Wednesday, April 23, 2025

ဂလေးဘား မှ .... ပြန်ခဲ့သည်


 ❝ ဂလေးဘား မှ .... ပြန်ခဲ့သည် ❞ 

      ( ကိုစက်ဖေ )


မြင်ကွင်း ထဲ က မိန်းကလေး မှာ သာမန် သူစိမ်း တစ်ဦး ထက် စိမ်းကားချင်စရာ ကောင်းလွန်း နေသည် ။ ရင့်ကျက်စွာ လှပမှု ၊ လွန်ခဲ့သည့် ( ၁၀ ) နှစ် က ထက် ကျင်လျစ် သပ်ရပ်အောင် ထိန်းထားသည့် ခန္ဓာကိုယ် ၊ အသက်အရွယ် နှင့် လိုက်ဖက်စွာ ဆင်ယင်တတ်မှု ၊ တန်ဖိုးကြီး အသုံးအဆောင်များ ထောက်ပံ့ထားမှုကြောင့် လူပုံ အလယ် မှာ ည ၏ မင်းသမီး တစ်ပါး အလား ထင်ရှားလွန်း နေသည် ။ ချီးမွမ်းသံ အားလုံး လိုလို က သူ့ ဆီမှာ ကိုင်းညွတ် နေကြသည် ။ သည်လို ပွဲလယ်တင့်အောင် ၊ လှပအောင် ၊ ကြွယ်ဝလာအောင် ၊ လုပ်ရည်ကိုင်ရည် ပြည့်လာအောင် ဘယ်သူကများ အားပေးထောက်ကူ ပြုခဲ့ပါသနည်း ။ လက် ထဲ က ကောက်တေးခွက် ကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားရင်း မချိတင်ကဲ ရေရွတ်မိသည် ။


“ သူ့ကို အရင် ကတည်း က အလုပ် မလုပ်ခိုင်းသင့်ဘူး အောင်ကြီး ၊ အိမ် ထဲ

မှာပဲ ထမင်းချက် ခိုင်း ထားလိုက်ရင် ဒီနေ့လို ခံစားရမှာ မဟုတ်ဘူး ”


အောင်ကြီး က ထုံးစံ အတိုင်း မထုံတက်တေး ။ စကား မပြန် ။ ကျွန်တော် က သာ ဆက် ပြောမိသည် ။


“ အခု ငါ့ လုပ်ငန်းတွေ သေနေချိန်မှာ သူ့ ဆိုင် နဲ့ ပွဲရုံ က အလုပ် ဖြစ်လာတယ် ။ ဝင်ငွေလေး ကောင်းလာတော့ ခြေရာချင်း တိုင်းတော့တာပဲ ။ ငါ့ ကို အိမ်ထောင်ဦးစီး လို့ မထင်တော့ဘူးကွ ။ ဒီ .... ”


အောင်ကြီး က စကား တစ်ခွန်း တုံ့ပြန်လာသည် ။ မျှော်လင့်နေသည့် စကားမျိုး တော့ မဟုတ် ။


“ သူငယ်ချင်း ...၊ ကောက်တေး က တော်တော် ကောင်းပါတယ် ။ ဒါပဲ ... သောက်ကွာ ။ အပြင်းတွေ စွတ် လုပ်မနေနဲ့ဟ ”


စိတ် မရှည်တော့ ။ ကျွန်တော် က လည်း အောင်ကြီး မမျှော်လင့် လောက်သည့် စကား တစ်ခွန်း ကို ကောက်ခါငင်ခါ ပြောချလိုက်သည် ။


“ ဒီ မိတ်ဆုံစားပွဲ ပြီးလို့ နယ် ကို ပြန်ရောက်တာနဲ့ ငါတို့ ကွာရှင်းကြတော့မယ် ။ စကား ပြောပြီးသွားပြီ ။ ဒီ ကျောင်းသားဟောင်း တွေ ဆုံတဲ့ပွဲ ဟာ သူ နဲ့ ငါ အတူ တက် တဲ့ နောက်ဆုံးပွဲ ပဲ ”


တစ်ခါမျှ မမြင်ဖူးသည့် လူ တစ်ယောက် ကို ကြည့်သလို အောင်ကြီး က စိုက်ကြည့် နေသည် ။ ကျွန်တော် ထင်သည့် အတိုင်းပင် ။ ခါတိုင်းလို ကျွန်တော် ပြောချင်ရာ ပြောပြီး ကျေအေး သွားလိမ့်မည် ဟု အောင်ကြီး မျှော်လင့်နေပုံ ရသည် ။ အောင်ကြီး မှာ ကျွန်တော့် စကားကြောင့် မင်သက် သွားပုံရသည် ။


“ ဟကောင် ၊ မင်း တကယ် လုပ်မှာလား ။ မင်းတို့ချင်း ချစ်လွန်းလို့ပဲ ကျောင်း မပြီးခင် ကတည်းက ခိုးပြေးကြတာလေကွာ ။ စိတ် ကို အလိုမ လိုက်စမ်းပါနဲ့ ။ ဒုက္ခ ဆင်းရဲတွေ ခံပြီး ဘဝ တစ်ခု ကို ဒီလောက် အခြေကျအောင် လုပ်ကိုင်ပြီး မှ လမ်းခွဲမယ် ဆိုတော့ ... ”


ကျွန်တော် လက်ကာ ပြရင်း ကြားဖြတ် ပြောလိုက်သည် ။


“ အေးကွ ။ အိပ်မက် မက် နေသူ ထက် ခေါင်းရင်းအိမ် က လူ ဟာ ပိုပြီး မသိကောင်းပါဘူးကွာ ၊ တောက် .... ။ ယဉ်ယဉ်လေး နဲ့ ရိုင်းတဲ့ဟာမ ”


ကျွန်တော် လည်း ဆက်ပြီး မပြောနိုင်တော့ ။ ခပ်လှမ်းလှမ်း ရှိ မေ တို့ မိန်းကလေးဝိုင်း မှ “ ဝါး ....” ခနဲ ထွက်လာသည့် ရယ်သံသည် ကျွန်တော့် ဆုံးဖြတ်ချက် ကို လှောင်ပြောင် နေသယောင် ခံစားရသည် ။ ဘလက်လေဘယ် ကို ငါးကြင်းခွက် နှင့် ထက်ဝက်ခန့် ထည့်ပြီး ရေခဲ ပင် မပျော်ခင် တရှိန်ထိုး မော့ချ လိုက်သည် ။ မေ့သွားအောင် မူးချင်လှပြီ မဟုတ်လား ။


•••••   •••••   •••••


ခေါင်း ကို အသာ ဖိရင်း မမြင်မစမ်း နှင့် ရေတကောင်း ရှာ ကြည့်သည် ။ လက်တစ်ကမ်း မှာ ဖန်ရေတကောင်း တိုက်မိ သဖြင့် အငမ်းမရ မော့ချလိုက်သည် ။ ရေငတ် လျှင် ခွက် နှင့် မသောက်တတ်တာ အကျင့် ။ ည က ဟော်တယ် ကို ဘယ်လို ပြန် ရောက်မှန်း မမှတ်မိ ။ အောင်ကြီး ကားပေါ် ကို ဆွဲတင်ခဲ့တာ ဝိုးတဝါး သာ မှတ်မိသည် ။ ရေတကောင်း ကို နေရာ ပြန်ချတော့ ဘလက်ကော်ဖီ တစ်ခွက် ၊ သံပုရာ တစ်စိတ် နှင့် အခန့်သင့် တွေ့ ရသည် ။ အရက်နာ ကျတိုင်း ဘလက်ကော်ဖီ ဖျော်ပေးတတ်သည် ။ သည် မိန်းမ ၊ မေ့တော့ မမေ့သေး ။ နား ထဲ မှာ ယားကျိကျိ ရှိသဖြင့် လက်သန်း နှင့် ကလော် ကြည့်သည် ။ နမ်းကြည့်သည် ။ သံပုရာနံ့ က သင်းခနဲ ။ အမူး သက်သာအောင် သံပုရာရည် ခပ်ပျော့ပျော့ နှင့် နား ကိုပါ ဆေးပေး ထားပုံ ရသည် ။ ကော်ဖီ ကို ကျိုက်ချ လိုက်တော့ ကျွန်တော့် အကြိုက် အတိုင်း အခါးပြင်းပြင်း နှင့် မွှေးဆင်း သွား၏ ။ ထိုစဉ် ရေချိုးခန်း တံခါး ပွင့်လာသည် ။


တဘက်ဖြူ တစ်ထည် ကို သူ့ ကိုယ် မှာ ရစ်ပတ် ထား၏ ။ လွန်ခဲ့သည့် ( ၁၀ ) နှစ် ကလည်း မင်္ဂလာဦး ညကလေး ကို တည်းခိုခန်း စုတ်စုတ်လေး တစ်ခုမှာ ဖြတ်သန်း ရသည် ။ ဤသို့ ရေချိုးခန်း မှ ထွက်လာသည့် ပုံရိပ် မှာ သည်အတိုင်းသာ ။ ထိုစဉ်က မေ့ မျက်နှာကလေး မှာ ရှက်သွေးရောင်တွေ လင်းထိန်နေသည် ။ ကျွန်တော့် ကို မရဲတရဲ ကြည့်သည် ။ ဟိုတုန်းက ပေါ့ လေ... ။ ယခုတော့ ... ။ သူခိုး ကို လူ မိသည့် အကြည့်မျိုး နှင့် မေ က ကြည့်နေသည် ။ ကျွန်တော့် စိတ်ကူးတွေ ကို ဖတ်မိ နေကြောင်း ဖော်ပြနေသည့် မချိုမချဉ် မျက်လုံးတွေ ....


“ ကို ... ဘာတွေ ငေးနေတာလဲ ။ ထတော့လေ ။ ကို တောင်းဆိုထားတဲ့ အတိုင်း အဘွား ရဲ့ အဆောင် ကို မေ လိုက်ခဲ့မယ် ။ ညနေ ကျရင်တော့ နယ် ကို စောစော ပြန်ကြမယ် ။ ကို မောင်းတဲ့ ကား ကို မေ နောက်ဆုံး စီးတာပေါ့နော် ... ဟင်း ... ဟင်း ”


နှမြောတသခြင်း ဟူသော ဆပ်ပြာပူဖောင်းကလေး သည် ဆူး နှင့် ထိ သကဲ့သို့ ဖျတ်ခနဲ ကွယ်ပျောက် သွားလေ၏ ။ ရေချိုးခန်းတံခါး ကို ဆောင့် ပိတ်လိုက်သည် ။ ရယ်သံသဲ့သဲ့ ကြားရ၏ ။ ရေတွေ ဝေါခနဲ ဖွင့်ချလိုက်သည့် တိုင် ထို ရယ်သံ က ရေသံ ကို ကျော်၍ ပဲ့တင်ထပ်သည် ။ မှန် ထဲက ကျွန်တော့် ပုံရိပ် မှာ မှုန်ဝါး နေသည် ။


•••••   •••••   •••••


အိမ် ထဲ မှာတော့ အဖွား ကို မတွေ့ ။ သံပန်းတံခါး က ခါတိုင်းလို သော့ခတ် ထားသည် ။ ခပ်ကျယ်ကျယ် လှမ်း ခေါ်လိုက်တော့ “ ဘယ်သူတုန်းဟေ့ ။ လာပြီ ၊ လာပြီ ” ဟူသော တုံ့ပြန်သံ နှင့် အတူ အဖွား အိမ်နောက်ဖေး မှ တရွေ့ရွေ့ ထွက်လာသည် ။ လွန်ခဲ့သော ( ၁၀ ) နှစ် က အတိုင်း အဖွား ၏ အကြားအာရုံ ကောင်းနေဆဲ ။ မျက်လုံး တော့ မှုန်ရှာပြီ ထင်၏ ။


“ အဖွား ကျွန်တော် ပါ ။ ကျောင်းဆရာ လေ ”


“ ဟယ် ကျောင်းဆရာ ကိုး ။ လာ လာ အိမ် ထဲ ကို ဝင် ။ မင်း ဘာတွေ လုပ် နေသလဲ ။ မိသားစုတွေ ရော နေကောင်းရဲ့လား ။ ကဲ လာ ထိုင်ပါဆို ။ အေး ... မေ့လို့ဟေ့ ။ တံခါး က သော့ခတ် ထားတာပဲ ။ ခဏစောင့် ”


ကျောင်းသား အချင်းချင်း စာ ပြန်ရှင်းတတ်သည့် ကျွန်တော့် ကို အဖွား က ကျောင်းဆရာ ဟု ခေါ်တတ်သည် ။


“ ဖြည်းဖြည်လုပ်ပါ အဖွား ရဲ့ ၊ ကျွန်တော့် မိန်းမ လည်း ပါသေးတယ် အဖွား ”


ကျွန်တော့် မိန်းမ ဟူသည့် ဝေါဟာရ ကို နောက်ထပ် သုံးစွဲရန် အချိန်များများ မကျန်တော့ပါလား ။ အဖွား အိမ်တံခါး ကို ဖွင့်ပေးပြီး အိမ်နောက်ဖေး သို့ ပြန် ဝင် သွားပြန်သည် ။ ထိုင်ခုံတွေ စားပွဲတွေ က ပြောင်လက် နေဆဲ ။ ဘုရားကျောင်းဆောင် ရှိ ပန်းအိုးလေး မှာ ပန်းအတုတွေ ဝေနေ၏ ။ အဖွားအိမ်လေး မှာ ကျွန်တော် ရှိစဉ်က အတိုင်း ဘာမျှ မပြောင်းလဲခဲ့ ။ အဖွား ကတော့ ဇရာ ၏ နှင်တံ အောက်မှာ ခါး ပို ကုန်း လာခဲ့ပြီ ။ ငွေရောင်ဆံပင်တွေ က တစ်ခေါင်းလုံး ဖွေးဖွေး လှုပ် လျက် ။ ဆန့်နိုင်သမျှ ခါး ကို ဆန့်ကာ တောင်ဝှေး တစ်ချောင်း နှင့် ကျားကန် ထားသေးသည် ။ လမ်း လျှောက် တိုင်း ခြေသံ နှစ်ချက် နောက်မှာ တောင်ဝှေး ထောက်သံ က တစ်ချက် က ကပ်လိုက် နေသည် ။ အဖွား ၏ ခုတင်လေး က အိမ် အောက်မှာ ။ အပေါ်ထပ် ကို  တက်ရ ခက်သောကြောင့် အိမ်အောက် ကို ရွှေ့ အိပ်ပုံ ရသည် ။ ဖိနပ်စင် ကို ကြည့်လိုက်တော့ မိန်းမစီး ဖိနပ်လေး နှစ်ရံ ။ အရင် အတိုင်းပါလားလေ ။ ကျွန်တော် သာ အရင် က လို မဟုတ် ။ မကြာခင် ပြောင်းလဲရတော့မည် ။


ပြတင်းပေါက် မှ ကျွန်တော် နေခဲ့သည့် အဆောင်လေး ကို လှမ်း ကြည့်လိုက် တော့ အချို့ အခန်းတွေ မှာ ပြတင်းတံခါးလေးတွေ ဖွင့်ထားသည် ။ ရေချိုးကန်ကလေး မှာ စည်ပင်ရေ က တသွင်သွင် ။ မရမ်းပင် အောက်မှာ ရွက်ကြွေလေးတွေ အပုံလိုက် ။ သစ်ရွက် အကြွေတွေ ကို အဆောင် နေသူ တစ်ဦးဦး က စုပေးထားပုံ ရ၏ ။ 


“ အဖွား ဘာလုပ်နေတာလဲ ။ ထိုင်ပါဦး ”


“ ကော်ဖီ ဖျော်နေတာ ကျောင်းဆရာ ရဲ့”


“ နေပါ အဖွားရဲ့ ။ သောက်ခဲ့ ပြီးပါပြီ ။ အခု ဂျီတီအိုင် နှစ် ၁၂ဝ ပြည့် ပွဲတော် ကို  လာရင်းနဲ့ အဖွား ကို လာ ကန်တော့တာ ”


အဖွား က တုန်တုန်ရင်ရင် လျှောက်ရင်း ကော်ဖီပန်းကန်လေး ကို သယ်လာ တာ မြင်ရတော့ မေ က မနေနိုင်တော့ဘဲ ထ ကူပြီး ယူလိုက်သည် ။ ရေနွေးအိုး ကတော့ အဆင်သင့် ။ အဖွား က ရေနွေး နှင့် လက်ဖက် ကို မပြတ် ဆောင်ထား တတ်သည် ။ ကျွန်တော် လည်း ပါလာသည့် ခြင်းကလေး အား စားပွဲ ပေါ် ကို တင်ထား လိုက်သည် ။ ကျွန်တော်တို့ နှင့် မျက်နှာချင်းဆိုင် ခုံလေး မှာ အဖွား က ပင်ပင်ပန်းပန်း ဝင် ထိုင် လိုက်သည် ။ အဖွား ရင်ဘတ်တွေ နိမ့်ချီ မြင့်ချီ ။ အဖွား မျက်နှာ က တော့ ရွှင်လန်း နေ ပြန်သည် ။ ခြေထောက် တစ်ဘက်ကို လက်ဖြင့် နှိပ်ရင်း ။


“ ခြေထောက်တွေ က မနက် ဆိုရင် ထုံနေတယ် သားရယ် ။ အိပ်ရာ ထ ဆိုရင် ခြေထောက်တွေ ကို နှိပ် ပြီးမှ ထနိုင်တယ် ။ နှလုံးရောဂါ အတွက် ကတော့ နိုင်ငံခြား မှာ နေတဲ့ မြေးမလေး က ဆေးတွေ အမြဲ ပို့တယ်လေ ။ ဒီ ရောဂါအတွက် က အဖွား ပုံမှန် ဆေး သောက်နေကျ မို့ ပူစရာ မရှိပါဘူး ။ ခြေထောက် က အနာလေး ကတော့ မပျောက်သေးဘူး သားရယ် ။ တော်တော်တောင် ကြာသွားပြီ ” 


ကျွန်တော် စကား လမ်းကြောင်း ပြောင်းလိုက်သည် ။ 


“ အဖွား ဘာဟင်း ချက်သလဲ ”


“ ဟင်းကတော့ သမီးကြီး တစ်ပတ်စာ လာ ပို့ထားတဲ့ ကြက်သားကြော်တွေ မကုန်သေးဘူးလေ ။ အဖွား က နွှေးလိုက် စားလိုက်ပေါ့ ”


အဖွား က အပြုံးတွေ နှင့် ဖြေသည် ။ အသက် ခုနှစ်ဆယ် ကျော်သည့်တိုင် သွားတွေ ညီကာစီကာ ဖွေးနေသေးသည် ။ အဖွား သိပ် မကျန်းမာ သော်လည်း ကိုယ့် ကိုယ် ကိုယ် ကောင်းစွာ စောင့်ရှောက်နိုင်ပုံရ၏ ။


“ အဖွား ၊ ဒါက ကျွန်တော့် အမျိုးသမီး လေ ။ မေ တဲ့ ။ သူ လည်း အင်ဂျင်နီယာ ပါ ”


“ အေးအေး ၊ သမီး ကရော ဘာ လုပ်လဲ ၊ အစိုးရ ဝန်ထမ်း လား ”  


“ သမီး က ရွှေဆိုင် နဲ့ ဆန်ပွဲရုံ ဖွင့်ထားပါတယ် အဖွား ”


မေ က တစ်ခွန်း မေး တစ်ခွန်း ဖြေ ။ အဖွား က ကျွန်တော့် ဘက် ကို လှည့်လိုက်ပြီး ။


“ သားရော အလုပ်အကိုင် အဆင်ပြေရဲ့လား ”


“ ဟုတ်ကဲ့ အဖွား ။ ကဲ ...အဖွားရေ နောက်မှ စကား ပြောတာပေါ့ ။ အဖွား ကို ကန်တော့ရအောင် ။ ဒီနေ့က ကျွန်တော်တို့ မင်္ဂလာနှစ်ပတ်လည် နဲ့ လည်း တိုက်ဆိုင်နေတော့ မင်္ဂလာ ပို ရှိတာပေါ့ အဖွားရယ် ” 


ကျွန်တော် နှင့် အတူ မေ ပါ အဖွား ရှေ့ မှာ ကျုံ့ကျုံ့ ထိုင် လိုက်ပြီး ကန်တော့ သည် ။ ကန်တော့ နေစဉ် အဖွား က ဆုတွေ တစ်သီကြီး ပေးနေ ပြန်သည် ။


“ အေးကွယ် ၊ အဖွား လို သက်ကြီးရွယ်အို ကို ကန်တော့ရတဲ့ အကျိုးကြောင့် ဒီလင် ၊ ဒီမယား အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေ ။ သား လည်း မိသားစု နဲ့ ဝန်းကျင် ကို ကောင်းကျိုး ပြုနိုင်တဲ့ ယောက်ျားကောင်း ဖြစ်နိုင်ပါစေ ။ သမီး လည်း ဝတ်ငါးပါး ကျေပြွန်လို့ မိသားစု အကျိုး ၊ နိုင်ငံအကျိုး သယ်ပိုးနိုင်တဲ့ သူ ဖြစ်ပါစေရှင် ... ” 


အဖွား မျက်လုံးတွေမှာ တစ်ခု ခု ကို တမ်းတဟန် တူပါသည် ။ မေ နှင့် ကျွန်တော့် ကို တစ်လှည့်စီ အသေအချာ ကြည့်သည် ။ မဝေးသည့် နေရာ တစ်ခုစီ မှာ အိမ်ခွဲ နေကြသည့် သားသမီးတွေ ကို များလား ။ အဖွား သာ အသိဆုံး ဖြစ်ပါလိမ့်မည် ။ အဖွား အသံ ဆိတ် သွားသည် ။ အိမ်ရှေ့ တံခါးဝ ကို ရုတ်တရက် ငိုင်ငိုင်ကြီး ကြည့် နေရင်း မျက်နှာ က ရွှင်လာလိုက် ၊ နွမ်းသွားလိုက် ။


အဖွား က စည်းကမ်း ကြီးသည် ။ ရဲမင်းကြီး ကတော်ဟောင်း ပီပီ စကား ပြောရာတွင် အနည်းငယ် တော့ မာထန်ပါသည် ။ အိမ်ထောင် ကျသွားသည့် တစ်ခြမ်းစိမ်း သားသမီးတွေ က စည်းကမ်း ကြီးပြီး စိတ် နှင့် မတွေ့လျှင် မတွေ့သလို ပြောတတ်သည့် အဖွား အား သည်းခံနိုင်ပါမည်လား ။


“ အဖွား ၊ အစ်ကိုကြီး က အိမ်မှာ နေသေးလား ”


“ သားကြီး က သူ့ ဆေးဆိုင် က ည ၁ဝ နာရီ လောက်မှ ပြန်တာလေ ။ အဖွား လည်း လမ်းပန်း စိတ်မချလို့ ဆိုင် မှာ ပဲ အိပ်ခိုင်းလိုက်တယ် ။ သူတို့ လင်မယား က ဆိုင်မှာပဲ အိပ်တယ်လေ ။ ညရေးညတာ အခက်အခဲ ရှိရင်တော့ သားတို့ တုန်း ကလိုပဲ အဆောင် ထဲ ကို ဘဲတီးပြီး လူ ခေါ်ရတာပေါ့ ။ ဒီလိုပဲ ကောင်းပါတယ်လေ ။ အဖွား လည်း ည ( ၈ ) နာရီ လောက် ဆိုရင် ဘုရားရှိခိုး ၊ အမျှအတန်း ဝေပြီး အိပ်တာပေါ့ ။ လုပ်စရာ ရှိရင် စံသိန်း က လာ လုပ်ပေးတယ်လေ ။ သူ လည်း မုန့်ဖိုး ပဲဖိုးရတာပေါ့ ”


“ အင်း ... ။ ကိုစံသိန်း က လာ လုပ်ပေးတုန်းပဲလား ”


“ သူ့ ပဲ အားကိုး နေရတာလေ ။ သူ က လည်း ဝန်ထမ်း ဆိုတော့ ပိတ်ရက်ပဲ လာနိုင်တယ်လေ ။ စံသိန်း ကို ငယ်ငယ် ကတည်း က ခိုင်းလာတာ ဆိုတော့ သံယောဇဉ် လည်း ဖြစ်သလို ၊ စိတ် လည်း ချရတယ်လေ ။ မနေ့ က တောင် စနေနေ့ ဆိုတော့ စံသိန်း လာ လုပ် ပေးလို့ အမှိုက်တွေ မနည်း ရှင်းသွားတယ် ။ ဒီနေ့ လာမှ မီးရှို့ ခိုင်းရမယ် ”


“ ကဲ ကျွန်တော်တို့ ပြန်ဦးမယ် အဖွား ။ ရန်ကုန် ရောက်တုန်း ရွှေတိဂုံစေတီ ကို သွား ဖူးလိုက်ဦးမယ် ”


“ အေးပါ သားရယ် ။ ကောင်းကောင်း သွားကြ ။ ခလုတ် မထိ ၊ ဆူး မငြိပါ စေနဲ့ကွယ် ။ သွားလမ်း သာလို့ လာလမ်း ဖြောင့်ပါစေ ”


ကျွန်တော်တို့ ထ ပြန်တော့ အိမ်ပေါက်ဝ ရောက်အောင် အဖွား လိုက်ပို့သည် ။ အိမ်ပေါက်ဝ မှာ ရေးထားသည့် ဂလေးဘား GALEBA ဆိုင်းဘုတ်ကလေး ကို မြင် မှ အဖွား ကို မေးဖို့ တစ်ခု သတိရ လာ၏ ။


“ အဖွားရေ ... ။ မေးမလို့ ၊ မေးမလို့ နဲ့ ... ။ အခုမှ သတိရတယ် ။ အဆောင် နာမည်က ဂလေးဘား ။ ကျွန်တော် လေ သတိရတိုင်း အဲဒီ အဓိပ္ပာယ် ကို အဘိဓာန် တွေ မှာ ရှာမိတယ် အဖွားရဲ့ ။ မတွေ့ ဘူး ။ အဲဒီ ဂလေးဘား က ဘာ အဓိပ္ပာယ်လဲ ဟင် အဖွား ”


အဖွား မျက်နှာ က တည် သွားသည် ။ မျက်ဝန်းတွေ တစ်ဖန် စိုစွတ် လာပြန်သည် ။


“ သား ... အဖွား ရဲ့ နာမည် ကို သိသလား ”


“ မသိဘူး အဖွား ရဲ့ ။ တစ်လျှောက်လုံး အဖွား လို့ပဲ ခေါ်ခဲ့တော့ နာမည် မေးဖို့တောင် မေ့နေတယ် ”


“ အဖွား နာမည် က ဒေါ်မမကလေး လေ ။ အဖွား အမျိုးသား နာမည် က ဦးဘ ။ တို့ နှစ်ဦး အိမ်ထောင် ကျတော့ အမှတ်တရ အနေ နဲ့ ဂလေးဘား ဆိုတဲ့ အိမ်လေး ကို အဖွား ရဲ့ အမျိုးသား က လက်ဆောင် ပေးခဲ့တာလေ ။ အဖွား နာမည် ဒေါ်မမကလေး နဲ့ ဦးဘ ရဲ့ နာမည် လည်း ပါအောင် မင်း တို့ အဘ က “ GALEBA ” ဆိုပြီး ပေးထားတဲ့ နာမည် လေ ”


ကျွန်တော် အံ့ဩမိပါသည် ။ အလွန် စိတ်ကူးယဉ် လှသည့် ရဲမင်းကြီး တစ်ဦး ၏ တစ်သက်တာ လက်ဆောင်ပါလား ။ အဖွား စကားသံ က ဆက် ထွက် ပေါ်လာသည် ။


“ အဖွား နှလုံးရောဂါ အသည်းအသန် ဖြစ်တော့ မင်းတို့ အဘ က သက်ရှိထင်ရှား ကွယ် ။ ( ၂၅ ) နှစ် စာ ပါတဲ့ ပြက္ခဒိန်လေး လက်ဆောင် ပေးပြီးတော့ အဖွား ကို မှာတယ် ။ မင်း ငါ့ နံဘေး မှာ နောက်ထပ် ရတု တစ်ခု စာ လောက် နေပါဦး အဖွားကြီး ရယ် တဲ့ ။ အဖွား လေ အသက် ကို မျိုချ ထားလိုက်တယ် ။ အဖွား မသေတော့ဘူး ။ သူ ကတော့ တစ်နေ့ မူးတယ်မူးတယ် နဲ့ လဲရင်း အသက်ဆုံး ရှာတယ် ။ အခုတော့ ဂလေးဘား မှာ အဖွား တစ်ယောက်တည်း ကွယ် ။ သူ ပေးတဲ့ ပြက္ခဒိန်လေး မကုန် သရွေ့ အဖွား နေရဦးမှာပေါ့ ”


အဖွား အသံတွေ က ပို၍ တုန်ရင်လာ၏ ။ ကျွန်တော် အဖွား ကို မကြည့်ရက် တော့ ။ အဖွား ၏ မျက်ဝန်းတွေ ကို မျက်နှာလွှဲ ရင်း အပြန်ခရီး ကို ခြေလှမ်း ပြင် လိုက်ပါသည် ။ ဘာကြောင့်ရယ် မသိ ။ ခိုင်မာတောက်ပ နေလေ့ရှိသည့် မေ့မျက်ဝန်း တွေ လည်း ညှိုးနွမ်း နေသည် ။


ပြက္ခဒိန်လေး မှာ နောက်ထပ် နှစ်တွေ ဘယ်လောက် ကျန်သေးသလဲ ကျွန်တော် မမေးဖြစ်ပါ ။ နှစ်တွေ များများ ကျန်အောင် ဆုတောင်းရမည်လား ၊ မြန်မြန် ကုန်အောင် ဆုတောင်းရမည်လား ကျွန်တော် မတွေး တတ်တော့ ။ ကျွန်တော် သိလိုက်ရသည် ကတော့ ဂလေးဘား ၏ အဓိပ္ပာယ် တစ်ခုသာ ။


အဖွား ၏ ခြံတံခါးလေး ကို ကျွန်တော် ပဲ စေ့ပြီး သော့ချိတ် ပေးလိုက်ပါသည် ။ ကား ဆီ ကို မေ က  ဦးဆောင် သွားနေသည် ။ ကားပေါ် ရောက်တော့ ။


“ ခါးပတ် ပတ်လေ ... ၊ မေ က အရမ်း မေ့တတ်တာပဲ ” 


မေ့ မျက်နှာ ကို ကြည့် မိတော့ မျက်ရည်တွေ အဝိုင်းသား ။ ဘာဖြစ်လို့ပါလိမ့် မေ ရယ် ။ ကျွန်တော့် ကို မေ လှည့် ကြည့်သည် ။


“ ကို ... မေ့ တစ်ယောက် တည်း မထားခဲ့ပါနဲ့နော် ”


လွန်ခဲ့သည့် ( ၁၀ ) နှစ် က ကောင်မလေး တစ်ယောက် ကျွန်တော့် ရှေ့မှာ ရောက်လာသည် ။


 ▢ ကိုစက်ဖေ

📖 တစ်ယောက် တစ်ဘဝ ( ၂ )

No comments:

Post a Comment