Saturday, April 19, 2025

ကျေးဇူး စကားလွှာ


 

❝ ကျေးဇူး စကားလွှာ ❞

ဤ ဝတ္ထု ပထမပိုင်း အား ( မေ ၊ ၂၀၀၆ ) တွင် ထုတ်ဝေခဲ့ပါသည် ။ ၃ နှစ် ကျော်ပြီး ချိန်၌ ဒု ဇာတ်သိမ်းပိုင်း ကို ကျွန်တော် ရုံးတင် ဖြစ်ခဲ့သည် ။ စာမူ ခွင့်ပြုချက် ရပြီးချိန်တွင် ‘ အစ်မဝိုင်း ’ ထံ သို့ ကျွန်တော် မဝံ့မရဲ ပေးဖြစ်ခဲ့ပါသည် ။ အကြောင်းမှာ ကြောက်ခမန်းလိလိ ကျဆင်း နေသော စာအုပ် ဈေးကွက် ဂယက်ကြောင့်ပင် ။

ကျွန်တော် က ဒု ဇာတ်သိမ်းပိုင်း ကို ပေးခဲ့သည် ။

‘ အစ်မဝိုင်း ’ မူ က ဆန်းလှ၏ ။ ပ+ ဒု ပေါင်း၍ ထုတ် မှ ဖြစ်မည် ဟု ပြောလာပါတော့သည် ။ ကုန်ကျစရိတ် တို့ တက်ပေတော့မည် ။ ကျွန်တော့် မှာ ကျေးဇူး လည်း တင် ၊ အားလည်း နာ ရပါတော့သည် ။ သည် ကာလမျိုး မှာ မှ နှစ်အုပ်တွဲ ၍ စဆုံး လုံးချင်း ထုတ်သည် မှာ စွန့်စားရာ ကျနေပါသည် ။

သည် ဝတ္ထု ဇာတ်သိမ်းပိုင်း ကို အမြဲတစေ တိုက်တွန်း နှိုးဆော်ခဲ့ကြသည့် စာပေရောင်းရင်း မိတ်ဆွေများ ၊ စာဖတ်ပရိသတ်များ နှင့် အတူ အစ်မဝိုင်း တို့ ၏ ကံ့ကော်ဝတ်ရည် စာပေတိုက် အား လည်းကောင်း ၊ အမှာစာများ ချီးမြှင့် ပေးကြသည့် ဆရာဝင်းငြိမ်း နှင့် ဆရာဝင်းသိန်းဦး တို့ အား လည်းကောင်း ၊ ကျွန်တော် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် ခေတ်ကြီး တစ်ခေတ်လုံး အား လည်းကောင်း ကျေးဇူးများစွာ တင်မိပါသည် ။

ဤဝတ္ထု အား အချောသတ် ရေးသား ပြီးစီးခဲ့သော နေ့ မှာ ( ၂၀ . ၂ . ၂၀၀၇ ) နေ့ ဖြစ်ပါသည် ။ လက်ရေးမူ ပြီးခဲ့သည် မှာ အတန် ကြာခဲ့ပါပြီ ။ ထုတ်ရနိုးနိုး မထုတ်ရနိုးနိုး ဖြင့် တွေဝေ နေမိသည် မှာ လည်း ကြာခဲ့ပါပြီ ။

ထုတ်ဝေလိုသော ဆန္ဒ နှင့် မထုတ်လိုသော ဆန္ဒ မှာ ဆတူပင် ဖြစ်နေ၏ ။ ထုတ်လိုရခြင်း မှာ ပရိသတ် အပေါ် ကတိကဝတ် ရှိ၍ တစ်ကြောင်း ၊ လူ ဆိုသော သတ္တဝါ ၌ သစ္စာတရား ၏ အရေးပါ ပုံ ကို မထီမဲ့မြင် မပြုသင့်သည် ကို ပြလိုက်သည် က တစ်ကြောင်း ၊ မိမိ ဖြတ်သန်းသော ခေတ် ကို မိမိ နိုင်သမျှ တာဝန် ကျေချင်သည် က တစ်ကြောင်း တို့ ပါဝင် နေခဲ့ပါသည် ။

ထုတ်လိုသော ဆန္ဒသည် ကား လက်ရှိ ဘဝ ဝန်းကျင် ၌ ဆက်နွှယ် ပတ်သက် နေသူများ ကို ငဲ့ညှာ သနားမိသည် က တစ်ကြောင်း ၊ အတ္ထုပ္ပတ္တိ ရေးရလောက်အောင် လူလားမမြောက် သေးသည် က တစ်ကြောင်း ၊ ဘဝ ၏ ဒဏ်ရာများ ကို ထုတ်ဖော် ရောင်းမစားချင်သည် က တစ်ကြောင်း တို့ ပါဝင် နေပါသည် ။

ထုတ်လိုသော ဆန္ဒ အလေးသာ ခဲ့ရာ၌ အောက်ပါ အကြောင်းတရား အဓိက ပါဝင်ခဲ့လေသည် ။

ဇနီးအေး ၏ ဒုတိယ ကိုယ်ဝန် မွေးဖွားခါ နီးချိန် သည် ကျွန်တော့် ဘဝ ၌ တစ်သက် နှင့် တစ်ကိုယ် မကြုံခဲ့ဖူးသော ငွေကြေး ကျပ်တည်းမှု ကို မျှဝေ ခံစားပေးမည့် သူ မရှိ ။ ကျွန်တော့် ထံ မှ ဖြည့်ဆည်း ပေးနိုင်မည့် ရလဒ် များ ကို သာ အသင့် လက်ခံမည့် သူများ ရှိနေကြ၏ ။ သူတို့ မှာ ဘာ အပြစ် မှ မရှိ ။ အရာ အားလုံး သည် ကျွန်တော် ၏ တာဝန် သာ ဖြစ်နေသည် ။ မျက်စိ နှစ်လုံး ပွင့် မှာ ကို လည်း ကျွန်တော် ကြောက် နေသည် ။ မျက်လုံး မှိတ်ပြီး အိပ်ပျော် သွား မှာ ကို လည်း ကျွန်တော် စိတ်မချ ။ ရင်ဆိုင် နေရသော ခက်ခဲကြမ်းတမ်းမှု အား အဖြေ မရမချင်း အိပ်မရ ။

ကျွန်တော် ဖိုင့် ကို အထူး သတိရ မိသည် ။

မည်သို့ ဆိုစေကာမူ သူ့ မဟေသီ သိလို့ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ် မို့ ငွေမိုး ၏ လက်ဆောင် ကို ပါ ချန်လှပ် ထားလိုက်ပြီး ဦးအောင်မောင်း နှင့် အတူ ရုံးခန်း ထဲ မှ ထွက်ခဲ့လေသည် ။

ရမ္မက်နွံ ထဲမှ ရုန်း မထွက်နိုင်သော ကျွန်တော် သည် ခွန်အားမဲ့ချင် နေပြီ ။ ဖိုင် ကော မည်ကဲ့သို့ ရုန်းကန် နေရပါလိမ့်။ ဖိုင့် ကို တိတ်တခိုးလေး သွား ကြည့်ချင်မိသည် ။ သို့ရာတွင် ကျွန်တော် မကြည့်အားသေး ။ ကျွန်တော် ရင်ဆိုင် နေရသော အခက်အခဲများ ကို ကျော်လွှားနိုင်သည် အထိ ကြိုးစားရဦးမည် ။ လောကဓံ ကို ကျွန်တော် ညွှတ်၍ မဖြစ် ။

ဤတွင် ကျွန်တော် အပြီးမသတ် နိုင်သော ဖိုင် ၏ ဘဝကားချပ် အား အသေအချာ စုတ်ချက် တင်ပြဖို့ ဆုံးဖြတ် နိုင်ခဲ့တော့သည် ။ ကျွန်တော် ၏ တင်ပြမှုများ သည် ဖိုင် ဟူသော မိန်းမသား တစ်ဦး အတွက် ပကတိ ကြည်လင်သော တွေးဆမှု ထင်ဟပ် စေလို၏ ။ ကျွန်တော် ထိမ်ချန်၍ မနေချင်တော့ ။ ကျွန်တော် ၏ ညံ့ဖျင်းမှု ၊ ကျွန်တော် ၏ ဘဝင်မြင့်မှု ၊ ကျွန်တော် ၏ မတရားမှုများ ကို ဖိုင် နှင့် ဇနီးအေး တို့ အကြောင်းမဲ့ ပါဝင် ပတ်သက်ခဲ့ရသည် ကို ကျွန်တော် ရင်ဆိုင် လိုက်တော့မည်။

လူ တော်တော်များများ ကျွန်တော့် ကို ရွံကြမည် ။ စိတ်ပျက်ကြမည် ။ တေးမှတ်ကြမည် ။ ဒါတွေကို ကျွန်တော် မတွေးချင် ။ ဖိုင့် ကို မျက်နှာချင်း ဆိုင် တွေ့ဆုံ လိုသလား ဆိုလျှင်လည်း ကျွန်တော် မတွေ့ချင်သေး ။ သူ့ သတင်း ကို တော့ ကြားလိုသည် ။ ဖိုင် သည် ကျွန်တော့် လို လက်ပစ် ကူးနေရ သော ဘဝ ပင်လယ်တွင်း ၌ မကျဆင်း နေပါလျှင် ကျွန်တော်  ဝမ်းမြောက် လိုသည် ။ ကျွန်တော့် ဘဝ သည် ကမ်းခြေ မရှိသေး ။ ကူး ချင်၍ ဆင်းကူး သည် မှာ ကျွန်တော် ပင် ကိုး ။

မိဘ ၊ မောင်နှမ ၊ ဇနီး ၊ သားမယား မှ အစ ကျွန်တော့် တွင် နားခိုလော က်သော ကမ်းခြေ သည် မရှိသေး။ စာပေကမ်းခြေ မှာ တော့ ခေတ္တ အမောပြေ နားခွင့် ရနေသည် ။ တစ်ခါတစ်ရံ ဘဝဝန်းကျင် မှ အခါပေါင်း များစွာ ကျွန်တော် ထွက်ပြေးသည် ။ လက်တွေ့ မဟုတ်သည့် ထွက်ပြေးခြင်း ဖြင့် ထွက်‌ပြေး ခဲ့ခြင်းပင် ။ လက်တွေ့ တော့ မပြေး ဖြစ်ခဲ့ ။ အရှုံးတရား ကို မကြောက်သော်ငြား ငြီးငွေ့မှုတော့ ကျွန်တော် ဖြစ်မိသည် ကို ဝန်ခံပါသည် ။

ယခု ဤ ဝတ္ထုသည် လုပ်သင့်လုပ်ထိုက်သော အမှုကိစ္စ အား ဆောလျင် ပြီးပြတ်အောင် ဆောင်ရွက်ခြင်း အဖြစ် ကျွန်တော် တင်ပြခြင်း ဖြစ်ပါသည် ။ ကျွန်တော် ရင်ဆိုင်ရမည့် လှိုင်းတံပိုး တို့ က မသေး ။ အသံ ပေး၍ ပြေးလာကြပါပကော ။

▣ မာန် ( တောင်လုံးပြန် )
📖 လင်းဖိုင်စာသိုက်

No comments:

Post a Comment