေ့ သည် အောင်ရွှေကြီး ၏ မွေးနေ့ အစစ်အမှန် ဖြစ် ခဲ့သော် သူ ၏ မိခင် ဒေါ်မြရွှေကြီး မှာ ယောက်ျား ဖောင်စီး ၊ မိန်းမ မီးနေ ဆို သော စကား အတိုင်း မည်မျှလောက် ပြင်းပြသော ဝေဒနာ ကို ခံစားရရှာ ချေမည်မည် ။ ပဋိသန္ဓေ နေရခြင်း ၊ မွေးဖွားရခြင်း တည်း ဟူသော သဘော တရား တို့ကို ဆင်ခြင်ကာ သံဝေဂ ယူဖွယ်ရာသာ ရှိလေသည် ။
ယခုမူကား ထိုသို့ မဟုတ်ဘဲ ဇာတိပုည ဂုဏ်မာန ကြီးမားလှသော ကျွန်တော် တို့ မြန်မာလူမျိုးများ သည် အနောက်နိုင်ငံ အကျင့် ဆိုလျှင် ကောင်း တာပဲ ဟု ယူဆသည့် အတိုင်း ပေါ်အူး ကြောင့် ဖြစ်မြောက်သော အောင်ရွှေကြီး ၏ မွေးနေ့ ဆိုသည့် ကျွေးမွေးပွဲကြီး မှာ မျက်နှာကြီး မျက်နှာထွား ပုဂ္ဂိုလ်ကြီးများ နှင့် ပြည့်နှက် ဆူညံလျက် ရှိပေ၏ ။
အထူးသဖြင့် အလှူရှင် နှင့် စေ့စပ်ထားသော ကြည်ကြည်ထွေး တို့ မိသားစု မှာ ထို ကျွေးမွေးပွဲ ကို ချယ်လှယ် ကြီးစိုးလျက် မလာမဖြစ် သကဲ့သို့ သူ့ သက်တော်စောင့် နှစ်ဒါဇင် နှင့် လာခဲ့ရသော ဝန်ကြီးဦးပြည်ချစ် မှာ အကောင်းဆုံးသော နေရာတွင် အကြီးအကျယ် ကျက်သရေဖြိုးလျက် တည် ရှိ နေလေ၏ ။
အောင်ရွှေကြီး မှာ ပေါ်အူး သင်ကြားထားသည့် အတိုင်း ဦးပြည်ချစ် ၏ အနီး တွင် နေရလျက် ကျွန်တော် မှာ လည်း သူ မေ့မှာတွေ ကို သတိ ပေး ရန် အနား ၌ စောင့်၍ နေရပါသည် ။ အားလုံးသော လူတို့ သည် ပျော်ပျော် ရွှင်ရွှင် ၊ ဆူဆူညံညံ နှင့် ပြောဆို ၊ စားသောက် နေကြစဉ် ပေါ်အူး သည် ကိုယ်ကလေး ရို့ ၍ ကျွန်တော်တို့ ရှိရာသို့ ရောက် လာကာ အောင်ရွှေကြီး အား
“ သူတို့တွေ လာနေပြီ ”
“ ဟေ .. ဒါဖြင့် ဟိုဒင်းတွေ ဖြုတ်ပစ်ခဲ့ကြလို့ ပြောလိုက် ” ဟု ဆို လိုက်၏ ။
ပေါ်အူး သည် ဣန္ဒြေရစွာ ပြန်သွားလေ၏ ။
ခေတ္တမျှ ကြာလတ်သော် စစ်ဘောင်းဘီ ၊ စစ်အင်္ကျီ နှင့် လူငယ် ၁ဝ ယောက် သည် ပေါ်အူး နှင့် အတူ ရောက် လာ၍ အောင်ရွှေကြီး ထ ပြီး နေရာ ထိုင်ခင်း ပေးရလေ၏ ။
ဦးပြည်ချစ် ကား မျက်မှောင် ကုတ်၍ ထို လူရွယ်များ ကို ကြည့်နေ လေသည် ။ ဒုတိယ တစ်ဖန် နာရီဝက်မျှ ကြာလတ်သော် ပေါ်အူး သည် ရောက် လာ ပြန်ကာ အောင်ရွှေကြီး အား ဦးပြည်ချစ် ကြားလောက်ရုံ ခပ်တိုးတိုး အသံ နှင့်
“ ဟို လူတွေ က မလာနိုင်ဘူးတဲ့ ဆရာ သူတို့ ရန်ပုံငွေ အတွက် ၁ဝဝ ပေးလိုက်ပါတဲ့ ”
အောင်ရွှေကြီး သည် စာရွက် ကို ကြည့်ရပြန် ပြီးနောက် စတိုင်ပါပါ ခေါင်းကုတ် ရင်း ...
“ တယ်ခက်တာပဲကွာ ” ဟု ညည်းညူကာ အိတ် ထဲ မှ ငွေ ၁၀၀ ထုတ် ပေး လိုက်လေ၏ ။
ဦးပြည်ချစ် မှာ လေးလေးနက်နက် တွေးတောဟန် ရှိလေ၏ ။
ခေတ္တမျှ ကြာလတ်သော် ပေါ်အူး သည် တတိယအကြိမ် ရောက် လာပြန်၏ ။
“ ဆရာ .. ဟို ချာတိတ်ကလေး တွေ က သူတို့ ဒီမှာ မတွေ့ချင်တဲ့ သူ ရှိမှာ မို့လို့ မလာချင်ဘူးတဲ့ ။ အဲဒါ သူတို့ ကို စေတနာ ရှိရင် ကားငှားပြီး လျှောက် အော်ဖို့ ငွေ ၅ဝ ပေး လိုက်ပါတဲ့ ”
အောင်ရွှေကြီး သည် ပေါ်အူး ရေးပေးထားသော စာ ကို စားပွဲ အောက် မှ ကြည့်ပြီး နောက် ၊ စာတွင် ညွှန်ကြားထားသည့် အတိုင်း ဦးပြည်ချစ် မသိစေလိုသော အမူအရာ ဖြင့် အိတ် ထဲ မှ ငွေ ၅ဝ ထုတ်၍ ပေးလိုက်ပြန်၏ ။
ဦးပြည်ချစ် သည် လူပါး တစ်ယောက် ၏ အမူအရာ ဖြင့် အတော်ပင် စိတ်ရှုပ်ဟန် ရှိလေသည် ။ ထို့နောက်ကား ပေါ်အူး ၏ စာညွှန်း ကုန်ပြီ ဖြစ် ၍ အောင်ရွှေကြီး သည် ပေါ်အူး သင်ထားသည့် အတိုင်းပင် ထိုင်ရာ မှ ထသွား လေရာ ကျွန်တော် နှင့် ဦးပြည်ချစ် နီးနီးကပ်ကပ် ကျန်ရှိလေ၏ ။
ဦးပြည်ချစ် သည် စီးကရက် ကို တစ်လိပ်ပြီး တစ်လိပ် ဖွာကာ ကြည့် နေပြီး နောက် မအောင့်အည်း နိုင်တော့သော အမူအရာ ဖြင့် ...
“ ဒီမှာ … ကိုအေးဆွေ ”
ကျွန်တော် သည် သူ့ ကို ဂရုမပြုဟန် နေရာမှ ...
“ ခင်ဗျာ ”
“ ခုန ဒီ လာလာပြီး မောင်အောင်ရွှေ ကို ပြောတဲ့ ကောင်ဟာ ဘယ်သူ လဲဗျ ၊ အရင် မောင်အောင်ရွှေ ဆီ မှာ မမြင်မိပါဘူး ”
“ ဟာ ၊ ဒါ ကျွန်တော့် တပည့် ပါ ၊ အောင်ရွှေကြီး အတွက် ကူညီ လုပ် ဖို့ ခေါ်ခဲ့တာပါ ”
“ ဪ … မသိလို့ဗျာ ၊ သူ က နေတော့ ကိုအေးဆွေ အိမ်မှာပဲလား ”
“ ဟုတ်ပါတယ် ၊ ကျွန်တော့် ဆီမှာ နေတာ ၄ ၊ ၅ နှစ် လောက် ရှိသွားပါပြီ ”
“ လူ က အတော် ရိုးအပုံ ပေါ်တာပဲ ”
ဤ စကား မှာ ပေါ်အူး သည် သူ မသိစေ အပ်သော စကားများ ကို အောင်ရွှေကြီး အား သူ့ ရှေ့၌ ပြောသောကြောင့် ယူဆဟန် တူပါသည် ။ ကျွန်တော် ကလည်း ပေါ်အူး ဆင်ပေါက် ဝင်ပြီ ကို သိ၍ ...
“ ဟာ … အင်မတန် ရိုးတဲ့ ကောင်ပါ ” ဟု အလိုက်သင့် ပြန်ပြောပါ၏ ။
••••• ••••• •••••
နောက် တစ်နေ့ နံနက် ၈ နာရီခန့် ၌ ကျွန်တော့် မှာ ကော်ဖီ သောက် နေစဉ် အတော်ပင် ထိတ်လန့်၍ သွားရပါသည် ။ အကြောင်းမှာ လက်နက် ကိုင်များ အပြည့် ပါသော ဂျစ်ကား နှစ်စီး နှင့် စတူဒီဘေကာ တစ်စင်း သည် ကျွန်တော့် အိမ်ရှေ့၌ ရုတ်တရက် ထိုး ၍ ရပ်လိုက်ခြင်းကြောင့် ဖြစ်သည် ။
သို့သော် ခေတ္တမျှ အတွင်း၌ ကျွန်တော် ကြောက်ရွံ့ခြင်း ပြေပျောက် သွားရသည် ကား ဝန်ကြီး ဦးပြည်ချစ် တစ်ယောက်တည်း စတူဒီဘေကာ ပေါ် မှ ဆင်းလာသည် ကို မြင်ရသောကြောင့် ဖြစ်ပါတော့သည် ။
“ အို … ဝန်ကြီးမင်း ကြွပါ ခင်ဗျာ ။ ဘာ ကိစ္စထူးများ ရှိပါသလဲ ”
ကျွန်တော် သည် ထိုင်ရာ မှ ထ၍ ရိုသေစွာ နေရာ ပေးလိုက်ပါသည် ။
ဝန်ကြီးမင်း သည် မြို့မိမြို့ ဘများ ယခုအချိန်၌ အနံ့ မခံနိုင်သော ကိုးသုံးလုံး ၅၀ ဝင် စီးကရက်ဘူး ကို ကျွန်တော့် စားပွဲ ပေါ်သို့ ထိုးတင်ရင်း ထိုင် လိုက်ကာ …
“ ကိစ္စထူး မဟုတ်ပါဘူးဗျာ မနေ့က ခင်ဗျာ့ တပည့် ကို ခေတ္တ တွေ့ ချင်လို့ပါ ”
“ ဪ … တွေ့ နိုင်ပါတယ် ။ ပေါ်အူး ရေ … ခဏဟေ့ ”
ပေါ်အူး ရောက်လာ၍ ခြေစုံ ရပ်ကာ ...
“ ဆရာ ”
“ အာ ... ဟေ့ ဒီ ဝန်ကြီးမင်း က မင့် ကို တွေ့ချင်လို့တဲ့ ကွာ ”
ပေါ်အူး သည် ဝန်ကြီးမင်း ၏ ဘက်သို့ မျက်နှာ ပြုလိုက်သည် ။ ဝန်ကြီးမင်း သည် ပေါ်အူး ကို စေ့စေ့ ကြည့်ကာ
“ မင်း … ငါ မေးတာ မှန်မှန်ပြောဟေ့ ၊ မင့် ကို ငွေ ၁၀ ပေးမယ်ကွ ”
ဟု ဆိုပြီး အိတ် ထဲမှ ဆယ်တန် တစ်ချပ် ထုတ် လိုက်ပါသည် ။
ပေါ်အူး သည် အလွန်တရာ ရိုးသားသော အမူအရာ ဖြင့် ...
“ ပြောပါ့မယ် ခင်ဗျာ ”
“ မနေ့က မောင်အောင်ရွှေ ကို မင်း ‘ သူတို့ လာနေကြပြီ ’ လို့ ပြောတော့ မောင်အောင်ရွှေ က ‘ ဟေ ... ဒါဖြင့် ဟိုဒင်းတွေ ဖြုတ်ခဲ့ခိုင်း ’ လို့ ပြန်ပြော တဲ့ ကိစ္စ ဟာ လာတာ က ဘယ်သူတွေ လဲ ၊ ဖြုတ်ပစ်ခဲ့ ခိုင်းတာ က ဘာတွေလဲ ”
ပေါ်အူး သည် အလွန် ရိုးသားသော မျက်နှာဖြင့် ...
“ ဦးအောင်ရွှေ ရဲ့ မိတ်ဆွေ ရဲဘော်ဖြူတွေ လာလို့ သူတို့ ရဲ့ ရဲဘော်ဖြူ တံဆိပ်တွေ ဖြုတ် ခိုင်းတာပါ ခင်ဗျာ ... ”
“ ဪ … မင်း နဲ့ အတူ ပြန်ဝင်လာတဲ့ ကောင်တွေ က ရဲဘော်ဖြူတွေ လား ... ”
“ ဟုတ်ပါတယ် ခင်ဗျာ ... အင်းစိန် က စစ်နားတုန်း ခဏ လာကြတာပါ ”
ဦးပြည်ချစ် သည် ကျေနပ်ဟန် ဖြင့် ခေါင်းညိတ် ကာ ...
“ အင်း … အင်း … နို့ပြီး ငွေတစ်ရာ သူတို့ ရဲ့ ရန်ပုံငွေ အတွက်ဆို ပြီး ပေးလိုက်တာ ကကော ဘာလဲကွယ့် ”
“ ဒါက … သပိတ်ခေါင်းဆောင် က လွှတ် လိုက်လို့ စာရေးသပိတ် အတွက် ရန်ပုံငွေ ပေးလိုက်တာပါ ”
ဝန်ကြီးမင်း သည် ခေါင်းညိတ် ပြန်ကာ ...
“ အင်း … နောက်ပြီးတော့ … ဒီ မလာချင်လို့ သူတို့ ကို စေတနာ ရှိရင် ကား နဲ့ လျှောက် အော်ဖို့ စရိတ် ငွေ ၅ဝ ပေးလိုက်ပါ ဆိုတာ ကကော ဘယ်သူ တွေလဲ ကွယ့် ”
“ ဒါက သပိတ်မှောက် ကျောင်းသားလူငယ်တွေ ပါ ခင်ဗျာ ။ သူတို့ ကား နဲ့ လျှောက် အော်ကြမလို့တဲ့ ”
ဝန်ကြီး ဦးပြည်ချစ် ၏ မျက်နှာ မှာ အတော်ပင် သုန်မှုန်၍ သွားလေ သည် ။ နောက် တစ်ခဏ၌ ပေါ်အူး အား ငွေ ၁၀ ပေး၍ ကျွန်တော့် ကို နှုတ်ဆက်ပြီး ပြန်သွားပါတော့သည် ။
••••• ••••• •••••
ထိုနေ့ မှ တစ်ရက် လွန်သော ဒုတိယမြောက် နေ့ တွင် နာမည်ကြီး သတင်းစာ တစ်ခု ထဲ၌ စေ့စပ်ကြောင်းလမ်းထားခြင်း ကို ပြန်လည် ဖျက်သိမ်းခြင်း ဟူသော ခြောက်လိုင်းစာလုံးကြီး နှင့် အောင်ရွှေကြီး နှင့် ကြည်ကြည်ထွေး တို့ လင်မယား မတော် ဖြစ်တော့ကြောင်း ပါ လာလေသည် ။ ကျွန်တော် သည် ဝမ်းသာအားရ နှင့် သတင်းစာ ကို ပေါ်အူး သို့ ထိုးပြ လိုက်ကာ
“ ဟေ့ … ပေါ်အူး … မင်း အကြံဉာဏ် တယ် ကောင်းတဲ့ ကောင်ပဲ ကွ ၊ မင်း ငယ်ငယ်တုန်း က ဦးနှောက် ကောင်းအောင် အရိုးနု တဲ့ ငါးကလေးများ စားခဲ့ သလားကွာ … ”
“ ကျွန်တော် အတော်အတန် စားခဲ့ပါတယ် ဆရာ ”
⎕ သော်တာဆွေ
📖 ပေါ်အူး ဝတ္ထုတိုများ
No comments:
Post a Comment