Tuesday, April 15, 2025

ခါသင်္ကြန် ရေသဘင်ပွဲ


 

❝ ခါသင်္ကြန် ရေသဘင်ပွဲ ❞
        ( လင်းယုန်နီ )

လေအဝေ့ ဝယ် စိမ့်၍ စိမ့်၍ အေးနေလေသည် ။ ချိုချို ကလည်း တဆတ်ဆတ်တုန် နေရှာသော သူ့ ကိုယ်လုံးကို ပြိုလဲ၍ မသွားရလေအောင် လက်ကလေး နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်၍ အောက်နှုတ်ခမ်းလေး ကို ပါ ကိုက်ထားရ ရှာလေသည် ။

“ ကိုကို က တော်တော့ကွယ် .. များပြီ ထင်တယ် ”

ချိုချို က သူ့ ကိုယ်ပေါ် တွင် လွှမ်းခြုံထားသော မျက်နှာသုတ်ပဝါလေး ကို ပြန် ခွာ၍ ရေညှစ်ရင်း သူ့ ကိုကို အား လှမ်း ပြောလိုက်မိ၏ ။ သူ့ ကိုကို ကလည်း သူ့ ဘက်သို့ လှည့်၍ ပြုံးလိုက်လေသည် ။

“ ဒီလောက်တောင် ခိုက်ခိုက်တုန်လောက်အောင် ချမ်းနေတာ မသောက်ဘဲ ဘယ် နေနိုင်ပါ့မလဲ ”

“ ချမ်းတာတော့ ချမ်းတာပေါ့ ။ ချိုချို တို့လည်း ချမ်းတာပဲပေါ့ ။ ဒါပေမဲ့ ချမ်းတိုင်း သာ သောက်နေရမယ် ဆိုရင် မခက်ပါလား ”

ထိုအခိုက်တွင် ကိုကို ၏ လက်ထဲမှ ဖန်ခွက် ထဲသို့ အရက် ကို လောင်းထည့် ပေးနေ သော ကိုစိုးအောင် က ချိုချို ဘက်သို့ လှည့်၍ အားရပါးရကြီး ရယ်ပစ်လိုက်၏ ။

“ သူ့ ကိုကို က အရက် မသောက်ဖူးတဲ့ လူ ဆိုတော့ စိုးရိမ်စရာကြီးပေါ့ဗျာ ... ဟား .. ဟား ... ဟား ”

ချိုချို ကတော့ ပန်းနုရောင် နဂို မှ ပြာမည်းမည်း ဖြစ်နေသော သူ့ နှုတ်ခမ်းကလေးတွေ ကို ခပ်ဆူဆူ လုပ်ပစ်လိုက်မိ၏ ။

“ ကိုကို က အရက် သောက်တယ် ဆိုပေမဲ့ စည်းနဲ့ ကမ်းနဲ့ သောက်တတ်တာ ။ ခုလို အရမ်းကာရော သောက်တတ်တာ မဟုတ်ဘူး ”

“ ဪ .... ဒါကတော့ ပွဲကြီးလမ်းကြီး နဲ့ ကြုံကြိုက်ကြလို့ ပျော်စေ ပါးစေဆိုသလို သောက်ကြ စားကြတာကိုး ။ ကိုမောင်ကို က လည်း အရက် မူးရင် ထ က တတ်တာက လွဲလို့ ဘာ အပြစ် ရှိလို့လဲ ”

ကိုစိုးအောင် က စဉ်းစဉ်းစားစား ပင် ချိုချို့ ကို ပြန်၍ ချေပပြောဆို၏ ။

“ ကိစ္စ မရှိပါ ဘူး ချိုချို ရယ် ။ တစ်နှစ် မှ တစ်ခါ ဆိုသလို သာ ပျော်ရတဲ့ ပွဲပဲ ။ ကိုယ် လည်း ရှိနေပါသေး တယ် ။ ကိုမောင်ကို ဟာ အမှားအယွင်းတွေ ကို ကျူးလွန်တတ်တဲ့ လူတစ်ယောက် လည်း မဟုတ်ပါဘူး ”

ကိုကို ကမူ သူ့ လက် ထဲမှ ဖန်ခွက် ကို လက်စသတ် နေ၏ ။

“ များလွန်းတော့ လွန်မှာ ကို စိုးရိမ်မိလို့ပါ ကိုစိုးအောင် ”

•••••   •••••   •••••

ခုလည်း တစ်ခါ တန်ခူးလ သို့ ရောက်ပေဦးတော့မည် ။ လူတွေ ကလည်း ချိုချို တို့ လို ခါသင်္ကြန် ရေသဘင်ပွဲ ကို ဆင်နွှဲကြပေဦးတော့မည် ။ ချိုချို သည် သူ့ ဘဝ တစ်သက်ပတ်လုံးဝယ် သေရည်သေရက် ဆိုတာ ကို အမုန်းဆုံး ဖြစ်ခဲ့၏ ။ အရွံ့ဆုံးလည်း ဖြစ်ခဲ့၏ ။ သူ့ မိဘ အစဉ်အဆက် တွင် သေရည်သေရက် ကို ချစ်မြတ်နိုးခဲ့ဖူးသူ ဟူ၍ မရှိခဲ့ဖူးပေ ။ ချိုချို သည် အရက်သမားများ ကို မြင်ဖူးရုံသာ မြင်ဖူးခဲ့၏ ။ ကြားဖူးရုံသာ ကြားဖူးခဲ့၏ ။ ဒါပေမဲ့ မြင် ကြားရုံ နှင့်ပင် ချိုချို က မုန်းတီးရွံရှာခဲ့မိသည် ။ အရက် ဆိုတာဟာ သေရည်ပါပဲ ။ အရက် သမား ဆိုတာဟာလည်း လောက မှာ ချစ်မြတ်နိုးရန် မထိုက်သင့်တဲ့ ဒုစရိုက်ကောင်ပါပဲ ။

ဒါပေမဲ့ ချိုချို သည် အိမ်ထောင်ကျသော အခါ ကိုကို့ လို အရက်သမား တစ်ယောက် နှင့် မှ ရွေး၍ အိမ်ထောင်ဖက်ခဲ့မိ၏ ။ အရက်ကို ရွံ့၍ အရက်သမား ကို မုန်းတီးခဲ့ရှာသော ချိုချို ၏ ဘဝကုသိုလ် အကျိုးပေး မှာလည်း တစ်မျိုးပဲဖြစ်ပေသည် ။

ချိုချို့ အပေါ်၌ စိတ်စေတနာ ထားခဲ့ကြသူ အချို့ကမူ ချိုချို လို အရက်သမား ကို မုန်းတီးရွံရှာတတ်သော မိန်းမလှလေး တစ်ယောက် အတွက် အရက်သမား တစ်ယောက် နှင့် အိမ်ထောင်ဖက်ခဲ့ရခြင်း မှာ ဘဝကုသိုလ် အကျိုးပေး ညံ့ဖျင်းလို့ ပါပဲဟု ပြောစမှတ် ပြုခဲ့ကြ၏ ။

ဒါပေမဲ့ ချိုချို ကိုယ်တိုင် ကတော့ သူ့ ဘဝ ကုသိုလ် အကျိုးပေး ကို ညံ့ဖျင်းသည် ဟု မထင်ခဲ့မိ ။ ချိုချို သည် အရက် ကို မုန်း တာတော့ ဟုတ်၏ ။ အရက်သမား ဆိုတာ ကို မုန်းခဲ့တာ လည်း မှန်၏ ။ သို့ရာတွင် ကိုကို့ ကို တော့ ချိုချို က ကမ္ဘာလောကကြီး တစ်ခုလုံး တွင် တုပြိုင် စရာ မရှိလောက်အောင် ချစ်ခဲ့မိပေသည် ။

ချိုချို့ အတွက် ကမ္ဘာလောကကြီး တစ်ခုလုံးတွင် တုပြိုင်စရာ မရှိလောက်အောင် ချစ် ခဲ့ရသော ကိုကို ဆိုသူမှာ ဘယ်သို့သော အရက်သမား ဖြစ်ခဲ့သည် ဟု ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်၏ ။ အရက်သမားများ သည် ရမ်းကားတတ်သည် ဟု လူတိုင်း က သိထား၏ ။ အော်ကြီးဟစ်ကြီး နှင့် ရန်ထောင်ကာ ခိုက်ရန် ဖြစ်ပွားတတ်ကြသည် ဟူ၍လည်း နားလည် ထားကြ၏ ။ သို့သော် ချိုချို ၏ ကိုကို ကား ထိုကဲ့သို့သော အရက်သမားမျိုး မဟုတ်ခဲ့ပေ ။

ချိုချို သည် ရန်ကုန်တက္ကသိုလ်ကျောင်း တွင် နေထိုင်စဉ် အခါ က စ၍ ခေတ်နှင့် လိုက်လျော ကိုက်ညီအောင် နေထိုင်ခဲ့ဖူးပေသည် ။ ဒါကြောင့်လည်း ၄၉ ခုနှစ် လောက်တွင် ကောလိပ်ကျောင်း ၌ နေထိုင်ခဲ့ကြဖူးသူများ သည် ချိုချို ၏ အမည် ကို ကြားဖူးကြလိမ့်မည် ဖြစ်၏ ၊ မှတ်လည်း မှတ်မိနိုင်ကြ၏ ။ ချိုချို သည် အင်းလျားကျောင်းဆောင် ထွက် နာမည် ကြီး မိန်းမလှကလေး တစ်ယောက်ပင် ဖြစ်သည် ။

ဒါပေမဲ့ ချိုချို သည် ပေါ့ပျက်သော အကျင့်သိက္ခာ မရှိသည့် မိန်းမလှမျိုး မဟုတ် ။ ချိုချို ၏ နာမည် မှာ ရုပ်ရည် နှင့် လိုက်အောင် လှပချိုအေးသောကြောင့်သာ ကျော်ကြားခဲ့ ခြင်းဖြစ်၏ ။ ခေတ် နှင့် လိုက်လျောကိုက်ညီအောင် နေထိုင်ခဲ့ပါသည် ဟု ဆိုရသော်လည်း သူ့ အပေါ်၌ အပြစ် ဆိုစရာ ဟူ၍ မှဲ့တစ်ပေါက် ပင် မစွန်းခဲ့သောကြောင့် ကျော်ကြားခဲ့ခြင်း ဖြစ်၏ ။

ထိုစဉ်က ချိုချို တွင် ထင်ပေါ် ကျော်ကြားသော ယောက်ျားလေး မိတ်ဆွေ နှစ်ယောက် ရှိခဲ့ပေသည် ။ ကိုကို နှင့် ကိုစိုးအောင် ။

အစကတော့ သူတို့ သုံးဦး မှာ တက္ကသိုလ် ၏ ထင်ပေါ်ကျော်ကြားလှသော မိတ်ဆက် ပွဲများ၌ တွေ့ဆုံကာ မိတ်ဆွေ အဖြစ် ရင်းနှီးစွာ ဆက်ဆံခဲ့ကြ၏ ။ ဒါပေမဲ့လည်း ရက်လ တွေ အတန်ကြာခဲ့သောအခါ ကိုစိုးအောင် နှင့် ကိုကို တို့ မှာ ချိုချို ကို အပိုင်ရရေး အတွက် သိသိသာသာ ပြိုင်ဆိုင်လာခဲ့သည် ။

နှစ်ဦးစလုံးမှာ အသွေးအမွေး ဖြောင့်သူများ ဖြစ်၏ ။ ကျန်းမာ တောင့်တင်း၍ ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်သူများ လည်း ဖြစ်ပေသည် ။ ထိုနှစ် က သူတို့ နှစ်ဦးစလုံး မှာ ဝိဇ္ဇာတန်း ကို အောင်မြင်ရန် ဖြေဆိုကြရမည် လည်း ဖြစ်၏ ။ နှစ်ဦးစလုံး လည်း ထင်ပေါ်ကျော်ကြားကြသူများသာဖြစ်ပေသည် ။

ဒါကြောင့်လည်း ချိုချို သည် အချိန် အတန် ကြာလောက်အောင် သူတို့ နှစ်ဦး ၏ အလေးချိန် ကို ချိန်ထိုး၍ ကြည့်ခဲ့ရ၏ ။ အဲဒီလို အချိန်ယူ၍ စဉ်းစဉ်းစားစား စောင့်စား ကြည့်ရှုကာမှ ကွာခြားချက် ဆိုတာကို ချိုချို သည် တွေ့ လာရသည် ။

ကိုကို ဟု ခေါ်ဆိုကြသော လူရည်သန့် ပညာတတ် တစ်ယောက် မှာ ထင်မှတ်စရာ မကောင်းဘဲ နှင့် အရက်သမား တစ်ယောက် ဖြစ်နေ၏ ။ အရက် ကို ကျောင်းခန်း ထဲ၌ပ င် သေတ္တာလိုက် ဝယ် ယူသိုလှောင်ကာ သောက်တတ်သော ဧရာမ အရက်သမားကြီး ဖြစ်နေ၏ ။ ကိုစိုးအောင် ပြောစကမူ ချိုချို သည် ယုံကြည်ခြင်းပင် မရှိ ။ ကိုကို ကိုယ်တိုင် က ဟုတ်မှန်ကြောင်း ကို ဖွင့်ဟဝန်ခံ ခါ မှ ချို့ချို့ မှာလည်း ပါးစပ်ကလေး ဟောင်းလောင်းနှင့် တအံ့ တဩ ဖြစ်ရတော့၏ ။

“ ချိုချို ကတော့ အရက်သမားတွေ ကို ချိုချို မုန်းမှန်း သိလို့ ကိုစိုးအောင် က တမင် ရန်လာတိုက်တာလို့ ထင်နေတာ ၊ ကိုကို့ လို လူ တစ်ယောက် ဟာ အဲဒီလောက် အရက် သောက်တယ် ဆိုတာတော့ ချိုချို  မျက်လုံး နဲ့ မမြင်ရရင် ဘယ်တော့မှ မယုံနိုင်သေးဘူး ”

“ ဘာဖြစ်လို့လဲ ”

အင်မတန် စကားနည်းသော ကိုကို ကတော့ အဲဒီလိုသာ အေးအေးဆေးဆေး ပြန်မေးခဲ့၏ ။

“ အို .. အရက်သမား ဆိုတာဟာ ဘယ်တုန်းက အဝတ်အစား ပြောင်ပြောင်ရောင်ရောင် ဝတ်တတ်ကြလို့လဲ ။ သူတို့ ရဲ့ ရမ်းကားတတ်ပုံ သတင်းစုံတွေ ကိုကော ဘယ်တုန်း ဖုံးဖိထားလို့ ရခဲ့ဖူးတယ် ကြားဖူးသလဲ ။ အရက်သောက်တတ်ပါတယ် ဆိုတဲ့ လူတွေ အကြောင်း ကိုတော့ ဒီလူ ဒီလူ အရက် သောက်တတ်တယ် ဆိုပြီး အများက သိကြတာပဲ မဟုတ်လား ”

ကိုကို က တွေဝေ နေရာ မှ ခေါင်း ကို ညိတ်၏ ။ ပြီးမှ

“ အရက် သောက်တယ် ဆိုတာဟာ ကောင်းတဲ့ အလုပ်မှ မဟုတ်ဘဲ ချိုချို ” ဟု လေးလေးကြီး ပြောခဲ့လေသည် ။

“ အဲဒီတော့ လူသိခံလို့ ဘယ်ဖြစ်ပါ့မလဲ ”

“ ဟင် ... မကောင်းမှန်း သိလျက်နဲ့ သောက်တယ် ... ဟုတ်လား ”

ချိုချို က တအံ့တသြ မေးမိ၏ ။

“ ဟုတ်တယ် ၊ မကောင်းမှန်း သိတယ် ။ ပိုက်ဆံလည်း သိပ်ကုန်တယ် ။ လူကို လည်း ဒုက္ခပေးတယ် ။ ဒါပေမဲ့ အရက် ကို ကြိုက်တတ်နေတော့လည်း ဘယ်နှယ် လုပ်မလဲ ”

“ အရက် ဆိုတာ ဘာများ ကြိုက်စရာ ကောင်းလို့လဲ ”

“ အဲဒါတော့ ကိုယ် မပြောတတ်ဘူး ချိုချို  ။ ကိုယ့် အမေမိဘများ က လည်း ဒီ အရက် ကို ဖြတ်ရမယ်လို့ မကြာခဏ အကျပ်ကိုင်တတ်တာပဲ ။ ဒါပေမဲ့ မရဘူး ။ အရက် ဟာ ကိုယ့် အသက်လို ဖြစ်နေပြီ ”

ကိုကို က ငေးငိုင်နေ၏ ။ ကာယကံရှင် ကိုယ်တိုင် က ဖွင့်ဟဝန်ခံ နေပြန်တော့ လည်း ချိုချို ကိုယ်တိုင် က မယုံဘဲ နေရဖို့ပင် ခက်နေကြောင်း ကို တွေ့ ရသည် ။ ဒါပေမဲ့ သူ တွေ့ မြင်နေရသော အရက်သမားမျိုး မဟုတ်တာတော့ အမှန်ပဲ ဖြစ်၏ ။ သူ အရက် သောက်သည် ဟု ဆိုတာကို ပင် လူ မသိအောင် ဖုံးဖိထားနိုင်သော အရက်သမားမျိုး ဖြစ်ပေသည် ။

“ အရက် ကို တော့ ချိုချို သိပ်ရွံတာပဲ ။ အရက်သမား ဆိုရင်လည်း ချိုချို က သိပ်မုန်းတာ ။ အဲဒီတော့ အရက် ကို တကယ် သောက်နေတာပါ ဆိုရင်တော့ ချိုချို ဟာ ကြောက်နေမှာပဲ ”

ချိုချို က အဲဒီလိုပဲ ဝေ့လည်လည် ပြော၏ ။

“ ဘာကို ဆိုလိုတာလဲ ချိုချို .. ” ဟု ကိုကို က ပြန်၍ မေးခဲ့သည် ။

“ အရက်သောက် ရင် ချိုချို ကို မချစ်နဲ့ လို့ ပြောလိုက်တဲ့ စကားလား ”

ချိုချို က သူ့ မျက်နှာငယ်ငယ် ကို တစ်ဖက် သို့ လွှဲကာ အဖြေ မပေးဘဲထားခဲ့၏ ။ ဒါကြောင့်လည်း နောက်သော် ချိုချို သည် ကိုကို အား ကာလ အတန်ကြာအောင် မတွေ့ မမြင်ဘဲ ဖြစ်ခဲ့ရသည် ။

အဲဒီလို ပြိုင်ဘက် တစ်ယောက် မှာ တပ်လှန့်၍ သွားသောအခါ ကိုစိုးအောင်သည် ချိုချို နှင့် ပို၍ နီးစပ်ခွင့်ကို ရရှိသွား၏ ။ ကိုစိုးအောင် နှင့် ချိုချို တို့သည် အင်းလျားကန်ပေါင် ဝယ် လမ်းလျှောက်ရင်း စကား ပြောတတ်ကြ၏ ။ တစ်ခါတစ်ခါ လည်း ကိုစိုးအောင် က ချိုချို ကို ရန်ကုန်မြို့ ထဲ က အရိပ်ပြပွဲရုံများ သို့ ခေါ်သွားတတ်ကာ အပြန် တွင် ဗိုလ်ချုပ်ဈေး သို့ ပင်၍ လက်ကိုင်ပဝါလေး တွေ ၊ ရေမွှေးပေါင်ဒါလေး တွေ ဝယ်ပေးတတ်၏ ။ ထိုစဉ်အခါ ကတော့ ကမ္ဘာကြီး ကို ကိုစိုးအောင် သည် ပိုင်ဆိုင်ခွင့် ရထား သလို ဘဝင် မြင့်ကာ အူမြူးခဲ့ ရပေသည် ။

ကိုစိုးအောင် ဆိုတာ ကတော့ စကား ကို အဆက်မပြတ် ပြောတတ်သူ တစ်ဦး ဖြစ်၏ ။ ရဲတင်း တက်ကြွသော ဟန် အမူအရာမျိုး ကို လက်ဝယ် ထားရှိသူ တစ်ဦး လည်း ဖြစ်၏ ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အာဏာ ကို ထိန်းသိမ်းထားသူများ အပေါ်၌ သြဇာ ထက်သူ တစ်ဦး လည်း ဖြစ်ပေသည် ။

ကိုစိုးအောင် နှင့် နီးနီးစပ်စပ် ပူးကပ်၍ နေကြည့်ကာ မှ ကိုစိုးအောင် မှာ ကိုကို နှင့် အဘယ်မျှ ကွာခြားကြောင်း ကို ပို၍ ပို၍ သိလာရ၏ ။ ကိုစိုးအောင် သည် ပေါင်းသင်းဆက်ဆံ ရေးလုပ်ငန်း ကို ကိုကို ထက် အဆပေါင်း မြောက်မြားစွာ နားလည်၏ ၊ လူရည်လည်၏ ၊ လူတကာ နားဝင်အောင် စကားပြောတတ်၏ ။ သူ့အား ကျောင်းသား အများ က ကြည်ညို လေးစားအောင် နေထိုင်တတ်၏ ။ ဒါတွေကြောင့်လည်း ကျောင်းသားခေါင်းဆောင်ကြီး များ အပေါ်၌ ပင်လျှင် ကိုစိုးအောင် မှာ သြဇာ ထက်ကာ ထင်ပေါ် ကျော်ကြား နေခြင်းဖြစ်၏ ။

ချိုချို သည် ကိုစိုးအောင် နှင့် တွေ့ရှိတိုင်း ကိုစိုးအောင် ပြောမည့် စကားများကို သာ စောင့်စားနားထောင် နေရတတ်သည် ။ တစ်ခါတစ်ခါ ကိုစိုးအောင် ၏စကား များလွန်းခြင်း ကို ချိုချို သည် မုန်းမိသော် လည်း စကားပြော ကောင်းခြင်း ကိုတော့ ချိုချို က တပ်မက်၏ ။ ဒါတွေကြောင့်လည်း ချိုချို သည် ကိုစိုးအောင် နှင့် တွေ့ လိုက်လျှင် သူ က စကားပြောရသည် ဟူ၍ မရှိခဲ့ ၊ ကိုစိုးအောင် ပြောသည့် စကား ကို နားထောင်ရင်း သာ အချိန် ကုန်ခဲ့ရသည် က များ၏ ။

ဒါ့ကြောင့်လည်း ချိုချို သည် သူ့ အဖြစ် ကို သူ့ ဟာ သူ သဘောကျကာ ကြိမ်ဖန် များစွာ ပြုံးခဲ့ရလေသည် ။ အများကတော့ မိန်းမ နှင့် ယောက်ျား တွေ့ ဆုံကြလျှင် မိန်းမ များ ကိုသာ လျှာရှည်မျိုး ဟု ရယ်မောပြောဆိုကာ သမုတ်တတ်ကြ၏ ။ ချိုချို့ လက်တွေ့ ကျ မှပဲ မိန်းမသား က တေမိဇာတ် ကို ခင်းခဲ့ရပေသည် ။

သူ့ရုပ် နှင့် ဟန်လေး ကို ခပ်အေးအေး ပြကာ နေတတ်သော ချိုချို သည်ပင် ရန်ကုန် တက္ကသိုလ် ၌ ကိုစိုးအောင် ကြောင့် ပို၍ ကျော်ကြား လာ၏ ။ နာမည် ကြီးသော မိန်းကလေး နော က်သို့ တကောက်ကောက် လိုက်တတ်သော ကျောင်းသားများ သည် သော် လည်းကောင်း ၊ နာမည်ကြီး သော ယောက်ျားလေးများ ၏ ပိုးပန်းခြင်း ကို ခံရသော မိန်းကလေးများ သည် လည်းကောင်း တက္ကသိုလ် ၌ နာမည်ကြီး စမြဲ ပင် ဖြစ်သည့် အလျောက် ကိုစိုးအောင် လို စွာကျယ်ကျယ် လူ တစ်ယောက် ၏ အလေးဂရု ပြုခြင်း ကို ခံခဲ့ရသော ချိုချို ၏ သတင်း မှာ လည်း မလွှဲမရှောင်သာဘဲ ကြီးမားရတော့မည်သာ ဖြစ်၏ ။ ထိုကြား ထဲ တွင် ကိုစိုးအောင် ၏ အပြောအဟော ကောင်းမှုကြောင့် ချိုချို သည် အင်းလျားကျောင်းဆောင် အတွက် သမဂ္ဂ ကိုယ်စားလှယ် အကြီးစား တစ်ယောက် ဖြစ်နေပေသေးသည် ။

ထိုစဉ် အခါကလည်း ကျောင်းသား အင်အားစု မှာ နှစ်မျိုးနှစ်စား ကွဲပြား နေကြ၏ ။ တစ်မျိုး မှာ ကျောင်းသားအရေး ကို ပြည်သူလူထု ၏ အရေးနှ င့် ဆက်စပ်ကာ ကျောင်းသား အရေး ကို လည်း ပြည်သူ့အခွင့်အရေး တစ်ရပ် အနေနှင့် တိုက်ခိုက် တောင်းဆို နေကြသော အင်အားစုကြီး တစ်ရပ် ဖြစ်၏ ။ သို့သော် ထို အင်အားစုကြီး ၏ သဘောထား မှာ ပြည်ပိုင် အစိုးရမင်း တို့ ၏ သဘောထား နှင့် ဆန့်ကျင်ဘက် ကျနေသောကြောင့် ထို အင်အားစုကြီး ၏ ခေါင်းဆောင်ပိုင်း ကျောင်းသား အများမှာ လည်း အချုပ် ထဲ ၊ ထောင် ထဲ သို့ ရောက်နေကြ၏ ။ သို့ကြောင့်လည်း ပြည်ပိုင်အစိုးရမင်း တို့ ၏ သဘောဆန္ဒ နှင့် မဆန့်ကျင်သော ကျောင်းသားအင်အားစု တစ်ရပ် သည် သာ ကျောင်းသား နယ်ပယ် ၌ တည်တံ့နေကာ ထင်ပေါ်သော ခေါင်းဆောင်မှု ကို လည်း ပြုနေကြ၏ ။

ကိုစိုးအောင် မှာ ထိုကဲ့သို့ ထင်ပေါ်သော ခေါင်းဆောင်မှု ပိုင်း တွင် ပါဝင်နေသူ ဖြစ်ပေသည် ။ ထိုအခါ ချိုချို မှာ လည်း ထိုအပိုင်း ကို လုပ်အား ပေး၍ ထောက်ခံ နေသော ကျောင်းသူ တစ်ဦး ဖြစ်လာရ၏ ။

“ ကိုမောင်ကို က ပြောတယ် ၊ ချိုချို ကို ဒီလို အရှုပ်အရှင်းတွေ ထဲ ကို ဆွဲသွင်းတာတော့ သူမကြိုက်ဘူးတဲ့ ”

“ အို ... သူနဲ့ ဘာဆိုင်လို့လဲ ”

ကိုကို့ စကားကို ကိုစိုးအောင် ထံ မှ တစ်ဆင့် ကြားလိုက်ရသော အခါ ချိုချို သည် ကြီးမားစွာ အံ့သြ နေမိ၏ ။

“ သူ့ ကိုယ် သူ များ လူ ကို ချုပ်ချယ်နိုင်ခွင့် ရှိတယ်လို့ အောက်မေ့နေပြန်လို့လား ”

“ မသိဘူးလား ”

ကိုစိုးအောင် က တော့ စိတ်တွင်း မှ ပြုံးကာ မထိတထိ အဖြေပေး၏ ။

“ ကိုစိုးအောင် က သူ့ ကို ဘာသွား ပြောလို့လဲ ”

“ မပြောပါဘူး ၊ ဒါပေမဲ့ သူ နဲ့ ကိုယ် ဆိုတာကတော့ အခန်းချင်း ကပ်နေရလို့ မျက်နှာချင်းဆိုင် နေရတာ မဟုတ်လား ။ ပြီးတော့လည်း ခုတစ်လော မှာ သူ က တော်တော် ဆူတယ် ။ တစ်ခါတစ်ခါ လည်း မိုးလင်း အထိ သောက်ပြီး သူ့ အခန်း က လူနဲ့ နှစ်ယောက် ထဲ ဇာတ်ခင်း နေကြတယ် ”

“ သူ့ အဖော် ကတော့ အရက်သမား ပဲ လား ”

“ အရက်သမား တော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ဟိုလူ က ဇာတ်ရူး .. ။ ပြီးတော့လည်း သူ့ အပေါ်မှာ အတော် ချစ်ခင် လေးစားတယ် ။ အဲဒီတော့ သူ့ ကို အားပေးအားမြှောက် ပြုသလို အမြဲ လုပ်နေတာပေါ့ ”

“ ဝါဒင်တွေ ဘာတွေ က ဘာမှ မပြောဘူးလား ”

“ အို... ဘယ် ပြောလို့ ဖြစ်မလဲ ချိုချို ... သူ မူးတာက ရမ်းကားတယ် ဆိုတဲ့သဘောမှ မပါဘဲ ။ လူတကာ ကို ရန် ရှာပြီး ဆဲဆိုနေတာလည်း မဟုတ်ဘူး ။ နှောင့်ယှက်တယ် ဆိုတဲ့ သဘော ကို လည်း မရောက်ဘူး ။ သူ မူးရင် ဘေးက ကြည့်ရတဲ့ လူဟာတောင် မှ သူ့ကို ကြည့် ပြီး ပျော်လာတတ်တယ် ”

“ ဪ .... ကိုစိုးအောင် ရယ် ... အရက်သမား မူးတာ ကို ကြည့်ပြီးတော့များ ပျော်ရသေးသတဲ့လား ”

ချိုချို က သက်ပြင်း ကို ချရင်း စိတ်ပျက်လက်ပျက် ပြောမိ၏ ။ ဒါပေမဲ့ ကိုစိုးအောင် က သူ့ စကား ကို ဆက်လက်၍ သာ အတည်ပြုမြဲ ပြုသည် ။

“ အရက်သမား ထဲ မှာ လည်း ဉာဉ် မဆိုးတဲ့ အရက်သမား ဆိုတာဟာ ရှိတာပဲပေါ့ ချိုချို  ။ တချို့ လူတွေ ဟာ အရက် တစ်ခွက် လောက် သောက်မိရုံလောက်ကလေး နဲ့ ဆဲဆို ရမ်းကား တတ်ကြပေမဲ့ တချို့ ကျတော့ လည်း ပုလင်းလိုက် ကုန်သွားတာတောင် ဘာမျှ မထူးခြား သလို ဆိတ်ဆိတ်ငြိမ်ငြိမ် နဲ့ နေထိုင် သွားလာတတ်ကြတာပဲ ”

အရက်သမားများ ကို လူဆိုး အဖြစ်သာ နားလည်ယုံမှတ် ထားသော ချို့ချို့ အတွက် တော့ ကိုစိုးအောင် ၏ စကားများ မှာ အံ့စရာပဲ ဖြစ်ခဲ့၏ ။ ထို့ကြောင့်လည်း ထိုကဲ့သို့သော အံ့စရာစကားများ ကို ကြားပြီးသည့် အချိန်ပိုင်း မှ စ၍ ချိုချို ၏ စိတ်ကူး နှင့် အိပ်မက်များ ကြား သို့ ကိုကို သည် ပြန်လည် ရောက်ရှိလာခဲ့၏ ။ သူ မယုံကြည်နိုင်သော လူသား တစ်ယောက် ၏ ဘဝ အဖြစ်မှာလည်း သူ့ အတွက် စိတ်ဝင်စားစရာ အကြောင်း တစ်ရပ် ဖြစ်ခဲ့ရပြန်ပေသည် ။

ဒါပေမဲ့ လူချင်းတော့ မတွေ့  ၊ လူချင်း ပြန်လည်တွေ့ ဆုံစရာ အကြောင်းရယ်လို့ လည်း မရှိ ၊ ချိုချို သည် ကိုစိုးအော င်၏ အသည်းစွဲ အဖြစ်သာ ကျော်ကြားသည် ထက် ကျော်ကြား နေ၏ ။ ကိုကို သည် လည်း ဧရာမ အရက်သမားကြီး အဖြစ် လူသိများ လာခဲ့ပေသည် ။

တစ်နေ့သော ညနေပိုင်း  ၌မူ ကိုကို ၏ သတင်းကို ထိတ်လန့်ဖွယ်ရာ ကြားခဲ့ရ၏ ။ ကိုကို သည် နေ့လယ် ကတည်း က အရက် မူးကာ ချိုချို အား ကျောင်းခန်းများ ထဲ တွင် လိုက်လံ ရှာဖွေနေသည် ဟု ကြားသိရ၏ ။

“ သူ တော်တော် မူးနေတယ် ချိုချို ... သူ့ ကိုယ် ကို တောင် သူ မဟန်နိုင်ဘူး ။ ဒါနဲ့တောင် ‘ အဲလ်စီအာရ် ’ ထဲကို အတင်း ဝင်လာပြီး ‘ ချိုချို ကော ... ချိုချို ’ နဲ့ အော်နေသေးတယ် ”

အများက ဝိုင်း၍ သူ့ အား သတင်း ပေးကြသောအခါ ချိုချို သည် အတန်း ထဲတွင် နေချင်စိတ် မရှိတော့ဘဲ စာချ မစမီပင် ကျောင်းဆောင်ဘက် သို့ ပြန်ခဲ့မိ၏ ။ သည် သတင်း ကို ကြားလိုက်ရသော အခါ အရက်သမား လူဆိုးများ အပေါ် ရွံမုန်းစိတ် ထားခဲ့ရှာသော ချိုချို ခမျာ မှာ ကြောက်မိတာ လည်း အမှန်ပင် ဖြစ်ပေသည် ။

ဒါပေမဲ့ ကျောင်းဆောင် က သူ့ အခန်း တွင်းသို့ ပြန်လည် ရောက်ရှိ ပြန်တော့လည်း ဖုံး မရအောင် ပျံ့လွင့်နေပြီ ဖြစ်သော ကိုကို ၏ သတင်း ကိုသာ ကြားနေရ ပြန်၏ ။ ကိုကို သည် မိန်းကလေးများ အနားယူရာ အခန်း ရှေ့ဝယ် ပေါက်ကျိုင်းဇာတ် ကို အကျဉ်းရုံး ၍ ကျောင်းသူများ ဝုန်းဝုန်း ပွဲကျလောက်အောင် ခင်းသွား သောကြောင့် အင်းလျားကျောင်းဆောင် တစ်ဆောင်လုံး တွင် လည်း ကိုကို ၏ သတင်း မှာ ပျံ့လွင့်နေပြီ ဖြစ်၏ ။

“ သိပ် ရယ်စရာ ကောင်းတာပဲ ဆရာ ... ဒါပေမဲ့ မင်း နာမည် ကိုတော့ တစ်မေး တည်း မေး နေတာပဲ ။ နောက်တော့မှ ဆရာဦးဘညွန့် တို့ လျှောက်လာတာ နဲ့ သူ့ လူ က အတင်း ဆွဲခေါ်သွားတာ ”

ကျောင်းသူလေး တစ်သိုက် ကတော့ ပြန်ပြောင်း ပြောဆိုရင်းပင် တခစ်ခစ် လုပ်ကာ သဘောတွေ့ နေကြ၏ ။ ချိုချို မှာ မူ ရင်တမမ နှင့် ခုတင် ပေါ်ဝယ် ပက်လက်လှဲ နေရရှာသည် ။

သုံးနာရီ သာသာလောက် တွင် မူ သူ့ အခန်း ဘေး မှ အေးအေး သည် ပျာယီးပျာယာ ပြေး တက်လာ၏ ။

“ ကိုမောင်ကို အောက်မှာ ရောက်နေပြီ ” ဟု လည်း အရေးတကြီး သတင်းပေးရှာသည် ။

“ ဘယ်လို လုပ်ပြီး ဝင်း ထဲ ကို ရောက်လာတယ် မသိဘူး ။ အောက်ထပ် သံတံခါး အပြင်ဘက် က လှေကားထစ် မှာ ထိုင်ပြီး ချိုချို ကို ခေါ်ပေးပါ လို့ တွေ့ကရာ လူ ကို လှမ်း ခိုင်းနေတယ် ။ ဒရဝမ် လည်း ကြောက်လို့ ဟိုဘက် ဝင်းမှာ သွား နေနေရတယ် ”

ချိုချို ကလည်း ပျာပျာသလဲ ပင် အိပ်ရာ ပေါ် မှ လူးလဲ ကာ ထရရှာ၏ ။ “ အေး .. တို့ကိုများ မေးရင် ကိုယ် မရှိဘူးလို့ ပြောလိုက်ပါကွယ် ” ဟုလည်း ထပ်တလဲလဲ မှာနေမိ၏ ။

“ ကိုယ် တော့ ရေသွား ချိုးနေလိုက်ဦးမယ် ”

အချိန် အတော် ကြာအောင်ပင် ချိုချို သည် ပုန်းရင်း ရှောင်ရင်း ဆိုသလို ရေချိုးခန်း တွင်း ၌ ရေ ကို စိမ်၍ ချိုးနေမိ၏ ။ ဒါပေမဲ့ ကြာလိုခါမှ အချိန် ကလည်း ကြာညောင်းခြင်း မရှိ ။ သူ့ အခန်းတွင်းသို့ ပြန်လည် ရောက်ရှိသောအခါ အချိန်မှာ ၁၅ မိနစ် လောက် သာ ကုန်ဆုံး သွားကြောင်း ကို တွေ့ ရ၏ ။ အေးအေး ကိုလည်း သူ့ အခန်း ထဲတွင် တွေ့ မြင်ရလေသည် ။

“ သွား တွေ့လိုက်ရင် ကောင်းမယ် ထင်တယ် ချိုချို  ၊ လာတဲ့ လူတိုင်း ကို အပေါက်ဝ က ဆီးပြီး ချိုချို ကို ခေါ်ပေးပါ လို့ ပြောနေတယ် ။ ရှက်စရာကြီးကွယ် ။ သူ့ ကို သွား တွေ့ပြီး ကောင်းကောင်းမွန်မွန် ချော့လွှတ်ရင် ကောင်းလိမ့်မယ်ထင်တယ် ”

သည်သဘော ကိုတော့ ချိုချို က လည်း ခပ်စောစော ကပင် တွေးဆထားမိ၏ ။ သူ့ အလိုအလျောက် ပြန် မသွား၍ ဤ ကျောင်းဆောင်ဝ လှေကားထစ်များ ဝယ် ပေ၍ ဆက်လက် ထိုင်နေ လျှင်လည်း ကိုကို့ အတွက် အရှက်တကွဲ အကျိုးနည်း မဖြစ်ရလေအောင် ဖျောင်းဖျရန် တာဝန် မှာ သူ့ တာဝန်လည်း ဖြစ်သည်ဟု နားလည်ပြီး ဖြစ်၏ ။ ခဏကြာ လျှင် ပင် အင်းလျားကျောင်းဆောင် တွင် လည်း လူရည်သန့် သူငယ်ပျိုများနှင့် ချစ်ချင်စရာ လုံမငယ်တို့ ၏ ညနေတိုင်း ဖြစ်မြောက်လေ့ ရှိသော မိတ်ဆုံနှီးနှောပွဲမျိုး မှာ စည်ကားသိုက် မြိုက်စွာ ပေါ်ပေါက်လာပေဦးတော့မည် ။

ချိုချို ၏ ဖြူဖွေးသော မျက်နှာလေးမှာ ကမန်းကတန်း လူးလာရသော သနပ်ခါး ရေကြဲလေး ကြောင့် ဝင်းဝါလျက် ရှိ၏ ။ ချိုချို သည် ပါးပါးလွှာ ပဒုမ္မာအင်္ကျီကြယ်သီးများ ကိုပင် လှေကား ကို ဆင်းရင်းတွင် မှ တပ်ခဲ့ရ၏ ။

သူ့ ကို မြင်လိုက်ရသော အခါ ကိုကို ကလည်း ထိုင်ရာမှ ထကာ မချိပြုံးပြုံး နှုတ်ဆက် ရှာသည် ။ အဲဒီလို အပြစ် ကို ဝန်ခံလျက် ရှိသော အပြုံးမျိုး ကြောင့်လည်း တထိတ်ထိတ် နှင့် ဆင်းလာခဲ့ရသော ချိုချို မှာ အနည်းငယ် သက်သာခွင့် ရကာ ရဲကင်းသော အမူအရာ ကို လည်း ဟန်လုပ်၍ ဆောင်နိုင်စွမ်း ရှိလာရ၏ ။

ဝင်းထောင့် ၌ ရှောင်ရှား နေရှာသော ဒရဝမ် ကို ပင် သံတံခါး အတွင်းဘက် မှ လှမ်း၍ ခေါ်ရသေးသည် ။ ကု,လားက တံခါး ကို လာ ဖွင့်ပေးမှ ကိုကို့ ကို ပါ အတွင်းဘက် သို့ ခေါ် သွင်းရ၏ ။

“ လာလာ လာလာ အထဲကို လာ ”

အမူးသမား ကို ဧည့်ခန်းတွင်း သို့ ရှေ့ဆောင်ကာ ခေါ်ခဲ့ရ၏ ။ ဧည့်လာချိန် မဟုတ် သေးသောကြောင့် လည်း ဧည့်ခန်းတွင်း ဝယ် လူသူ ကင်းမဲ့ကာ ရှင်းလင်းလျက် ရှိပေသည် ။

“ ဘာဖြစ်လို့ အချိန် မဟုတ် အခါ မဟုတ်ဘဲနဲ့ လာ သောင်းကျန်းရတာလဲ ”

လူချင်း မျက်နှာချင်းဆိုင် ထိုင်မိကြသောအခါ ချိုချို က စတင်၍ မျက်နှာထား တင်းတင်းဖြင့် ရန်တွေ့ မိ၏ ။ ကိုကို ကမူ သူ့ ခေါင်း ကို ငုံ့ထားလေသည် ။

“ ပြောစမ်းပါဦး .. ခု ဘာလာ လုပ်တာလဲ ”

ဘယ်သို့ပင် မာကျောသော အသံဖြင့် မေးမေး .. ကိုကို ကတော့ ရဲရဲနီလျက်ရှိသော သူ့ မျက်နှာ နှင့် ၊ မျက်လုံးအစုံ ကို ချိုချို မြင်သွားမှာ စိုးရိမ်လျက် ရှိသည့် အလား ခေါင်း ကို သာ ငုံ့မြဲ ငုံ့ ထားလေသည် ။

“ စိတ်ညစ်တယ် .. စိတ်ညစ်တယ် .. ကိုကို့ အတွက် ချိုချို စိတ်ညစ်တယ် ။ ကိုကို  ဟာ ကလေး တစ်ယောက် လို မိုက်မဲအပ်တဲ့ အရွယ်မျိုးလည်း မဟုတ်ဘူး ”

ချိုချို ၏ အသံမှာ အံ့စရာ ကောင်းလောက်အောင် ပြောင်းလဲပျော့ပျောင်းသွား၏ ။

“ ကိုယ် လည်း ရှက်တယ်... ချိုချို ”

“ ဪ ... ရှက်ရမှန်းတော့ သိသေးသကိုး ”

ကိုကို တော့ ဘာမှ မပြောဘဲ ခေါင်း ကို သာ ဆက်၍ ငုံ့မြဲ ငုံ့ နေ၏ ။

“ ရှက်ရမှန်း သိရင် ဘာဖြစ်လို့ အရှက်တကွဲ အကျိုးနည်း ဖြစ်လောက်အောင် အရက် ကို သောက်ပြီး လူရှေ့သူရှေ့ တွေမှာ လျှောက် ရမ်းနေရတာလဲ ”

“ စိတ်ညစ်လို့ ”

“ ဪ ... အရက် မူးတတ်တဲ့ လူတွေ မှာ လည်း စိတ်ညစ်တယ် ဆိုတာဟာ ရှိတာ ပဲလား ကိုကို ။ ချိုချို ကတော့ဖြင့် မယုံပါဘူး ။ အရက်သမား ဆိုတာဟာ အရက် သောက် ရရင် ပျော်နေတတ်တာပဲ မဟုတ်လား ”

ချိုချို က ဤကဲ့သို့ ဒေါမာန်ပါပါ ဖြင့် ပြောဆို လိုက်သော အခါတွင်မှ ကိုကို ၏ မျက်နှာ မှာ လည်း မော် လာကြောင်း ကို တွေ့ရ၏ ။

“ ချိုချို ဟာ ဘာကိုမှ လွယ်လွယ်နဲ့ မယုံတတ်ဘူး ဆိုတာကို ကိုယ် သိပါတယ် ” ဟုလည်း နဂို အသံအတိုင်း ထွက်လာစေရန် ကြိုးစား၍ ပြောဆိုလာ၏ ။

“ အစက ဆိုရင် ကိုယ် ဟာ အရက်သမား တစ်ယောက် ဆိုတာကို တောင် ချိုချို ဟာ မယုံခဲ့ဘူး .. မဟုတ်လား ”

ချိုချို က ဘာမှ မပြောဘဲ ငေးနေ၏ ။

“ နောက်ကို ကိုယ်နဲ့ ပတ်သက်လို့ ချိုချို ဟာ ယုံစရာတွေ အမြောက်အမြား တွေ့လာလိမ့်ဦးမယ် ”

သူ သည် ချိုချို ၏ ငေးစိုက်ကြည့်ရှုခြင်း ကို ခံနိုင်ရည် မရှိသကဲ့သို့ တစ်ဖက်သို့ ငေးမောနေ၏ ။ ပြီးမှ “ ချိုချို့ ကို ကိုယ် ချစ်တယ် ချိုချို ” ဟု မဆီမဆိုင် ပြောလိုက်ပြန်လေသည် ။

“ သိသားပဲ ” ဟု ချိုချို ကလည်း ခေါင်းအေးအေး ထားကာ ပြန် ပြောလိုက်ရ၏ ။

“ အဲဒါကို ချိုချို က ဘာလုပ်ရမှာလဲ ”

“ သိတာနဲ့ မလုံလောက်သေးဘူး ထင်လို့ ထပ် ပြောနေတာပါ ချိုချို ”

“ ဟုတ်ပါပြီလေ.... သိတာနဲ့ မလုံလောက်သေးဘူး ဆိုရင် ဘာထပ် လုပ်မှာလဲ ”

“ ကိုယ့် ကို ယုံပါ ချိုချို ”

ချိုချို က မသိမသာ ပြုံးလိုက်မိ၏ ။ မသိဆိုးရွားသော ကလေး တစ်ယောက်နှင့် စကားပြော နေရသလို လည်း စိတ်တွင်းဝယ် ခံစားရမိလိုက်၏ ။

“ ချိုချို  မုန်းပါတယ် ဆိုတဲ့ အရက် ကို မှ ရွေးပြီး တပ်မက်နေတဲ့ လူတစ်ယောက် ဟာ ချိုချို ကို ချစ်ပါတယ် ဆိုတာ ယုံရမှာလား ”

“ ဟုတ်ပါတယ် ၊ မယုံရပါဘူး ။ ဒါပေမဲ့ လောက မှာ ယောက်ျား တစ်ယောက် ဟာ မိန်းမ တစ်ယောက် ရဲ့အလိုဆ န္ဒအတိုင်းကို လိုက်နာလေ့ ရှိသလား ဆိုတာလည်း စဉ်းစားစမ်း ပါဦး ချိုချို ၊ မိန်းမတွေ က ယောက်ျားတွေ ကို သြဇာ ပေးတဲ့ အခါ ဘယ်နှချက်များ တည် တတ်သလဲ ဆိုတာလည်း စဉ်းစားကြည့်ပါဦး ။ ကိုယ် ဟာ ဒီ အချက် တစ်ချက်တည်း မှာ သာ ချိုချို ကို ဆန့်ကျင်တာပါ ။ ကိုယ့် မှားတဲ့ အပြစ် ဟာလည်း ချိုချို မုန်းတဲ့ အရက် ကို သောက် နေမိတာ တစ်ချက်တည်းပါ ”

“ ဒါ တစ်ချက်တည်း ကပဲ အရေးအကြီးဆုံး မဟုတ်လား ”

“ ဒါဖြင့် အရက်သမားတွေ မှာ အချစ် ဆိုတာ မရှိတော့ဘူးပေါ့ ”

“ အို ... ဒီလိုလည်း မဟုတ်ပါဘူး ။ အရက်သမား ကို ချစ်တတ်ပြီး အရက်သောက် တတ်တာကို ခွင့်လွှတ်တတ်တဲ့ မိန်းမတွေ ဟာလည်း လောက မှာ ရှိဦးမှာပေါ့ ။ ချိုချို ကသာ အဲဒီ အထဲ မှာ အကျုံး မဝင်တာပါ ”

“ ဒါဖြင့် ကိုယ်ဟာ အရက်သမား မဟုတ်တော့ဘူး ဆိုရင်ကော ”

“ ဒါကတော့ တခြား တစ်ကိစ္စပေါ့ ကိုကို ။ ဒီစကားမျိုး အတွက် ချိုချို ကကော ဘယ်လို လုပ်ပြီး ကြိုတင် အာမခံချက် ကို ပေးထားနိုင်ပါ့မလဲ ”

ကိုကို သည် သူ့ မျက်နှာကို တစ်ဖက်သို့ လှည့်ကာ ငေးငိုင် နေမိပြန်၏ ။ ပြီးမှ “ ဟုတ် တယ် ” ဟု လေအေးကြီး ဖြင့် ပြောပြန်လေသည် ။

“ ကိုယ် ဟာ ချို့ချို့ ကို မလိမ်သင့်ပါဘူး ။ ကိုယ်ဟာ အရက် ကို ဖြတ်လို့ရမယ့် လူ တစ်ယောက် လည်း မဟုတ်ပါဘူး ။ ဟုတ်ပါတယ် ချိုချို ဟာ ကိုယ့် အပေါ်မှာ မယုံထိုက်ပါဘူး ။ ကိုယ် ဟာ လည်း ချိုချို နဲ့ မတန်ပါဘူး ။ ကိုယ် ဟာ အရက် သောက်ရင်းသာ အန်ဖတ်ဆို့ပြီး သေအပ်တဲ့ လူတစ်ယောက်ပါ ”

ချိုချို သည် မျက်မှောင်ကြုတ် ကာ ကိုကို ၏ မျက်နှာကြီး ကိုသာ စေ့စေ့ကြည့်နေမိ၏ ။ မိန်းမ တစ်ယောက် ၏ အချစ် ကို တောင်းခံ နေသော လူတစ်ယောက် အ နေနှင့်လည်း သဘာဝ မကျ ဟု ယုံမှတ် လိုက်မိသည် ။ တကယ်သာ ဆိုရင်တော့ ခုကဲ့သို့ မိန်းမ တစ်ယောက် ထံမှ ချစ်ခွင့် ကို တောင်းခံနေသူ တစ်ဦးသည် ထို မိန်းမ ၏ အလိုဆန္ဒ မှန်သမျှ ကို ကမ္ဘာ တစ်ဝန်းလောက် ကျယ်ပြန့်စေကာမူ လိုက်နာပါမည် ဟု မစားရ ဝခမန်း နှုတ်ကတိ ကို ပြုအပ်၏ ။ မိုးအထိ မြင့်မားသော အာမခံချက်များ ကိုလည်း နောင်ခါလာ နောင်ခါဈေး သတ်မှတ် ကာ ကြိုတင်၍ ပေးထားအပ်၏ ။ သို့ရာတွင် သူ့ မျက်မှောက် တွင် ရှိနေသော ကိုကို  ဆိုသူ ကတော့ ထိုကဲ့သို့သော သာမန် ယောက်ျား သဘောဆန်သည့် လူသား တစ်ယောက် မဟုတ် ။

ကိုကို သည် ချိုချို့ ကို ချစ်၏ ။ သို့သော်လည်း သူ ချစ်မြတ်နိုးလှသော ချိုချို ၏ မျက်မှောက် မှာ မို့ သူ တပ်မက်လှသော အရက် ဆိုတာကိုပင် မုန်းလှပါသည် ဟု လိမ်လည် လှည့်ဖြားခြင်း ကို မပြု ။ အဲဒါကိုပင် ချို့ချို့ အတွက် အားမလို အားမရ ဖြစ်စေသည့် အချက် ဖြစ်၏ ။ ချိုချို သည် မိန်းမသား တစ်ဦး အနေနှင့် အားနွဲ့သူ ကို ယုယ လို၏ ။ စစ်ရှုံးသူ ကို ညှာတာလို၏ ။ စိတ်ငယ်သူ ကို အားပေးလို၏ ။ သို့ရာတွင် သူ့ အလိုဆန္ဒ ကို မလိုက်လျောနိုင်ပါ ဟု ဖွင့်ဟကာ ပြောဆိုနေသော လူ တစ်ယောက် ရှေ့မှောက် မှာတော့ သူ့ မာန ကို မိန်းမသား ပီပီ မျိုချနိုင်ခြင်း မရှိ ။

“ ကိုယ် ဟာ စိတ်ညစ် နေတာတော့ အမှန်ပဲ ချိုချို ။ အဲဒီလို စိတ်ညစ် နေလို့လည်း အရက် ကို ခါတိုင်းထက် ပို သောက်နေတာပဲ ”

“ ကြားပါတယ် ”

“ ဘယ်သူ ပြောလို့ ကြားတာလဲ ။ ဟို ဆရာ ကပဲ သံတော်ဦး လာလာ တင်နေတာ မဟုတ်လား ”

ချိုချို က ဘာမှ မပြောဘဲ နေလိုက်မိပြန်၏ ။

“ သူ့ သဘော ကိုတော့ ကိုယ် မကြိုက်ဘူး ချိုချို ။ သူ့ ဟာ သူ လုပ်ချင်ရာ လုပ်နေတာ တွေ ကို ကိုယ့် အနေနဲ့ မကန့်ကွက်ချင် ပေမဲ့ သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ ချို့ချို့ ကို ဆွဲဆွဲ သွင်း နေတာကိုတော့ ကိုယ် သဘောမကျဘူး ”

“ မကြိုက်တာ ရှိရင်တော့ ပြောပေါ့ ။ ချို့ချို့ အပေါ် မှာလည်း နှမငယ် တစ်ယောက် လို သဘောထားပြီး ပြောဆို ဆုံးမနိုင်ပါတယ် ”

“ တစ်ဖက်က ကျောင်းသားခေါင်းဆောင် တွေ ဟာ ကိုယ်ကျိုး ကို စွန့်ပယ်ပြီး ထောင်ကျ တန်းကျ ခံနေကြရတယ် ။ ဘာပဲပြောပြော ကျောင်းသား အများစု ရဲ့ သဘော ကတော့ အဲဒီ လူတွေ ကို ချီးကျူး လေးစားရမယ် ဆိုတာ သိကြတာပဲ ။ ပြီးတော့လည်း တစ်ဖက်က ဆောင့်ကြွားကြွား လုပ်ပြီး လူတကာ ကိုယ်ကျိုး စွန့်လွှတ်တာ ကို ပြက်ရယ် နေကြတဲ့ လူသိုက် ကို မုန်းတီးကြတာပဲ ။ သူ့ ကို ကျောင်းသားတွေ က မုန်းတယ် ချိုချို  ၊ သူ့ ဘက်သားတွေ ကို လည်း မေတ္တာ ကင်းမဲ့ကြတာပဲ ”

“ အဲဒီတော့ ဘာဖြစ်သလဲ ”

“ ဘာမှတော့ မဖြစ်ပါဘူး ။ ဒါပေမဲ့ ကိုယ် ကတော့ ကြားထဲက မခံနိုင်ဘူး ဖြစ်ရ တာပေါ့ ။ ချိုချို့ ကို အများတကာ မေတ္တာမဲ့ တာ မခံနိုင်ဘူးလေ ”

သည် စကား ကို တော့ ချိုချို က လက်ခံလိုခြင်း မရှိ ။ သူ့ အား အများတကာ က မေတ္တာ မဲ့နေပါပြီ ဆိုလိုက်သော စကားအ တွက်လည်း ကျေနပ်နှစ်သက်ခြင်း မရှိ ။

“ ကိုယ် ချစ်တဲ့ မိန်းမ တစ်ယောက် ကို ကိုယ် တစ်ယောက်တည်း ချစ်ရရင် ပြီးရော ဆို ပြီး အများတကာ ရဲ့ မေတ္တာလျော့ပါးမှု ကို ဖြစ်စေတာတော့ မကောင်းဘူး ။ တစ်ကိုယ်ကောင်း ဆန် ရာလည်း ရောက်ပါတယ် ။ ဒါပေမဲ့ ဒီ စကား ဟာ သူ့ မျက်ကွယ်မှာမို့ သူ့ အကြောင်း မကောင်းတာ ကို ရွေးပြီး ပြောတာ မဟုတ်ဘူး ၊ သူ့ ကို လည်း ထပ်ခါတလဲလဲ ကိုယ် ပြောပြနေတာပဲ ။ သူ ဟာ ချိုချို့ ကို ရထိုက်တဲ့ လူ တစ်ယောက် ဆိုတာလည်း ကိုယ် သဘောတူပါတယ် ။ ဒါပေမဲ့ အမှား နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ မှာတော့ သူ ရော ၊ ချိုချို  ပါ ဆင်ခြင်စေချင်တယ် ”

အဲဒီလို ပြေပြစ် ချောမောသော ရှင်းလင်းချက်မျိုး ကိုတော့ ချိုချို သည် လက်ခံနိုင်၏ ။ အမှန်ကလည်း ချိုချို သည် လှုပ်ရှား ထကြွနေသော ကျောင်းသားအရေး ကို စိတ်ပါဝင်စား လျက် ရှိနေသည် မဟုတ် ။ ကိုစိုးအောင် တစ်ယောက် ကြောင့် သာ သူ သည် စပ်စပ်စပ်စပ် ပါဝင် နေရခြင်း ဖြစ်၏ ။ ကိုစိုးအောင်  ခိုင်းသမျှ ကိုသာ လုပ်ဆောင် နေရခြင်း လည်း ဖြစ်၏ ။

“ ချိုချို ကိုယ်တိုင် သဘောပေါက် နားလည်ပြီး မှန်တယ် ထင်လို့ လုပ်နေတာပါ ဆိုရင် တော့ ကိုယ် ဘာမျှ မပြောလိုပါဘူး ။ ခုတော့ သူ ကသာ ချိုချို ကို မှီပြီး ပွဲထုတ်စားသလို ဖြစ်နေတယ် ။ ဒါဟာ သူ့ အစွမ်းအစ ကို ညံ့စေတယ် ။ ဒါကိုလည်း သူ မသိဘူး ။ နေရာ တကာမှာ ချိုချို့ ကို ပွဲမထုတ်ပါနဲ့လို့ အတန်တန် ပြောတာလည်း သူ သဘောပေါက်ဘူး ”

ကျောင်းဆောင်ဝ တွင် ကျောင်းသားများ မှာ စုပြုံ၍ ရောက်ရှိလာကြပြီ မို့ လှုပ်လှုပ် ရွရွဖြစ်လာ၏ ။ ထိုအခိုက်တွင် မှ မျှော်လင့်ထားခြင်း မရှိသော အဖြစ် တစ်ရပ် ကို လည်း ရင်ဆိုင်ကြရသည် ။

“ ခင်ဗျား ဘာလာပြီး နှောင့်ယှက် နေတာလဲ ”

အင်မတန် စိုးရိမ်ကြီးရာက တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ကာ ဒေါသထွက် နေသည် ။ ကိုစိုးအောင် သည် သူတို့ နှစ်ဦး ၏ ဘေးသို့ ရုတ်တရက် ပေါ်ပေါက် လာ၏ ။ သူ့ လက် ထဲ  မှာလည်း ဘယ်က ရလာမှန်း မသိသော ခြောက်လုံးပြူးလေး တစ်လက် ကို အံ့စရာ ကောင်းလောက်အောင် ကိုင်ဆောင်ထားပေသည် ။

ချိုချို ကတော့ ထိုင်ရာမှ ကမန်းကတန်း ထကာ ကိုကို့ ရှေ့တွင် ဝင် ရပ်လိုက်ရ၏ ။

“ ဘာလုပ် မလို့လဲ ... ကိုစိုးအောင် ... ဘာလုပ် မလို့လဲ ”

“ ဒီလူ အလကား ချိုချို့ ကို လာ နှောင့်ယှက်နေတာ .. ဒီလူ မူးလာတယ် ”

“ မနှောင့်ယှက်ပါဘူး ၊ ကောင်းကောင်းမွန်မွန် စကား ပြောနေတာပါပဲ ”

ချိုချို က ပျာပျာသလဲ ကာကွယ်မိ၏ ။

“ သူ မူးလာပေမဲ့ စကားပြော မမှားသေးပါဘူး ”

“ ဒါပေမဲ့ ချိုချို ကို သူ မတရား ကြံဖို့လာတာ ၊ ချိုချို သူ ဟာ ကောင်းတဲ့ လူ မဟုတ်ဘူး ”

“ ဪ ... မင်းက ငါ့ အကြံအစည် ကို တောင် သိနေသလား မောင်စိုးအောင် ”

ကိုကို က ရယ်၏ ။ ချိုချို ကမူ ခြောက်လုံးပြူး ကိုင်ထားသော ကိုစိုးအောင် လက် ကို ပခုံးတွင် တင်ကာ လွယ်ထားသော ချင်းလွယ်အိတ် ထဲသို့ လူ မမြင်စေရန် ပြန် သွင်းပေး လိုက်ရ၏ ။

“ ခင်ဗျား ကို ကျုပ် သ,တ်မယ်ဗျ .. သိရဲ့လား ”

ကိုစိုးအောင် က ချိုချို ၏ ပခုံး တစ်ဖက် ကို ခေါင်းပြူကာ ကိုကို့ အား အော်ပြော၏ ။ ထိုအခါတွင် မှ လည်း ကိုကို က ထိုင်ရာ မှ ထသည် ။

“ တချို့ လူတွေ ဟာ ပုရွက်ဆိတ်ကောင် ကို သ,တ်ဖို့တောင် ကြောက်တတ်ကြတယ် ။ မင်း မှာတော့ လူ တစ်ယောက် ကို သ,တ်ရဲတဲ့ သတ္တိ ရှိတယ်ဆိုလို့ ငါ ချီးကျူးပါတယ်ကွာ ။ ဒါပေမဲ့ မင်း ငါ့ ကို သ,တ်စရာ မလိုပါဘူး ။ ချိုချို ဟာ အရက်သမား ကို မုန်းရမယ် ဆိုကာ သိပြီးသားပါကွာ ”

ကိုကို သည် အပြင်သို့ ခေါင်းငိုက်စိုက် ချကာ ထွက်ခွာသွား၏ ။

နောက်သော် တက္ကသိုလ် နယ်မြေ မှ ပင်လျှင် ကိုကို သည် အပြီးအပိုင် ပျောက်ကွယ် သွားပေသည် ။

•••••   •••••   •••••

“ ကျွန်တော်တို့ ဟာ တစ်ဦး နဲ့ တစ်ဦး မေတ္တာ မပျက်ဘဲ နေသွားကြပါစို့ ကိုမောင်ကို ။ ကျွန်တော် ဟာ အပြစ် တစ်ခုခု ကို ကျူးလွန်ခဲ့မိတယ် ဆိုရင် ကျွန်တော့် အပေါ်မှာ အာဃာတ မထားဘဲ ခွင့်လွှတ်ပါ ။ ကျွန်တော် ကတော့ ခင်ဗျားတို့ ရဲ့ မိတ်ဆွေကောင်း တစ်ဦး အဖြစ်နဲ့ ပဲ ပေါင်းသင်းချင်စိတ် ရှိနေပါတယ် ”

ကိုကို နှင့် ချိုချို တို့၏ မင်္ဂလာဆောင်ဝယ် ကိုစိုးအောင် က ဤသို့ပင် ပြောခဲ့ဖူး၏ ။ ကိုကို နှင့် ချိုချို တို့ ကလည်း ကိုစိုးအောင် အပေါ်၌ မိတ်ဆွေရင်းခြာ လို သဘောထားကြပါမည် ဟု ကတိ ပြုခဲ့ကြပေသည် ။

အင်းလျားကျောင်းဆောင် ကို အရက်မူး၍ သွားရောက်မိသည့် နေ့ရက် က စကာ ကိုကို သည် ကျောင်းမြေ ကို စွန့်ပစ် သွား၏ ။ သို့ရာတွင် သူ့ မိဘများ မှာ အစိုးရပင်စင် ကို စားကာ သူတို့ တွင် ပြည့်စုံကုံလုံသော ငွေကြေး ဖြင့် ကြီးမားသော ကုန်လုပ်ငန်း ကို လုပ်ကိုင် နေကြသော ကုန်သည်ကြီးများ မို့ သူ့ အားလည်း သူ့ မိဘ ၏ လုပ်ငန်း က ဝမ်းပန်းတသာ ဆီးကြိုခဲ့၏ ။ ထိုအခါ ကစ၍ သူ ကလည်း သူ့ မိဘလုပ်ငန်း ကို အားအင် ဖိစီးကာ ဦးဆောင် လုပ်ကိုင်ခဲ့လေသည် ။

ကိုစိုးအောင် ကတော့ စာမေးပွဲ ကျရှုံး၏ ။ ထို့ကြောင့်လည်း ကိုစိုးအောင် အတွက် ချိုချို နှင့် နီးစပ်ရေး မှာ ထို တစ်နှစ် အတွက် တန့်သွားရ ပြန်သည် ။

ထိုအခိုက်တွင် သား ၏ သတင်း ကို ကြားသိကာ သားအလို ကို လိုက်လိုကြသော ကိုကို ၏ မိဘများ က ချိုချို  ၏ မိဘများ ကို တွေ့ဆုံကာ လူငယ်များ အတွက် လူကြီးစကား ကို နှီးနှော ဖလှယ်ခဲ့ကြ၏ ။ ချိုချို ၏ မိဘများ ကလည်း ငြင်းစရာ အကွက် ကို ရှာမတွေ့ ဟု ယူဆ ကာ ငွေ နှင့် ဂုဏ် ဂဟေဆက်ရေး အတွက် ကြိုးပမ်း ခဲ့ကြပေသည် ။

ဒါပေမဲ့ ချိုချို ကတော့ ကိုကို ၏ ဖခင် ကို ဤသို့ မေးခဲ့သေး၏ ။

“ သူ က တောင်းခိုင်း လို့ ဦးတို့ က ပြောတာပါလား ”

“ မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး ။ ဒီကိစ္စ ကို သူ တောင် မသိသေးပါဘူး ။ သူ့ သူငယ် ချင်းတွေ အပြောနဲ့ ဦးတို့ က သူ စိတ်တိုင်းကျ ဖြစ်အောင် ကျိတ်လုပ်နေရတာပါ ”

သူ့ အမေ ကို လည်း ချိုချို က အသိ ပေးခဲ့၏ ။

“ ကိုကို ဟာ အရက် သိပ်သောက်တဲ့ လူ ... မေမေ ရဲ့ ”

“ အို ... ယောက်ျားလေး ဆိုတာဟာ လူပျိုလူရွယ်တုန်း က ဆိုးကြ မိုက်ကြတာပဲပေါ့  ။ ညည်း အဖေ ကို မေမေ ယူတုန်းက ဆိုရင် မယားကြီး နှစ်ယောက် လောက် တောင် စာရင်း ပေါ်ခဲ့သေးတာပဲ ”

မိဘများ ၏ အလို ဆန္ဒကြောင့် ပင် ကိုကို နှင့် ချိုချို တို့၏ လက်ထပ် ထိမ်းမြားပွဲမှာ ကြီးကျယ် ခမ်းနားစွာ ဖြစ်မြောက် အောင်မြင်ခဲ့ရလေသည် ။

ကိုစိုးအောင် တစ်ယောက် ကတော့ စေ့စပ်ကြောင်းလမ်းခြင်း သတင်း ကို သတင်းစာ များ ထဲတွင် တွေ့မြင် ဖတ်ရှု လိုက်ရသော အခါတွင် မှ ငေးငိုင်ကာ မတုန်မလှုပ် ဖြစ်သွားရ၏ ။ ဒါပေမဲ့ ... ကိုကို တို့ ၏ မင်္ဂလာဆောင် အတွက် တော့ ဂျော်နီဝါကာ အရက် တစ်ပုလင်း ကို ကိုစိုးအောင် က လက်ဖွဲ့ ခဲ့ပေသည် ။

•••••   •••••   •••••

ကိုကို ကတော့ ချိုချို နှင့် ရပြီးသည့် တိုင်အောင် လည်း အရက် ကို နေ့တိုင်း သောက်၏ ။ ဒါပေမဲ့ ချိုချို ကိုယ်တိုင် က အံ့ဩမိသော အချက်မှာ သူ့ ကိုကို သည် တစ်နေ့ တစ်ရက်မျှ အရက် မူးကာ မှောက်မှားမှု မပြုခဲ့ခြင်းပင် ဖြစ်ပေသည် ။

ဒါကတော့ ကိုယ့် စိတ်ကို ကိုယ် နိုင်သော လူသားတို့ ၏ သဘောပင် ဖြစ်၏ ။ ကိုကို သည် အရက် ကို သူ့ အတွက် ဆေးဝါးလို နေ့စဉ်နေ့တိုင်း မှီဝဲ သော်လည်း အချိန်အဆ ထက် မပိုခဲ့အောင် အမြဲပင် သတိရှိခဲ့၏ ။ ထိုအခါတွ င်မှ လည်း စည်းကမ်း နှင့် သောက်တတ်သော အထက်တန်းစား အရက်သမား သဘောကို ချိုချို သည် နားလည် လာမိ၏ ။ သို့ကြောင့်လည်း တစ်ခါတစ်ခါ သူ့ လင် ကို အရက်သမား ဟု ခေါ်ဆိုသူများ နှင့် တွေ့ လိုက်လျှင် “ ကိုကို က အရက်သောက်တယ် ဆိုပေမဲ့ စည်းနဲ့ ကမ်းနဲ့ သောက်တာ ” ဟု ဂုဏ်ယူလိုဟန် ဖြင့် ပြောဆိုတတ်၏ ။

“ ခုဆိုရင် ချိုချို တောင် နေမကောင်း ထိုင်မကောင်း ဖြစ်လာရင် အရက် နည်းနည်း သောက်ရတာပဲ ။ ဆေးဖြစ်ဝါးဖြစ် တော့ တကယ်ကောင်းတယ် ။ စားဝင်အိပ်ပျော်ဖို့ အတွက်လည်း တကယ် စွမ်းတာပဲ ”

ဟိုတုန်းကတော့ အရက် ကို ရွံ၏ ။ အရက်သမား ကို မုန်း၏ ။ ဒါပေမဲ့ သူ ကိုယ်တိုင် အရက်သမား မယား ဖြစ်လာပြန် တော့လည်း အရက် အကြောင်း ကိုပင် ချိုချို သည် တစာစာ ပြောလာတတ်ပေသည် ။

အရက် ... အရက် ...

•••••   •••••   •••••

၁၉၅၁ ခုနှစ် ရန်ကုန်မြို့ ခါသင်္ကြန်ရေသဘင်ပွဲ ။

ရေသဘင်ပွဲ ဆိုတာ ကတော့ တစ်နှစ် မှ တစ်ခါ ကြုံ၏ ။ ထိုအခါဝယ် ဗမာအမျိုးသား များ သည် မကြုံဖူးအောင် ပျော်မြူးကြရ၏ ။ ပွဲလမ်း သဘော မှာလည်း ပျော်မြူးရန် ပင် မဟုတ်ပါလား ။

ရေသဘင်ပွဲ... ရေသဘင်ပွဲ... ခါသင်္ကြန်ရေသဘင်ပွဲ ၁၉၅၁ ခု

ထို ရေသဘင်ပွဲဝယ် အဘယ်မျှ အပျော်ကြူးခဲ့ရပုံများ အကြောင်း ကိုတော့ ချိုချို တို့ လင်မယား သည် တစ်ပါးသူ ကို ပြန် ပြောလိုမည် မဟုတ်ကြပါ ။ ဒါပေမဲ့ တစ်နှစ် မှာ တစ်ခါ ဆုံသော တန်ခူးလ သို့ ခု တစ်ခါလည်း ဆိုက်ရောက်ပေဦးတော့မည် မဟုတ်ပါလား ။ လူ တွေ ကလည်း ချိုချို တို့ လို ခါသင်္ကြန်ရေသဘင်ပွဲ ကို ဆင်နွှဲကြပေဦးတော့မည် မဟုတ်ပါလား ။

လေ အဝေ့ဝယ် စိမ့်၍ စိမ့်၍ အေးနေလေသည် ။ ချိုချို ကလည်း တဆတ်ဆတ် တုန် နေရှာသော သူ့ ကိုယ်လုံးလေး ကို ပြိုလဲ၍ မသွားရလေအောင် လက်ကလေး နှစ်ဖက် ကို ကျစ်ကျစ်ဆုပ်၍ အောက်နှုတ်ခမ်းလေး ကို ပါ ကိုက်ထားရ ရှာလေသည် ။

“ ကိုကို က တော်တော့ကွယ် .. များပြီ ထင်တယ် ”

ချိုချို က သူ့ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော မျက်နှာသုတ်ပဝါလေး ကို ခွာ၍ ရေညှစ်ရင်း သူ့ ကိုကို အား လှမ်းပြောလိုက်မိ၏ ။ သူ့ ကိုကို ကလည်း သူ့ ဘက်သို့ လှည့် ၍ ပြုံးလိုက်လေသည် ။

“ ဒီလောက်တောင် ခိုက်ခိုက်တုန်လောက်အောင် ချမ်းနေတာ မသောက်ဘဲ ဘယ် နေနိုင်ပါ့မလဲ ”

“ ချမ်းတာတော့ ချမ်းတာပေါ့ ။ ချိုချို တို့ လည်း ချမ်းတာပဲပေါ့ ။ ဒါပေမဲ့ ချမ်းတိုင်း သာ သောက်နေရမယ် ဆိုရင် မခက်ပါလား ”

ထိုအခိုက်တွင် ကိုကို ၏ လက် ထဲမှ ဖန်ခွက် ထဲသို့ အရက် ကို လောင်းထည့် ပေးနေ သော ကိုစိုးအောင် က ချိုချို ဘက်သို့ လှည့်၍ အားရပါးရကြီး ရယ်ပစ်လိုက်၏ ။

“ သူ့ ကိုကို က အရက် မသောက်ဖူးတဲ့ လူ ဆိုတော့ စိုးရိမ်စရာကြီး ပေါ့ဗျာ ...ဟား .. ဟား ... ဟား ”

ချိုချို ကတော့ ပန်းနုရောင် နဂို မှ ပြာမည်းမည်း ဖြစ်နေသော သူ့ နှုတ်ခမ်းကလေး ကို ခပ်စူစူ လုပ်ပစ်လိုက်မိ၏ ။

“ ကိုကို က အရက် သောက်တယ် ဆိုပေမဲ့ စည်းနဲ့ ကမ်းနဲ့ သောက်တတ်တာ ။ ခုလို အရမ်းကာရော သောက်တတ်တာ မဟုတ်ဘူး ”

“ ဪ .... ဒါကတော့ ပွဲကြီးလမ်းကြီး နဲ့ ကြုံကြိုက်လို့ ပျော်စေ ပါးစေဆိုသလို သောက်ကြ စားကြတာကိုး ၊ ကိုမောင်ကို က လည်း အရက်မူးတတ်ရင် ထက တတ်တာကလွဲ လို့ ဘာ အပြစ် ရှိလို့လဲ ”

ကိုစိုးအောင် ကတော့ စဉ်းစဉ်းစားစားပင် ချိုချို့ကို ပြန်၍ ချေပပြောဆို၏ ။

“ ကိစ္စ မရှိပါဘူး ချိုချို ရယ် ။ တစ်နှစ် မှ တစ်ခါ ဆိုသလို ပျော်ရတဲ့ပွဲ ပဲ ။ ကိုယ် လည်း ရှိနေပါသေးတယ် ။ ကိုမောင်ကို က အမှားအယွင်းတွေ ကို ကျူးလွန်တတ်တဲ့ သူ တစ်ယောက်လည်း မဟုတ်ပါဘူး ”

ကိုကို ကမူ သူ့ လက် ထဲမှ ဖန်ခွက် ကို လက်စသတ်နေ၏ ။

“ များလွန်းတော့ လွန်မှာ ကို စိုးရိမ်မိလို့ပါ ကိုစိုးအောင် ”

အဲဒီလိုပင် ခါသင်္ကြန် ရေသဘင်ပွဲများ ၌ ယောက်ျားများ သည် အရက် ကို သောက် ကာ အပျော် ကို ရှာတတ်ကြ၏ ။ ကိုစိုးအောင် လို အရက် ကို မသောက်တတ်သူများ ကပင် အပေါင်းအဖော် နှင့် လိုက်ကာ အဲဒီလို ပျော်ပွဲသဘင်မျိုး တွင် အရက် ကို မျိုကာ ပါးစပ်ဆိုင်း ကို အော်ကြီးဟစ်ကြီး တီးတတ်လေသည် ။

အဲဒီလို ပျော်ပွဲသဘင်မျိုး ၌ အရက်သမားများ ကို စိုးရိမ်တကြီး နှင့် မိန်းမတွေ က တားဆီး ပိတ်ပင်တတ်ကြ သော်လည်း အမှန်ကတော့လည်း အရက်သမား ပါ မှ ပင် ပို၍ ပျော်စရာ ကောင်း၏ ။ အရက် မူးကြ မှ လည်း ပို၍ ရွှင်မြူးစရာ ကောင်း၏ ။ ယောက်ျားတွေ က လည်း အရက် ပို မူးမှ ပို၍ အော်ကြဟစ်ကြ ကကြခုန်ကြ ဖြစ်လာတတ်သည် ။ အဲဒီလို အော်ကြ ဟစ်ကြ ခုန်ကြ မှ လည်း ပို၍ ပျော်စရာ ကောင်းသည် မဟုတ်ပါလား ။

ချိုချို ကပင် အအေးဒဏ် ကို ကာကွယ်စေရန် နည်းနည်း သောက်၏ ။ အခြား မိန်းမ ဖော်များ ကလည်း ချို့ချို့ အကြောင်း ကို သိထားသောကြောင့် ဖန်ခွက် ကို ချိုချို ကိုင်လျှင် ပင် အာဇာနည်သူရဲကောင်းမလေး တစ်ဦး အား ချီးကျူးထောမနာ ပြုကြလေ သကဲ့သို့ လက်ခုပ်လက်ဝါး တီးကာ ဩဘာပေးခဲ့ကြသည် ။

“ တို့ အထဲ မှာတော့ ချိုချို ဟာ အစွမ်း အထက် ဆုံးပဲဟေ့ ”

“ အို .... သူတော်ချင်းချင်း မို့ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ တာပေါ့ ။ အရက်သမား မယား ဟာ အရက်သမား မဖြစ် ဘယ် သဘာဝကျပါ့မလဲ ”

အားလုံးက လက်ခုပ် လက်ဝါး တီးကာ ဝိုင်း၍ ရယ်ကြ၏ ။ ကိုစိုးအောင် ကမူ ရခိုင်တေး ကို သံကုန် ဟစ်၍ တစ်ယောက်တည်း အော်ရင်း အရက်ပုလင်း တစ်လုံး ကို လွတ် မကျ သွားအောင် အတင်း ဖက်ထားပေသည် ။

“ ကိုင်း .. ကိုကို ကို နေ့လယ်ပိုင်း ဒီမှာ အနား ဖြေကြရင် ကောင်းမယ် ”

“ အို ..တရုတ်တန်း တို့ ၊ ကြည့်မြင်တိုင်ဝိုင်း တို့မှာ နေ့လယ် လည်း စည်တာပါပဲ ။ ရေလည်ခံ ဖို့ ထွက်တာပဲ ဒီမှာ နားမနေပါနဲ့တော့ ”

ဂျစ်ကား တစ်စီး ထဲတွင် ပါလာသော လူ ဆယ့်နှစ်ယောက် တို့ အနက် သဘော နှစ်မျိုး မှာ ထွက်လာလေသည် ။

“ ကိုင်း .. ဒါဖြင့် ဒီလို လုပ်ကြလေ ၊ မောင်သိန်း မောင်းပြီး လိုက်ချင်တဲ့ လူတွေနဲ့ ကြည့်မြင်တိုင် ဘက် ကို တစ်ခေါက် သွားကြပေါ့ ။ ပြီးရင် တို့ ကို ဒီနေရာ လာခေါ် ၊ ဒီနေရာ ကပဲ တို့ စောင့်မယ်  ၊ ပုလင်းတစ်လုံး နဲ့ ဖန်ခွက် တစ်ခွက် လောက် လည်း ထားခဲ့ပါဦးဟေ့ ”

ကိုကို  ၊ ချိုချို နှင့် ကိုစိုးအောင် တို့မှာ အင်းလျားကန်ပေါင် ဝယ် ကျန်ခဲ့ကြလေသည် ။ ကျန် လူသိုက်များ ကတော့ ကားပေါ် သို့ တက်ကာ ကြည့်မြင်တိုင်ဝိုင်း သို့ ခရီး တစ်ပတ် ထွက် ကြပြန်၏ ။

“ ပျော်တော့ ပျော်ပါရဲ ။ ဒါပေမဲ့ သိပ်ပန်းတာပဲ ကိုကို ရယ် ”

ချိုချို က သူ့ နားထင် နှစ်ဖက် ကို လက်ဖြင့် ဖိရင်း ညည်းရှာ၏ ။

“ ဒါကြောင့်မို့လို့ ခဏ နားဦးလို့ ပြောတာပေါ့ ။ လူတွေ များတော့လည်း ငြီးစီစီ ကြီး ဖြစ်လာတယ် ”

ကိုစိုးအောင် က တော့ သူ့ လက် ထဲမှ ပုလင်း ကို လမ်းဘေး မှာပင် အရှက်အကြောက် ကင်းမဲ့စွာ မော့နေ၏ ။

“ ချမ်းသေးသလား ချိုချို ”  ဟု ကိုကို မေးသည် ။

“ ချမ်းတော့ မချမ်းဘူး ၊ ခေါင်းနည်းနည်း ကိုက်တယ် ။ ဒီမှာက လည်း လူတွေ က များလိုက်တာ ”

“ ဒါဖြင့် တစ်ဖက်ကမ်း က ရေလယ်ကျွန်းကလေး တွေ ကို သွားမလား ”

“ ကောင်းသားပဲ ။ ဒါပေမဲ့ ကိုစိုးအောင် မူးနေပုံမျိုးနဲ့ ဖြစ်ပါ့မလား ။ တော်တော် ကြာ ရေလယ် ကျမှ လှေမှောက် သွားဦးမယ် ”

“ အို ... ကိစ္စ မရှိပါဘူး ။ ချိုချို ရေကူးတတ်သားပဲ ”

လှေငယ် တစ်စင်းကို ငှားလိုက် ကတည်း က ကိုစိုးအောင် က ရန်ထောင် နေ၏ ။

“ ခါတိုင်း တစ်နာရီ ကို နှစ်ကျပ် တည်း ပေးရတာ ။ ခုမှ ဘာဖြစ်လို့ သူတို့ က သုံးကျပ် တောင်းနေတာလဲ ”

လှေရှင် ကို လည်း သူ က ငေါက်နေ၏ ။

“ ဟေ့လူ ... ကျုပ် မျက်နှာ ကို သေသေချာချာ ကြည့်စမ်းပါဗျ ၊ ကျုပ် ဟာ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ခေါင်းဆောင် စိုးအောင် ပါ ဗျ ”

ကိုကို က သူ့ ကို တွဲ၍ ခေါ်ရ၏ ။ ပြီးတော့လည်း လှေဦး မှာ ထိုင်စေရသည် ။

“ မင်း ... လှော်နိုင်ပါ့မလား စိုးအောင် ”

“ အို .. လှော်နိုင်ပါတယ်ဗျ ၊ ကျွန်တော် တနင်္ဂနွေနေ့ တိုင်း လှေလှော် နေတာပဲ ။ အာရ် ၊ ယူ ၊ ဘီ ၊ စီး ကိုတောင် ကျွန်တော် က မဝင်ချင်လို့ ကြည့်နေတာပါဗျ ”

ကိုစိုးအောင် သည် သူ့ အပြော နှင့် အဟော ကိုက်ညီအောင်လည်း အားခဲ၍ ကြိုးစား လှော်ခတ် ရှာ၏ ။ ချိုချို က လည်း လှေလယ် မှ နေကာ တေးတစ်ပုဒ် ဆိုရင်း အားပေးမိ၏ ။ ကိုကို ကမူ နောက်ပိုင်း မှ နေ၍ ရေလယ် ရှိ စိမ်းမြမြ ကျွန်းငယ် နှစ်ကျွန်း ကြားက ရေလက်ကြား ဆီသို့ လှေ ကို ဦးတည် စေလေသည် ။

နေရောင် အောက်တွင် အင်အား ကို ထုတ်လုပ်ရသော အခါ၌မူ ကိုကို နှင့် ကိုစိုးအောင် တို့ အတွက် အအေးဒဏ် ခံစားရချက်မှာ လျော့ပါးလာ၏ ။ ဒါပေမဲ့ တစ်ကိုယ်လုံး ရွှဲရွှဲစို အင်အား မစိုက်ရရှာသော ချိုချို အတွက်မူ ကန်လယ်က လေမှာ မခံမရပ်နိုင်အောင် အေးလှ၏ ။ ချိုချို သည် လူသူ ကင်းမဲ့သော ကျွန်းငယ်လေး တစ်ခုပေါ် မှာသာ တစ်နာရီ လောက် လဲလျောင်း ကာ အနားယူ လိုပေသည် ။

ကိုကို ကလည်း ချို့ချို့ အကဲ ကို ကြည့်ကာ ကျွန်းငယ်လေး တစ်ကျွန်း ဘေးတွင် လှေငယ် ကို ကပ်ပေးခဲ့၏ ။

“ လာ .. လာ .. ချိုချို  ဒီ ကျွန်းပေါ်မှာ လူ ရှိဟန် မတူဘူး ”

ချိုချို သည် အရက် တစ်ခွက် ကို ထပ် သောက်လိုက်ရ၏ ။ ထိုအခါတွင် မှ လည်း သူ့ ကိုယ်လုံးလေး မှာ အနည်းငယ် ပူထူကာ သက်သာခွင့် ကို ရလာ၏ ။ ဒါပေမဲ့ အရက် သောက်ခဲ့သည် မှာ များသထက် များပြီမို့ အနည်းငယ်တော့ မူးလာ၏ ။

ကိုစိုးအောင် က လည်း “ ခင်ဗျား အရက် ဘယ်လောက် သောက်နိုင်တယ် ပြောပြော ကနေ့တော့ ခင်ဗျား နဲ့ ကျွန်တော် ပြိုင် သောက်ချင်တယ်ဗျာ ” ဟု ကိုကို့ ကို ရင်ဆိုင်လာ၏ ။

“ ငါ နဲ့ ပြိုင်သောက်လို့ မင်း သေသွားမှာပေါ့ ”

“ ကျွန်တော် သေရင် ဘယ်သူက မှ ဝမ်းနည်း မှာလည်း မဟုတ်ဘူး ၊ ဝမ်းသာ မှာလည်း မဟုတ်ဘူး ။ ခင်ဗျား သေ မှ ခက်မှာ ”

“ ဘာလဲကွ ချိုချို ကို မုဆိုးမ ဖြစ် ကျန်ရစ်မှာ ကို စိုးရိမ်လို့လား ”

“ မစိုးရိမ်မိပါဘူး ၊ အဲဒီလိုသာ ဖြစ် ကျန်ရစ်ရင် ကျွန်တော် က ဝမ်းသာရဦးမှာ မဟုတ်လား ”

ကိုကို က အားရပါးရ ရယ်မိ၏ ။

“ ကြည့်စမ်း .. ချိုချို ... ဒီကောင် ဟာ ခုအထိ စိတ်ကောင်း ရှိတဲ့ ကောင် မဟုတ်ဘူး ”

ချိုချို ကပါ ရယ်၏ ။

“ ပြောပါစေလေ... လူ ဆိုတာဟာ အရှက်ပြေ စကား ကိုတော့ ပြောတတ်ကြစမြဲပေါ့ ”

“ အရှက်ပြေ ပြောတာ မဟုတ်ဘူး ”

ကိုစိုးအောင်က လျှာလေးအာလေးကြီး ဖြင့် ပြောပြန်၏ ။

“ ခုနေ အခါမှာသာ ကိုမောင်ကို တကယ် သေကြည့်ပါလား ။ ချိုချို့ ကို ကျွန်တော် မယူရင် ကျွန်တော့် လည်ပင်းကိုဖြတ် ”

“ ငါ သေမှ ယူပါမယ် ဆိုတဲ့ စကား ဟာ ငါ မသေခင် လုယူမယ် ဆိုတဲ့ စကား ထက်တော့ တော်သေးတာပေါ့ကွာ ”

ကိုကို က ဖန်ခွက် ထဲမှ အရက် ကို မော့ရင်း ရယ်မိပြန်၏ ။

“ ခင်ဗျား လို စိတ်မျိုးတော့ ကျွန်တော့် မှာ မရှိပါဘူးဗျာ ။ ခင်ဗျား ကသာ ကျွန်တော် မသေခင် ကျွန်တော့် လက် ထဲက ချို့ချို့ ကို လုယူခဲ့တာပါဗျ ”

ကိုစိုးအောင်က ထိုကဲ့သို့ ဣန္ဒြေကြီး နှင့် ပြောလိုက်ခါ မှ ကိုကို ၏ စိတ် မှာလည်း တစ်မျိုးကြီး ဖြစ်သွားရ၏ ။

“ ဒီကောင် တော်တော် မူးနေပြီ ” ဟု လည်း ချိုချို့ ဘက်သို့ လှည့်ကာ ပြောလိုက်ရသည် ။

“ မမူးသေးပါဘူး ၊ ခင်ဗျား နဲ့ ကျွန်တော် အရက် ပြိုင်သောက်ရဲပါတယ်ဗျ ”

“ တကယ် ပြောတာလား .. စိုးအောင် ”

“ အို ... တကယ် ပြောတာပေါ့ဗျ ”

ထိုအခိုက်တွင် ချိုချို က ကိုကို့ ကို ဝင်၍ မျက်ရိပ်ပြ၏ ။ ပြိုင်ဆိုင်ကာ အနိုင်မလု ဖို့ တောင်းပန်ခြင်း ပင် ဖြစ်ပေသည် ။

ဒါပေမဲ့ ကိုကို့ အတွက် တော့ တခြား နည်းလမ်း မရှိ ။ အရက်မူးနေပြီ ဖြစ်သော လူ တစ်ယောက် အား သတိလစ် သွား လောက်အောင် အရက် ကို သောက်စေခြင်း မှ အပ အခြား နည်းလမ်းရယ်လို့ လည်း မရှိ ။

“ ကဲ .. မင်း လက် ထဲက ပုလင်း ကို မင်း မော့ ၊ ငါ့ လက် ထဲ က ပုလင်း ကို လည်း ငါ မော့မယ် ။ အမော့ ရပ်တဲ့ လူ အရှုံးပဲ ”

ကိုကို က ချိုချို ကို မျက်စ တစ်ဖက် ပစ်ပြလိုက် သောကြောင့် ချိုချို ကလည်း ပြုံး လိုက်ရ၏ ။

ထို့နောက် မှာ တော့ လူမိုက် နှစ်ယောက် မှာ ရူးသွပ် နေသော လူသား နှစ်ယောက် ကဲ့သို့ မိုက်မဲစွာ ပြိုင်ဆိုင်မှု ကို ပြုကြလေသည် ။

နှစ်ဦးစလုံး ၏ လည်ချောင်းများ မှာ မီးခဲများ ကို အဆက်မပြတ် မျိုချ နေသလိုပင် ပူလောင် သွားရ၏ ။ ရင်တွင်း ၌ လည်း တောမီးလောင် သလို တဟုန်းဟုန်း တောက်နေ၏ ။ မျက်လုံးများ မှာ ပြာဝေကာ ကန်းသွား၏ ။ ကိုစိုးအောင် က ပုလင်း ကို လွှတ်ချ လိုက်လေသည် ။

“ ကျွန်တော် အရှုံးပေးပြီ ”

ဘယ်သို့ပင် တစ်ဦး က အရှုံးပေး နေသော်လည်း ကိုကို မှာ မူ သူ့ ပုလင်းကို ဇောက်ထိုး စောင်း လိုက်ရသည် အထိ မော့ နေကြောင်း တွေ့ ရ၏ ။ ထိုအခါတွင် မှ လည်း ချိုချို က သူ့ လက် ထဲမှ အရက် ပုလင်း ကို ပြေး၍ လု ယူရသည် ။

“ တော်တော့ ကိုကို .... တော်တော့... သူ အရှုံးပေးပြီပဲ ”

“ အို ... ဒီကောင် ဟာ အလကားကောင် ချိုချို ၊ သတ္တိ ရယ်လို့ တစ်စက် မှ မရှိတဲ့ အကောင် ”

ကိုကို က မျက်စောင်း ထိုး၍ ဤကဲ့သို့ ရေရွတ်လိုက်သော အခါ ဇက်ကျိုး သလို ခေါင်းငိုက် နေသော ကိုစိုးအောင် ၏ မျက်နှာမှာ လည်း ပြန် မော် လာရ၏ ။

“ ဒါဟာ သတ္တိပိုင်း နဲ့ မဆိုင်ပါဘူးဗျ ။ ကျွန်တော် က ခင်ဗျား လို အရက်သမား မှ မဟုတ်ဘဲ ”

"မဟုတ်ရင် ဘာဖြစ်လို့ ပြိုင်သေးသလဲ ။ ပြိုင် ရဲရင် ကုန်အောင် သောက်ရဲတဲ့သတ္တိမျိုး ရှိရမှာပေါ့ကွ ”

“ သတ္တိ ရှိတာ မရှိတာ နဲ့ မဆိုင်ပါဘူး ။ မသောက်နိုင်လို့ ခင်ဗျား ကို အရှုံးပေးပြီးပြီ မဟုတ်လား ။ ခင်ဗျား အနိုင်ရရင် တော်ရောပေါ့ ”

ချိုချို က ကိုကို့ လက် တစ်ဖက် ကို ဆွဲထားရ၏ ။

“ တော်ကြပါတော့ကွယ် ၊ ချိုချို  တောင် ကြားထဲက စိတ်ညစ်လာပြီ ”

“ ဒီအကောင်ဟာ အလကား အကောင် ချိုချို ၊ အရင်တစ်ခါ ကလည်း ခြောက်လုံးပြူး တကိုင်ကိုင် နဲ့ ကိုကို့ ကို သ,တ်မယ်လို့ ကြိမ်းပြီးပြီ မဟုတ်လား ။ ပြီးတော့လည်း သတ္တိ တစ်ပြားဖိုး မှ ရှိတာ မဟုတ်ဘူး ”

“ ဪ .... တော်ပါတော့ ... ကွယ် ”

ချိုချို က လက် တစ်ဖက် ကို ဆောင့်ဆွဲကာ ကိုကို့ အား မြေပေါ်တွင် ထိုင်စေရ၏ ။ ထိုအခါ သူ ၏ သတ္တိကင်းမဲ့ခြင်း ကို ဖော်ပြခြင်း ခံလိုက်ရ၍ အရှက် ရနေပြီ ဖြစ်သော ကိုစိုးအောင် က မြေပေါ်မှ ပုလင်းလွတ် ကို ကုန်းကာ ကောက်ယူလိုက်၏ ။

“ ဘာလဲ မင်း က ပုလင်းလွတ် နဲ့ ငါ့ ကို ရိုက်မလို့လား ”

ကိုစိုးအောင် က ဘာမျှ မပြောဘဲ ထိုင် ရာ မှ ထ လာလေသည် ။ ချိုချို ကလည်း သူ့ လင် ဘေး တွင် ငုတ်တုတ် ထိုင်ရာမှ ကိုစိုးအောင် ၏ အမူအရာ ကို တွေဝေငေးမော နေမိ၏ ။

“ မင်း ရိုက်ရင် ငါ ခံရဲတဲ့ သတ္တိ ရှိပါတယ်ကွ ”

“ တကယ်လား ”

“ အို ... တကယ်ပေါ့ကွ ”

ကိုကို က သူ့ ခေါင်း ကို စင်းပေး၏ ။ တစ်ဖက် က အရူး ကလည်း တစ်ဟုန်ထိုး ရှေ့သို့ လှမ်းကာ ကိုကို ၏ နောက်စေ့ ပေါ်သို့ ပုလင်းလွတ် နှင့် အားကုန် ရိုက်ချလိုက်လေသည် ။

“ အမယ်လေးတော် ... သေပါပြီ ”

ချိုချို  ထိတ်လန့်တကြား အော်ရင်း မြေပေါ်သို့ ထိုးလဲကျ သွားရှာသော သူ့ ကိုကို အပေါ် မှ နေကာ ဖိထား၏ ။

“ ရှင် တော်တော် မိုက်ပါလား ကိုစိုးအောင် ” ဟူ၍လည်း ရှိုက်ရာမှ ခေါင်း မော်ကာ နိုင်လိုမင်းထက် ငုံ့ကြည့် နေသော ကိုစိုးအောင် ကို ရန်တွေ့ မိသည် ။ ဒါပေမဲ့ ကိုစိုးအောင် ကတော့ အရူး လို ရယ်ပြောနေ၏ ။

“ သူ သေရင် မင်းဟာ ကိုယ့် မယား ဖြစ်တော့မှာ ချိုချို ၊ ငိုမနေပါနဲ့တော့ ”

“ အမယ် ... ”

ချိုချို ၏ အသားများ တဆတ်ဆတ် တုန်နေ၏ ။

“ လူကို စမ်းရဲရင် စမ်းကြည့်စမ်းပါလား ။ ချို့ချို့ ကို ဘယ်လို အစားမျိုး အောက်မေ့လို့လဲ ”

မျှော်လင့်ထားသော အဖြစ်မျိုးတော့ မဟုတ် ။ လူသား တစ်ယောက် ၏ ဘဝ တစ်သက်ပတ်လုံး ဝယ် ဤသို့ အဖြစ်မျိုး ကို တွေ့ကြုံရင်ဆိုင်ရလိမ့်မည် ဟူ၍လည်း ဘယ်သူ က မှ တွေးတောခဲ့ဖူးကြမည် မဟုတ် ။

ချိုချို ၏ လင်မှာ မြေ ပေါ်တွင် မှောက်ထိုးလဲကာ သတိလစ် နေ၏ ။ သူ့ နောက်စေ့ မှ လည်း ရဲရဲနီသော သွေးတွေ မှာ ဒလဟော စီးထွက်နေ၏ ။ ဒါပေမဲ့ လင်သား အဖြစ် ကို ရှု မြင်ကာ ချိုချို သည် လွတ်လပ်စွာ ကြေကွဲခွင့် ကို မှ မရခဲ့ရှာပေ ။

အယောင်ဆောင် မိတ်ဆွေ တစ်ဦး ၏ ရန်စွယ်ငေါငေါ ကြောင့်လည်း ချိုချို သည် ဝမ်းနည်းကြေကွဲ ရာ က ဒေါသအမျက် ကြီးမားစွာ ထွက်နေရ၏ ။

ဒါပေမဲ့ အရက်ကြောင့် မိန်းမလို မိန်းမရ တစ်ဦး ၏ လက်ထဲ ဝယ် ချိုချို့လို အားနွဲ့ သူ မိန်းမသားလေး တစ်ယောက် သည် အဘယ်မျှ ရုန်းကန် နိုင်စွမ်းရှိလိမ့်မည် ဟု ထင်ပါ သလဲ ။

ယဉ်ကျေးမှု ခေါင်းပါး သော ရိုင်းစိုင်းသည့် လူသား တစ်ယောက် ၏ ရက်စက် ကြမ်းကြုတ် မှုကို ခံယူရခြင်း က မှ ထိုအဖြစ် ထက် သက်သာလိမ့်ဦးမည် ဟု မှတ်ထင်ရ၏ ။ ကေသရာဇာခြင်္သေ့မင်း ၏ ကိုက်ဖြတ်စားသောက်ခြင်း ကို ခံရရှာသော သားကောင်ငယ် ၏ ဘဝ ကမှ ထို အဖြစ် ထက် သက်သာလိမ့်ဦးမည်ဟု မှတ်ထင်ရ၏ ။ စဉ်းစားဉာဏ် ဟူ၍ ကွယ်ပျောက်နေပြီ ဖြစ်သော အရူးလို မူးနေသူ တစ်ဦး ၏ လက် ထဲ မှာတော့ ချိုချို သည် ထိုခဏ က နေခဲ့ရပေပြီ ။

သူ ကိုယ်တိုင် က သူ့ ဘဝ တစ်လျှောက်လုံးဝယ် ဘယ်တော့မှ ဖော်ပြမည် မဟုတ်သော သူ့ အဖြစ်၏ အသေးစိတ် အကြောင်းအရာတွေ ကို လည်း ဆက်လက် ဖော်ပြရန် မအပ်တော့ပေ ။

•••••   •••••   •••••

ဒါပေမဲ့ သူ့ ကိုကို ကိုတော့ ချိုချို က ဖွင့်ဟ ပြောဆိုကာ တိုင်တည်ခဲ့၏ ။ သူ ၏ စိတ်ဆန္ဒ တိမ်းညွတ်မှု မပါဝင်ပါဘဲ နှင့် နိုင်လိုမင်းထက် အဓမ္မ ကျင့်ကြံခြင်းခံခဲ့ရပုံများ ကို လည်း သူ့ ကိုကို တော့ ချိုချို က ရှိုက်၍ ရှိုက်၍ ပြောပြရှာ၏ ။

“ ဒါပေမဲ့ သူဟာ သိပ် မူး နေတော့လည်း ဘာတစ်ခု မှ အရာ မရောက်ပါဘူး ကိုကို ရယ် ”

ဒါကတော့ ချိုချို ၏ စကား ပဲ ဖြစ်၏ ။ သူ့ စကား ကို မှန်သည် ၊ မှားသည် ဟူ၍လ ည်း ဤ ကမ္ဘာမြေပေါ်ဝယ် ချိုချို တစ်ယောက် မှ လွဲလျှင် မည်သူမျှ သိနိုင်ကြလိမ့်မည် မဟုတ် ။

ဒါပေမဲ့ ကိုကို ကတော့ သူ့ ဇနီး အလှကလေး ၏ အပြစ် မဟုတ်သော အဖြစ် တစ်ရပ် ကို ခေါင်းအေးအေး ထား၍ စဉ်းစားရင်းသာ လျစ်လျူရှု ရှာ၏ ။

“ ချိုချို့ ကို ကိုယ် ချစ်တယ် ချိုချို ” ဟု လည်း ထပ်ခါ ပြန်၍ ပြောပြလေသည် ။

“ ချိုချို ဟာ အရင်က ဆိုရင် ဘာကိုမှ လွယ်လွယ်နဲ့ မယုံတတ်ဘူး မဟုတ်လား ။ နောက်ကို ကိုယ် နဲ့ ပတ်သက်လို့ ချိုချို ဟာ ယုံစရာတွေ အမြောက်အမြား တွေ့ ရလိမ့်ဦးမယ်လို့ ကိုယ် ပြောခဲ့တာတွေ ကိုတော့ မှတ်မိသေး ရဲ့လား ၊ ခုတော့ ထပ်ပြီးတော့သာ ယုံတော့ ချိုချို ။ ကိုယ် ဟာ ချိုချို ကို ဘယ်အထိ ချစ်တယ် ဆိုတာ ပြောမပြတတ်ပေမဲ့ ချိုချို့ မှာ အပြစ်တွေ တကယ် ရှိရင်တောင် မှ ကိုယ် ဟာ ခွင့်လွှတ်ပြီး ချစ်မှာပါပဲ ဆိုတဲ့ အကြောင်းကိုတော့ ပြောရဲပါတယ် ။ ခု ကိစ္စ မှာ ကတော့ အရင်းခံ တရားခံ ဟာ ကိုယ် ပါပဲ ချိုချို ။ ကိုယ်ကလည်း မကောင်းမှန်း သိလျက်သား နဲ့ ဒီ အရက် ကို တပ်မက်ခဲ့ပေသကိုး ”

မကောင်းဆိုးဝါး ကိုမှ ရွေး၍ ကိုးကွယ် ဆည်းကပ်ခဲ့သော တိတ္ထိ တစ်ဦး အဖို့ အပါယ် သို့ ကျကာမှ ဘုရား ကို တ,တတ်ခြင်း မဟုတ်ပါလား ။ ဘယ်လိုပင် အရက် ကို စည်းကမ်း နည်းလမ်း နှင့် သောက်ပါသည် ဟု ဆိုတတ်သော်လည်း လောင်းတမ်း ကစားခြင်း လို အရှုံး အနိုင် ကို စိုးပိုင်နိုင်ခြင်း မရှိသည့် သေရည် သေရက် အား ဘယ်သို့သော ပုထုဇဉ် လူသား တို့ သည် ဘယ်စဉ် က နိုင်နင်းအောင် ချုပ်ကိုင်နိုင်စွမ်း ရှိခဲ့ပါသနည်း ။

ခုလည်း တစ်ခါ တန်ခူးလ သို့ ရောက်ပေဦးတော့မည် ။ လူတွေ က လည်း ချိုချို တို့ ခါသင်္ကြန် ရေသဘင်ပွဲ ကို ပျော်ရွှင်စွာ ဆင်နွှဲကြပေဦးတော့မည် ။

ဒါပေမဲ့ ကိုကို နှင့် ချိုချို ကတော့ ခါသင်္ကြန် ရေသဘင်ပွဲများ တွင် ဘုန်းကြီးကျောင်း များ သို့ ညအိပ် နေ့နေ သွားရောက်ကာ ဥပုသ်သီတင်း ဆောက်တည် တတ်ကြ၏ ။ သည်နှစ် မှာ လည်း သူတို့ သည် ကျိုက္ကဆံ ရွှေကျင်တိုက်သစ် တွင် သွားရောက်၍ ဥပုသ်သီတင်း ဆောက်တည်ရန် စီစဉ်ထားပြီး ဖြစ်ပေသည် ။

မည်သို့ပင် ဆိုစေကာမူ ခါသင်္ကြန် ရေသဘင်ပွဲ မှာတော့ လူတွေ က ပျော်ကြဦးမှပဲ ဖြစ်၏ ။ တစ်နှစ် မှ တစ်ခါ ဆုံရသောပွဲမို့ အတိုင်းအထွာ မရှိ မူးယစ်ကြဦးမှာပဲ ဖြစ်၏ ။ အဲဒီလို အရက်မူးသမားများ ကို တော့ ခုအခါ၌ အရက် မသောက်တော့ပြီ ဖြစ်သော ကိုကို က တရားဓမ္မလေးများ ညွှန်ကြားပြသလိုလေမလား မပြောတတ် ။

အမူးသမားများ နောက်ကွယ် က အော်ဟစ် ပျော်ပါးနေကြမည့် မိန်းမတွေ အတွက် လည်း ချိုချို သည် သူ့ ရင်ဘတ် ပေါ်တွင် လက် တင်ကာ ဘုရားတ နေလေမလား မပြောတတ် ။

▣  လင်းယုန်နီ
📖 သွေးသောက် မဂ္ဂဇင်း
      ဧပြီ ၊ ၁၉၅၄

No comments:

Post a Comment