❝ နိုင်ငံရေး ဝတ္ထု ❞
( မိုးကျော်ဇင် )
မျက်လုံးတွေ ဖန်စပ် နေ၏ ။ ည က အိပ်ချိန် သိပ် မရ လိုက် ။ စိတ်တိုင်းကျ ဖြစ်ပြီ ဟု ဇွတ်သတ်မှတ် လိုက်ရ သည့် စာ တစ်စောင် ကို လက်စသတ်လိုက် ချိန် တွင် နောက် တစ်နေ့ ဆိုသည့် နယ်နိမိတ်မျဉ်း ကို နာရီ အနည်း ငယ် ကျူးလွန် နေခဲ့ပြီ ။
နှစ်နာရီ ခန့် သာ အိပ် ထားရသော ဖန်စပ်စပ် မျက်လုံးတွေ ဖြင့် ပင် ဗီရို တစ်ခု လုံး မွှေနှောက် နေရ၏ ။ အရင် နေ့ တွေ လို လက်ဖက်ရည်ဆိုင် သွား ၊ ဈေး သွားသည့် အသွင်အပြင် အရောင်အဆင်း နှင့် တော့ မဖြစ်သေး ။ ကာလံ ၊ ဒေသံ တဲ့ ။ လူ မှာ အဝတ် ၊ တောင်း မှာ အကွပ် တဲ့ ။ အချိန်အခါ နေရာဒေသ ကို ကြည့်ပြီး ရွေးချယ် တတ်ရမည် ။ ဆင်တက် ပြင်တတ်ရမည် ။
ဗီရို ထဲ မှ ကော်လံကတုံးအဖြူ တစ်ထည် နှင့် ပိုးတွဲ လုံချည်ပြောင်ချော်ချော် တစ်ထည် ကို ဆွဲထုတ် လိုက် သည် ။ လုံးပါး ပါး နေသော ပရုပ်လုံး တစ်လုံး ပါ ပြုတ် ကျ လာ၏ ။ ‘ ဝါးတီးကုတ် ’ ဟု နာမည်ပြောင် ပေးထား သော တိုက်ပုံအင်္ကျီ ကို တော့ ဝတ်ရန် မလို ။ အခု အစီ အစဉ် က ဝါးတီး ဆွဲရမည့် အစီအစဉ် မဟုတ် ။ ကိုယ် ပြန် အန်ထုတ်ပစ်ရမည့် အစီအစဉ် ။ ဆယ်စု နှစ်ပေါင်း များစွာ လွယ်ပိုး မျိုသိပ် ထားရသော အစာမကြေမှု တွေ ကို ဆယ်စုနှစ်ပေါင်း များစွာ ငုံ့လျှိုး ထားခဲ့ရသည့် ဦးခေါင်း ကို မော့ လျက် ပြန် အန်ထုတ် ပစ်ရမည်လေ ။
တကယ်တော့ ဒီ နေ့ သည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရမည့် နေ့ ။ မဟာ နေ့ထူးနေ့မြတ်ကြီး ။ မနေ့ က ပါတီအလံ ထူထားသည့် လိုက်ထရပ်ကား တစ်စီး မြို့ထဲ လှည့် ကြော်ငြာတော့ အတော် အံ့သြ သွားခဲ့သည် ။ တစ်ဦး တစ်ယောက် တည်း မဟုတ် ။ တစ်မြို့လုံး အံ့သြသွားခဲ့ ကြခြင်း ဖြစ်သည် ။ တစ်လျှောက်လုံး နိုင်ငံရေး ၊ ပါတီ ၊ ဒီမိုကရေစီ စသည့် စကားလုံးတွေ ကို နှုတ်ဟ ရဲကြသူ တွေ မဟုတ် ။ နှုတ်ဟ ခွင့် ရခဲ့ကြသူတွေ လည်း မဟုတ် ။ လွှတ်တော် ကိုယ်စားလှယ်ကြီး လာမည် ၊ ဘောလုံးကွင်း ထဲ မှ တဲမဏ္ဍပ် မှာ လာရောက် တွေ့ဆုံ ၍ ကိုယ် ဆန္ဒ ရှိရာ ကို လွတ်လပ်စွာ ထုတ်ဖော် တင်ပြ နိုင်ကြောင်း ကြေညာ သံ က တစ်မြို့လုံး ကို ဆွဲ ဖွ ပစ်လိုက်လေသည် ။
••••• ••••• •••••
အခု သူ့ အသက် ပင် ငါးဆယ့် တစ် ။ တိုက်ဆိုင်ခဲ လှပါသည် ဆိုသော ချဲထီ လည်း လေးကြိမ် တိုးတိုက်ခဲ့ ဖူးပြီ ။ နှစ်လုံး ထီ ဆိုလျှင် မရေတွက် နိုင်တော့ ။ ခုလို နိုင်ငံ ထိပ်သီး ပုဂ္ဂိုလ် လည်း ဖြစ် ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ဖြစ်သော လူ တစ်ဦး ရှေ့ ‘ ဆန္ဒရှိရာ ပြောဆိုခွင့် ’ ကို တော့ ဒီ အသက် အရွယ် အထိ ဒီ တစ်ကြိမ် သာ တိုးတိုက်ခွင့် ကြုံ ရခြင်း ဖြစ်သည် ။ ဒီလို အခွင့်အရေး က လည်း ဒုလ္လဘ တစ်မျိုး ပင် ။ လွှတ်တော်ကိုယ်စားလှယ် ဆိုသည် မှာ ရွေးကောက်ပွဲ မတိုင် မီ သာ တွေ့မြင်ရတတ်ကြောင်း ၊ မဲနိုင် သွားပြီး လျှင် ပြန် တွေ့ရန် မလွယ်တော့ကြောင်း ကာတွန်း တွေ ဖြင့် ကလိ ကြသည် ကို သူ သိသည် ။ ကိုယ့် လွှတ်တော် ကိုယ်စားလှယ် အမည် ကို ပင် မသိသူတွေ ဒု နှင့် ဒေး ။
ကော်လံကတုံး နှင့် ပိုးတွဲလုံချည် ခပ်ပြောင်ပြောင် ကို ဝတ် လိုက်ပြီး ဗီရိုမှန် မှုန်ဝါးဝါး မှာ သေချာ ပြန် ကြည့်ရ သေးသည် ။ ခပ်အိုင့်အိုင့် အိကျ နေသော ဗိုက်အိုး ကို အတတ်နိုင်ဆုံး ဖုံးဖိရန် ပုဆိုး ကို ခပ်တင်းတင်း စည်း ရသည် ။ အင်္ကျီအိတ်ကပ် ထဲ ခြင်္သေ့စိမ်း သုံးကောင် ထည့်သည် ။ တစ်ည လုံး ရေး ထားသည့် စာရွက်ခေါက် နှင့် စာကြည့် မျက်မှန် ကို တသေတချာ ထည့် ။ ဘော့လ်ပင် တစ်ချောင်း ကို ပါ မမေ့မလျော့ ထိုး စိုက် ရသေး၏ ။ နောက်ဆုံး အနေ ဖြင့် ဟမ်းဖုန်း ကို ပုဆိုးခါးကြား ထိုး ထည့် ပြီးသော အခါ ဘောလုံးကွင်း ထဲ မှ တဲမဏ္ဍပ်ကြီး ဆီ ချီတက်ရန် အသင့် အနေအထား ။
အိမ်အောက် ဆင်းရန် လုပ် ပြီး မှ မျက်မှန် နှင့် စာရွက်ခေါက် ကို ပြန် ထုတ်သည် ။ ပြတင်းပေါက် အလင်းရောင် မှာ သွား ရပ်၍ အစအဆုံး တစ်ခေါက် ပြန်ဖတ် ကြည့်ရ၏ ။ ဒါက နောက်ဆုံး တည်းဖြတ်ခြင်း သဘော ။
“ လွှတ်တော် ကိုယ်စားလှယ်ကြီး ခင်ဗျား ... ကျွန်တော် က တော့ ပြည်တော်သာ ( ၅ ) လမ်း မှာ နေထိုင်တဲ့ စက်ဘီးပြင် ဆရာ ကိုအောင်ကြည် ဖြစ်ပါတယ် ။ အခု ကျွန်တော် တင်ပြမယ့် စကားတွေ ကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီး စိတ် အနှောင့်အယှက် ဖြစ်ခဲ့မယ်ဆို ရင် အနူးအညွှတ် တောင်းပန်လိုပါတယ် ခင်ဗျား ... ”
ဒီလို နိဒါန်းမျိုးက သူ့ အတွက် ပြဿနာ မရှိ ။ သိပ် ခေါင်းစား နေစရာ မလို ။ သူတို့ ငယ်ငယ် ကျောင်းသား ဘဝ က ရည်းစားစာ ရေးကြပြီ ဆိုလျှင် ဒီလို နိဒါန်းမျိုး ဖြင့် သာ စ ဖွင့်ခဲ့ကြသည် ချည်း ဖြစ်၏ ။ နောက်ပိုင်း မှာ တော့ သတိ နည်းနည်း ထား လာရသည် ။
“ ဒါပေမဲ့ လူတစ်စု ကောင်းကျိုး အတွက် မဟုတ် ဘဲ ၊ လူထု ကောင်းကျိုး အတွက် တင်ပြရတာမို့ မျက်စိ ကြီး နား ကြီး လွှတ်တော် ကိုယ်စားလှယ်ကြီး အနေ နဲ့ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတဲ့ စကား အတိုင်း ခွင့်လွှတ် နားလည် နိုင်မယ် ဆိုတာ ကျွန်တော် ယုံကြည်ပြီးသားပါ ခင်ဗျား ... ”
ဒီ တစ်ပိုဒ် ကို တော့ ရေးလိုက် ဖျက်လိုက် လုပ် နေစဉ် က ပင် သူ အကြိုက်ဆုံး ။ စင်အောက် က လက်ခုပ်သံတွေ အုံးအုံးထ သွားမည် ကို ကြိုတင် ကြားယောင် လိုက်သေး ။ စာကြည့်တိုက် ရောက် လာ သမျှ သတင်းစာ နှင့် ဂျာနယ် တွေ ကို ပြာချ သောက်ထားသူ မို့ လူတစ်စုတွေ ၊ လူထုတွေ ကို နားရည်ဝ နေပြီ ။ စက်ဘီးပြင်ဆရာ ဆိုသော်လည်း နိုင်ငံရေး ဗဟုသုတ ခွန်အား ကောင်းကြောင်း ကြွက်သား ညှစ်ပြ လိုက်ခြင်း လည်း ဖြစ်သည် ။ “ အခွင့်အရေး ‘ ဟ ’ ပေး လိုက်တာနဲ့ ငါ လို လူ ကို ရာရာစစ ” ဟု နှုတ်ခမ်းမွေး ကော့တက် သွားစေမည့် လွှတ်တော် ကိုယ်စားလှယ်ကြီး ကို ကြိုတင် ချည်တုပ် လိုက်ခြင်း လည်း ဖြစ်သည် ။
နောက်ပိုင်း စာပိုဒ်တွေ ကို တော့ သူ့ အန်ဖတ်ပုံများ ဟု သာ အမည် ပေး ရပေမည် ။ မြို့ထဲ ၊ ဈေးထဲ ၊ ရပ်ကွက် ထဲ စသည့် သူ နှင့် နေ့စဉ် ထိတွေ့ နေရသည့် ပတ်ဝန်းကျင် ၏ ဖရိုဖရဲ ဖြစ်မှုတွေ ကို အတုံးလိုက် အတစ်လိုက် ချ ရေး ထားသည် ။ မြို့ထဲ လမ်းတွေ ပျက်စီး နေသည် က
အစ ၊ ဈေး ထဲ စက်ဘီးတွေ ဆိုင်ကယ်တွေ ဝင် ကြသည့် အကြောင်း လည်း ချန် မထား ။ နောက်တွဲယာဉ် နှစ်ဆယ့်နှစ်ဘီး ကားကြီးတွေ ကြောင့် မြို့ထဲ လမ်းပိ တ်ဆို့မှု ဖြစ် ခြင်းတွေက အစ ၊ ရေမြောင်း ကိစ္စတွေ ၊ လောင်းကစားပွဲ ပြဿနာ တွေ လည်း မကျန်ရစ် စေရ ။ ဘောင် ဝင်သည် ၊ မဝင်သည် ၊ လွှတ်တော်ကိုယ်စားလှယ် အနေနှင့် သက်ဆိုင်သည် ၊ မဆိုင်သည်ကို တော့ မသိ ။ သူ့ စိတ်ထဲ သဘာဝ မကျ ၊ တရား မျှတမှု မရှိ ဟု ထင်မြင် သမျှ အန် ထုတ်သွန်ချရန် ချရေး ထားခြင်း ဖြစ်သည် ။
တကယ်ဆို သူ က လက်တန်း အလွတ် ပြောချင်သူ ။ လူဗိုလ်ပုံ အလယ် တွင် စာရွက် ငုံ့ကြည့်လိုက် ၊ ခေါင်းမော့ ပြန် ပြောလိုက် ပုံစံမျိုး ကို သူ ကိုယ်တိုင် လုံးဝ အထင်ကြီး မရ ။ သမ္မတ ပင် စာရွက် ကြည့် ၍ မိန့်ခွန်း ပြော နေသော ကြောင့် စက်ဘီးပြင်ဆရာ တစ်ယောက် စာရွက် ကြည့် ပြောခြင်း သည် သိက္ခာ မကျနိုင်ကြောင်း သူ့ ကိုယ် သူ ပြန် အားပေး ရသည် ။
“ လွှတ်တော်ကိုယ်စားလှယ်ကြီး ခင်ဗျား ... အခု ကျွန်တော်တို့ မြို့ မှာ ဆိုရင် ...”
“ ဟင် ... ကိုအောင်ကြည် တော် ဘာတွေ ဖတ် နေတာတုံး ”
လှေကား ထိ ပ်မှ အသံ ကြောင့် အကြည့် ကို စာရွက် ဆီ မှ ဆတ်ခနဲ ရုတ်သိမ်း လိုက်သည် ။ စာရွက် ကို မူလ ခေါက်ရာ အတိုင်း ပြန် ခေါက်လိုက်၏ ။ မိန်းမ က စူးစမ်း သော မျက်လုံးများဖြင့် လှေကား ထိပ် မှာ ရပ် နေဆဲ ။
“ ဟင် .... မေးနေတယ် လေ ... ဘာ စာတုံးလို့ ”
“ ဟာ .. မင်း အလုပ် မဟုတ်ပါဘူးကွာ ၊ အသာ နေစမ်းပါ ”
“ ဘာ ကျုပ် အလုပ် မဟုတ်ရတာတုန်း ၊ ဟင် ... ကြည့်စမ်း ဒီ အဝတ်အစားတွေ နဲ့ တော် က ဘယ် သွားမို့တုံး ”
မိန်းမ က မေးရင်း မြန်းရင်း ပြတင်းပေါက် မှာ ရပ်နေ သော သူ့ ဆီ တိုးကပ် လာ၏ ။ ဒီ မေးခွန်း ကို ရှောင်တိမ်း မရမှန်း တော့ နားလည် လိုက်သည် ။ အဖြစ်မှန် ကို လေပြည် ထိုး၍ ဖြောင့်ချက် ပေးရတော့၏ ။ မနေ့ က မြို့ ထဲ အနှံ့ လိုက် ကြော်ငြာသော ပါတီ အလံစိုက် ကား တစ်စီး အကြောင်း မှ အစ ၊ ဘောလုံးကွင်း ထဲ ဆောက် ထားသည့် ယာယီတဲ မဏ္ဍပ်ကြီး အလယ် ၊ မြို့ ထဲ က ဆင်တော် နှင့် ခလောက် ကိစ္စတွေ အဆုံး ၊ နိုင်ငံရေး အသိအမြင်တွေ အထိ ။
“ နေစမ်းပါဦး ၊ တော် နဲ့ နိုင်ငံရေး ဘာ ဆိုင်လို့တုံး ”
“ ဟ ... မင်းတို့ ခက်နေတာ ဒါမျိုးတွေပေါ့ကွ ၊ ဘာ ပါတီ ညာပါတီတွေ ဝင်ထားမှ ၊ ဟို အရေးအခင်း ဒီ အရေးတော်ပုံတွေ ဝင် လှုပ်ရှားဖူး မှ နိုင်ငံရေး လုပ်ရမယ် ထင် နေတာလား ၊ ဒီမှာ ... လူ ဆိုတာ နိုင်ငံရေးသတ္တဝါ ဆို တဲ့ စကား မင်း မကြားဖူးဘူးလား ၊ ကိုယ့် နိုင်ငံအရေး ကိစ္စ ဆိုတာ နိုင်ငံသားတိုင်း ရဲ့ တာဝန် ကွ ... နားလည်ရဲ့ ... ”
သတင်းစာ ဂျာနယ်တွေ ထဲမှ ရေပန်း အစားဆုံး စကားလုံးကြီးကြီးတွေ ကို ရွေး ထုတ်ပြီး မီးဖိုချောင် ထဲ သွေးဆုံး သွားခဲ့သူ မိန်းမ ကို ဖိထု ပစ် လိုက်၏ ။ မိန်းမ က လည်း ပါးစပ် သေနတ် ထဲ စကားလုံး စူးစူးတွေ အပြည့် ထည့် ပြီး အတွဲလိုက် ပြန် ပစ်၏ ။ သူ က လည်း ‘ ငါ .. ယောက်ျား ’ ဆိုသည့် ကျည်ကာဝတ်စုံ ကို ကိုယ်လုံးပြည့် ဝတ် ပြီး အိမ် ပေါ် မှ ခပ်သုတ်သုတ် ဆင်းခဲ့သည် ။ မိန်းမ ပြင်ဆင် ပေးသည့် မနက်စာ ပဲပြုတ်ထမင်းကြော် ကို အပြတ် ငြင်းလိုက်သည် ။ အိမ် ထဲ ငါးမိနစ် ပို နေမိလျှင် ငါးမိနစ် စာ ထပ် တားဆီး နေလိမ့်မည် ။ မည်သည့် လက်ဖက်ရည်ဆိုင် မှာ မဆို မနက်စာ ကိစ္စ ဖြေရှင်းရန် အလွယ်ကူဆုံး ။
အိမ် အောက် ရောက်ရောက်ချင်း တရုတ်ဆိုင်ကယ်လေး ကို ပုဆိုးဟောင်း နှင့် ကမန်းကတန်း ရိုက်ခါ လိုက် သည် ။ စက်နှိုး ပြီးသည် နှင့် ဖွင့် ထားသော ခြံဝင်းတံခါး ပေါက် နှင့် ကပ်လျက် သူ့ စက်ဘီးပြင်ဆိုင်လေး ကို တော့ တစ်ချက် ငဲ့ ကြည့်လိုက်သေး၏ ။ စက်ဘီးပြင်ဆိုင် ဆိုသော်လည်း သူ့ ဆိုင်လေး က ဖြစ်ကတတ်ဆန်း မဟုတ် ။ ထရံကာ ၊ သွပ်မိုး နှင့် ဝါးထရံကဲလား ကို ဆိုင်မျက်နှာစာ တံခါး အဖြစ် အသုံးပြု ထားသည် ။ ဆိုင်ရှေ့ လမ်း ပခုံးသား ၌ ‘ တီ ’ သဏ္ဌာန် စက်ဘီး တင် ဒေါက်တိုင်လေး စိုက်လျက် ။ ထို ဒေါက်တိုင်လေး မှာ သူ ကိုယ်တိုင် ထုံး တို့ ရေး ထားသည့် “ အရဟံ ” နှင့် “ လေထိုး ၅ဝိ/ ” စာလုံး လေးတွေ က ခပ်ရေးရေး ထင်ဆဲ ။
ဆိုင်ကယ်တွေ သူ့ ထက် ငါ လမ်းပေါ်ပြေးတက် လာသည့် ယနေ့ အချိန်အခါ တွင် သူ့ ဆိုင်ဝင်ငွေ ပေါ် ရိုက် ခတ် သွားသေးသည် ။ မည်သို့ပင် ဖြစ်စေကာ မူ မြို့ထဲ လမ်း တွေ ပေါ် စက်ဘီးလေးတွေ ပြေး နေသရွေ့ သူ့ အိမ်ရှေ့ ၊ သူ့ ဆိုင်မျက်နှာစာ ရှေ့ မှ ဒေါက်တိုင်လေး မတ်မတ် ဆက် ရပ် နေဦးမည် ။ သေချာသည် ၊ ဒီနေ့ သူ့ ဆိုင် ဖွင့်ချိန် နောက် ကျ ပေလိမ့်မည် ။
နံပါတ်နှစ် ဂီယာ ထိုးပြီး လမ်း ပေါ် တက်ရန် ပြင် လိုက် စဉ် မှာ ပင် သူ့ ဆိုင်ရှေ့ စက်ဘီး တစ်စီး ထိုး ဆင်း လာ၏ ။ ကျောင်းသား တစ်ယောက် က တွန်း လာခြင်း ပင် ။ သူ့ မျက်နှာ တစ်ခုလုံး လုံးချေ လိုက်သော စက္ကူ တစ်ရွက် လို မွမွ ကြေ အောင် တွန့်ခေါက် သွား၏ ။ ကောင်လေး က လည်း ပိတ် ထားသော ဆိုင် ကို ကြည့် လိုက် ၊ သူ့ ကို လှမ်း ကြည့် လိုက် ... ။
“ ဦးလေးကြည် ... ဆိုင် မဖွင့်သေးဘူးလား ၊ သား ဘီး ဖာ ချင်လို့ ”
“ ဟာ .. တခြားဆိုင် သွားပါကွာ .... ငါ အခု သွား စရာ ရှိလို့ ၊ ဆိုင်ဖွင့် နောက်ကျမယ် ကွ ”
“ လုပ်ပါ ၊ ဦးလေးကြည် ရာ ... သား က ကျူရှင်ချိန် နီး နေလို့ပါ ၊ ပြီးရင် လည်း ကျောင်းဆက် သွားရမှာ ဆို တော့ အချိန် မမီတော့ဘူးလေ ”
သူ ဆိုင်ကယ် ပေါ် မှ မဆင်းသေး ဘဲ ကောင်လေး စက်ဘီး ကို လှမ်း အကဲခတ် ကြည့်သည် ။ နောက် ဘီး က လုံးဝ ပြားချပ် နေပြီ ။ သူ ဖာ ပေးခဲ့သော အဖာရာတွေ ပင် ထို နောက်ဘီး ကျွတ် မှာ ပြည့်နှက် နေလောက်ပြီ ။ တခြား သူတွေ ဆိုင်ကယ် တဝေါဝေါ ဖြစ်နေကြသော ခေတ် မှာ ပန်းနာရောဂါသည် စက်ဘီးလေး ကို အားနာ မိ သော် လည်း ဒီနေ့ အတွက် သူ အသည်းမာ ရမည် ။
“ မင်း နောက်ဘီးကျွတ် က အသစ် လဲရတော့မှာ ကွ ၊ ကျွတ်အသစ် ဝယ်ပြီးမှ ပြန် လာခဲ့ကွာ ”
ဘီး ဖာခ နှစ်ရာကျပ် နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး ရှေ့ အာပေါင်အာရင်း သန်သန် ထုတ်ဖော် ပြောဆို ခွင့် ကို မလဲနိုင် ။ ပြောပြောဆိုဆို လီဗာ ဆွဲ တင်လိုက်ပြီး ဆိုင်ကယ် ကို လမ်း ပေါ် ထိုး တင် လိုက်၏ ။
“ ကိုအောင်ကြည် ”
ခြံဝ မှ ခါးထောက် ခေါ် လိုက်သော မိန်းမ အသံ မာ ဆတ်ဆတ် ကြောင့် ဘရိတ် ဆွဲ နင်းလိုက်ရသည် ။ လည် ပြန် လှည့် အကြည့် တွင် မိန်းမ မျက်နှာ ၏ ထူးခြားမှုကို ထင်ထင်ရှားရှား မြင်လိုက်ရ၏ ။ တင်းမာသည် လည်း မဟုတ် ။ တစ်စုံတစ်ခု ကြောင့် လေးနက် နေသည်ကတော့ သေချာသည် ။
“ ဟာ ဟိုမှာ အခမ်းအနား စတော့ မှာ ကွာ .. အချိန် သိပ်မရတော့ဘူး ”
“ လူ ဆို တာ စားဝတ်နေရေး သတ္တဝါ ဆိုတဲ့ စကား ကို ရော တော် မကြားဖူးဘူးလား ”
သူ့ မျက်ခုံးတွေ အလိုလို မြင့်တက် သွားသည် ။
“ အိမ် ရဲ့ လူမှုရေး ၊ စီးပွားရေး အလုပ် ကိစ္စတိုင်း ဟာ အိမ်သား အားလုံး ရဲ့ တာဝန် ဆိုတာ ရော တော် မကြာဖူးဘူးလား ”
ဟလျက် သား သူ့ ပါးစပ် ဟောင်းလောင်း ကို ပြန် ပိတ်ရန် သတိ မရ ။
“ တော့် လို အိမ်ထောင်ဦးစီး တစ်ယောက် မှာ ပို တာဝန် ရှိတယ် ဆိုတာရော တော် နေ့တိုင်း ဖတ်ဖတ် နေတဲ့ သတင်းစာတွေ ဂျာနယ်တွေ ထဲ မှာ ရေး မထားကြဘူး လား ၊ ဒါလည်း နိုင်ငံရေး တစ်မျိုး ပါ ပဲ ကိုအောင်ကြည် ရဲ့ ... ”
သူ ဆိုင်ကယ် ကို အိမ် ထဲ ပြန် မောင်းသွင်း လိုက် သည် ။ ဆိုင်တံခါး ကို ဖွင့်သည် ။ အင်္ကျီ ချွတ် ၊ နံရံ မှာ ချိတ် ၍ ဆိုင်ရှေ့ ဝင်ပေါက် ကဲလား ကို မ,တင် ပြီး ဒေါက် ထောက် လိုက်၏ ။ လေထိုးတံ ကို တီ ပုံသဏ္ဌာန် စက်ဘီး တင် ဒေါက် မှာ သွား တင်သည် ။ ဘတ္ထရီအိုးခွံ ထဲ မှ ရေဟောင်း ကို သွန် ၊ ရေ အသစ် လဲ ၊ လက်နက်ကိရိယာ သေတ္တာပက်လက်လေး ဘေး ဖင်ထိုင် ချ ... ။
“ ကောင်လေး လာ ... မင်း စက်ဘီး ... ”
စက်ဘီး ကို မြေပြင် ပေါ် တုံးလုံး လှဲ ချလိုက်သည် ။ လေ လျှော့ ၊ ဘောကျွတ်တိုင် ထုတ် ပြီး စက်ဘီးဒေါက် အတိုလေး နှင့် တာရာ ကို စ ခွာသည် ။ အဖာ ဗရပွ နှင့် ကျွတ် ကို ဆွဲထုတ် ။ သူ လုပ်နေပုံတွေ က စက်ရုပ် တစ်ရုပ် လှုပ်ရှား နေပုံ နှင့်တူသည် ။ အစွယ်ချိုး ခံ လိုက်ရသော မြွေတစ်ကောင် နှင့် လည်း တူ၏ ။
ကျွတ်ပေါက် နေရာ ကို ကော်ပတ်စား နေတုန်း ၊ ပုဆိုး ခါးကြား မှ ဖုန်းသံ မြည်လာသည် ။
“ အောင်ကြည် လား ... ”
“ အေး ... ဟုတ်တယ် ပြော ... ပေါက်ကြီး ”
“ ဘာ ပြောလဲ ဟ ... ဒီမှာ အခမ်းအနား စနေပြီ ... မင်း တက် ပြောမလို့ ဆို ... အခု ဘာလုပ် နေတာတုံး ... ”
အခမ်းအနား ကြေညာသံ ၊ လက်ခုပ်တီးသံ တွေ ကို ဖုန်း ထဲ မှ ကြား နေရ၏ ။
“ ငါ လား ... မအားသေးဘူး ကွ ... နိုင်ငံရေး လုပ်နေတာ ”
ပြော ပြီးပြီး ချင်း ဖုန်း ချ လိုက်သည် ။ ကော်ပတ်စား လက်စ ကျွတ်ပေါက် နေရာ ကို ကော်ပတ်ခေါက် နှင့် နာ နာ ဖိတွန်း နေလိုက်၏ ။ လှုံ့ဆော်မှု တစ်ခုကြောင့် ဖတ်ခနဲ မော့ကြည့်လိုက် တော့ ကောင်လေး ၏ အူကြောင်ကြောင် အကြည့် တို့ နှင့် ဒိုင်းခနဲ ဆောင့် မိသည် ။
သူ ဘာ မှား သွားလို့လဲ ... ။
◾ မိုးကျော်ဇင်
📖 ကလျာ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၅
.
No comments:
Post a Comment