Thursday, April 24, 2025

လန်းဖိုင်စာသိုက် ( ၀၅ )


 

❝ အချုပ် မှ ပြေးပြီ ❞

တကယ် ပြေးဖို့ ကြံတိုင်း ပြေးလို့ မရ ။ ကျွန်တော် ပြေးမည့် နေရာ နှင့် အလုပ် သွားလုပ်ရသည့် နေရာ မှာ တခြားစီ ဖြစ်၍ နေ၏ ။ ကျွန်တော် ပြေးမည် ဆိုတော့ ကု,လားနှစ်ယောက် က သေဖော် ညှိသည် ။ သူတို့ လည်း လိုက်မည် တဲ့ ။ ကရင်ဦးကြီး က လုံးဝ ခွင့်မပြု ။ ပြေးလျှင် တောင် ကု,လား နှင့် တွဲ မပြေးရန် ပြောသည် ။

“ သူတို့ ပြေးချင်ရင် သူတို့ ဘာသာ ပြေးပါစေ ။ အတူ မပြေးနဲ့ ”

“ ဘာဖြစ်လို့ လဲ ဦးရီး ”

“ ဒီကောင်တွေ က သွေးရှိတာ မဟုတ်ဘူး ။ မင်း ဒုက္ခရောက်မယ် ပေးစမ်း မင်းပိုက်ဆံ ”

သူ က ပြောပြောဆိုဆို ကျွန်တော့် ဆီ မှ ပိုက်ဆံများ သိမ်းထား လိုက်သည် ။ ထိုသတင်း ကို ကြားတော့ ကု,လား တစ်ဦးက နောက်ဆုတ်သည် ။ ငွေ မရှိလျှင် သူ မပြေးတော့ ဟု ဆို၏ ။

ဤသို့ဖြင့် တစ်ပတ် လောက် ကြာသွားသည် ။ ကျွန်တော် ပြေးရန် ဆုံးဖြတ်ထားသည့် ကြံခင်းများ ဘက် သို့ အလုပ် လိုက် မလုပ်ဖြစ်ပေ။ ထို ကြံခင်း က လှပူရီမြို့ သို့ သွားသော ကားလမ်းကြီး နံဘေး၌ ရှိသည် လိုင်းကားများ ကိုပင် လှမ်းမြင်ရ၏ ။

ကြံခင်း သို့ အလုပ် လာ လုပ်ရသည့် တကယ့်နေ့ ကျမှ ကရင်ဦးကြီး က တခြား အလုပ် ပါသွား သဖြင့် ကျွန်တော့် မှာ ပိုက်ဆံ မရှိတော့ ။ အလုပ် တော့ လိုက် လုပ်ရန် ဆုံးဖြတ်သည် ။ ကု,လားတစ်ဦး ကလည်း လိုက်လာ၏ ။ ကျွန်တော့် ကို တိုးတိုးလေး မေးသည် ။

“ နင် ပြေးမှာလား ”

“ ပိုက်ဆံ မပါဘူး ”

“ သောက်ခွေး ဘယ်လို ပြေးမလဲ ”

“ နင့် မှာ ပါလား ”

“ နှစ်ဆယ်ပဲ ပါတယ် ”

“ ကျွတ် ”

စိတ်ကို ညစ်ရောပဲ ။ သည် ငွေနှစ်ဆယ် နှင့် လူ နှစ်ယောက် ဘယ်လို ပြေးမလဲ ။ ဤသို့နှင့် ပင် ကြံခင်း သို့ ရောက်ခဲ့သည် ။ အချုပ် က ထွက်စဉ် က ပင် ဖိနပ် ကို ကျွန်တော် ထားခဲ့သည် ။ ထို ခြံ မှာ အမဲလိုက်ခွေး ရှိ၏ ။ ပြေးတုန်း ဖိနပ် ကျွတ်လျှင် ထို ခွေးနှင့် မလွတ်နိုင် ။ ထို ခြံ မှာ က ကြံခင်းစောင့် လူငယ် နှစ်ဦး လည်း ရှိ၏ ။ ကျွန်တော်တို့ အလုပ် သွား လုပ်လျှင် တောပစ်သေနတ် ကို ထုတ်ကာ ဟန်ရေး ပြနေ၏ ။ ထို အပြုအမူ ကို မြင်လျှင် မျက်နှာ ကို ထိုး ကြိတ်ချင်မိသည် ။ ပို၍ ပင် ပြေးပြချင်မိသည် ။ ဤ စိတ် က ကျွန်တော် တစ်ဦး တည်း မဟုတ်။ မနက်စာ ထမင်းစား သည့် အ ခါ အချုပ်သား ခုနစ်ယောက်လုံး ထုတ်ပြောသော စကား ဖြစ်သည် ။ မြန်မာတို့ ၏ မွေးရာပါဗီဇ ဟု ပင် သဘောထားမိသည် ။

သူတို့ နှစ်ဦး က လည်း ကျွန်တော် တို့ ရောက် လာလျှင် အိမ်ဝရန်တာ မှာ တစ်ဦး ၊ ကား ပေါ်မှာ တစ်ဦး ထိုင် ကာ သေနတ် ကို အဝတ်ဖြင့် သုတ်ခြင်း ၊ ဟိုချိန် သည်ချိန် ချိန်ခြင်းများ လုပ်ပြသည် ။ အနားတော့ မကပ်ရဲပေ။ သေနတ်လုပြီး ဝင် ရိုက် မှာ စိုး၍ ဖြစ်သည် ။ သူတို့ စိုးရိမ်သည် မှာ လည်း မလွန်လှပေ။ ကျွန်တော်တို့ ဝင် လု၍ ရိုက်ကာ ထွက်ပြေး သွားလျှင် ဘယ်ကို လိုက်ဖမ်းမည်နည်း ။ နေရပ်လိပ်စာမ သိ ၊ မိဘမျိုးရိုး မသိသည့် ပြင်ပနိုင်ငံသားများ ဖြစ်၍ လိုက်ဖမ်း၍ မလွယ် ။

နေ့လည်ပိုင်း ခေတ္တ နားချိန်တွင် ကု,လား က လာ မြူဆွယ်ပြန်သည် ။

“ နင် မပြေးဘူးလား ကိုထွေး ။ ရဲ လည်း စခန်း ကို ပြန်သွားပြီ ” 

“ ပိုက်ဆံ မှ မရှိတာ ”

“ မရှိ ရှိကွာ ပြေးရင် လွတ်နေပြီဟာ ” 

“ ခဏနေဦး ညနေ ထိ စောင့်ကြည့် မိုးများ ရွာမလား မသိဘူး ”  

“ ဟွန်း နင် ကြောက်နေ ”

ကု,လား က မကျေမနပ် ဖြစ်ကာ ထွက်သွားသည် ။ ပြေးမယ် ဆိုရင် တော့ ဘယ်လို ပြေးပြေး လွတ်သည် ။ သို့သော် ကု,လား ကို ကျွန်တော် မခေါ်ချင် ။ ကျွန်တော့် ရုပ် က ထိုင်း နှင့် မကွဲပြား၍ သွားရလာရ လျှင် ပြဿနာ မရှိ ။ သူ ပါ နေလျှင် ရုပ် က သိသာ နေ၏ ။ ကရင်ဦးကြီး က လည်း မှာ ထားသည် ။ ပြေးလျှင် ကု,လား ကို အဖော် မလုပ်ရန် ဖြစ်သည် ။

အလုပ် ပြန် ဆင်းတော့ ကျွန်တော် သန့်ရှင်းရေး လုပ်ရသည် မှာ ကြံခင်းများ ဘက် သွားရာလမ်း နှင့် ပို၍ နီးသွားသည် ။ ပြေးရမည့် လမ်းလေး က ရှင်းသန့်နေ၏ ။ ဘယ်ရော ညာပါ ကြံခင်းများ အပြည့် ၊ ကြိုက်တဲ့ ဘက်ကို ခုန်ဝင်လိုက်ရုံ ဖြင့် လွတ် နေပြီ ။ ကြံခင်းများ က လူ တစ်ရပ် ကျော် နေ မြင့် သဖြင့် ကောင်းကောင်း ပုန်း၍ ရသည် ။ လှုပ်ရှား၍ တော့ မရ။ လူ လှုပ်လျှင် ကြံခင်းများ ပါ လိုက် လှုပ်မည် မှာ သေချာသည် ။ အပင်တွေက ဆက် နေသည် ကိုး ။ ကန်သင်းရိုး တွေ့လျှင် တော့ အသာလေး ဝပ်၍ သွားရုံသာ ။

အခြေအနေ က ပြေးချင့်စဖွယ် ဖြစ်လာသည် ။ ကု,လား က လည်း ကျွန်တော့် ကို အရိပ် တကြည့်ကြည့် လုပ် နေ၏ ။ သူ က အိမ် အောက်မှာ တံမြက်စည်း လှဲနေသည် ။ ကျွန်တော့် ကို မျက်နှာသိ မျက်နှာထား ဖြင့် လှမ်း ကြည့်၏ ။ မိုး ကလည်း အုံ့ဆိုင်း လာသည် ။ အချိန်က တဖြည်းဖြည်း နှင့် လေးနာရီ ကျော်လာခဲ့ပြီ ။

ကျွန်တော် ပြေးပြီ ။

ပြေးသည် ဟု ဆိုသော်ငြား ပုန်းသည် ဟု ဆိုမှ သာ မှန်မည် ။ တကယ်လည်း ကျွန်တော် မပြေးပါ ။ ရှေ့ကို ဆယ်လှမ်းခန့် ပြေးပြီး ဘယ်ဘက် ကြံခင်း ထဲသို့ တိုးဝင်ကာ ခြံဘက် သို့ ပြန်၍ တွားသွား လျှောက်လာ ပြီး ပုန်းနေ လိုက်၏ ။ ကျွန်တော် ပြေးသည် ကို အရင်ဆုံး မြင်၍ အော်သည် မှာ တခြားလူ မဟုတ်။ ကု,လား ပင် ဖြစ်သည် ။ သူ က ပြေးပြီ ဟု အော်ကာဟစ်ကာ ပြေး၍ လိုက်သည် ။ သို့သော် ထိုင်းလူငယ် က ဝင် တား သဖြင့် သူ လိုက်၍ မရ။ လိုက်၍ ရလျှင်လည်း သူ လည်း ပြေးမည်ကိုး။ ကျွန်တော် သူ တို့ ကို လှမ်း မြင် နေရသည် ။ ထိုင်း လူငယ်နှစ်ဦး က ကျန် အချုပ်သားများ ကို ပြန်စုကာ အိမ်အောက်သို့ ခေါ်သွားသည် ။ ကျွန်တော့် နောက်သို့ မလိုက်ကြပေ ။ ကု,လား က လက်ဟန်ခြေဟန် ဖြင့် တခြား ကြံခင်း ထဲသို့ ကျွန်တော် ပြေးဝင် သွားကြောင်း ရှင်းပြ နေသည် ။ သူ ပြသည့် ဘက် က ညာဘက်ခြမ်း ကြံခင်း ဖြစ်သည် ။ ကျေးဇူးတင်စရာ ပင်။ ခဏ အကြာတွင် ရဲ ပြန်ရောက် လာပြီး သူတို့ အားလုံးစုကာ ညာဘက် ကြံခင်း ထဲသို့ ကျွန်တော့် အား ပြန်ထွက်ခဲ့ရန် ခေါ်ကြသည် ။ မြွေ ရှိတယ် ဟု လည်း အော်ကြသည် ။ အော် ခေါ်၍ မရသောအခါ ရဲ က အချုပ် သားများကို ပြန် ခေါ်သွားသည် ။ ထိုအချိန်ကျမှ ပင် ကျွန်တော် နှင့် သေမင်း လိုက်တမ်းပြေးတမ်း ကစားရတော့သည် ။

ထိုင်းလူငယ် နှစ်ယောက် က လူစုခွဲကာ ကြံခင်း ထဲ တိုးဝင် သွားကြသည် ။ လက်ထဲ မှာ လည်း တောပစ်သေနတ်များ ပါ၏ ။ ကျွန်တော် မည်မျှ ကြောက်ရွံ့သနည်း ဆိုလျှင် မြေ မှာ ပြားပြားဝပ်၍ ဘုရားစာ ကို မျက်လုံး စုံမှိ တ်၍ ရွတ်တော့သည် ။ သူတို့ ဝင်သွားသည် မှာ တခြား ကြံခင်း ဘက်သို့ ဖြစ်သည့် တိုင် တွေ့လျှင် ပစ်သ,တ်မှာ ကို တွေး၍ ကြောက်လိုက်သည့် ဖြစ်ခြင်း ။

ပန်းနုရောင်လက်ရှည်အင်္ကျီ ကို ချွတ်၍ ဝမ်းဗိုက် အောက် ထိုးသွင်း ကာ ပြားနေအောင် ဝပ်နေမိ၏ ။ မိုး မြန်မြန် ချုပ်ပါတော့။ ထိုစဉ် သေနတ်သံ ကြားရသဖြင့် နှလုံးခုန် ရပ်သွားမတတ် ဖြစ်မိသည် ။ လက်ရှိ အဖြစ် ကို အိပ်မက် သာ ဖြစ်ပါစေ ဟု ကြံဖန်တွေးကာ မျက်လုံး မှိတ်ထား တော့သည် ။ အခု ထွက်၍ အဖမ်း ခံလျှင်လည်း သက်သာမည် မဟုတ် ။ ဟို နှစ်ကောင် က လက်စွမ်း ပြချင်နေသည် ။

ခဏ အကြာတွင် မိုး က ရွာချလိုက်သဖြင့် ကြောက်စိတ် ပြေသလို ဖြစ် သွားသည် ။ ခြင်တွေ က ဝင် ခဲတော့သည် ။ အတော်လေး မိုးသည်း လာ တော့ ဖြည်းဖြည်းချင်း ပြန်တိုးထွက် လာပြီး လ မ်း၏ ညာဘက်သို့ တိုးဝင် လိုက်သည် ။ ဟိုနှစ်ကောင် လည်း သည်မျှ ဇွဲကောင်းတော့မည် မဟုတ် ။ ဤသို့ဖြင့် ကြံခင်း ထဲမှာ တိုး ရင်း ကားလမ်းမကြီး ကို ' ပ ' စောက်ပုံသဏ္ဌာန် ပြန် ဝိုက်၍ ထွက်ရန် ဆုံးဖြတ်လိုက်သည် ။ ဤနေရာမှ ချက်ချင်း ထွက်လျှင် သူ ကောင်းသားများ လက် က လွတ်မည် မဟုတ် ။ တော်တော်လေး မှောင်လာတော့ ကန်သင်း မှာ ထွက်လျှောက်ရင်း ကားလမ်းဘက် သို့ မှန်း၍ ထွက်ခဲ့သည် ။ ကားများ ကို ကားမီးရောင် ကြောင့် လှမ်း မြင်နေရ၏ ။ မိုးလည်း တိတ် သွားခဲ့ပြီ။ လက် နှင့် မျက်ခမ်းစပ် တွင် ကြံရှရာများ ဖြင့် သွေးစို့နေသည် ။ အင်္ကျီ ချွတ်ထားသဖြင့် ခြင် ကိုက်ရာများ က ကုတ်၍ ပင် မနိုင်။ ချက်ချင်း အသက်ထွက် လျှင် ကောင်းမည် ဟု ပင် တွေးနေမိသည် ။

ကားလမ်း သို့ ထွက်သင့် မထွက်သင့် စဉ်းစားနေရင်း တစ်နာရီ နီးပါး ထိုင်နေ ဖြစ်သည် ။ အင်္ကျီ ကို ပြန် ဝတ်လိုက်၏။ ကျွန်တော် နှင့် မလှမ်းမကမ်း တွင် အိမ်တစ် လုံးကို လှမ်း မြင်နေရ၏ ။ အကူအညီတော့ မတောင်း ရဲ ။ ပေးမည် လည်း မထင် ။ ရဲ ၏ ခြံ နှင့် နီးနေသဖြင့် ကျွန်တော့် ကိုပင် ပြန် ဖမ်းထားနိုင်သည် ။ ကျွန်တော် ထင်သည် မှာ မမှားပါ ။ ခဏအကြာတွင် ကြံခင်းများ ဘက်သို့ ဓာတ်မီးများ လှမ်း ထိုးသဖြင့် ကျွန်တော် ပြေးရပြန်ပြီ ။ အတော် ဝေးဝေးသို့ ပြေးပြီး မှ ထိုင် နားရင်း မျက်ရည် ဝဲ လာတော့၏ ။ ဤအဖြစ်ဆိုး မှ လွတ်မြောက်ပါ က လူသစ် စိတ်သစ် ဖြင့် နေသွားတော့မည် ဟု ဆုံးဖြတ်သည် ။ ဘုရား ကို လည်းကောင်း ၊ လောကပါလစောင့် နတ်ဒေဝတာ များ ကို လည်းကောင်း သစ္စာ ပြုသည် ။ လူ သည် တကယ် ကြောက်ပြီ ဆိုလျှင် လွတ်ရာလွတ်ကြောင်း ကို တိုင်တည် တတ်သည် မှာ လက်တွေ့ ဖြစ်၏ ။ ဘယ်နည်းဖြင့် လွတ်လွတ် ၊ လွတ်ဖို့ သာ အဓိက မဟုတ်လား ။ ညနေ လေးနာရီ ကျော် မှ ပြေးလာခဲ့သည် မှာ ည ကိုးနာရီ ထိုး မှ ပင် ကားလမ်းမ သို့ ထွက်ရဲသည် ။ ကျွန်တော် ထွက်လာတော့ လမ်း ပေါ်မှာ ကား အသွားအလာ နည်းသွားပြီ ။ စောစောက မီးရောင် ဖြင့် မြင်ရသော ဘုန်းကြီးကျောင်း အတွင်းသို့ လျှောက် ဝင်လာသည် ။ ခွေး များ ထွက် ဆွဲပါတော့သည် ။

ခွေးများ ဆယ်ကောင် လောက် ရှိမည် ထင်၏ ။ နောက်ဆုံး အုတ်ခုံ အမြင့်ပေါ် ပြေးတက် တော့မှ အဆွဲ ခံရသည့် ဘေးမှ လွတ်သည် ။ ထို အုတ်ခုံ မှာ မီးသင်္ဂြိုလ်သည့် အုတ်ခုံ ဖြစ်သည် ။ အောက် မှ ဝိုင်း ဟောင် နေသဖြင့် ဆရာတော် တစ်ပါး ထွက်၍ တား မှ အဟောင် ရပ်တော့သည် ။

ဆရာတော် ရှေ့သို့ ဆင်း၍ ဒူးတုပ် လက်အုပ်ချီ ကာ ခြေဟန်လက်ဟန် ဖြင့် ရဲ လိုက်ဖမ်း၍ ပြေးလာပုံ၊ မြန်မာလူမျိုး ဖြစ်ပုံတို့ ကို ရှင်းပြသည် ။ ပါးစပ် မှ “ ခွန်ဗမာ ” ဟူ သောစကား ကြောင့် ဆရာတော် က ခေါင်းတညိတ်ညိတ် ဖြင့် သဘောပေါက် သွား၏ ။ ကျောင်း အောက်သို့ ခေါ်သွားပြီး ကိုရင်လေး များ ကို မှာ ကြားနေတော့သည် ။

•••••   •••••   •••••

ကိုရင်လေးများ က ချက်ချင်းပင် ထမင်း ပြင် ကျွေးသည် ။ ကျွန်တော် မစားနိုင် ။ ဝမ်းနည်းစိတ် က ကြီးစိုး နေသည် ။ မနက် ကျလျှင် ဘယ်လို လုပ်ရမည် ကို တွေးပူ နေမိသည် ။ တစ်ညလုံး အိပ်၍ မပျော်နိုင် ။ ကိုရင်လေးများ က စာအံ နေကြသည် ။ အေးချမ်းလှသည် ကို မြင်သဖြင့် အားကျမိ၏ ။ ကြောက်စိတ်တော့ အတော် ပေါ့သွားခဲ့ပြီ ။ ဤသို့ဖြင့် မနက် လင်းအားကြီး တွင် ကိုရင်လေး လာ နှိုးသဖြင့် ကျောင်း မှ ထွက်လာခဲ့သည် ။ ဆရာတော် ကို ဦးချ ချင်ပေမယ့် မတွေ့ခဲ့ရ ။ လူ့စိတ် ၏ ဆန်းကြယ်ပုံ ကို ဤနေရာတွင် တွေးမိသည် ။ ကျောင်းဝ ၌ ဖိနပ်တွေ စီတန်း ချထား သဖြင့် သင့်တော်မည့် တစ်ရန် ကို ကောက် စွပ်လို စိတ် အတော် ဖြစ်ခဲ့၏ ။ မနေ့က ဖြစ်ခဲ့သော အဖြစ်များ ကို စဉ်းစားမိသဖြင့် သစ္စာ ကို တန်ဖိုးထား ကာ ဖိနပ် မယူရဲတော့ ။ ဤ ကျောင်း ကိုသာ မတွေ့လျှင် ဘယ်မှာ အိပ်ရမှန်း ပင် မသိ ။

ကားတစ်စီး လာသော အခါ လှပူရီမြို့ သို့ သွားသော လိုင်းကား ဖြစ်နေ သဖြင့် တားစီး လာခဲ့ရသည် ။ စပယ်ယာ က ပိုက်ဆံ လာ တောင်းသောအခါ လက်အုပ် ချီ၍ ‘ ဆာဝါဒီခပ် ’ ဟု ပြောကာ ပိုက်ဆံ မပါကြောင်း ရှင်းပြသည် ။ ဘာမှ မပြော ။ နောက်ဆုံးခုံတန်း တွင် သွား ထိုင်ခွင့်ပြု၏ ။ ကား ပေါ် မှ လူများ က ဝိုင်း ကြည့် နေကြသည် ။ ကျွန်တော့် တစ်ကိုယ်လုံး ညစ်ပတ်ပေရေ နေသဖြင့် ရဲလက် မှ ပြေးလာမှန်း သိသာ နေ၏ ။ ကား က မောင်းလာရင်း စစ်ဆေးရေးဂိတ် တစ်ခု အနားသို့ ရောက်လာသဖြင့် အရှိန် လျော့သည် ။ စပယ်ယာ က ကျွန်တော့် အား ပြေးရန် လက် ဖြင့် ဟန်ပြ သဖြင့် နောက်ပေါက် မှ ဆင်းကာ ရထားသံလမ်း ရှိရာသို့ ခြေကုန် သုတ်တော့၏။ ကားတန်း မှာ အတော် ရှည်သဖြင့် ကျွန်တော့် ကို ရဲများ မမြင်ပါ ။ သံလမ်း ရောက်တော့ သံလမ်း အတိုင်း လျှောက်လာခဲ့တော့သည် ။ လမ်း တွင် သံလမ်း အလုပ်သမားများ နှင့် တွေ့၍ ရေ တောင်း သောက်၏ ။ သူတို့ ထံ မှ ကျွန်တော့် အား ဘတ် သုံးဆယ် ကျော်စု၍ ပိုက်ဆံ ပေးသည် ။ ကား စီး သွားရန် ပြော၏။ ရှေ့ ၌ ရဲဂိတ် မရှိတော့ကြောင်း ရှင်းပြသည် ။ ကျေးဇူးတင် စရာပင် ။

ကာလမ်းမ နှင့် နီးသော သံလမ်းနား ရောက်သော အခါ သံလမ်း မှ ပင် လှမ်း၍ လိုင်းကား ကို ကြည့်နေမိ၏ ။ လိုင်းကားများ က အရောင် အမျိုးမျိုး ရှိသည် ။ ဘန်ကောက် ထဲ ဝင်သည့် ကားများ က အနီရောင် တောက်သည် ။ တခြား နယ်သို့ သွားသည့် ကားများ လည်း ရှိသည် ။ လှပူရီ သွားသည့် ကား မှာ အဝါရောင် နှင့် ကြက်သွေး ရောင် နှောထားသည် ။ ထို ကား လာ သောအခါ ကားလမ်းမ သို့ ပြေး၍ ကျွန်တော် တားသည် ။ ကား ရပ်ပေး သော အခါ တက်၍ စပယ်ယာ အား ရှိသမျှ ငွေအကုန် ပေး၍ ‘ ဆာဝါဒီခပ် ’ လုပ်ရ ပြန်သည် ။ သူ က မေး၏ ။

“ ခွန်ဗမာ ” ( မြန်မာလား )

“ ခပ် ” ( ဟုတ်ပါတယ် ခင်ဗျာ )

“ ပိုင်နန့်ကွန် ” ( သွားထိုင်ပါ )

ထို့နောက် ကျွန်တော့် အား ရေဘူး တစ်ဘူး ထုတ်ပေး၍ ကားခ မယူ ဘဲ ပြန်ပေး၏ ။ သူ နှုတ် ကလည်း ရဲများ ကို ကျိန်တွယ် နေသည် ။ သူ ကျိန် တွယ်မှုကြောင့် ခရီးသည် နှစ်ဦး ကပါ ကျွန်တော့် စားစရာများ လာပေး၏ ။ ပိုက်ဆံ လည်း ထုတ်ပေးသည် ။ ကျွန်တော် ငိုချင်မိ၏ ။ စပယ်ယာ လာသောအခါ “ ဖိခပ်၊ လုံငန်ဆမ်ဒေါင်၊ ဖုန် ” (အစ်ကို ခင်ဗျာ ၊ ကြယ်သုံးလုံးစက်ရုံ မှာ ကျွန်တော် ) ဟု မတတ်တခေါက် ပြောရတော့သည် ။

“ အင်းအင်း ကိုလူလဲ့ရော့၊ မဲ့သော့ပင်ဟိုဝါ့ ” 
( “ အင်းပါ ငါ သိပါတယ်။ ဘာမှ စိတ်သောက ဖြစ်နေနဲ့ ” )

ဟု သူ ကပြေသည် ။

မိနစ်လေးဆယ် ခန့် ကြာသောအခါ လမ်းဘေး မှ ဆိုင်းဘုတ်များ၌ ‘ လှပူရီသို့ မိုင်မည်မျှ ’ ဟု ဖော်ပြထား သည် များ အင်္ဂလိပ်လို ရော ထိုင်း လို ပါ ရေးထားသည် ကို မြင်ရပြီး ခဏ အကြာတွင် စပယ်ယာ က ကျွန်တော့် ကို ဆင်းနိုင်ပြီ ဖြစ်ကြောင်း လာပြော၏။ ရောက်ခဲ့ပါပြီ ကြယ်သုံးလုံးစက်ရုံ ရှေ့သို့ ။

ကားစပယ်ယာ ကို ‘ ဆဝါဒီခပ် ’ လုပ်ကာ ကျေးဇူးစကား ဆိုသည် ။

“ ခေါက်ခွေမခပ်။ ဖိ ” 
( ကျေးဇူးတင်ပါတယ် အစ်ကို )

ကား ထွက်သွားသောအခါ ဝက်မွေးမြူရေးခြံ သို့ ရှာမိသည် ။ ကြယ်သုံးလုံးစက်ရုံ ဖြင့် ကပ်လျက် ခြံဝင်း တံခါးအနီကြီး ပိတ်ထား သဖြင့် အနားသို့ သွား ကြည့်မိသည် ။ မည်သူမှ မရှိ ။ ဟိုး အောက်ဘက်မှာ တဲစုလေး နှင့် ခြံတံခါး တစ်ခု ကို မြင်မိသည် ။ ထို ခြံတံခါး ရှိရာသို့ လျှောက်လာခဲ့၏ ။ ခြံတံခါး က မပိတ်ထားပါ ။ စေ့ရုံ စေ့ထား သဖြင့် ဖွင့်၍ ဝင်လာမိသည် ။ ဖြစ်ချင်ရာ ဖြစ် ။

တဲစုလေးနား ရောက်သော အခါ ခွေးဟောင်သံများ ဆူညံစွာထွက် လာ၏ ။ အင်းခွေးကြီးများ ကို လှောင်အိမ် လုပ်၍ မွေးထားခြင်းဖြစ်သည် ။

“ ဘယ်သူ့ဆီ လာတာလဲ ” 

မြန်မာ လို မေးသံ ကြားရသဖြင့် ကျွန်တော် အလွန် ပျော်သွားသည် ။ ကြည့်လိုက်တော့ ရှစ်နှစ် အရွယ် ချာတိတ်လေး ကို တွေ့ ရ၏ ။

“ မိုးမိုး ဆီ လာတာပါ မိုးမိုး ရှိလား ” 

“ မမိုးမိုး ကို ပြောတာလား အမေရေ မမိုးမိုး ဧည့်သည် တဲ့ ”  

“ လာခဲ့ လာခဲ့ အထဲ ကို လာခဲ့ ”

ကျွန်တော် အထဲ မဝင်ခင် မှာ ပဲ တဲ ထဲမှ လူ သုံးလေးဦး ထွက်လာကြသည် ။ ကျွန်တော် နှင့် ရွယ်တူ ကောင်လေး နှစ်ယောက် နှင့် ခပ်ဝဝ ကရင် အဒေါ်ကြီး တစ်ဦး ၊ ကောင်မလေး တစ်ဦး ကို တွေ့ရ၏ ။ ကျွန်တော် ၏ ခေါင်းတုံး ဆံပင်ထောင်ထောင် ၊ စုတ်ပြတ်ပေရေ နေသော အဝတ်အစားများ ၊ လက်မှာ ကြံခင်း မှ ရှထားသောဒဏ်ရာများ ၊ မျက်ခမ်းစပ် မှ ဒဏ်ရာများကြောင့် သူတို့ အံ့ဩနေကြ၏ ။

“ မိုးမိုး ဆီ လာတာလား ” 

“ ဟုတ်ပါတယ် အဒေါ်။ ကျွန်တော် ကန်ချနပူရီ က ပြေးလာတာပါ ။ မိုးမိုး နဲ့ မောင်နှမဝမ်းကွဲ တော်ပါ တယ်။ မိုးမိုး ရှိလား ”

“ သူ ပြန်သွားပြီကွ ” 

သွားပါပြီ ။ ကျွန်တော် ဟန်မဆောင်နိုင်အောင်ပင် ဖြစ်သွားခဲ့သည် ။

“ သူ မရှိလည်း ဘာဖြစ်လဲ။ ဒီမှာ အလုပ် လုပ်ပေါ့ ။ သူဌေး အခင်း ကို ပြောပေးမယ် ” 

“ ကျေးဇူးပါပဲဗျာ ” 

ကျွန်တော် ကံကောင်းပါသည် ။

ထိုနေ့ နေ့လည်မှာ ပင် ' သူဌေး အခင်း ' က မြက်ပင်များ သန့်ရှင်းရေး လုပ်ရန် ခန့်အပ်လိုက်သည် ။ ညနေ ကျတော့ သူ့ ညီ ဝက်သူဌေး က ဝက်ရုံ မှာ လုပ်ရမည် ဆိုသဖြင့် ဝက်ရုံ သို့ ပြောင်းခဲ့ရ၏ ။ ကရင်အဒေါ်ကြီး နှင့် သူ့ သားများ က ဘောင်းဘီအဟောင်းများ ပေးသည် ။ ဝက်ရုံ မှာ လည်း ဗမာ ၊ ကရင်များ သာ ရှိ၏ ။ မိုးမိုး ကို သည် မှာ အားလုံး ချစ်ခင်ကြ သဖြင့် ကျွန်တော့် ကို ကူညီကြပါသည် ။ ကျွန်တော် လုပ်ရသည့် ဝက်ရုံ မှာ ဝက် သား မွေးသည့် ရုံ ဖြစ်သည် ။

အခုမှ တော့ ဝက်ချေး ကြောက်၍ မဖြစ်တော့ ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment