Sunday, April 6, 2025

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ကြွက်ဖိုးထွန်း )


 

◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို

❝ ကြွက်ဖိုးထွန်း ❞

စာရေးဆရာတွေ စာ ရေးကြသည် ဟူသော ပြဿနာ ကို စူးစမ်းစေ့ငု ကြရာတွင် လူ့လောက ၏ မှားယွင်းချွတ်ချော်မှု ကို ပြုပြင်လို၍ ဟူသော အချက် မှာ လည်း အပါအဝင် ဖြစ်သည် ဟု ဆိုကြပါသည် ။ ထိုကဲ့သို့ လူ့လောက ၏ ချွတ်ချော်တိမ်းပါးမှု ကို ထောက်ပြရာ၌ ပင် စာရေးသူ ၏ ဉာဉ် ကို လိုက်၍ ဟာသစရိုက် ရှိသူ ဖြစ်လျှင် သရော်စာ ဖြစ်လာ တတ်ပါသည် ။ ဒေါသစရိုက် ရှိသူ ဖြစ်လျှင် ပြစ်တင်ဝေဖန်စာ ဖြစ်လာတတ်ပါသည် ။ အသင့်အတင့် နှလုံး သွင်းတတ်သူ ၊ အားနာတတ်သူ ဖြစ်လျှင် အလွမ်းစာ ဘက်သို့ ညွတ်ပျောင်း သွားတတ်ပါသည် ။ ထိုသို့ စရိုက်ချင်း မည်မျှပင် ကွာခြား နေစေကာမူ သူတို့ တွင် တူညီသော အချက် တစ်ခု ရှိပါ သည် ။ သူတို့ သည် မေတ္တာစိတ် နှင့် ရေးနေကြခြင်း ဖြစ်ပါသည် ။

မောင်မှိုင်းလွင် ၏ “ ကြွက်ဖိုးထွန်း ” ဝတ္ထု ၏ ပဓာန အာဘော် ကို စူးစမ်း ကြည့်လျှင် အချို့ “ သက်ဆိုင်ရာ ဌာနများ ၏ တာဝန်မဲ့မှုကြောင့် နိုင်ငံပိုင် ပစ္စည်းများ လေလွင့်ပျက် စီးရသည် ။ လူတို့ စာရိတ္တ ပျက်စီးရန် ဖန်တီးပေးနေ သကဲ့သို့ ရှိသည် ” ဟူသော အချက်မှာ ထင်ရှား ပေါ်လွင်နေပါသည် ။

ဤ အာဘော် ကို ရေးဖွဲ့ရခြင်း အကြောင်းခံ သူ ၏ စေတနာကို ဆန်းစစ်ကြည့်လျှင်ကား နိုင်ငံပိုင်ပစ္စည်းများ လေလွင့်မှု ပပျောက်စေလိုသော စေတနာ ပင် ဖြစ်သည် ဟု ဆိုသင့်ပါသည် ။

ဇာတ်လမ်း မှာ မဆန်းပါ ။

အကြောင်းအရာ မှာ ပို၍ပင် မဆန်းပါ ။ ဇာတ်လမ်း က အိုးခြေအိမ်ခြေ မဲ့ ၊ အလုပ်အကိုင် မဲ့ ကြွက်ဖိုးထွန်း ဆိုသော ကောင်လေး တစ်ယောက် ရှိသည် ။ ဌာန တစ်ခု စက်ရုံဝင်းကြီး ဘေးတွင် အမိုးမဲ့ အကာမဲ့ ပုံထားသော တောင်ပုံရာပုံ တိုင်ကီပုံကြီး တစ်ခု ရှိသည် ။ ထို့အတူ တိုင်ကီများ ကို ဖြတ်တောက်၍ မီးဖိုသံပုံး စသည်တို့ လုပ်ကိုင် ရောင်းချနေသော ဦးစိန်ဘ ဆိုသည့် လူကြီး တစ်ယောက် ရှိသည် ။ အဓိက ဇာတ်ဆောင်များ မှာ ကြွက်ဖိုးထွန်း ၊ တိုင်ကီပုံကြီး ၊ ဦးစိန်ဘ တို့ ဖြစ်သည် ။ ဦးစိန်ဘ က တိုင်ကီ ခိုးပြီး သူ့ ဆီ ရောင်းရန် ကြွက်ဖိုးထွန်း ကို တိုက်တွန်းသည် ။ ကြွက်ဖိုးထွန်း က ခိုးသည် ။ မိသွားသည် ။ ထို့ကြောင့် ပြည်သူပိုင်ပစ္စည်း ခိုးယူမှု နှင့် ထောင်ကျသည် ။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ကြုံ၍ မကြာမီ ထောင် က လွတ်လာသည် ။ ကြွက်ဖိုးထွန်း မှာ စားစရာ မရှိ ၊ ဦးစိန်ဘ က တိုင်ကီ ခိုးခိုင်းပြန်သည် ။ ကြွက်ဖိုးထွန်း က ပြည်သူပိုင် ပစ္စည်း ကို မခိုးချင် ။ သို့သော် တိုင်ကီပုံကြီး က သွေးဆောင် နေသည် ။ ထို့ကြောင့် ကြွက်ဖိုးထွန်း က တိုင်ကီပုံကြီး ကို ရွှေ့ကြပါတော့ ။ ကျုပ် ခိုးမိပါတော့မယ် ဟု ပြောဆို ရေရွတ်ပြီး
ငိုချလိုက်သည် ။ ဤသို့ ဝတ္ထု ကို အဆုံးသတ်သည် ။ ထို့ကြောင့် ဇာတ်လမ်း က မဆန်းပါ ဟု အထက် တွင် ဆိုခဲ့ခြင်းဖြစ်ပါသည် ။

အကြောင်းအရာ မှာ ပို၍ ပင် မဆန်းပါ ဟုလည်း ဆိုခဲ့ ပါသေးသည် ။ ဤသို့သော ပြည်သူပိုင်ပစ္စည်း အပုံကြီးများ ၊ ဤသို့ ခိုးယူနေကြသူများ မှာ ကျွန်တော်တို့ အဖို့ နေ့စဉ် တွေ့ကြုံနေကြရသော ကိစ္စမျိုး ဖြစ်နေပါသည် ။ ထို့ကြောင့် ပို၍ပင် မဆန်းသေးသော ကိစ္စ ဟု ကျွန်တော် ဆိုခဲ့ရခြင်း ဖြစ်ပါသည် ။

မောင်မှိုင်းလွင် ပဓာန တင်ပြချင်သော အချက် မှာ ပြည်သူပိုင် ပစ္စည်းများ လေလွင့်မှု တားဆီးရေး ပင် ဖြစ်ရာ နိုင်ငံတော် ၏ အကျိုးစီးပွား ကို ဦးတည်သည် ဟု ဆိုရပါမည် ။ ထို့ကြောင့် စာပေလုပ်သားကောင်း တစ်ဦး ၏ တာဝန် သိစိတ်ဖြင့် ဝေဖန်မှု ပြုလိုက်ခြင်း ဖြစ်သည် ဟု ဆိုသင့် ပါသည် ။

သို့သော် အာဘော် သည် အာဘော် မျှသာ ဖြစ်သည် ။ အတွေးအမြင် တစ်ခု မျှသာ ဖြစ်ပါသည် ။ ဝတ္ထု မဟုတ်ပါ ။ ထို အာဘော် ၊ ထို အတွေးအမြင် ကို နံရံကပ် စာတန်းကလေး ရေးလိုက် လျှင် ဆောင်ပုဒ် ကြွေးကြော်သံ ၊ နှိုးဆော်စာ မျှသာ ဖြစ်ပါလိမ့်မည် ။ ဝတ္ထုတို တစ်ပုဒ် ဖြစ်လာလိမ့်မည် မဟုတ်ပါ ။ ဝတ္ထုတို ပုံသဏ္ဌာန် ပေါ်အောင် ရေးဖွဲ့ခြင်း ပြုမှသာ ဝတ္ထုတို ဖြစ်ပါလိမ့်မည် ။ ကျွန်တော် ကတော့ ထို အာဘော် ကို ပေါ်လွင်အောင် ဝတ္ထုတို ဖွဲ့စည်းထားပုံ ကိုသာ အလေးပေး တင်ပြမည် ဖြစ်ပါသည် ။

မောင်မှိုင်းလွင် က ဝတ္ထု ကို အပြောခံ နာမ်စား ( Third Person ) ဖြင့် ရေး၍ “ ကန့်သတ်သိ ရှုထောင့် ” ( Limited omniseient point of view ) ကို သုံးထား သည် ။ အပြောခံ နာမ်စား ကို အသုံးပြု သော်လည်း ကြွက်ဖိုးထွန်း ၏ ရှုထောင့်သိကွက် ကို သာ ယူထားသဖြင့် ကန့်သတ်ရှုထောင့် ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ ( သို့သော် ဝတ္ထုတို ၏ အဖွင့်နိဒါန်း ကို မူ ပြောသူ နာမ်စား First person ကို ပင် ယူထားကြောင်း တွေ့မိကြပါလိမ့်မည် ။ )

ကျွန်တော် အထူး သတိပြုမိသော အချက် တစ်ချက် ကို တင်ပြ လိုပါသည် ။ သူ ၏ ဝတ္ထု ၊ သေချာသုံးသပ် ကြည့် လျှင် သရော်သော ဝတ္ထု ဟု တစ်ထစ်ချ ဆိုနိုင်ပါသည် ။ အပြော တစ်မျိုး အလုပ် တခြား ဖြစ်နေသော ဖြစ်ရပ် ကို တိတိလင်းလင်းကြီး ဖော်ပြ ထားပါသည် ။ သို့ပါလျက် သူ ၏ သရော်သံ ၊ ကျိတ်ပြီး ရယ်သံ မကြားရလေအောင် ဖုံးဖိသိုသိပ်ထားပါသည် ။ ထို့ကြောင့် လှောင်သံ ၊ သရော်သံဖြင့် တစ်ဖက်သား ကို နာသာခံခက် မပြုချင်သော စေတနာ ရှိနေသည် ဟု ဆိုသင့်ပါသည် ။ ဤသို့ ရယ်ချင်စိတ် ၊ လှောင်ချင်စိတ် ကို ချုပ်ထိန်းရန် မှာ လွယ်သည် မဟုတ် ပါ ။ စာ ရေးရာတွင်မူကား ရေးဟန် စကားအသုံးအနှုန်း ဥပမာ အခိုင်းအနှိုင်း စသည်တို့ ကို အလွန် သတိပြုရသည့် ကိစ္စမျိုး ဖြစ်ပါသည် ။ ထိုကိစ္စ တို့တွင် မောင်မှိုင်းလွင် ကြိုး စားပမ်းစား ထိန်းသိမ်းသွားသည် ကို တွေ့ နိုင်ပါသည် ။

ကျွန်တော်တို့ ဝတ္ထု ကို လေ့လာကြပါမည် ။

မောင်မှိုင်းလွင် သည် သူ့ ဝတ္ထု အာဘော် ကို သူ ၏ အဖွင့်နိဒါန်း ၌ပင် အတိအလင်း ပြောပြ လိုက်ပါသည် ။ ( ဤသို့ အာဘော် ကို ဖွင့်ချ ပြလိုက်ခြင်း ကို သတ္တိ ကောင်းမှု တစ်မျိုး ဟု ဆိုလိုလျှင် ဆိုနိုင်ပါလိမ့်မည် ။ သို့မဟုတ် သူ ၏ သရော်စာ အတွက် ခြေဆင်း ပျိုးလိုက်ခြင်း ဖြစ်သည် ဟု လည်း ဆိုချင် ဆိုနိုင်ပါသည် ။ )

••••• ••••• •••••

      ကျွန်တော် သည် တိုင်းပြည် ဘဏ္ဍာတော် ယိုဖိတ်မှု အား ကာကွယ် စောင့်ရှောက် သည့် စီမံကိန်း လမ်းညွှန်မှုများ ကို သော် လည်းကောင်း ၊ ပြည်သူပိုင် စက်ရုံ အလုပ်ရုံ တို့တွင် ပြုန်းတီးလေလွင့်မှု မရှိအောင် ကြိုးပမ်း အားထုတ်မှုများ ကို သော် လည်းကောင်း ၊ စွန့်ပစ်ရမည့် အလေအလွင့် တို့မှ လူသုံးကုန် ပစ္စည်းများ အဖြစ် လုပ်သားကြီး တို့၏ တီထွင်ကြံဆ ထုတ်လုပ်မှုများ ကို သော် လည်းကောင်း စသည် စသည် တို့ကို ဖတ်ရှု ကြားသိ ထိတွေ့ကြုံကြိုက် ရ တိုင်း စိတ်နှလုံး တွင် လွန်စွာ ကြည်နူး ချမ်းမြေ့ခဲ့ပါ၏ ။

••••• ••••• •••••

အထက်ပါ နိဒါန်း ကို ကြည့်လိုက်ပါလျှင် မောင်မှိုင်းလွင် ရေးမည့် အကြောင်းအရာ ၊ အာဘော်တို့ မှာ မည်သည့် အရာမျိုး ဖြစ်မည် ကို မှန်းဆလို့ ရနေပါပြီ ။ ထို့ကြောင့် စာဖတ်သူ ၏ စိတ် တွင် အတုံးလိုက် အတစ်လိုက် ဝါဒ ဖြန့်တတ်သော ၊ နှိုးဆော်သော ၊ ကြွေးကြော်သော ဝတ္ထုမျိုး များ ဖြစ်လေမည်လား ဟု စာဖတ်သူ က ထင်စား သွားနိုင် ပါသည် ။

သို့ပါလျက် ဤသို့ ဖွင့်လိုက်ခြင်း မှာ စွန့်စားမှု ဖြစ် ပါသည် ။ ထို့ကြောင့် သတ္တိ ကောင်းခြင်းလော ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ တစ်ခု ရှိသည်မှာ ဤသို့ အထင် မရောက်စေအောင် မောင်မှိုင်းလွင် ထိန်းထားလိုက်သော အချက် တစ်ခု ရှိပါသည် ။ ထိုအချက် ကား ဝတ္ထု အမည် “ ကြွက်ဖိုးထွန်း ” နိဒါန်း ဆက် ရေးပုံ ကို ကြည့်ပါဦး ။

••••• ••••• •••••

      သည် အထိအတွေ့များ နှင့် အတူ နှလုံးသား တွင် စွဲငြိဖူးသော ဟိုး ... လွန်ခဲ့သည့် အဖြစ်အပျက် အကြောင်းအရာလေး တစ်ခု အား ပြန်လည် အမှတ်ရ နေတတ်သည် ။

      သည်အကြောင်းအရာ အဖြစ် အပျက်ကလေး သည် လူအများ နှင့် ပတ်သက် ဆက်ဆိုင် နေသည် မှာ မှန်ပါ၏ ။ သို့သော် အဓိက ပါဝင် ပတ်သက် ထိတွေ့ ခဲ့ရသည့် လူ တစ်ယောက် ရှိခဲ့ပါ၏ ။ သည် လူတစ်ယောက် ၏ အကြောင်း ကို သာ ပြောလိုရင်း ဖြစ်သည် ။

     သူ့ နာမည် က ..

     ကြွက်ဖိုးထွန်း ။

••••• ••••• •••••

“ ကြွက်ဖိုးထွန်း ” ဟူသော အမည် သည် ဆန်းပြားသည် ။ အထူးသဖြင့် ယခုအခါ အလယ်တန်း စကားပြေ တွင် ဆင်ဖိုးထွန်း ဟူသော လူစွမ်းကောင်း အမည် ကို ယဉ်ပါး နေကြရာ ကြွက်ဖိုးထွန်း ဆိုသည် မှာ ဆွဲဆောင်မှု ရှိသော အမည် တစ်ခု ဖြစ်လာရသည် ။

စာရေးသူ က “ လူအများ နှင့် ပတ်သက်သော အကြောင်းအရာ ပင် ဖြစ်သော်လည်း လူ တစ်ယောက် အကြောင်း ကို သာ ပြောလိုပါသည် ” ဟု စကားပလ္လင် ခံခဲ့သည် ။ ဤ အချက်မှာ ဝတ္ထုတို တစ်ပုဒ် အတွက် ဆွဲဆောင်မှု ကောင်းသော အကွက် တစ်ခု ဖြစ်သည် ။ စာဖတ်သူတို့ သည် လူအများ ၏ ယေဘုယျ အကြောင်းတွေ ကို သိချင် ကြသည် မဟုတ် ။ လူ တစ်ယောက် အကြောင်း ကို ပီပီပြင်ပြင် သိချင်စမြဲ ဖြစ်သည် ။ ကြွက်ဖိုးထွန်း ကို သရုပ်ဖော် ထားပုံ လည်း ကြည့်ပါဦး ။

••••• ••••• •••••

       အမြဲတမ်း စုတ်ပြတ် ပေရေနေသော အဝတ် အစားတွေ နှင့် ဖြစ်နေတတ်ပြီး ရှုပ်ပွ ရှည်လျားသော ဆံပင် နှင့် လည်း ဖြစ်သည် ။ အသား က မည်းသေး ။ မျက်နှာ က စုတ်ချွန်းချွန်း ။ သည် စုတ်ချွန်းချွန်း မျက်နှာ မှာ တပ်ဆင်လျက် ရှိနေသည် က ခေါသော ရှေ့သွား နှစ်ချောင်း ။ အဝေး က မြင်နိုင်သည် ။

      ကြွက်ဖိုးထွန်း သည် အားမရှိတော့ သလိုသော ပိန်ချည့်ချည့် ကိုယ်ခန္ဓာ နှင့် ၊ အစာရေစာ မဝသော ကြောင်တစ်ကောင် နှယ် ပျင်းတွဲလေးပင်စွာ လှုပ်ရှားသွားလာ တတ်ပါ၏ ။ သူ သည် အသေးအမွှား ဆန် သော သူခိုး တစ်ယောက် ပင် ။ လောက တွင် ကြီးကြီးမားမား ဆန်သော သူခိုးကြီးများ ရှိနေသည် မဟုတ်လား ။ သို့ကြောင့် သူ့ မှာ အဆင့်နိမ့် နေရသည် ။ အပေါစား အညံ့စား ဖြစ်နေရသည် ။

••••• ••••• •••••

ဤသို့ အဓိက ဇာတ်ကောင် သုံးဦး အနက် တစ်ဦး ဖြစ်သော ကြွက်ဖိုးထွန်း ကို သရုပ်ဖော် လိုက်သည် ။ ထို့နောက် ဒုတိယ ဇာတ်ဆောင် ကို သရုပ်ဖော် ပြန်သည် ။

သူ သည် စက်ရုံကြီး တစ်ရုံ ဆီသို့ သွားသော လမ်း ပေါ်မှာ လျှောက်နေပါ၏ ။ အလုပ် လုပ်ဖို့ စက်ရုံ သို့ သွားနေသော လုပ်သားကြီး တစ်ယောက် ၏ သဘာဝ မျိုးနှင့် မဟုတ်မူဘဲ သူ သည် အမှိုက်ပုံ ရှိရာ ကို သွားနေသော ကြွက်တစ်ကောင် ။

      စင်စစ်တွင် အမှိုက်ပုံ ဟု ဆိုသော် လည်း တစ်မျိုးတစ်မည် တော့ ကွဲလွဲချက် တို့ ရှိနေသည် ။

      အမှိုက်ပုံ တို့ ၏ ဖြစ်ရိုးဖြစ်စဉ် မှာ အသုံး မတည့် ၊ တန်ဖိုး မရှိသော အပို ရှုပ်သည့် အရာတို့အား စွန့်ပစ်ထားခြင်း ကို ဆိုလိုရင်း မဟုတ်ပါလား ။ အခု ကြွက်ဖိုးထွန်း ငေးမျှော် ကြည့်နေသော အပုံကြီး ကတော့ တစ်မျိုး ။ အလွန် အသုံးဝင် အဖိုးတန်သော ပစ္စည်းတို့ စွန့်ပစ်ထားသလို စုပုံထားရာ မှ တစ်စတစ်စ ပျက်စီးပြီး အမှိုက်ဘဝ ရောက် နေသည့် အပုံကြီး ။ ရာနှင့် ချီသော တိုင်ကီပုံကြီး ဖြစ်သည် ။

      အကာအရံ နှင့် လည်း မဟုတ် ။ ကွင်းပြင် ထုတ်ပြီး စုပုံထားခြင်း ။ သည်မျှ များပြားသော တိုင်ကီခွံတွေ ကို စက်ရုံ ဝင်း ထဲ မှာလည်း နေရာ ပေးနိုင်မည် မထင် ။ ခေတ္တခဏ ထားခြင်း မဟုတ် ။ ထားစ က အကောင်းကြီး ၊ အလတ်ကြီးတွေ ။ နောက် ကြာတော့ သံချေးစားပြီး ပျက်စီး ကုန် တော့သည် ။

••••• ••••• •••••

ဤသို့ ဒုတိယ ဇာတ်ကောင် တိုင်ကီပုံကြီး ကို သရုပ်ဖော် မိတ်ဆက် ပေးလိုက်သည် ။ တတိယ ဇာတ်ကောင် က ဦးစိန်ဘ ။

      “ ဟေ့ကောင် ၊ ကြွက်ဖိုးထွန်း ၊ ဒီည ကောင်းကောင်းလေး ရွေးပြီး ဆွဲခဲ့နော် ၊ ပိုပြီး ပေးမယ် ”

      ဦးစိန်ဘ စကား ကို မမေ့ ။

      ဦးစိန်ဘ က ရေနံဆီမီးဖို အဓိက ထားပြီး သံပြား နှင့် လုပ်သော တခြား တိုလီမိုလီလေးတွေ ကိုပါ လုပ်ကိုင်ရောင်းချ စားသောက်သူ ။

      တိုင်ကီခွံ ဆိုတာ က လည်း သံယောက်မတို့ ၊ ချိန်ခွင်ခွက် တို့ မှ အစ ၊ ကားဘော်ဒီ အဆုံး အသုံးတည့်လှပါ၏ ။

••••• ••••• •••••

ည တွင် ဝင် ခိုးရန် အတွက် ကြွက်ဖိုးထွန်း က နေ့လယ် တွင် ခရီးလမ်းပမ်း ကင်းထောက်ရင်း သွား ကြည့်သည် ။ စက်ရုံ ကင်းစောင့် က လည်း သူ့ ကို သတိထား မိလိုက်သည် ။ အဓိက ဇာတ်ဆောင်ကြီး နှစ်ဦး ဖြစ်သော ကြွက်ဖိုးထွန်း နှင့် တိုင်ကီပုံ တွေ့ဆုံကြခန်း ကို မောင်မှိုင်းလွင် ရေးဖွဲ့ပုံ ကို ကြည့်ပါ ။ နှစ်ဦးစလုံး ပျက်စီးနေပုံ သရုပ် ပေါ်လွင်လှပါသည် ။

••••• ••••• •••••

      လမ်းဘေး ရှိ ကုက္ကိုပင်လေး အောက်တွင် ရပ် လိုက်သည် ။ တိုင်ကီပုံကြီး ကို ကြွက်ဖိုးထွန်း အကဲခတ်သည် ။ နွေ လေပွေ တစ်ချက် တိုင်ကီပုံကြီး ကို ထိုးဖွလိုက်သည် တွင် ပတ်ဝန်းကျင် တစ်ခုလုံး သံချေးမှုန့် တွေ ထကြွဝင်းဝါသွားသည် ။

      ကြွက်ဖိုးထွန်း ဆီ ကို လာရောက် ရိုက်ခတ် တိုးဝှေ့သည်မို့ ခေါင်း နှင့် ကိုယ် ကို ပုတ်ခါ ပစ် လိုက်ရသေးသည် ။ သံချေးမှုန့် တွေ နှာခေါင်း ထဲ ၊ ပါးစပ် ထဲ ဝင်ခံရသည်မို့ ချောင်း တဟွတ်ဟွတ် ဆိုးရသေးသည် ။

••••• ••••• •••••

ဤသည်မှာ အဓိက ဇာတ်ဆောင်ကြီး နှစ်ဦး တွေ့ဆုံခန်း ဖြစ်သည် ။ နှစ်ဦးလုံး ၏ နွမ်းပါးပျက်စီး နေပုံ ပေါ်လွင် လှပါပေသည် ။ ထိုနေ့ ည ၌ပင် ကြွက်ဖိုးထွန်း အလုပ် စခန်း ဝင်သည် ။ တိုင်ကီပုံကြီး အတွက် ထွန်းထားသော ဝပ်တစ်ရာ အား မီးလုံးကြီး မှာ မရှိတော့ သူ့ လို အကြံတူသမား တစ်ယောက် ယောက် က လေးဂွ နှင့် ပစ်ခွဲထား ပြီဟု
ထင်လိုက်သောကြောင့် ကြွက်ဖိုးထွန်း ဝမ်းသာ သွားသည် ။ စင်စစ်အားဖြင့်မူကား တိုင်ကီ လာခိုးမည် ကို ရိပ်မိသော ကြောင့် မှောင်ချ ကင်းပုန်းစောင့် နေကြခြင်း ဖြစ်သည် ။

ကြွက်ဖိုးထွန်း သည် တိုင်ကီ ကောင်းကောင်းလတ်လတ်ကလေး ရရန် တိုင်ကီပုံကြီး ပေါ်သို့ တရွေ့ရွေ့ စမ်း တဝါးဝါး လှမ်းလာစဉ် တိုင်ကီပုံကြီး ပြိုကျ လာသည် ။ ထိုအခါမှ မီးလုံး ဖွင့်ပြီး ဝိုင်း ဖမ်းကြသည် ။ ထိုအခိုက်အတန့် ကို မောင်မှိုင်းလွင် သရုပ်ဖော်ပုံ အလွန်လှပါသည် ။

••••• ••••• •••••

      သည် တဒင်္ဂသည် ကြွက်ဖိုးထွန်း အတွက် မိုးချုန်းသံကြီး မြည်ဟည်းလျက် လျှပ်စီးကြီး ဗြုန်းခနဲ ထိန်လက် သွားကာ မိုးကြိုး ကြီး အပစ် ခံလိုက်ရသည် နှင့် မခြား ။

      ကြွက်ဖိုးထွန်း သည် ကြောက်အား နှင့် “ အောင်မယ်လေးဗျ ” ဟု ထိတ်လန့်တကြား အော်ဟစ် လိုက်မိသည် ။

      လူ မှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည် ။ တိုင်ကီ အဆွေးအပေါက်တို့၏ အခြစ်အရှု ခံလိုက်ရသည် ။ ပြီးနောက် ပြိုကျ လာသော တိုင်ကီတွေ အပိခံလိုက်ရ သည် ။

      ကြွက်ဖိုးထွန်း မှာ ထောင်ချောက် မိ၍ ကြွက်တစ်ကောင် ထက် အခြေအနေ ဆိုးနေသည် ။

      ခြစ်ရှ ခံရသော ဒဏ်ရာတွေ က ဓားနှင့် အမွှမ်း ခံထားရသလို နာကျင်လျက် ။ အသားတွေ ဆတ်ဆတ် တုန်နေသည် ။ သေဘေး နှင့် ကြုံနေရသည့် နှယ် စိတ်တွေ ယောက်ယက် ခတ် နေပါ၏ ။

••••• ••••• •••••

မောင်မှိုင်းလွင် ထို သနားစရာ ၊ စိတ်ပျက်စရာ ကောင်းသော ကြွက်ဖိုးထွန်း မိ ခန်း တွင် ဟာသငွေ့ကလေး ကိုပါ ထည့် ပေးလိုက်သေးသည် ။

••••• ••••• •••••

      လက်နှိပ်ဓာတ်မီး အလင်းတန်းတွေ နှင့် ဝိုင်းပြီး ထိုးထားကြသည် ။ ဆယ့်လေး ငါးယောက် လောက် ရှိမည် ။ အစောင့် လုံခြုံရေးတွေ အပြင် အလုပ်ကြပ် ဖိုမင်တွေ နှင့် စက်ရုံအရာရှိ လည်း ပါပါလိမ့်မည် ။

      “ ဟေ့ကောင် ... သူခိုး ၊ ထွက်ခဲ့ လေကွာ ၊ ဘာ မလေးမခန့် လုပ်နေတာလဲ ”

      “ ကျွန် ...ကျွန်တော့် ကို ကယ် ... ကယ်ကြပါဦးဗျ ၊ သေ ... သေလိမ့်မယ် ၊ ပိ ... ပိနေတယ်ဗျ ၊ ကယ်ကြပါဦး ”

      ကြွက်ဖိုးထွန်း မနေနိုင်တော့ ။ ငိုသံပါကြီး နှင့် ပင် ဖမ်းဆီးမည့် သူတွေ ကို အကူအညီ တောင်း နေရပြန်ပါသည် ။

      “ တယ် .... ဒီမအေပေး ဟာ ... သောက်ဖြစ်လဲ မရှိပဲနဲ့ ”
     
      အစောင့် လုံခြုံရေးသမားတွေ က သူတို့ အရာရှိ ကို ကြောက်သောကြောင့် မရယ်ရဲကြ သော်လည်း တိုင်ကီတွေ ဖယ်ရှား ပေးရင်း ပြုံးတော့ ပြုံးနေမိကြသည် ။

ကြွက်ဖိုးထွန်း နှင့် စက်ရုံအရာရှိ တွေ့ခန်း တွင် မူ မောင်မှိုင်းလွင် ၏ သရော်ကွက် ကို စပြီး တွေ့ရပါသည် ။ မောင်မှိုင်းလွင် ၏ လိမ်မာမှု ၊ နေတတ်ထိုင်တတ် ရှိမှု ၊ နှုတ် စောင့်စည်းမှု ကို ဤနေရာ တွင် စပြီး တွေ့ရသည် ။ သူ က ဘာမျှ ဝင်ပြီး မပြောပါ ။ အဖြစ် ကို သာ ရိုးရိုးလေး ပြလိုက် သည် ။

••••• ••••• •••••
  အစောင့်လုံခြုံရေးသမားတွေသည် ရယ်ချင်စိတ် ကို အတော်ကြီး ထိန်းချုပ်ရင်း ကြွက်ဖိုးထွန်း အား လူ တစ်ယောက် ရှေ့ကို ဆွဲခေါ်လာခဲ့ကြသည် ။

      ကြွက်ဖိုးထွန်း မှာ ကယိမ်းကယိုင် နှင့် ကြောက်လန့်တကြား ရှိနေသည် ။

စက်ရုံအရာရှိတစ်ယောက် ဖြစ်ပုံ ရသည် ။ ဝိုင်းဖမ်းကြသူတွေ ထဲတွင် ဩဇာ အရှိဆုံးပင် ။ ကော်လာပြတ် ရှပ်အဖြူ နှင့် တိုက်ပုံမီးခိုးရောင် ကို အကျအန ဝတ်ထားသည် ။ မျက်နှာ က တင်းလှသည် ။ မှောက် ထားသော တိုင်ကီဖင်ပြတ်ပိုင်း ပေါ်မှာ ရပ်လျက်ရှိသည် ။

      “ တော်တော် အသုံး မကျတဲ့ သူခိုး တွေ ၊ တောက် ၊ ပြည်သူပိုင် ပစ္စည်းမှန်း မသိ ၊ ဘာမှန်း မသိ ၊ ဟင်း ”

••••• ••••• •••••

မောင်မှိုင်းလွင် က ဘာမျှ အထူး မပြော ။ စက်ရုံအရာရှိ ၏ ပြောစကား ထဲ တွင် သူ သရော် လိုသော အချက် အားလုံး ပါဝင် သွားပြီး ဖြစ်သည် ။

ထိုမျှမက နောက် တစ်ဆင့် တက်လိုက်ပါသေးသည် ။ ကြွက်ဖိုးထွန်း ကို ရဲလက် အပ်လိုက်သည် ။ တရားရုံး က ထောင်ဒဏ် ချလိုက်သည် ။ အချုပ်ကား ပေါ် လိုက်ပါ သွားရင်း “ သူ နားမလည်နိုင်တာလေး ” ကို တွေးမိနေဟန် ဖြင့် ဦးစိန်ဘ ၏ သြဝါဒစကား ကို ပြန်လည် ဖော်ပြလိုက်သည် ။

••••• ••••• •••••

      “ မင်းကွာ ။ ထဘီစုပ်ရုပ် ၊ ပုဆိုးစုတ်ရုပ် နဲ့ တော်တော်တုံးသေးတဲ့ ကောင်ပဲ ၊ သူများ တွေ ဘာလုပ်နေတယ် ဆိုတာကို မတွေ့ ဘူးလား ”

      “ ဒါက အစိုးရပစ္စည်းဗျ ၊ ကျွန်တော် မလုပ်ချင်ဘူး ”

     “ မင်း အဲဒါကြောင့် ခက် သေးတာ ၊ သူတို့ သုံးတာမှ မဟုတ်ရင် ဒီအတိုင်း ပစ် ထားတာ မင်း မတွေ့ဘူးလား ၊ ကြာရင် အလကား အကျိုးမဲ့ ဖြစ်သွား တော့မယ့် ပစ္စည်းတွေ ၊ အလကား ဖြစ်မယ့် အတူတူ မင်း မှာ လဲ အကျိုးရှိ ၊ ငါ့ မှာလဲ အကျိုးရှိ ၊ ဝယ်သုံးကြတဲ့ သူတွေ မှာလဲ အကျိုးရှိ ၊ ဘယ်သူမှ အကျိုး မရှိတာနဲ့ စာရင် ”

      ဦးစိန်ဘ ပြောတာ ကလည်း ဟုတ်သလိုလို ၊ ဘာလိုလို ။ သည် ဆင်ခြေ ဆင်လက် နှင့် ကြွက်ဖိုးထွန်း ခိုးဖြစ်ခဲ့သည် ။ ကဲ .... အခုတော့ ထောင်ကျပြီ ၊ ကောင်းရော ။

••••• ••••• •••••

ဦးစိန်ဘ ၏ စကား မှာ ဟုတ်သလိုလို ရှိသော်လည်း သူ့ အကျိုး အတွက် ဆိုသော စကား ဖြစ်ကြောင်း သိသာလှပါသည် ။ တစ်ဖန် သူ့ အကျိုး အတွက် ပြောသည် မှန်သော်လည်း ဟုတ်သလိုလို ရှိကြောင်း လည်း သိသာလှပါသည် ။

ထို စကား ကို ချည်း ကွက်ပြီး စဉ်းစား လိုက်လျှင် မောင်မှိုင်းလွင် ၏ သရော်ကွက် ကို တွေ့နိုင်မည် မဟုတ်ပါ ။ ဝတ္ထု အဖွင့် နိဒါန်းပိုင်း တွင် ဖော်ပြခဲ့သော လေလွင့်စွန့်ပစ် ပစ္စည်းများ ကို လူသုံးကုန် ဖြစ်အောင် ဖန်တီးကြသည့် လုပ်သားကြီးများ ၏ တီထွင်ကြံဆမှု သတင်းကို ကြားရတိုင်း ကြည်နူးမိပါသည် ဟူသော စကား နှင့် တွဲစပ်ပြီး ကြည့်လိုက် မှ သရော်ကွက် တစ်ခု ဖြစ်ကြောင်း တွေ့နိုင်ပါလိမ့်မည် ။

မည်သို့ပင် ဖြစ်စေ မောင်မှိုင်းလွင် သည် မေတ္တာစိတ် ၊ ကရုဏာစိတ် ၊ ပြည်သူပိုင်ပစ္စည်း နှမြောတသစိတ်များကို အရင်းခံပြီး ရေးသည့် အတိုင်း ဝမ်းနည်းကြေကွဲမှု ဆီ သို့ သယ်ယူသွားသည် ကို တွေ့နိုင်ပါသည် ။

••••• ••••• •••••

   ဆာလောင်မွတ်သိပ် နေသော သူ့ မျက်လုံး ထဲ တွင် သံချေးရောင်တွေ သည် ရွှေရောင် တွေ ပေါက်ပြီး တိုင်ကီပျက်ပုံကြီး သည် ရွှေတောင်ပို့ကြီး ဖြစ်နေသည် ။ လေ အတိုက် တွင် သံချေးအမှုန်တွေ သည် ရွှေခိုးရွှေငွေ့ ၊ ရွှေမှုန်ရွှေမှုန့်တွေ ပျံ့လွင့်နေသည် နှင့် မခြား ။

      “ မင်း ခိုးမလို့ မဟုတ်လား ” ဆိုသည့် မျက်လုံးများ နှင့် လုံခြုံရေးအစောင့် ၏ မသင်္ကာ အကြည့် ကို ရင်မဆိုင်ရဲဘဲ လွှဲဖယ် လိုက်သော သူ့ မျက်လုံးများ သည် တိုင်ကီပျက်ပုံကြီး ဆီ အလိုလို ရောက်သွား ပြန်သည် ။

      သည် အပုံကြီး က လူ ဘယ်နှယောက် ကို ထောင် ထဲ ပို့ပြီးခဲ့ပြီ မသိ ။ ကြွက်တစ်ကောင် အား တိုးဝင်ပျော်မွေ့ အောင် ဖမ်းစားသွေးဆောင်နေသည့် လှည့်စားမှု အမှိုက်ပုံကြီး ။

••••• ••••• •••••

“ သည် အပုံကြီး က လူ ဘယ်နှယောက် ကို ထောင်ထဲ ပို့ ပြီးခဲ့ပြီ မသိ ” ဟူသော စကား မှာ ဖတ်သူတိုင်း ၏ ရင် ကို နင့်သွားစေလိမ့်မည် ထင်မိပါသည် ။ အလွန် ခွန်အားရှိသော ကြွက်ဖိုးထွန်း ၏ မှတ်ချက် ဖြစ်ပါသည် ။

      ကြွက်ဖိုးထွန်း သည် မခံမရပ်နိုင်တော့ဘဲ မျက်နှာ ကို လက် နှစ်ဖက် နှင့် အုပ်လိုက်ကာ အော်ဟစ် ငိုချလိုက်သည် ။

     “ ဒီ အပုံကြီး ကို မြန်မြန် သိမ်းကြ ပါဗျာ ၊ ကျွန်တော် ခိုးမိပါတော့မယ်ဗျ ။ မြန်မြန်လေး သိမ်းကြပါဗျ ။ ကျွန်တော် ခိုးမိပါတော့မယ် ဗျ ။ ဟီး ... ဟီး ... ”

••••• ••••• •••••

ဝတ္ထု သိမ်းပုံ တွင် ကား မောင်မှိုင်းလွင် က ပိုပိုသဲသဲလေး လုပ်ပစ် လိုက်သည် ။ သူ ၏ အာဘော် ကို ပေါ်လွင်စေချင် လွန်းသောကြောင့် ဤသို့ ဖန်တီးလိုက်ခြင်း မှာ အသင့် ယုတ္တိ ရှိမှု ကို အနည်းငယ် ပျက်သွားစေသည် ဟု ထင်မိပါသည် ။

မည်သို့ပင် ဖြစ်စေ စာရေးသူ ၏ စေတနာတရား ကြီးမားကြောင်း ပေါ်လွင်စေသည် သာမက စာဖတ်သူများ တွင် အလဟဿ ပြုန်းတီး ပျက်စီး နေသော ပြည်သူပိုင် ပစ္စည်းများ အတွက် နှမြောတသစိတ် ၊ ကရုဏာဒေါသစိတ် ပေါ်ပေါက်အောင် နှိုးဆော်နိုင်သည့် ဝတ္ထုလေး တစ်ပုဒ် ဟု ယူဆမိပါသည် ။

တစ်ဖန် ဝတ္ထုကောင်း တို့ မည်သည် ခေတ် အနေ အခြေ တစ်ခု ၏ သရုပ်မှန် ကို ထင်ဟပ် စေရမည် ဆိုသော အယူအဆ လည်း ရှိကြပေသေးရာ ထို မှတ်ကျောက် တွင် တင်ကြည့် လျှင် လည်း ဝတ္ထုကောင်းလေး တစ်ပုဒ် ဟု ဆိုရမည် ဖြစ်ပါပေသတည်း ။

▢ အောင်သင်း
📖 သဘင် မဂ္ဂဇင်း
      ဩဂုတ် ၊ ၁၉၈၄

No comments:

Post a Comment